❝ ကျွန်မ သူ့ ကို တကယ် ကြိုက်ခဲ့တာပါ ❞
ဒီ လူ က ဘယ်လို လူ လဲ ၊ တော်တော် ခံပြင်းစရာ ကောင်းတယ် ။ လူတွေ ဟာ တစ်ယောက် နဲ့ တစ်ယောက် သွားရင်း လာရင်း တွေ့ကြ ရင် တစ်ယောက် ကို တစ်ယောက် ကြည့်ကြတာ ပါပဲ ။ ဒါ ဘာမှ မဆန်းပါဘူး ။ ဒါပေမဲ့ ကြည့်ပုံတွေ က အမျိုးမျိုး မဟုတ်လား ၊ မတူကြဘူး လေ ။ ဘာမှ မထူးခြားတဲ့ အကြည့်မျိုး ၊ ကြည်နူးဝမ်းမြောက်ဖွယ် အကြည့် ၊ ထူးဆန်းတဲ့ အကြည့် ၊ မခံချင်စရာ အကြည့် ၊ စူးစမ်းတဲ့ အကြည့် စသည်ဖြင့် ပေါ့လေ ... ။ အမျိုးမျိုး ရှိတာပါပဲ ။ သူ ကျွန်မ ကို ကြည့်တာ က တကယ်တမ်း ကျတော့ မဆန်းပါဘူး ။ ကျွန်မ ကို ကြိုက်လို့ ၊ စိတ်ဝင်စားလို့ ကြည့်တာပါပဲ ။ ကျွန်မ ရိုးရိုး နဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မိန်းကလေး ပဲ ၊ ကိုယ့် ကို ကြိုက်လို့ ကြည့် ရင် အနည်း နဲ့ အများ တော့ သဘောကျ တာပဲ ၊ ဟုတ်တယ်လေ ။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့ ၊ ကိုယ် က ပြန် ကြည့်ချင် မှ ကြည့်မယ် ၊ ပြန် ကြိုက်ချင် မှ ကြိုက်မယ် ၊ ဒါက တခြားပဲ ။ ခု ကိစ္စ မှာ လည်း ဒီ လူ က ကျွန်မ ကို ကြိုက် လို့ ကြည့်တယ် ၊ ကြည့် ပေါ့ ၊ ဒါပေမဲ့ ကျွန်မ ထင်တယ် ၊ ဒီ လူ ကြည့်ရတာ ရဲလွန်းတယ် ထင်တယ် ။ တစ်ဆိတ် လွန်လွန်းတယ် ထင်တယ် ။ နောက်ပြီး သူ တစ်ခါ တစ်ခါ ကြည့် လိုက်ရင် ပိုင်စိုးပိုင်နင်း ရှိ လိုက်တာ ။ အခွန် မဆောင်ရတိုင်း ၊ ပိုက်ဆံ မပေးရတိုင်း လူ တစ်ယောက် ကို တရားလွန် ကြည့်တာမျိုး ကတော့ သိပ် မကောင်းဘူး ထင်ပါတယ် ။ ကျွန်မ ခံပြင်းလာတာ ကို ပြောတာပါ ။
ကျွန်မ က ရုံးစာရေးမလေး ပါ ။ ကျွန်မ ကိုယ် ကျွန်မ သိပါတယ် ။ သိပ် မလှပေမဲ့ အရုပ် ဆိုးတယ် လို့တော့ ပြောလို့ မရပါဘူး ။ ဒါပေမဲ့ ကိုယ်လုံး ကိုယ်ပေါက် က တော့ ရွက်ကြမ်းရေကျို အဆင့် ထက် မက ရှိပါတယ် ၊ ဟုတ်တယ်လေ ။ ကျွန်မ တတ်နိုင် သလောက် တိတိကျကျ ပြောပြတာပါ ။ ရုံး ဖွင့် တဲ့ ရက်တွေ မှာ ကျွန်မ ထမင်းလခ ပေး စားတဲ့ အိမ် က နေ မိုင်ဝက် လောက် ဝေး တဲ့ ရုံး ကို ကျွန်မ ခြေကျင် ပဲ သွား ပါတယ် ။ ရုံး ဆင်းရင် ပြန်မယ် ၊ မနက်ပိုင်း ဈေးသွား ဈေးပြန် ရှိမယ် ၊ ညနေပိုင်း စာအုပ် အငှားဆိုင် သွားမယ် ၊ မုန့်ပဲသွားရည်စာ ဝယ်စရာ ရှိရင် သွားမယ် ၊ ဒါက ကျွန်မ အပြင် ထွက် ရတဲ့ အပိုင်းလေးတွေ ကို ပြောပြရတာ ။
အဲဒီလို သွားလာတဲ့ အချိန်တွေ မှာ သူ့ ကို ကြိုကြား ကြိုကြား တွေ့ ရတာပဲ ။ ပထမ တော့ ခပ်ကျဲကျဲ နဲ့ ခပ်လှမ်းလှမ်း က တွေ့ ရတယ် ။ နောက်တော့ အတွေ့ ရ စိပ်လာတယ် ။ တွေ့ ပြန် ရင် လည်း အနီးကပ် တွေ များ လာတယ် ။ ကျွန်မ ကို ကြည့် လိုက်တာ က လည်း ကျွန်မ ပြော သလိုပါပဲ ။ တော်တော် အမြင် ကပ်စရာ ကောင်းတယ် ။ အံမယ် …. တွေ့ ပါ များ လာတော့ ကျွန်မ ကို ပြုံးပြီး နှုတ်ဆက် တော့ မှာ လိုလို ဘာ လိုလို ၊ ကျွန်မ က မျက်နှာသာ မပေးပါဘူး ၊ ဖြိုးခနဲ ဖျတ်ခနဲ မျက်နှာ လှည့် လိုက်တာပဲ ။ ဘယ် ... သူ့ ဟာ က စီးစီးပိုးပိုး နဲ့ ပိုင်စိုးပိုင်နင်းကြီး ဟာ ကို ။
သူ့ ကြည့်ရတာ ကျွန်မ လို ပဲ ဒီ မြို့ က ဟုတ်ဟန် မတူဘူး ၊ ရုံးဝန်ထမ်း ထဲ က ပဲလား ဘာလား မပြောတတ်ပါဘူး ။ လူ ပုံ ကြည့် ရတာက တော့ အသားညိုညို ၊ အရပ် က မနိမ့်မမြင့် နဲ့ ။ တစ်ခု ရှိတယ် မျက်လုံး ၊ မျက်ခုံး က တော့ တော်တော် ကောင်းတယ် ။ ဒါပေမဲ့ ကျွန်မ ပြော သလိုပါပဲ ၊ အကြည့် ရဲ လွန်းတော့ အမြင် ကပ်စရာ ကောင်းတယ် ။
ကျွန်မ ပြောတယ် မဟုတ်လား ၊ ကျွန်မ ကို ကျွန်မ ကို ကြည့်တာ ကြိုက်လို့ ကြည့်တာ ဆို ကတည်း က ကျေနပ် နေတာပါ ။ ခုဟာ က လွန်လွန်း လို့ ခက် နေတာ ။
သူ့ ဟာ က သိသိသာသာကြီး ဆိုတော့ ဘေး က လည်း ရိပ်မိကုန် ကြတာပေါ့ ။ ကျွန်မ မှာ သူ နဲ့ ပတ်သက်ပြီး မကြားတကြား အပြော ခံရပေါင်း လည်း များပြီ ။ နောက်တာ ပြောင်တာ က တော့ သိသိသာသာ တစ်မျိုး ၊ မသိမသာ တစ်မျိုး ဆို သလိုပါပဲ ။ တော်ရုံတန်ရုံ အပြော ခံ ရ ရင်တော့ ဘာ အရေးလဲ ၊ ခုဟာ က ကျွန်မ တို့ ရုံးအုပ်ဆရာမကြီး တောင် သိနေတော့ ဘယ် ကောင်း မလဲ ။
နှစ်လ လောက် ကြာတော့ သူ ကျွန်မ ကို လမ်း မှာ လိုက်ပြီး စကား ပြောတယ် ။ ကြည့်စမ်း ၊ ဘယ်လောက် အတင့် ရဲသလဲ ဆိုတာ ။
သေချာပါတယ် ၊ ဒီ လူ ဟာ အတော် အတွေ့ အကြုံ များခဲ့ပြီ နဲ့ တူတယ် ။ ကျွန်မ ကို ရည်းစားစကား လိုက် ပြောတယ် ဆိုပေမယ့် သူ့ မှာ ဘာမှ ဣန္ဒြေ မပျက်ဘူး ။ ပြောနေလိုက်တာ မှ သိဟောင်းကျွမ်းဟောင်း နှစ်ယောက် အေးအေးဆေးဆေး စကား တပြောပြော နဲ့ လမ်းလျှောက် လာကြတာ ကျနေတာပဲ ၊ ဒါက သူ့ ဘက် က ပြောတာပါ ။
ကျွန်မ အတွက် က တော့ ဘယ် လွယ်လိမ့်မလဲ ၊ ရှက်တာ ရော ၊ ဒေါသထွက် တာ ရော ၊ ခံပြင်းတာ ရော ၊ ဝမ်းနည်းတာ ရော ၊ လူ ကို မွှန်ထူ နေတာပဲ ။
သူ ပြောတာတွေ က လည်း ရှင်း ပါတယ် ။ ကျွန်မ သိပြီးသား တွေ ချည်းပါ ။ သူ ကျွန်မ ကို စိတ်ဝင်စား နေတာ ကြာပါပြီ တဲ့ ။ နောက်ဆုံး ဖွင့် ပြောရမယ့် အခြေအနေ ထိ ရောက် လာပါတယ် တဲ့ ၊ ဖွင့် မပြောရင် မနေနိုင်တော့ တဲ့ အခြေအနေ ထိ ရောက် လာလို့ ပြောရတာပါ တဲ့ ။ စိတ်ဆိုး ရင် လည်း ခံရမှာပဲ ၊ စိတ်တော့ မဆိုးပါ နဲ့ ဘာညာ ပေါ့ လေ ၊ စုံ နေတာပါပဲ ။
ကျွန်မ က တော့ သူ စ ပြောကတည်း က “ ဘူး ” ပဲ ၊ သူ ဘာပြောပြော “ ဘူး ” ပဲ ၊ နည်းနည်းမှ သည်းမခံဘူး ။ နှုတ်ခမ်း လည်း တစ်ခါတည်း အပြတ် စူ ထား လိုက်တယ် ။ မျက်နှာ လည်း အတတ်နိုင်ဆုံး ပုပ် ထားလိုက်တယ် ။ ဘယ် ဒီလို လုပ်လို့ရမလဲ ၊ တစ်နေ့ ဒီ ခြေလှမ်း လှမ်းလာမယ် ဆိုတာ လည်း သိ သားပဲ ။ ဒီလို ပြော လာရင် ဒီလို ပြန် ပက်မယ် ၊ ခါးခါးသီးသီး ငြင်းပစ်မယ် ဆိုတာ ကျွန်မ က ဆုံးဖြတ် ထားပြီးသားပဲ ။
အဲဒီ နေ့ က နောက်ဆုံး သူ လက်လျှော့ သွားရတယ် ဆိုပေမယ့် အတော် ဣန္ဒြေ ရတယ် ။
ကျွန်မ ခံပြင်း လိုက်တာလေ ၊ စဉ်းစား ကြည့်ပေါ့ ။ ကျွန်မ ကို သူ တကယ် ချစ်တယ် ဆိုရင် ကျွန်မ က ခါးခါးသီးသီး ငြင်းလိုက် ရင် သူ ကြေကွဲရမှာပေါ့ ၊ အကြီးအကျယ် ဣန္ဒြေ ပျက်ရမှာပေါ့ ၊ မဟုတ်ဘူးလား ။
ခုတော့ သူ ကျွန်မ နား က ခွာသွားပုံ က သူ့ မှာ ဘာမှ မဖြစ် သလိုပဲ ။ ကျွန်မ ဒေါသ ဖြစ်လိုက်တာလေ ။ သိပါတယ် ၊ ဒါ ဘာမှ မဟုတ်ဘူး ၊ သူ ကျွန်မ ကို ပေါ့ပေါ့တန်တန် သဘောထား လို့ နေမှာ ။ ကျွန်မ ကို လွယ်လွယ် နဲ့ ရလိုရငြား ကြိုးစား ကြည့်တဲ့ သဘော နေမှာပေါ့ ။
ဟုတ်တယ်လေ ၊ ကြည့်ပါလား ၊ မစွံဘူး လည်း ဆိုရော သူ့ မှာ ဘာမှ မဖြစ် သလိုပဲ ၊ ခပ်အေးအေး ပဲ ၊ မရ လည်း နေပေါ့ ဆိုတဲ့ သဘော ။ ရုတ်တရက် မခံချင်တဲ့ သဘော ပြောတာပါ ။ တကယ်တမ်း ကျတော့ သိပ် အရေးကြီးလှတာ မဟုတ်ပါဘူး ။
အဲဒီ နောက်ပိုင်း မှာ သူ့ ကို သုံးလေးရက် လောက် မတွေ့ ရတော့ဘူး ။ ဘယ် သွားပြီး ဘာ လုပ်နေသလဲ ၊ ဘာ ဖြစ်နေသလဲ ၊ ဘယ် သိမလဲ ။ ပျောက် နေတာ တော့ အမှန်ပဲ ။ ကြွေ ချင် ယောင် ၊ ဆွေး ချင် ယောင် ဆောင် နေတာ များလား ၊ သနား လာအောင်လေ ။ အဲလို ဆိုရင်တော့ ကျွန်မ ဘက် က ဝေးပါသေးတယ် ။ ကျွန်မ ပြောတယ် မဟုတ်လား ၊ ကျွန်မ သူ့ ကို အမြင်ကပ် ပါတယ် ဆိုနေ ။
သူ ပျောက်နေပြီး မှတ်မှတ်ရရ ငါးရက်မြောက် နေ့ ညနေဘက် မှာ ကျွန်မ ဈေး က အပြန် လမ်းကြားလေး တစ်ခု က ထွက် လာတဲ့ သူ့ ကို ကျွန်မ ရုတ်တရက် တွေ့ လိုက်ရပါတယ် ။ ဘာရမလဲ ၊ ချက်ချင်း မျက်နှာ ကို မှုန် ထား လိုက်ပါတယ် ။ အံ လည်း ကြိတ်ထား လိုက်တယ် ။
အင်း သူ ကတော့ ခပ်တည်တည် ပဲ ၊ မုန်းစရာ ကောင်းလိုက်တာ ။
ကျွန်မ ကို ရယ်ရယ်ပြုံးပြုံး ပဲ နှုတ်ဆက်ပြီး စာ တစ်စောင် ပေးတယ် ။ ပေးတာ မှ အပီ ပေးတာနော့ ။ လက်ဆွဲခြင်း ထဲ ဇွတ် ထည့် လိုက်တာ တို့ ဘာ တို့ မဟုတ်ဘူး ၊ ကျွန်မလက် နဲ့ ယူအောင် ကို သေသေချာချာ ပြော ပေးတာ ။
ဘေး က ဘယ်သူတွေ ကြည့် နေကြမယ် ဆိုတာတော့ မသိဘူး ၊ ကျွန်မ က လည်း ယူ တာပဲ ။ ရှက်တာတွေ ၊ ကြောက်တာတွေ ကို မပါ ပါဘူး ၊ အပီ ယူတာပါ ။
သူ့ ကို တောင် ပြော ဖြစ်အောင် ပြော လိုက်သေးတယ် ၊ ကျွန်မ ဒီ စာ ကို သေသေချာချာ ဖတ်မှာပါ ဆိုတဲ့ အကြောင်း ၊ နောက်ပြီး နောက် နေ့ ည အဲဒီ လမ်း က ပဲ စောင့် နေဖို့ အကြောင်း ၊ ဆက်ဆက် စာ ပြန်ပါမယ်လို့ အသေအချာ မှာ လိုက်ပါတယ် ။
ကဲ စဉ်းစား ကြည့်ပါဦး ၊ လောက မှာ အဲဒီလောက် ပြတ်ပြတ်သားသား ပြန် ပြောလိုက်နိုင်မယ့် မိန်းမ ဘယ် နှစ်ယောက် ရှိ မလဲလို့ ။ ကျွန်မကတော့ လုပ်တယ် ။ ကျွန်မကိုယ် ကျွန်မ တောင် အံ့သြမိပါတယ် ။ အဲဒီလို ပြန်ပြော တဲ့ အတွက် သူ အံ့ဩ လှုပ်ရှားသွားဖို့ မကောင်းဘူးလား ၊ ဘာမှ မဖြစ်ဘူးရှင့် ၊ အံ့ရော ။
ကျေးဇူး တင်ပါတယ် တဲ့ ၊ နက်ဖြန် ညနေ ဆက်ဆက် စောင့် ပါမယ် တဲ့ ၊ ကဲ ဘယ်လောက် မုန်းဖို့ ကောင်းတဲ့ လူ လဲ ။
ကျွန်မ သူ့ စာကို ယူ တုန်းက ပြော လိုက်တဲ့ စကားတွေ ဟာ စကား အဖြစ် သက်သက် ပြော လိုက်တာ မဟုတ်ပါဘူး ။ အိမ် ရောက်တော့ သူ့ စာ ကို ကျွန်မ သေသေချာချာ ဖတ်ပါတယ် ။ အရေးအသား ရိုးစင်း ပြတ်သားတယ် ဆိုပေမဲ့ အတော့် ရယ် ရ ပါတယ် ။ ကျွန်မ က တော့ ရယ်စရာ ကို ရှာကြံပြီး ရယ်တာပဲ ။ စာ က တော့ အဆန်း မဟုတ်ပါဘူး ၊ သူ ကျွန်မ ကို သိပ် ချစ်တဲ့ အကြောင်း နဲ့ သူ့ အချစ် ကို လက်ခံဖို့ ဒါပါပဲ ။ ကျွန်မ ကလည်း ပြတ်သားပါတယ် ။ သူ့ အချစ် ကို လုံးဝ လက် မခံနိုင်တဲ့ အကြောင်း ပြတ်သားပြောင်မြောက်စွာ လိုတိုရှင်းရေးပြီး နောက် တစ်နေ့ မှာ ပဲ သူ့ ကို ရဲရဲတင်းတင်း ပေး လိုက်ပါတယ် ။
အဲဒီ နေ့ က စပြီး သူ ကျွန်မ ကို လုံးဝ လက်မြှောက် သွားပါတယ် ။ တတ်နိုင်သမျှ လည်း ရှောင် နေပုံ ရတယ် ။ မတတ်သာဘဲ လမ်း မှာ ဆုံရင် တောင် ကျွန်မ ကို မကြည့်တော့ပါဘူး ။
တစ်ချိန်လုံး ကျွန်မ ခံပြင်းခဲ့ ရတဲ့ ကိစ္စတွေ အရသာ ရှိရှိနဲ့ အညောင်း ပြေ သလို ပြေ သွားလိမ့်မယ်လို့ ထင်ထားခဲ့ ပေမယ့် တကယ်တမ်း ကျတော့ သိပ် အရသာ မရှိလှပါ ။ သူ က လည်း ဆွေးပြီး ခွေယိုင် ချည့်နဲ့ သွားတဲ့ သဘော လည်း မရှိပါဘူး ။ မကြိုက် လည်း ပြီးရော ပေါ့ ဆိုတဲ့ သဘော လောက် ပဲ ရှိပါတယ် ။
နောက် တစ်လ လောက် နေတော့ လမ်းဘေး မှာ ပျံကျဈေး ရောင်း တဲ့ ကောင်မလေး တစ်ယောက် နဲ့ သူ နဲ့ တွဲ နေကြတယ် လို့ ပြောသံ ကြားရတယ် ။
ကောင်မလေး က တစ်နေ့ လုပ် တစ်နေ့ စား ထဲ ကပါ ။ သူ့ အရင်းအနှီးကလေး က လည်း နေ့ပြန်တိုး ယူ ထားရတာတဲ့ ။ ဒါပေမဲ့ ကောင်မလေး က လှတော့ တော်တော် လှတယ် ၊ အနည်းဆုံး ကျွန်မ ထက် တော့ လှတာ သေချာပါတယ် ။
ဘာ ကြာမှာလဲ ၊ သူ နဲ့ ကောင်မလေး ကို ဟိုနေရာ တတွဲတွဲ ၊ ဒီနေရာ တတွဲတွဲ ဆိုသလို တွေ့ ရတယ် ။ ကောင်မလေး ကို လည်း သူ တော်တော် ပေးပုံ ကမ်းပုံ ရတယ် ။ ဝတ်တာ စားတာ အတော်လေး ကို ပြောင်ပြောင်ရောင်ရောင် ဖြစ် လာတယ် ။ ဘာပဲ ပြောပြော သူ့ အနေ နဲ့ က သူ့ကောင်မလေး နဲ့ တွဲတဲ့ နေရာမှာ ကျွန်မ မမြင် မြင်အောင် လုပ်တယ် ဆိုတဲ့ ရည်ရွယ်ချက် ပါဟန် မတူပါဘူး ။ ကျွန်မ ကို လည်း ဂရုစိုက် ကြည့်ခဲပါတယ် ။ မကြည့်တာ များပါတယ် ။ မကြည့်ချင် မြင်လျက်သား ဖြစ်နေ ရင်တောင် အကြည့် လွှဲ သွားတတ်ပါတယ် ။ အဲဒီအချိန်မှာ စိတ်ကောက် တဲ့ သဘော ၊ မကြည်လင် မနှစ်မြို့ သဘောမျိုး လည်း မပါ ပါဘူး ၊ ရိုးရိုးပါပဲ ။
တစ်ခု တော့ ရှိတယ် ။ ကောင်မလေး အတွက် ကျွန်မ ဝမ်းသာမိပါတယ် ။ သူတို့ နှစ်ယောက် ကို ကြည့် ရတာ ရှေ့သွား နောက်လိုက် ညီပါတယ် ။ ဒါနဲ့ပဲ သူ့ အကြောင်း ကို နောက်ထပ် ခြောက်လလောက် မေ့မေ့ပျောက်ပျောက် နေ ခဲ့တယ် ။
ကျွန်မ တစ်သက် မှာ သူ နဲ့ ပတ်သက်လို့ ကြီးကြီးကျယ်ကျယ် စိတ် လှုပ်ရှားရလိမ့်မယ် လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး ။ ကျွန်မ မှားသွားတယ် ။
သူ နဲ့ သူ့ ကောင်မလေး က သမီးရည်းစား မက ၊ လင်မယား မကျ ဆိုတဲ့ အဆင့် ထိ နေခဲ့ကြတာပဲ ။ ဒါကို ကျွန်မ သိသားပဲ ။ ကောင်မလေး က ပထွေး နဲ့ နေ နေရတော့ မနေချင်ဘူး ။ မအေ့ အိမ် က ဆင်း ချင်တယ် ။ ပထွေး က လည်း ကောင်မလေး ကို ဆင်းစေချင်တယ် ။ သူ က ကောင်မလေး ကို အိမ်ခန်း ငှားပေးတယ် ။ ဆိုင်ငယ်ငယ်လေး ဖွင့် ဖို့ လည်း ဆိုင်ခန်း ငှားပေးတယ် ဆိုတော့ ကောင်မလေး မှာ သိပ် ဟန်ကျ နေတာ ပေါ့ ။ ဒါပေမဲ့ ကျွန်မ ပြော သလိုပဲ ။ ခြောက်လ လောက် ပဲ ကြာပါတယ် ။ သူတို့ နှစ်ယောက် ခွာပြဲ သွား ကြတယ် ။ အကြောင်း က ဘယ်လို ရှိတယ် ဆိုတာ ကျွန်မ မသိပါဘူး ။ သိလည်း မသိချင်ပါဘူး ။ စိတ် လည်း သိပ် မဝင်စားပါဘူး ။ သူများတွေ ပြောလွန်း မက ပြောကြလွန်း လို့ နား လျှံ ပြီး ကြား ရတာပါ ။
အဲဒီနောက် ခွင့် တစ်လ ယူပြီး သူ ရန်ကုန် ပြန်တယ် လို့ ပြောကြပြန်တယ် ။ ဒါလည်း ကျွန်မ အတွက် ဘာမှ လှုပ်ရှားစရာ မဟုတ်ပါဘူး ။
ဒါပေမဲ့ ကောင်မလေး က ကျွန်မ နဲ့ တစ်နေ့ မှာ ဆုံမိကြတယ် ။ ဒါကလည်း ဆရာကြီး ဦးဒေါန ဆီ မှာ ဗေဒင် မေးဖို့ လာကြရင်း ဆုံမိကြတာပါ ။ အဲဒီက ပြန်ကြတော့ ဘာရယ်လို့ မဟုတ်ဘဲ အတူ ပြန် ခဲ့ကြတယ် ။ ပြီးတော့ ဆုတောင်းပြည့် ဘုရား ဝင် ဖူးရင်း ဘုရားဝင်း ထဲ က ခရေပင်ရိပ် မှာ သာသာယာယာ ရှိလွန်း လို့ ခဏ နားဖြစ်ကြတယ် ။
အဲဒီမှာ သူ နဲ့ ပတ်သက်လို့ ကျွန်မ မှာ ချောက်ချောက်ချားချား ဖြစ်ရတော့တာပဲ ။
ကျွန်မ နဲ့ ကောင်မလေး က အတော်လေး ရင်းနှီး သွားကြတော့ ကျွန်မ က ကောင်မလေး ကို သူ နဲ့ ပတ်သက်ပြီး ဘယ်လို က ဘယ်လို ဖြစ်ရတာလဲ လို့ မေးကြည့်မိတယ် လေ ။ သူတို့ နှစ်ယောက် ခွာပြဲ သွားကြရတာ ကို ပြောတာပါ ။ ပွင့်ပွင့်လင်းလင်း ပါ ပဲ ။ တစ်ချိန်က သူ ကျွန်မ ကို ကြိုက်ခဲ့ဖူး လိုက်ခဲ့ဖူးတယ် ဆိုတာ ကောင်မလေး လည်း သိတယ်လေ ။
ဒီတော့မှ ကောင်မလေး က ပြောတယ် ။ တစ်နေ့ မဟုတ် တစ်နေ့ ခပ်မြန်မြန်ပဲ ဒီလို ဖြစ်မယ် ဆိုတာ သူ အစောကြီး ကတည်း က သိပါတယ် တဲ့ ။ သူ ဟာ ကောင်မလေး ကို အစ ကတည်း က မချစ်တဲ့ အကြောင်း ရှင်းရှင်း ဖွင့် ပြောပြီး တွဲခဲ့ကြတာ ဖြစ်ပါတယ် တဲ့ ။ ကျွန်မ တော်တော် အံ့အားသင့် သွားတယ် ။ ဘာပြုလို့လဲ ဆိုတော့ ကောင်မလေး အနေနဲ့ က ဒီအတိုင်း ဆိုရင် ကြေးစား လို ဖြစ် မနေပေဘူးလား ။ အဲလို ဖြစ် မဖြစ်တော့ မပြောတတ်ဘူး ။ သူ က တော့ ကောင်မလေး လိုအပ်တဲ့ အရင်းအနှီးကလေး တွေ ထုတ်ပေးပြီး တွဲ ခဲ့တာ အမှန်ပဲ ။
ကောင်မလေး က ကျွန်မ ကို ရုတ်တရက် မေးတယ် ။ သူ နဲ့ ကောင်မလေး တတွဲတွဲ နေခဲ့ကြတဲ့ တစ်ချိန်လုံး မှာ သူ က ကောင်မလေး ကို ဘယ်လို ခေါ်တယ် ထင်သလဲ တဲ့ ။
ကျွန်မ က ဘယ်သိမှာလဲ ။
ကောင်မလေး က ပြောတယ် ။ သူ က ကောင်မလေး နဲ့ စ တွဲကတည်း က ကွဲကြတဲ့ ထိ “ မအေးမြ ” လို့ ပဲ ခေါ်ပါသတဲ့ ရှင် ။
မအေးမြ ဆိုတာ ကျွန်မ နာမည် လေ ။
ကောင်မလေး နာမည် က သန်းသန်း ပဲ ။
လုံးဝ ကို မယုံနိုင်စရာပါ ရှင် ။ ကောင်မလေး က ပြောတယ် ။ သူ့ ဆီ က ရင်းနှီးဖို့ ငွေ ရတယ်လေ တဲ့ ။ ဒီတော့ သူ့ ဆန္ဒ ကို လည်း လိုက်လျောခဲ့ ရတာပေါ့ တဲ့ ။ ဒါပေမဲ့ သူ ဟာ ကောင်မလေး နဲ့ နေခဲ့တဲ့ တစ်ချိန်လုံး မှာ “ မအေးမြ ” ဆိုတဲ့ နာမည် ကို အံ့သြစရာ ကောင်းလောက် အောင် ထပ်ပြန် တလဲလဲ ခေါ်ခဲ့ပါ သတဲ့ ။
ခွင့်ရက် စေ့ လို့ သူ ပြန် လာပြီး ဘာ ကြာလဲ ၊ သူ နဲ့ ကျွန်မ နဲ့ ဖြစ်လိုက်ကြ သေးတယ် လေ ။
နှစ်လ လောက် တော့ တစ်ယောက် ကို တစ်ယောက် အစွဲ ကြီး စွဲ ၊ အတွဲ ကြီး တွဲ ခဲ့ကြတာပေါ့ ။
အဲဒီနောက် သူ နယ် ပြောင်းရတယ် ။ ကျွန်မ နဲ့ သူ နဲ့ ကိစ္စလည်း တစ်ခန်း ပြန် ရပ်သွားတယ် ။ နှစ်ယောက် စလုံး အတွက် မဆန်းပါဘူး ။
ကျွန်မ နဲ့ သူ နဲ့ က တစ်ယောက် ကို တစ်ယောက် ကြိုက် ကြတာပဲ ရှိတယ် ။ ချစ် မှ မချစ်မိကြဘဲ ။
ကျွန်မ သူ့ ကို တကယ် ကြိုက်ခဲ့တာပါ ။
◾ဝင်းဖေ
📖 ချယ်ရီ မဂ္ဂဇင်း
၁၉၉၀ ၊ နိုဝင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment