Wednesday, September 11, 2024

မြစ်တစ်စင်း ရဲ့ နှလုံးသား


 

❝ မြစ်တစ်စင်း ရဲ့ နှလုံးသား ❞ 

အချစ် ဆိုတာ အချိန် နဲ့ ဆိုင်ပါသလား ။ ရုပ်ဝတ္တုတွေ ကကော ဘာကြောင့်များ သူတချို့ ကို ပြဋ္ဌာန်းခွင့် ရနေပါလိမ့် ။ မေတ္တာ တို့ ၊ သစ္စာ တို့ ဆိုတာတွေကကော ...

“ အဲ့ ... အဲ့ .. ”

နံဘေး က ဖအေ့ ရင်ခွင် ထဲမှ ကလေးငယ် ၏ ငိုသံက စိတ် ကို ဇက်တုံ့လိုက် သကဲ့သို့ ရှိသည် ။ ကလေး ကို ငေး ကြည့်နေရင်း မိခင်စိတ် ကြောင့် ထင့် ။

“ ဆာရှာလို့ ထင်တယ် .... သူ ဘယ်နှစ်လ ရှိပြီလဲ ”

“ ခုနှစ်လ ထဲ မှာ ”

“ သူ့ အမေ က ကော ”

“ သေပြီ ”

ကလးဖအေ ၏ ပထမ အဖြေ နှင့် ဒုတိယ အဖြေ တို့ ရဲ့ အသံ အပျော့အမာ ကွာခြားမှုကြောင့် မေးမိတာ မှားများ သွားပြီလား ဟု တွေးမိသည် ။ ဆင်ခြင်မှ သတိချပ်ရင်း အကဲခတ် လိုက်တော့ သူ့ မျက်နှာ ညှိုးရိပ်သမ်း နေတာကို သတိထားမိသည် ။ ကျန် ခရီးသည်တွေ ရဲ့ အကြည့်တို့ သည် လည်း သူ့ အပေါ် စုပြုံကျလာသည် ။

ကလေး က အငို မရပ်သေး ။ ဖအေ က မပြုစုတတ် ၊ ပြုစုတတ်မို့ စိတ်မရှည် မှဖြင့် တွေးမိတော့ မနေသာပြန် ။

“ ရေ တိုက်လိုက်ပါလား ၊ ရေဘူး ပါတယ် ”

ခြင်း ထဲ မှ ရေဘူး ထုတ်ပေးနေစဉ် ခရီးသည် တစ်ဦး က

“ ကလေး က နုတော့ ခရီးပန်းရှာမှာပဲ ၊ ဘယ်က လာခဲ့တာလဲ ”

“ ရွှေတော က ပါ ”

ရွှေတော ... ရွှေတော .. ဟိုတုန်းက ‘ သေချင်ရင် ရွှေကျင် သွား ’ လို့ ဒီနယ် တစ်ဝိုက် မှာ ဆိုရိုး တွင်ခဲ့တဲ့ ရွှေတော က တောင် လာခဲ့တာ ဆိုတော့ သင်္ဘော တစ်တန် ၊ ကား တစ်တန် ၊ ခု မြင်းလှည်း တစ်တန် နှင့် အင်း .. ခမျာလေး ပန်းရှာနွမ်းရောပေါ့ ။ မိခင် ရင်ခွင်နဲ့ ဆို တော်သေး ၊ ခုတော့ ...

“ ခရီး က သိပ်ရှည်တော့ မအေ နဲ့ ဆို ကလေး သက်သာ ...”

“ အလကား မိန်းမ ”

အသံ က ကျယ်သည်မို့ မေးမိ သူ လူရွယ် ပင် မင်တက်မိ သွားသည် ။

“ သူ သောက်သုံးမကျလို့ ခုလို သမီးလေး ဒုက္ခ ရောက်ရတာ ”

စုပြုံကျလာပြန်သော မျက်ဝန်းတိုင်း တွင် စကား ဆက်ကို ငံ့လင့် နေကြကြောင်းကတော့ ထင်ရှားသည် ။ မည်သူမျှ တော့ မမေးကြ ။ မြင်းခွာသံ ကသာ မှန်မှန်ထွက် ပေါ်လျက် ။ လှည်း အဆောင့် တွင် ကလေး ရေသီး သွားမှာ စိုးလိုက်မိသေးသည် ။ သူ က မူ

“ အေး ... အေး ... ရောက်တော့မယ် ... ရောက်တော့ ... မယ် ... သမီးရေ ... တိတ် ... တောက် ... မိန်းမယုတ် ... ဒီ သမီးလေး တောင် မငဲ့ဘူး ”

လေသံ နှင့် မျက်လုံးအရောင် တို့ က ထို သူ့ ရင်ထဲ ရှိ ဒဏ်ရာ အနာတရ ကို ဖော်ပြနေသည် ဟု အားလုံး က ယုံကြည် နိုင်လောက်သည် ။ ဒါ့ကြောင့်ဖြစ်မည် ။ ဆိတ်ဆိတ် နေခြင်းဖြင့် စကားဆက်ခွင့် ပြုနေကြသည်လေ ။

“ ကျုပ် ကတော့ တွင်းနက်တွေ ထဲ ဆင်း လိုဏ်တွေ ထဲ ဝင် နဲ့ မြေဆင်း တူးရတယ် ။ ရွှေ ပေါတဲ့ မြေပေါ့  ၊ သူ ကတော့ ... ကျုပ် ကွယ်ရာမှာ ... ဟို ... တွင်းပိုင် ဆိုတဲ့
အကောင်နဲ့ ... ”

အားလုံး မျှော်လင့်ထားပြီး အဖြေ ပင် ဖြစ်မည် ။ ထို အဖြေ သည် အခြားသူ တို့ကို ကူးစက်မစက် တော့ဖြင့် မသိ ။ ဪ ... ဝေဒနာ ဆိုတာကလည်း ဓာတ်ခံ တူသူ မှ ကူးစက် လွယ်တာကလား ။ မြင်းလှည်း အပြင် သို့ လှမ်းငေးမိသည် ။ နေရောင် သည် ပို၍ တောက်လွန်း နေသည် ဟု ထင်သည် ။ ထို နေရောင် ထဲ တွင် တွေ့ရသည် က သစ်နေဆဲ ပုံရိပ်ဟောင်းများ ။

•••••   •••••   •••••

“ ရှင် ... ရှင် ... တော်တော် သစ္စာမဲ့ပါလား...ဟင် ”

ဖိတ်ဖိတ်တောက် မျက်လုံး တို့ သည် သူ့ကို ကျွမ်း လောင်သွားစေချင်သည် ။ အထုအရိုက် အကုတ်အခြစ် တို့ သည်လည်း သူ့ ကို ကြွေမွသွားစေချင်သည် ။ နောက်ဆုံး မျက်ရည်တို့ သည်လည်း သူ့ ကို ....

ဒါပေမဲ့ သူ က မတုန်လှုပ် ၊ ဟန်မပျက် ၊ သူ ရရှိပိုင် ဆိုင်စ ၊ အာရုံသစ် သည် ထိုလက်နက်တို့  မထိမခ အောင် ခြုံရုံ ပေးထားနိုင်သည်ထင့် ။

•••••   •••••   •••••

“ ဟဲ့ မြင်း .. ဟာ ဒီကောင် ဘာလုပ်တာလဲ ၊ နာတော့မှာပဲ ”

မြင်းလှည်းဆရာ ၏ ငေါက်သံကြောင့် စိတ်သည် ပစ္စက္ခ သို့ ဖျတ်ခနဲ ပြန် ကပ်လာသည် ။

“ ဒီလိုပါပဲကွာ သီချင်းတောင် ရှိသေး ... ဣတ္ထိယ ခေါ် မိန်းမ တို့သည် လှေ နဲ့ မြင်း လို မယွင်းတူညီ ၊ ပဲ့ကိုင်ရာ စီးရာ နောက်သာ ... ကောက်ကောက်ပါတတ်သည် ... တဲ့ ”

လမ်းကွေ့ တစ်ခု ကို မြင်း အား ကျွမ်းကျင်စွာ ကွေ့ စေ ရင်း မြင်းလှည်းဆရာ စကားစသည် ။ ဆိုရိုးဟောင်း တစ်ခု ၏ သစ်ခွင့်ကြုံရာကာလပေပဲ ဟု တွေးဖြစ်သည် ။ မိန်းမ ဆိုတာ တကယ်ပဲ လှေ လို မြင်း လို ပဲလား ၊ အသိဉာဏ် ၏ အခန်း ကို ထည့် မတွက်တော့ဘူးလား ။ မိန်းမ က ကော ပဲ့ကိုင်သူ စီးသူ မဖြစ်တော့ပြီလား ။ ရင်ထဲ မှာ စောဒက တို့ဆင့်စီ နေမိသည် ။

“ အရင် က ဒီမှာ မြင်းလှည်း မောင်းတဲ့ မြမောင် ဆိုတာ ရှိတယ် ”

သူ့ စကား ကို စိတ်ဝင် စားမှု ရှိ မရှိ မြင်းလှည်းဆရာ က တစ်ချက် အကဲခတ်သည် ။ စကား ဦးတည်ရာ ‘ သမီးသည် ဖအေ ’ က ကလေး ကို ပြင် ပိုက်ရင်း နားစွင့် နေဟန် တွေ့ရ တော့မှ ..

“ အဲဒီကောင် ... ဟောဟို ရွာက ကောင်မလေး တစ်ယောက် နဲ့ အကြောင်းပါလာကြတယ် ”

လမ်းမကြီး နှင့် ခပ်လှမ်းလှမ်း ၊ အတွင်းကျကျ ရှိ ရွာ ကို ကျာပွတ် ဖြင့် ညွှန်ပြရင်း မြင်းလှည်းဆရာ စကား ဆက်နေ သည် ။ အရှိန်လျော့ သွားသော မြင်း ကို ကြည့်ရင်း “ စကား သာ များနေ ၊ မြင်း တော့ ဂရုစိုက်မမောင်းဘူး ” ဟု အသံတိတ် ငြိုငြင်လိုက်မိသည် ။

“ ကောင်မလေး က ရုပ်ကလေး က လည်း ချော ၊ အရွယ်ကလေး က လည်း ငယ် ဆိုတော့ အဲဒီ ကောင် စိတ် မချနိုင် ဖြစ်ပြီး မြင်းလှည်း ထွက်ရာ အမြဲ ခေါ်သွားတယ် ။ ညားခါစ တင် မဟုတ်ဘူး ။ နေ့စဉ် လို ခေါ်နေတာ ဆိုတော့ နောက်စရာ ပြောင်စရာ ကို ဖြစ်လို့ ”

နောက်ဆုံး ဒီ ဘူတာ ပင် ဆိုက်မည် ကို ရိပ်မိကာ အာရုံ လွှဲဖို့ ခရီးဖော်တွေ ကို လိုက်ကြည့်နေလိုက်သည် ။ ဘုန်းကြီး နှင့် လူကြီး တစ်ယောက် က မြင်းလှည်းဆရာ နှင့် ယှဉ်လျက် မို့ ကျောခိုင်း ထားသည် ။ လှည်းမိုး အောက်မှာ တော့ နံဘေး တွင် ဟိုသားအဖ ။ မျက်နှာချင်းဆိုင် တွင် ကား မတိမ်းမယိမ်း လူရွယ် သုံးဦး ။

“ ဘယ်သူ ဘယ်လောက် လှောင်လှောင် မြမောင် က တော့ မယားလေး သိပ်ငယ်တာ ရတာကြောင့် စိတ်ဘယ် မှာ ချနိုင်ပါ့မလဲဗျာ ။ ဟဲ .. ဟဲ ဆိုပြီး မင်းသား လေ နဲ့ တောင် ပြန် နောက် လိုက်သေး ”

“ အဲလို ခေါ်နေတော့ စိတ်ချရရောလား ”

“ ဟာ ... ဘာကြာလဲ ။ ခုန ကားဂိတ် မှာ ဈေးရောင်း တဲ့ ကောင် တစ်ကောင် နဲ့ လိုက်ပြေး ပါရောလား ... ဟား ... ဟား ... ဟား ”

တောက် ... ဒါလောက် အပြောင်းအလဲ မြန်ရလား ဟု စိတ် ထဲ က ထို မိန်းမ ကို ကျိန်ဆဲလိုက်မိသည် ။ မြင်းလှည်းဆရာ က ပိုပိုသာသာ ပြောတတ်တာ နေမှာပေါ့လေ ။

အင်း ... ခက်တော့ခက်သား ဟိုကောင်မ လို မျိုးကျ ၊ အာရုံ တွင် ပူပူနွေးနွေး ဖတ်ခဲ့ရသော မသန်းညွန့် ၏ စာ ထဲ မှာ အက္ခရာ တို့ ပေါ်လာပြန်သည် ။ ခုတော့ .. သူ့ ဟာမ က လည်း ခြံခုန် ဖူး တဲ့ နွား ပဲ ဟာ ... အစ်ကိုကြီး သာ ခုမှ ဝဋ်လည် တာ ... ဝဋ်လည်တာ ။

“ အင်း ... တာနောယက္ခ အာခံတွင်း မှာ ငုံထားတာ တောင် မရတာ ”

ဖျတ်ခနဲ လှမ်း ကြည့် လိုက်တော့ မှတ်ချက်ချသူ က ဘုန်းတော်ကြီး ပင် ။ လောကီနယ် ၌ အချိန်ကြာကြာ မွေ့ခဲ့ ပြီးမှ စောင့်စည်းခဲ့ဟန် ဣန္ဒြေ ကို သတိထား မိသည် ။ ထို ဘုန်းကြီး ၏ စကား က မြင်းလှည်းဆရာစကား ကို ထောက် ပေး လိုက်သလိုမျိုး ...

“ အစစ်ပေါ့ ဘုရား ၊ အဲဒီ မြင်းလှည်း ပေါ် အမြဲ ခေါ်လာ တာ ကို က သူ့ အဆက်ဟောင်း နဲ့ ပြန် တွေ့အောင် ဖန်ပေး သလို ဖြစ်နေတော့ ဘာ ခံမလဲ ”

“ ဒါနဲ့ ခုနက ဦးကြီး ဆိုတော့ လှေ နဲ့ မြင်း ဟာ စီးသူ နောက် သာ ကောက်ကောက်ပါ ဆို ၊ ခုဘယ်နှယ့် မြင်းလှည်းသမား ဖြစ်ပြီး ”

လူရွယ် တစ်ယောက် ၏ အရွှန်းဖောက် စကား ပင် မဆုံးလိုက် ။

“ အဲဒါပေါ့ မောင်ရာ စီးသူ ဆိုရာ မှာ ခုလို နံဘေးနှစ်ဖက် လှည်းသန် နဲ့ ဘောင် ခတ်ပြီး ဒီ တစ်လမ်းတည်း စုန်ချည် ဆန်ချည် စီးနေတော့ ငြီးငွေ့ စရာကြီးပေါ့ ။ ဟိုကောင် က ဇက်ခွံ့ပြီး ကျောခွ စီးတာဆိုတော့ ဟား ... ဟား ... ဟား ”

မြင်းခွာသံ ကိုပင် ရယ်သံများ က ဖုံးလေသည် ။ မရယ်သူ ဆိုလို့ ကိုယ့် တစ်ဦးတည်း သာ ။ မရယ်ချင်သည့် ပြင် ပေါက်ကရ ထွက်သော မြင်းလှည်းသမား ၏ ပါးစပ် ကိုပင် သူ့ ကျာပွတ် နှင့် ပိတ်ရိုက် ချင်မိသည်လေ ။ အာရုံ ကို ဇွတ်ပြောင်း ဖို့ အပြင် ကို ကြည့်လိုက်တော့ ...

“ ဟော ... ခြေရာတော် ရွာသစ် ကိုတောင် ရောက်ပေါပေါ့လား ”

•••••   •••••   •••••

“ မိန်းမဟူဘိ ၊ ထိုဣတ္ထိတို့ ၊ မရှိမကောင်း ၊ ရှိမကောင်း နှင့် မပေါင်းလည်းခက် ၊ ပေါင်းလည်း ခက်၏ တဲ့ ဒကာရေ ”

“ ဟော မိန်းမတွေ မကောင်းကြောင်း ၊ ဖွဲ့ထားတဲ့ လင်္ကာ ။ ဒုက္ခပါပဲ ၊ ဟို မန်လည်ဆရာတော် ဆိုလား ရေးခဲ့တာ ။ ဘာ လင်္ကာတဲ့ ။ ခဏခဏ ကြားဖူးပါတယ် ဘာတဲ့ ... ”

“ မဃဒေဝလင်္ကာ မှာ ဆိုထားတာ ။ အဲဒီ လင်္ကာ ထဲ မှာ မိန်းမ တွေ လော်လီ ပုံ ဖောက်ပြား ပုံ ပြည့်လို့ ”

ဆံငုတ်တွေ ငွေရောင် နှင့် ဝါကျင့်ကျင့် သင်္ကန်း ကို ဆင်မြန်းထားသော ဘုန်းကြီး သည် ကျင်လည်ခဲ့ဖူးသော ဘဝဟောင်း က ကိုယ်တွေ့ နှင့် စာတွေ့ တို့ ရောကာ မိန်းမ မကောင်းကြောင်း ဋီကာ ဖွင့်တော့မည် ထင့် ။ အဲဒီ လင်္ကာ ထဲ မှာ ယောက်ျားတွေ သစ္စာ မဲ့တဲ့အကြောင်းတွေ ကော မပါ ဘူးလား ။ မပါတော့ဘူးလား ဘုရား ဟု ... အော်မေး လိုက် ချင်သည် ။ ဒါပေမဲ့ ...

“ မိန်းမ ဆိုတာ အကန်း နဲ့ လည်း ယွင်းတာပဲ ။ အဆွံ့ နဲ့ လည်း မှားတာပဲ ။ ကျွန် နဲ့ လည်း ဖောက်ပြားတာပဲ ။ ပဒုမ ပေါင်တိုဇာတ် မှာ မတွေ့ဖူးဘူးလား ”

အဲဒီလို အဖြစ်တွေ ယောက်ျားတွေ မှာ ကော အတောင် နှစ်ဆယ်ဝတ်ကြီး တွေ မှာ ကော ၊ အငြင်းဝါကျ တို့ သည် ရင် ၌ မဆန့်ရင်ကန် ရှိတော့သည် ။ မကြာခင် တိုးထွက်ကုန်မှဖြင့် ။ စကား ကို လမ်းပြောင်းဖို့ အားထုတ်ကြည့်မိသည် ။

“ သမီးလေး အိပ် သွားပြီလား ”

“ ဟုတ်ကဲ့ အစ်မ အိပ်သွားပြီ ”

“ ဪ ... မြင်းလှည်း ပေါ်မှာ ဒကာမကြီး တစ်ယောက် ပါလာတာကိုး ။ အားတော့နာ ပါရဲ့ စာ ထဲ ရှိတော့လည်း ပြောပြရတာပေါ့ ”

တော်ပါသေးရဲ့ ဟု ချသော ပင့်သက် ကို ပင် မဆုံးလိုက် ။

“ ဆက်ပါဦး ဘုရား ။ ဗဟုသုတ ရတာပေါ့ ဘုရား ”

မြင်းလှည်းဆရာ ကား လမ်းချော် သွားတာ မြင်း ကို သာ လမ်းကြောင်း ပေါ် ပြန်တင်ပေးနိုင်သည် သာ မဟုတ် ၊ တောက် ... ဘာ ဗဟုသုတလဲ ။ အလကား ကိုယ့်လှည်း ကိုယ် ဖြောင့်ဖြောင့် မောင်းတာ မဟုတ်ဘူး ။ အို ... ကိုယ် နဲ့ ဘာ ဆိုင်တာမှတ်လို့ ။ ပြောချင်ရာ ပြောကြ ၊ ငါ လည်း တွေး ချင်ရာ တွေး နေရုံပေါ့ ။

“ ငါးရာ့ငါးဆယ် ထဲ မှာ လည်း မိန်းမ တွေ သစ္စာမဲ့ပုံ တွေ အများကြီး ၊ ဇာတ် တစ်ခုမှာ ဆို စစ်ရှုံး ဘုရင် တစ်ပါး ၊ မိဖုရား နဲ့ ကျွန်ယုံ ကို ခေါ်ပြီး ထွက်ပြေး အလာ ၊ အဲ ... တော ထဲ မှာ ပုန်းအောင်း နေရတုန်း သစ်သီးသစ်ဥ ရှာဖွေ ကျွေး မွေးတဲ့ ကျေးဇူးတောင် မထောက်ဘူး ။ မိဖုရား က ပါ လာတဲ့ ကျွန် နဲ့ ဖောက်ပြန်ပြီး ဘုရင်ကြီး ကို သ,တ်လိုက်ကြတယ် လေ ။ အဲဒါနဲ့ စာရင် ဒကာ အဖြစ်က အများကြီး တော်သေး ”

နံဘေး က ကလေး ဖအေ ရဲ့ သက်ပြင်းချသံ ကို ကြား လိုက်ရသည် ။ ရော၍ သက်ပြင်းချမိရင်း ... လောက မှာ ဘာဖြစ်လို့များ သည်လို မိန်းမတွေ ရှိနေပါလိမ့်နော် ။ ဆိုရိုး စကား ရှိတာပဲလေ ၊ “ ငါးစိမ်း မြင် ငါးကင် ပစ် ” တဲ့ ဒါမျိုးပဲ ဖြစ်မယ် ။

အချိန် အတန်ကြာသည် အထိ ကတ္တရာလမ်း နှင့် မြင်းခွာ ထိတွေ့သံ သာ မင်းမူ နေသည် ။ ဘုန်းကြီး ၏ ဇာတ်လမ်း နောက် သို့ အတွေးကိုယ်စီ မျောပါ သွားကြပြီ ထင်သည် ။

တော်လေးဝ ဝင် တွေ လည်း ရှိသေးတာပဲ ။ ဒါကျတော့ ဘာလို့ မေ့ နေကြလဲ ။ သမ္ဘူလ ဒေဝီ ဆို နူနာသည် လင် ကို တောင် မစွန့်ဘဲ ပေါင်းသင်း ပြုစုသေးတာ ။ အေးလေ အတွေး ၌ ရုတ်ခြည်း ပြန် မြင်ယောင်လာသည် က ပြိုကွဲ သွား သော အိမ်ထောင်ငယ်လေး တစ်ခု ။ အံ့ဩမှု နှင့် ထို အံ့သြမှု ၏ အသွင်ပြောင်း နာကြည်းမှုများ .... ။

•••••   •••••   •••••

“ ရှင် ... ရှင် ... တော်တော် ရက်စက် ... ”

ပေါက်ကွဲတုန်ခါသော ကြမ်းရှသော စကားလုံးများ နောက် ကြိတ်မနိုင်သော ဒေါသ နှင့်ခဲမရသော မျက်ရည် များ ။ အချစ် ဆိုတာ ဘာလဲ ။ ခုလို ပူလောင်မှု ကို ပိုင်ဆိုင်ဖို့ နှစ်ရှည်လများ စုဆောင်းခဲ့ရသော အရာလား ။ သစ္စာ ဆိုတာ က ရော ...

လူကြီးမိဘ တို့ ၏ ပယောဂ မဖက် ကိုယ်ပိုင်ရွေးချယ်မှု သက်သက် ဖြင့် ရာသက်ပန်တိုင်ဖို့ တည်ဖွဲ့ခဲ့သော နှစ်ကိုယ် တစ်ဘဝလေး သည် သား ကိုမျိုး ကျောင်း ပြီး၍ အလုပ်ဝင် သည့် နှစ်မှာပင် အခြေယိုင်ခဲ့ပြီ ။

မင်းမှုထမ်း သား နောက်ကို သွားချည်လာချည် လိုက်ပါရင်း ကင်းကွာ ခဲ့မိတာ ကို က အမှား ဟု စကားတင်း ဆိုကြပေမဲ့ သူ့ ကို ယုံမိတာကိုး ။ ဒီ အချိန် ကျမှဖြင့် ဆိုတဲ့ ကိုယ် နှင့် နှိုင်းစာချက်ဖြင့် ၊ ခုတော့ ကိုယ် နှင့် နှိုင်းပါလျက် ရိုင်း ခဲ့ပြီကော ။

အို .. ဟိုကောင်မ ကို က မိန်းမချင်း မစာနာ ။ လူတင် ပါ လို့ နွား ကျားကိုက် တာပါလေ ။ သူ ကို က ငါ့ အပေါ် သစ္စာ မဲ့တာ ။ ခုတော့ သစ္စာ စူးတာပေါ့ ။ သူ လုပ်ခဲ့ပုံက ငါ ခုလို လိုက်လာဖို့ တောင် မကောင်းဘူး ။ သင်း ထိုက် နဲ့ သင်း ကံ ဆိုပြီး အသိပြဋ္ဌာန်း ရွယ်သို့ တိုင်ခဲ့ပြီပဲလေ ။ စိတ် ကို လျှော့ရသည် ။

ချုပ် လိုက်တော့ ရှေ့မတိုး စေလို သူ ကိုယ် နှင့် ၊ နောက် မဆုတ်နိုင် သူ တို့ တရားမဝင် လမ်းခွဲ ခဲ့ကြသည်မှာ ခုတိုင် ပင် ။ တရားဝင် လမ်းခွဲဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ ။ ဒီ တစ်ကြိမ်တွင် မူ ... ။

•••••   •••••   •••••

လမ်းခွဲ တွင် ကား ပေါ်မှ ဆင်း လိုက်တော့ နေ့ တစ်နာရီ ထိုးနေပြီ ။ အရင် က တော့ ဒီနေရာ မှာ ခရီးသည် နားခိုရာ ဇရပ်လေး တစ်ဆောင် ရှိခဲ့သည် ။ ခုတော့ ရေတွင်းဟောင်းလေး နှင့် ထနောင်းပင်ကြီး သာ ထီးတည်း ။ ကတ္တရာလမ်း ကို ဖြတ်ကာ ထနောင်းရိပ် သို့ ဝင်လိုက် လျှင် မြင်းလှည်း တစ်စီး နှင့် ရောက်နှင့် နေသော ခရီးသည် သုံးဦး ကို တွေ့ ရ သည် ။ လက် မှ ခြင်း ကို ချရင်း မြင်းလှည်း ထွက်မှာလား ဟု စနည်းနာ ကြည့်မိတော့ ...

“ ဘယ်ကိုလဲ မြောင် ကို လား ၊ ထွက် မှာ ၊ လူ နည်း နေသေးလို့ ”

သူတို့ အနီး ထိုင်ချလိုက်စဉ် ‘ မျှော်နေရှာမလား ’ ဟု အတွေး ရောက်ကာ သွားလိုစိတ်က စော နေပြန်သည် ။ ကြာမှာလား ... ၊ ဟူး ... တစ်ယောက် တည်း စီးလုံးငှား သွား ရကောင်းနိုး ၊ အခြား သူများနှင့် စပ်တူ ငှားရကောင်းနိုး ၊ အာရုံယောက်ယက်ခတ်ရပြန်၏ ။
.
“ ဘယ်နှစ်ယောက် ရှိမှ ထွက်မှာတဲ့လဲ ”

“ ခုနစ်ယောက် လောက်တဲ့ ။ ခုမှ ကျုပ်တို့ လေးယောက် တည်း ရှိသေး ”

ထိုစဉ် မန္တလေး ဘက် မှ လာသော ကား နှစ်စင်း ရှေ့ နောက် ဆက်ကာ ဆိုက်လာသည် ။ ခရီးသည် တချို့ ဆင်း လာသည်ကို တွေ့ရ၍ မြင်းလှည်းစီးများ ဖြစ်ပါစေ ဟု ဆင့်ကာ ဆုတောင်းနေမိသည် ။ ဝမ်းသာရသည် ။ ထိုသူ များ ထဲ မှ သက်ရင့်ရွယ်အို ဘုန်းတော်ကြီး တစ်ပါး နှင့် လူ တစ်ဦး က မြောင် သို့ သွားမည့်သူများ ဟု သိရသောကြောင့် ပင် ။ ရောက်မဆိုက် ပင် တစ်ယောက် က ...

“ မြင်းလှည်း ထွက်မှာလား ၊ ဗျို့ မြင်းလှည်းဆရာ မထွက်သေးဘူးလား ”

လမ်းတစ်ဖက် ကွမ်းယာဆိုင် နား မှာ စကားဖောင် နေသော မြင်းလှည်းဆရာ ကို လှမ်း မေးလိုက်တော့ ...

“ လူ ပြည့်ရင် ထွက်မယ်လေ ၊ ဘယ်နှစ်ယောက် ရှိပြီလဲ ”

“ ခြောက်ယောက် တောင် ရှိနေပြီ ။ ထွက်ပါတော့ ရှင် ၊ အရေးကြီးလို့ပါ ”

ကောက်ကာငင်ကာ ဝင်ရောက် ဖြေရင်း တောင်းဆို လိုက်မိသည် ။ စောသည့် စိတ်၏ တွန်းအားကြောင့် ထင့် ။

ဒါပေမဲ့ ...

“ မကြာပါဘူး ၊ တစ်အောင့် ဆို လူ ပြည့်တာ ။ ဟော ... မုံရွာ ဘက်က ကားတစ်စီး တောင် လာ နေပြီ ”

လူအပြည့် နှင့် တရိပ်ရိပ် မောင်းနှင် လာသော အမြန်ယာဉ်လေး တစ်စီး ၊ ဆင်းမည့် သူ ပါလျှင် ဒီမှာ ရပ်မည် ။ မပါ လျှင် တော့ အရှိန်ကို မသတ်ပုံ ထောက်တော့ ဆင်းမည့်သူ ပါဟန် မတူ ။

“ ကဲ ... ဆင်းသူ မပါလောက်ပါဘူး ။ မြင်းလှည်း ထွက်ပါတော့ ”

နှုတ်ဖြင့် နှစ်ကြိမ်မြောက် တောင်းဆို မိပြန်သည် ။ စိတ်ဖြင့် မူ မရေတွက်နိုင်တော့ ။ ဒီ တစ်ကြိမ်မူ အခြား ခရီးသည် တွေရဲ့ အသံ က ပါ ညံလာသည် မို့ မြင်းလှည်းဆရာ မနေသာတော့ ထင့် ။

“ ကဲ တက်ကြ တက်ကြ ”

ဦးဆုံးပင် လှည်းပေါ် တက်လိုက်သည် ။ အားလုံး လှည်းပေါ် ရောက်ပြီးချိန် တွင် ...

“ မြင်းလှည်း ထွက်တော့မှာလား ၊ လိုက်လို့ ရသေးလား ”

အရေးထဲ စိတ်မရှည်စွာ လှမ်း ကြည့်လိုက်တော့ လူ တစ်ယောက် လမ်းဖြတ် ကူးလာနေသည်ကို တွေ့ရသည် ။ ရင်ခွင် မှာ လည်း ပုဆိုးတစ်ထည် ကို သိုင်းခြုံကာ တစ်စုံတစ်ခု ကို ပိုက်ပွေ့ထားသည် ။ မြင်းလှည်းဆရာ က ...

“ လိုက်မှာလား ၊ လာ .. လာ .. လာ ... ဆန့်တယ် ”

မြင်းလှည်း နား သို့ ချဉ်းကပ် မိလျှင် ထိုသူ က ပိုက် ထားသော အရာ ကို ကမ်းသည် ။

“ တစ်ဆိတ်ဗျာ ၊ ကလေး ကို ခေါ်လိုက်စမ်းပါ ”

ထင်သည့် အတိုင်းပင် လသားအရွယ် ကလေးငယ် လေး ။ လှမ်းပွေ့ ယူ လိုက်ကာ နေရာ ရွှေ့ ပေးလိုက်သည် ။ ထို သားသည် ဖအေလေး လှည်း ပေါ် ရောက်သည်နှင့် မြင်း က စ ထွက်တော့သည် ။

“ တောက် တောက် .. ဟဲ့ မြင်း ”

•••••   •••••   •••••

မြင်းလှည်း မထွက်မီ က ပင် စိတ် က ပြေးထွက် နှင့်ပြီ ။ သူ ဘယ်လို နေလို့ ဘယ်လိုများ စား ပါလိမ့် စတဲ့ အတွေး ပူတို့သည် စိတ် ၏ ပြေးလမ်းကြောင်းများ အဖြစ် ထင်လာ တော့သည် ။ မသန်းညွန့် စာ ထဲ မှ ဝါကျတို့ သည် လည်း ဟို တစ်ပိုဒ် ၊ သည် တစ်ပိုဒ် ။

“ မမ မရှိတော့ ကတည်း က ကျွန်မ လည်း အဝင်အထွက် ကျဲခဲ့တယ် ။ ဟိုကောင်မ ကို လည်း မကြည့်ချင် ၊ အစ်ကိုကြီး ကို လည်း ... ”

ဟုတ်မှာပဲ ။ စာနာစိတ် ရှိသူတိုင်း က အဲလို ပြောခဲ့ သည်ပင် ။ ဒါပေမဲ့ မသန်းညွန့် က သူ နဲ့ စပ်မှ တော်ရမယ့် ယောက်မ ။ သူ့နှမ အရင်း က ပင် ကိုယ့် ဘက် က ရပ်ခဲ့သည် ။ ဒါကလည်း ရှုံးနိမ့်သူ ကို အားပေးတတ်တဲ့ လူ့ ဗီဇ ထင်ပါရဲ့ ။

ခုတော့ သူ့ ဟာမ က ပစ်သွားပြီလေ ။ ပစ် မှာပေါ့ စည်းစိမ်က လည်း ကုန် ၊ လူ က လည်း ဒုက္ခိတ ဆိုတော့ ...

•••••   •••••   •••••

အတိတ်ပြန် စိတ် ကို ဆတ်ခနဲ တုံ့ဆွဲခံရပြန်သည် ။ ဒီတစ်ခါ တော့ မြင်းလှည်းဆရာ နှင့် ယှဉ် ထိုင်လာသော လူကြီးမင်း ထံ မှ ပင် ။ လာပြန်ပြီ တစ်ယောက် ဟု စိတ်ထဲ က ညည်းညူလိုက် မိသည် ။ ထို လူကြီး က လည်ပြန် တစ်ချက် ကြည့်ကာ ပါးစပ် ထဲ မှ ကွမ်းဖတ်တွေ ကို ထွေးထုတ် လိုက် ပြီး ...

“ ကျုပ် က အောက်ပြည် က လာခဲ့တာပါ ။ ဟို ရေငန် ပိုင်း ပင်လယ်ဆီ က ဆိုပါတော့ ”

အဲ ... ဂျိုင်းခနဲ မြင်းလှည်း အဆောင့်လိုက် စကားပြတ် သွားသည် ။ သို့သော် မကြာလိုက် ...

“ အဲဒီမှာ တံငါ ဆိုပါတော့ဗျာ ။ ငါးရှာ ၊ ဖားရှာ အသက်မွေးရတယ် ။ ကျုပ် တွေ့ဖူးတာက ကဏန်းတွေ ရဲ့ ဘဝပဲ ။ ကဏန်း ဆိုလို့ ဒီအညာ က လယ်ပုစွန်လုံး လို မထင် လိုက်နဲ့ ။ ဟိုက အကြီးကြီးတွေ ”

“ သူတို့ က တွင်း အောင်းတယ် ။ များသော အားဖြင့် တွင်း တစ်တွင်း မှာ ကဏန်းဖို ကဏန်းမ စုံတွဲ နေကြတာ များတယ် ။ ကဏန်း ဆိုတာ အရေခွံ လဲတဲ့ သတ္တဝါမျိုးဗျ ။ အဲ ... အရေလဲချိန် ဆို ပျော့အိ နေတာ ။ မပြေးနိုင် ၊ မလှုပ်နိုင် ပေါ့ ။ အဲလို အချိန် ကဏန်း နှိုက်လို့ ကဏန်းမ အရေ လဲချိန် ဆိုရင် တစ်တွင်းတည်း နဲ့ အမ ရော အထီး ပါ နှစ်ကောင်လုံး ရတယ်ဗျ ။ ဘာဖြစ်လို့ လဲ ဆိုတော့ အရေခွံသစ် နဲ့ မလှုပ်ရှားနိုင်တဲ့ ကဏန်းမ ကို ကဏန်းထီး က စောင့်ရှောက် ကာကွယ် ပြီး ပါလာလို့ပဲ ”

သစ္စာ ရှိလိုက်တာ ဟု ရင် က အသိအမှတ် ပြုလိုက်မိ သည် ။ ကြားဖူးသော အောက်ချင်းငှက်တွေ ထက် ပင် ကောင်းချီး ပေးချင်သည် ။

“ အဲဒီ ကဏန်းထီး အရေခွံ လဲချိန် ဆိုရင်တော့ ကဏန်း တစ်ကောင်တည်း ပဲ ရတယ်ဗျို့ ။ ဘာဖြစ်လို့လဲ ၊ ဘာဖြစ် လို့လဲ သိလား ။ ပျော့စိစိ အရေခွံ နဲ့ မခုခံနိုင်တဲ့ ကဏန်းထီး ကို ကဏန်းမ က စားထားနှင့်လို့ ဗျ ”

“ အို ... ကျွတ် ... ကျွတ် ”

နှုတ်မှ စုတ်သပ်သံသည် ထင်သည် ထက် ကျယ် လောင်စွာ ထွက်သွားသည် ။ ရင် သည် လည်း လှပ်ခနဲ ဖြစ် သွားသည် ။ တစ်ယောက် တစ်မျိုး မှတ်ချက် တို့ကို မကြား မိတော့ ။ မြင်း ၏ ခွာသံ တို့သာ နား ပေါ်မှ ဖြတ်ပြေးသွား သည် ဟု ထင်လိုက်မိသည် ။

•••••   •••••   •••••

“ ဘီးခွံစခန်း ဆင်းမယ့်သူ ပါသေးလား ”

အို .. မြို့ ကို တောင် ရောက်နေပါပေါ့လား ။ မသန်းညွန့် အိမ် အရင် သွားရကောင်းမလား ။ ဟို ... အိမ် အရင် ဝင်ရ ကောင်းမလား ။ စိတ် သည် နှလုံး နှစ်ခွ ဖြစ်နေတော့သည် ။ ဘာပဲ ဖြစ်ဖြစ်လေ ကိုယ့် အိမ် ကိုယ် ဝင်တာပဲ ဟု ယတိပြတ် လိုက်မှ ..

“ ဆင်းမယ် ... ဆင်းမယ် ”

ကပျာကသီ ပြော လိုက်ရသည် ။ မြင်းလှည်းခ လေးဆယ်ကျပ် ကို ကမ်းပေး လိုက်ရင်း ဆင်းလိုက်သည် ။ လက်ဆွဲခြင်း ကို ဆွဲကာ နေရာဟောင်း ဆီသို့ ခြေဦးတည် လိုက်စဉ်
ဖျတ်ခနဲ အမှတ်ရ လိုက်သည် ။

“ မမ သာ ခွင့်မလွှတ်ဘဲ ပြန် မလာရင် အစ်ကိုကြီး ဘဝ က တဖြည်းဖြည်း လုံးပါး ပါး ... မတတ်နိုင် ။ ဘယ်သူ မပြု ဟူး .. ”

သို့သော် ဘာကြောင့်ရယ် မသိ ။ ခြေလှမ်း ကို အရှိန် မြှင့် လိုက်သည် ။ မြို့ငယ်တို့ သဘာဝ အတိုင်း လမ်း က လူကျဲပါး လှသည် ။ ဂန္ဓမာလမ်းသွယ်လေး ကို ဖြတ် အပြီး မှာတော့ ......

နေရာဟောင်းလေး ။ ကွဲပြို သွားသော မိသားစုငယ် ၏ သိုက်မြုံဟောင်းလေး ။ အရင် က ရေနံ ဝ,နေသော အိမ်လေး တစ်ဆောင် ။ ခုတော့ ဖုန် တို့ ဖြင့် ဖွေးလျက် ။ ဘာလိုလို နဲ့ ရှစ်နှစ် ရာသီတောင် ချဉ်းလုပါပေါ့လား ။ ဒီ ကာလတွေ အတွင်း မပြောင်းလဲတာ ဆိုလို့ အိမ်ရှေ့ က စက္ကူပန်းရုံလေး ပင် နေပူကျဲကျဲ ၌ ပန်းရောင်ပွင့် တို့ ဆုပ်ခဲဝေဆဲ ။

အိမ်ဝင်း ထဲ သို့ လှမ်းဝင် လိုက်လျှင် ရင် သည် ဒိတ်ခနဲ ခုန်စပြုသည် ။ သူ့ ကို ဘယ်ပုံတွေ့ ရမလဲ ။ အိပ်ရာ ထဲ မှာ များ လဲနေ သလား ... ။

မစင်ညစ်ကြေး အလူးလူး ဖြင့် ...

ဒါမှမဟုတ် ထို ရောဂါ ၏ ခြေရာအတိုင်း ပါးစပ် ၊ ပခုံး ၊ စသည် တို့ ရွဲ့စောင်း နိမ့်လျှောလျက် က ..

မီးစာ မကုန်မီ ဆီခန်းသူ ၏ ဘဝ ဆိုတာ ရင် သည် စိုးစိတ်ကြောင့် ထင့် ၊ အခုန်မြန်လာသည် ။ ခဏ တွေ ကာ ရပ်နေမိသည် ။ အိမ် ထဲ မှ ညည်းသံ သဲ့သဲ့ ကို ကြားလိုက်ရ တော့ ရုတ်ခြည်း ပင် အိမ် ထဲ ကို လှမ်းဝင် လိုက်သည် ။

ဘာပဲဖြစ်ဖြစ် ဒီ အချိန် မှာ ဖြစ်ချင်တာ တစ်ခုတည်း ရှိသည် ။ အဲဒါ က ....

ကဏန်းထီး တစ်ကောင် ရဲ့ ဘဝ လေ ။

⎕ ‌ကံထွန်းသစ်

📖 နဝဒေး မဂ္ဂဇင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment