❝ ဂဏန်း မျက်ရည် ❞
ᐖ တင်မောင်ထက် ( ကွမ်းခြံကုန်း )
ကျွန်တော် နှင့် ကဏန်းများ ရင်းနှီးခဲ့တာ ကြာတောင့်ကြာပေါ့ ။ ကျွန်တော် ကဏန်းများ ကို ချစ်သည် ။ သို့သော် ကြောက်လည်း ကြောက်သည် ။ ဘာကြောင့် မှန်း မသိခဲ့ ။
ကျွန်တော် သိသော ဂဏန်းအမျိုးအစားများမှာ “ ကွန်မက ” ကဏန်း ၊ ဖောင်စီး ကဏန်း ၊ သရော ကဏန်း ၊ မြင်စိုင်း ကဏန်း ၊ လယ်ပုစွန်လုံး ခေါ် လယ်ကဏန်းလုံး များ ၊ ပင်လယ်ဂဏန်း ခေါ် ကဏန်း အကြီးများ ၊ အဲဒီ ကဏန်းအကြီးများ တွင် အခွံမာ နှင့် အခွံပျော့များ ပါဝင် ကြသည် ။
ကဏန်း အားလုံးသည် လယ်သမားများ ၏ ရန်သူများ ဖြစ်ကြသည် ။ အကြောင်းမူ လယ်သမား များ ၏ စပါးပင်များ ၊ ပျိုးပင်များ ကို ညှပ်ဖြတ်ကြခြင်း ၊ ကိုက်ဖြတ်ကြခြင်းကြောင့်ပင် ။
••••• ••••• •••••
ယင်းကြောင့်လည်း သိပ္ပံပညာရှင်များ နှင့် စိုက်ပျိုးရေးဆေး ထုတ်လုပ်ရောင်းချသူများကလည်း အစွမ်း ထက်သော အဆိပ်ဆေးများ ထုတ်လုပ်ကြပြီ ။ “ ရွှေဆန်း ဟေ့ ၊ မီကီ ၊ ဖော်ဝဒ် ၊ ဒိုင်ဗင် ” စသော ဆေးများ ၊ အနံ့ နှင့် ပင် မူးသွားနိုင်သည် ။ အသံ ကြားသည် နှင့် ကဏန်းတို့ မျက်ရည် ကျလောက်ပြီ ။ ကျွန်တော် နှင့် ကဏန်းများ ဆက်နွှယ်မှုကား ဤသို့ဤနှယ် ။
ကျွန်တော်ကား ကျေးတောသား တစ်ယောက် ပါ ။ ကျွန်တော်တို့ ၏ အိမ်နောက်ဘေး တွင် ချောင်းငယ်ကလေး ဖြတ်သန်း စီးဆင်း နေပါသည် ။ ၎င်း ချောင်း ကလေး ကို ကျော်မှ လယ်ကွင်းပြင် တစ်မျှော်တစ်ခေါ် ကို ရောက်သည် ။ ချောင်းကလေး ကို ကျော်ဖို့ က ဝါးတံတား ထိုး ထားရသည် ။ ၎င်း တံတားလေး အား ဝါးနက်များ ဖြင့် ထိုးထားခြင်းပင် ။ ကျွန်တော့်တို့ မူလတန်းကျောင်းသား ဘဝ က ရေချိုးမည် ဆိုလျှင် ထို တံတားလေးသို့ ပြေးကြ စမြဲ ။ ကိုယ်လုံးတီး ဖြင့် တံတားပေါ် မှ ချောင်း ထဲသို့ ခုန်ချသူချ ၊ ဒိုင်ဗင် ထိုးသူထိုး နှင့် အလွန် ပျော်စရာ ကောင်း လှပါသည် ။
ကျွန်တော်တို့ ရေချိုး မရအောင် အနှောင့်အယှက် ပေးသူများ ကား “ ကွန်မက ” ( ခေါ် ) ကဏန်းမှုန်မှုန် လေးများ ၊ မိုးဦးကျ လေဦးကျ မှာ ချောင်းရိုး တစ်ခုလုံး ၊ ဖျာခင်း ထားသည့်နှယ် မည်းမည်းမှောင်လျက် ရေစီး နှင့် အလိပ်အလိပ် ဆင်းလာကြသည် ။ ယင်း “ ကွန်မက ” များ ကိုလည်း လယ်သမားများ က တစ်နည်းနည်း ဖြင့် နှိမ်နင်း ကြရသည် ။
အဲဒီ “ ကွန်မက ” များ က ကြီးလာသည် ထင်ပါရဲ့ ။ ဖောင်စီးကဏန်း ခေါ်သော ကဏန်းလေးများ ဆင်းလာ ပြီ ဆိုလျှင်လည်း ရေစီး နှင့် အလိပ်အလိပ် မည်းမည်း မှောင်လျက်ပါပဲ ။ အဲဒီ ကဏန်းများ ကတော့ ညှပ်တတ်သည် ။ မိုးဦးလေဦး သူတို့ ဆင်းလာချိန် မှာတော့ ကျွန်တော်တို့ ပျော် ကြပါသည် ။ ဘာကြောင့်လဲ ဆိုတော့ ဖမ်းရတာ လွယ်သောကြောင့်ပင် ။ ဆန်ခါ နှင့် ခပ်ယူလျှင် လည်း ရသည် ။ ပိုင် ( ခေါ် ) ငါးထောင်သော စင်းတောင်း ဖြင့် ခပ်လျှင် လည်း ရသည် ။ ဒိုင်းဂွင်း ( ဝါ ) ဒိုင်းဝန်း ရေလုပ်သားသုံး ၊ ဝါးဖြင့် ခွေထား သောကွင်းမှာ အိတ်ထောင်သဖွယ် ပိုက်အိတ် တပ်ထားသော “ ဒိုင်းဂွင်း ” ဖြင့် ခပ်ယူလျှင် မလိုချင်အောင် ရသည် ။ လေးထောင့် သံပုံးများ နှင့် အပြည့် ထည့် ၊ ရေအပြည့် ထည့်ပြီး မီးဖိုပေါ်တင် ၊ ပြုတ်လျှင် ပြုတ် ၊ ဒယ်အိုးကင်း ထဲ ထည့် လှော်ချင် လှော် ၊ ပြီးတော့ တောဓလေ့ ၊ အထီးကောင် လေးများကို ရွေး ၊ အိမ်မွေး ဘဲစာကျွေး ၊ အမလေးများ ကို နို့ဆီဘူး တစ်လုံး တစ်မတ် နှင့် လိုက်ရောင်း ၊ မုန့်ပဲ သရေစာဖိုး ပိုက်ဆံ လည်း ရ ၊ ဟင်းကြွေးဟင်းရာ လည်း ဖြစ် ၊ ဒါပေမဲ့ များများ စားလျှင် ဗိုက်နာ ပြီး ဝမ်းသွား တတ်သည် ဟု ဆိုသည် ။ သို့သော် ကျွန်တော်တို့ ကျေး တောသား ၊ ကလေးသူငယ်လေးများ ကတော့ ကျောင်းဘေး ဈေးသည် ထံမှ သရေစာ အဖြစ် ဝယ်စားကြသည် ။ အရပ်ဓလေ့ အလေ့အထ များမို့ ဘာမှ မဖြစ်ကြ ။
••••• ••••• •••••
တခြား သရေစာ တစ်မျိုး ကတော့ လယ်ပုစွန် လုံး ( ခေါ် ) ကဏန်းလုံးလေးများ ဖြစ်သည် ။ ည အိပ်ရာ ဝင် ကတည်းက လယ်ထွန် ဆင်းမည့် ဖခင် အား မှာထား ရသည် ။ လယ်ပုစွန်လုံးများ ကောက်လာခဲ့ဖို့ ။ ထယ် ထိုးသောအခါ ကဏန်းတွင်းများ မှ ကဏန်းလုံးလေးများ ၊ ထယ် ထိုး၍ အလိပ်လိုက် ထွက်လာသော ထယ်ခဲများ နှင့် အတူ လုံးထွေး ပေါ်လာသည် ။ အဆင်သင့် ကောက်ပြီး ခါးပိုက်ထောင် ထဲ ထည့် လိုက်ရုံသာ ထွန်တုံးဖြုတ်ချိန် ၊ ဖခင် လယ်တော မှ အပြန် ဖခင် ၏ ခါးပိုက်ထောင် အား လှမ်း ကြည့်လိုက်လို့ ဖောင်းကား နေလျှင် ကျွန်တော်တို့ မောင်နှမ တစ်တွေ အလွန် ပျော်ရွှင်စွာနှင့် ဖခင်ကြီး အား ဆီးကြိုကြသည် ။ အစ်မကြီး က ဖခင် ၏ ခါးပိုက်ထောင် မှ ကဏန်းလုံးများ ကို ဆန်ခါထဲ ထည့်စေပြီး ရေတွင် သန့်စင်အောင် ဆေးကြောသည် ။ ပြီး မြန်မြန် စားရစေဖို့ တချို့ ကို မီးဖုတ်သည် ။ တချို့ကို ပြုတ်သည် ။ တချို့ကို လှော်သည် ။ လယ်ပုစွန်လုံး ( ခ ) ကဏန်းလုံးလေးများ အခွံ ခွာ စားလိုက်ရလျှင် ချိုသော အရသာကို ခံစားရသည် ။ မြိန်ရေယှက်ရေ နှင့် ကျွတ်ကျွတ် မြည်အောင် ဝိုင်းဖွဲ့ စားကြမြဲ ။
••••• ••••• •••••
နောက်တစ်မျိုး ကတော့ သရောကဏန်း ၊ ထို ကဏန်းလေးများ ကား ချောင်းစပ်လတာ ပေါ်မှာ တွင်း ထဲ ဝင်လိုက် ၊ အပြင် ထွက်ပြေးလိုက် နှင့် ပျော်နေသော ကဏန်းလေးများ မည်းမည်းလေးတွေ ၊ သူတို့ကို စားလည်း မစားကြ ၊ သူတို့ ကတော့ ဘေးမဲ့များ ၊ ဘယ်သူမျှ မဖမ်းကြ ။
••••• ••••• •••••
ဟော ... နောက် တစ်မျိုး ကျတော့ မြင်စိုင်း ကဏန်း ၊ ပင်လယ်သောင်ပြင် မှာ နံနက်ခင်း နေခြည် အတက် ၊ နေပူစာလှုံ နေကြထင်ရဲ့ ။ ပင်လယ် ထဲမှ နေလုံးကြီး ထွက် အလာ နေခြည် အောက်မှာ ရွှေရောင် တောက်လျက် ရဲရဲနီလျက် ချစ်စရာ ကောင်းသော ကဏန်းလေးများ လျင်သလား ၊ မြန်သလား မမေးနဲ့ ။ လူရိပ် မြင်သည်နှင့် လှစ်ခနဲ တွင်းထဲ ဝင်ပြီးသား ။ သူတို့ နှင့် ကစားရသည် ကား ပျော်စရာ ၊ သူတို့ တွင်းပြင် ထွက်နေတုန်း သူတို့ တွင်း ကို ပြေးပြီး ဖိနပ်နှင့် နင်း ပိတ်ထား ၊ ဝင်မရ လျှင် နီးစပ်ရာ တွင်းထဲ လှစ်ခနဲ ပြေး သွားသည် ။ တော်တော် လျင်တဲ့ ကောင်တွေ ။
ဘာရမလဲ ၊ ဖိနပ် ကို ချွတ် ၊ သူတို့ ထွက်နေတုန်း သောင်ပြင် ကို ရှပ်တိုက်ပြီး ပစ်လိုက် ၊ ဖိနပ် နောက် သူတို့ ပါသွားတုန်း ၊ တွင်း ကို ပြေးပိတ် ၊ ဒီတော့မှ သင်းတို့ ကို မိပြီး သနားစရာ သတ္တဝါတွေ ၊ လွှတ်ပေး လိုက်တော့ လှစ်ခနဲ တွင်းထဲ ဝင်ပြေးသည် ။ နီတျာတျာ နှင့် ချစ်စရာလေးတွေ ။
••••• ••••• •••••
လာပြန်ပြီ နောက် တစ်မျိုး ၊ သည် တစ်မျိုးကတော့ ပင်လယ်ကဏန်းကြီးများ ၊ အမများချည်း ကို ပြုတ်ကြ ရောင်းကြသည် ။ ရောင်းကောင်းသည် ၊ စားကောင်းသည် ၊ ကဏန်းချဉ်ရည် ၊ အသားထုတ်ကြော် စသည်ဖြင့် အမျိုးမျိုး စားကောင်းသည် ။
ကဏန်းဒိုင်များ က ၎င်း ကဏန်းများကို ကောက် သည် ၊ ခြေထောက်များ ကို ကြိုးနှင့် တုပ်ကြသည် ။ ခြင်းများတွင် စနစ်တကျ စီထပ် ထည့်ပြီး ဆားငန်ရည် ဖြင့် စိမ် ထားသည် ။ လေယာဉ်ကွင်း သို့ ပို့ကြသည် ။ ထိုင်း ၊ မလေးရှား ၊ စင်ကာပူ စသည်တို့ ကို ပို့ကြသည် ။ ဈေးကောင်းကောင်း ရသည် ။ ဟိုတယ်များ ၊ အင်းများ သို့လည်း စံချိန်မီ ကဏန်းများ ၊ အရွယ်အစား အလိုက် ဈေး ပေးသည် ။ ကီလို ဖြင့် ရောင်းရသည် ။ အခွံပျော့ များ ကို ပိုပြီး ဈေးကောင်းရသည် ဟု ဆိုသည် ။
••••• ••••• •••••
ကျွန်တော် ဆိုသော ကျေးတောသားငယ် သည် ယခု မြို့သား ပင်စင်စားကြီး ဖြစ်နေချေပြီ ။ ဖွင့်ထား သော ဆေးဆိုင် တွင် ဆေးဝါး ရောင်းချရင်း အသက်မွေး ရသည် ။ မိမိ ဆေးဆိုင် နှင့် မလှမ်းမကမ်း တွင် ပိုးသတ် ဆေးနှင့် စိုက်ပျိုးရေး ပစ္စည်း ရောင်းသောဆိုင် နှင့် ကဏန်း ကောက်သော ဒိုင် တစ်ခု ရှိသည်မို့ နိစ္စဓူဝ ကြားနေရ သည် ကား နားမချမ်းသာစရာ ၊ ကဏန်းဒိုင် က ကဏန်း ကို ဈေးအမျိုးမျိုး နှင့် ဝယ်ယူ တုပ်နှောင် ရောင်းချ နေပြီး စိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးဆိုင် ကတော့ ကဏန်းသတ်ဆေး ရောင်း ကောင်း မှ ကောင်း ၊ လယ်သမားများ အဝင် … အထွက် များလှပါဘိ ။ ဪ ... ကဏန်းတွေ ၊ ကဏန်း တွေ ၊ ကဏန်းတို့ ဘဝ တယ်မလှပါလား ။
••••• ••••• •••••
မှတ်မိပါသေးရဲ့ ။ ကျွန်တော် ငယ်ငယ် မူလတန်းကျောင်းသား ဘဝ က ဂဏန်းသင်္ချာ ကို တော်တော် ကြောက်သည် ။ ဂဏန်းသင်္ချာ ကြောင့် ခဏခဏ ဘောဖျက် ဖြင့် ခေါင်းခေါက် ခံရဖူးသည် ။ ခေါင်းများ ဖူးရောင်ပြီး တော်တော် နာပါသည် ။ တစ်နှစ် တစ်တန်း အောင်အောင် ၊ ဂဏန်းသင်္ချာ ကို တော်တော် ကြိုးစား ရသည် ။ ဒါတောင် ၄ဝ ကျော် ၅၀ အမှတ် အများဆုံး ။
အဲ ... ၇ တန်း ၊ ၈ တန်း နှင့် ၁၀ တန်းရောက် လာတော့ ( ကျွန်တော်တို့ ခေတ် က ကိုးတန်း မရှိ ၊ ရှစ်တန်း အောင်ရင် ဆယ်တန်း တက်ရသည် ) ။ သင်္ချာ ( ၁ ) ၊ သင်္ချာ ( ၂ ) ဟူ၍ နှစ်မျိုး သင်ရသည် ။ ဂဏန်းသင်္ချာ ( ၂ ) မှာ က အယ်ဂျီဗရာ ( ခေါ် ) အက္ခရာသင်္ချာ နှင့် ဂျီဩမေတြီ ( ခေါ် ) ပုံဆွဲ တွက်ချက်သည် ။ အဲဒီ ဂဏန်း သင်္ချာ ( ၂ ) ကိုတော့ ကျွန်တော် ဝါသနာ ပါသည် ။ ကောင်း ကောင်း တွက်သည် ။ ပိုက်သရိုးရပ် သီအိုရမ် ဆိုရင် ခုတိုင် အလွတ် ရ နေတုန်း ။ ပြီးတော့ သင်္ချာ ( ၁ ) ၊ သင်္ချာ ( ၂ ) နှစ်ဘာသာ ပေါင်း ၈ဝ မှတ် ရရင် အောင်ပြီ ။ ဂဏန်းသင်္ချာ မကြောက်တော့ ။
••••• ••••• •••••
ကျွန်တော် နှင့် ဂဏန်း များကား ပြီးဆုံးပြီ ဟု ထင်ထားရာ မပြီးဆုံးသေးချေ ။ လွန်ခဲ့သော ည ၉ နာရီခန့် က ခြေရင်းအိမ် က ကျွန်တော့် ညီမ လင်မယား ဆူညံစွာ ရန်ဖြစ် နေကြသည် ။ ပထမ တော့ ကျိတ်ပြီး ရန်ဖြစ်နေပုံ ရသည် ။ နောက်တော့ ကျွန်တော့် ညီမ အော်ဟစ် ငိုနေတော့မှ ကျွန်တော် လည်း မနေသာတော့ သဖြင့် လက်နှိပ်ဓာတ်မီး ဆွဲပြီး ဆင်း သွားရသည် ။ ဖျန်ဖြေ ရတော့သည် ။ လားထား ငမိုက်သား သူ့ ယောက်ျား ကျွန်တော့် ယောက်ဖ လုံးပတ် ဆိုလား အိမ် နှင့် ခြံ ပေါင် ထားလို့ နက်ဖြန် အိမ်ပေါ် က ဆင်းရမှာတဲ့ဗျာ ။
ကဲ ... ဘာ တတ်နိုင်တော့မှာလဲ ငါ့ ညီမရယ် ၊ မင်း... မင်း မျက်ရည်ကလည်း .. ။
⎕ တင်မောင်ထက် ( ကွမ်းခြံကုန်း )
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
၂၀၁၂ ၊ နိုဝင်ဘာလ
No comments:
Post a Comment