❝ နှစ်ဆောင်ပြိုင် ❞
( ကြပ်ကလေး )
“ ကြံရှမ်း ... ကြံရှမ်း ... ပုဏ္ဏားလေးကြံရှမ်း .... ”
မြတ်ထွန်း သည် သူ့ ကိုယ် သူ အကြံ ခိုင်းနေသည် ။ သူ နည်းလမ်း ရှာ နေသည် က အခြား မဟုတ် ။ လူပျို ပီပီ အပျို ရဖို့ ပင် ဖြစ်တော့သည် ။ ထို အပျို မှာ လည်း ဝေးဝေးလံလံ တော့ မဟုတ်ပါ ။ အဝိဒူရေ အိမ်ရှေ့ ခြံမြေ ကပင် ဖြစ်၏ ။ လမ်း တစ်လမ်း သာ ခြားလျက် ရှိသော နှစ်ထပ်အိမ် နှစ်လုံး က အဖြစ်အပျက်ပင် ဖြစ်၏ ။
မြတ်ထွန်း ကြံနေသည် မှာ မြမြစိန် နှင့် နီးရအောင် ကြံနေခြင်း မဟုတ်ပါ ။ ထိုအဆင့် အထိ မရောက်သေးဘဲ ပထမဆုံး အဆင့် ကို ကြံနေရခြင်း ဖြစ်သည် ။ အကယ်၍ “ မြရယ် မင့် ကို ငါ ချစ်တဲ့ အချစ် ဟာ ငါ့ အသည်း တွင် သာမက သူများ အသည်းတွေ ပါ ငှားရရင် စုစုပေါင်း အသည်း ဆယ်ခု လောက် ပွင့်ထွက်လောက်ပါတယ် ” ဟု ပြောသော် မြမြစိန်ကလေး က ပါး ကို ဖိနပ်နှင့် ချ၍ သွား နှစ်ချောင်း ထွက်၍ တစ်ချောင်း နဲ့ ပြီး ကျန်ရစ်ခဲ့ရပါမူကား ခံသာပါသေးသည် ။ ယခုမူကား “ ချစ်ပါသည် ” ဟူ၍ ပင် အချစ် ကို ပြသခွင့် မရသေးခြင်းကား အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်နေတော့သတည်း ။
မြတ်ထွန်း သည် ဆိုင်းဘုတ်ပျဉ်ပြား တစ်ခု ကို အပေါ် မှ ပျဉ်းပြားတစ်လွှာ ပတ္တာ ဖြင့် ပြုလုပ်သည် ။ ထို့နောက်သော်ကား ကြိုးများ ကို လိုရာ၌ အသင့် ချည်ကာ သူတို့ ခြံဘက် ရှိ ကုက္ကိုလ်ပင်ကြီး ပေါ် တက်၍ ဆိုင်းဘုတ် ကို ချိတ်ထား၏ ။ ထို့နောက် သူ ဆင်ထားသော ကြိုးစကြီး ကို သူ့ အိမ်ပြတင်း ပေါက် နားတွင် ရိုက်ထားသော သံ ၌ ချည်ထား၏ ။
သူ ချိတ်ထားခဲ့သော သစ်ပင် မှ ဆိုင်းဘုတ် ကို မြမြစိန်တို့ ဝရန်တာ မှ ထွက်ကြည့်လျှင် ' ရွှေပြွန် တံဆိပ် ဆီးရွှင် ဝမ်းနုတ်ဆေး ကို သောက်ပါ ' ဟူ သော ကြော်ငြာကြီး ကို အထင်းသား မြင်မည် ဖြစ်၏ ။ ထိုအချိန်ဝယ် မြတ်ထွန်း က ပြတင်းပေါက် ဝယ် ရပ်၍ ချည်ထားသော ကြိုး ကို ဖြုတ်ချ လို က်လျှင် ဆိုင်းဘုတ် အပေါ်လွှာ မှာ အောက်သို့ တွဲလျောင်းကြီး ပွင့်ကျပြီး သော် “ မင့် ကို ငါ အလွန် ကြိုက်နေသည် ” ဟူသော စာကြောင်းကြီး ထင်ရှား ဖြစ်ပေါ်လာမည် ဖြစ်၏ ။ တစ်ဖန် ကြိုး ကို ပြန်ဆွဲ လိုက်ပြန်သော် ပတ္တာ တပ်ဆင်ထားသော အဖုံးကြီးသည် ပြန် ပိတ်သွားပြီး စောစောက ဝယ်၍ မရနိုင် သော ဆေးကြော်ငြာကြီး ပင် ပြန်၍ အသုံးတော် ခံနေလေအံ့ ။ မြတ်ထွန်း သည် သူ့ ကိုယ် သူ ချီးကျူး ပြီး နောက် ဆံပင် မညှပ်ရသေးမှန်း ခေါင်း စမ်းမိ မှ သိလေ၏ ။ ဤ ' ရှိုး ' မျိုးကို ဤနေရာ မှ ရုပ်ပြသော် မျက်မှန်ကလေး နှင့် မျက်စိမှုန်မှုန် မြမြစိန် က သူ့ ဝရန်တာ မှ လှမ်း ကြည့်ပါက ခေါင်းဝယ် ဆံတုကြီး ပတ်ထားသည် ထင်သွားလိမ့်မည် ။ ထို့ကြောင့် သူ့ ဆံပင် သွားညှပ်ချေ၏ ။
မြတ်ထွန်း ၏ အိမ်သား မှာ များများ မရှိ ။ သူ နှင့် သူ့ ဦးလေး ၊ နောက် ည မအိပ်သည့် ထမင်းချက် ယောက်ျား တစ်ယောက် ။ ဤ သုံးယောက် သာ လျှင် ဖြစ်ချေသည် ။ မြတ်ထွန်း ၏ ဦးလေး ဦးမျိုးကြိုင် သည် အငြိမ်းစား အရာရှိကြီး တစ်ဦး ဖြစ်၍ မြမြစိန် တို့ သားအမိ ကို ဘယ်တုန်းက မှ ကြည့် ၍ မရခဲ့ပေ ။ ဦးမျိုးကြိုင် မှာ လူပျိုကြီး ဖြစ်၏ ။ မိန်းမများ ကို အကောင်း အဆိုး ဝေဖန်ခဲ သော်လည်း အိမ်ရှေ့ က မုဆိုးမကြီး ဒေါ်သင်းနု နဲ့ သူ့ သမီး မြမြစိန် ကို “ တော်တော် ထတဲ့ သားအမိ ” ဟု မှတ်ချက် ချ၏ ။ ပြောလည်း ပြောစရာပင် ။
ဒေါ်သင်းနု မှာ အသက် ငါးဆယ် နီးမှ ပါတိတ်လုံချည်ဆန်းကြီးများ ဝတ်၍ နှုတ်ခမ်းနီပါးနီ ဆိုးကာ အကွက် မပါသော မျက်မှန်ကလေး ဖြင့် စီးကရက်ကလေး တဖွာဖွာ နေတတ်ပါ သည် ။ ဦးမျိုးကြိုင် ကို မကြာခဏ စောင်း၍ ငဲ့၍ လှည့်လှည့် ကြည့်တတ်၏ ။ မြမြစိန် ခမျာ မှာ အချောင် အပြော ခံရခြင်းဖြစ်သည် ။ ခေတ်တော့ ဆန်ပါသည် ။ ချိုင်းပေါ် အင်္ကျီလက်ပြတ် ၊ ထဘီတိုတို နှင့် အမည်း တစ်ပိုင်း အဖြူ တစ်ပိုင်း နှင့် ဖားတစ်ပိုင်း ငါးတစ်ပိုင်း မျက်မှန် ကို တပ်ထားပါ၏ ။ အဝတ်အစား သာ ခေတ်ဆန်ပါသည် ။ လူ ကမူ သိပ် လမ်းသလားခြင်း မရှိ ။ ဝရန်တာ သို့ ထွက်သည် ကိုပင် တစ်နေ့လုံး နေမှ တစ်ခါ တွေ့ရခဲသည် ။ ဦးမျိုးကြိုင် က အမေ နှင့် ရော၍ သမီး ကို ကျုံးချလိုက်ခြင်း ဖြစ်၏ ။
မြတ်ထွန်း ဆံပင်ညှပ် ထွက်သွားသောအခါ ဦးမျိုးကြိုင် သည် တစ်ယောက်တည်း စာ ဖတ် ကျန်ခဲ့ရာမှ မျက်စိ ညောင်းလာသဖြင့် စာအုပ် ကို ချကာ အပေါ်ထပ် သို့ တက်လာခဲ့လေ၏ ။ အပေါ်ထပ် သို့ ရောက်သောအခါ လူတို့ ၏ စိတ္တသဘာဝ အလျောက် လမ်းနား နီးသော အိမ်ရှေ့ ရှိ ပြတင်းပေါက်ဆီသို့ ထွက် လာပြီး လမ်းမ ကို ရော ၊ တစ်ဖက် အိမ် ကိုပါ သိမ်းရုံး ကြည့်ရှု လိုက်မိသည် ။
အိမ်ရှေ့အိမ်ဝရန်တာ မှ ဒေါ်သင်းနု သည် မျက်လုံးပြူးကြီးများ ဖြင့် ဦးမျိုးကြိုင် ကို ဝေ့၍ ဝေ့၍ ကြည့်လေရာ ဦးမျိုးကြိုင် သည် ပျို့မတက်စေ ရန် ရင်ဘတ် ကို လက်နှင့် ဖိလျက် တံတွေး တပျစ်ပျစ် ဖြစ်လာတော့၏ ။ သို့နှင့် မျက်စိ လွှဲလိုက်ရာ အိမ်ရှေ့ သစ်ပင် ဆီ မှ ဤ ပြတင်းပေါက်ဘောင် ဆီသို့ လာနေ သော ကြိုးကြီး ကို တွေ့မိလေ၏ ။
“ မြတ်ထွန်း ဆိုတဲ့ အကောင် ဟာ အိမ် ကို တော်တော် အရုပ် ဆိုးအောင် လုပ်တယ် ”
“ ပြောပြောဆိုဆို နှင့်ပင် ဦးမျိုးကြိုင် သည် ကြိုး ဖြေချ၍ အိမ် ထဲ ချာခနဲ လှည့်ဝင် သွား၏ ။ ကြိုးပြေ သွားသည် နှင့် တစ်ပြိုင်နက် သစ်ပင် မှ ဆိုင်းဘုတ် အလွှာမှာ ဖျန်းခနဲ လန်ကျ လာလေရာ ဒေါ်သင်းနု မျက်လုံးပြဲကြီး များ ဖြင့် ပြူး ကြည့်လိုက်မိ လေတော့သည် ။
မင်း ကို ငါ အလွန် ကြိုက်နေသည် ။
“ ဟယ် အသိ နောက်ကျ လိုက်လေခြင်း .. ”
ဒေါ်သင်းနုသည် ကား ဦးမျိုးကြိုင် ကို ဗမာချိန်ခွင် ၊ တရုတ်ချိန်တုတ် ၊ အင်္ဂလိပ်ချိန်ခွက်များ နှင့် အမျိုးမျိုး ချိန်နေရင်း ရှိရကား ဤသို့သော စာတန်း ကို တွေ့လိုက်သော အခါ ရင်ဝ ကို ဖနောင့် နှင့် ပိတ်ပေါက်လိုက် သကဲ့သို့ ဆို့တစ်တစ်ကြီး ဖြစ်သွားမိရာက မျက်ရည်များ လည်ကာ ဘာမျှ တွေးမနေ နိုင်တော့ဘဲ ဦးမျိုးကြိုင် အိမ် သို့ ကူးပြေး လာလေ၏ ။
ဦးမျိုးကြိုင် မှာ မြင်ကွင်း မကောင်းသဖြင့် အောက်ထပ် ပြန်ဆင်းပြီး ကု,လားထိုင် ပေါ်တွင် စာပြန် ထိုင်ဖတ်နေ၏ ။ ထိုခဏ၌ ဂျက်လေယာဉ် ၏ အရှိန်ဖြင့် မိန်းမ တောင့်တောင့် တစ်ယောက်သည် ဝူးခနဲ တိုးဝင်လာကာ သူ့ ဘေး က လက်တန်း ပေါ်သို့ တင်ပါးလွှဲ ပစ်ထိုင် လိုက်သော်လည်း အရှိန် အနည်းငယ် များ နေသဖြင့် ဦးမျိုးကြိုင် ၏ ပေါင် ပေါ်သို့ သောက်ရမ်း ကျ လာလေ၏ ။
ဦးမျိုးကြိုင် မှာ လည်း မျက်စိ ထဲ ကျွဲဝင်ခတ် သလို ဝူးဝူးဝါးဝါး ဖြစ်ရာ က “ အောင်မယ်လေးဗျ ” ဟု အော်ကာ ခြေထောက် နှစ်ချောင်း မြှောက် လိုက်သည် တွင် ကု,လားထိုင် မှ နောက်သို့ လန်ကျသွားလေ ၏ ။ ကြမ်းပေါ် တွင် လုံးထွေးပြီး နှစ်ပတ်သုံးပတ် လိမ့်သွားကြရာ ဦးမျိုးကြိုင် မှာ မတ်တတ်ရပ်လိုက် လေသည် ။ ပြီးမှ ဒကာမ မှာ မည်သူမည်ဝါ ဖြစ်သည် ကို သိသွားလေရာ ...
“ တော်တော် ထတယ် .. ”
ဟု ရေရွတ် လိုက်လေ၏ ။ ဒေါ်သင်းနု သည် လည်း ဆတ်ခနဲ မတ်တတ် ရပ်လိုက်ပြီး “ ဘာပြောတယ် ဒီအသက် ဒီအရွယ်ကြီး ကျမှ ရည်းစား စာရေးချင်တယ် ” ဟု ပြန်ပြောရင်း ဦးမျိုးကြိုင် အနားသို့ ပြေးကပ်သွား လေတော့ရာ လူပျိုကြီး မှာ မျက်လုံးပြူး မျက်ဆန်ပြူး နှင့် စားပွဲ ကို ကိုင် ပြေးနေမိပြီး မှ ယောင်ယောင်ယမ်းယမ်း နှင့် အိပ်ခန်း ထဲ ဝင်ပြေး လေ၏ ။ အိပ်ခန်း ထဲ ရောက် သောအခါ ခုတင်ပေါ် ပြေးတက် စောင်ကြီး ခေါင်းမြီးခြုံ လိုက်ကာ ဖင်ဘူးတောင်းကြီး ထောင် နေလေသည် ။ ဒေါ်သင်းနု က တွေ့ဖူးသူ ပီပီ ဘာမျှ ကြောက် မနေတော့ဘဲ ခုတင် ပေါ် လိုက်တက်ပြီး ဦးမျိုးကြိုင် ကို ဖက်လှဲ လိုက်ရာ အမဲသားအနံ့ ကိုပင် မခံခဲ့ဘူးသော အရူးကြီး ဦးမျိုးကြိုင် မှာ အီစလံ ဝေသွား လေတော့၏ ။
ဤအချိန်ဝယ် ကျွန်တော် တို့ ၏ ဇာတ်လိုက် မြတ်ထွန်း မှာ လူ အား သွားပြီ ဖြစ်၍ ဆံပင် ကို စတင် အညှပ် ခံနေရပြီ ဖြစ်၏ ။ ဆံပင်ညှပ်သူ သည် စက်ကတ်ကြေး နှင့် တစ်ချက် နောက်စေ့ကုပ်ပိုး ဆီ မှ ငယ်ထိပ်နား ဆီ သို့ ထိုးတင်လိုက်ပြီးလျှင် စက်ကတ်ကြေး ကောင်းကောင်း မပြတ်သည် ကို တွေ့ရသ ဖြင့် ဆီ ထည့်ရန် အတွင်းခန်း သို့ ဝင်သွား လေ၏ ။
အလကား နေရင်း ဇက် ကို မည်သူမျှ ငုံ့ မနေချင်ပါ ။ ထို့ကြောင့်ပင် မြတ်ထွန်း သည် လည်း ခေါင်း ကို မော့လိုက်ရာ ရှေ့က မှန် မှ တစ်ဆင့် နောက်က ပလက်ဖောင်း ပေါ်ဝယ် မြမြစိန် လျှောက်သွား သည် ကို ရင်ခုန်စွာ နှင့် တွေ့လိုက်ရတော့သည် ။ မြမြစိန် ကို လမ်းမ ၌ တစ်ယောက်တည်း ဤသို့ သွားသည် ကို တွေ့ရခဲဘိခြင်း ။
မြတ်ထွန်း သည် ဘာကိုမျှ ကြာရှည် မစဉ်းစားတော့ဘဲ ဆုံလည် ပေါ်မှ ဆင်း ပြေး၍ မြမြစိန် နောက် လိုက်လေ၏ ။ မီလုမီခင် တွင် ...
“ ဒီမှာ .. ဒီမှာ ... ”
ကလေးမ သည် ရပ်၍ နောက်သို့ လှည့်ကြည့်ပြီး ပြူးပြူးပျာပျာ ဖြစ်သွား၏ ။
“ ရှင် ... ရှင် ... အိမ်ရှေ့ အိမ် က ... ”
“ ဟုတ်တယ် .. ကျုပ် မြတ်ထွန်း ပဲ ။ အကြောင်း က ကျုပ် မင်း ကို အရမ်း ကြိုက်နေပြီ ... ”
ကလေးမ သည် တစ်ချက် တွေသွား၏ ။ ပြီးမှ တစ်စုံတစ်ခု ကို ဆုံးဖြတ်ဟန်ဖြင့် ...
“ ကောင်းပြီ ... မေမေ က ကျွန်မ ကို ကောင်တစ်ကောင် နဲ့ ပေးစား မလို့တဲ့ ။ ကျွန်မ က မကြိုက်တာ နဲ့ အခု ထွက်ပြေး မလို့ ပဲ ။ ဒီမှာ ကြည့် ”
အထဲ က အဝတ်အစား ထည့်သည့် လွယ်အိတ် ကို ပြပြီး မြမြစိန် က ဆက်လက်၍ ပြော၏ ။
“ အဲဒါ ရှင် လက်ထပ် နိုင်မယ် ဆိုရင် ရှင်တို့ အိမ် လိုက် နေရုံပဲ ”
“ ဟ .. ဟ .. ဒါ မဖြစ်ဘူး ။ ကျုပ်တို့ ဦးလေး နဲ့ မဖြစ်ဘူး ”
“ ရှင့် ဦးလေး နဲ့ မဖြစ်ဘူး ဆိုတော့ ရှင့် ဦးလေး က တဏှာရူးကြီးလား ”
မြတ်ထွန်း သည် ခေါင်း ကို အလကား ရတိုင်း နင်းကန် ခါလိုက်၏ ။
“ ဒါ ပြောတာ မဟုတ်ဘူး ၊ ကျုပ် ဦးလေး က သဘောတူမှာ မဟုတ်ဘူး လို့ ပြောတာ ။ ကဲလေ မင်း ကို ကျုပ် ခိုးမယ် ။ ပြောနေ ကြာတယ် ။ ဟောဟို မှာ တက္ကစီ တစ်စီး ... လာ ”
ခပ်လှမ်းလှမ်း မှ မောင်း လာသော တက္ကစီ အလွတ် တစ်စီး ကို မြတ်ထွန်း လက်ပြ လိုက်ရာ တက္ကစီ သည် သူတို့ အနား သို့ ထိုးဆိုက် လိုက်လေ၏ ။ မြတ်ထွန်း သည် မြမြစိန် ကို လက်ဆွဲ လိုက်ကာ တက္ကစီ ပေါ် တက်၍ သူ ငယ်ချင်း အိမ်သို့ မောင်းရန် ပြောကြား လိုက်လေ၏ ။
တက္ကစီ ထွက် လာ၍ မကြာမီ ပင် မြတ်ထွန်း သည် အနား မှ ငြိမ်၍ ငိုင်၍ လိုက်ပါလာသော မြမြစိန် ကို စကားကလေး ဘာလေး ပြောရန် လှည့် လိုက်စဉ်ပင် ကားသည် ထိုးရပ် သွားလေ၏ ။ မြတ်ထွန်း က အကြောင်း သိချင်၍ ပျာယိပျာယာ လှည့်ကြည့်လိုက်ရာ ရဲသားသုံးလေးဦး ကို တွေ့ရလေ၏ ။ ထိုအထဲ တွင် ရဲကြပ် ဟု ယူဆရသူ က မြတ်ထွန်း အား ကြည့် ၍ “ မင်း အရူးလား ” ဟု မေးလိုက်လေ၏ ။
“ ကျွန်တော် အကောင်းပေါ့ဗျ ... ”
“ အဲဒါဖြင့် ဟုတ်ပြီ ၊ တို့ က သတင်းအရ လာ စောင့်နေတာ ၊ မင်း ရုပ်ဖျက် လာတာ မဟုတ်လား ကွ ။ ဗိုလ်ဗလ ရဲ့ ...”
“ ကျွန်တော် ဗိုလ်ဗလ လည်း မဟုတ်ဘူး ၊ ရုပ် လည်း မဖျက်ဘူး ”
“ ဘာကွ ခေါင်း ကို ကြွက်ကိုက် သလို ညှပ် ထားပြီး အဝတ်ကြီး ခြုံလာ တာ ဘာလဲကွ ။ ငါ က အရူးလား ဆိုတော့ မင်း က အကောင်းပါ ဆို ။ ဒါကို ရုပ်ဖျက်တာ မခေါ်ရင် မင်း ကြီးတော် မသာလို ပုပ်ပွ နေမှ ရုပ်ဖျက်တာ ခေါ်မလားကွ ၊ ဟေ့ ဂါတ်တဲ ကို မောင်း ... ”
တက္ကစီ သည် လိုရင်း မရောက်ဘဲ ဂါတ်တဲ သို့ ရောက်သွားလေ၏ ။ ရဲ သားများ က မော်တော်ဆိုင်ကယ် နှင့် လိုက်လာကြလေ၏ ။ ဌာန တွင် မြတ်ထွန်းတို့ နှစ်ယောက် မှာ ကုပ်ကုပ်ကလေး ထိုင် နေကြ၏ ။ ရဲသားများ က သာ တဂေါက်ဂေါက် နှင့် ဖိနပ်သံပေး လျှောက် နေကြ၏ ။
ထိုခဏ၌ လူ တစ်ယောက် သည် ဂါတ်တဲ သို့ ပျာယီးပျာယာ ပြေးဝင် လာလေ၏ ။ အထဲ ရောက် ၍ မြတ်ထွန်း ကို မြင်သောအခါ လက်ညှိုးကြီး ထိုး လိုက်၍ ...
“ ဟော .... သူပဲ - သူပဲ ၊ ကျွန်တော့် အဝတ်စကြီး ခိုးပြေးတာ ”
ဟု ပြောလိုက်ရာ ဂါတ်စာရေး မှာ မျက်လုံး ပြူးသွားလေ၏ ။
“ ဟေ့ - သူက ကွန်မြူနစ်အစည်းအရုံးမှူး ဗိုလ်ဗလ ကွ ။ ဘယ်က ပိတ်စပိုင်း ကို ခိုး တဲ့ သူခိုး ဖြစ်ရမှာ လဲ ”
“ အခု သူ ခြုံထားတာက ကျွန်တော့် ဆံပင်ညှပ်ဆိုင် ကပေါ့ ။ စက်ကတ်ကြေး ဆီ သွား ထည့် တုန်း ပြန်ထွက် လာတော့ ညှပ်ရင်း တန်းလန်း က ပျောက်သွားတဲ့ လူ ပေါ့ ဆရာ ရဲ့ ”
မြတ်ထွန်း က ဘာမျှ မပြောဘဲ လောကဓံ ကို လှိမ့်ခံမည် ဟု တွေးရင်း အဝတ်ပိုင်း ကို ပြန်ပေး လိုက်တော့ မှ ဆံပင်ညှပ်ဆရာ မှာ ပွစိပွစိ နှင့် အမှု တိုင်ချက် မဖွင့်တော့ဘဲ ထွက်သွား လေ၏ ။
တစ်လမ်းလုံး ဘာမျှ ပြော မလာသော မြမြစိန် သည် ယခုမှ မြတ်ထွန်း ကို လက်ကုတ် လိုက်လေ၏ ။ မြတ်ထွန်း သည် မြမြစိန် ကို လှည့်ကြည့် လိုက်ပြီး မြမြစိန် ငေးစိုက် ကြည့်နေရာ လမ်းမ သို့ လှမ်း ကြည့်လိုက်မိရာ တွင် ခေါင်းကြီး သွားလေ၏ ။
ဦးမျိုးကြိုင် နှင့် ဒေါ်သင်းနု တို့ ဂါတ် တိုင်ဖို့ ရောက်လာကြလေပြီ ။
မြတ်ထွန်း သည် ဦးမျိုးကြိုင် ကို ငယ်ကြောက် ဖြစ်သဖြင့် လန့်ဖျပ် သွားကာ ကု,လားထိုင်များ နောက်သို့ လေးဖက်ထောက် ဝပ်လျှိုး ပုန်းကွယ် မိလေ၏ ။ ထိုနည်းတူပင် မြမြစိန် မှာ လည်း ဗီရို အောက် ပြေး အဝင် တွင် ပင် ဦးမျိုးကြိုင် တို့ ဝင်လာလေ၏ ။
ဦးမျိုးကြိုင် မှာ နဂိုကပင် ရဲဘက်အမှုထမ်း ဖြစ်သည့် ပြင် ယခုလည်း အရပ် ထဲ တွင် လွန်စွာ ဩဇာ ရှိရကား ဌာနတွင်း ရှိသူ အပေါင်းတို့ က အ လွန် အရေးပေးကြလေသည် ။
“ ဟာ ... ကြွပါ ကြွပါ ဦး ၊ ဘာကိစ္စ နဲ့ ”
“ ဪ ... ကိစ္စလား ၊ ကိစ္စက လူပျောက်တယ် ”
ဂါတ်စာရေး က ရဲကြပ် ကို တစ်ချက် ကြည့်လိုက်ပြီး ....
“ အဲဒီလူ က ယောက်ျား လား ၊ မိန်းမ လား ခင်ဗျာ ”
“ ယောက်ျား ဆိုလည်း ဟုတ်တယ် ၊ မိန်းမ ဆိုလည်း ဟုတ်တယ် ”
ရဲသားများ မှာ “ ခင်ဗျာ ” ဟု ဆို၍ မျက်လုံး ပြူး ကုန်ကြလေ၏ ။
“ ဒီလိုပါ ပျောက်တာက နှစ်ယောက် ကွဲ့ ။ တစ်ယောက် က ယောက်ျား ၊ တစ်ယောက် က မိန်းမ ”
ဒေါ်သင်းနု ဝင် ပြောလိုက်မှ ဌာန တွင် နားရှင်း သွားလေ၏ ။ ထိုအခါ ရဲကြပ်က ဝင်၍ ပြောလေ၏ ။
“ ယောက်ျား က ရုပ်ဖျက်တတ် သလား ”
ဦးမျိုးကြိုင်က မျက်နှာ ကို ရှုံ့လိုက်၏ ။
“ ကြံကြံဖန်ဖန်ကွာ အရုပ် ဖျက်တဲ့ အရွယ် မဟုတ်ဘူး ကွ ။ ကြီးပြီ အသက် ၂၀ ကျော်ပြီ ”
“ မဟုတ်ဘူး လေ ကျွန်တော် ပြောတာက ဆံပင် ကို တစ်ခြမ်းကြီး ရိတ်တယ် ”
“ ဖွတ် မင်း အရူးလားကွ ဟေ ”
ဦးမျိုးကြိုင် သည် ရဲကြပ် နှင့် စကားပြော မတည့် သဖြင့် ဂါတ်စာရေး ဘက် လှည့်လိုက်ရာ ဂါတ်စာရေး မှာ လည်း ကပျာကယာ ဖော်လံဖား လိုက် ရလေသည် ။
“ ကျွန်တော် သိပါပြီ ၊ ဦး ရှာနေတာ ကွန်မြူနစ် စည်းရုံးရေးမှူး ဗိုလ်ဗလ မဟုတ်လား ”
“ ဗိုလ်ဗလ မဟုတ်ဘူး .. ငါ ရှာနေတာ မြတ်ထွန်း ကွ မြတ်ထွန်း ”
ဂါတ်စာရေး နှင့် ရဲသားတို့ အပြန်အလှန် ကြည့်ကြပြီး ဂါတ်စာရေး က
“ စောစောက ဒီမှာ ယောက်ျား တစ်ယောက်ျား နဲ့ မိန်းမ တစ်မိန်းမ ထိုင် နေတာ အခု ပျောက်သွားပြီ ”
ဦးမျိုးကြိုင် သည် မျက်နှာကြီး ရှုံ့မဲ့ကာ ညည်းညူလိုက်၏ ။
“ ဂါတ်တဲ ကို လူပျောက် လာ တိုင်တာ ၊ ဂါတ်တဲ က ပြန် တိုင်နေပြန်ပါပြီ ။ ဒါထက် ပျောက်တာက ငါ့ တူ ကွ ၊ ကောင်မကလေး က သူ့ သမီး ၊ အဲဒါ သူတို့ ချင်း ပေးစားမလို့ လိုက်ရှာတာကွ ”
“ ပြည်တော်သာပြီ ... ပြည်တော်သာပြီ ”
အော်သံ ကြား၍ အားလုံး ဝိုင်း ကြည့်လိုက်ရာ မြတ်ထွန်း သည် မြမြစိန် လက် တစ်ဖက် ကို အတင်း ဆွဲရင်း ပုန်းကွယ် နေရာမှ ခုန်ပေါက် ထွက်လာသည် ကို တွေ့ကြရ လေတော့သည် ။
များ မကြာမီ ‘ နှစ်ဆောင်ပြိုင် ’ လျက် ရှိသော အိမ်ကြီးများ မှ အိမ်သား တို့ သည် မင်္ဂလာ ‘ နှစ်ဆောင်ပြိုင် ’ ဆောင် ကြလေရာ အိမ်ထောင် ပရိဘောဂ ရောင်းသော ဆိုင် ‘ နှစ်ဆိုင် ပြောင် ’ သွားသည် ဆိုသတည်း ။
▣ ကြပ်ကလေး
📖 သွေးသောက် မဂ္ဂဇင်း
ဇန်နဝါရီလ ၊ ၁၉၅၇ ခုနှစ်
No comments:
Post a Comment