❝ သင်္ချာမမ ❞
━━━━━━━━━━
ဝင်းစည်သူ
━━━━━━━━━━
မှန်သော စကား ကို ပြောလျှင် လူတိုင်း လူတိုင်း နှစ် သက်တတ်သည်မို့ ပွင့်လင်းစွာပဲ ဖွင့်ဟ ဝန်ခံ ချင်ပါသည် ။
စာခေါ်ခေါ် သင်ပေးသည့် မမ ရှေ့မှောက် သို့ ကျွန်တော် ညဦးပိုင်း လိုလို ရောက်ပါ၏ ။ “ မမ ကို သိပ် ချစ်တာပဲဗျာ ” ဆိုတဲ့ စကား တိုတိုလေး တစ်ခွန်း ကို ပြော ဖြစ်ဖို့ ကြိုးစားတိုင်း တုံ့နှေး ဆွံ့အ နေတတ်သည့် ကျွန်တော့် ပါးစပ် ကို အကြိမ်ကြိမ် ကျိန်ဆဲ မိပေါင်း လည်း များခဲ့ပြီ ဟု ဆိုနိုင်သည် ။ ဘာလို့များ ကျွန်တော့် မှာ ဒါ လောက်တောင် သတ္တိ ခေါင်းပါး နေရတာလဲ ။ သည် ကမ္ဘာကြီး ထဲ မှာ သတ္တိ ဆိုတဲ့ အရာ ကို ဝယ်လို့ မရဘူးတဲ့လား ။ ကျွန်တော် ဝယ်ချင်သည် ။ ဘယ်လောက် ပေးရ ပေးရ မုန့်မစားဘဲ ၊ ရုပ်ရှင် မကြည့်ဘဲ ၊ တိတ်ခွေ မငှားဘဲ ဝယ် ချင်သည် ။ ချာလီပင် တစ်ထည်စာ ရဖို့ စုဆောင်းထားတဲ့ ခွေးရုပ်စုဘူးကလေး ကို ဖောက်ရ ဖောက်ရပေါ့ ။ နောက်ဆုံး ကျွန်တော့် မှာ ရှိသည့် ငွေ နှင့် မလောက်လျှင် ပင် ဖေဖေ မေမေ တို့ ၏ မီးခံသေတ္တာ ထဲ က ခိုးပြီး ဝယ်ချင်သည် ။
ကျွန်တော်တို့ ပွဲရုံ သို့ တစ်ရက်ခြား မှန်မှန် လာလေ့ ရှိသော ပွဲစားပေါက်စ ကိုတင်အေးကြူ ကတော့ သည်လို ပြောဖူး၏ ။ “ သတ္တိ ဆိုတာ အသက်အရွယ် နဲ့ အတွေ့ အကြုံ ကြီးပြင်း ရင့်ကျက်မှု အပေါ် မူတည်ပြီး ပေါက်ဖွား လာရတာ ” တဲ့ ။ ဒါပေမဲ့ ကျွန်တော် မယုံ ။ လက်သင့် မခံနိုင် ။ ကျွန်တော့် သူငယ်ချင်း အောင်ကိုကိုဝင်း ဆိုလျှင် ကျွန်တော့် ထက် သုံးလ လောက် တောင် မှ ငယ်သေး တာပဲ ။ သည်ကောင့် ကျတော့လည်း ရဲသလား မမေးနဲ့ ။ ရည်းစားစကား ပြောရဲသည် ။ ရည်းစားစာ ပေးရဲသည် ။ လူရှေ့ သူရှေ့ မကလို့ ဈေးချိုတော် အလယ်ပေါက် ထဲမှာပဲ ဖြစ်ဖြစ် သူ မလုပ်ရဲတာ မရှိ ။ ဒါကြောင့် သည်ကောင့် မှာ မြမဉ္ဇူ နှင့် ချိုဝေလှိုင် ဆိုသော ရည်းစား နှစ်ယောက် တောင် မှ တစ်ပြိုင်နက် တည်း စွံလို့ နေသည် ။ ဒါတောင် အထက ( ၈ ) က ငြိမ်းသူဇာ ကို စာလိုက် ပေးဦးမည် တကဲကဲ လုပ်နေသေး၏ ။ သူ့ ကျတော့ လည်း သတ္တိ တွေက ပိုလျှံ နေလိုက်တာ ။ ယိုဖိတ်ပွင့်အန် စီးဆင်းနေ လိုက်တာ ။ ကျွန်တော့် အား ခွဲဝေ မျှတ ပေး၍များ ရစကောင်း ဆိုလျှင် သိပ် ကောင်းမှာပဲ ဟု အခါခါ အလီလီ တောင့်တ ခဲ့မိဖူးသည် ။
ပြီးတော့ ထို အကောင် က လူရေလည် ရှားပါး စာရင်း တွင် သည်လိုမျိုး ဗဟုသုတတွေ နှင့်လည်း ကြွယ်ဝသူ ဖြစ်သေးသည် ။ အရွယ် မတိုင်မီ မသိသင့် သော အိမ်မျိုး ၊ နေရာမျိုးတွေ ကို သူမို့ ကြံကြံဖန်ဖန် သိသည် ။ ဘယ် တည်းခိုခန်း က ဘယ်လို အထာ ရှိတယ် ဆိုတာမျိုးတွေ ကို လည်း အမည်နာမ ၊ တိုက်နံပါတ် ၊ လမ်းနံပါတ် နှင့်တကွ နေရာ အတည်တကျ ပြောတတ်၏ ။ ထို့ပြင် သာမန်လူတွေ မချဉ်းကပ်နိုင်ဘဲ ငွေတုံး ငွေခဲတွေ ကို ဖင်ခု ထိုင်ထားသည့် ဘော်ဇာကြီး တွေမှ သာ ချဉ်းကပ် အဆက်အသွယ် ပြုနိုင်သည် ဟု ဆိုသော အနောက်ပိုင်း စိန်ပန်းရပ် ထဲမှာ စွယ်တော်ပင် တွေ ၊ ဆပ်သွားဖူးပင် တွေ နှင့် အုံ့ဆိုင်း နေသည့် ဘယ်သူ့ အိမ် က ဖြင့် ဘယ်လို ၊ မြောက်ပြင်ကျုံး အနောက်ဘက် မှာ အိမ်ဦး ၌ ကက်ဆက်ခွေ အငှားဆိုင် ဟန်ပြ ဖွင့်ထားသည့် ဘယ်သူ့ အိမ် က ဖြင့် ဘယ်လို ၊ တောင်ပြင် စိန်ကျော်ကွေ့ မှ ဘယ်သို့ ဘယ်ပုံ ဆက် သွား လိုက်လျှင် အုန်းပင်တွေ တန်းစီ ပေါက် နေသည့် ဘယ်သူ့ အိမ် ကဖြင့် ဘယ်လို ၊ အရှေ့ပြင် အောင်တော်မူရပ် ရဲ့ ဘယ်နေရာ လောက် မှာ ပိတောက်ပင်ကြီး နှင့် ဆင်ဝင် ပါ ရှေး တိုက်အိုကြီး ရှိသည့် ဘယ်သူ့ ခြံ ကဖြင့် ဘယ်လို ဆိုတာတွေ ကိုလည်း မြို့ပြင်လေးရပ် နှံ့စပ်အောင် သိနားလည်၏ ။ အတန်း ထဲ ၌ သူ ပြော လေသမျှ အလေဏတော စကားတို့မှာ နားလည်း ရှက် ၊ စာကြည့် မရလောက် အောင် လည်း အနှောင့်အယှက် ဖြစ်လာသောကြောင့် ငေါက်ငမ်းဆူပွက် လွှတ် လျှင်တော့ ကျွန်တော် အပါး မှာ သွားဖြီးကလေး နှင့် ရှောင်ခွာသွား တတ်စမြဲ ။ ဘာပဲဖြစ်ဖြစ် အောင်ကိုကိုဝင်း ၏ သတ္တိ နှင့် ပြင်ပ ဗဟုသုတ ကြွယ်ဝမှုတွေ ကို တော့ ကျွန်တော့် မှာ အသိအမှတ် မပြုချင်၍ မဖြစ်ပေ ။
ကဲ ... ထားပါ ။ ကိုတင်အေးကြူ ပြောသလို သတ္တိ ဆိုတာ အသက်အရွယ် နဲ့ အတွေ့ အကြုံ ရင့်ကျက်မှု အပေါ် တည်မှီပြီး ပေါက်ဖွား လာတယ်ပဲ ထားပါတော့ ။ သည်လိုဆို ကျွန်တော့် အသက် ကို ရှိရင်းစွဲ ထက် ငါးနှစ် လောက် ကြီး ပစ်လိုက်ချင်သည် ။ ဒါဆို ၂၂ နှစ်ခွဲ ဆိုတဲ့ အရွယ်ကောင်း ။ ထိုအခါ မမ ကတော့ သုံးဆယ်ရှစ်ခွဲ မျှ ရှိသွားပေလိမ့်မည် ။ အပျိုကြီး ခပ်ရင့်ရင့် ခပ်ဟိုင်းဟိုင်း ဖြစ်သွားမှာပေါ့ ။ အို ... ဒါလည်း မနိပ်သေးပါဘူး ။ ချစ်သူ တွေ ရဲ့ဘဝ ဆိုတာ ပျိုမျစ်နုနယ် တုန်းမှာပဲ ပျော်စရာ ကောင်းတာ မဟုတ်လား ။ နှမြောတသဖွယ် ကာလများ ကို တော့ အလဟဿ မကုန်စေချင် ။
အချုပ် ကတော့ ကျွန်တော့် မှာ သတ္တိ မရှိတာ က အတော့် ကို ခက်နေသည် ။ ကြက်ကလေး တွေ ၊ ဘဲကလေး တွေ လို မွေးမြူ လို့ ရလျှင် လည်း ကောင်းပေသား ။ ကျွန်တော့် မှာ တစ်နေ့ တစ်နေ့ သည် သတ္တိ ကိစ္စ နဲ့ပဲ ချာချာ လည်၍ ခေါင်းခဲခဲ့ရပေါင်း များလှပြီ ။
မမ က လည်း တုံးတာပါပဲ ။ ကျွန်တော့် အချစ်ကို ဘာကြောင့် အလိုအလျောက် နားမလည်ဘဲ ထုံလွန်း ရတာလဲ ။ သူ့ အသက်အရွယ် နဲ့ သူမို့ ကောင်ကလေး တစ်ယောက် ရဲ့ မျက်လုံး ကို ကြည့်ပြီး သိချင်လည်း သိနေ မှာပေါ့လေ ။ ချစ်ခြင်း အစ မျက်စိ က လို့ ဆိုခဲ့ကြတယ် မဟုတ်လား ။ ဒါပေမဲ့ ဒီကိစ္စမျိုးမှာ မိန်းကလေး က စရမှာ လားရှင် လို့ အတွေး လွန်ပြီး ဟန်ဆောင်မျိုသိပ် နေတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်သည် ။ မမ အကြောင်း ကို တွေးတိုင်း ကျွန်တော့် ရင်ထဲမှာ ဖိုမောနွမ်းဟိုက်လို့လာ သည် ။ ဒါပေမဲ့ ကျွန်တော် ကလည်း အမောဟိုက် အနွမ်းလျ ခံပြီး တွေးရတာ ကို ပင် မူးယစ်ဆေးဝါး တစ်ခု လို စွဲနေ၏ ။ အပြစ် တင်ကြလည်း ခံရုံပဲပေါ့ ။ ကျွန်တော် က မမ ကို မှ တွယ်တာမိတာကိုး ။
ကျွန်တော် မမ ကို ချစ်သော အချစ် သည် အောင်ကိုကိုဝင်း က မြမဉ္ဇူ အပေါ် ထားသော ၊ ချိုဝေလှိုင့် အပေါ်
ထားသော အချစ်မျိုးတွေ နှင့်တော့ လားလားမျှ အနှိုင်း မခံနိုင်ပါ ။ သည်ကောင့် အချစ် က အဲဗားဟော့ ဖြစ်သည် ။ မမ ကို ကျွန်တော် ချစ်တာ က သနားချစ် ၊ စာနာချစ် ၊ ကရုဏာချစ် ၊ သက်ညှာချစ် များသာ ဖြစ်သည်ဟု ရဲရဲကြီး အာမခံ နိုင်သည် ။ မှတ်ကျောက် အတင်ခံ ဝံ့သည် ။
မမ ၏ လှပသော နာမည် က မိုးမိုးမြတ် ။ ဒါပေမဲ့ ကျွန်တော် တို့ မိသားစု အပါအဝင် ပတ်ဝန်းကျင် တစ်ခုလုံး ကတော့ မိုးမိုး ဟု ပဲ အခေါ် များသည် ။ မမတို့ အိမ်သည် ကျွန်တော် တို့ တိုက် နှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြား မှာ ရှိ၏ ။ မမ မှာ အိမ်ပိုင် မဟုတ်ရှာပါ ။ အိမ်ငှား မျှ သာ ဖြစ်သည် ။ အိပ်ရာ ထဲ မှာ တစ်လဲ တည်း လဲနေသော ဆီးချိုရောဂါသည် အမေအိုကြီး နှင့် အမေ တစ်ခု သမီး တစ်ခု နေရရှာသည် ။ မမ အဖေ ကတော့ လူ့ပြည်မှာ သက်ရှိထင်ရှား ရှိသေး၏ ။ သို့တစေ မမ ဆယ်တန်း ရောက်သည့် နှစ် မှာ ပင် သင်္ကန်းဝတ် သွားသည်တဲ့ ။ “ မမ တို့မှာ ဆွေမျိုး မရှိဘူးလား ” လို့ မေးတော့ “ ရွှေမျိုး ရှိတယ်ဟ ” ဟု ဖြေတတ်သည် ။ ဤ အိမ်ပုတ်ကလေး သို့ မမတို့ ပြောင်းလာတာမှ တစ်နှစ်ခွဲ ထက် ပိုလိမ့်ဦးမည် မထင် ။
အစကတော့ မမ သည် ရုံးကြီး တစ်ရုံး မှာ လက်နှိပ်စက်စာရေးမလေး တည်း ဟူသော အလုပ် တစ်ဖက် နှင့် တက္ကသိုလ် ညနေသင်တန်း ကို တက်သေး၏ ။ ဒါပေမဲ့ မမ ၏ ပညာရေးခရီး မှာ သင်္ချာအဓိက တတိယနှစ် ၏ တစ်ဝက်တွင် ခါးကျိုး ခဲ့ရရှာသည် ။ အကြောင်းရင်း ကတော့ သူများတကာတွေ အတွက် ဥသေးပမွှား ရယ် ဖွယ်မျှသာ ဖြစ်နိုင် သော်လည်း မမ အတွက် တော့ ဧရာမ အကြီးစား ပြဿနာကြီး ဖြစ်ခဲ့လိမ့်မည် ဟု ထင်သည် ။ ကျောင်းလခ မှန်မှန် မပေးနိုင်တော့ တာ က တစ်ကြောင်း ၊ စက်ဘီး နှင့် လာလာ ခေါ်ပြီး အတူ သွားသည့် မတင်လေးမေ တစ်ယောက် အိမ်ထောင် ကျ သွား၍ ခင်ပွန်း နှင့် အတူ နယ်ပြောင်း သွားရသည် က တစ်ကြောင်းကြောင့် ဟု သိရသည် ။ ဪ ... တကယ်တော့ မမ မှာ ကျောင်းတက်စရာ စက်ဘီးကလေး တစ်စီး မျှပင် ပိုင်ဆိုင်နိုင်စွမ်း မရှိရှာပါကလား ။ “ ကျွန်တော် တို့ အိမ် မှာ ဘီးတွေ အများကြီး ရှိနေ တာပဲ ယူ စီးလေ ” ဆိုတော့လည်း “ တစ်ရက် ကိစ္စ မဟုတ် ဘူးကွယ် ” ဟု ပြောကာ အတန်တန် ငြင်းဆို ခဲ့လေသည် ။ သည်တော့ မမ ဘဝ ကို ကြည့်မောကာ ကျွန်တော် သနား၏ ။ သည်လို သနားမိတာ ကြောင့်လည်း ကျွန်တော့် နှလုံးသား ကို မေတ္တာနွယ် တို့က အထပ်ထပ် ရစ်ပတ်လာ ပြန်သည် ။
ထို့အပြင် မမ ကို နိစ္စဓူဝ အိမ်မှုကိစ္စ ဗာဟီရတွေ ကလည်း ရက်စက်စွာ ထုထောင်း ဖိစီး ထားသေး၏ ။ မနက် မနက် ဆို အစောကြီး ထ၍ ချက်ရပြုတ်ရ၏ ။ ကျွန်တော် စာကျက်ရန် ထသော ငါးနာရီ မှာ ပင် မမ ၏ မီးဖို ၌ ထင်းမီးများ ရဲရဲတောက် လို့ နေပါပြီ ။ အမေအို ၏ ချေးသေး ကိစ္စ ၊ အကျွေးအမွေး ကိစ္စတွေ ကိုလည်း မလစ်ဟင်း ရအောင် ဖတ်သီဖတ်သီ နှင့် လုပ်ဆောင်ပေးရတတ် သေးသည် ။
ရှစ်နာရီခွဲပြီ ဆိုလျှင်တော့ ထမင်းဘူး ထည့်ထားသော ကြိမ်ခြင်း ဝါညစ်ညစ်လေး ကို ဆွဲကာ လမ်းထိပ် သို့ ထွက်၍ ဘတ်စ်ကား စောင့် ရတော့သည် ။ မမ ၏ ရုံးတက် အဝတ်အစားတွေ ကလည်း သူ့ကြိမ်ခြင်းလေး လိုပင် အိုနွမ်းလှသည် ။ သူ့ ရုံး ကလည်း ဘတ်စ်ကား တစ်တန်တည်း နှင့် မပြီး ။ နံပါတ် ( ၅ ) ကား ကို စီး၍ ဈေးချို သို့ ရောက်လျှင် ဆင်း ။ ပြီးတော့ နံပါတ် ( ၁၀ ) ကား ကို ပြောင်းစီး ။ ညနေ အိမ်သို့ ပြန် ရောက် လျှင်တော့ အိမ်ဝတ်အိမ်စား အစုတ်အဖာလေးတွေ ကို လဲပြီး မီးဖို ချောင်သို့ ဝင်ရပြန်သည် ။ ဒါပေမဲ့ မမ မျက်နှာ မှာ အပြုံး မပျက် ။ ညနေခင်း မမ မျက်နှာက အနွမ်းချိုကလေး ဖြစ်နေတတ် တာကိုပဲ ကျွန်တော် က ခုံခုံမင်မင် မြတ်နိုးသည် ။
စားချိန် သောက်ချိန် အလွန် ညဦးပိုင်း သို့ ရောက် လျှင်တော့ မမ တို့ အိမ် ဆီ ကို ကျွန်တော် ကူးသွားကာ မမ ရှင်းလင်းပြသ ပေးသမျှ သင်္ချာပုစ္ဆာတွေ ကို တစ်ထွေးကြီး တွက်ရသည် ။ “ စာကျက်ဖို့ အိမ် ပြန်တော့ ” ဟု ဆိုပြီး ရှစ်နာရီကျော် မှ ပြန် လွှတ်လေ့ရှိ၏ ။ ခုတလော မမ ခိုင်းသမျှ ပုစ္ဆာတွေ ကို ကျွန်တော် က တလွဲချည်း တွက် တွက်နေမိတော့ အဖြေ မရ ။ ဘယ်မှာ ရနိုင်ပါ့မလဲ ၊ ကျွန်တော် စဉ်းစား နေတာက တွက်ပုံတွက်နည်း တွေ ကိုမှ မဟုတ်တာ ။ မမ ကို ဘယ်သို့ ဖွင့်ပြောရလျှင် ကောင်းမလဲ ဆိုသော အဖြေ ရအောင်သာ ဉာဏ်နီဉာဏ်နက် ထုတ်ထုတ် နေတာပဲလေ ။ ထိုအခါ ဝမ်းဗိုက်ကြော ဆွဲလိမ်မှုဒဏ် ကို အလီလီ ကျွန်တော် ခံစားရပါသည် ။ မနာပါဘူး ။ မမ ရဲ့ လက်မ နဲ့ လက်ညှိုး ထိပ်ဖျားမှာ ပန်းပွင့်လေးတွေ ကို ကော် နဲ့ ကပ်ထားမှန်း မှ မသိဘဲ ။ “ နင် တော့လေ ၊ ဒီ ဆယ်တန်း မှာ သောင်တင် နေတော့မှာပဲ ” ဟု ကြိမ်းမောင်း ပြစ်တင် လျှင်တော့ ကျွန်တော် က နှုတ်ခမ်း ကို တမင် စူ ၊ မျက်မှောင် ကို တမင် ကြုတ်ကာ စိတ်ကောက် ချင်ယောင် ဆောင်၏ ။ ထိုအခါမျိုးမှာ မမ က ချော့ လျှင် ကျွန်တော့် ရင်ထဲ မှာ ခါကာဘိုရာဇီ ဆီးနှင်းများ အရည် ပျော်ကျ လာသလို စိမ့်မြကြည်အေးလို့ သွားပြန်သည် ။ ဒါကြောင့်လည်း မမ ကို ကျွန်တော် က ချစ်ရပြန်တာပေါ့ ။
မမ ရှေ့မှောက် သို့ ဝတ္တရားမပျက် ရောက်သော် လည်း တမြန်မနေ့ ည က တော့ မမ သည် ကျွန်တော့် ကို စာသင် မပေးနိုင်ခဲ့ချေ ။ ဆီးချို တက် နေသော အမေအိုကြီး ဘေး မှာ တတ်သမျှ မှတ်သမျှ ပြုစုပေးရင်း ပျာလောင် ခတ်နေရှာသည် ။ မမ နံဘေး မှာ ကျွန်တော် ရှိနေသော် လည်း ဘာတစ်ခု မျှ မကူညီတတ် ။ မမ ၏ မျက်နှာ ညှိုးရက်စေ့ မြတ်လေးပန်း အနွမ်း တစ်ပွင့် ပမာ သွေးဆုတ် ဖြူရော် နေသည် ကိုတော့ ကျွန်တော် သတိပြု မိပေသည် ။
အမေကြီး မှာ တစ်ခါ တစ်ခါ သတိ လစ်လစ် သွား၍ တစ်ခါတစ်ခါ သတိ ပြန်ပြန် လည်လည် လာသည် ။ ကျွန်တော် က “ နီးစပ်ရာ ဆရာဝန် တစ်ဦးဦး ကို ပြေးပင့် လိုက်ရမလား ” လို့ မေးတော့ မမ က ခေါင်း ကို သာ တွင်တွင် ယမ်း၏ ။ ဒါပေမဲ့ ကျွန်တော့် မှာ မနေသာ ။ တိုက်ဘက် သို့ အပြေးအလွှား ကူးခဲ့ပြီး မေမေ တို့ကို အကြောင်း ကြားသည် ။ မေမေ တို့ လည်း ကသောကမျော လိုက်လာကြ၏ ။ ခဏမျှ ကြည့် ပြီးနောက် တိုက်သို့ ပြန်ပြီး မိသားစုဆရာဝန် ( တစ်နည်း ) ကျွန်တော့် အစ်မ အကြီးဆုံး မမူမူအေး နှင့် စေ့စပ်ထားသည့် ဒေါက်တာ ကိုဖေသန်းမြင့် ကို ဖုန်းဆက် ခေါ်ပေးသည် ။ ကိုဖေသန်းမြင့် ရောက် လာပြီး အကြောဆေး သွင်း ပေးနေတော့ မမ က ကျွန်တော့် ကို အိမ် နောက်ဖေး သို့ လက်ကုတ် ခေါ်သွားကာ ဟိုကျ တော့လည်း ဘာတစ်ခွန်း မျှ မပြောဘဲ ကျွန်တော့် ခေါင်း ကို နှစ်ချက်ဆင့် ခေါက်၏ ။ မမ မျက်နှာ ပေါ်မှာ မေမေ တို့ ကို အားနာငွေ့ တွေ ယှက်သန်းလို့ နေသလောက် ကျွန်တော့် အပေါ် မှာ တော့ တာဝန် မပေးဘဲ လုပ်ရစကောင်းလား ဟု မှတ်ယူလျက် မကျေမချမ်း ဖြစ်နေသည် ကတော့ သေချာသည် ။ ထိုသို့သော မမ မျက်နှာ စူပုပ်ပုပ်ကလေး ကိုက ကျွန်တော့် အတွက် ချစ်စရာ ကောင်း နေပြန်ပါ သည် ။
မနေ့ည ။
ကျွန်တော် မှ မမ စေခိုင်းထားသော ဂျီဩမက်တြီ ပုစ္ဆာ တစ်ပုဒ် ကို တွက်ရန် ကွန်ပါဘူး ကို ဖွင့်တုန်း ဖွင့်ခိုက် ဒေါ်တင်ဝင်း ရောက် လို့ လာသည် ။ ဒေါ်တင်ဝင်း ဆိုတာ မမ ရဲ့ အိမ်ရှင် ။ ပြီးတော့ လမ်းထိပ် မှာ လည်း ဆီ ၊ ဆန် ၊ ဆား ၊ ငါးပိငါးခြောက် က အစ ပဲလှော် ၊ ပဲကြော်အဆုံး ကုန်စုံဆိုင် ဖွင့်ထားသည်မို့ မမတို့ စားဖိုချောင် နှင့် ဆက်သွယ်နေသူ ဟု လည်း ဆိုနိုင်သည် ။
“ ဈေးကြွေး က ၁၇ဝ ၊ အိမ်လခ သုံးလစာ က ၁၈ဝ ။ စုစုပေါင်း ၃၅၀ တောင် မှ ရှိနေပြီ အေ ။ တစ်လုံး တစ်ခဲတည်း မဆပ် နိုင်လည်း တစ်ဝက် တော့ ဖဲ့ ဆပ်ဦးမှ ပေါ့ ။ ညည်း မှာ အခက်အခဲ ရှိနေရင် လည်း ဆင်းပေးပါ တော့ ။ တို့ လည်း ချောင်လည်တာ မဟုတ်လို့ တခြား လူတွေ ဆီ က စပေါ်လေး ဘာလေး ယူပြီး တင်ချင်လှပြီ ”
တကယ်တော့ ဒေါ်တင်ဝင်း အသံ က မမောက်မာ ပါ ။ ကိုယ်နေ ကိုယ်ဟန် အရ လည်း ခါး လည်း မထောက် ၊ မျက်နှာကြော လည်း မတင်းပါ ။ လေချိုကလေး သွေးရုံ မျှသာ ဖြစ်ပါသည် ။ သို့သော် မမ ၏ မျက်နှာ ကမူ ထို လေချိုညင်းညင်းကလေး ထဲ မှာပင် လှုပ်ခတ် ကြွေကျသွား သော မန်ကျည်းရွက်ဖတ်ကလေးတစ်ခု လို သေးငယ် လွန်းလှသည် ဟု ကျွန်တော် အကဲခတ်မိ၏ ။ ဒေါ်တင်ဝင်း ပြန်သွားတော့ မမ မှာ ကျွန်တော် တွက်ချက် နေသမျှ ပုစ္ဆာ ကို ခါတိုင်းလို ငုံ့ငုံ့ မကြည့်အား တော့ပါ ။ သက်ပြင်း သာ ခဏခဏ ချနေသည် ။ မမ ၏ သက်ပြင်းချသံများ မှာ မျက်နှာကြက် ပေါ် က အိမ်မြှောင်စုတ်ထိုးသံ အရေ အတွက် ထက်ပင် ပိုလို့ များပြား နေလေသည် ။ ကျွန်တော် သည် မမ မျက်နှာ ကို မရဲတရဲ ခိုး၍ ခိုး၍ ကြည့်၏ ။ အောက်နှုတ်ခမ်း ပန်းနုရောင်စိုစို ကို အပေါ် သွား ပုလဲစွန်း ကလေးများ နှင့် ဖိကိုက် ထားလိုက်သည် မှာ ဘုရား ... ဘုရား ပေါက်ပြဲ သွေးစိမ့် သွားမှာလား ။
“ မေမေတို့ ဆီ ပိုက်ဆံ တောင်းလိုက်မယ် မမ ၊ စိတ်အဆင်းရဲ မခံပါနဲ့ ” လို့ ပြောတော့ “ ဘာအတွက်လဲ ” ဟု မေးသည် ။ “ ကျွန်တော့် ကို စာသင် ပေးတဲ့ အတွက် ပေါ့ ” ဟု ဖြေသောအခါ “ ငါ့ စေတနာ ကို စော်ကားချင်ဦး ဟယ် ” လို့ ခပ်ဆတ်ဆတ် ပြောပြီး ကျွန်တော့် ခေါင်းကို သုံးချက် ဆက်တိုက် ခေါက်ပါလေတော့သည် ။ လေးချက် အမြောက် ၌ ခေါင်း ပေါ် သို့ ကျလာသော မမ လက် ကို ဖမ်းယူ ဆွဲဆုပ် ထားပြီး မလွှတ်ဘဲ နေပစ်လိုက် သည် ။ ကဲ ... မှတ်ပြီလား ၊ ဘာတတ်နိုင်သေးလဲ ။ ထိုအခါ မမ က ကျွန်တော့် ကို မျက်နှာကြော တင်းတင်းကြီး နှင့် ကြည့် နေပြန်၏ ။ ကျွန်တော် လေ မမ ကို သိပ် ချစ်တာပဲဗျာ လို့ ပြောမည် ဟု အားတင်း သော်လည်း နှုတ် ထွက် မရဲသဖြင့် လက် ကို လွှတ်ပေး လိုက်ရတော့သည် ။ ထိုအခါ မမ ငိုလေ၏ ။ ကျွန်တော် လည်း မချော့တတ်၍ အောက်နှုတ်ခမ်း ကို အပေါ် သွားများနှင့် မမ လိုပင် နာနာ ဖိကိုက် ထားလိုက်ချေ၏ ။
••••• ••••• •••••
ရုံး မတက်ရသော စနေနေ့ ပင် ဖြစ်သော်လည်း မမ ကို ဈေးချိုစာတိုက် နား က နံပါတ် ( ၁ ) ဘတ်စ်ကား မှတ်တိုင်မှာ တွေ့လိုက်ရတော့ မအံ့သြဘဲ မနေနိုင် ။ မမ နဲ့ သည် ကားမှတ်တိုင် ဘယ်လို ပတ်သက် နေလို့လဲ ။ ရုံး မှာ အိုဗာတိုင် ရှိလို့ ဆိုရင်လည်း ( ၁ဝ ) လိုင်းကား မှတ်တိုင် နား မှာပဲ တွေ့ရမှာပေါ့ ။
ကျွန်တော် ကတော့ အင်္ဂလိပ်စာ ကျူရှင် မှ ပြန်လာခဲ့ ခြင်း ဖြစ်ပါ၏ ။ မမ ကို ကျွန်တော် ရပ်၍ နှုတ်ဆက်ရာ မမ ၏ မျက်နှာမှာ ပေါ့ပါးလန်းဆန်း သွားပုံ ရလေသည် ။ ပြီးတော့ ချက်ချင်း ပြန်လည် တည်ကြည် သွားသလားပဲ ။ တတ်လည်း တတ်နိုင်တဲ့ မမ ။
“ အတော်ပဲ မင်းမင်း ၊ မမ ဘတ်စ်ကား စောင့်နေတာ နာရီဝက် တောင် ရှိတော့မယ် ။ ခုထက်ထိ အရိပ်အယောင် တောင် မမြင်ရသေးဘူး ။ မင်းမင်း အားရင်း မမ ကို အောင်တော်မူ လိုက်ပို့ပါလားဟယ် ”
ကိုးတန်း အောင်တုန်း က ဖေဖေ ဆုချသည့် ရာလေးစပို့ စက်ဘီး ရတာ ထက် ပျော်သွား၏ ။ ဒါလည်း ရတောင့် ရခဲလှတဲ့ အခွင့်အရေးကြီး တစ်ခုပဲ မဟုတ်လား ။ ကျွန်တော် က မမ ကို ကယ်ရီယာ ပေါ်သို့ တက်စေ၏ ။ ပြီးတော့ ၂၆ - ဘီလမ်း အတိုင်း ဆန် တက်၏ ။ ကျွန်တော့် နှုတ်ဖျား မှာ စိုင်းထီးဆိုင် ရဲ့ ဘီးကလေး ကို စီး သီချင်းသံ ကို တိုးပျပျလေး ညည်း နေမိသည် ။ သနပ်ခါးနံ့လေးတွေ လှိုင် နေတဲ့ မမ ကိုယ်ငွေ့ တွေ ကလည်း သင်းပျံ့ပျံ့ ကလေးရယ် ။ ကျွန်တော် က ရှိုက်မက်မူးဝေစွာ တိတ်တခိုး ရှူရှိုက်ရင်း စက်ဘီး ကို တမင်တကာ ဖြည်းဖြည်း နင်း တော့ “ လုပ်ပါဟယ် ၊ ငါ နောက်ကျ နေပြီမို့ပါ ” ဟု တောင်းပန် သဖြင့် အရှိန် မြှင့်ရသည် လည်း ရှိလေသည် ။ သည် အခွင့်အရေးမျိုး ကို အစဉ်သဖြင့် ရချင်လိုက်တာ မမ ။ မန်းသီတာဥယျာဉ် ထဲ က ကျုံးရေစပ် မှာ စုံတွဲလေးတွေ ဟို တစ်နေရာ သည် တစ်နေရာ ။ ရင်ခွင် မှာ မှီတဲ့ သူ က မှီလို့ ။ မမ လည်း ကျွန်တော့် လိုပဲ ရင်မခုန်ပေဘူးလား ။ ချိုင့်ထဲ သို့ မတော်တဆ လိုလို နှင့် တမင် ကျပစ် လိုက် ရလျှင် မမ က ယောင်ယမ်း၍ အို ... အမေ့ ဟု ဆိုပြီး ကျွန်တော့် ခါး ကို ဖက်နိုင်သည် မို့ ချိုင့်ကြီးကြီး ကို ရှာပါ သော်လည်း အရေးထဲ မှ လမ်း က ချောမွေ့နေသေး သည် ။
အရှေ့တောင် ကျုံးထောင့် ကို တော်တော် လွန်လာ တော့ မမက ဟိုဘက် ကွေ့ပါ ၊ ဒီဘက် ချိုးပါ စသည်ဖြင့် နောက်မှ နေ၍ သြဇာ ပေး၏ ။ အောင်တော်မူ ၏ တစ်ခု သော လမ်းထိပ် သို့ ရောက်တော့ ရပ်စေသည် ။ စက်ဘီး ပေါ် မှ စွေ့ခနဲ ခုန်အဆင်း ၌ သနပ်ခါးနံ့ကလေး တွေ က သုတ်လေ နှင့် အတူ ရောနှော ၍ ကျွန်တော့် ကို နှုတ်ဆက်သည် ။
“ ပြန်တော့လေ ”
“ မမ က ဘယ်သွားမှာမို့လဲ ”
“ ပြန်မှာ သာ ပြန်စမ်းပါကွာ ”
“ ဒါဖြင့် ဘယ်အချိန် လာကြို ပေးရမလဲ မမ ”
“ ဟင့်အင်း ... ဘာသာပဲ ပြန်ခဲ့တော့မယ် ။ ကဲပါ …. သွားပါတော့ ”
မမ ၏ စကားလုံးများ နှင့် မမ ၏ မျက်နှာ ပေါ်တွင် သရုပ်ခွဲရန် ခက်ခဲသော ပဟေဠိများ ထင်ဟပ် နေသလို ပါပဲ ။ အမိန့် ကို မလွန်ဆန်ဝံ့ သဖြင့် နောက်ကြောင်း သို့ ကျွန်တော် ပြန် ကွေ့ ခဲ့၏ ။ တစ်ပြ လောက် အရောက် မှာ ကျွန်တော် ပြန် လှည့် ကြည့်တော့ မမ ကို မမြင်ရတော့ပေ ။ မမ ဘယ်ကို သွားတာလဲ ။ ဘယ် ခြံ ထဲ ကို ဝင်ရောက် ပျောက်ကွယ် သွားပြီလဲ ။ လိုက်ကြည့်ဖို့ သင့် မသင့် ချီတုံ ချတုံ စဉ်းစား နေမိသည် ကပင် သုံးလေးမိနစ် လောက် တော့ ဆုံးရှုံး သွားခဲ့၏ ။ မမ များ မြင်သွားမှာလား ဆိုသော ကြောက်ရွံ့စိတ် ကို မမ ကိုယ်စား စက်ဘီးကလေး ပေါ် မှာ တင်ခဲ့ရင်း ကျွန်တော် ပြန်ကွေ့ ဖြစ်ပြန်သည် ။
ခြံကျယ်ကျယ် အတွင်း ရှိ ပိတောက်ပင်ကြီးခြေရင်း မှာ စပရင်တာ ကားဖြူဖြူလေး တစ်စီး ရပ်ထားသည် ။ တိုက်အို ဝါဝါမှိန်မှိန်ကြီး ရဲ့ ဆင်ဝင် အောက် မှာတော့ မမ မှ မမ ပါ ။ ဒါပေမဲ့ သူချည်း ထီးတည်း မဟုတ် ။ ဘေး မှာ အသက် လေးငါးဆယ် ခန့် မွန်မွန်ရည်ရည် အမျိုးသားကြီး တစ်ယောက် ကို လည်း တွေ့ ရသည် ။ တိုက် ထဲ သို့ ဝင်ကြတော့မည့် ပြင်ဆင် ခြေလှမ်းများနှင့် ။ အို ... ကျွန်တော့် ရင်ထဲ မှာ ဘာလို့များ ဖိုနွေး လှိုက်ပန်းသွား ပါလိမ့် ။ မမ နဲ့ သည် နေရာ ၊ သည်အလွှာ ဘယ်ပုံ ဆက်စပ် နေပါလိမ့် ။ မမ က ကျွန်တော့် ကို သင်္ချာ တစ်ပုဒ် တွက် စေဖို့ အိမ်စာ ပေးသွားခဲ့တာလား ။
စပရင်တာ နဲ့ ဆိုတော့ ထိုလူကြီး က ပွဲစား ၊ ကုန်သည် ၊ သူဌေးသူကြွယ်ကြီး တစ်ဦး ဖြစ်နိုင်သည် ။ မမ က ထို လူကြီး ၏ လုပ်ငန်းနှင့် ပတ်သက်သော စာရင်း အင်းများကို ပြုစု ရိုက်နှိပ်ပေးပြီး အချိန်ပို ဝင်ငွေ ရှာတာ နေမှာပေါ့ ။ သူ့ အခက်အခဲတွေ အတွက် ရင်းနှီး နေသော ကျွန်တော်တို့ မိသားစု ကို ပင် အပူ မတိုက်ချင်ဘဲ ကိုယ်တိုင် ရုန်းကန်ချင်တဲ့ သဘောလား ။ မမ ၏ မာန ကို မချီးကျူး လိုသည့် တိုင် ကျွန်တော့် မှာ အပြစ် မတင်ရက်ပေ ။
နေထိုင်ရာ ပလိုင်းရပ် ဆီ သို့ ပြန်သော အခါ အလာတုန်း ကလို မပေါ့ပါး မလန်းဆန်းတော့ တာကတော့ အမှန်ပင် ။ စက်ဘီး နင်း နေသော ခြေထောက်များ ကျွန်တော့် ခန္ဓာကိုယ် ၌ တပ်ဆင်လျက် မှ ရှိပါသေးစ ။ ကျွန်တော့် စိတ် က ကျွန်တော် နှင့် အတူ ပါမလာခဲ့တာ ကတော့ သေချာသည် ။ မမ ကျန်ရစ်ခဲ့ရာ ခြံကျယ်ကြီး ထဲ မှာပဲ လိပ်ပြာ တစ်ကောင် လို ပျံဝဲ နေရစ်ခဲ့ပါပြီ ။ လိပ်ပြာ ဆိုတာ အခွင့်လည်း သင့် တံခါးလည်း ပွင့်နေမှ အထဲ ကို ဝင်နိုင်တာ မဟုတ်ဘူးလား မမ ။
••••• ••••• •••••
ညနေ ဘိုင်အိုကျူရှင် က ကျွန်တော် ပြန်လာတော့ တိုက်သို့ပင် တန်းတန်းမတ်မတ် မသွားနိုင်သေးဘဲ မမ တို့ အိမ်ရှေ့ မှာ စက်ဘီး ကို ထောင်ပစ်ခဲ့ပြီး တွေ့ချင် ဇော နှင့် ဝင်ခဲ့သည် ။ ဒါပေမဲ့ မမ ကို မမြင်ရ ။ ကျွန်တော် မှန်း သိလို့ အမေကြီး က ဆီး ပြော၏ ။ “ မင်း မမ အခုလေး တင် ပဲ မတင်ဝင်း တို့ ဆီကို အကြွေး ဆပ်ဖို့ သွားလေရဲ့ ” တဲ့ ။ ဒီလိုဆို ကျွန်တော် တွေးတာ ဘယ်မှာ မှား လို့လဲ ။ ဟို လူကြီး က မမအား လုပ်အားခ ငွေ တွေ ပေးလိုက်ပြီ ထင်သည် ။ သည်လို မမ မှာ အဆင်ပြေ သွားပြီ ဆိုတော့ ကျွန်တော့် မှာ ဝမ်းသာလို့ မဆုံးဘူးပေါ့ ။ စာစီစာကုံး ရေး လျှင် ထည့်သုံးရန် ကျက်မှတ် ထားသော အတ္တာဟိ အတ္တနောနာထော ဆိုသည့် စကားလုံးကလေးများ က ကျွန်တော့် နှုတ်ဖျား မှာ ဟီးလေး ခို ပြန်သည် ။
“ ည ကျမှ လာတော့မယ် အမေကြီး ” ဟု နှုတ်ဆက်၍ ပြန် အထွက် မှာတော့ ကျွန်တော့် မျက်စိ တွေ က စာသင် စားပွဲခုံကလေး ဆီ သို့ အမှတ်တမဲ့ ရောက် သွားမိ၏ ။ အိမ်လုပ် စက္ကူအိတ်ကလေးများ နှင့် ထည့် ထားသည့် ပါတိတ်လုံချည် သုံးထည် က အထပ်လိုက် ။ မေမေ ဝတ် နေကျ အဖိုးတန် ဓားတံဆိပ် အမျိုးအစားတွေ ထင်ပါရဲ့ ။ အိတ်တွေ ဘေး မှာတော့ ကျွန်တော် မဖတ်တတ်သည့် နိုင်ငံခြားဖြစ် ဆေးဘူး နှစ်ဘူး ကို တွေ့ရသည် ။ ဒါတော့ အမေကြီး ဖို့ပဲ ဖြစ်လိမ့်မည် ။ တစ်မိုက်ခန့် အကွာ တွင် မိတ်ကပ်ဘူးသစ်ကလေး အပေါ် ၌ နှုတ်ခမ်းနီဆိုး ဆေးတောင့်ကလေး နှင့် လက်သည်းဆိုးဆေး ပုလင်းကလေး နှစ်ခု က အလိုက်သင့် လဲလျောင်းလို့ နေသည် ။ ဒါတွေကြောင့် မကြာမီ မမ ပိုလို့ လှပလာဦးတော့မည် မှာ သေချာသည် ။ မမ က တော့ ကျွန်တော့် ကို တစ်ဘဝလုံး ရုန်းမထွက်နိုင် အောင် ဖမ်းစား နေတော့မှာလား မသိ ။
ဒီ ညတော့ ပျော်ရွှင်မှု အထိမ်းအမှတ် အဖြစ် မမ က ကျွန်တော့် အား အလွန် ခက်ခဲနက်နဲ၍ ဆန်းကြယ်သော ပုစ္ဆာတွေ ကို တွက်ခိုင်းဦးတော့မှာ အမှန်ပင် ။ ကျွန်တော် အကြံ အိုက် ကာ ခေါင်း ကုပ် လျှင် လည်း ရယ်သော နေဦး တော့မှာ ဧကန်ပင် ။
ဘာရမလဲ ။ ကျွန်တော် ကလည်း လုံးဝ အညံ့ခံလိမ့် မည် မဟုတ်ပါ ။ နှုတ် က ဖွင့်မပြောရဲသည့် အတူတူ နေ့ခင်း တစ်ခင်းလုံး ကြိုးစားပမ်းစား ရေး ထားသည့် ရည်းစားစာ ကို မဖြစ်မနေ ပေးရပေ လိမ့်မည် ။ လက်ထိ လက်ရောက် တော့ မတတ်နိုင် ။ ဘုရားသိကြား မ လို့ သည် ပစ္စည်းတွေ ကို မသိမ်းပါစေနဲ့ဦး ။ မိတ်ကပ်ဘူးသစ်ကလေး ရဲ့ အောက် မှာ တိတ်တိတ်ကလေး ဖိထားခဲ့ မှာပေါ့ ။ မမ ကတော့ မျက်ခုံးလှုပ် နေပြီလား မသိ ။ ကျွန်တော့် ရင်ထဲ မှာ တော့ ဘေ့စ်ဂစ်တာ ဆယ်လက် လောက် သံပြိုင် တီး လို့ နေလေသည် ။ ။
⎕ ဝင်းစည်သူ
📖 ရနံ့သစ် မဂ္ဂဇင်း
၁၉၈၉ ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment