Monday, September 23, 2024

လူ့ပြည် မှာ တစ်နေ့ နတ်ပြည် မှာ တစ်ည


 

❝ လူ့ပြည် မှာ တစ်နေ့ နတ်ပြည် မှာ တစ်ည ❞
━━━━━━━━━━━━━━
           ကြည်အေး
━━━━━━━━━━━━━━
စိန်သန်း သည် ကိုယ့် နှလုံးခုန်သံ ကို ပင် ကျယ်သည် ထင်နေ၏ ။ ပတ်ပတ်လည် က လူသံ ၊ ကားသံ ၊ ရေဒီယို အသံချဲ့စက် နှင့် ကြော်ငြာသံ တွေ ထက် ပင် ပိုမို ကျယ်လောင်သည် ကို ကြား နေရ၏ ။ ဘယ်လက် က ကား နောက်မြီး လက်ရန်း ကို ခါတိုင်း လို ကိုင်ဆွဲ ထားသော် လည်း ကိုယ် ကိုယ် မူ ခါတိုင်းလို ပျော့ပျောင်းစွာ အလိုက်သင့် လွှဲ၍ မနေဘဲ ခပ်တောင့်တောင့် အနေ ကျပ်ကျပ် နေမိလေသည် ။

ညာလက် က ရှပ်အင်္ကျီအိတ် ကို တစမ်းစမ်း နှင့် နေသည် ။ ရင် ထဲ က အမြဲ ထိတ်လှ၏ ။ ပါးစပ် က ရေရွတ်သည် ။ စိုးရိမ်စိတ်များ က လည်း ထူးထွေကာ စိတ်အေး လက်အေး မရှိဘဲ အင်္ကျီအိတ် ထဲ က လွဲ၍ တခြား မှာ စိတ် မရှိတော့ချေ ။ နောက်ဆုံး၌ လက် မဖြုတ်တော့ ဘဲ ရှပ်အင်္ကျီ ရင်ဘတ် ကို သာ ကျပ်ကျပ် ဆွဲ ထားမိလေသည် ။ သည်တော့မှ ပဲ စိတ် သက်သာ၏ ။

သူ့ လက် နှင့် အောက် က ကာကီပိတ်ကြမ်း အောက် ရှပ်အင်္ကျီ အိတ် ထဲ ၌ သားရေပျော့ ပိုက်ဆံအိတ်ကလေး သည် ခု ၍ နေလေ၏ ။

စိန်သန်း သည် ပိုက်ဆံအိတ်ကလေး ကို စောစောက ပင် ကောက်၍ ရခဲ့ လေသည် ။ အစက မူ မိုး လင်းလင်းချင်း ကားပိုင်ရှင် ဟန်တင် ၏ အဆူအဆဲ ကို ခံခဲ့ရ၍ လန်းလန်းဆန်းဆန်း မရှိ ။ ဟန်တင် မှာ ချက်အရက် ဖြင့် အာစို နေတတ်သူ ဖြစ်သဖြင့် ( စိတ် ထဲ က တိတ်တဆိတ် ကျိတ်ပြီး ) အရူးပမာ သဘောထား ရသည် ။ ဘာမျှ ရှင်းရှင်းလင်းလင်း ပြော၍ မရ ။ သူ့ မိန်းမ ကိုယ်တိုင် က ပင် လျှင် ဖက်ပြိုင် ပြောလေ့ မရှိ ။ ထို့ပြင် အရေးကြီးသည် မှာ ဟန်တင် က မိမိ ကို ‘ သွားတော့ ’ ဟု နှင် လျှင် ယခု ထွက်မည် ဖြစ်၏ ။

စိန်သန်း သည် ကားမောင်းသမား နှင့် အတူ ကား ကို ယူ၍ ထွက်ခဲ့သည့် အခါ မူ ကား ဟန်တင် ကို ခပ်တိုးတိုး ဆဲလျက် ရှိလေသည် ။ သို့သော် ကား တစ်ခေါက် နှစ်ခေါက် လိုက် ပြီးသည့် အခါတွင် စိတ်အေး သွားခဲ့လေပြီ ။

“ ဟိုး ”

“ ခိုးလိုး ”

“ လိုက်မလား ဆရာ ”

ပုဇွန်တောင် မောင်ဂိုမာရီ ဘိုင်စကုပ် စသည် တို့ ကို အခွင့် သင့် သလို အော်ရင်း နှင့် လူငယ်တို့ ၏ ဖြစ်သလို ပျော်တတ်သည့် စိတ် ပြန် ပေါ် လာပြန်သည် ။

၁၀ နာရီ ထိုးသည့် အခါ စိန်သန်း နှင့် ကားမောင်းသမား တို့ သည် “ စူလတန်တီးရှော့ပ် ” ဟု အင်္ဂလိပ် ကို မြန်မာစာတန်း ရေးထားသော ကု,လားလက်ဖက်ရည်ဆိုင် သို့ ဝင် ကြလေသည် ။

သူတို့ သည် မနက် ထမင်း ကို နေ့လယ် မွန်းတည့် ကို အစောဆုံး ထား၍ စားကြ မြဲ ဖြစ်၏ ။ မိုးလင်း ကတည်း က ဘာမှ လည်း စားကြရသည် မဟုတ် ( စိန်သန်း အဖို့ ယနေ့ အဆဲ အကြိမ်း ပင် ခံရသေး၏ ) ထို့ကြောင့် ၁၀ နာရီ လောက် ဆိုလျှင် မနေနိုင်တော့ ဘဲ လက်ဖက်ရည် နှင့် ပေါင်မုန့်လုံးကလေး တစ်လုံး နှစ်လုံး ကို စားသောက် ရသည် ။ သို့သော် ... တိတ်တဆိတ် ...

ကားပိုင်ရှင် ဟန်တင် သာ သိလျှင် သူတို့ နှစ်ယောက် စလုံး အဆူအပွက် ပထမ ခံရ ပြီး နောက် လူစား ရှာ ၍ ရသည့် အခါ အလုပ်ဖြုတ် ခံရမည်ဖြစ်၏ ။ အဘယ်ကြောင့် ဆိုလျှင် သူတို့သည် ဟန်တင် နှင့် ဆိုင်သော ပိုက်ဆံ သိမ်း၍ ရငွေ ထဲ မှ ခိုး သောက်ရသည် ။ မခိုး ၍ လည်း မဖြစ် ၊ ကား လိုက်၍ ရသည့် လစာ မှာ ဘယ်တော့မှ မလုံလောက် ။ ပြီးတော့ တစ်ခါ တစ်ခါ ဟန်တင် ကိုယ်တိုင် ပင် လျှင် ဓာတ်ဆီဖိုး မှ မကာမိ ဖြစ်ရတတ်ရာ သူတို့ လည်း ပြတ်ကြရ ပြန်သည် ။

သူတို့ သည် လက်ဖက်ရည် သောက်ပြီး၍ ကား ဆက်ပြီး ပြေးသည် တွင် ပထမ အခေါက်၌ ရုပ်ရှင် ပြချိန် မို့ လူတော်တော် ရပါ၏ ။ နောက် အပြန်ခေါက် တွင် မူ လူ နှစ်ယောက် သာ ပါရာ လမ်း တစ်ဝက် တွင် ဆင်းခဲ့ကြ ၍ ကားဂိတ် ထိ တိုင်အောင် မောင်း သွားကြရ၏ ။

စိန်သန်း သည် ရပ် ရတာ ညောင်းလာ၏ ။ ကား ထဲ ဝင်ပြီး ထိုင်ခုံ တစ်ခု မှာ ထိုင်ရင်း ခြေကို ယမ်း လိုက်ရာ တစ်ခု ခု ကို ခလုတ် သွား တိုက်မိ၏ ။ ဘာပါလိမ့်ကွယ် ... သူ သည် ခပ်နက်နက် ပြောင်ချောချောကလေး ကို ထိုင်ခုံ အောက် မှောင်ရိပ် တွင် တွေ့ ၏ ။

“ ဟာ ပိုက်ဆံအိတ် ပဲ ” ဟု လွှတ်ခနဲ ထွက်မိ သေးသည် ။ ကားမောင်းသမား က နားမလည်ဘဲ ...

“ ဟင် ” ဟု ပြန် မေးရာ မှ သတိရ ပြီး ခပ်တည်တည် နှင့် “ ဘာမှ မဟုတ်ပါဘူး ” ဟု ပြော လိုက်သည် ။ ထို့နောက် ငါးမိနစ် အတွင်း သူ သည် ကားမောင်းသမား ပင် မရိပ်မိ အောင် ပိုက်ဆံအိတ် ကို ကောက်ကာ အင်္ကျီအိတ် ထဲ သို့ ထည့် ပြီးသား ဖြစ်၍ နေလေ၏ ။

စိန်သန်း သည် ဝမ်းသာစိတ် နှင့် ရင် ထိတ်၍ နေသေးသည် ။ လက် က အင်္ကျီအိတ် ကို သာစမ်း ကာ မေ့မေ့လျော့လျော့ နှင့် လိုက် စီးသူများ ကို ပင် မခေါ်မိဘဲ ရှိလေသည် ။

သူ သည် ခဏလေး က ပင် သိမ်ကြီးဈေး အိမ်သာ ထဲ ဝင်၍ ငွေများ ကို ရေတွက် ပြီး လေပြီ ။

တစ်ဆယ်တန် ငါးကျပ်တန် အားလုံးပေါင်း က ၆၇ ကျပ် ၊ အကြွေ သုံးဖူး တစ်ပဲ ၊ ပေါင်ဒါနှစ်ဘူး ဝယ်သည့် လက်မှတ် က တစ်ရွက် ၊ အဲဒါ ကို တော့ သူ ဆုတ်ပြီး လွှင့်ပစ်ခဲ့လေသည် ။

တစ်ချက် တစ်ချက် စိတ် က မလုံ လျှင် ‘ ငါ ခိုးတာမှ မဟုတ်ဘဲ ၊ ကောက်ရတာပဲ ၊ ရေ မှာအဆုံး ကုန်း မှာ တစ်ဝက် ဆို မဟုတ်လား ’ ဟု အားပေး ရ၏ ။ သို့သော် သိပ် စိတ် မဖြောင့် ၊ ကိုယ့် စကား နှင့် တောင် ကိုယ်မ ရှင်း ၊ ရေ မှာ အဆုံး ကုန်း မှာ တစ်ဝက် ဆိုတာ ဘာလဲ ငါတစ်ဝက်တည်း ဆိုင်တာ ဆိုတာလား ၊ သူ သည် ငယ်ငယ် က ကျောင်း နေသည် ကို ဖျတ်ခနဲ သတိရ ၏ ။ အခလွတ် အစိုးရမြူနီစပယ်ကျောင်း မှာ သုံးတန်း အထိ နေခဲ့ဖူးပါ၏ ။ စာပေ ဘက် က ဆိုလျှင် သိမ်ကြီးဈေး စာအုပ်ဆိုင်များ မှ အသိ ဖွဲ့ပြီး ရတတ်သမျှ ဝတ္ထုတိုင်း ငှား ဖတ်ခဲ့ ဖူးပါ၏ ။ ကိုယ့် ကိုယ် ကိုယ် အားပေး လိုက်သည့် စကားပုံကလေး ကို နားလည်စိတ် မပေါ်လာချေ ။

သူ ၏ စိတ် တွင် ၆၇ ကျပ် ၆၇ ကျပ် ဟု မြည်၏ ။ ဒီ ပိုက်ဆံ ကို ပိုင်ရှင် က များ ပြန်ပြီး စုံစမ်း နေဦးမလား ဟု ပူပင်၏ ။ သူ သည် ငါးပါးသီလ ကို ဘယ်တော့ မှ မမြဲသော် လည်း ယုံ ကြည်သူ ဖြစ်၍ ခိုးတော့ သိပ် မခိုးချင်ပေ ။ အကယ်၍ အခုနေ ပိုင်ရှင် က လာ တောင်းလျှင် ပေးလိုက်မည် ဖြစ်၏ ။ ပြီးမှ ပြန်ပြီး နှမြော ချင် နှမြော နေမည် ။ သို့သော်လည်း ပိုင်ရှင် က သူ့ ပိုက်ဆံအိတ် ဘယ်မှာ ကျ ခဲ့တယ် ဆိုတာ မှတ်မိနိုင်ပါ့မလားကွယ် ။ ပြီးတော့ ငါ့ ဆီ မှာ ရှိ တယ်လို့ ဘယ့်နှယ် သိနိုင်မလဲ ...

ခုလို စိတ်ရင်း အတိုင်း မှာ မူ ထို ၆၇ ကျပ် ကို ပိုင်ဆိုင်ချင်၏ ။ မွေး ကတည်းက တစ်ခါ မျှ သည့်လောက် ငွေကို မပိုင်ဆိုင်ဖူးပေ ။ စိန်သန်း ၌ ကိုယ့် ဘဝ ကိုယ် မကျေနပ် စိတ် အများပင် ရှိသည် ။ စပယ်ယာ ဘဝ က လွတ် ချင်၏ ။ ကောင်းရောင်း ကောင်းဝယ် လုပ်စား ချင် ၏ ။ မမြင်ဖူး လိုက်သော ဖခင် ဘက် က ဆွေးမျိုး မှန်သမျှ မှာ ကုန်သည်ကြီးများ ဖြစ်သည် ဟု သူ ကြားဖူးသည် ကို မှတ်မိသည် ။

ညနေစောင်းစ ပြုလာသည့် အခါတွင် ကားမောင်းသမား သည် မျက်နှာ ပြုံးပြက်ပြက် နှင့်

“ ဟေ့ ပိုက်ဆံ ဘယ်လောက် ရပလဲ ” ဟု မေးလျက် ရှိလေသည် ။

စိန်သန်း က စိတ်ညစ်၏ ။ ကားမောင်းသမား ၏ မျက်နှာ က အဓိပ္ပာယ် ကို နားလည် သည် ။ သူ သည် ကားမောင်းသမား နှင့် ပိုက်ဆံသိမ်း စပယ်ယာ တို့ ပူးပေါင်း ပြီး ရငွေ ကို တစ်စိတ်တစ်ဒေသ ခွဲဝေ ယူကြသည့် အဖြစ် ကို ရိုး နေအောင် တွေ့ ရလေပြီ ။ သူ ကိုယ်တိုင် ပင် သုံးလေးခါ ပါခဲ့ ဖူးပါ၏ ။ သို့သော် သိပ် စိတ် မသန့် ၊ ရှောင်နိုင် လျှင် ရှောင် ချင်သည် ။ စိန်သန်း သည် မာနကြီး ဟန် နှင့်

“ အို ... ဗျာ ဟန်တင့် ငွေများ လက် နဲ့ တောင် မတို့ချင်ပါ ” ဟု ပြောနေလေသည် ။

ထို့နောက် တွေး၏ ။ ငါ ဘာ လုပ်ရမလဲ ဒီ ငွေ ၆၇ ကျပ် ကို ။ ဘာ လုပ်ရမလဲ ၊ အဲဒီ ငွေ နဲ့ ဘာ အလုပ် လုပ်လို့ ရမလဲ ။ ပိုင်ရှင် ပြန်လာ မှာ  ကိုလည်း စိတ်ပူ လိုက်သေးသည် ။ သို့သော် တွေး၏ ။ ဒီ ငွေ ကို ကောင်းကောင်း အသုံးချ ချင်ပါတယ် ။ ဘာလု ပ်ရမလဲ ဆိုတာ လည်း ငါ့ မှာ အသိဉာဏ် မရှိပါကလား ။

ကား ညာဘက် နောက်ဆုံး ခုံတန်း ၌ ယောက်ျားကြီး တစ်ယောက် စာ ဖတ်နေ၏ ။ အင်္ဂလိပ်စာတွေ ၊ သူ မဖတ်တတ်သည့် စာတွေ ၊ လူကြီး ၏ မျက်မှန် က ထူထူကြီး မို့ မှန်သား မှာ အကွင်းအကွင်း အရစ်အရစ် ဖြစ် နေ၏ ။ သူ့ စိတ်တွင်း ၌ မျက်မှန် တပ်လျှင် ပညာတတ်သည် ဟု ထင်လေ့ ရှိရာ ယခု လူကြီး ကို ပို၍ အထင် ကြီးသည် ။ သူ့ ကို မေးရ ကောင်းမလား ။ သို့ ပေမဲ့ ၆၇ ကျပ် ကို ဘယ်က ရသလဲ မေးရင် ခက်မှာ ဗျ ။ ပြီးတော့လည်း ...

လူကြီး သည် ဆင်း၍ သွားလေပြီ ... ဘယ်သူ့ အကြံဉာဏ် တောင်းရပါ့ မလဲ ။ လောက မှာ အရင်းနှီးဆုံး ဆို၍ ဟန်တင် တို့ လင်မယား နှင့် ကားမောင်းသမား သာ ရှိသည် ။ ဆွေမျိုးရယ် ဟူ၍ မတွေ့ ခဲ့ ဖူးဘူး ၊ ဟိုကား သည်ကား က စပယ်ယာတွေ နှင့် လည်း တစ်ခါတစ်ရံ ရန်ပွဲ ရိုက်ပွဲ ဖြစ်ရသည် က လွဲ၍ တယ်ပြီး ဆက်သွယ်ခြင်း မရှိလှ ၊ စိန်သန်း ကား အင်္ကျီ ရင်ဘတ် ကို ဆုပ် ထားရင်း စိတ် ပူပင် နေပြန်လေသည် ။

ငွေ ၆၇ ကျပ် ကို လက် ထဲ ဆုပ်ထားရခြင်း သည် သူ့ အဖို့ မကြုံဖူးသော အခွင့်ကောင်း တစ်ခု ဖြစ်သည် ကို မူ စိန်သန်း သိလေသည် ။

၆၇ ကျပ် ကို အမြတ်အစွန်း မထွက် တောင် မဆုံးပါးရ လေအောင် ဘယ်လို အသုံးချ ရပါ့ဟု တွေး နေပြန်၏ ။ အိတ် ထဲ သိမ်း ထား၍ လည်း မဖြစ် ။ မိမိ နှင့် မော်တော်ကား ပေါ် အတူ တူ အိပ်ရသည့် ကားမောင်းသမား နှင့် ဟန်တင့် အိမ် က ရေထမ်းသမား တစ်ယောက် ယောက် က ခိုးမည် ။ ဟန်တင် က တွေ့သွား လျှင် လည်း ပိုက်ဆံ သိမ်း ၍ ရငွေ ထဲ က ခိုးသည် ဟု စွပ်စွဲ မည် ။ ဟန်တင် မှာ ဒါမျိုးတွေ က အများသား ။ ဝှက်စရာ နေရာ လည်း မရှိ ၊ အပ်ထားစရာ ယုံ သူ လည်း မရှိ ။

ဟိုဟိုသည်သည် ကြည့် ပြန်တော့ ကားဦး ၌ ရွှေတိဂုံဘုရားစောင်းတန်း မှ ဝယ်သည့် ရွှေခြည်ငွေခြည်မှုန်များ ကပ်ထားကာ မည်း နေသော မဟာမြတ်မုနိ ပုံတော် ရှိသည် ။ ထို အောက် က ဝါညို သော စံပယ်နွမ်း ပန်းကုံး နှစ်ကုံး က တွဲလွဲ ဆိုင်းသည် ။ ကောင်းရာ ညွှန်ပြ မည့် နီတိ နှင့် တူသည့် အရာ ဟူ၍ ကားပေါင် မှာ ကော် နှင့် ကပ် ထားသော “ ခံ သင့် လျှင် ခံ ၊ နှံ သင့် လျှင် နှံ ၊ သူ့ အကြံ ကိုယ် က ဦးပါစေ ” “ ဗျို့ ဆရာ ၊ ဒါမျိုးတော့ နောနေပြီ ” တစ်မတ်တန် ဆုံးမစာ ကားချပ် နှစ်ချပ် ရှိပါ၏ ။ သို့သော် ဘယ်ဟာ က မှ ၆၇ ကျပ် အကျိုး ရှိအောင် သုံး နည်း ကို မသင်ပြကြပါ တကား ။

•••••   •••••   •••••

ဟန်တင် တို့ အိမ် လမ်းကျဉ်းကလေး သည် မှောင်နှင့် မည်းမည်း ရှိလေသည် ။ လ ဘယ်မှာလဲ ၊ ကြယ် က တော့ လေးငါး,ဆယ်ပွင့် ၊ အိမ် ခေါင်းရင်း က ဝါးရုံခက်ကလေး မှာ တညွတ်ညွတ် ၊ လေ က အေးသည် ။ လမ်းမ မှာ မို့ ပို၍ အေးသည် ။

စိန်သန်း သည် ကား ခေါင်မိုး ပေါ် မှာ ပက်လက် လှန် လှဲရင်း ကောင်းကင် လား အမှောင်ပိန်း လား မသိသော အရာ ကို ငေးလျက် ရှိလေသည် ။ မိုးသားတွေ ကြောင့် မှောင်တာလေလား ဟု တွေးရင်း က လက် သည် ရှပ်အင်္ကျီအိတ် ကို စမ်း ၍ နေ ပြန်လေသည် ။

ထို့နောက် ကား တစ်နေ့လုံး မေးမြဲ မေးခွန်း ။

သူ သည် စိတ်ညစ် လာပြီး ပိုင်ရှင် ပြန်လာပါစေ ဟု ပင် ဆုတောင်း နေမိတော့ လေ၏ ။ သို့သော် ပိုင်ရှင် မလာ ၊ ကားမောင်းသမား က အနား လာ ပြီး လှဲ၏ ။ ထို့ကြောင့် စိတ် ပူရ ပြန် ၏ ။ ည အိပ်တုန်း နှိုက်ယူ ထားမည် ကို စိုးရသည် ။ ဆင်းရဲတဲ့ လောက မှာ ရိုးသားသူ မရှိနိုင်ပါ ကလားကွယ် ဟု ညည်း မိ သေး၏ ။ စိန်သန်း သည် ကားမောင်းသမား ကို ခိုးကြောင်ခိုးဝှက် လိုလို မလုံမလဲ လိုလို ကြည့်ပြီး အင်္ကျီ ရင်ဘတ် ကို တင်းတင်း ဆုပ် လိုက်ပြန်လေသည် ။

“ ဟေ့ ရည်းစား ပုံ လား ” ဟု ကားမောင်းသမား က ပြောင်သည် ။ ဟောဗျ  အိတ်ထဲ တစ်ခု ခု ရှိမှန်း သူ သိသွားပြီ ။ ဖွင့် ပြောလိုက်ပြီး တစ်ဝက်စီ ဝေ ယူရ အေးမလား ။

ထို ခဏ မှာ ည အမှောင် နှင့် အတူတကွ ဖြစ်ပေါ်လာလေ့ ရှိသော ဟန်တင် ၏ အရက် မူးခြင်း ကို တွေ့ ရ ပြန်၏ ။ အာလေးလေးပင်ပင် နှင့် ဟန်တင် က မယား ကို သြဝါဒများ ပေးသံ ကြား ရသည် ။

“ နင်တို့ မိန်းမတွေ ဘာ နားလည်လဲ ”

တစ်ချက် ဆဲ လိုက်၏ ။

“ ငါ ပြောပြမယ် ၊ စကား ပြောရာမှာ ပါဠိတို့ အနက်တို့ ဆိုတာ ရှိတယ် ဘာသိသလဲ ”

ဆဲပြန်၏ ။

“ ဥပမာ မီးအိမ် လို့ ပြောလိုက်ရင် အဲဒါက ပါဠိ ၊ အိမ် ဆိုသည် မှာ မီးစာ နှင့် မှန်ပြောင်း နှင့် ဘာညာ ဆိုတာ က ... အနက် ”

စိန်သန်း သည် ညစဉ် ကြားရမြဲ ဖြစ်၍ ရိုး နေလျက် က ယနေ့ည အဖို့ စိတ် မညစ်စဖူး ညစ်ကာ ကား ခေါင်မိုး ပေါ် က ဆင်း လာ၏ ။ ကားမောင်းသမား က “ ဘယ်လဲ ” မေးသည် ကို ပင် မဖြေခဲ့ ။ သူ သည် ဘယ် သွားရမှန်း မသိဘဲ မီးလင်း သော ဟန်တင့် အိမ် ရှေ့ ကို ကျော်ဖြတ် လျှင် ပင်

“ ဘယ်လိုလဲကွ စိန်သန်း ”

သူ သည် ဟန်တင် ရှိရာသို့ လာရပြန် လေ၏ ။

“ ဘယ် သွားမလို့လဲ ”

ခါတိုင်း ဆို လျှင် ခပ်ရွံ့ရွှံ့ နေသော်လည်း ယခု စိတ် တက်ကြွကာ ...

“ ကျွန်တော် စဉ်းစားနေတယ် အစ်ကို ” ဟု မဆီမဆိုင် ပြော လိုက် မိလေသည် ။

“ ဆိုစမ်း ငါ အကြံ ပေးမယ် ”

သူ က ခပ်အေးအေး ပင်

“ ခုနေ ငွေ ငါးဆယ် လောက် ရှိတယ် ဆိုပါတော့ ၊ အဲဒါ ဘာ လုပ်ရ ကောင်းမလဲဗျာ ”

ဟန်တင် က မျက်လုံးများ တောက်ပြောင် လာ ကာ

“ ငွေ ငါးဆယ် ဟုတ်လား ... ငါ့ မှာ သာ ရှိရင်လား ... ဂျော်နီဝါကား တစ်ပုလင်း မော့ မပေါ့ ကွ ... ဒါပေမဲ့ ဟောဒီ ဟာမ က ငါ့ လက် ထဲ ပိုက်ဆံ အပ်တာ မဟုတ်ဘူး ၊ ချက် အရက် နဲ့ ငါ့ မှာ အသက် ဆက် နေရတယ် ”

စိန်သန်း သည် စက်ဆုပ်စွာ ပြုံးရင်း က လှည့်ပြီး ထွက်ခဲ့လေသည် ။ မှောင်မည်းမည်း ၊ လမ်းကျဉ်းကျဉ်း ၊ အလင်း ကို မရောက်နိုင်ပါ ကလားကွယ် ။ လ ဝေး ၍ ကြယ်ပင် မပြတ် အတိတ် ကို စိတ် ရောက် သွားပြန်၏ ။ စိတ် ကျေနဖွယ် မရှိ ။ သည် အထိ အခု ပစ္စုပ္ပန် ကော ဘာများ ကျေနပ်စရာ ရှိလဲ ၊ လက် ထဲ မှာ ငွေ ၆၇ ကျပ် ရှိလို့ မှ စိတ်အေးချမ်းသာ ရာ မရ ၊ သူ သည် စိတ် လေ၍ လာလေသည် ။ တောက် ဒီ ငွေ တွေ လွှ င့်ပစ်ပြန် ရော့ ..

သို့သော် မြဲမြဲ ဆုပ် ထားသည် ။ တဖြည်းဖြည်း လျှောက် လာပြီး လမ်းထိပ် ကွမ်းယာဆိုင် နှင့် ကြံဆိုင် သို့ ရောက်လာ၏ ။ သူ သည် ကွမ်းယာဆိုင် ထိုင်သည့် မိန်းမ မျက်နှာ ကို ငေးစိုက်ပြီး နေမိ လေသည် ။

“ မောင်စိန်သန်း ဝယ်ပါဦး ” ဟု သူမ က ခေါ်၏ ။

သူ က ခေါင်းခါ ပြလိုက် သော်လည်း ဆေးပေါ့လိပ် တစ်လိပ် ဝယ် ကာ မီးညှိ ပြီး သောက်သည် ။ သူ သည် ခပ်ဆိုင်းဆိုင်း ခပ်ဆိုင်းဆိုင်း လုပ်နေ ပြီး မှ

“ ဒီမှာ ခင်ဗျား ဆိုင်မျိုး တည်ချင် ရင် ငွေ ဘယ်လောက် လိုသလဲဗျ ” မိန်းမ က ခပ်ကြွားကြွား မျက်နှာ ကို မော့ ပြီး ...

“ အို ငွေတစ်ရာ့ငါးဆယ် လောက် ဆို လောက်ကောင်းပါ ရဲ့ ”

သူ က မျက်လုံး ကို ပြူး လိုက်ပြီး

“ အို ”

“ ဒါက အစုံအစေ့ ရှိ ချင် ရင် ပြောတာပါ ၊ စီးကရက်ဘူး တို့ ချိုချဉ်ထုပ် တို့ ၊ သကြားလုံး တို့ ပါ ထည့် ရ င်လေ ” ဟု သူမ က အရှိန် ပြန်၍ သတ်သည် ။ ဗြုန်းခနဲ လမ်း မှာ အော်ရောင်း သော လွယ်အိတ်သည် ပလေကပ်လုံချည်သည် တို့ ကို သတိရ သွား၏ ။ ဘာ လုပ်ရပါ့မလဲ သွား မေး ချင်တယ် ။ ညကြီး မင်းကြီး လေ ... သူ သည် စိတ် ကို နည်းနည်း အေးအောင် ကြိုးစား လိုက်လေသည် ။

  •••••   •••••   •••••

စိန်သန်း သည် ဆက် လျှောက်မှန်း မသိ လျှောက် လာရင်းပင် သူ နှင့် ကျွမ်းဝင်သော ဝါးထရံအိမ်ကလေး ရှေ့ သို့ ရောက်လာ ၊ ရပ်မိလျက်သား ဖြစ် ၍ နေပေ၏ ။

အိမ့်ရှင် မှာ ကားသမားတို့ စကားဝိုင်း ၌ နာမည် ကျော်ကြား သော “ အကျင် ” ဖြစ်လေသည် ။

အကျင့် ကို နှစ်နှစ် ကျော် ကျော် လောက် က စပြီး သိသည် ။ ဟန်တင် ကိုယ်တိုင် က မိတ်ဆက် ပေး၏ ။ အကျင် မှာ အင်မတန် ပိန်ပြီး အင်္ကျီ ကျပ်ကျပ် အထက် တက်တက် ဝတ် တတ်၏ ။ အင်္ကျီများ မှာ အမြဲတမ်း အဝါ ၊ အနီ ၊ အပြာ ၊ အစိမ်း တစ်ခု ခု နှင့် ညစ်ထပ်ထပ် ရောနှော မွှေနှောက် ထားသည့် ပွင့်ရိုက် ရှန် ဖြစ်တတ်သည် ။ ထဘီ ကို ဖိုသီဖတ်သီ ဝတ်လေ့ ရှိသည် ။ ဆံပင် ကို မူ ကျကျနန ဖြီး ကာ အမောက် နှင့် ဘာ နှင့် ခပ်လှလှ ပင် ... သူမ အသား ရောင် နှင့် ဘယ်လို မှ မလိုက်သော အပြာ ပါသော အနီရောင် နှုတ်ခမ်းဆိုးဆေး ကို ထူထူ ဆိုးတတ်သည် ။

စိန်သန်း သည် စ တွေ့ တွေ့ ကတည်း က ပင် အကျင့် အား မစွဲမက်ချေ ။ သို့သော် ထိုစဉ် က မူ မငြင်းဆန် နိုင်အောင် ပင် အလိုရမ္မက် ပြင်းပြ နေခဲ့လေသည် ။ အကျင့် ရုပ်ရည် နှင့် ပတ်သက်၍ ပြောရ လျှင် လည်း သူ သည် လှပခြင်း ကို လိုချင်၍ သွားတာ မဟုတ် ။

မှတ်မိသည် ။ အဲဒီတုန်း က သူ သည် ၁၇ နှစ် ပင် မပြည့်သေး ပေ ၊ သူ ဖတ်ဖူးသည့် ဝတ္ထုစာအုပ်များ က သင်ပြချက် သာ သူ့ မှာ ရှိလေသည် ။ ပြီးဘော့ ဟန်တင် လူရမ်းကား ဟန်တင် သာ သူ့ ဆရာ စိန်သန်း သည် အကျင် ကို မိန်းမကောင်း တစ်ယောက် ကို လေးစား သလောက် ပင် လေးစား လေသည် ။

သူ သည် တံခါး မခေါက်သေး ဘဲ အိမ် နံဘေး က မုန့်ဆိုင် မှ ကြက်ဥမုန့် နှစ်ခု ဝယ်၏ ။ ဆီးပြား တစ်ထုပ် ဝယ်၏ ။ မြင်းဖြူ စီးကရက် တစ်ဘူး လည်း ဝယ်သည် ။ အကျင် သည် စီးကရက် ကို ထမင်း ထက် စွဲသည် ဟု ပြောပြလေ့ ရှိ၏ ။

သူ ပြန်လာသည့် အခါမူ အကျင် သည် တံခါး ကို ဖွင့် ကာ ရပ် ကြည့်လျက် ရှိလေ သည် ။ ပြီးတော့ မချိုမချဉ် ပြုံး ၏ ။ စိန်သန်း သည် အနေရ ကျပ် သွား သော်လည်း ဟန် လုပ် ကာ တည်တည် ပြုံး ၍ အိမ် ထဲ ဝင်သည် ။ အကျင် က စားစရာများ ကို လှမ်း ယူကာ စားပွဲ ပေါ် တင် ပြီး စိန်သန်း ထိုင် နေသည့် ခုံရှည်ကလေး မှာ လာ ပြီး ထိုင်၏ ။

ထို့နောက် ခပ်ထေ့ထေ့ ဝမ်းနည်းသံ နှင့်

“ ဪ ပိုက်ဆံ ရွှင်လာသကိုး ” ဟု ရင်းနှီးစွာ ပြော ရာ စိန်သန်း သည် စိတ် မကောင်း ဖြစ် သွားပြီး ...

“ ပျင်းလို့ လာ လည်တာပါ ခု ပြန်မှာ ” ဟု ပြောပြ လိုက်လေသည် ။

အကျင် မှာ စကား များသူ ငေါ့တတ် ရန် တွေ့တတ် သူ ဖြစ်၍ စကားတွေ အဆက် မပြတ် ပြောလျက် ရှိလေသည် ။ စိန်သန်း က ငေး နေ၏ ။ ရေနံဆီမီးခွက် က မှိုင်းများ တလိပ်လိပ် တက် နေသည် ကို ကြည့်၏ ။ မှိုင်းများ မှာ လှိုင်းရစ်ခွေကြီးများ ဖြစ်ပြီး လှိမ့် လှိမ့်တက် သွားကာ ပုနိမ့်သော ခေါင်းမှာ သွားပြီး စွဲ နေကြလေသည် ။ မှိုင်းတွေ သည် သည် အိမ် ထဲ တွင် ပင် ပတ်ချာလည် ကာ အပြင် ထွက်ခွင့် မရ ။ ထို့နောက် ကျပ်ခိုးများ ကို သွား ကပ်ကာ တဖြည်း ဖြည်း လာစေသည် ။

အကျင် က အိမ် နောက်တွင်း သို့ ဝင် သွားပြီး ပြန် လာလျှင် လက် မှာ ဖန်ခွက် နှင့် အရက် ပုလင်း ပါ လာ၏ ။ နှုတ်ခမ်း က ပြီ ၏ ။ စိန်သန်း သည် အနည်းငယ် အော့ သွားပြီး ဘာမျှ မဖြစ် သလို နေ လိုက်လေသည် ။ စင်စစ် သူ အံ့သြနေတာ မဟုတ် ၊ သိခဲ့ပြီပဲကွယ် ဒီကို လာ လျှင် သည်လို အပြုအမူ နှင့် သည် အမူအရာ ကို ရမယ် ဆိုတာ ။

စိန်သန်း သည် အခြေ မပျက်အောင် ကြိုးစားပြီး

“ ငါ မင်း ဆီ က အကြံ တောင်းစရာ ရှိလို့ လာတာ အရက် သောက် မလို့ မဟုတ်ဘူး ” ဟု ပြော၏ ။

အကျင် က မျက်လုံး တစ်ဖက် ကို မြှင့်ကာ ခေါင်းကလေး ငဲ့ပြီး ပြောင်စပ်စပ် မထီတရီ နှင့် ပင် “ ဆိုစမ်းပါဦး ရှင် ” ဟု မေး လေသည် ။

“ ငါ့ မှာ စု ထားကာ ငွေ ခြောက်ဆယ်ကျော် ရှိတယ် ၊ အဲဒါ အကျိုး ရှိအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မသိဘူး ”

အကျင် က ဘာမှ မပြောသေးဘဲ နေ လိုက်၏ ။ ပြုံး လိုက် လျှင် သူမ သည် ကြည့် ကောင်း သွား၏ ။ ထို့နောက် ဖန်ခွက် သို့ အရက် ငှဲ့ ရင်း

“ အနည်းဆုံး တစ်ဝက် က တော့ ကျွန်မ ပေးခဲ့လေ ”

သူ သည် ဒေါသ ထွက် သွားပြီး

“ ဒီ ငွေ နဲ့ ငါ ကြီးပွားအောင် ကြံ မလို့ကွ ၊ ငါ့ ငွေ မိန်းမရွှင် တစ်ယောက် ဆီ မှာ မဆုံးဘူး ”

စိတ် ထဲ က ပြော လိုက်၏  ။ ရက်စက် သည့် စိတ်များ ထား၍ ရလျှင် ပါးစပ် က ပင် ပြော ထုတ် ချင်၏ ။ သို့သော် အကျင့် ကြည့် ရင်း သနား လာ ပြန်ကာ

“ မနောက်ပါ နဲ့ အကောင်း ပြောနေတာပါ ” တောင်းပန် လိုက်လေသည် ။

အကျင် သည် မကြား သလိုပင် နေ လိုက်ပြီး ဖန်ခွက် ကို သူ့ ပါးစပ် လာ ပြီး တေ့ ပေး ၏ ။ လက် တစ်ဖက် က သူ့ ခေါင်း ကို ကိုင်ကာ မော့ စေ၏ ။ စိန်သန်း သည် မျက်မှောင်ကုတ် ၍ အကျင့် မျက်နှာ ကြည့် ရင်း နောက်ဆုံး အကျင် ၏ လွှမ်းမိုးသော အပြုံး မှာ မူးကာ မော့ချ လိုက်လေသည် ။

တစ်ခွက် ပြီး လျှင် နှစ်ခွက် ၊ သုံး ၊ လေး ၊ ငါးခွက် ...

စိန်သန်း သည် အတော်ပင် မူး နေသည့် အခါတွင် အကျင့် ပခုံး ကို ဖက် ရင်း က မိမိ အင်္ကျီ ရင်ဘတ် ကို ဆုပ် လျက် ရှိသေးသည် ။ ဝေ့လည်လည် ရိပ်တိပ်တိပ် သတိရ သေးသည် မှာ အကျင် က သူ့ ကို မိုး ပြီး ရပ်၏ ။ ကု,လားထိုင် နှင့် မွေ့ရာ ပေါ် တစ်ဝက်စီ ခွဲပြီး လှည့် ရင်း က လှမ်း ပြီး ဖက် နေသည် ။ အကျင် က ပြုံး၏ ။ ရွံတယ် ၊ မုန်းတယ် ၊ ဒါပေမဲ့ သနားတယ် ။ ထို့ပြင် အကျင် က ပြုံး၏ ။ သူ သည် တစ်ချက် နှစ်ချက် ငိုရှိုက် ကာ အိတ် ထဲ က ငွေစက္ကူ သုံးလေးချပ် ကို ထုတ်ကာ ကြမ်းပြင် အခင်း မရှိသည့် မြေ စိုထိုင်းထိုင်း အောက်သိုးသိုး အပေါ် ကြဲလွှတ် ပစ် လိုက်လေသည် ။

သူ သည် အရက် ထပ် တောင်းသေး၏ ။ အကျင် က သူ့ ကို ရယ်မော ကာ အိမ် ရှေ့ တံခါးကို သွားပြီး ပိတ် လေသည် ။ သူ က အကျင့် ကို သာ စောင့်၏ ။ ဘာကြောင့်လဲ မသိ ၊ သူ့ တစ်ကိုယ်လုံး သည် ပူလောင်ကာ နေပြီ ။ အကြမ်းဆုံး ၊ အဆိုးဆုံး ၊ အမိုက်ဆုံး ကို တောင့်တ၏ ။ ငွေ ကို သတိရ သေးပြီး စိတ် ညစ်ကာ ထပ်ပြီး ကို ရမ်းကား လိုက်ချင်၏ ။ လက် ကို စိတ်က နိုင် လျှင် ငွေတွေ ကို ဆုတ်ပစ် လိုက်ချင်၏ ။

အကျင် သည် ရေနံဆီ မီးခွက်ကလေး ကို မှုတ် လိုက်ကာ သူ့ ဆီ လာ၏ ။ သူ သည် အကျင့် ကို မှောင် ထဲ ၌ ဖမ်း ၍ တွေ့ လေပြီ ။

◾ကြည်အေး

📖 တာရာ မဂ္ဂဇင်း
      အတွဲ ၂ ၊ အမှတ် ၈

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment