Monday, April 21, 2025

ပင်လယ်ထဲက ရွက်လှေလေးတွေ


 ❝ ပင်လယ်ထဲက ရွက်လှေလေးတွေ ❞  

        ( ဆွေရည်လင်း )


ဘဝ ကို ပုံစံတကျ သေသပ်လှပ ထုဆစ်နိုင်တဲ့ အခွင့်အရေး ဘယ်သူတွေ မှာ ရှိခဲ့ပါသလဲ ။


မှန်စီရွှေချ ခန်းမဆောင် က ရွှေအိမ်စံများ အတွက် တော့ သီးသန့် ဖြစ်တည်မှုကြောင့်သီးခြား အဓိပ္ပာယ် ဖွင့်ဆို နိုင်ပါလိမ့်မယ် ။


“ သူ့ အောက် မှာ ငရဲပြည် သာ ရှိတော့တယ် ” ဆိုရ လောက်အောင် ဘဝ အခြေ နိမ့်ပါး ၊ ပညာဥစ္စာ အရာရာ ဘာဆိုဘာမှ ပြစရာ မရှိတဲ့ အပြင် သဘာဝ ကိုယ်တိုင် က မျက်နှာသာ အပေး မခံရတဲ့ မိန်းမသား လည်း ဖြစ်ပြန် ဆိုရင်တော့ လှိုင်းကြမ်း ၊ လေကြမ်း ၊ မုန်တိုင်းကြမ်း သော ခရီးပင်လယ် မှာ ရွက်လွှင့် နိုင်ဖို့ ကျောက်စိုင်ကျောက်သား ပမာ ခံနိုင်ရည် စွမ်းအားများ နဲ့ ကျားကုတ်ကျား ခဲမာန်တင်းနိုင်ပါမှ ။


 •••••   •••••   •••••


“ အေးရီ ဒီနေ့ပဲ အညာ ပြန်တော့မယ် ။ အဖြစ်အပျက် အားလုံး ဆရာမကို ပြောပြချင်လို့ စောစောလာခဲ့တာ ။ အေးရီ ဆက်ထိုး ဆက်စား ရမယ့် ဆေးတွေ ပေးလိုက်ပါ နော်


မျက်ရည်စများ ရစ်ဝဲလာတဲ့ သူမ မျက်ဝန်းညိုညို ကို ငေးပြီး ငြိမ်သက်စူးစိုက် နားထောင်ရင်း ကျွန်မ ရင်မှာ မောလျခြင်း လှိုင်းဂယက်များ ပွက်ထလို့ လာပြန်တယ် ။


 •••••   •••••   •••••


မိန်းမသားတွေ ရဲ့ ရင်နင့်ကြေကွဲဖွယ် ဘဝဇာတ်ကြောင်းများ က ကျွန်မ နှလုံးသား ကို ကြိမ်ဖန်များစွာ လှုပ်ရမ်းဆွဲခါခဲ့ဖူးပြီ ။


အားကိုးတကြီး ဖွင့်ဟ တိုင်ပင်လာသမျှ ကူညီကယ်တင်ခြင်းငှာ မစွမ်းသာသူ ကျွန်မ ရင်မှာ နာကျင်ဆင်းရဲ ဝေဒနာများ နဲ့ ပြွတ်ဝေ လေးပင်လို့ ။


“ ဆရာမ ၊ ကျုပ် သမီး ကို စမ်းကြည့်ပေးပါဦး ။ သူ့ ကြည့်ရတာ တစ်မျိုးကြီးပါ ။ ကျုပ်တော့ သေသာ သေ လိုက်ချင်တာပဲတော် ”


ရိုးအတဲ့ တောသူမကြီး ရဲ့ ရှိုက်ငင်ငိုကြွေးမှု ကို ဘယ်လိုနည်း နဲ့ ကျွန်မ ဖြေသိမ့်အားပေးနိုင်ပါ့မလဲ ။ 


“ ကိုယ်ဝန် ရှိတာ သုံးလလောက် ရှိနေပြီ အမေ ” လို့ နောက်ဆက်တွဲ ကြားလာရမယ့် ပြဿနာ ကို ကြိုတင် ရိပ်စားမိစွာ တိုးလျရင်မော ပြောပြလိုက်တော့ ... 


“ ဒုက္ခ ကြီးလှပါတယ် ဆရာမ ရယ် ။ ကျုပ် လည်း ဘယ်လိုမှ မကြံတတ်တော့အောင်ပဲ ။ သူ့ ကောင် က လည်း မယူဘူးတော့ ”


ကောင်မလေး ကတော့ ဗလာစက္ကူ အဖြူ တစ်ရွက် လို မျက်ဝန်း အကြည့်ငေး နဲ့ လောကမာယာ ကို အသိမကြွယ် အဓိပ္ပာယ် မဖွေရှာတတ်သေးတဲ့ သက်ငြိမ် ကျောက်ဆစ်ရုပ်တုလေး ။


 •••••   •••••   •••••


“ သွေးပေါ်ဆေး ထိုးပေးပါ ဆရာမ ။ သမီး ရက်ကျော် လာတာ သုံးပတ်လောက် ရှိပြီ ။ မူးလည်း မူးတယ် ၊ အိမ် က သဘောမတူလို့ သူနဲ့ ကလည်း ယူလို့ မဖြစ်လို့ပါ ။ သမီး စိတ်ညစ်လိုက်တာ ။ ကူညီပါနော် ဆရာမ ”


စက်ရုံ အလုပ်သမလေး ကို ဖေးမကူညီလိုလှပေမဲ့ သိပ်များ နောက်ကျသွားပြီလား လို့ ရင်ထိတ်စွာ တွေးမိ ရင်း ...


“ မယူနိုင်သေးရင် အနေအထိုင် ဆင်ခြင်ရတယ် သမီး ရဲ့ ။ ကိုယ် က မိန်းကလေး .. ” လို့ ကရုဏာဒေါသဖြစ်လိုက်ရတာလေ ။


 •••••   •••••   •••••


အဝေးသင် တက္ကသိုလ် ပထမနှစ် ကျောင်းသူလေး အတွက် လည်း ကျွန်မ မှာ ကြောင့်ကြပူပင်လိုက်ရတာ ။ 


“ ဆရာမ ပြောသလို အမေ့ ကို ဖွင့် ပြောလို့လည်း မဖြစ်ပါဘူး ။ အမေ သိရင် သ,တ်မှာ ။ သူ့ အကြောင်း စုံစမ်းကြည့် တော့ ပြောင်းသွားပြီ ပြောကြတယ် ”



 •••••   •••••   •••••


ပဋိသန္ဓေ တားဆီးရမှာ မသိနားမလည် ရှက်ကြောက်လေ့ ရှိတဲ့ ကျေးလက် အိမ်ထောင်သည် မိန်းမသား တွေ မှာ ကလေးတွေ က တသီတတန်းကြီး ။ ဆင်းရဲလွန်း တော့ မကျွေးနိုင် မမွေးနိုင် ဒုက္ခနွံ ထဲ နစ် ။ ကြံရာမရတဲ့ အဆုံး လက်သည် နဲ့ ဖျက်ချတဲ့ အဆင့် ရောက်ကြရပြန် ။


ပိုးဝင် ၊ အဖျားတက် ၊ သွေးလွန် ။ မရှူနိုင် မကယ်နိုင် ဖြစ်မှ ဆေးခန်း ပြေးလာ ။


“ ကျုပ် သိရင် တားတယ်ဗျ .. မဖျက်ခိုင်းဘူး ။ ဆင်းရဲ လည်း ဆင်းရဲပေါ့ဗျာ .. ” ဆိုတဲ့ လင်သည် ရဲ့ မချိတင်ကဲ ပြောလိုက်သံ ကို လည်း ကြားခဲ့ရဖူးပြီ ။


 •••••   •••••   •••••


အသက် သုံးဆယ်ကျော် ရုံ မျှနဲ့ ကလေး ခြောက်ယောက် အမေ ဖြစ်နေတဲ့ မိန်းမသား တစ်ဦး သေရလောက်အောင် ဘယ်လို ဆိုးရွားလှတဲ့ ဘဝဒုက္ခ စိတ်သောက ဒဏ်ရာဒဏ်ချက်များ က တွန်းပို့လိုက်ပါသလဲ ။


တခြား ထွက်ပေါက်လေး တစ်ခုတော့ သူမ ရှာဖွေ တွေ့ရှိသင့်ပါသေးတယ် လို့ မတရားတဲ့ လောကကြီး ကို နာကျင် တုန်လှုပ်တဲ့ နှလုံးသား နဲ့ ကျွန်မ စောဒက တက်လိုက်ချင်တယ် ။


“ နို့စို့ကလေး က လေးလသား ရှိရှာသေးတာ ။ နို့ညှာကောင် သုံးနှစ်သား ကို မုန့်ဝယ်ကျွေးချည်တဲ့ ၊ သူ့ အထက် ခုနစ်နှစ်သမီးလေး ကို သူတို့ အိပ်ရာ ဖျာ အောက် က ပိုက်ဆံ ငါးကျပ် ယူပေးလိုက်သေး သတဲ့ ။ အကြီးကောင်တွေ ကို ရန်မဖြစ်ကြနဲ့ ၊ လိမ်လိမ်မာမာ နေကြလို့ မှာခဲ့သေးတာ ”


“ ကလေးတွေ က များ ဆင်းရဲ ဒုက္ခ က ကြီး ၊ ယောကျ်ား က ည ဆို မူး ပြန်လာ ၊ မိန်းမ ကို ကန်ကျောက်ရိုက်နှက် ဆဲဆို ယောက္ခမတွေ ကြား မျက်နှာ ငယ်ရှာပါတယ် ။ သူ့ ကံကို က ဆိုးတာပါ ” တဲ့ ။


 •••••   •••••   •••••


ခြံစိုက်ကုန်စိမ်း ရောင်းတဲ့ ‘ မညို ’ တစ်ယောက် တစ်နေ့က ကျွန်မ ဆေးခန်း ကို မျက်ရည်လည်ရွှဲ ဝင်လာပါရောလား ။


“ ဆရာမ ရယ် ကျွန်မ တော့ ရူးများ ရူးမလား ၊ သေမလားပဲ ။ ထွက်ပြေးလို့များ ရရင် ထွက်ပြေးချင်တာလေ ။ ဘယ် ပြေးရမှ န်းမသိလို့ ”


*စိတ်အေးအေး ထားပါ ညီမ ရဲ့ ။ ခု မညို ဘာဖြစ်လို့လဲ ”


အဖော် လိုက်လာတဲ့ မလှကြည် က ...


“ ဒီကောင်မ မနေသာလွန်းလို့ ဆရာမ ဆီ ရောက်လာတာ မှတ် ။ သူ့ မှာ အားရတယ် မှ မရှိတာ ။ ခုတလော ပျို့လိုက် အန်လိုက် နဲ့ မို့ .. လာ ဆရာမ ဆီ သွား စမ်းကြည့်ရ အောင်လို့ ခေါ်လာတာ .. ”


ညိုမောင်းကျစ်လျစ်လှတဲ့ ‘ မညို ’ က


“ ထူကို မထူချင်တာ ဆရာမ ရယ် ။ ခု မနည်း အားတင်း လာခဲ့တာ ။ ခွေသာ နေလိုက်ချင်တော့တယ် ။ ဒါလည်း ပြန် ရင် သစ်ခင်းတွေ ရေထမ်းလောင်းရဦးမယ် ။ အထမ်းတွေ အများကြီး လောင်းရတာ ။ ကျွန်မ မှ မလုပ်ရင် လုပ်မယ့်သူ မရှိဘူး ။ နေ ပြင်းတော့ ရေ မရရင် သေကုန်မှာ ... ” 


“ တစ်အိမ်လုံး သူ လုပ်ကျွေးနေရတာ ဆရာမ ရဲ့ ။ သူ့ ယောက်ျား က အလကားကောင် ၊ အရက်လေး တမြမြ နဲ့ ။ ကောင်မယောက္ခမကြီး က လည်း မမာတော့ အိပ်ရာ ထဲ လဲ နေတာ ကြာပြီ ။ ကလေး သုံးယောက် က အငယ်လေးတွေ ရှိသေးတော့ အားမကိုးရဘူးပေါ့ ”


“ ကျွန်မ ယောက်ျား က ဆိုးတယ် ဆရာမ ရဲ့ ။ တလောက ဂန္ဓမာ ပေါ်တဲ့ ငွေငါးထောင် ယူပြီး ကုန်ကူးမယ် ပြောထွက်သွားတာ ။ ပြန် လာတော့ တစ်ပြား မှ ပါမလာဘူး ။ ကျွန်မ ဖြင့် သေသာ သေလိုက်ချင်တာပဲ ။ တစ်ခါတစ်ခါများ ရူးများ တောင် ရူးမယ် မှတ်တာ ”


“ နေကောင်း နေလို့ ကတော့ မမှုဘူး ။ ကလေးတွေ ကို ခြံစိုက် ကျွေးနိုင်ပါတယ် ။ ဗိုက်ကြီး နဲ့ လည်း ရေထမ်းလောင်းခဲ့ ရတာပါ ။ ခုလို နေမကောင်းတဲ့ အခါတော့ အားငယ်တယ် တော် ၊ ကလေး ရှိတာကတော့ ရှိတာပေါ့ ။ မွေးရမှာပဲ ။ မလုပ်နိုင် မှာ မမာ မှာ သာ ကြောက်တာ ” တဲ့ ... ။


သူမ ကို အားပေးနှစ်သိမ့်လိုလှတဲ့ ကျွန်မ မှာ “ ဆေးထိုး ဆေးသောက် လိုက်ရင် ကောင်းသွားမှာပါ ညီမ ရယ် ။ အားဆေး ကောင်းကောင်း ပေးလိုက်မယ် ။ အားမငယ် နဲ့ ၊ စိတ်ဆင်းရဲစရာ မတွေး  နဲ့... ” လို့ သာ ။


 •••••   •••••   •••••


မျက်ရည်စတွေ သုတ်ပစ်လိုက်တော့ ‘ အေးရီ ’  ရဲ့ မျက်ဝန်းများဟာ ကြယ်စင်လို အလင်းအေးအေး လက်ပလို့ လာပြန်ရော ။


“ အရင် နေ့တွေက သူများတွေ ပါလာလို့ မပြောပြဖြစ်တာ ။ ဆေးထိုးရက်ပျက်သွားတာလ ည်း သူ့ ဆီက ပိုက်ဆံ တောင်းလို့ မရလို့ ။ ခု ‘ အေးရီ ’ နားကပ်လေး ရောင်းပြီး လာခဲ့တာ ။ ခရီးစရိတ် လည်း ရတာပေါ့ ”


“ ဒီ ကနေ ၉ ကား စီးသွားရင် အဝေးပြေးဂိတ် ရောက်တယ်တဲ့ ။ အညာပြန်မယ်လေ .... အမေတို့ ဆီပေါ့ ။ သူ ပွေတာ ရှုပ်တာ ခုမှ သိတာ ။ ရွာထဲ လာတဲ့ ဆရာတွေ နဲ့ သူ ဒါကြောင့် ဆေးထိုး နေရတာ .. ။ မော်လမြိုင် မှာ မိန်းမ နဲ့ ကလေး တစ်ယောက် ရှိတယ်တဲ့ ။ သူ့ အမေ ပြောပြတာ ။ ကွဲနေတယ် တဲ့ ။ ဒီ အနာတွေ သူ့ ဆီက ကူးတာ ‘ အေးရီ ’ သိတာပေါ့ ၊ ‘ အေးရီ ’ သူ နဲ့ က လွဲလို့ ဘယ်သူနဲ့ မှ မဖြစ်ဖူးတာ ”


“ ကန်တော့ပါရဲ့ ဆရာမ ရယ် ။ ညဘက် ဆို သူနဲ့ မနေနိုင်ဘူး ။ အနာတွေ က ရောင်ကိုင်း နေတာ မသတီတော့ တာ ။ အဲဒါကို သူ က မဲပြီး အေးရီ ကို နေ့တိုင်း ရိုက်တယ် ။ ဒီမှာလေ .. သူ လည်ပင်း ညှစ်ထားတာ ... ”


“ သူ့ ကို မချစ်လို့ပေါ့တဲ့ ။ ညစ်ညမ်းတဲ့ စကားတွေ နဲ့ မကြားဝံ့ မနာသာ ဆဲလည်း ဆဲတယ် ။ ‘ အေးရီ ’  က မိန်းမကောင်းပဲ ဆရာမ ရယ် ၊ မချစ်ဘဲ ဒီအခြေ ရောက်အောင် သူ့ နောက် လိုက်ခဲ့ပါ့မလား ”


“ သူ့ အလို မလိုက်တော့ ကတည်းက နေ့တိုင်း နှိပ်စက် နေတာပါ ။ ဒီလောက် အရိုက် ခံနေရတာ နင် နဲ့ မပေါင်းတော့ဘူး ဆိုတော့ .. ဒီလောက်ကလေး မှ သည်းညည်း မခံနိုင်ဘူးလား တဲ့ လေ သူ က ... ”


“ အေးရီ အဖေ အမေ က တောင် တစ်ခါမှ မရိုက်ခဲ့ဖူးတာ ။ သူတို့ က စရိုက် လည်း ကြမ်းလွန်းပါတယ် ။ အေးရီ တော့ သူ နဲ့ နေရမှာ ကြောက်လာတယ် ” တဲ့ ။ 


“ မနေ့ကတော့ ‘ အေးရီ ’  ကို ခြေထောက်နဲ့ ကန်ပြီး နှင် ချတော့တာပဲ ။ ‘ အေးရီ ’ လည်း ဆုံးဖြတ် ပြီးပါပြီ ။ ချည်စက် မှာ အလုပ် ဝင် လုပ်မယ် ။ ဒါမှမဟုတ် အစ်မ ကို စက် ကူ ချုပ် လည်း ရတာပဲ ။ ‘ အေးရီ ’ ငယ်ပါသေးတယ် ။ ဆက်ပြီး အနစ်မွန်း မခံတော့ဘူး ... ”


ကျွန်မ က ဒေါင်းမလှလှလေး ‘ က ’ နေတာ ကို သာ မြင်ချင်တဲ့ သူပါ ။


“ ဆရာမ အေးရီ မှာ ကိုယ်ဝန်တော့ မရှိသေးပါဘူး နော် ” ဆိုတဲ့ သူမ ရဲ့ စိုးရိမ်တကြီး မေးခွန်း အတွက် ကျွန်မ ဘာကြောင့်များ တုန်လှုပ်ချောက်ချားရတာလဲ ။ အသေအချာ မေးမြန်းစမ်းသပ် ပြီးမှ ကျွန်မ သက်ပြင်း ရှိုက် နိုင်ပါတယ် ။


သူမ လက် ကို ကြင်နာစွာ ဆွဲယူ ဆုပ်ကိုင်ရင်း “ အဲဒီ ကိစ္စ အတွက် စိတ်မပူပါနဲ့တော့ကွယ် ။ သမီး ဘဝ မှာ အန္တရာယ် ကို တိမ်းရှောင်နိုင်ပါစေ ။ စိတ်ဓာတ် ကြံ့ခိုင်ပြီး ကိုယ့်အား ကိုယ်ကိုး တဲ့ မိန်းမသား တစ်ဦး အဖြစ် လောက ကို ရဲဝံ့ရင်ဆိုင်နိုင်ပါစေလို့ ဆရာမ ဆုတောင်း ပေးလိုက်ပါ တယ် ”


အဝတ်အစား အနည်းငယ်သာ ပါတဲ့ ခြင်းတောင်းလေး ဆွဲပြီး ထွက်ခွာ သွားတဲ့ မိန်းမငယ် ရဲ့ ပခုံး ဟာ မားမား မတ်နိုင်ဆဲပါလား လို့ ကျွန်မ ကျေနပ်စွာ သတိပြုလိုက်မိ တယ် ။


လှိုင်းလေ ကြမ်းတဲ့ ခရီး ပင်လယ် မှာ ရွက်ကုန်လွှင့်တော့မယ် ထင့် ။


ခုလေးတင် သူမ မျက်ရည်စတွေ သူမ ကိုယ်တိုင်ပဲ သုတ်ပစ်ခဲ့ရတယ် မဟုတ်လား ။


‘ မျက်ရည် ’ ဆိုတာ ခိုကိုးရာမဲ့ မိန်းမသားများ ရဲ့ ရှုံးနိမ့်ခြင်း နဲ့ အားငယ်မှု သင်္ကေတ ။


 ▢ ဆွေရည်လင်း

📖ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

     ၁၉၉၆ ၊ ဒီဇင်ဘာ 

No comments:

Post a Comment