❝ သံယောဇဉ်လေးတွေ ❞
“ သံယောဇဉ်လေးတွေ ဖြတ်ကြပါ ”
မပီတပီ စကားသံ ဝဲဝဲလေး ထွက်ပေါ်လာ ပြီးသော အခါ ခေါင်းလောင်းသံ လွင်လွင် ကို ကြားရသည် ။ တစ်ယောက် နှင့် တစ်ယောက် ပြောကြဆိုကြသည့် စီစီ ညံညံ အသံ တို့ လည်း ခေတ္တ တိတ်ဆိတ် သွားပါသည် ။
မာမာချို့ အသံ စာစာလေး ထွက်လာသည် ။
“ အန်တီ ဒေးဗစ်ချမ်းရေ ... သံယောဇဉ်ကြိုး ဖြတ်ဖို့ ပြန်တမ်း ထုတ်နေပြီ ။ ကြားမှ ကြားရဲ့လား ”
“ အန်တီ ကိုကျော် ကော ၊ အန်ကယ်ကြီး ကို ခုတင် မြှောက်ခိုင်းတော့လေ ”
သူ့ ခုတင်ဘေး က သူ့ ခုတင်ခြေရင်း က အန်တီတွေ ကို မာမာချို နောက်ပြောင်နေကျ ဖြစ်သည် ။
သည်လိုပင် ကိုယ့်ဒုက္ခ နှင့် ကိုယ့် ဝေဒနာ ကို မေ့ ပျောက်ထားပြီး စိတ်သက်သာမှုကို ရှာနေကြရရှာသည် ။
ခုမှတွေ့ ခုမှသိကြပေမယ့် တစ်ဦး အပေါ် တစ်ဦး ခွင့်လွှတ်နားလည် စောင့်ရှောက် ရင်းနှီးခင်တွယ် နေကြ ရသည် ။
ထို အကြင်နာ တရားလေးများ ကို တွေ့မြင်ကြားသိ ရသောအခါ မစည်ကားအပ် မပျော်အပ်သော ဆေးရုံ ၏ အနိဋ္ဌာရုံတို့ပင် မှေးမှိန် သွားရပါ၏ ။
လူနာတို့ သည် ဒေသစုံ မှ ဖြစ်သည် ။ လူမျိုးစုံသည် ။ အဖြစ်စုံသည် ။ ယော ဆောဒေသ မှ ၊ ဖလမ်း တီးတိန် မှ ၊ တောင်ကြီး မှ မြစ်ကြီးနား မှ စသည် စသည် ... ။
ဝေးလံဒေသမှ လာရောက် စုရုံးနေကြရသော် လည်း တစ်ဒေသတည်းက အပေါင်းသင်းဟောင်း တွေလို ရင်းနှီးကြပြီး တစ်ယောက် တစ်ယောက် လည်း နာမည်ပြောင်လေးတွေ ပေးထားတတ်ကြသည် ။
ကိုကျော်ဟိန်း ၏ ရုပ်ရှင် ကြည့်ရန် တန်းစီရာမှ ချော်လဲပြီး တင်ပါးဆုံရိုး ထိခိုက်သွား၍ ခြေတစ်ဖက် မထောက်နိုင်တော့သော ‘ မြတ် ’ ကို ‘ ကိုကျော် ’ ။
မရန်းပင် ပေါ်က ကျ၍ ခြေကျိုးသွားသူ မသန်းရီကို ‘ မရန်းသီး ’ ။
ဒူးခေါင်းနှစ်ခု ဖြစ်လာ၍ ခွဲထုတ်ပစ်ရသော ယော ဆောဒေသ မှ မမုန်းခင် ကို ‘ ဒွတ္တဒူး ’
လက်ယာဘက်လက်ကို အမြဲသိုင်းအင်္ကျီအတွင်း ထည့်ထားရသော ‘ သိုက်သိုက် ’ ကို ‘ ဒေးဗစ်ချမ်း ’ စသည် ဖြင့် နာမည်ပြောင်လေးတွေ ပေးထားသည် ။
နာမည်ရင်း ကိုပင် တချို့ မမှတ်မိကြတော့ ။
ဆရာမလေးများ က ပင် နာမည်ပြောင် ကို လိုက်ခေါ် တတ်ကြသည် ။
အရိုးတီဘီ ရှိနေသေး၍ ရက်ရှည်လများ စောင့် နေရပြီး ဆေးရုံ တွင် သောင်တင် နေသော ‘ မအေးသန်း ’ မှာ အသက်သုံးဆယ် မကျော်သေးသော်လည်း ‘ ဘွား သက်ရှည် ’ အခေါ် ခံရပြီ ။
သည် နာမည်ပြောင်တွေ ကို မာမာချို ပင် မှည့်ခေါ် ခဲ့သည် ။
မာမာချို့ နောက် လူနာ မချို တစ်ယောက် ရောက် လာသည် ။ သည်အခါ မာမာချို က သူ့ ကိုယ် သူ မချိုတစ် နောက် ရောက်လာတဲ့ သူ ကို မချိုနှစ် ။
တစ်ခါ ပြည် က ရောက်လာသည့် လူနာစောင့်မည့် သူ ကလည်း မချို ဖြစ်နေပြန်သည် ။ မာမာချို က မချိုသုံး ဟု ခေါ်သည် ။ ပြည် က မချို က လက်မခံ ၊ သူ့ ကိုယ် သူ ‘ သီချင်းဆိုတဲ့ မချို ’ ဟု ကြေညာသည် ။
‘ သီချင်းဆိုတဲ့ မချို ’ က သူ့ စကားနှင့် ညီသည် ။ ညပိုင်း ရောက်လျှင် လူနာတွေ ၏ တောင်းဆိုချက် အရ ချိုပြုံး ၏ သီချင်းများကို သီဆိုဖျော်ဖြေပေးရသည် ။
“ အေးအေးလေး လာပြီ ၊ ရေနွေး ဓာတ်ဘူးတွေ အသင့်ပြင်ထားကြ ။ နာမည်နှင့် လိုက်တဲ့ ရေနွေးသည် လေး အေးအေးလာပြီ ”
မာမာချို ပြောလည်း ပြောစရာပင် ဖြစ်ပါသည် ။ နာမည်က ‘ အေးအေး ’ ၊ ရောင်းတော့ ရေနွေးပူပူ ။
မာမာချို ပျော်ပျော် နေတတ်သည်မို့ နောက်ပြောင် နေသော်လည်း သူ့ ရောဂါက မသက်သာသေး ။ လက်က ကိုက်သည် ဟု ညည်းသည် ။ ပြီးတော့ အရောင် လည်း မလျော့သေး ။ မာမာချို့ ဘယ်ဘက် လက်မောင်းရင်းက လက်မောင်းအိုး ပေါ်တွင် လေးလက်မလောက် ခွဲပြီး ပြန်ချုပ်ထားရသည်မို့ ပတ်တီး စည်းထားရသည် ။ ကြိုးနှင့် သိုင်းထားရသည် ။
လက်သိုင်းလေး နှင့် မာမာချို ဟိုခုတင် သည်ခုတင် ရောက်သည် ။ သူ့ လက်တစ်ဖက် နှင့် လုပ်ကိုင်ပေးနိုင် သည်များကို လုပ်ပေးသွားတတ်သည် ။
အုတ်ခဲ ဆွဲထားရသည့် အန်တီကိုကျော် ခြေထောက်မှ အုတ်ခဲကိုပင် လက် တစ်ဖက်တည်း နှင့် အဖြုတ်အတပ် လုပ်ပေးတတ်သည် ။
ညနေ ဧည့်လာချိန် ဆိုလျှင်တော့ မချို သူ့ ခုတင် မှာ သူ့ အမေ နှင့် အတူ ထမင်းစားပြီ ။ နယ်က လာရသည်မို့ မချိုထံ ဧည့်လာနည်းသည် ။
“ သံယောဇဉ်လေးတွေ ဖြတ်ကြပါ ”
အော်ဟစ် သတိပေးသံနှင့်အတူ ခေါင်းလောင်းသံ ကြားရလျှင်တော့ မချို အသံစာစာလေး ထွက်လာသည် ။
“ အန်ကယ်ကြီး ၊ အန်တီကိုကျော် ခုတင် မြှောက် ပေးခဲ့ဦးနော် ”
မချို ပြောလည်း ပြောစရာဖြစ်သည် ။
အန်တီကိုကျော် မှာ ခြေထောက်ခဲဆွဲ၍ ခုတင် စောက်ထိုးနေရသူ ။ ထမင်းစားချိန် နှင့် ဆီး ၊ ဝမ်း သွား ချိန်များသာ ထရပြီး အချိန် ရှိသရွေ့ ခြေထောက် ခဲဆွဲပြီး ပက်လက် အိပ်နေရသူ ဖြစ်ပါသည် ။
ငွေကြေး တတ်နိုင်သူ ဆိုပါလျှင် နေ့ဆရာမ ၊ ည ဆရာမ ငှားထားရမည် ။ နေ့ သုံးဆယ် ၊ ည သုံးဆယ်ငါး ။ တစ်ရက် ခြောက်ဆယ့်ငါး ။
ဆရာမ မငှားနိုင်လျှင် လူနာစောင့်လေးတွေ ရှိ သည် ။ နေ့ တစ်ဆယ် ၊ ည တစ်ဆယ် ။
အန်တီကိုကျော် ခဲဆွဲ ရမည်က ဆက်တိုက် တစ်လ ကျော်မည် ။ အစောင့်ငှားရန် အန်တီကိုကျော် တို့ အင်အား ရှိဟန် မတူပါ ။
သည်တော့ အန်တီကိုကျော် က တာဝန်ကျ ဆရာမ လေးတွေကို အားကိုးသည် ။ လူနာအချင်းချင်းကို တခြား လူနာစောင့်တွေ ထူထူထောင်ထောင် သွားလာနိုင် သည့် လူနာတွေ က အန်တီကိုကျော် ကို ကူညီကြသည် ။ အားကိုးသည် ။ အန်တီကိုကျော် အားကိုးသည့်အတိုင်း
အန်ကယ်ကြီး ကလည်း အစီအစဉ်နှင့် လုပ်ကိုင် ပေးသွားတတ်သည် ။
မနက် ထမင်းပို့လာချိန်နှင့် ညနေ ဧည့်ချိန် အန်ကယ်ကြီး လာပြီဆိုလျှင် ထမင်းချိုင့်လေးကို ခေါင်း ရင်းစားပွဲပေါ်တင် ၊ ခုတင်ခြေရင်းပြန်လာ ၊ တွဲလောင်းကျ နေသည့် အုတ်ခဲ ကို မတင် ၊ ကြိုးဖြတ်ပေး ၊ ခြေရင်း က မြှောက်မထားသည့် ခုတင် ကို အောက်ပြန်ချ ၊ အန်တီ ကိုကျော် ကို ခုတင်ပေါ် က တွဲချ ၊ ထမင်းကျွေး ၊ ရေအေး ဖြည့် ၊ ရေနွေးဖြည့် ၊ ပန်းကန်ဆေး ၊ ပန်းကန်သုတ် ၊ စကား ပြော ၊ အိပ်ရာခင်း ၊ ခြုံစောင်တွေခါ ၊ ပြန်ခင်း ၊ စကားပြော ၊ ဧည့်နှင်ခေါင်းလောင်း ထိုးသောအခါ ခုတင်ခြေရင်း ပိုင်းကို ပြန်မြှောက်တင် ၊ ထမင်းချိုင့်လေးဆွဲလျက်ထွက် ၊ အန်တီကိုကျော် က အပေါက်ဝ အထိ ထော့နင်း ထော့နင်း နှင့်လိုက်ပို့ ။ ဒါသည် အန်ကယ်ကြီး ၏ နေ့စဉ်အလုပ် ။
အန်တီကိုကျော် အိပ်ရာ ဝင်သောအခါ ‘ သီချင်း ဆိုတဲ့ မချို ’ ကဖြစ်ဖြစ် ၊ မချို ကပဲဖြစ်ဖြစ် ၊ ဘွားသက်ရှည် ကပဲ ဖြစ်ဖြစ် အုတ်ခဲ ပြန်ဆွဲပေးရသည် ။
တစ်နေ့ အန်ကယ်ကြီး ခုတင်မြှောက် ပေးခဲ့ရန် မေ့သွားသည်ကို အကြောင်းပြု၍ -
“ အန်တီကိုကျော် ၊ အန်ကယ်ကြီး ကို ခုတင် မြှောက် ခိုင်းတော့လေ ” ဆိုသော စကားကို မချို ညနေတိုင်း ပြော လေသည် ။
အန်တီကိုကျော် နှင့် အန်တီဒေးဗစ်ချမ်း တို့၏ ခင်ပွန်းများ မှာ အချိန် အမှန်ဆုံး ဖြစ်ကြသည် ။ အန်တီတို့ ဆေးရုံ တက်ရက် ရက်လေးဆယ် ကျော်ခဲ့ပြီဖြစ်သော် လည်း တစ်ရက်မျှ မပျက်ကွက်ကြ ။
ဒုတိယလိုက်သည်က ရက်ကန်းစင် က မမ ၏ ရည်းစား ။
မချိုနှစ် ၏ ချစ်သူ ကလည်း လူကြီးများ ၏ အလစ် တွင် ရောက်လာတတ်၏ ။ တစ်ပတ်တွင် နှစ်ခေါက်ထက် မနည်း ရောက်လာတတ်သည် ။
ရောက်မလာသည်က ငြိမ်းငြိမ်း ၏ ချစ်သူ အမောင် ။ ဆေးရုံတက် သည် ဆို ကတည်းက အမောင် မပေါ်လာ တော့ ။ လူကြီးတွေ နှင့် ဆုံရမှာ မဝံ့၍ဟု ဆိုသည် ။
အများသူတို့ ပြောကြ ၊ ဆိုကြ ၊ နှုတ်ဆက်ကြသည် ကို မြင်ရလေ အမောင့် ကို တွေ့ ချင်လေ ။
အမောင့် ကို မျှော်ရသည်မှာ မောလှသည် ။
“ သံယောဇဉ်လေးတွေ ဖြတ်ကြပါ ”
သည်စကားသံ ကြားရလေတိုင်း ငြိမ်းငြိမ်း မျက် ရည်ဝိုင်းရပါသည် ၊ ချစ်သူအလာကို မျှော်ချင်သည် ။ ချစ်သူ၏ တယုတယ ကြင်နာစွာ ပြောကြားသည့် စကား လေးတွေကို နားထောင်ချင်သည် ။ အချိန်တန်၍ အိမ်ပြန် သည့် ချစ်သူ ကျောပြင်ကို ငေးငေးလေး လှမ်းမျှော် ကြည့်ရင်း ကျန်နေရစ်ခဲ့ ချင်သည် ။
အခုတော့ ...
အမောင် တစ်ယောက် နေနိုင်လွန်းသည် ။ အမောင် ရက်စက်ပြီ ထင်သည် ။ ဆင်ခြေလား ၊ လိမ်လည်သည် လား ။ အမောင် ရုတ်တရက် ခရီးထွက်ရသည်ဟု ‘ ချမ်းမြေ့ ’ က တစ်ဆင့် စာရေးပေးခဲ့သည် ။
အမောင် စာနာဖို့ ကောင်းပါသည် ။ သတ္တိ ရှိဖို့ ကောင်းပါသည် ။ ဣန္ဒြေရရ လာရဲရမည်ပေါ့ ။ ခုလို ဖြစ်ရသည် ကလည်း အမောင့် ကို ချစ်ရလွန်း၍ အမောင့် ဆန္ဒ အတိုင်း ကျောင်းဖျက်ပြီး အမောင့် ဆီအလာ ဖြစ်ခဲ့ရသည့် ကိစ္စ ။
ကဗျာဆန်ရမည် ဆိုပါလျှင် ... ။
အချစ် နှစ်ပတ်လည် သည့်နေ့ ။ သြဂုတ်လ ၅ ရက် နေ့က အမောင် နှင့် အတူ ရုပ်ရှင် ကြည့်မည် ။ နေ့လယ်စာ စားမည် ။ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ကြမည် ။ အမောင် လည်း အလုပ်မှ ခွင့်ယူမည် ။ ငြိမ်းငြိမ်း လည်း တစ်နေ့တွက် ကျောင်းဖျက် ။
အမောင့် အစီအစဉ်အတိုင်း ငြိမ်းငြိမ်း ကျောင်း ဖျက်ပြီး ရန်ကုန် ထဲက စောင့်နေမည့် အမောင် ထံအလာ မီရာ ဟီးနိုးကား ပေါ် တက်လိုက်သည် ။ ကားပေါ်တွင် ထိုင်စရာ နေစရာမရှိ ။ နောက်က ကားတစ်စီး ဆက်တိုက် ဝင်လာသည် ။ လူချောင်သည် ။ နောက်ကား ပြောင်းစီး ရန် ငြိမ်းငြိမ်း ကားပေါ်က ဆင်းလိုက်သည် ။
သည်တွင် ငြိမ်းငြိမ်း ဒုက္ခ စတော့သည် ။
ကားနောက်ပေါက် မှ ငြိမ်းငြိမ်း က အဆင်း နောက် ထပ် တက်လာသည့် ခရီးသည် တစ်ဦးက ငြိမ်းငြိမ်း ထဘီစကို တက်နင်းမိပြီး ဖြစ်သွားသည် ။ ငြိမ်းငြိမ်း ကားပေါ်မှ တာလမ်းပေါ်သို့ ခြေလွတ်လက်လွတ် ယာဘက်တင်ပါးဆုံ နှင့် ကျသွားသည် ။ ရုတ်တရက် မထ နိုင် ။ ပြင်းထန်သော ဝေဒနာ ကို ခံစားလိုက်ရပါသည် ။ အနီးရှိ သူများ က ဝိုင်းဝန်းကူညီမှု ပေးကြသည် ။ ကား ဆရာ တို့လည်း ဆင်းလာကြသည် ။ ကားဆရာများ အပေါ် အပြစ်ဆိုချင်သူ ၊ ကားနံပါတ်မှတ်သူ တို့နှင့် ပြဿနာ တက်လာကြပါသည် ။
ရပ်နေသော ကားပေါ်မှ အဆင်းတွင်ဖြစ်သည်မို့ ကားဆရာ တို့တွင် တာဝန် မရှိကြောင်း ငြိမ်းငြိမ်း သိပါ သည် ။ ကားဆရာတို့ အပေါ် အပြစ် မဖြစ်စေလိုသော သဘောနှင့် ငြိမ်းငြိမ်း အားတင်း၍ လမ်းလျှောက် ကြည့် သည် ။ သွေးပူနေ၍ ထင်သည် ။ “ ကိစ္စမရှိပါဘူး ၊ ဘာမှ မဖြစ်ပါဘူး ။ သူတို့ အပြစ် မဟုတ်ပါဘူး ” ဟု တတွတ်တွတ် ပြောရင်း ငြိမ်းငြိမ်း နောက်ကား ပေါ် တက်ခဲ့သည် ။
ငြိမ်းငြိမ်း ကို စောင့်နေမည့် အမောင့် ကို တွေ့ ရမည် ။ ငြိမ်းငြိမ်း မရောက်လာလျှင် အမောင် စိတ်ပူနေမည် ။ အမောင် စိုးရိမ်နေမည် ။ အမောင့်ကို ငြိမ်းငြိမ်း တွေ့ ရ မည် ။ နာကျင်မှု ကို အံကြိတ်ခံရင်း ရန်ကုန် အရောက် လိုက်ခဲ့သည် ။ တစ်လမ်းလုံး မိုးတွေ ရွာနေသည် ။ မှန်မရှိ တော့သည့်ကားကို စီးမိသည်မို့ မိုးရေတို့ တစ်ကိုယ်လုံး စိုရွှဲရသည် ။ မိုးရေအေးအေးကြောင့် ပို၍ ကိုက်ခဲလာ သည် ထင်ပါသည် ။ ဝေဒနာ ပိုဆိုးလာသည် ။ မှတ်တိုင် ရောက်သည်နှင့် အသင့် စောင့်နေသော အမောင့် ကို တွေ့ လိုက်၍ ဆင်းလိုက်သည်နှင့် ငြိမ်းငြိမ်း ခွေကျသွားပါ သည် ။ အထိတ်တလန့် ပြေးလာပြီး ပွေ့ဖက် လိုက်သော အမောင့် ရင်ခွင် ထဲ မှာ ငြိမ်းငြိမ်း သတိလွတ် သွားရပါ သည် ။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန တွင် ဓာတ်မှန် ရိုက်သည် ။ အရိုးမကျိုး ၊ မကွဲမအက် ၊ အိပ်ရာထက် က မထဘဲ ခုနစ်ရက်လောက် အနားယူလိုက်လျှင် ပျောက် မည် ဆိုသည် ။
ပျောက်မည် ၊ မပျောက်မည် မသိရသေးသော် လည်း အိမ်ကို ထမ်းစင်နှင့် ပြန်ခဲ့ရသည် ။ ထိုင်မရ ၊ စောင်းမရ ၊ ခြေထောက် လုံးဝ မလှုပ်ရှားနိုင်ဘဲ အသည်း ခိုက်အောင် နာကျင်ရသည် ။
အနားယူ၍ မပျောက်သောအခါ တရုတ်ဆရာ နှင့် ကုသည် ။ ကု,လားဆရာ နှင့် ကုသည် ။ မြန်မာ အကြော အရိုးဆရာနှင့် ကုသည် ။ သက်သာသော်လည်း မပျောက် ။ လမ်းလျှောက် နိုင်ပြီ ဖြစ်သော်လည်း ဒူးကွေး ထိုင်၍ မရသေး ၊ ဆောင့်ကြောင့်ထိုင်၍ မရသေး ။
အရိုးအကြော ကုသသည့် အထူးဆရာဝန် နှင့် ကုသည်မပျောက် ။ လမ်းလျှောက်တိုင်း ယာဘက်ခြေ တရွတ်ဆွဲ နှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ရသည် ။ ခြေ တစ်လှမ်း လှမ်းလိုက်တိုင်း အသည်းခိုက်အောင် နာကျင် ရသည့်ဝေဒနာကို မရှုမလှ ခံနေရသည် ။
နောက်ဆုံးနှစ် ကျောင်းမပြီးသေး၍ ကျောင်းပျက် မခံနိုင်ဘဲ ကျောင်းတက်နေရသည် ။ ကျောင်းကို အမောင် လာမှ တွေ့ ရသည် ။ ဟိုတုန်းကလို အမောင် နှင့် အတူ ငြိမ်းငြိမ်း မသွားနိုင် မလာနိုင်တော့ ။
ကြိုးစားပြီး အမောင် နှင့် လိုက်ကြည့်သည် ။
“ ငြိမ်း ရယ် ... လမ်းလျှောက်ရတာ ပင်ပန်းလိုက်တာကွယ် ။ ငြိမ်း ကို ကြည့်ပြီး အမောင် ရင်နာတယ် ”
ခြေတစ်ဖက် ထော့နင်း ထော့နင်းလျှောက်နေရ သည့် ငြိမ်းငြိမ်း ကို ကြည့်ပြီး အမောင် ပြောသည် ။
“ ရပါတယ် အမောင်ရယ် ။ အမောင် နဲ့ အတူ သွား နေရရင် ငြိမ်း ခြေထောက်က ပျောက်နေရော ”
ငြိမ်းငြိမ်း က ဝေဒနာ မခံစားရသလို ပြောတတ်သည် ။
“ ရောဂါ ကောင်းကောင်း ပျောက်သွားအောင် နား လိုက်ပါ ငြိမ်းရယ် ။ မြို့ထဲကို မထွက်နဲ့ ။ ငြိမ်း လိုချင်တာ မှာ ။ အမောင် ဝယ်ခဲ့ပေးမယ် ။ ငြိမ်းကို အမောင် လာ တွေ့မှာပေါ့ ဟုတ်လား ။ လမ်းကောင်းကောင်း မလျှောက်နိုင်သေးဘဲ မြို့ထဲ ထွက်ချင်တယ် မပူဆာနဲ့ ”
အမောင့် စကားကို နားထောင်ရသည်မှာ ငြိမ်းငြိမ်း အတွက် မတင်မကျ ဖြစ်ခဲ့ရသည် ။
ရုပ်ပျက် ဆင်းပျက် သွားလာနေရသည့် အကျိုး မလေး ငြိမ်းငြိမ်း ကို အမောင် တွဲ မခေါ်ချင်တော့၍လား ။
ငြိမ်းငြိမ်း ကို အမောင် အချစ်ပေါ့ပြီလား ။
ငြိမ်းငြိမ်း အိမ်ကလည်း စိတ်မချတော့ ။ အကျိုးမလေး မို့ ကျောင်းကြို ၊ ကျောင်းပို့နှင့် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးခဲ့ရသည် ။
အမောင် နှင့် အတွေ့ရ နည်းလာသည် ။ ချမ်းမြေ့ က တစ်ဆင့် အမောင် နှင့် စာချင်းဆက်ရသည် ။
အမောင့် အချစ် ကို ယုံကြည်ရန် မဝံ့မရဲ ဖြစ်လာရပါ သည် ။ ငြိမ်းငြိမ်း စိတ် ကို တင်းထားသည် ။ အမောင့် အချစ် ၊ အမောင့် မေတ္တာ ကို ကြိုးစား၍ အားထားကြည့် ပါသည် ။
“ အကျိုးမလေး မို့ ငြိမ်း ကို အချစ်ပေါ့ သွားပြီလား အမောင် ။ စိတ်ချပါ အမောင် ရယ် ၊ အမောင့် ကို ချစ်ရ လွန်းလို့ အလှမက်တဲ့ အမောင့် အတွက် ရုပ်ပျက်ဆင်း ပျက်ဖြစ်နေတဲ့ ဝေဒနာတွေကို အခု မပျောက်တောင် မကြာခင် ပျောက်ရမယ်လို့ အချစ်စိတ် နှင့် ကုယူမယ် ”
ချမ်းမြေ့ ထံ ကတစ်ဆင့် ငြိမ်းငြိမ်း အမောင့် ထံ စာရေးခဲ့သည် ။
“ ငြိမ်း ကို အမောင် ချစ်တာ နှလုံးသား ထဲကပါ ငြိမ်း ရယ် ။ ငြိမ်း ဘယ်ဘဝ ရောက်ရောက် ၊ ကျိုးကျိုးကန်းကန်း အမောင့် အချစ်ဟာ ခိုင်မြဲနေမှာပါ ”
အမောင့် စာသားလေးကို ငြိမ်းငြိမ်း ယုံချင်ပါသည် ။ ငြိမ်းငြိမ်း ကိုယ်တိုင်က အမောင့် ကို နှလုံးသားက ချစ်ခဲ့ရ သည် မဟုတ်ပါလား ။
အမောင် အူအတက် ပေါက်၍ ဆေးရုံတက်ခဲ့ရ စဉ်က ငြိမ်းငြိမ်း တစ်ယောက် မလျှောက်နိုင် မထောက်နိုင်ဘဝ နှင့် အမောင့် ထံ အရောက် သွားခဲ့သည် ။ မိသားစု၏ အငြိုအငြင်ကို ငြိမ်းငြိမ်း ခံခဲ့ရသေးသည် ။
ဘာမဟုတ်သည့် ကိစ္စလေး နှင့် လပေါင်း နှစ်ဆယ် ကျော် ခံစားနေရပြီး ဟိုဟိုသည်သည် ကုမရတော့မှ သည်ဆေးရုံ သို့ ငြိမ်းငြိမ်း ရောက်ခဲ့သည် ။
မဖြစ်လောက် ဟု ထင်ခဲ့သော ထိခိုက်မှုလေးနှင့် သည်မျှ ကြာမြင့်စွာ ဝေဒနာခံစားရသည့် ဘဝ ကို မကျေ မချမ်း ဖြစ်ရသည်တို့လည်း သည် ဆေးရုံ ရောက်မှ ကိုယ် ချင်းစာတတ်လာသည် ။ နှိုင်းယှဉ်စရာများ တွေ့လာ မြင်လာ ကြားလာရသည် ။
ငြိမ်းငြိမ်း လို ဘာမဟုတ်သည့် ကိစ္စလေးများဟု ထင်ထားရာမှ ကြီးမားလာသည့် ဝေဒနာရှင်တို့ ကို တွေ့ ရပြီ ။ အခန့် မသင့်လျှင် အပ်နှင့်ထွင်းရမည့်ကိစ္စ ပုဆိန် နှင့် ခွဲရတတ်သလို မျက်စိကန်း တစ္ဆေ မကြောက်၍ ဒုက္ခ ရောက်ရ သူတို့ကိုလည်း တွေ့ရပြီ ။
ပြည် မှ မော်လီ အဖြစ်ကလည်း မဆိုစလောက်ကိစ္စ လေးမှ စခဲ့ရသည် ။
စက်ဘီး စီးရာမှ လဲကျသွား၍ ခါးအောင့်သွား သည် ။ သက်သာလို သက်သာငြား အနင်းခံကြည့်သည် တွင် ခါးတန်းသွားသည် ။ ခါးတန်းသွားရုံသာမက မည်သို့သော အကြောတွေ မည်သို့ ထိခိုက်ရွေ့လျော သွားသည်မသိ ၊ ဆီးချုပ်သွားသည် ။ ဝမ်းချုပ်သွားသည် ။ ရက်မှ လတိုင်ခဲ့သည် ။ ကျောရိုးကြီးတန်းပြီး မရှူနိုင် မကယ်နိုင်ဖြစ်လာပြီး သည်ဆေးရုံ ရောက်လာရသည် ။
ငါးကျည်းရိုး စူးရာမှ အနာဖြစ်လာသည် ။ ဆေးမြီးတိုနှင့် ကုသကြည့်သည် ။ ဆိုးသည် ထက် ဆိုးလာမှ သည် ဆေးရုံ ရောက် လာသည် ။ ရောက်လာ သောအခါ ရောဂါရင့်နေပြီ ။ လက်ချောင်းလေးများ ဖြတ် ပစ်လိုက်ရ၏ ။
ကျောရိုး ပေါ်တွင် ပေါက်လာသည့် အကျိတ်အဖု ကို ဆရာဝန် မပြဘဲ ဆေးမြီးတို နှင့် ကုသရာမှ အကျိတ် အဖု မပျောက်သည့် အပြင် အောက်ပိုင်း သေသွားသူ ။
ဒေါက်တာရမ်းကု နှင့် ဆေးထိုးရာမှ အကြောထိ၍ ခြေတစ်ဖက် တန်းသွားခဲ့သည် ။ ပျောက်နိုး ပျောက်နိုး ဟိုကု သည်ကုနှင့် တုတ်ထောက် လမ်းလျှောက်ရင်းက ခါးတစ်ခြမ်း စောင်းသွားခဲ့သည် ။ တင်ပါးဆုံ တစ်ဖက် နိမ့်
ဆင်းသွားခဲ့သည် ။ ခြေတစ်ဖက် ဆာလာသည် ။
နောက်ဆုံး ခါးတစ်ဖက်စောင်း ၊ တင်တစ်ဖက်နှိမ့် ၊ ခြေတစ်ဖက် သိမ်လာသော အခါမှ သည် ဆေးရုံ ရောက်လာသူ ။
သူ့ကို မာမာချို က ‘ ရက်ကန်းစင်က မမ ’ ဟု နာမည် ပေးသည် ။ သူ့ကို ခါးရိုးလည်း ခွဲရသည် ။ တင်ပါးရင်း ကိုလည်း ခွဲရသည် ။ ခါးတစ်လျှောက် ပေါင်ရင်း တစ်လျှောက် ကျောက်ပတ်တီးတွေ စည်းထားပြီး ခြေ တစ်ဖက်က အထက်မြှောက်ကြိုးဆွဲ ၊ ခြေတစ်ဖက်က တန်းလန်း ၊ ခုတင်ကို စောက်ထိုးထား ။ ကြိုးတွေ ၊ တန်း တွေ ၊ အလေးတွေ ၊ စက်သီးတွေ နှင့် ရှုပ်ယှက်ခတ်နေ သည် ။
ဟုတ်သည် ။ သူ့ ခုတင်ကို ကြည့်ရသည်မှာ ရက်ကန်းစင် နှင့်တူသည် ။
သည်တော့ မချို က ရက်ကန်းစင် က မမ ဟု ခေါ်သည် ။
အခြားသူ ကို နောက်ပြောင် နေသည့် မာမာချို့ အဖြစ်ကလည်း ဘာမျှဖြစ်လောက်သည့် ကိစ္စမဟုတ် ဟု ထင်စရာ ဖြစ်သည် ။ မာမာချို က ဘယ်သန် ၊ ဘယ်လက် နှင့် စာရေးတတ်သူ ။ စာမေးပွဲဖြေနေရင်း ညောင်းလာ၍ လက် ကို ခပ်ဆတ်ဆတ်ကလေး ဆန့်ထုတ်လိုက်ရာက ကိုက်ခဲရောင်ရမ်းလာခဲ့သည် ။
ခု ဆေးလိမ်း၍ မရတော့ ။ အခံရခက်လောက် အောင် ကိုက်လာသည် ။ မနေနိုင်တော့ သည် ဆေးရုံ ရောက်လာသည် ။ ဓာတ်မှန်ရိုက်သည် ။ လက်မောင်းအိုး ကို ခွဲစိတ်ပြီး အသားတွေ ၊ အရိုးတွေ ထုတ်ယူသည် ။ စစ်ဆေးကြည့်မည် ။ ခွဲထားသည့် နေရာကို ပြန်ချုပ်သည် ။ ပတ်တီး စည်းပေးထားသည် ။ လက်သိုင်းလေးနှင့် မချို တစ် ။ သူ့ လက်မောင်းလေး က ပိုလို့ ရောင်လာသည် ။ ကိုက်ခဲသည့် ဝေဒနာက ပိုဆိုးလာသည် ဟု ပြောသည် ။
ဝေဒနာ ခံစားနေရသည့် ကြားက မချို အသံစာစာ လေးနှင့် နောက်တတ် သေးသည် ။ မချို မှာ အထက်တန်း ကျောင်းသူ ဆိုသော်လည်း ပီဘိကလေးလေး ။
ငြိမ်းငြိမ်း နှင့် ခုတင်ချင်း ယှဉ်နေသည်မို့ သူ့ဝေဒနာ ကိုယ့်ဝေဒနာ ပြောဖြစ်ကြသည် ။
မချို မှာ နယ်က လာရသည့်အတိုင်း လူနာစောင့် သူ့မေမေ တစ်ယောက်သာ ရှိသည် ။ ဆိုင်ထမင်း ၊ ဆိုင် ဟင်း ဝယ်စားရသည် ။
အိမ်က နေ့စဉ် လာပို့သည့် အိမ်ထမင်း ၊ အိမ်ဟင်း ဖွယ်ဖွယ်ရာရာလေးတွေကို ငြိမ်းငြိမ်း က ပေးတတ်သည် ။
ငြိမ်းငြိမ်း မှာက မေမေ တစ်လှည့် ၊ ညီမလေး တစ်လှည့် ။ ဖေဖေနှင့် မောင်ငယ် တို့လည်း ရက်ခြားလို လာတတ်သည် ။ အပေါင်းအသင်း ကျောင်းနေဖက် သူငယ်ချင်းတို့လည်း လာသည် ။
နှစ်ရက်တစ်ခါ ၊ သုံးရက်တစ်ခါ လာသည်က ‘ ချမ်းမြေ့ ’ ။ ချမ်းမြေ့ ရောက်လာလျှင် အမောင့်သတင်း ပါလာတတ်သည် ။
အမောင့် အပေါ် ငြိမ်းငြိမ်း က ယုံစားသော်လည်း ချမ်းမြေ့ ပြောပုံ ဆိုပုံက အားရစရာ မရှိ ။ အမောင့် အပေါ် စွဲစွဲလမ်းလမ်း မထားဖို့ ၊ ချမ်းမြေ့ မကြာမကြာ ပြောလာ သည် ။
အကြောင်းတော့ ရှိမည် ။ ငြိမ်းငြိမ်း ဆေးရုံရောက် သည်ပင် ရက်ငါးဆယ် ကျော်ခဲ့ပြီ ။ ရက်သတ္တသုံးပတ် လုံးလုံး ခဲဆွဲပြီး မပျောက်၍ ခွဲခဲ့ရသည် ။ ချုပ်ရိုးဖြေပြီးပြီ ။ ချိုင်းထောက် နှင့် လမ်းလျှောက်ရပြီ ။ လေ့ကျင့်ခန်း ယူရပြီ ။ မနာမကျင် လမ်းလျှောက်နိုင်ပြီ ။ နောက် တစ်ပတ်ဆိုလျှင် ဆေးရုံက ဆင်းရပြီ ။ ဖြောင့်ဖြောင့် တန်းတန်း လမ်းလျှောက်နိုင်တော့မည် ။ သည်အထိ အမောင် မလာသည်မှာ အကြောင်းတော့ ရှိမည်ထင် သည် ။
နာတာရှည် အကျိုးလေး ငြိမ်းငြိမ်း ကို အမောင် စွန့်ပစ်သွားခဲ့ပြီ ထင်သည် ။ ငြိမ်းငြိမ်း မတွေးရဲပါ ။ ငြိမ်းငြိမ်း မတွေးဝံ့ပါ ။
မတွေးရဲ ၊ မတွေးဝံ့သော်လည်း မပြောဘဲ မနေနိုင် သော ချမ်းမြေ့ စကားကို ငြိမ်းငြိမ်း ကြားရပြီ ။ ကြားရ သောအချိန်က ငြိမ်းငြိမ်း နှလုံးသားတို့ ကြေမွသွားခဲ့ပြီဟု ထင်မိသည် ။
“ မပြောလို့ မဖြစ်တော့ဘူး ငြိမ်းရယ် ။ သေချာ အောင် အထပ်ထပ် စုံစမ်းခဲ့ပါတယ် ။ ခုတော့ ကိုယ်တွေ့ မျက်မြင် ။ တစ်ခါမဟုတ်ဘူး ။ သုံးကြိမ်လောက် တွေ့ ခဲ့ ရတယ် ။ နောက်ဆုံးအကြိမ် တွေ့တော့ မနေနိုင်လွန်းလို့ ပါးစပ် က ဖွင့်မေးမိတယ် ။ သူ နဲ့ တွဲနေတဲ့ မိန်းကလေး က ငြိမ်း လောက် မလှပါဘူး ။ ငြိမ်း ထက်လည်း အသက် ကြီးပုံ ရတယ် ။ သူတို့ လက်ထပ်ကြတော့မယ်တဲ့ ”
ငြိမ်းငြိမ်း ချမ်းမြေ့ စကားဆက်တွေကို မကြားရ တော့ ။ ခါးသီးနာကျင်သော ဝေဒနာတို့ ကို ငြိမ်းငြိမ်း ခံစားလိုက်ရပါသည် ။ အသံကုန်ဟစ်၍ ငိုပစ်လိုက်ချင် သည် ။ ငြိမ်းငြိမ်း သတိထား လိုက်ရသည် ။ ကျိတ်၍ အသံမထွက်သော ငိုချင်းသည်လေး လုပ်လိုက်ရသည် ။
ညက အိပ်မရခဲ့သော ငြိမ်းငြိမ်း နေမြင့်မှ အိပ်ရာ နိုးသည် ။ ငြိမ်းငြိမ်း နိုးသောအခါ ခုတင် ဘေး မှ မချို ကို မတွေ့ ရတော့ ။ မချိုကို ခွဲစိတ်ခန်းသို့ ပို့လိုက်ပြီ ။ လိုအပ် လျှင် မချို လက်ဖြတ်ရမည်ဟု ပြောကြသည် ။
သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်နှင့် သည်အဖြစ်မျိုးနှင့် မကြုံရပါစေနှင့် ။
ငြိမ်းငြိမ်း ရင်ထဲ အသည်းထဲမှ ဆုတောင်းခဲ့ပါသည် ။
သို့သော် ငြိမ်းငြိမ်း ဆုတောင်း မပြည့်ခဲ့ပါ ။
မချို လက်ဖြတ်ပစ်ရမည်တဲ့ ။
ကျိတ်၍ ငိုနေသော မချို မေမေ ကိုကြည့်၍ စိတ် မချမ်းမသာ ဖြစ်ရသည် ။ ကိုယ့်ဝေဒနာ နှင့် ကိုယ် ထိန်း ထားရသော မျက်ရည်တို့ သည်လည်း မချိုသတင်းကြား ရသောအခါ ပွင့်အန်စီးကျလာပါတော့သည် ။ ငြိမ်းငြိမ်း ငိုခဲ့ရပြီ ။ ရင်ထဲမှာ ဆို့ဆို့နင့်နှင့် ခံစားရသည် ။ ငြိမ်းငြိမ်း သာမက တစ်ခန်းလုံး ယူကျုံးမရ ဖြစ်ကြရသည် ။ တစ်ခန်းလုံး၏ အချစ်တော်လေး မာမာချို ၊ မချိုတစ် ၏ အဖြစ်ကို ရင်ထုမနာ ခံစားကြရသည် ။ အန်တီကိုကျော် နှင့် အန်တီဒေးဗစ်ချန်း တို့လည်း ငိုကြသည် ။ မနက် ထမင်းပို့လာရင်း သိသွားသော အန်တီကိုကျော် ခင်ပွန်း ကပင် မာမာချို အတွက် သွေးလှူဖို့ စာရင်းပေးသွား သည် ။ တစ်ခန်းလုံး တိတ်ဆိတ်နေသည် ။ အခါတိုင်းလို စီစီညံညံ မပြောကြတော့ ။
မချို ကို ရင်တထိတ်ထိတ်နှင့် စောင့်မျှော်နေကြသည် ။
••••• ••••• •••••
မချို ကို ခွဲစိတ်ခန်း က ထုတ်လာပြီ ။
မချို ဘယ်ဘက်လက် မပါလာတော့ ။ လက်မောင်းရင်းမှ ဖြတ်လိုက်ရသည် မို့ ငုံးတိလေးပင် မကျန်ခဲ့ ။ မချို သတိမရသေး ။ သူ့ လက်ကလေး ဖြတ်ပစ်ရမည် ကို မချို မသိခဲ့ ။ သိခဲ့လျှင် မချို ဘယ်လို ခံစားရရှာမလဲ ။ မချို ကို ဘယ်လို ပြောကြမလဲ ။ မပြောရက် ။ အသိမပေးရက်သော သော သူ့မိဘများနှင့်အတူ ကြင်နာသနားခြင်း ၊ နှမြော ဝမ်းနည်းခြင်း ဝေဒနာတို့ကို တစ်ခန်းလုံး ခံစားနေကြရ ပါသည် ။
ငြိမ်းငြိမ်း နေရာမှ လှမ်းကြည့်လိုက်လျှင် တုံးတိတိ ပခုံးလေးကို ပတ်တီးစည်းလျက် တွေ့ ရသည် ။ မချို သတိမရသေးသော်လည်း ညည်းနေသည် ။ ကျန်လက် တစ်ဖက်တွင် သွေးသွင်းထားပြီး ဓာတ်ဆားရည်ကို ခြေ ဖမိုးလေးက သွင်းပေးထားရသည် ။
မာမာချို ကျန်းမာပါစေ ၊ နေကောင်းပါစေ ၊ စိတ် ဓာတ်ခိုင်ပါစေ ။
••••• ••••• •••••
ဝေဒနာ နှစ်ခုကို တစ်ပြိုင်တည်း ခံစားရသော ငြိမ်းငြိမ်း အတွက် နှလုံးသားတို့ လှုပ်ရှားရလွန်းပါသည် ။
မချို အတွက် ယူကျုံးမရ ဖြစ်ရသလို ရက်စက်လှ သော အမောင့် အတွက် နာကြည်းရပါသည် ။
“ ငြိမ်း ဘယ်ဘဝ ရောက်ရောက် ၊ ကျိုးကျိုးကန်းကန်း အမောင့် အချစ် ဟာ ခိုင်မြဲနေမှာပါ ”
အမောင့် မုသားစကားတွေ အခု ထင်ရှားရပြီ ။ အမောင့် မေတ္တာ အတိမ်အနက် ကို သိရပြီ ။
“ ရက်စက်တယ် အမောင် ရယ် ၊ အချင်းကို မကြည့်ဘဲ အဆင်း ကို ကြည့်တဲ့ အမောင့် မေတ္တာ နဲ့ အမောင့် အတွေးအခေါ် အယူအဆတွေဟာ သေးသိမ် လှပါတယ် ။ နိမ့်ကျလွန်းလှပါတယ် ”
ငြိမ်းငြိမ်း စိတ်ထဲမှ ညည်းညူရင်း သက်ပြင်းရှည် ကြီးကို မှုတ်ထုတ်မိသည် ။
တစ်ဖက် ခုတင် မှ သတိပြန်လည်လာသော မချို အသံလေး ကို ကြားရသည် ။
“ မိချို လက်ကလေး ပါမလာတော့ဘူး မဟုတ်လား မေမေ ”
ခေါင်းအုံး ကို ဘယ်ဘက်က ခပ်မြင့်မြင့် ခုထား၍ မချို မျက်နှာ ညာဘက် စောင်းနေရသည် ။ ညာဘက်လက် ကလည်း သွေးသွင်းထားသည်မို့လက်နှင့် စမ်းသပ် ကြည့်ရန် မဖြစ်နိုင် ။
မချို မေမေ ဘယ်သို့ ဖြေရမည်နည်း ။ မလှုပ်မရှား မှင်တက်မိ နေသော မေမေ့ကို ကျော်၍ ငြိမ်းငြိမ်း ကို လှမ်း ကြည့်သည် ။
“ ဟုတ်တယ် မဟုတ်လား မမငြိမ်း ။ မချို လက်ကလေး ဖြတ်ပစ်ခဲ့ရပြီ မဟုတ်လား ”
ငြိမ်းငြိမ်း လည်း ဘယ်သို့ဖြေရမည်မသိ ။ မချိုကို တွေတွေလေး ကြည့်နေမိသည် ။
“ မိချို အတွက် စိတ်မကောင်း ဖြစ်နေကြတယ် ထင်ပါရဲ့ ။ ကိစ္စမရှိပါဘူး မမငြိမ်း ရယ် ၊ မိချို ဒီလောက် သတ္တိမနည်းပါဘူး ။ မေမေတို့ မမငြိမ်းတို့ ပါးစပ် က မဖြေလည်း မျက်လုံးတွေက ဖြေထားပြီပဲ ။ မိချို သိပါ တယ် ”
နွမ်းနယ်နေသည့် မျက်နှာလေးနှင့် ကြိုးစား၍ မချို ပြုံးပြရှာသည် ။
“ အို .. မချိုလေးရယ် ”
ငြိမ်းငြိမ်း တီးတိုး ရေရွတ်မိသည် ။
“ ခြေမ မကောင်း ခြေမ ၊ လက်မ မကောင်း လက်မ ဆိုတဲ့ စကားလည်း ရှိသားပဲ မမငြိမ်းရယ် ။ မတတ် သာတဲ့ အဆုံးမှာတော့ စွန့်ပစ်တန်တာ စွန့်ပစ်ရမှာပေါ့ မဟုတ်ဘူးလား မေမေ ”
မျက်ရည်တို့ ရစ်ဝိုင်းနေသော မျက်လုံးစုံကို တဖျပ်ဖျပ် ပုတ်ခတ်ရင်း မချို့ မေမေ ခေါင်းညိတ်ပြသည် ။
“ ကိုယ့် ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း တစ်ခု ကို ဘယ်လိုလုပ် စွန့်ပစ်ချင်ပါ့မလဲ ။ ဒါပေမဲ့ ဒီအစိတ်အပိုင်း တစ်ခုကို တွယ်တာမက်မော နေတာနဲ့ ဒုက္ခတွေ တွေ့လာ ရတယ် ၊ ဝေဒနာတွေ ခံစားလာရမယ်ဆိုရင် စောစောကပဲ သံယောဇဉ်ဖြတ်လိုက်ရတာ အကောင်းဆုံးပေါ့ ။ မိချို မှာ လက်တစ်ဖက် ကျန်ပါသေးတယ် ။ မိချို လူဖြစ်မရှုံး သေးပါဘူး ။ စာရေးစရာ ဘယ်ဘက်လက် မရှိတော့ရင် ညာဘက်လက် နဲ့ရေးမယ် ။ ကျောင်းပညာတွေ သင်နိုင် သေးတယ် ။ တက္ကသိုလ် ထိလည်း သွားနိုင်သေးတယ် ။ ရှေ့ဆက်ပြီး လုပ်စရာတွေ လည်း လုပ်နိုင်သေးတာပဲ ။ ဖြစ်ပြီးမှတော့ မိချို ဝမ်း မနည်းပါဘူး ။ မေမေ တို့လည်း ဝမ်းမနည်းနဲ့ ၊ မမငြိမ်း တို့လည်း ဝမ်းမနည်းနဲ့ ”
“ မှန်လိုက်တာ မချို ရယ် ။ မချိုပြောတာ သိပ်ဟုတ် တာပေါ့ ။ မချို စိတ်ထားကို မမငြိမ်း မချီးကျူးဘဲ မနေနိုင် ဘူး ။ မချို စိတ်ဓာတ်ကို မငြိမ်း တို့ အတုယူရမယ် ”
ငြိမ်းငြိမ်း ပြောလိုက်သည့် စကားများမှာ ရင်ထဲ အသည်းထဲမှ ထွက်ပေါ်လာသည့် စကားများ ဖြစ်ပါသည် ။
ကိုယ့် အတွက် ဒုက္ခနှင့် ဝေဒနာ ဖြစ်ပေါ်စေမည် ဆိုပါက ကိုယ်ခန္ဓာ အစိတ်အပိုင်းကိုပင် စွန့်ပစ်နိုင်ရမည် ဆိုသည့် အတွေးအခေါ် အယူအဆမျိုးကို မချို လို အဋ္ဌမတန်း ကျောင်းသူလေး တစ်ယောက်က တွေးတော လက်ခံနိုင်ပါက ...
ငြိမ်းငြိမ်း အတွေးတို့ ပီပြင်လာပါသည် ။
ငြိမ်းငြိမ်း အမြင်တို့ ကြည်လင်လာပါသည် ။
အမောင့် မေတ္တာတရားတို့ ကို ယုံစား၍ အမောင့် ကို ငြိမ်းငြိမ်း ၏ နှလုံးသားပမာ မြတ်နိုးတွယ်တာခဲ့ရသည် ။ အမောင့် ကို စွန့်လွှတ်ရလျှင် နှလုံးသား ကို ထုတ်ပစ် ရသည်သို့ ခံစားရမည် ထင်ခဲ့သည် ။
ထိုအယူအဆ တို့သည် လွန်ခဲ့သော အချိန်ကလေး အထိ မှန်ကန်ခဲ့သေး သော်လည်း အခု အမောင်သည် … လူစိမ်းကား ၊ ရက်စက်သူ ၊ ဒုက္ခနှင့် ဝေဒနာကို သယ် ဆောင်လာ၍ ငြိမ်းငြိမ်း ကို ပေးအပ်မည့်သူ ။
“ သံယောဇဉ်လေးတွေ ဖြတ်ကြပါ ”
ခေါင်းလောင်းသံ နှင့် အတူ အသံဝဲဝဲလေး ထွက်ပေါ်လာပါသည် ။ အခါတိုင်းလို ငြိမ်းငြိမ်း အတွက် မျက်ရည် မဝိုင်းတော့ ။ အသံလာရာသို့ ငြိမ်းငြိမ်း လှမ်းမျှော်ကြည့် ရင်း ပြုံးမိသည် ။
သံယောဇဉ် မဖြတ်နိုင်၍ သထုံ မှ လူနာ တစ်ယောက် အသက်ပါ ဆုံးရှုံးခဲ့ရသည် ။
မချို လို လက် ကို ဖြတ်ပစ်ရမည့်ကိစ္စ ။ အရိုးကင်ဆာ ဖြစ်သည့်ရောဂါ ။ လက် မဖြတ်လိုကြောင်း ငြင်းဆိုပြီး အိမ်အပြန် လမ်းခုလတ် မှာပင် အသက်ဆုံး သွားသည် ဆိုသည် ။
ဒုက္ခ နှင့် ဝေဒနာ ကို ပေးမည့် ...
“ သံယောဇဉ်လေးတွေ ဖြတ်ကြပါ ”
ဒုတိယအကြိမ် နှိုးဆော်သံလေး ကြားရပြန်ပြီ ။ ဧည့်နှင် ခေါင်းလောင်း ထိုးသော ဆေးရုံစောင့် မွန်ကြီး ၏ အသံ က ဝဲသည် ။ ခေါင်းလောင်းသံလေး က လွင်လွင်လေး ဖြစ်သည် ။
သည်အခါ ငြိမ်းငြိမ်း ရင်မခုန်တော့ ။ မျက်ရည် မဝိုင်းတော့ ။ ချစ်သူ ကိုလည်း မလာစေချင်တော့ ။
“ သံယောဇဉ် ဆိုတာ ဖြတ်သင့်ရင် ဖြတ်ကြရမှာ ပါပဲ ဦးလေး မွန်ကြီးရယ် ”
ငြိမ်းငြိမ်း ရင် ထဲ က ပြောမိသည်လား ၊ အသံ ထွက်၍ ပြောမိသည်လား ။ ဘာပဲဖြစ်ဖြစ် .. ။
ငြိမ်းငြိမ်း သံယောဇဉ်လေးတွေ ဖြတ်လိုက်ပြီ ။
⎕ တက္ကသိုလ် မောင်ငြိမ်းချမ်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၈၅ ၊ နိုဝင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment