❝ ပျော် တခဏ မပျော် တဘဝ ❞
( မောင်သာရ )
ည က ကျွန်တော်တို့ လင်မယား စကား များသည် ။ စကား များသည် ဆိုရသော်လည်း စင်စစ် စကားများများ ပြောကြသည် မဟုတ်ချေ ။
ကျွန်တော် အိမ်ပြန် မိုးချုပ်သည် ကို မိန်းမ က ငြိုငြင်သည် ။ ကျွန်တော် ကလည်း အပေါင်း နှင့် အသင်း နှင့် ဆိုတော့ ခဏခဏ အိမ်ပြန် မိုးချုပ် တတ်၏ ။ မိန်းမ ကလည်း ခဏခဏ ငြိုငြင်တတ်သည် ။
ခဏခဏ ငြိုငြင်တတ် သောကြောင့် မိန်းမ ကို ကျွန်တော် မုန်း၏ ။ မိန်းမ က လည်း ခဏခဏ အိမ်ပြန် မိုးချုပ်တတ် သောကြောင့် ကျွန်တော့် ကို မုန်းသည် ။ သို့သော် ကျွန်တော် ကလည်း ကျွန်တော့် အလေ့ ကို မပြင် ၊ မိန်းမ က လည်း သူ့ အလေ့ ကို မပြင်ချေ ။
သို့နှင့် သည်မိန်းမ နှင့်ကျွန်တော် ပေါင်းသင်း လာခဲ့သည်မှာ ၇ နှစ် ပင် ကျော်ခဲ့ ချေပြီ ။ တယောက်အကြောင်း တယောက် က သိကာ ၊ နားလည်ကာ ဖြင့် သူ့ အဆိုး ကိုယ့် အဆိုး ကို ခွင့်လွှတ်ထားခဲ့ကြသည် မှာလည်း ကြာပြီ ။
ည က မှ မိန်းမ က အဆန်း လုပ်၍ ငြိုငြင် ပြန်၏ ။ ပထမသော် အိပ်နှင့် ဟန် ဆောင် နေသည် ။
ကျွန်တော် က လည်း ထုံလေပြီ ။ အိပ်နှင့်ဟန် ဆောင်၍ နေသည် ကို သိလျက်နှင့် မိန်းမ ကို တကယ် အိပ်ပြီ ဟု သဘောထား ကာ သူ့ အနား သို့ မသွားဘဲ နေလိုက်သည် ။ ကျွန်တော့် ဖာသာ ခူးခပ်၍ လည်း စားပစ်လိုက်၏ ။ စား ပြီးသော အခါ မိန်းမ ကြားနိုင်လောက်သည့် နေရာ မှ ရပ်၍ “ သည်မယ် တင်စားပါလို့ ၊ ကြင်အားငယ်သန် ၊ ခုများမှာ သူတဉာဏ်နဲ့ ၊ မူတဟန် ခြား ၊ ပြုတော်မူအားရန်ကော့ ၊ မျက်ထားသော် သုန် ၊ မချစ်ပြင်ပြင် ၊ မကြင် ကိုယ်တော် စိမ်းတယ်လေး ၊ ပိန်းပိတ်လို့ မှုန် ” ဟူသော လှိုင် မင်းသမီး ၏ ဘောလယ် ကို ညည်း လိုက်သည် ။
မိန်းမ က သည်တော့မှ ဒေါသ နှင့် အတူ အိပ်ရာ မှ ထလာ၏ ။ သူ့ ကို စောင်းမှန်း ရွဲ့မှန်း သိသဖြင့်လည်း ကြမ်း ကို မီးပွင့်မတတ် ဆောင့်နင်း ကာ ကျွန်တော့်ရှေ့၌ ခါးထောက် လျက်သား လာရပ်သည် ။ ကျွန်တော် က မသိလေဟန် ၊ မပြစ်မှားမိ လေဟန် ဖြင့် မိန်းမ ကို အံ့သြစွာ ကြည့်သည် ။ မိန်းမ က ပို၍ ဒေါသ ထွက်လာကာ ၊ မိန်းမတို့ ဓမ္မတာ လက်ညှိုး တပြပြဖြင့် “ ရှင့် ဟာ ရှင် အလေလိုက်မှာ သာ လိုက်နေရင် ကောင်းတယ် ၊ တသက်လုံး ပြန်မလာ ဘဲ နေနေ ၊ ခု ဘယ်အချိန် ရှိပြီလဲ ၊ အရပ် ထဲမှာ ရှင် ချည့် တယောက် ထဲ နေတာ မဟုတ်ဖူးရှင့် ၊ အချိန် မရှိ အချိန် ရှိ ခွေးနာလောက်ကိုက် သလို လာ ညည်း မနေနဲ့ ” ဟု ရန်တွေ့၏ ။
ကျွန်တော် က လည်း စကားများများ ပြောတတ်သူ မဟုတ်ချေ ။ သူ နှင့် ပြိုင်၍ စကား နိုင် လုပြောရမည် ဆိုလျှင် လည်း ကျွန်တော် သာ ရှုံးပေမည် ။ ထို့ကြောင့် ပထမ သော် လက် နှင့် ကာ၍ ရန် မတွေ့ရန် တောင်းပန်၏ ။ တောင်းပန်၍ မရသော အခါ ထို ကာသော လက်ဖြင့် မိန်းမ ကို ရိုက်မိလေတော့သတည်း ။
မိန်းမ က ငို၏ ။
မိန်းမ ငိုမှ ကျွန်တော် က လိုက်၍ ချော့ရ၏ ။
အတန်ကြာသော် ကျွန်တော် သည် မိန်းမ အတွက် ရေတခွက် ခပ် ပေးရသည် ။ မိန်းမ က ရေဝင်သော ဝမ်း နှင့် အတူ ကျွန်တော့် အပေါ် ကျေအေးလေ၏ ။
ထိုအခိုက် အိမ်ရှေ့ မှာ ကားတစီး ဆိုက်လာသည် ။ ကား ထဲ မှ လူ တယောက် ဆင်းလာ၏ ။ အိမ် ထဲ သို့ ရောက်မှ ထို သူ မှာ ကျွန်တော့် သူငယ်ချင်း တင်ထွန်းမြ ဖြစ်ကြောင်း သဲကွဲတော့သည် ။
တင်ထွန်းမြ က သူ မိန်းမ ခိုးလာသည် ။ ကျွန်တော့် ကို နေ့လယ် ကတည်း က တင် ကြို အကြောင်း ကြားရန် လိုက်ရှာသည် ။ ဤ အိမ် သို့ လည်း ရောက်သည် ။ ယခု အခိုက်အတန့် အားဖြင့် ဤ အိမ် မှာပင် နေလိုသည် ဟု ဆိုင်းမဆင့် ဗုံမဆင့် ပြော၏ ။
တင်ထွန်းမြ နှင့် ကျွန်တော်ကား ငယ် ကတည်း က ကျောင်းနေဘက် တည်း ။ ကျောင်း နေစဉ်တုန်း က မူ သူ့ နာမည် သည် တင်ထွန်း ဟူ၍ နှစ်လုံး သာ ရှိ၏ ။ နောက် မြမြထွေး ဟူသော ၊ ဘယ်ကမှန်း မသိသော ၊ ဘာမျှ မလုပ်ဖူး ဟု ဆိုသော မိန်းမငယ် တယောက် နှင့် တွေ့ကာမှ တင်ထွန်း ဟူသော အမည်ရင်း တွင် မြတလုံး တိုးလာရခြင်း ဖြစ်သည် ။
တင်ထွန်းမြ ၏ မိဘများ မှာ ချမ်းသာ၏ ။ ချမ်းသာသည် ဟု ဆိုရသော်လည်း သိပ်ကြီးတော့ ချမ်းသာလှသည် မဟုတ်ချေ ။ သူ့ အဖေ က ရပ်တကာ လျှောက်၍ ဘုရားပွဲများ ဘာများတွင် ဇာတ် ကန်ထရိုက် ခံ၏ ။ ဝါသနာ က လည်း ပါရကား ရှုံးသည့် အခါ ရှုံးလိုက် ၊ မမြတ်သည့် အခါ မမြတ်လိုက် နှင့် ပရုပ်လုံး ကဲ့သို့ တဖြေးဖြေး လုံးပါးပါး သူ လည်း ဖြစ်၏ ။
သူ့ အဖေ အဖို့ ဇာတ် က မမြတ်တတ်သော်လည်း တင်ထွန်းမြ အဖို့တော့ တော်တော် မြတ်သည် ။ မြမြထွေး နှင့် ဘာလိုလို ဖြစ်ပြီးသည့် နောက် နာမည် သိပ် မကြီးသော ဇာတ်အဖွဲ့ တဖွဲ့ ထဲ မှ မင်းသမီး အောင်လှမြိုင် ခေါ် မတင်လှ ဆိုသူ နှင့်လည်း ဘာလိုလို ဖြစ်လိုက်ပြန် သေးသည် ။
မည်သို့ဆိုစေ ၊ ကျွန်တော့် အပေါ် မှာ သူ့ ကျေးဇူး ရှိ၏ ။ ရံဖန်ရံခါ ကျွန်တော့် အတွက် ဆိုလျှင် သူ့ အနေနှင့် ဘယ်တော့မျှ ဝန်မလေး တတ်ချေ ။ သူ နှင့် လည်ပင်းဖက် ပေါင်းခဲ့ကြ စဉ် က ဆိုလျှင် သူ့ အိတ် သည် ကျွန်တော့် အိတ်တည်း ။
သို့သော် သူ ၏ မကောင်းသတင်း အပုပ်နံ့များ မရသည် မှာ ကြာပြီမို့ “ တင်ထွန်းမြ တယောက် တော့ ကျွတ်ပြီ ထင်ပေါ့ ” ဟု အောက်မေ့ဆဲ ယခု သူ ရောက်လာ၏ ။ အောက်မေ့ ဆဲ ဟု ဆိုရသော်လည်း ဘယ်တုန်းက အောက်မေ့မိသည် မသိပါ ။ တခါတော့ အောက်မေ့ မိဘူးသည် အမှန်ပင် ။
“ မင်း တော့ အသက် ရှည်အုံးမယ် တင်ထွန်း ၊ ခုဘဲ နေ့လယ်က မင်း လာတဲ့ အကြောင်း မိန်းမ က ပြောပြလို့ ၊ မင့် အကြောင်း ငါ ပြောပြမိသေးတယ် ” ဟူ၍လည်း ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ၊ ကျွန်တော့် နှုတ် က ပြောမိပြန်၏ ။ သူ လာမည့် အကြောင်း ကိုလည်း ကျွန်တော် က သိပြီးပြီ မဟုတ်ပါလော ။
လက်ခံချင်သည် ၊ လက်မခံချင်ဘူး ဟူ၍ စဉ်းစားစရာ အချိန် မရှိ ။ ရောက်လာမှ တော့ လက်ခံရမည်သာ ဖြစ်၏ ။ သည်အချိန် သည်ကာလ တွင် ကျွန်တော် လက်မခံပါ က သူတို့ မည်သို့လုပ်မည်နည်း ။
သူတို့ ပစ္စည်းများ ကို အိမ်ပေါ် သို့ တင်ရ၏ ။ သူတို့ ခိုးပြေးလာသည် မှာ လည်း ဘယ် အချိန် ကတည်း က ခိုးပြေးလာသည် မသိ ။ နှစ်ယောက်သား မြို့လုံးပတ်လည် လှည့်၍ လည်း ဈေးဝယ်လာဟန် တူသည် ။ သင်ဖြူး ၊ မွေ့ရာ ၊ ခြင်ထောင် ၊ ခေါင်းအုံး စသော အိပ်ရာ နှင့် ပတ်သက်သည့် ပစ္စည်းများ အစုံပါ၏ ။ မျက်နှာသုတ်ပဝါ ၊ သွားတိုက်ဆေး ၊ သွားပွတ်တံ ၊ ဆပ်ပြာ စသည်တို့ ကလည်း လွယ်အိတ် နှင့် အပြည့် ။ သို့သော် နှစ်ယောက်စလုံး မှာ ခါး က အဝတ် သာ ပါသည် ။
ကျွန်တော့် မိန်းမ က မနေနိုင်၍ ညဝတ် အိပ်ရန် ကျွန်တော့် အဝတ် နှင့် သူ့ အဝတ် တို့ ကို ထုတ်၍ ပေးရ၏ ။ ဆာလာလိမ့်မည် အထင် နှင့် လည်း လက်ဖက်ရည်တွေ ဘာတွေ ဖျော်တိုက်ရ၏ ။
အလိုက် မသိတတ်သည် ဟု ဆိုလိုက ဆိုစေတော့ ၊ ကျွန်တော် က သူတို့ နှင့် အတူ စကား ထိုင်၍ ပြောနေ ဖြစ်သည် ။ ကျွန်တော့် မိန်းမ မှာလည်း အိပ်ချင်လျက် နှင့် ဝဋ်ခံ နေရ၏ ။ သမ်းသည် ကိုပင် အများ မြင်အောင် မသမ်းဝံ့ချေ ။ လက်ဝါးကလေး နှင့် ကာ၍ ကာ၍ ၊ တဖက်သို့ လှည့်၍ လှည့်၍ သမ်းရရှာ၏ ။ သို့သော် နာရီပြန် နှစ်ချက် ထိုးသောအခါ မသိ မသာ ထ၍ အိပ်ရာသို့ ဝင်လေသည် ။
နံနက် ၃ နာရီခွဲ ပြီးတော့မှ ပင် ကျွန်တော်တို့ မှာ စကားစ ရှာမရ ကြတော့ဘဲ လျှာလေး ၊ မျက်ခွံလေး နှင့် ဖြစ်လာ၏ ။ သည်တော့ မှ ပင် “ ကဲလေ ၊ အိပ်ကြတော့ ” ဟု ပြောကာ ကိုယ့် အိပ်ရာ ကိုယ် ပြန်လာရသည် ။
မအိပ်မီ စာရွက် တရွက် ယူ၍ နက်ဖန် အတွက် နေမကောင်း သဖြင့် အလုပ်မဆင်း နိုင်ကြောင်း ခွင့်တိုင်စာ ရေးရသေး၏ ။ ပြီး မှ အိပ်ရာ သို့ ဝင်ရသည် ။ သို့သော် အိပ်၍ မပျော် နိုင်ချေ ။ မျက်စိတို့ သည် ကြောင်နေ၏ ။ ကြိုးစား၍ အိပ်ကြည့်သည် ၊ မရ ။
ထိုအခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ နေသော ကျွန်တော့် မိန်းမ ကို အလိုလို မနာလို ဖြစ်လာ၏ ။ ဘာကိစ္စ ၊ ဘာအကြောင်း မှ မရှိဘဲနှင့် လည်း မိန်းမ ကို နှိုးဘို့ရန် ခက် သောကြောင့် ၊ မသိမသာ ကိုယ်ချင်း ထိ၍ လှုပ်ကြည့်သည် ။ မိန်းမသည် သည်ဘက် စောင်း အိပ်ရာ မှ ဟိုဘက် သို့ စောင်း၍ ပြောင်း အိပ်၏ ။ လိုက်၍ ထိပြန်လျှင် လည်း သိပ်ကျူးကျော်ရာ ကျပေမည် ။
ကျွန်တော့် ဖာသာ သက်ပြင်းအကြိမ်ကြိမ် ချကာ အိပ်ပျော်ဘို့ ကြိုးစားဆဲ ၊ တင်ထွန်းမြ ခိုးလာသော မိန်းမငယ် ကို မြင်ယောင် လာပြန်သည် ။
အမည်မှာ တင်တင်အေး ဟု ဆို၏ ။ ရုပ်ရှင်မင်းသမီး တယောက် အမည် နှင့် တူသော ကြောင့် ကျွန်တော် က အမှတ်မဲ့ပင် “ မယ်တွေ ဘာတွေကော ရခဲ့သေး သလား ” ဟု ပြောင် သလို နောက်သလို မေးမိ၏ ။ တင်တင်အေး က ကျွန်တော့် စကား ကို အဟုတ် မှတ်ထင်ကာ သူလည်း မနှစ်က အင်းစိန် မယ်ရွေးပွဲတွင် ဒုတိယ ရဘူးပါသည် ဟု ဖြေသည် ။
ဖြစ်နိုင်၏ ။ အမှတ်မဲ့ ကြည့်လျှင်တော့ မဖြစ်နိုင်ချေ ။ မနှစ်က မယ်ဘွဲ့ ရသူ တယောက် သည် တနှစ်တာမျှ နှင့် ဒီမျှ လျော့ပါးကုန်ရပါမည်လော ဟု မေးမြန်း စစ်ကြောစရာ ရှိလာ၏ ။ သို့သော် ဖြစ်နိုင်၏ ။ တင်ထွန်းမြ အကြောင်း ကို သိက ဖြစ်နိုင်၏ ။
ပြီးတော့ တင်တင်အေး ကို ကြည့်ရသည်မှာ တင်ထွန်းမြ ၏ အရင့်အရင် ယခင့် ယခင် ပစ္စည်းများနှင့် ဘာမျှ မဆိုင်ချေ ။ ရုပ်ရည် အားဖြင့်လည်း တင်တင်အေး က အဆများကြီး ပို၍ လှ၏ ။ လူ ကို ကြည့်ရုံမျှဖြင့် အဆင့်အတန်း ကလည်း အဆ များစွာ သာကြောင်း သိနိုင်ချေ သည် ။ မှန်၏ ။ တင်တင်အေး ၏ မိဘများ မှာ အစိုးရ အရာရှိပိုင်း ကတည်း ။
တင်တင်အေး ကိုယ်တိုင် ကလည်း တက္ကသိုလ်ဝင် စာမေးပွဲ ဖြေထားသည် ဟု ဆို၏ ။ သူ ၏ အကို တယောက် မှာလည်း စစ်ရုံးချုပ် တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီး တဦး ဖြစ်သည် ဟု ပြောသည် ။ အကို တယောက် ကမူ ဆေးကျောင်းမှာ တက်နေသည် ဟု ဆို၏ ။
တင်ထွန်းမြ နှင့် တွေ့ရပုံ ကလည်း နည်းနည်းတော့ ဆန်းသည် ။ မနှစ် က ကျော်ဝင်းလှိုင် ဇာတ်အဖွဲ့ ဖြင့် အင်းစိန် သို့ သွား ကခိုက် တင်တင်အေး တို့ က ပွဲဈေးတန်း လမ်း အလျှောက် တင်ထွန်းမြ က တင်တင်အေး တို့ နောက်မှ လိုက်လာ၍ အနား သို့ ရောက်တော့ တင်တင်အေး ၏ နောက်စေ့ ကို တင်ထွန်းမြ က လက် ဖြင့် အသာ ပုတ်ကာ “ ဟေ့ မိထား ” ဟု နှုတ်ဆက်၏ ။ တင်တင်အေး က ကြောင်၍ ပြန် အကြည့် ၊ တင်ထွန်းမြ ကလည်း အမြင် ၊ အားလုံး ဒုက္ခရောက် ရတော့သည် ။
တင်တင်အေး ၏ အကို ဆေးကျောင်း မှ လူ က တင်ထွန်းမြ ကို ရိုက်မည် ပြု၏ ။ တင်တင်အေး ၏ အဖေ ကလည်း သ,တ်မည် ပြု၏ ။ တင်တင်အေး က လည်း မှင်သက်မိ နေ၏ ။ တင်တင်အေး ၏ အမေ က လည်း သား နှင့် လင် ကို ဆွဲရ၏ ။
သည်တော့မှ တင်ထွန်းမြ က ခေါင်း ကို သိုး ကဲ့သို့ ထိုးပေး၍ ကျေနပ်သလို စီရင် ပါရန် တောင်းပန် လေသည် ။ သူ့ တဝမ်းကွဲ ညီမ နှင့် အလွန် တူ၍ ဤသို့ ရင်းရင်းနှီးနှီး ပြုမိခြင်းဖြစ်ကြောင်း နှင့် တကွ တင်ထွန်းမြ သည် ရှေ့သို့ ခပ်တည်တည်ပင် ဆက်လေ၏ ။ သူ သည် ဇာတ်ကန်ထရိုက် ၏ သား ဟူ၍ လည်း မိတ်ဆက် ကာ နောက် တနေ့ တွင် လက်မှတ်များ သွား ပေးပြန်သည် ။ ဤသို့နှင့်ပင် ဇာတ်လမ်းသည် စခဲ့၏ ။
တင်တင်အေး က မူ ယခု ထက်တိုင်ပင် ထို ပုံပြင် ကို အမှန် ထင် နေချေသည် ။
စင်စစ် တင်ထွန်းမြ အကြောင်း ကို သိလျှင်ကား မည်သူကမျှ အရှင်ထားမည် မထင်ချေ ။ သို့သော် ပြီးခဲ့တာများ ပြီးခဲ့ပြီ ဖြစ်၏ ။ ယခု ဆိုလျှင် ညားပင် ညားကြလေပြီ မဟုတ်လော ။
ကျွန်တော် သည် အတွေးလက်စ နှင့် ပင် အိပ်ပျော်ခဲ့၏ ။ နံနက် အိပ်ရာ မှ ထသော် ၁ဝ နာရီ ပင် ကျော်ပေပြီ ။
တင်ထွန်းမြ နှင့် တင်တင်အေး တို့ ကို မူကား မတွေ့ရတော့ချေ ။ မိန်းမ ကို မေးကြည့် သောအခါ အစောကြီး ကတည်း က တင်တင်အေး သူ့ ကို လာနှိုးသည် ဟု ဆို၏ ။ သူ့ ထံမှ မိန်းမ အလှပြင်အသုံးအဆောင်များ ၊ နှုတ်ခမ်းဆိုးဆေး ၊ လက်သည်းဆိုးဆေး ၊ မိတ်ကပ် ၊ ပေါင်ဒါ နှင့် ခေါင်းလိမ်းဆီ ၊ ဘီး မှ အစ ပေးပါ ဆို၍ ပေးလိုက်ရသည် ဆို၏ ။ ထမီသစ် တထည် ၊ အင်္ကျီသစ် တထည်လည်း ငှားပါ ဆို၍ ငှားလိုက်ရသည် ဟု ဆို၏ ။ အဆစ်အနေ နှင့် ကျွန်တော့် လုံချည်တထည် ကို လည်း တင်ထွန်းမြ က ယူ ဝတ်သည် ဆို၏ ။
မသွားမီ လက်ဖက်ရည် တော့ မသောက်လို ၊ ကော်ဖီ ဖျော်ပေးပါ ဆိုသောကြောင့် ကော်ဖီ တိုက်လိုက်ရသည် ဟုလည်း ဆို၏ ။
အဆိုးဆုံးကား ညနေစာ ကို ဒီမှာ စားမည် ။ မိုးချုပ် လျှင် မိုးချုပ်လိမ့်မည် ဟု မှာ ခဲ့ခြင်းတည်း ။ ထိုထက် ဆိုးသည် မှာ ကား သူတို့အိပ်ရာ ကို သူတို့ ဖာသာ မသိမ်းခဲ့ခြင်း ပေတည်း ။ သို့သော် ဒီ တရက်တော့ မိန်းမ က သည်းခံလိုက်၏ ။
နောက် တရက် တော့ ကျွန်တော် ညနေ အိမ် ပြန် အရောက် မိန်းမ က ညည်းလေသည် ။
“ ရှင် မနက် က ရုံး သွားတော့ သူတို့ မထကြသေးဘူး မဟုတ်လား ။ ဘယ့်နှယ်ရှင် ၊ အိမ်ရှေ့ဧည့်ခန်း မှာ သိပ်ရတာ ၊ အိပ်လိုက်ကြတာလဲ ၁ဝ နာရီ ထိုးပြီးမှ နိုးတယ် ၊ အံ့ရော ။ အိမ်ရှေ့ တံခါးမကြီး လဲ မဖွင့်ရ ၊ အဝင်အထွက် လဲ မလုပ်ရ နဲ့ ၊ ကျမ ဖြင့် ဧည့်သည် လာရင် တော့ ဒုက္ခဘဲ လို့ ရင်တဖိုဖိုနဲ့ ၊ မသိတတ်လိုက်တာ ကကောရှင် ၊ အဲဒီ အချိန်ကျမှ ထပြီး ကော်ဖီတွေ က အေးကုန်လို့ အသစ် ပူပူ ဖျော်ပေးပါအုံးတဲ့ ။ ကဲ မလွန်လွန်းဘူးလား ။ ဒါပေ မယ့် ရှင့် မျက်နှာစုတ်ကြီး ကြည့်ပြီး ရေနွေးတည် ဖျော်ပေးလိုက်ပါတယ် ။ အမယ် ဒီတင် တော်တယ် မှတ်မလား ၊ ဟင်း ဟင်း ၊ ဟို မိဖုရားခေါင် က ဘယ်လို လာတယ် မှတ်သလဲ ” ခြေထောက် လိမ်း ချင်လို့ အချိန် ကလဲ မရတာနဲ့ သနပ်ခါး သွေးပြီးသားများ မရှိဘူးလား မမ ရယ် ” တဲ့ ။ နေစမ်းပါအုံး ရှင့် ကို မေးပါရစေအုံး ။ ဒီ လင်မယား က အပေါ် က မဆင်းကြ တော့ဘူးလား ။ သူတို့ အနေနဲ့ လဲ အိမ်ကလေး ဘာလေး ရှာဘို့ ကောင်းပါတယ်ရှင် ”
နောက်တရက် သို့ ရောက်ပြန်၏ ။ ကျွန်တော် အိမ်ပြန်ရောက်တော့ သူတို့ ပြန် မရောက်ကြ သေးချေ ။ ကျွန်တော် သည် သည်နေ့ အိမ်ပြန် မိုးချုပ်၏ ။ ကျွန်တော့် ကို ပင် မကြာခဏ ငြိုငြင်တတ်သော မိန်းမသည် သူတို့ ကို အဘယ့်ကြောင့် မငြိုငြင်ဘဲ နေပါ့မည်နည်း ။
မိန်းမ သည် ကျွန်တော် အိမ် ထဲ ဝင်မိသည်နှင့် တပြိုင်နက် ကျွန်တော့် ကို မဆိုပြောမီ လူ မြင်လျှင် သူ့ အလွန် ဖြစ်မည် စိုး၍ လမ်း နှစ်ဖက် သို့ စောင်းငဲ့၍ ကြည့် လိုက်သေး၏ ။ ပြီးမှ “ ပြောရအုံးမယ်ရှင် ၊ ကျမ တော့ သေသာ သေလိုက်ချင်တော့တာဘဲ ” ဟု ပလ္လင်ခံသည် ။
သည် ကတည်း က သူ ပြောမည့် စကား ကို ကျွန်တော် သိပြီ ။ ထို့ကြောင့် လက် ကာ ၍ ဟန့်၏ ။ သို့သော် မရချေ ။
“ ရှင် ဂြိုဟ်မွှေတာ ရှင် ၊ ဟိုက သူ့ အကို စစ်ဗိုလ်ဆိုတာ လာတယ်ရှင့် ။ ညနေ က လာပြီး ကျမ ကို များ နှစ်ပြားမတန်အောင် ပြောသွားလိုက်တာရှင် ၊ မိန်းမကလေးတွေ ကို ဖျက်ဆီးပစ်တဲ့ မိန်းမ တဲ့ ”
ကျွန်တော် ပင် ရုတ်တရက် အမျက် ထွက်မိ၏ ။ သို့သော် မိန်းမ ကို ကြည့်၍ ဖြေရ သည် ။ ဘယ်နေရာ မှာမှ မက်မော တွယ်တာချင်စရာ မရှိသော မိန်းမ တယောက် အတွက် နှင့် ကျွန်တော် ဤမျှ ထိခိုက်နာကျင်ဘို့ လိုမည် မထင်ချေ ။
ထို့ကြောင့် လည်း ပြောင်သလို နောက်သလို နှင့် “ ဒါကတော့ မင်း ရုပ် ကို ကြည့် ပြောတာ ဖြစ်ပါလိမ့်မယ် ” ဟု အခွင့်ကောင်း ရတုန်းရခိုက် တွယ်ပစ်လိုက်၏ ။ သို့သော် ကျွန်တော့် မိန်းမ က ဆန်းသည် ။ ပန်း နှင့် ပေါက်တော့ နာ၏ ။ ခြေ နှင့် ကန်တော့ ပြုံးသည် ။ ယခုလည်း သူ က ရယ်၏ ။
“ အရေးထဲ နောက် မနေစမ်းပါနဲ့ရှင် ၊ တော်တော်ကြာ ကျမ တို့ ကို ပါ ရန်ရှာလာတော့ ဘယ့်နှယ် လုပ်မလဲ ၊ သူတို့ ကို လဲ ပြောပြအုံးမှပေါ့ ၊ ကျွေးရ မွေးရ ပေးရ ကမ်းရတာ အကြောင်း မဟုတ်ပါဘူးရှင့် ။ ဒါပေမယ့် ”
ကျွန်တော် မည်သို့မျှ ဝင်ရောက် ဆွေးနွေးသမှု မပြုမူ၍ အိပ်ရာ သို့ ဝင်အိပ်၏ ။ အတန် ကြာသော် တင်ထွန်းမြ တို့ ပြန် ရောက်လာသံ ကြားရသည် ။ တင်ထွန်းမြ က ကျွန်တော့် ကို မမြင်၍ ကျွန်တော် ပြန်ရောက်ပြီ ၊ မရောက်ပြီ ကို မေး၏ ။ မိန်းမ က မဆိုင်းမတွ ပင် ကျွန်တော် ကောင်းကောင်း နေမကောင်း၍ အိပ်နေပြီ ဟု လိမ် ဖြေလိုက်သည် ။ သို့နှင့် ကျွန် တော် လည်း အိပ်ရာ ထဲ မှ မထွက်ရတော့ချေ ။
နောက် တနေ့ သို့ ရောက်ပြန်၏ ။ သည်တခါ တော့ မိန်းမ သည် နေ့ခင်းတိုင် အိမ် လည်ပြီ ထင်သည် ။ မိန်းမ ပြောနေကျ စကားများ ကို အိမ်နီးနားချင်းများ ကပါ ပြော၏ ။
အိမ် သို့ အပြန် အိမ် ထဲ မဝင်မီ ခေါင်းရင်းအိမ် က ခေါ်၍ သူတို့ လင်မယား အကြောင်း ပြောသည် ။
“ မချစ်ရဘူး မဟုတ်ပါဘူး ၊ ချစ်ရပါတယ် ကိုအိမောင် ရယ် ၊ ကိုယ် လင်မယား ညားခါစ ဟာကဘဲ ၊ ဒါပေမယ့် လမ်းမကြီး မှာတော့ နဲနဲပါးပါး ဆင်ခြင်ဘို့ ကောင်းတာပေါ့ ရှင် ။ သူတို့ ဖာသာ သူတို့ အိပ်ရာ ထဲ ကျတော့ နေချင်သလို နေပေါ့ ။ ခုတော့ မဟုတ်ပေါင် ၊ လမ်းသွား တာ တောင် တယောက် နဲ့ တယောက် ဖက်လို့ ၊ ဖျစ်လို့ ။ ကျမတို့ အရပ်ကလေး က ဗမာဆံဆံ နေကြတာ မဟုတ်လား ”
ထိုအခိုက် မျက်နှာချင်းဆိုင် အိမ် မှ ကြီးကြီးမြ ပါ ရောက် လာကာ “ မောင်အိမောင် ရေ ၊ ရင်ရင် ပြောတာ အမှန်ဘဲကွယ့် ၊ ငါ့ မှာလဲ သမီးပျိုကလေးတွေ နဲ့ ပါကွယ် ၊ ကြည့်လဲ ပြောပါအုံးနော် ” ဟု ဝင် ထောက်၏ ။
မျက်စောင်းထိုး အိမ် မှ ကိုမြင့်လွင် က လည်း “ ဪ ၊ ကိန္နရီ ကိန္နရာ အကြောင်း ပြောနေကြ တာလား ” ဟု ပြုံးစနဲ့နဲ့ လုပ်သွားသေး၏ ။
အိမ် ထဲ သို့ ဝင်သောအခါ မိန်းမ က ကျွန်တော့် ကို လက်တို့ ၍ နောက်ဖေးခန်း သို့ ခေါ်သွားသည် ။ ရေချိုးခန်း ထဲ တွင် ရေဝတ် ချိုးသော ထမီ ကို ရေညှစ် မလှန်းဘဲ ကွင်းလိုက် ပုံထားခဲ့သည် ကို ပြ၏ ။
သည်တော့မှ ကျွန်တော် သက်ပြင်း ချမိတော့သည် ။ ကျွန်တော် သည် သူငယ်ချင်း နှင့် ပတ်သက် လာလျှင် ကျွန်တော့် ကိုယ်ကျွန်တော် စိတ်ခိုင်လှပြီ ဟု အောက်မေ့ ထားခဲ့မိ၏ ။ သို့ သော် တင်ထွန်းမြ နှင့် တင်တင်အေး တို့ ကို မူ လက်တွေ့တွင် ကျွန်တော် လန့်၍ လာမိချေသည် ။ စိုသော လက် သည် ခြောက်ရ ချေတော့မည် ။
ကျွန်တော် ထိုင်၍ စောင့်၏ ။ ပြန်လာ လျှင် ပြောမည် ဟု ပိုင်းဖြတ်ကာ သူတို့ အပြန် ကို ထိုင် စောင့်၏ ။
စောင့်၏ ။ သို့သော် သန်ကောင် ကျော်သည် အထိ သူတို့ ပြန် မလာကြချေ ။ တနာရီ တိတိခန့် တွင် ကျွန်တော် အိပ်ပျော်၏ ။ နံနက် ၈ နာရီခွဲခန့် တွင် ကျွန်တော် ပြန် နိုးသည် ။
သည်အထိ သူတို့ ပြန် မလာပုံကို ထောက်သော် သူတို့ တခုခုတော့ ဖြစ်ပြီ ဟု အောက် မေ့၍ စိတ်ထဲ က ပူပန်လိုက်မိ၏ ။ တင်တင်အေး ၏ အကိုများ နှင့် တွေ့၍ တခုခု ဖြစ်နေမည် လား ဟူသော စိုးရိမ်စိတ် ဖြင့်သာ ရုံး သို့ ရောက်ခဲ့ရသည် ။ ရုံး ၌ လည်း သူတို့ အကြောင်း ကိုပင် တွေးနေမိ၏ ။
ထိုအခိုက် ခေါင်းလောင်းသံ ညံလာ၍ စကားပြောခွက် ကို ကောက် ကိုင်လိုက်ရ၏ ။ သည်တော့မှပင် ရင် ထဲ မှာ အေးရတော့သည် ။
တဖက် က စကား ပြောသူ မှာ တင်ထွန်းမြ ဖြစ်၏ ။ တင်ထွန်းမြ က မနေ့ မနက်က ဗိုလ်ချုပ်ဈေး တနေရာ ၌ အတူတူ လမ်းလျှောက်ရင်း မိန်းမငယ် တယောက် ကို မျက်စိတဆုံး လိုက် ကြည့် မိသောကြောင့် တင်တင်အေး သူ့ ကို ပစ်၍ ထွက်သွားသည် ။ လိုက်၍ တောင်းပန် သည် ကို ပင် မရ ။ လိုက်၍ တောင်းပန်သည် ကို ဘေးပရိသတ် က လိုက် နှောက်ယှက်သည် အထင် နှင့် သူ့ ကို ရန်မူ လာ မှ လက်လျှော့ လိုက်ရသည် ဟု ဆို၏ ။ ယခုထက်တိုင် ရှာ၍ လည်း မရ ၊ ရှာလည်း မရှာလိုတော့ပြီ ဟု နိဂုံးချုပ်၏ ။
လွယ်သည် ။ သူတို့ မှာ တော့ သိပ် လွယ်၏ ။
*******
ည က ကျွန်တော်တို့ လင်မယား စကား များသည် ။
ကျွန်တော် က လည်း ကျွန်တော့် အလေ့ ကို မပြင် ၊ မိန်းကလေး က လည်း သူ့ အလေ့ ကို မပြင်ချေ ။
သို့သော် ကျွန်တော် တို့ ပေါင်းလာခဲ့သည် မှာ ၇ နှစ် ပင် ကျော်ခဲ့ချေပြီ ။
မောင်သာရ
မြဝတီ မဂ္ဂဇင်း
၁၉၆၂ ခု ၊ သြဂုတ်လ
No comments:
Post a Comment