❝ ကျွန်တော် ဇာတ်ဆရာ ❞
( ဗေလုဝ )
ဇာတ်ဆရာ ဆိုလို့ ဇာတ်ဆရာ ဦးဆစ်တို တို့ လို မမှတ်လိုက်ပါနဲ့ ။ သင်္ကြန်ဇာတ်ဆရာ ပါ ။ သင်္ကြန် နား နီးရင် ကျွန်တော် မောင်မောင်မြင့်အောင် သည် ‘ ဇာတ်ဆရာ ’ ဟူသော ဘွဲ့ တစ်ခု ကို နှစ်စဉ် လက်ခံ ယူနေကျပါ ။
သင်္ကြန် ကျဖို့ နှစ်လ အလို ဆိုလျှင် ကျွန်တော်တို့ အဖွဲ့ သင်္ကြန်စာ ကောက်ကြသည် ။
‘ သင်္ကြန်စာကောက် ’ ဆိုသည့် အဓိပ္ပာယ် မှာ ပြိုင်ပွဲဝင် ဖို့ အတွက် စာဖတ်ကြသည် ။ ဇာတ်ပွဲ တွေ ကြည့်ကြသည် ။ ကိုယ် တင်ပြမည့် အကြောင်းအရာများ ကို ကြိုတင်လေ့လာသည့် သဘောပင် ။
ပြိုင်ပွဲ က စွယ်စုံပြိုင်ပွဲ ဝင် မှာ မို့ အစစအရာရာ ဘယ်လို ခမ်းနားအောင် ပြိုင်ပွဲဝင်ကြ မယ်ပေါ့ ။ စိတ်ကူး ထဲက ခမ်းနားအောင် ပြိုင်ပွဲဝင်ဖို့ ဆိုတာ ‘ ငွေ ’ ဟာ အဓိက ကျတယ် ။ အနုပညာ က ဒုတိယ ။ ထုံးစံအတိုင်း ပေါင်နှံဆွဲလွဲကြ တာပေါ့ ။
နှစ်ဆန်းတစ်ရက် နေ့ မှာ ( ကိုယ် ပြိုင်ပွဲဝင်ပြီးသည့် မဏ္ဍပ်တိုင်း ကို ) ရင်ဖိုစွာနဲ့ ဆု လိုက်ကြည့် ၊ အခြေအနေ ကောင်းရင်တော့ ဟေး ... ဟေး ... နဲ့ ပေါ့ ။ အခြေအနေ မကောင်းရင်တော့ ဆုရလို့ ပြန် ဖျော်ဖြေတာတောင် စိတ် မပါချင်တော့ ။
အဘယ်ကြောင့် ဆိုသော် ကြွေးရှင်တွေ နဲ့ ကိုယ့် ပိုက်ဆံ အရင်း ရရေး အတွက် အလှပြကား ပေါ် က မဆင်းတော့ ။ တီးဝိုင်းဆရာ ၊ ဆိုင်းဆရာတွေ က အစ ဇာတ်ဆရာ အပေါ် သံသယမျက်လုံး ဖြင့် ကြည့်လာကြသည် ။
“ ငါတို့ တီးဝိုင်းခတွေ ရ မှ ရပါဦးမလား ”
“ ငါတို့ ကတော့ မရလို့ မဖြစ်ဘူး ... မရှိ ရှိတာ ဆွဲလွဲယူရမှာ ပဲ ”
ဒီ အသံတွေ က ဇာတ်ဆရာ နား ဆီ ကို တိုးတိုး တစ်မျိုး ၊ ကျယ်ကျယ် တစ်ဖုံ နည်းမျိုးစုံ ဖြင့် တိုးဝှေ့ လာကြသည် ။ ဆု တွေ ကလည်း စွယ်စုံဆု က တစ်ဆု နှစ်ဆု ရယ် ။ သံချပ် ဒုတိယတို့ ၊ တတိယ တို့ ၊ အလှအက ဒုတိယ တို့ နှစ်သိမ့်ဆုတွေ ဆိုရင်တော့ ဇာတ်ဆရာ မောင်မောင်မြင့်အောင် ဘယ် အပေါက် က ပြေးမလဲ ဆိုတာ ကြိုတင် တွေးထားတော့ ။
ဒါကလည်း နှစ်စဉ် အတွေ့အကြုံ ဆိုတော့ စုံ တောင် စုံချင်လာသည် ။ အလှပြကားချင်း ဆုံလို့ ဆိုင်းသံဗုံသံ ပျောက်ပြီး တိတ်ဆိတ်စွာ မောင်း သွားပြီ ဆိုလျှင် ...
“ အင်း ... သူ လည်း ကိုယ့်လိုပဲ ထင်ပါရဲ့ ”
ဟု အပြေးအလွှား ကိုယ်ချင်းစာ လိုက်သေးသည် ။
ဆု ရတဲ့ မဏ္ဍပ်တွေ ကလည်း စုံလို့ ။
နှစ်ဆန်း တစ်ရက်နေ့ နေ့လယ် မှာ တော့ သင်္ကြန် အလှကား ထွက်ရခြင်း ရဲ့
‘ ရသ ’ ကို ပြည့်ဝစွာ ခံစား လိုက်ရပုံ ကို ဇာတ်ဆရာ မောင်မောင်မြင့်အောင် က မကွယ်မဝှက် ဤသို့ ပြောပြပါ တယ် ခင်ဗျာ ... ။
မှတ်ချက်
လမ်းမတော် မှ အနန္တစွမ်းအားရှင် အလှပြကား သည် သင်္ကြန် ကာလ မှာ ငွေကြေး တတ်နိုင် ဆုံး အသင်း ဖြစ်သည် ။ ကြည့်မြင်တို င်မှ ရွှေတိုင်မြေ ကိုခင်
မောင်ဆွေ ၏ ‘ ယဉ်ကျေး မောင် ’ သင်္ကြန် အလှပြကား သည် အောင်မြင်သည့် နှစ် များသည် ။ သူ့ အသင်း ကား ကျွန်တော့် အသင်း လောက် ဒုက္ခ မရောက် ။ သူ လည်း ငွေကြေး မချမ်းသာသည့် ကြားက အောင်မြင်သည့် အသင်း အဖြစ် မှတ်တမ်းဝင်သည် ။ ကျန်သည့် သင်္ကြန် အလှပြကား များစွာ ကတော့ ဆွဲလွဲ ပေါင်နှံ အုပ်စုများ သာ ။
ကဲ ... ဇာတ်ဆရာ ရဲ့ ဘဝလေး ပြန် စလိုက်ကြပါစို့ ။
“ သင်္ကြန် ကို မထွက်ပါနဲ့ မထွက်ပါနဲ့ လို့ အမြဲ ပြောနေတဲ့ ကြားက ခုထွက်တယ် .. အဲဒါ တွေ ဘယ်လို ရှင်းမလဲ ”
အမေစိန် ၏ အသံ ပင် ဖြစ်ပါသည် ။
ကျွန်တော် ဇာတ်ဆရာ ၏ မျက်နှာပြင် ကို ‘ ဗေလုဝ ’ ရုပ် ကို သာ လှမ်း မြင်လိုက်ပါ ။
သင်္ကြန် လေးရက် ပြိုင် ၊ မပြိုင်ခင် က ဇာတ်တိုက် ။ ပင်ပန်းနွမ်းနယ် နေသော ရုပ်သွင်ပြင် ၊ မျက်တွင်း ဟောက်ပက် နှင့် ထို ရူပကာ က ဘာ များ တတ်နိုင်ဦးမှာလဲ ဆို သည့် သိုးငယ်ရုပ် ။
ထိုစဉ်က အမှတ် ၉၄ ( A ) ၊ ၈ ရပ်ကွက် ၊ ၃ လမ်း ၊ တောင်ဥက္ကလာပ ကျွန်တော့် အိမ် သည် ဆောက်လက်စ မို့ ခြေတံရှည်အိမ် ၊ ဓနိမိုး ၊ တိုင်ထောင် အဆင့် ။ အိမ်ပေါ်ထပ် ကျဉ်းကျဉ်းလေး ထဲ မှာ လက်စွပ် မရလို့ အိမ် မပြန်ရဲ သည့် အသင်းသားများ ၊ ကိုယ် က သစ်ကိစ္စ ကို အာမခံ ထားပြီး မပေးနိုင်၍ အိမ် မပြန်ရဲသူများ ... အဲဒီလို မပြန်ရဲသူများစွာ ဟာ သင်္ကြန် ပြီးတဲ့ အထိ ဇာတ်ဆရာ မောင်မောင်မြင့်အောင် အိမ် မှာ စုပုံနေကျ ။
မှတ်မှတ်ရရ ပဲ ပြောပြပါရစေ ။
မြောက်ဥက္ကလာပ က စက် ဖွင့်တဲ့ ဆရာကြီး ။ ခြေထောက် တစ်ဖက် က ထော့နဲ့ ထော့နဲ့ ။ သူ့ခမျာ မြောက်ဥက္ကလာပ က နေ ကျွန်တော် ရှိတဲ့ တောင်ဥက္ကလာပ ( ၈ ) ရပ်ကွက် ကို လာ ရတာ ။ မျက်စိ ထဲ ပြေးမြင်ပါသေးတယ် ။
အိမ် အောက်ထပ် ကနေ လှမ်း အော်သည့် အသံ ။
“ ဇာတ်ဆရာ ...ဇာတ်ဆရာ ”
ကျွန်တော့် အသင်းသား က ...
“ ကိုမြင့်အောင် ဇာတ်ဆရာ ... အောက် မှာ စက်ဆရာ အသံလိုပဲ ”
ကျွန်တော် အိပ်နေရင်း မှ ...
“ အပေါ် ခေါ်လိုက်ကွာ ”
မှတ်မှတ်ရပါဗျာ ... ။
သူ့ခမျာ ခြေထောက် တစ်ဖက် မသန်တဲ့ ကြား က အိမ် အပေါ်ထပ် ကို ခက်ခက်ခဲခဲ တက်လာပြီး ...
“ ဇာတ်ဆရာရော ... ဟင် .. ညီလေးတို့ ခုထိ အိမ် မပြန် ကြသေးဘူး ”
“ ဟုတ်တယ် အစ်ကို ရေ .. သင်္ကြန်မင်းသားကြီး မောင်မောင်မြင့်အောင် မနက် ကတည်း က ထွက်သွားတာ ခုထိ ပြန် မလာသေးဘူး ”
ကျွန်တော့် အသင်းသား ၏ ရှောင်လွဲချက် ။
“ ကျွန်တော် လည်း တော်တော် ဒုက္ခရောက်လို့ ပါ ဗျာ ... ခု ကျွန်တော် အိမ်ပေါ် က ဆင်းလိုက်ရပြီ ... စက်ဆရာ က သူ့ ပိုက်ဆံ မရရင် ဂါတ်တိုင်မယ် ဆိုတာ နဲ့ ကျွန်တော့် မြေကွက်လေး ကို အပေါင် ထားပြီး ပေးလိုက်ရတာ ... အဲဒါကို မိန်းမ က စိတ်ဆိုးပြီး ကျွန်တော့် ကို မောင်းချလိုက်တာ ”
ကျွန်တော် ဇာတ်ဆရာ က ဖျာလိပ် ထဲ မှာ ပြုံးမိ လိုက်သည် ။
အင်း ... ငါ့ အိမ်ပေါ် မှာ အိမ် မပြန်ရဲတဲ့ သူ တစ်ယောက် တိုးပြန်ပြီပေါ့ ။
လွမ်းလိုက်တာ သင်္ကြန် ရယ် ... ။
▣ ဗေလုဝ
📖 ဟဒယ မဂ္ဂဇင်း
ဧပြီ ၊ ၂၀၀၈
No comments:
Post a Comment