Friday, September 6, 2024

အတိတ် ၏ အရိပ်


 

❝ အတိတ် ၏ အရိပ် ❞
━━━━━━━━━━━━━━
    သန်းမြင့်အောင်
━━━━━━━━━━━━━━
ကြာတော့လည်း ကြာခဲ့ပါပြီလေ ။

ဒါပေမဲ့ ကျုပ် တစ်သက် မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ သူတွေပေါ့ ။

သူတို့ သားအမိ ကို ရှာခဲ့တာ နယ်တကာ့ နယ် စုံနေပြီ ။ အခု တွေ့မယ့် တွေ့တော့လည်း ရန်ကုန် လို မြို့ကြီး ပေါ်မှာ မှ မမျှော်လင့် မထင်မှတ်တဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်း ထဲမှာ လာ တွေ့ရ တယ် ။ ကျုပ် ရန်ကုန် ကို တက်လာတာ က သူတို့ ကို မတွေ့ရတော့တဲ့ အဆုံးကျတော့ မှ စိတ် လျှော့ပြီး ထွက်လာခဲ့တာ ။ ရန်ကုန် လို နေရာမျိုး က မရှက်မကြောက် လုပ်စားရင် ထမင်း တော့ မငတ်နိုင်ဘူး မဟုတ်လား ။ တစ်လမ်း ဝင် တစ်လမ်း ထွက် ပလတ်စတစ် လိုက်ကောက် ရောင်း တောင် တစ်ဝမ်း တစ်ခါး အတွက် တော့ ဖူလုံနိုင် ကောင်းပါရဲ့ ။  နယ် မှာ တော့ ကျုပ် အတွက် အလုပ် ရှားတယ်လေ ၊ ပြီးတော့ ကျုပ် က အဘိုးကြီး ဖြစ်နေပြီ မဟုတ်လား ။ သိပ် မသုံးချင်ကြတော့ဘူးပေါ့ ။

တစ်နေ့တော့ ဘိုးစိန်လမ်း ပေါ်မှာ ကျုပ် တစ်ယောက် တည်း အတွေးပေါင်းစုံ ကို အဖော်ပြုပြီး တိတ်တိတ်ဆိတ်ဆိတ် လျှောက် လာတုန်း ဗြုန်း ဆို ကားဖြူဖြူကလေး တစ်စင်း က ဘေး က နေ ပွတ်ဆွဲ သွားတယ် ။ အရှိန် မပြင်းပေမဲ့ အကြောက် လွန်ပြီး ခုန်ရှောင် လိုက် မိလို့ ကျုပ်  လမ်းဘေးမှာ ပုံလျက်ကြီး လဲကျသွားတာ တော်တော် နဲ့ ပြန် မထနိုင်ဘူး ။ အဲဒီ ခဏ မှာ ရပ်သွားတဲ့ ကား ပြတင်းပေါက် က ကလေးမ ငယ်ငယ် တစ်ယောက် မျက်လုံးလေး အပြူးသား နဲ့ ထိတ်လန့်တကြား လှမ်းကြည့်လိုက်တာကို မြင်ရသလိုပဲ ။ ကားမောင်း လာတဲ့ ကလေးမ ထင်ပါရဲ့ ။ အားတုံ့အားနာ အကြည့် ခံ လိုက်ရလို့ ကျုပ် ကျေနပ်မိပါရဲ့ ။ တော်ပြီပေါ့ ၊ ဒီလောက် ဆိုရင် လုံလောက်ပါပြီ ။ ကျုပ် လို အနုပ်စုတ် ကုပ်စုတ် ကို ဘယ်သူ က ကော အရေးတယူ မေးမြန်း နေဖို့ လိုဦးမှာ လဲ ။

ဒါပေမဲ့ ကျုပ်  အံ့ဩ ရပြန်တယ် ။ မိန်းကလေး က ကားတံခါး ကို ဖွင့်ပြီး ဆင်းလာတယ် ။ ပြီးကျ တော့ ကြိုးစားနေတဲ့ ကျုပ် ရဲ့ လက်မောင်း ကို ဆုပ်ကိုင် ပြီးတော့ ဆွဲကူထူမ ပေးတယ် ။

“ ဘာဖြစ်သွားသေးလဲ အဘ ” တဲ့ ။

မေးမေး ပြောပြော နဲ့ ကျုပ် မျက်နှာ မြင်လိုက်ရတယ် ဆိုရင်ပဲ အတော် လန့်ဖျပ် သွားပုံရတယ် ။ ဖြစ်ရမယ်လေ ။ ကျုပ် ကလည်း လူတစ်ဖက်သား သွေးလန့်စရာ ကောင်း လောက် အောင် ကို အရုပ် ဆိုး ပေတာကိုး ။ ဘယ်ဘက် မျက်လုံး တစ်လုံး က ဟောက်ပက် ၊
ညာဘက် မျက်ခမ်းစပ် ကနေ ဘယ်ဘက် နုတ်ခမ်းဖျား အထိ နှာတံ ကို ဖြတ်သွားတဲ့ အမာရွတ် ကန့်လန့်ကြီး က လည်း ထင်းထင်းကြီး ပေါ် နေတော့ ဘယ်မှာ ကြည့်ပျော်ရှုပျော် ရှိပါ့မလဲ ။ ကလေးတွေ ဆို ကျုပ် ကို သွေးပျက် မခန်း ကြောက်ကြတာပေါ့ ။

ဒါပေမဲ့ ဒီကလေးမ ကတော့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်လေ ။ ချက်ချင်း မျက်နှာ ကို ပြင်ပြီး ကျုပ် လက် က ပွန်းပဲ့ နေတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကို ကိုင် ကြည့်တယ် ။ ဒီတုန်း က ဒီ ကလေးမ ကို ကျုပ်  ရှာနေတဲ့ လူ နှစ်ယောက် အနက် က တစ်ယောက် ဖြစ်လိမ့်မယ်လို့ လုံးဝ မထင်မိခဲ့သေးဘူး ။

“ ဆေး ထည့်ရအောင် အိမ် ကို လိုက်ခဲ့နော် တံတောင်ဆစ် မှာ သွေးတွေ ထွက်နေ တယ် ”

ပင်ကို စေတနာ မဆိုးရှာတဲ့ ကလေး ပါ ပဲ ။

“ နေပါစေ ကလေးရယ် ၊ ဒုက္ခများ ပါတယ် ၊ ပွန်းရုံပဲ့ရုံကလေးပါ ”

“ မဟုတ်တာဘဲ အဘ ရယ် ၊ ဆေး မထည့်ရင် အနာတွေ ရင်း ကုန်မှာ ပေါ့ ။ သမီး ကားမောင်း မကျွမ်းကျင်လို့ ခုလို ဖြစ်ရတ သမီး ပြုစုပါရစေ ။ ရှေ့ နှစ်ခြံ ကျော်ရင် သမီးတို့ ခြံကို ရောက်ပါပြီ ဘ ရဲ့  ။ လိုက်ခဲ့ပါနော် ။ နောက်ပြီး ဘ ကို စားစရာ တစ်ခုခုနဲ့ လည်း ဧည့်ဝတ် ပြုပါရစေနော် ” 

စားစရာ တစ်ခုခု ။

ဒဏ်ရာတွေ ကို ဆေး ထည့်လိုစိတ် မရှိပေမဲ့ အမှန် ကို ဝန်ခံရရင် စားစရာ တစ်ခုခု ကိုတော့ ကျုပ် တမ်းတ နေမိတယ် ။ ဟုတ်တယ်လေ ၊ မနေ့ နေ့လယ် က ကောက်ညှင်းပေါင်း ငါးမူးဖိုး ကို ရေ နဲ့ မျောချပြီး ကတည်း က ဒီ ကနေ့ မနက် ထိ ကျုပ်  ဘာမှ မစားခဲ့ရသေးဘူး ၊ ဒီတော့ အခု လောလောဆယ် ကျုပ်  အူ ထဲ မှာ တကြုတ်ကြုတ် ။

•••••   •••••   •••••

“ အား ... ”

ဗိုက် ကို တအား အင့် သွားတာပဲ ၊ အစားကောင်းကလေးများ မစားရတာ ကြာပေါ့ ။ ဗိုက်ပြည့် သွားမှ ပဲ ပတ်ဝန်းကျင် ဝဲယာ ကို ကျုပ် ကြည့်နိုင်တော့တယ် ။ ကျုပ် ကို ခြံ ထဲက ပလတ်စတစ် ရောင်စုံ ပွင့် စားပွဲခင်း အုပ်ထားတဲ့ စားပွဲကု,လားထိုင် မှာ ဧည့်ခံတာ ဆိုတော့ သူတို့ ရဲ့ တိုက်ကြီး ကို အပြင် ကနေ ဆီးပြီး မြင်နေရတယ် ။ အတော်ကလေး ချမ်းသာကြတဲ့ မိသားစုတွေပါပဲ ။ ဒါပေမဲ့ ဒူး နေရာ ဒူး ၊ တော် နေရာ တော် ။ ကျုပ် ကတော့ ကိုယ် နဲ့ တန်ရာတန်ရာ ခြံထဲ မှာ ပဲ ထိုင် လွေး ရတာပေါ့ ။ ဗိုက်တင်း သွားတော့ ကျုပ်  ပြန်ချင် လာပြီ ။ ကလေးမ ကို နှုတ်ဆက်ဖို့ ဟိုဟိုဒီဒီ လှမ်းရှာရတယ် ။

အဲဒီအခိုက်မှာ ကလေးမ နဲ့ အတူ သူ့ အမေ ဖြစ်ပုံရတဲ့ ရွှေကိုင်းတပ် ပါဝါမျက်မှန် နဲ့ ခန့်ခန့်ချောချော အမျိုးသမီးကြီး တစ်ယောက်ပါ ကျုပ် ကို အကဲခတ်တဲ့ အကြည့်တဲ့ ကြည့်ပြီး ဣန္ဒြေရရ လျှောက်လာကြတယ် ။

တဒင်္ဂအတွင်းမှာ ပဲ ကျုပ် တစ်ကိုယ်လုံး အေးစက် တောင့်တင်းပြီး အံ့သြ တုန်လှုပ်ခြင်းတွေ ခန္ဓာကိုယ် အနှံ့ ပျံ့လွ င့်ကုန်ကြတယ် ။ ဟုတ်မှ ဟုတ်ပါလေစရယ် လို့ လည်း ကိုယ့် ရဲ့ တစ်ဖက် တည်းသော မျက်လုံး အပေါ် မသင်္ကာ ဖြစ်မိသေးတယ် ။ ရုတ်ခြည်းပဲ ဒီ ခြံ ထဲ က ပြန်လည် ထွက်ခွာလိုတဲ့ ကျုပ် ဆန္ဒတွေ လည်း ရင် ထဲ က ထွက်ပြေး ကုန်ကြပြီ ။ ကျုပ် အဓိက ရှာဖွေနေတဲ့ သူ ကို တွေ့ပြီပဲ ။

ကျုပ် ဘဝ ရဲ့ ဦးတည်ရာ ခရီး ဟာ ဒီမှာ တင် ဆုံးနေပြီ ။ ဒါကြောင့် မိနစ်ပိုင်း အတွင်းမှာ ဆုံးဖြတ်ချက် တစ်ခု ကို အကောင်အထည် ဖော်ဖို့ ကြိုးစားလိုက်တယ် ။ အရေးကြီးတာ က သူတို့ သားအမိ နဲ့ ကျုပ် နီးစပ်စွာ နေရဖို့ ပဲ ။

“ အပြောကောင်းတယ် ” ဆိုတာ ဒါမျိုးပဲ ထင်ပါရဲ့ ။ လျှာ တစ်ချောင်း ကို ဗလောင်းဗလဲ လုပ် လိုက်တာ နဲ့ ကျုပ်  အခု လမ်းမ ပေါ် က နေပြီး သူဌေးတိုက် မှာ ခြံစောင့် ဘဝ နဲ့ အေးအေးလူလူ နေရတဲ့ အဆင့် ကို ရောက် နေပြီလေ ။ အိမ်ရှင်မ က ပင်ကို စေတနာ ကောင်းပေမဲ့ တည်လွန်းတာ ကြောင့် ကျုပ် နဲ့ အကျွမ်းမဝင် သော်လည်း ကလေးမလေး ကတော့ အတော့် ကို ချစ်စရာ ကောင်းပါတယ် ။ သူတို့ နှစ်ယောက် ကို တွေ့မြင် နေရပေမဲ့ ကျုပ် လာရင်း ကိစ္စ ကို အကောင်အထည် ဖော်ဖို့ ရာ မရွံ့မရဲ ဖြစ်နေရ ပြန်တယ် ။

“ အဘ ”

ကျုပ် ရှေ့ ကို ဖြုန်းခနဲ လာရပ်ပြီး တမင် လှန့် ခေါ်လိုက်တဲ့ ကလေးမလေး အသံကြောင့် ကျုပ် စိတ် ကို ကျုပ် မလုံဘဲ လန့်သွား လိုက်တာ လက် ထဲ က ရေနွေးကြမ်း ပန်းကန်လေး တောင် ဆတ်ခနဲ တုန်ပြီး ရေနွေးစက်တွေ ဖိတ်စဉ် ကုန်တဲ့ အထိပါပဲ ။ အရင်တုန်း က ကျုပ် သတ္တိတွေ ဘယ်ရောက် ကုန်ပါ လိမ့် ။

“ ဟား ... ဟား ... အဘ က တကယ် လန့်တတ်တယ် ၊ ရွှေစင် က တမင် တိတ်တိတ်ကလေး တက်လာတာ ၊ ဟို ခေါင်းရင်း ခြံထောင့် က မြေတွေ ပွနေတာ ဘာလုပ် ထားတာလဲလို့ ”

“ ဟော ကလေး ပဲ စံပယ်ပင် စိုက်ချင်တယ်ဆို ၊ အဲဒါ အဘ မြေဆွ ထားတာပေါ့ ”

“ သမီး ဟာ သမီး လုပ်မှာ ပေါ့ အဘ ရဲ့ ၊ အဘကြောင့် သမီးတော့ အဆူခံရဦးမယ် ”

“ အို ... ဘာလို့ တုံး သမီးရဲ့ ”

“ မေမေ က အဘ ကို ညရေးညတာ ရန် ကာကွယ်ဖို့ က လွဲရင် ဘာမှ အပို မခိုင်းရဘူးလို့ မှာ ထား တာ အဘ ရဲ့ ”

“ ဒီ အတွက်တော့ စိတ်ချပါ ကွယ် ၊ ဘာမှ မစိုးရိမ်ပါနဲ့ ဒီ ခြံထဲ ကို လည်း လူဆိုးသူခိုး တော်ရုံနဲ့ မဝင်ရဲပါဘူး ”

“ အဘ မသိပါဘူး ၊ သမီး တို့ သားအမိ မှာ ရန်သူ ရှိတယ်တဲ့ အဘ ရဲ့ ၊ မေမေ ပြောတယ် ”

“ ဟင် .... ”

“ ဟဲ့ ... သမီး ရွှေစင် ၊ ဒီမှာ ဘာလာ လုပ်နေတာလဲ ၊ ကျောင်း သွားမယ့်ဟာ သွားစမ်း ”

ရုတ်တရက် အနား ရောက်လာတဲ့ မိခင် ဒေါ်သူဇာ က ငေါက်လွှတ် လိုက် လို့ ရွှေစင်ကလေး ဟာ ကျုပ် အပါး က အပြေးကလေး ထွက်သွား ရှာတယ် ၊ ကျုပ် ဟာ ကလေး ရဲ့ နောက်ဆုံး စကား ကြောင့် ခုထိ ငိုင်တွေ နေမိတုန်းပဲ ။

“ ဒီ မှာ ဦးထွန်းမောင် ၊ ခဏလောက် အိမ်ထဲ လိုက်ခဲ့ပါဦး ၊ ပြောစရာရှိလို့ ”

“ ဟုတ်ကဲ့ ခင်ဗျ ဟုတ်ကဲ့ ”

ကျုပ် ရင် တထိတ်ထိတ် နဲ့ ဒေါ်သူ ဇာရဲ့ နောက်က လိုက်ခဲ့ရတယ် ၊ အိမ်ထဲ ရောက်တာနဲ့ ဒေါ်သူဇာ ဟာ ဧည့်ခန်း ထဲ က ဆိုဖာ တစ်ခု ပေါ်မှာ ကျုပ် ကို နေရာချ ပေးတယ် ၊ ပြီးမှ သူ က သံတံခါး ကို အတွင်း ကနေ ပြန်ဆွဲ စေ့ပြီး ကျုပ် ဆီ ကို ပြန်လှည့်လာတယ် ။ ကျုပ် အပေါ် မှာ ယုံကြည် စိတ်ချဟန် အပြည့်အဝ ကိုတော့ တင်းမာသယောင် ထင်ရတဲ့ သူ့ မျက်နှာပေါ်မှာ ပဲ ကျုပ် အကဲခတ်နိုင်စွမ်း ရှိခဲ့ပါ တယ် ။ ကျုပ် က သူ့ ကို ဂရုတစိုက်နဲ့ လှုပ်ရှားမှု မှန်သမျှ အသေးစိတ် လိုက်ကြည့် နေပေမဲ့ သူ ကတော့ တစ်စုံတစ်ခု ကို သာ နှိုက်နှိုက်နှဲနှဲ စဉ်းစား နေပုံရတယ် ။ ပြီးတော့မှ ကျုပ် မျက်နှာ ကို စေ့စေ့ ကြည့်ပြီး ဖြည်းဖြည်းချင်း နဲ့ စကား ကို ချိန်ဆ ပြီးတော့ ပြောတယ် ။

“ ဒီလိုပါ ၊ ဦးထွန်းမောင် ကို ကျွန်မ ရိုးသားပြီးတော့ သစ္စာရှိမယ့် လူ တစ်ယောက် လို့ ယုံကြည် မိတယ် ။ အခုတစ်ခါ သမီး က လည်း အစ လုပ်ပြီး ပြောသွားတဲ့ စကားတစ်ခွန်း က ရှိသွား လေတော့ ကျွန်မ အနေနဲ့ ဦးထွန်းမောင် ကို  ပွင့်ပွင့်လင်းလင်းပဲ ပြောပြပြီး အကူအညီ တောင်းထားရင် ကောင်းမယ် ထင်လို့ ပါ ”

“ ဟုတ်ကဲ့ ”

“ ကျွန်မတို့ သားအမိ မှာ ရန်သူ ရှိနေတာကတော့ အမှန်ပါပဲ ။ ကျွန်မ မှာ တစ်နေ့ တစ်နေ့ အဲဒီ ရန် ကိုပဲ တွေးပူပြီး နေရတာပါ ။ အရွယ် ရောက်နေတဲ့ သမီးလေး နဲ့ မုဆိုးမ ဘဝ ဖြစ်နေတဲ့ ကျွန်မတို့  မှာ သစ္စာရှိတဲ့ လူယုံ တစ်ယောက် ကတော့ လိုအပ်နေတာ အမှန်ပဲ ။ ကျွန်မ အသက် နဲ့ ကျွန်မ ခန္ဓာကိုယ်ကို ကျွန်မ မနှမြောပါဘူး ။ စည်းစိမ် ဥစ္စာလည်း ကျွန်မ မတပ်မက်ပါဘူး ။ ပစ္စည်း  သင်္ခါရ ၊ လူသင်္ခါရပါ ။ ကျွန်မ သမီးလေး ဘေးဆိုး ရန်ဆိုး တွေ့မှာ ၊ ဒုက္ခ ရောက်မှာ ကို ပဲ ကျွန်မ စိတ်ပူတာပါ ။ ဒါတွေ ပြောလို့ ဦးထွန်းမောင် နားလည်မှာ မဟုတ်ပါဘူးလေ ။ ကျွန်မ ဦးထွန်းမောင် သဘော ပေါက်အောင် အစ က နေပြီး ပြောပါ့မယ် ၊ ရာဇဝင် က တော့ အရှည်ကြီးပဲ ”

အတိတ်ဟောင်း ကို ပြန်ပြောင်း ပြောနေတဲ့ ဒေါ်သူဇာ ရဲ့ မျက်ဝန်းတွေ က မှိုင်းမှုန်ရီဝေနေ သလို အသံတွေ က လည်း မသိမသာ တုန်နေ သလိုပါပဲ ။ သိပြီးသား အကြောင်းအရာ တွေပဲ ဖြစ်လိမ့်မယ် ဆိုတာ သိနှင့်ပြီး ပေမဲ့ ကျုပ် စိတ်ဝင်တစားပဲ နားထောင် နေမိပါတယ် ။

“ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ကျော် လောက်ကပေါ့ ။ ကျွန်မတို့ ရဲ့ ဇာတိရွာကလေး ဟာ အမြဲတမ်း မအေးမချမ်းတဲ့ သူပုန် လက်အောက်ခံ ရွာကလေးပါ့ ။ မိဘမဲ့ တစ်ကောင်ကြွက် ဘဝ နဲ့ နီးစပ်ရာ ဆွေမျိုး အိမ်မှာ ကပ် နေရတဲ့ ကျွန်မ ဟာ အရွယ် ရောက်တာနဲ့ သူပုန်ဗိုလ် ကျားကြီး ဆိုတဲ့ လူ တစ်ယောက် ရဲ့ အတင်းအဓမ္မ သိမ်းပိုက်ခြင်း ကို ခံခဲ့ရတယ် ။ ဒါပေမဲ့ ကျားကြီး နဲ့ မပေါင်းဖက်ရ မိသေးခင်မှာ ပဲ အခြား ဗိုလ် တစ်ယောက် ကို အတင်း အကူအညီ တောင်းခံပြီး ကျွန်မ ဘဝ ကို လုံခြုံ အောင် ခေတ္တခဏ ကာကွယ်နိုင်ခဲ့ပါတယ် ။

တောတွင်းပါတီ ဆိုတာက ဗိုလ်ကျားကြီး တို့ လို အသားစားကြူးတဲ့ လူ့ဘီလူးတွေ ရှိသလို သမီး ရွှေစင်တို့ အဖေ ဗိုလ်ခန့်မောင် လို မဟုတ်မခံ စိတ်နဲ့ ၊ သစ္စာ ၊ သမာဓိ ၊ သတ္တိကို လွဲမှားစွာ အသုံး ချမိပြီး လမ်းမှား ရောက်လာတဲ့ လူတွေ လည်း ရှိတာပဲ ၊ တိုတို ပြောရမယ် ဆိုရင်တော့ ကျွန်မ ကို ဗိုလ်ခန့်မောင် ဟာ ကျွန်မကို သူ့ ရဲ့ ကွဲကွာနေတဲ့ ငယ်ရည်းစား ဆိုပြီး အတင်း လုယူပြီး ကယ်တင်ထား လိုက်တယ် ။ မိန်းမတွေ အများကြီး လက်ရှိ ရှိနေတဲ့ ဗိုလ်ကျားကြီး က သူ့ ထက် အဘက်ဘက် က သာပြီး လူပျိုလူလွတ် ဖြစ်နေတဲ့ ဗိုလ်ခန့်မောင် အပေါ် အားမတန် တော့ မာန်လျှော့ လိုက်ရတာပေါ့ ။ ဒါပေမဲ့ ကျွန်မ အပေါ် မှာ တော့ အမြဲတမ်း အလစ် ချောင်းပြီး ဆင်ကြံ ကြံနေတော့တာပဲ ။ နောက်ပိုင်း မှာ တော့ အစ်ကိုခန့်မော င်နဲ့ ကျွန်မ ဟာ တစ်ယောက် နဲ့ တစ်ယောက် မေတ္တာမျှပြီး အေးအတူ ပူအမျှ တော ထဲ မှာ နေထိုင်ရင်း နဲ့ ပဲ သမီးလေးရွှေစင် ကို တောကြိုအုံကြားမှာ ပဲ မွေးခဲ့ရတယ် ”

“ အစ်ကို ခန့်မောင် ဟာ သမီးလေး တစ်ယောက် ရမှ သူ့ အမှားတွေ ကို သူ မြင်လာတယ် ။ ပါတီ ရဲ့ ခံယူချက် ၊ ယုံကြည်ချက် တွေကို သံသယ ဝင် လာတယ် ။ သဘောတရား တခြား လက်တွေ့ တခြား ဖြစ်နေတဲ့ လုပ်ရပ်တွေ နဲ့ ကမ်းကုန် နေတဲ့ မိုက်မဲမှုတွေ ကို တဖြည်းဖြည်း ရွံမုန်းပြီး စိတ်ကုန် လာတယ် ။ သူ့ ကြောင့် သမီးလေး ရွှေစင် တစ်ယောက် လူ့ လောက မှာ ပတ်ဝန်းကျင်ကောင်း နဲ့ ကင်းဝေးရတော့မယ် ဆိုပြီး အမြင်မှန်တွေ ရလာတယ် ။

သူ့ တပည့်တွေ ထဲ မှာ သူ့ အပေါ် သစ္စာ အရှိဆုံး တပည့် တစ်ယောက် ဖြစ်တဲ့
သာအေး ကို တစ်နေ့မှာ ကျွန်မတို့ သားအမိ ကို အပ်ပြီး တောမြို့လေး တစ်မြို့မှာ ရှိနေတဲ့ သူ့ မိဘများ ဆီ ကို စာ ရေးပြီး တိတ်တဆိတ် ပို့ခိုင်းတယ် ။ သူ့ ကို ဟိုကနေ စောင့်နေဖို့ ရယ် ၊ တစ်ပတ် အတွင်း အခြေအနေ ကြည့်ပြီး ဆရာတပည့် နှစ်ယောက် အလင်းဝင် လာမယ့် အကြောင်းရယ် မှာ လိုက်တယ် ။ သာအေး ဟာ ကျွန်မ တို့ ကို ပို့ပြီး ညတွင်းချင်းပဲ တောထဲ ကို တိတ်တဆိတ် ပြန် သွားရတယ် ။

နောက် နှစ်ပတ်လောက် ကြာတော့မှ သာအေး တစ်ယောက် မျက်စိပျက် မျက်နှာပျက် နဲ့ ပြန် ရောက်တယ် ၊ ကျွန်မ တို့ သားအမိ ပျောက်သွားတဲ့ အတွက် ကျားကြီး ရဲ့ တို့ ထောင်မှု စနက်ကြောင့် အစ်ကို့ ကို ပါတီ အပေါ် သစ္စာဖောက်မှု နဲ့ သေဒဏ် ပေးလိုက်ပြီတဲ့  ၊ သာအေး အပေါ် တော့ သံသယ ကင်းကြသတဲ့ ။ သာအေး ဟာ တကယ်လည်း သစ္စာရှိတဲ့ လူယုံ တစ်ယောက် ပါ ၊ အစ်ကို့ ကို စွဲချက်တင် ထားတဲ့ ရက်အတွင်းမှာ ‘ ငါ့ ကို ကယ်ဖို့ မင်း လုံးဝ မစဉ်းစားနဲ့  ၊ မင်း ပါ ဒုက္ခရောက် မှ ဟိုမှာ ရောက် နေတဲ့ ငါ့ သမီးလေး နဲ့ ငါ့ မိ န်းမ ကို သတင်းပို့စရာ လူ မရှိဘဲ ဖြစ်ပြီး သူတို့ ကိုပါ ခြေရာခံ မိသွားဦးမယ် ၊ ငါ သေပြီး ရင် မင်း အလင်း သွားဝင် ၊ ဟို ရောက်ရင် ငါ့ မိဘတွေ နဲ့ ငါ့ ဇနီး ကို လက်ရှိ မြို့မှာ မနေနဲ့ တော့ ၊ အားလုံးကို ခြေရာ ဖျောက်ပြီး တစ် မြို့ မြို့ မှာ သွားပြီး ဇာတ်မြှုပ် နေကြတော့လို့ ပြောဖြစ်အောင် သွား ပြောပေးပါကွာ ’ လို့ မှာ သွားတယ်တဲ့  ။

သာအေး ဟာ သူ့ ဆရာ ရဲ့ အမှာ စကားတွေ ကို ကျွန်မ ဆီ ရောက်အောင် သယ်လာ ပေးရှာ တယ် ။အခုဆို သာအေး ဆုံးတာ ၃ နှစ် လောက် ရှိပြီ ။ ကျွန်မ လက်မောင်း တစ်ဖက် ပြုတ်တာပေါ့ ။ ဗိုလ်ကျားကြီး က အစ်ကို ခန့်မောင် ကို သူ ကိုယ်တိုင် စီရင်ပါရစေလို့ ခွင့်တောင်းပြီး သ,တ်ခါနီး ဆဲဆဲ မှာ လည်း -

‘ ငါ မသေသရွေ့ မင်း မယား ကို ရှာပြီး ရာဇဝင်ကြွေး ကောင်းကောင်း ဆပ်ရဦးမယ် ခန့်မောင် ရေ ။ ငါ့ အပေါ် တစ်ကွက်ကျော် သွားတဲ့ မင်းတို့ လင်မယား နှစ်ယောက် စလုံး ငါ့ လက် ထဲ က ဘယ်တော့မှ မလွတ်စေရဘူး ’ လို့ ကြုံးဝါးပြီး အစ်ကို့ ကို ဓားနဲ့ ခုတ်သ,တ်ပြီး အလောင်းပါ မြစ်ထဲ ဆွဲချလိုက်တဲ့ ရက်ရက်စက်စက် လုပ်ရပ်တွေ ကို သာအေး ပြောပြတုန်းက ကျွန်မ မှာ ရူးမတတ် ခံစားခဲ့ရပါတယ် ရှင် ”

ဒေါ်သူဇာ ဟာ မျက်မှန် ကို ချွတ်ပြီးတော့ မျက်ဝန်း တစ်ဝိုက် ကို လက်ကိုင်ပဝါလေး နဲ့ ပွတ်သုတ် နေပြန်တယ် ။ ဒီတော့မှ “ ဪ ... သူ မျက်ရည် ကျနေပါလား ” လို့ ကျုပ်  သတိ ဝင်ပြီး ဘယ်လို နှစ်သိမ့်ရမှန်း မသိပြန်တာ နဲ့ အသာပဲ ငိုင်တွေပြီး ကြည့်နေမိတယ် ။ ရင် ထဲ မှာ တော့ တယ် မကောင်းလှဘူး ။

“ အဲဒီ ကျားကြီး ဆိုတဲ့ လူယုတ်မာ ဟာ ပြောရင် ပြောသလို လုပ်တတ်တယ် ။ သွေးအေးအေး နဲ့ ရက်စက်တတ်တဲ့ ဉာဉ် လည်း ရှိတယ် ။ ကျွန်မ အပေါ် မှာ လည်း သူ အစွဲအလမ်း တော်တော် ထားပုံရတယ် ၊ တော ထဲ မှာ လင် နဲ့ သား နဲ့ ဖြစ်နေသည့် တိုင် သူ့ ရဲ့ ထိကပါး ရိကပါး ယုတ်မာတဲ့ ဒဏ်တွေ ကို အစ်ကို မသိအောင် ကျွန်မ မှာ မနည်း လွတ်အောင် ရှောင်ခဲ့ရတယ် ။

အခုတော့ အနှစ် နှစ်ဆယ် ကျော် ကာလ မှာ စီးပွားရေး ကံကောင်းခဲ့ပေမဲ့ ကျွန်မ ဟာ တစ်နေ့ မှ စိတ် မချမ်းသာခဲ့ပါဘူး ။ လူယုံတော် သာအေး တစ်ယောက် ဆုံးပါး သွားပြန်တော့ ကျွန်မ အားငယ် လာတယ် ။ သူ ဟာ ကျွန်မ ဆီ ကို တစ်နေ့ နေ့ မှာ ရောက်လာလိမ့်မယ် လို့ အမြဲပဲ ထင်နေတယ် ။ အခု ရက်ပိုင်း အတွင်း မှာ ဆို ကျွန်မ စိတ်တွေ လေးပြီး အလိုလို လန့် နေတယ် ။ ရန်သူ ဟာ ကျွန်မတို့ ရဲ့ လက်တစ်ကမ်း အကွာ မှာ ရှိနေပြီလို့ လည်း အလိုလို ထင်လာတယ် ။ ဒါဟာလည်း အမြဲ နှလုံးသွင်း နေတဲ့ ဘုရား ရဲ့ ဂုဏ်တော်ကျေးဇူး ကြောင့် နေ မှာ ပါ ။ ကျွန်မ ရင်ထဲ မှာ အမြဲ လေးနေတယ် ။ ဒါကြောင့် ဦးထွန်းမောင် ကို ဖွင့် ပြောဖြစ်တာပါ ။ ကျွန်မတို့ သားအမိ ရဲ့ အတွင်းရေး ကို သိရပြီမို့ ကျွန်မတို့ အပေါ် မှာ အရင်က က ထက် စေတနာ ထားပြီး စောင့်ရှောက် ပေးပါလို့ ”

•••••   •••••   •••••

အဲဒီ နေ့ က များ တစ်နေကုန် စိတ်လှုပ်ရှားပြီး နှစ်ည လောက် ဆက်တိုက် အိပ် မရအောင် ဖြစ်သွားတယ် ။ မြနှစ် ရဲ့ အသွင်သဏ္ဌာန် ဟာ ကျုပ် မျက်လုံး ထဲ မှာ တရစ်ဝဲဝဲ ပေါ်နေတယ် ။

ဪ ... မြနှစ် ဆိုတာက မသူဇာ လေ ၊ အဲဒီ အချိန်တုန်း က သူ့ နာမည် ဟာ မသူဇာ လို့ မပြောင်း ရသေးတဲ့ မြနှစ် ဆိုတာရယ် ၊ ရွှေစင် လို့ နာမည် ပြောင်းထားတဲ့ သမီး အမည် က ဖြူဖြူ ဆိုတာရယ် ကို တော့ သူ ထည့် မပြောသွားဘူးလေ ။

အတွေး လွန်ပြီး ဆက်တိုက် အိပ်ရေးပျက်တဲ့ အရှိန်တွေ ကြောင့် ကျုပ် ခေါင်းတွေ ဟာ သိပ် လေးလံပြီး ကိုက်ခဲ နေတယ် ။ ရင် ထဲ က အပူ ဟာ လည်ချောင်း ထဲ မှာ ပါ မီးခဲကြီး မျိုထား ရ သလို အရှိန်တညီးညီး နဲ့ မျက်လုံးတွေ နှာခေါင်းတွေ အထိပါ ကူးစက်ပျံ့နှံ့ပြီး တစ်ကိုယ်လုံး လည်း ကိုင်ရိုက် ထားသလို နာကျင် နေတယ် ။

သိလိုက်ပြီပေါ့ ၊ ကျုပ် ဖျား နေပြီ ဆိုတာ ။

ချက်ချင်းပဲ အားယူ ထ ပြီးတော့ ရေနွေး တစ်အိုး ကျို လိုက်တယ် ။ ပြီးတော့ အသင့် ရှိနေတဲ့ ဆေးနီမှုန့် ကို ကွမ်းရွက်ပြုတ်ပူပူလေး နဲ့ သောက်ချလိုက်တယ် ။ ခုနေခါမှာ အဖျားအနာ ကို ကျုပ်  အလာ မခံနိုင် သေးဘူး ။ တော ထဲ က ငှက်ဖျား ပေါတဲ့ အရပ် မှာ တောင် ဒေါင်ဒေါင်မြည် အောင် နေလာခဲ့ ကောင်ပဲ ၊ ငါ ခုချက်ချင်း အကောင်း ပကတိ ဖြစ်ရမယ် ဆိုတဲ့ သန္နိဋ္ဌာန် နဲ့ ကြိတ်မှိတ်ပြီး စောင် ကို ခေါင်းမြီးခြုံ ချွေးထုတ်ရင်း အိပ် ပျော်အောင် အိပ် ပစ် လိုက်တယ် ။

•••••   •••••   •••••

လွတ် နေတဲ့ အာရုံတွေ ကြားမှာ အသံ တစ်သံ ကို ကြားလိုက်ရသလိုပဲ ။ အချိန် ကို ခန့်မှန်းကြည့် တော့ သန်းခေါင်ကျော် လောက် ရှိပြီထင်ရဲ့ ။ ကျုပ်  တကယ် အိပ်ပျော် သွားတာကိုး ။ အိပ် တစ်ဝက် နိုးတစ်ဝက် နဲ့ ကြားမိတဲ့ အသံ ကို အာရုံပြန် ခံစားပြီး သရုပ်ခွဲ ကြည့်မိတယ် ။

အင်း ... မှန်ကွဲသံ ၊ ပြတင်းပေါက် မှန်ကွဲသံ ။

ရုတ်ခြည်းပဲ ဆတ်ခနဲ ထ ထိုင်မိတယ် ။ အိမ်ကြီး ဆီ မျှော်ကြည့် လိုက်တော့ အပေါ်ထပ် ကွဲ နေတဲ့ ပြတင်းမှန်ကပ် က တစ်ဆင့် လူစိမ်း နှစ်ယောက် ရဲ့ အရိပ်သဏ္ဌာန် ကို ဝိုးတဝါး မြင်လိုက်ရ တယ် ။ ကျုပ်  တာဝန် မကျေလို့ အိမ် ကို ဓားပြ ကပ်ပြီ ဆိုတဲ့ အသိနဲ့ ပူထူ သွားပြီး ဓား ကို ဆွဲထုတ်လို့ သူတို့ တွယ်တက် သွားတဲ့ ပိုက်လုံး က တစ်ဆင့် တွယ်ပြီး သူတို့ ရိုက်ခွဲ ဝင်ခဲ့တဲ့ မှန်ပြတင်း ကပ် နေပြီး တော့ မိုက်မိုက်ကန်းကန်း ခုန်ဝင်ခဲ့တယ် ။ အဲဒါ ကျုပ် အမှား ပဲ ။

အမှန် မှာ လိမ္မာပါးနပ်ဖို့ နဲ့ အချိန် ယူတတ်ဖို့ လိုတာပေါ့ ။ လေတိုက် သလို ဖျတ်ခနဲ ရောက်လာ တဲ့ ကျုပ် ကို ခုတင် ပေါ်မှာ ငုတ်တုတ်ကလေးတွေ ဖြစ်နေတဲ့ မြနှစ် တို့ သားအမိရယ် ၊ လူဆိုး နှစ်ယောက်ရယ် က ပထမ ကြက်သေ သေပြီး ကြည့် နေကြတယ် ။ ဒါပေမဲ့ ချက်ချင်း ဆိုသလိုပဲ လူဆိုး တစ်ယောက် ရဲ့ တိုက်ကွက် က ကျုပ် ဆီ ပြောင်း လာတယ် ။ မီးရောင် အောက် မှာ ကျုပ် ဘက် တည့်တည့်ကို ရောက် လာတဲ့ သူ့ မျက်နှာကြောင့် ကျုပ် ရဲ့ ဒေါသတွေ ဟာ အထွတ်အထိပ် ကို ရောက်ကုန်တယ် ။

ဆောက်တည်ရာ မရတဲ့ ဒေါသအစိုင်အခဲကြီး ပေါက်ကွဲ ထွက်သွားတဲ့ ကျုပ် ရဲ့ အသံ ဟာ အခန်း ထဲမှာ ဟိန်းထွက် သွားတယ် ။

“ ကျားကြီး ”

ကျားကြီး နဲ့ ခုတင် ပေါ်က သားအမိ ရဲ့ အာရုံ ဟာ ကျုပ် ဆီ ကို ပိုပြီး စူးစိုက်လာကြတယ် ။ ကျားကြီး ရဲ့ အဖော် ကတော့ မြနှစ် တို့ သားအမိ ကို မလှုပ်ဖို့ ရာ သေနတ်နဲ့ ချိန် သတိပေး နေတယ် ။

“ ဘယ်က အဘိုးကြီး လဲ ၊ မဆိုင်ရင် ဝင်မပါနဲ့ ”

“ ဆိုင်သမှ သိပ် ဆိုင်တာပေါ့ကွ ၊ တပ်နီစခန်း မှာ မင်း အသေသ,တ်ခဲ့တဲ့ ခန့်မောင် လေကွာ ၊ မင်း လက်ချက် နဲ့ မျက်လုံး တစ်ဖက် ထွက်ပြီး မျက်နှာ မှာ ပါ မရှုမလှ ဒဏ်ရာတွေ နဲ့ မင်း ပေးခဲ့တဲ့ ဒုက္ခိတ အမွေထုပ်ကို ပိုက်ပြီး သေရွာ က ပြန်လာတဲ့ ခန့်မောင် လေ ”

ဟိန်းထွက် သွားတဲ့ ကျုပ် ရဲ့ အသံကြောင့် အခန်း ထဲ မှာ တော်တော်ကလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ် ။

“ ဒရဝမ် အကန်းကြီး တစ်ယောက် ရှိတယ်လို့ တော့ ကြားလိုက်မိသား ။ လက်စသတ်တော့ မင်းကိုး ။ ဘာလဲ မင်း ရဲ့ မြနှစ် က အခု အခြေအနေမှာ မင်း ကို လက်မခံနိုင်တော့ဘူးတဲ့ လားကွ ။ ဟား .. ဟား ... ဟား ဒီလိုပဲ ဖြစ်ရမယ်လေ ။ ဘယ့်နှယ်လဲ ဒေါ်သူဇာ တစ်ဖြစ်လဲ ဒေါ်မြနှစ် ရေ ။  ဒီ မျက်စိ တစ်ဖက်လပ် နေတဲ့ အကျည်းတန် ဒုက္ခိတကြီး နဲ့ စာ ရင် ကျုပ် လို သန်သန်မာမာ လူ တစ်ယောက် ရဲ့ မေတ္တာရိပ် မှာ ခိုလှုံရတာ ပိုပြီးတော့ ကျက်သရေ မရှိပေဘူးလား ။ နော့ ... သမီးလေး ရယ် ”

မြနှစ် ဘက် လှည့်ပြီး မြနှစ် ရဲ့ ပခုံး ကို ဆုပ်ကိုင်လို့ တစ်ဆက်တည်း မှာ ပဲ သမီး ရဲ့ ပါးပြင်ကလေး ကို လိမ်ဆွဲပြီး မခိုးမခန့် ရိပြတယ် ။ သမီး ကို ပါ ထိလာတော့ ကျုပ် မခံနိုင်တော့ဘူး ။ သူ့ အလစ် ကို ရလိုက်တဲ့ ခဏလေး မှာပဲ လက်ထဲ က ဓား ကို ကျစ်ကျစ်ဆုပ်ပြီး အတင်းဝင်လို့ အားရပါးရကြီး ခုတ်ပစ် လိုက်တယ် ။ မမျှော်လင့်ဘဲ ရောက်လာတဲ့ ဓားချက် ကြောင့် ကျားကြီး ဟာ အငိုက် မှာ မရှုမလှ ကြီး ခံလိုက်ရပြီပေါ့ ။

ကျုပ် ကျေနပ်သွားတယ် ။ ကျားကြီး ထံ က ကျယ်ကျယ်လောင်လောင် မဟုတ်တဲ့ နာနာကျင်ကျင် ညည်းညူသံ တစ်ချက် ပေါ်ထွက်လာတဲ့ အ ခိုက် မှာ ပဲ ကျုပ် ရဲ့ ဘယ်ဘက် ရင်အုံ တစ်ခြမ်း ဟာ လည်း ပူခနဲ ဖြစ်သွားတယ် ။ ကျားကြီး ကို ခုတ်ပိုင်းလိုက် ကတည်း က သူ့ တပည့် ရဲ့ ကျည်ဆန် တွေ ဟာလည်း ကျုပ် အတွက် ဖြစ်လာလိမ့်မယ် ဆိုတာတော့ မျှော်လင့် ပြီးသားပါ ။

အခြေအနေတွေ က ရုတ်ခြည်း ငြိမ်သက် သွားတယ် ။

ကြမ်းပြင် ပေါ်မှာ တစ်စုံတစ်ယောက် က ကျုပ် ရဲ့ ခေါင်း ကို ထူပွေ့ ထားတယ် ။

“ ဖြစ်ရလေ အစ်ကို ရယ် ၊ မြနှစ် ဘယ်လို ဖြေရမလဲ ၊ စောစောက ဖွင့်ပြော ပါတော့လား ”

သူ ကျုပ် ကို အပြစ်တင် နေတာများ လား ။ မင်းတို့ သားအမိ နဲ့ အတူ နေချင်ဇော နဲ့ အနှစ်နှစ် အလလက ရှာခဲ့ပါတယ် မြနှစ် ရယ် ။ တွေ့မယ့် တွေ့တော့ မင်းတို့ သားအမိ ရဲ့ အခြေအနေ ဟာ  ကျုပ် မထင်မှတ်လောက်အောင် ကြီးပွားချမ်းသာ နေကြတယ် ။ ကျုပ် တကယ်ပဲ ဝမ်းသာကြည်နူး မိပါ တယ် ။ ဒါပေမဲ့ ချမ်းသာကြွယ်ဝတဲ့ အရှိန်အဝါ ကြောင့် မြနှစ် တစ်ယောက် စိတ်များ ပြောင်း နေပြီလား ။ သမီးလေး ဟာ လမ်းမပေါ် က ခေါ်တင် လာတဲ့ ဒုက္ခိတ အကျည်းတန်ကြီး ကို အဖေ ရယ် လို့ သိသွားရင်
သိပ်များ ရှက်ကြောက် သွားမလား ဆိုတဲ့ အတွေးတွေ ကြောင့် ကျုပ် ရည်ရွယ်ချက် ပျောက်သွား ရ တယ်ပေါ့ ။ ဒါကြောင့် မင်းတို့ သားအမိ ကို မြင်တွေ့ နေရတဲ့ နေရာမှာ တင်ပဲ ကျုပ် ဘဝ ကို ပေးဆပ်ခြင်း နဲ့ အတူ မြှုပ်နှံထားလိုက်တယ်ပေါ့ မြနှစ် ရယ် ။

ရင်ထဲ မှာ စကားတွေ ပလုံစီ နေပေမဲ့ ပါးစပ် ထဲ မှာ သွေးစေးတွေ နဲ့ ပြည့်ပြီး စေးကပ် နေလို့ ပြော မထွက်ခဲ့ပါဘူး ။ သမီး နဲ့ မြနှစ် ကို ခေါ်ချင်တဲ့ ဆန္ဒ ကြောင့် ကျုပ် နှုတ်ခမ်းတွေ က တော့ တလှုပ်လှုပ် ၊ တရွရွ ဖြစ်နေကြလိမ့်မယ် လို့ ကျုပ်  ထင်တယ် ။ အတန်တန် အားယူကြည့် ပေမဲ့ အသံ ကို မဖန်တီး နိုင်တော့ဘူး ။

ကျုပ် သတိ ကို လက်မလွတ် အောင် အတတ်နိုင်ဆုံး ကြိုးစားတယ် ။ လူဆိုး တစ်ယောက် ရဲ့ လှုပ်ရှားသံ ကို မကြားရတော့ဘူး ။ ခြံဘက် ကို လာနေတဲ့ ရဲဝိုင်ယာလက်ကားသံတွေ ကို ကြားရပြီး ခဏမှာ ပဲ အသံတွေ ပြန်လည် တိတ်ဆိတ် သွားတယ် ။ ငိုသံ ၊ ညည်းသံ ၊ တတွတ်တွတ် ပြောသံတွေ ကို မကြားတစ်ချက် ကြားတစ်ချက် ။ တစ်ချိန် ထက် တစ်ချိန် အမြင်တွေ မှုန်ဝါးလာတယ် ။

နောက်ဆုံးတော့ တစ်ဖက် သာ ရှိတဲ့ မျက်လုံး က အမြင်တွေ လုံးဝ ကွယ်ပျောက် သွားပြီး အပြာ ရောင် လွင်ပြင်ကြီး ဖြစ်သွားတယ် ။ ကျုပ် ကိုယ် ကျုပ် တစ်ခါတစ်ခါ လေတိုက် ထဲ မှာ လွင့်မျောပျံတက် သွားသလို လွတ်ဟာဟာကြီး ခံစား နေရတယ် ။ ဝေဒနာတွေ ထွေပြား နေတဲ့ ကြား က တစ်ခုခု ကို ကျုပ်  လိုလိုချင်ချင်ကြီး တောင့်တ နေမိတယ် ။ အာရုံတွေ ကို ဇွတ်အတင်း ထိန်းပြီး ပတ်ဝန်းကျင် ကို ခံစား နိုင်အောင် စုစည်း ယူတယ် ။ နောက်ပြီး နား ကို စွင့် ထား လိုက်တယ် ။

“ ဖေဖေ ... ဖေဖေကြီး ရယ် ”

ကျုပ် နား ထဲ ကို ခပ်သဲ့သဲ့ အသံကလေး တစ်ခု ဝင် လာတယ် ။ ကျုပ် တောင့်တ နေတဲ့ အရာ ဟာ ဒါပဲ ။ သမီးလေး ရွှေစင် ရဲ့ ဖေဖေ လို့ ခေါ်တဲ့ အသံ ။

ကျုပ် ချမ်းမြေ့ကျေနပ်ခြင်း များစွာနဲ့ အတူ စိတ် ကို လျှော့ချလိုက်တယ် ။ ဒီတစ်ခါတော့ သမီး တို့ နဲ့ တကယ်ပဲ ခွဲ ... ရ ... ပြီ ။

⎕ သန်းမြင့်အောင်

📖 ယုဝတီ ဂျာနယ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment