Saturday, September 28, 2024

ကျီးကန်း နှင့် လင်ကောင်ပိုးငှက်


 ❝ ကျီးကန်း နှင့် လင်ကောင်ပိုးငှက် ❞


ဟိုး ရှေးရှေးတုန်း က ရွာ တစ်ရွာ မှာ မောင်ကျည်းတန် နှင့် မယ်ပိုး ရယ်လို့ လင်မယား နှစ်ယောက် ရှိလေတယ် ။ မောင်ကျည်းတန် ဟာ အမည်နဲ့ လိုက်အောင် အသားအရေ မဲနက်ပြီး ရုပ်အလွန် ဆိုးသတဲ့လေ ။ မယ်ပိုး ကတော့ အသားအရေ ဝင်းပြီး ချောမောလှပသတဲ့ကွယ် ။ 


မောင်ကျည်းတန် နဲ့ မယ်ပိုး  တို့ လင်မယား ဟာ သူတို့ အချင်းချင်း ချစ်ခင်လို့ အိမ် ထောင်ကျ လာတာ မဟုတ်ဘူးတဲ့ ။ လူကြီးတွေ ထိမ်းမြားပေးလို့ ညားလာကြရတာတဲ့ ။ ဒီလိုနဲ့ လင်မယား ညားလာတာ မကြာခင်မှာပဲ မယ်ပိုး ဟာ အခြားသူ တစ်ယောက် နဲ့ ဖောက်ပြန်သတဲ့ ။ အဲဒီအခါမှာ လင်ကြီး မောင်ကျည်းတန် မသိအောင် မယ်ပိုး ဟာ မောင်ကျည်းတန် မျက်စိတွေ ကန်းစေရန် ဆေးခတ် ပစ်လိုက်ပြန်တယ် ။ မောင်ကျည်းတန် ရဲ့မျက်စိတွေ ကန်းကုန်တယ် ဆိုရင် ပဲ မယ်ပိုး ဟာ လင်ငယ် ကို အိမ်ပေါ် မှာ ခေါ်တင်ထားသတဲ့လေ ။


သို့ပေမယ့် လင်ငယ် ကို အခြားသူတွေ မမြင်စေရန် နေ့ အခါမှာ သေတ္တာကြီးတစ်လုံး ထဲမှာ ထည့်ထားလေ့ရှိသတဲ့ ။ ညဉ့်အခါ မှာမှ အပြင်ဘက် ကို ထုတ်သတဲ့လေ ။ ဒီအကြောင်း ကို လင်ကြီး မောင်ကျည်းတန် လည်း တဖြည်းဖြည်း နဲ့ သိလာတဲ့ အခါမှာ တစ်နေ့တော့ လင်ကြီး မောင်ကျည်းတန် ဟာ အကောက်ကြံ သတဲ့ ။ “ မယ်ပိုး ရေ ၊ ကြမ်းပိုးတွေကိုက်လွန်းလို့ ကြမ်းပိုး သ,တ်ဖို့ ရေနွေးများများ ကျိုပေးပါကွယ်လို့ ဆိုသတဲ့ ” ( ရှေးအခါကတော့ ယခုလို ကြမ်းပိုးသတ် ဆေးတွေ မရှိသေးဘူးတဲ့ ) ။ မယ်ပိုး ကလည်း မောင်ကျည်းတန် ပြောတာ ယုံကြည်ပြီး ရေနွေး တွေ ကျိုပေးသတဲ့ကွယ် ။


ရေနွေးတွေ လည်း ဆူရော ၊ ရေနွေးအိုးကြီး ကို အိပ်ရာနား ယူခဲ့ပါကွယ်လို့ ပြောပြန် တယ် ။ မယ်ပိုး လည်း မောင်ကျည်းတန် ပြောတဲ့အတိုင်း အိပ်ရာနား ကို ရေနွေးအိုးကြီး ယူပေး သတဲ့လေ ။ ရေနွေးအိုးကြီး ကို ရတယ် ဆိုရင်လည်း မောင်ကျည်းတန် ဟာ မယ်ပိုး လင်ငယ် ထည့် ထားတဲ့ သေတ္တာကြီး ကို ဖွင့်ပြီး ရေနွေးပူတွေ လောင်းထည့်လိုက်သတဲ့ ။ မယ်ပိုး ရဲ့ လင်ငယ် လည်း ရေနွေးပူတွေ လောင်လို့သေပါရောတဲ့ကွယ် ။


ဒီအခါမှာ မောင်ကျည်းတန် ဟာ မယ်ပိုး ကို အနား ခေါ်ပြီး “ နင့် လင်ငယ် တော့ ရေနွေး ပူတွေ လောင်လို့ သေသွားပြီ ၊ အသေကောင် ကို လူ မသိအောင် မြစ် ထဲ မှာမျှောလိုက် ” လို့ ပြော သတဲ့ ။ မယ်ပိုး ဟာ လည်း ကြံရာမရဘဲ မောင်ကျည်းတန် ပြောတဲ့အတိုင်း ညဉ့်အခါ လူခြေတိတ် ချိန်မှာ လင်ငယ် အသေကောင်ကြီး ကျောပေါ်မှာ ပိုးပြီး မြန်မြန်သွားတာပေါ့ကွယ် ။ 


မြစ်ဆိပ် လည်း ရောက်ပါရော မယ်ပိုး ဟာ ရေထဲ ဆင်းပြီး လင်ငယ်အသေကောင် ကို ရေထဲ မှာ မျှောတဲ့ အခါ လင်ကြီး မောင်ကျည်းတန် ဟာ နောက်က တောင်ဝှေး နဲ့ တွန်းပြီး ရေနှစ် သ,တ်လိုက်နိုင်တယ် ။


မယ်ပိုး လည်း လင်ကောင်ကြီး ကျော မှ ပိုးပြီး ရေနစ် သေသွားရရှာ သတဲ့ ။ သေသွားပြီး တဲ့ နောက်မှာတော့ မကောင်းတဲ့ အကျင့်ကြောင့် လင်ကောင်ပိုးငှက်ရယ် လို့ ဖြစ်နေရရှာတယ် လေ ။ ကလေးတွေ ယခု တွေ့နေရတဲ့ လင်ကောင်ပိုးငှက် ပေါ့ကွယ် ။ သူ့ ကို အချို့သူတွေ က ငှက်ဆိုး လို့လည်း ခေါ်ကြတယ် ။


မောင်ကျည်းတန် လည်း သူ့မယား အား ဒေါသအလျောက် သ,တ်ပြီးတဲ့နောက်မှာ မျက်စိ မမြင်တော့ မသွားတတ် မလာတတ် နဲ့ ရေထဲ မှာ လဲပြီး ရေနစ် သေဆုံး သွားပြန်လေတယ် ။ သူ့ မှာလည်း ဒေါသ နောက် လိုက်မိလို့ သေတဲ့ နောက် မှာပဲ ကျီးကန်း ဆိုတဲ့ ငှက် ဖြစ်သွားသတဲ့ ။ ဒါကြောင့် ယခု ဘဝ မှာ ကျီးကန်း နဲ့ လင်ကောင်ပိုးငှက် မတည့်ဘဲ ယနေ့ အထိ ရန်သူ ဖြစ်နေကြသတဲ့ ။ 


⎕ ရွှေမြင့်


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၁ ၊ ဒီဇင်ဘာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment