Friday, September 27, 2024

သိန္ဓောရှင်


 

❝ သိန္ဓောရှင် ❞
━━━━━━━━━
  ကြပ်ကလေး
━━━━━━━━━
မောင်ဆယ် ၏ ဖခင်ကြီး သည် ယခင် က များစွာ ဆင်းရဲသူ မဟုတ်ခဲ့ချေ ။ လူတန်းစေ့ နေနိုင် စားနိုင်ခဲ့ သည် ။ မောင်ဆယ် နှင့် ညီလေး စံဖူး တို့ကို တင့်တောင့် တင့်တယ် ထားနိုင်ခဲ့၏ ။ သို့ရာတွင် ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းဆောင်တာ က မကောင်း သဖြင့် ယခု အခါတွင် ဆင်းရဲနေ၏ ။ အကြွေးများ ပင် တင်လျက်ရှိ ပေသည် ။ အသက် က လည်း ကြီးလာ ၊ ကိုယ်ခန္ဓာ က လည်း မကျန်းမာသောကြောင့် အလုပ်အကိုင်များ ကို ဖိဖိစီးစီး မလုပ်ကိုင်နိုင်တော့ ။

သို့သော် ... မောင်ဆယ် ကား လိမ္မာရေးခြား ရှိသော သားတစ်ယောက်ဖြစ်လေသည် ။ ဖခင်ကြီး နှင့် ညီလေး တို့ကို ကောင်းစွာ ပြုစုစောင့်ရှောက်၏ ။ ရေထမ်းခြင်း ၊ ထင်းခွေခြင်း ၊ မြက်ရိတ်ခြင်း စသည့် အလုပ်များ လုပ်ကိုင် ၍ ငွေကြေး ရှာဖွေသည် ။ မောင်ဆယ် ရှာဖွေရရှိသည့် ငွေ မှာ အကြွေးများ ကို ကျေအောင် မဆပ်နိုင် သော်လည်း သူတို့ သားအဖ သုံးဦး ထမင်းစားဖို့တော့ ရပါပေသည် ။

တစ်နေ့သ၌ စံဖူး သည် မောင်ဆယ် မြက်ရိတ်ရာ ရွာပြင် ရှိ ကွင်းခေါင်ခေါင် ထဲသို့ လိုက်သွားလေသည် ။ မောင်ဆယ် ကား မြက်များ ကို ရိတ်ပြီးသော် မြက်ထုံးကြီး များ ပြုလုပ်ထား၏ ။ ထို့နောက် မြက်ထုံး အချို့ကို ထမ်း၍ အိမ်သို့ သယ်ယူသွားရာ ၊ ကျန်ရစ်သော မြက်ထုံး များကို စံဖူး က စောင့် နေခဲ့ရသည် ။

ထိုခဏတွင် ထူးဆန်းသော အချင်းအရာ တစ်ရပ် ဖြစ်ပေါ်လာ၏ ။

နွားနို့ ၏ အရောင်ကဲ့သို့ ဖြူဖွေးသော မြင်းကြီး တစ်ကောင်သည် ကောင်းကင်ဆီမှ ပျံဆင်း လာပြီးလျှင် မောင်ဆယ် ရိတ်ထားသော မြက်ထုံး မှ မြက် အချို့ကို ပါးစပ်ဖြင့် ဆွဲယူ စားလိုက်၏ ။

စံဖူး သည် အံ့အားကြီး သင့် နေရာက ဤအတိုင်း ကြည့်နေလျှင် မြက်တွေ ကုန်အောင် စားသွားမည်ကို စိုးရိမ်လာ၏ ။ ထိုကြောင့် မြင်းကြီး နားသို့ ပြေးသွားပြီး လျှင် မြင်းကြီး ကို ချောက်လိုက်သည် ။

“ ဟိတ် မြင်းကြီး  ရှူးမစားနဲ့  ၊ ဟိတ် မြင်းကြီး ”

စံဖူး ၏ အသံ ကို ကြားရသောအခါ မြင်းကြီး သည် ခေါင်း ကို စောင်းငဲ့ ကြည့်လိုက်ပြီး မနှစ်သက်သော လေသံ ဖြင့် ပြန်ပြော၏ ။

“ ငါ့ ကို မြင်းကြီး ... မြင်းကြီး နဲ့ မခေါ်ပါနဲ့ကွ ”

မြင်းကြီး ၏ စကားကို ကြားရသောအခါ စံဖူး မှာ လွန်စွာ အံ့အားသင့် သွားမိတော့သည် ။ မြင်းကြီး စင်စစ် ဖြစ်ပါလျက် နှင့် မြင်းကြီး ဟု မခေါ်ရဟု ဆိုနေပါကလား ။

“ ဘာလဲကွ .. မြင်းကြီး ကို မြင်းကြီး လို့ မခေါ်ဘဲ ၊ နွားမကြီး နွားမကြီး လို့ ခေါ်ရမှာလား ”

စံဖူး ၏ စကားကို ကြားရသောအခါ မြင်းကြီး သည် သဘောကျ သွား သကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်၍ ပြန်ပြောလေ၏ ။

“ ဟီ ဟီ ဟီ ဟီ မင်း ဟာ လူပေါလေးပဲကွ ”

“ ဘာ ... မင်းက မြင်းပေါကြီး ကွ ၊ ဘယ့်နှယ် ... မြင်းပဲ ဥစ္စာ မြင်း လို့ မခေါ်ရဘူးတဲ့ ၊ ကြားပဲ ကြားဖူးပေါင် ”

“ ကြားဖူးရမယ်လေ .. ကြားဖူးရမယ် ၊ ငါ့ ကို မြင်းကြီးလို့ မခေါ်ပါနဲ့ကွ ၊ ငါ့ မှာ နာမည်ရှိပါတယ် ”

“ ဟင် .... နာမည် ရှိတယ် ... ဟုတ်လား ”

“ အေး .. နာမည်ရှိတယ် ”

“ မင်း နာမည် က ဘာတဲ့တုံး ” 

“ အရွ ... တဲ့ ”

“ ဘယ့်နှယ် အရွ ဟုတ်လား ”

“ ဟုတ်တယ် ဟုတ်တယ် ၊ အရွ ... အရွ တဲ့ကွ ”

ဤအခါတွင် ကား စံဖူး ရယ်လှည့် ဖြစ်လေတော့၏ ။

“ အာ ဟား ဟား ဟား မြင်း နာမည် ကလည်း အရွ တဲ့ ၊ ဟား ဟား ”

“ မရယ်ပါနဲ့ကွ ၊ မြင်း နာမည် ပဲ ဟာ မင်းတို့ လူတွေ ရဲ့ နာမည် နဲ့ တူပါ့မလားကွ ၊ မင်း နာမည်ကရော ဘာတဲ့ တုံး ”

“ စံဖူး ... ”

“ ဘာကွ စံဖူး ဟုတ်လား ”

“ ဟုတ်တယ် .. စံဖူး  စံဖူး ”

“ ဟီ ဟီ ဟီ ဟီ လူနာမည် ကလည်း စံဖူး တဲ့ ဟီ ဟီဟီ ဟီ ”

“ မရယ်ပါနဲ့ကွ ၊ လူနာမည် ပဲဟာ မင်းတို့ မြင်းနာမည် နဲ့ တူပါ့မလားကွ ၊ ဟော ... ဟိုမှာ ငါ့ အစ်ကို လာနေပြီ ၊ ဒီ မြက်တွေ ဟာ သူ ရိတ်ထားတာ ၊ မင်း ပိုင်ရှင် မသိအောင် လာ ခိုးစားတဲ့ အတွက် မင်း မှာ အပြစ် ရှိတယ် ”

စံဖူး ၏ စကားကြောင့် အရွ မှာ စိတ်မကောင်း ဖြစ်မိသည် ။

“ အေးကွာ ... သူ့ ကို ငါ တောင်းပန်ပါ့မယ် ၊ ဒါ့ထက် သူ့ နာမည် ကရော စံဖူး ပဲလား ”

“ ဟာ .. ကြံကြံဖန်ဖန် ၊ လူတိုင်း ဟာ နာမည် တစ်ခု ထဲ မှည့် ထားရင် ရှုပ် ကုန်မှာပေါ့ကွ ၊ သူ့ နာမည် က မောင်ဆယ်  တဲ့ ဟေ့ ရယ်ဦးမလို့လား မရယ်ပါနဲ့ကွာ ၊ မင့် သွားကြီး တွေက ကြီးလွန်းလို့  ငါ ကြောက်တယ်ကွ ”

“ ကဲပါလေ ... မင်း တောင်းပန်မှတော့ ငါ လည်း မရယ်တော့ပါဘူး လေ ၊ ဒါပေမဲ့ မောင်ဆယ် ဆိုတဲ့ နာမည် ထက် မဏိကက် ဆိုတာ က ပိုပြီး နားထောင် ကောင်းတဲ့ နာမည် ဖြစ်တယ်လို့ ငါ ထင်တာပဲ ဖူး ... ဖူး ... ဖူး ”

မြင်းကြီး သည် ပါးစပ်ကြီး စေ့၍ ရယ်ရသဖြင့် နှာခေါင်း မှ လေပူများ ကန်ထွက်ကုန်တော့သည် ။

မောင်ဆယ် မှာ မြက်များ သယ်ရန် အနားသို့ ရောက်လာသောအခါ သူ့ ညီလေး စံဖူး အပြင် မြင်းကြီး  တစ်ကောင် ကို ပါ တွေ့သဖြင့် အံ့အားသင့် သွားမိလေ တော့သည် ။

“ ဟင် ... ညီလေး ... ဘယ်က မြင်းကြီး လဲ ”

“ အောင်မယ် .. ကိုကို ရေ သူ့ ကို မြင်းကြီး လို့ မခေါ်ပါနဲ့တဲ့ ”

“ ဟင် .. ဒါဖြင့် ဘယ်လို ခေါ်ရမတဲ့လဲ ”

“ သူ့ မှာ ... နာမည် ရှိတယ်လေ ၊ ဒါပေမဲ့ ဟား ဟား သူ့ နာမ ည်က ရယ်စရာ ကောင်းတယ် ၊ ဟား ဟား သူ့ နာမည် က စံဖူး တဲ့ ၊ ဟားဟား ”

ဤတွင် မြင်းကြီး က ဝင်ပြော၏ ။

“ အောင်မာ တယ် သဘောကျနေ ၊ စံဖူး ဆိုတာက မင်း နာမည်ပဲ ”

စံဖူး မှာ အရယ် ရပ်၍ မျက်လုံး ပြူးသွားတော့၏ ။

“ ဟာ .. ဟုတ်သားပဲ ၊ ငါ့ နာမည် ငါ ပြန်ရယ်မိနေ တာကိုး ၊ ဒီမှာ ကိုကို ရဲ့ သူ့ နာမည် က အဆန်းပဲ ဘာတဲ့ ”

“ သေသေချာချာ မှတ်ထား ၊ ငါ့ ခဏခဏ ထပ် မပြောနိုင်ဘူး ၊ ငါ့ နာမည် က အရွ တဲ့ ”

မောင်ဆယ် ကတော့ အရွ ၏ နာမည်ကြောင့် မရယ်မောမိပါ ။

“ ဪ .. အရွတဲ့လား ၊ ကောင်းပြီလေ .. မှတ်ထားပါ့မယ် ”

“ မောင်ဆယ် ... ငါ တောင်းပန်ပါတယ်ကွာ ၊ ငါ မင်း ရဲ့မြက်တွေ ကို မတောင်းဘဲ စားမိတာ ခွင့်လွှတ်ပါ ”

“ ကိစ္စ မရှိပါဘူးကွာ .. စားပါ ၊ နောက်ကို လည်း ဆာရင် လာစားပါ ”

“ ကျေးဇူး တင်လိုက်တာကွာ ၊ ဒါ့ထက် ဒီ မြက်တွေ က ဘာလုပ်ဖို့လဲ ”

မောင်ဆယ် က အကြောင်းစုံ ကို ရှင်းပြသောအခါ အရွ သည် များစွာ စိတ်မကောင်းခြင်း ဖြစ်သွားတော့၏ ။

“ အေးကွာ .. ငါ ကြားရတာ စိတ်မကောင်းပါဘူး ၊ ငါ ကလည်း အရွယ် မရောက်သေးလို့ပါ ၊ အရွယ် ရောက် ရင် မင်းတို့ နဲ့ လာနေပါ့မယ် ၊ လူကြီးမိဘတွေ ကို ရိုသေ တတ်တဲ့ လူ ၊ လုပ်ကျွေး မွေးမြူတတ်တဲ့ လူတွေ ကို ငါ က သိပ်ချစ်တာကွ ၊ ခုတော့ ငါ က ကလေး ပဲ ရှိသေးတာ ၊ အရွယ် ရောက်မှ ငါ့ သဘော နဲ့ ငါ နေချင်ရာ နေလို့ရတယ် ၊ ခုနေတော့ မင်းတို့ မှာ အရေးကြီးတဲ့ အကြောင်း ရှိရင် ငါ့ နာမည် ကို သာ ခေါ်လိုက်ပါကွာ ၊ ငါ ပြေးလာခဲ့ပါ့မယ် ”

စံဖူး က ဝင်၍ ပြောပြန်သည် ။

“ မင်း က တခြား မြင်းတွေ လို မဟုတ်ဘဲ မိုးပေါ် ပျံနိုင်သလားကွ ”

“ ဟုတ်တယ် ငါ က မိုးပျံသိန္ဓောမြင်း မျိုး ကိုးကွ ”

“ သိန္ဓော ဆိုတာက ဆားတစ်မျိုး မဟုတ်ဘူးလား ”

“ ဟီ ဟီ ဟီ .. ဟုတ်ပါတယ် ၊ မင်း ဟာ လူပေါလေး ပါ ၊ ဆားနာမည် သိန္ဓော က တခြားပါကွ ၊ ငါ က မြင်း ပဲ ဟာ ဆားနဲ့ တူပါ့မလား ”

“ မင်း .. မိုးပေါ်ပျံနိုင်ရင် ငါတို့ စီးကြည့်ချင်တယ် ကွာ ” ဟု မောင်ဆယ် က ပြောသည် ။

“ မောင်ဆယ် မင်း ကို ငါ သိပ်ခင်မင်သွားပြီ ၊ ဒါပေမဲ့ ဒီနေ့တော့ အချိန် မရှိတော့ဘူး ၊ နက်ဖြန် ညနေ ကျရင် ငါ စောစော လာခဲ့မယ် ၊ ဘယ်သူ့မှ မပြောနဲ့နော် ၊ မင်းတို့ နှစ်ယောက်တည်း ဒီကို လာခဲ့ကြ ”

မောင်ဆယ် တို့ ညီအစ်ကို နှစ်ယောက်လည်း ခေါင်းညိတ် ၍ သဘောတူ လိုက်ကြ၏ ။ အရွ လည်း မြေပြင် ပေါ် တွင် ခြေလေးဖက် ကို တရွရွ နင်း လိုက်ပြီးလျှင် ကောင်းကင် သို့ လွှားခနဲ ပျံတက်သွားလေတော့၏ ။ မောင်ဆယ်  တို့သည် ကျန်ရှိသော မြက်ထုံးများ ကို သယ်၍ အိမ်သို့ ပြန်ခဲ့ကြလေ၏ ။

သူတို့ သည် အရွ ၏ အကြောင်း ကို မည်သူ့ကိုမျှ ပြန် မပြောချေ ။

နောက်တစ်နေ့ ညနေဘက် သို့ ရောက်သောအခါ မောင်ဆယ် တို့ ညီအစ်ကို နှစ်ယောက် သည် အလုပ်များ ကို စောစော ပြီးစီးအောင် လုပ်ထားကြပြီး နောက် ၊ ကွင်းပြင် စပ်တွင် အရွ ၏ အလာ ကို စောင့်မျှော် နေကြလေ၏ ။ မကြာမီပင် အရွ သည် ကောင်းကင်ခရီး ဖြင့် ရောက်ရှိ လာလေသည် ။ မောင်ဆယ် က အသင့် ရိတ်ထားသော မြက် အချို့ ကို ကျွေးမွေး၏ ။

“ မောင်ဆယ် ရေ .. ဒီနေ့ ငါ လာနိုင်သေးတာ မင်းတို့ ကံကောင်းတယ် ။ နက်ဖြန် ဆိုရင် ငါ မအားတော့ဘူး ။ ကမ္ဘာအရပ်ရပ် က တောင်ကြီးတွေ ပေါ်မှာ တစ်လှည့်စီ သွား နေရတော့မယ် ။ အဲဒီ နေရာတွေမှာ ရာသီဥတုမျိုးစုံ အကြောင်းတွေ ၊ မြက်မျိုးစုံ အကြောင်းတွေ ၊ ခရီးလမ်းပန်း အကြောင်းတွေ ကို ငါ သင်ယူရတော့မယ် ၊ မင်းတို့ ဆီ ကို ခုလို ငါ မလာနိုင်တော့ဘူး ”

အရွ က ဤသို့ ပြောလိုက်သောအခါ မောင်ဆယ် က

“ ကောင်းပါပြီ သူငယ်ချင်း ရယ် ၊ တို့တော့ မင်း ကို ဘယ်တော့မှ မမေ့ပါဘူး ၊ မင်း က လည်း သတိရ နေမှာပဲ မဟုတ် လား ” ဟု ဝမ်းနည်းသံ နှင့် မေး လိုက်သည် ။

“ သတိရ နေမှာပါကွာ ၊ ဒီကြားထဲ အရေးကိစ္စ ကြုံရင် တော့ မင်းတို့ နဲ့ လာနေမှာပါကွာ ”

သူတို့ စကား ပြောနေသည့် အခိုက် စံဖူး မှာ စိတ်မရှည်နိုင် ဖြစ်လာ၏ ။

“ ကဲပါကွာ .. စကား မများကြပါနဲ့ ၊ ငါ စီးချင်လှပါပြီ ”

“ ကဲ .. ဒါဖြင့်လည်း ငါ့ ကျောပေါ် တက်ထိုင် ”

အရွ က ဤသို့ ပြောလိုက်သောအခါ ၊ မောင်ဆယ် က ရှေ့ က ထိုင်၏ ။ စံဖူး က နောက်က ထိုင်၍ မောင်ဆယ် ၏ ခါး ကို ဖက်ထားသည် ။

မြင်းကြီး သည် မြေပြ င်ပေါ်၌ တစ်လှမ်း နှစ်လှမ်း ခုန် ပေါက်လိုက် ပြီးသော် လွှားခနဲ ပျံတက် သွားလေတော့ သည် ။

မောင်ဆယ် မှာ ဣန္ဒြေရရ ထိုင် လိုက်လာသော်လည်း စံဖူး ကမူ ရွစိရွစိ ဖြစ် နေသည် ။

“ ဟာ .. တယ် ဟုတ်ပါလားကွ ၊ တော်တော် ဇိမ်ရှိ တာပဲနော် ၊ ဟားဟား အရွ ကွ .. ဟုတ်ပြီ သုတ်ခြေတင် ပေး အလဲ့ တယ်လဲ ဟန်ကျလိုက်ပါကလားနော် ”

မောင်ဆယ် က သတိပေး သော်လည်း မရ ၊ စံဖူး  အူမြူးလှသည် ။ ဝမ်းထဲက ပျော်သလောက် ပါးစပ် က လည်း အငြိမ် မနေနိုင် ။

“ ဟာ ကိုကို ၊ ဟိုမှာ ကြည့်စမ်းပါ  ၊ လယ်ကွင်းလေး တွေ သေးသေးလေး ဖြစ်ကုန်ပြီ ၊ အာပါး ကျောက်တောင်ကြီး တွေ တောင် မှ သဲပုံကလေးတွေ လောက် ဖြစ်နေပါ ကလား ၊ ဟုတ်ပြီကွ .. ပျံပေး ”

ပြောပြောဆိုဆိုနှင့် စံဖူး မှာ စိတ်ကြွလာကာ လက်ခုပ် နှစ်ဖက် ကို အားရပါးရ တီးလိုက်မိလေ၏ ။ စံဖူး သည် မောင်ဆယ် ၏ ခါးကို ဖက်ထားသော လက် နှစ်ဖက်စလုံး ကို ဖြုတ်၍ လက်ခုပ် တီးလိုက်သော အခါတွင် အရှေ့ မှ လေတိုး သဖြင့် ကျွမ်းပျံပြီး နောက် ၊ နောက်ဘက် သို့ လန်ကျ သွားလေ၏ ။ သို့သော် သတိရ သဖြင့် ဆွဲမိ ဆွဲရာ ဆွဲ လိုက်ရာ မြင်းမြီးကြီး ကို နောက် ပြန်ဆွဲ မိလေတော့သည် ။ အရွ သည် အလွန်မြန်သော အဟုန်ဖြင့် သွားနေသည် ဖြစ်သောကြောင့် အမြီးကြီး မှာ နောက်ဘက်တွင် တန်း နေရာ စံဖူး မှာလည်း ပက်လက်ကြီး ပါနေလေ၏ ။

“ အောင်မယ် ဒါက ပိုတောင် ကောင်းပါသေး ကလား ၊ တိမ်တွေ ကို ပိုပြီး နီးနီး မြင်ရသေးတယ် ”

အရွ က တော့ ဘာမျှ မပြောတော့ချေ ။ ပြေးနေရင်း က နောက် ခြေထောက် တစ်ဖက် နှင့် လှမ်းပေါက်လိုက်ရာ စံဖူး မှာ ဝီခနဲ လည်၍ မြောက် သွားပြီး မြင်း ပေါ် ပြန်ထိုင်မိ လေသည် ။ သို့သော် နောက်ပြန်ကြီး ဖြစ်နေ သဖြင့် မောင်ဆယ် နှင့် ကျောချင်းကပ် ထိုင်လျက်သား ဖြစ်နေ သည် ။ ထို့ကြောင့် မောင်ဆယ် ၏ ခါး ကို နောက်ပြန်ကြီး လှမ်းဖက် ထားရ သဖြင့် သူ ကား ကုန်းကုန်းကြီး ဖြစ် နေတော့သည် ။

မည်သို့ပင်ဖြစ်စေ .. ပြန် ရောက်ကြသောအခါတွင် သူတို့ ညီအစ်ကို နှစ်ယောက် အတွက် ပျော်ရွှင်ဖွယ် ကောင်းသော ခရီးတစ်ခေါက် ဟု ဆိုမိကြလေ၏ ။

ဤသို့ဖြင့် နေလာခဲ့ကြရာ တစ်နေ့သော အခါတွင် တစ်မြို့တစ်ရွာ တွင် နေထိုင်သော ကြွေးရှင် သူဌေးကြီး သည် မောင်ဆယ် ၏ ဖခင် က ကြွေးမဆပ်နိုင်သော ကြောင့် သူတို့ ၏ အိမ်ကလေး နှင့် တကွ ပစ္စည်းများ ကို သိမ်းယူ လိုက်လေတော့၏ ။

မောင်ဆယ် တို့ လည်း ရွာပြင် နား တွင် တဲငယ်ကလေး မလုံ့တလုံ နှင့် ဆင်းရဲစွာ နေကြရသည် ။ သုံးလေး နှစ် ကြာသောအခါ မောင်ဆယ် တို့၏ ဖခင်ကြီးမှာ စိတ်ညစ်သည့် ဒဏ်နှင့် ဆင်းရဲပင်ပန်းသည့် ဒဏ် တို့ ဖြင့် ရောဂါရကာ ကွယ်လွန်သွားရှာလေ၏ ။

မောင်ဆယ် နှင့် စံဖူး တို့လည်း ဖခင်ကြီး ကို မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ပြီး သော် ထို ရွာ မှ ထွက်ခဲ့ကြသည် ။ မောင်ဆယ် မှာ အရွယ် ရောက်လာပြီး ဖြစ်သည့်အတိုင်း ၊ တစ်ရပ် တစ်ကျေး သို့ လှည့်လည်၍ ပညာရော ဥစ္စာပါ ရှာဖွေမည် ဟု ကြံစည်ကာ ထွက်လာကြခြင်းဖြစ်လေသည် ။

တစ်နေ့သ၌ တောတောင်ခရီး ကို ဖြတ်သန်းလာခဲ့ ကြပြီးနောက် ရသေ့ကြီး တစ်ပါး ၏ ကျောင်းသင်္ခမ်း တစ်ခု သို့ ရောက် လာကြတော့ သည် ။

မောင်ဆယ် တို့သည် ရသေ့ကြီး ကို ဦးချ ရှိခိုးပြီးသော် သင့်တော်ရာ၌ ထိုင်ကြ၏ ။ ရသေ့ကြီး ကား ညီအစ်ကို နှစ်ယောက် ကို အကဲခတ်ရင်း က ဝမ်းထဲ တွင် တော်တော် သဘောကျ ချစ်ခင်မိ၏ ။ ထို့ကြောင့် ယင်း ညီအစ်ကို နှစ်ယောက် အား မိမိ တတ်သော ပညာများကို သင်ပေးလို စိတ် ဖြစ်ပေါ်လာသည် ။

“ ကိုင်း .. မင်းတို့ ဘာကိစ္စ နဲ့ လာကြသလဲ ”

“ ထမင်းဆာတဲ့ ကိစ္စနဲ့ လာကြပါတယ်ဘုရား ”

စံဖူး က လွှတ်ခနဲ ဖြေ လိုက်သည် ။ မောင်ဆယ် မှာ တားဆီးရန် အချိန်ပင် မရလိုက် ။ ရသေ့ကြီး က ပြုံးလိုက် လေသည် ။

“ ကဲ ... ဆာတဲ့ ကိစ္စ ဆိုလည်း ဟောဟိုက သစ်သီး တွေ စားကြပေါ့ကွာ ”

မောင်ဆယ် ကမူ ရသေ့ကြီး ထမသွားမီ လက်အုပ်ကလေး ချီ၍ “ ဆာတဲ့ ကိစ္စပြီး စီးရင် ဆရာတော် ရဲ့ အဆုံးအမ ကို ခံယူပြီး တပည့် ခံဖို့ ကိစ္စက ရှိပါသေးတယ် ဘုရား ” ဟု လျှောက် လိုက်၏ ။

ရသေ့ကြီး သည် တစ်ဖန် ဆက်၍ ပြုံးလိုက်ပြန်သည် ။

“ ငါ ထင်ထားတဲ့ အတိုင်း မင်းတို့ဟာ တော်တော် ဟုတ်တဲ့ ညီနောင် ပဲ ”

ထိုနေ့မှ စ၍ မောင်ဆယ် တို့သည် ရသေ့ကြီး ၏ ကျောင်းသင်္ခမ်း တွင် နေထိုင်ကြ၏ ။ ရသေ့ကြီး ၏ ဝတ်ကြီးဝတ်ငယ်များကို ပြုကြ၏ ။ ရသေ့ကြီး က လည်း သူတို့ ကို အတတ်ပညာများ ၊ အသိပညာ ကို ကောင်းစွာ သင်ကြားပေးလိုက်လေသည် ။

တစ်နေ့တွင် ရသေ့ကြီး က “ ကိုင်း မင်းတို့ ညီအစ်ကို နှစ်ယောက် ဟာ အတတ်ပညာ လည်း စုံပြီ ။ ဒီတော့ ကိုယ့် ဘဝ မှာ ကိုယ် တိုးတက်ရာ တိုးတက်ကြောင်း လည်း လုပ်ရင်း ၊ အများတကာ ရဲ့ အကျိုးကိုလည်း သယ်ပိုးကြနိုင်ဖို့ အတွက် ခရီး ဆက်ကြပေတော့ ” ဟု ဆုံးမ၍ လွှတ်လိုက် လေတော့သည် ။ မောင်ဆယ် တို့လည်း ဆရာရသေ့ကြီး ကို ရိုသေစွာ ရှိခိုးဦးချ နှုတ်ဆက်ကြပြီးသော် ခရီးထွက် လာခဲ့ကြလေ၏ ။ များမကြာမီပင် မောင်ဆယ် တို့သည် မြို့ တစ်မြို့ သို့ ရောက် လာကြလေ၏ ။

ထိုမြို့မှ လူများ ပြောပြချက် အရ သူဌေးဦးဆန္ဒ ၏ သမီး ဖြစ်သူ ခင်မိုးသူ တွင် ဝေဒနာ စွဲကပ်လျက်ရှိပြီး မည်သည့် ဆရာ မှ မကုသနိုင်သဖြင့် သူဌေးကြီး လင်မယား မှာ ငိုယို၍ နေရကြောင်း သိရလေသည် ။

မောင်ဆယ် သည် များစွာ သနား၍ သူဌေးကြီး ဦးဆန္ဒ ၏ အိမ်သို့ သွားရောက် စုံစမ်းကြသည် ။ ဦးဆန္ဒ မှာ အကြွေး တောင်းရန် ခရီး ထွက် နေ၍ မတွေ့ရဘဲ ၊ သူဌေး ကတော် ဒေါ်မယ် နှင့် သာ တွေ့ကြရ၏ ။

ခင်မိုးသူ ၏ ဝေဒနာ ကား ဤသို့ဖြစ်၏ ။

မှော်ဆရာကြီး ဦးပေတလူ ဆိုသူ သည် ဤ အိမ်သို့ ဝင်ထွက် သွားလာနေ၏ ။ တစ်နေ့တွင် ဦးပေတလူ က သူ ၏ ရွှေပန်းခိုင် ကို ခဏ သိမ်းဆည်းထားရန် လာရောက် အပ်နှံ၏ ။ ထိန်းသိမ်းထားခ အခကြေးငွေ ရသဖြင့် ဦးဆန္ဒ က လက်ခံ ထားသည် ။ သို့သော် တစ်နေ့တွင် လုံခြုံစွာ သိမ်းဆည်းထားသော သေတ္တာ ထဲမှ ရွှေပန်းခိုင် သည် ပျောက်ဆုံးသွား၏ ။

ဦးပေတလူ က သူ ၏ ရွှေပန်းခိုင် ကို ပြန် တောင်းသော အခါ မပေးနိုင်သဖြင့် ကျသင့်ငွေ ကို လျော်မည်ဟု ဦးဆန္ဒ က ပြောသည် ။ သို့သော် ... ဦးပေတလူ က ငွေကို လက်မခံ ၊ ခင်မိုးသူ နှင့် သူ့ ကို ပေးစားရမည်ဟု  ပြော သည် ။ မိဘများ က မပေးစားနိုင် ဟု ငြင်းပယ်သော အခါ ၊ ဦးပေတလူ က ခင်မိုးသူ ကို အပ်ကလေး နှင့် လက် ကို ထိုးလိုက်ရာ ခင်မိုးသူ မှာ အိပ်ပျော်သွားသည် ။ ထိုနေ့ မှစ၍ ယနေ့ ထက်တိုင် .. မနိုးဘဲ အိပ်ပျော် နေလေတော့ ၏ ။

ဦးပေတလူ ၏ နေထိုင်ရာ အရပ်ဒေသ ကို မည်သူမျှ မရောက်ဖူးကြချေ ။ အလွန် ဝေးကွာလှသော သီခတောင် ပေါ်တွင် နေသည် ဟုသာ သိကြရလေသည် ။

အကြောင်းစုံ ကို သိရသောအခါ မောင်ဆယ် က ကုသပေးရန် တာဝန်ယူ၏ ။ သို့သော် လိုအပ်သော ဆေးမြစ် မှာ ‘ တစ်ပိုင်းကွယ် ’ တောင်ထိပ် တွင် ရှိလေ သည် ။ ထို တောင် မှာ အလွန် မြင့်ပြီး ၊ မိုးတိမ် တို့ ကိုပင် ဖောက်ထွင်း တည်ရှိ၏ ။ ခါးလည် မှ တောင်ခြေ အထိ ပျောက်ကွယ် နေသဖြင့် မည်သည့်သူမျှ တက်ရောက် နိုင်ခြင်း မရှိချေ ။

မောင်ဆယ် က စံဖူး ကို လူမမာ အိမ်၌ အစောင့်ထား ခဲ့ပြီးလျှင် ဆေးမြစ် ယူရန် ပြင်ဆင်၏ ။

ရတနာသုံးပါး နှင့် မိဘတို့ ကို လည်းကောင်း ၊ ဆရာ ရသေ့ကြီး ကို လည်းကောင်း ၊ ရည်စူး၍ ကန်တော့ပြီးလျှင် အိမ်ရှေ့ရှိ ကွက်လပ်တွင် ထွက်၍ ရပ်၏ ။ ထို့နောက် မျက်စိ ကို မှိတ်၍ အောက်ပါအတိုင်း ရွက်ဆို လိုက်သည် ။ 

“ မိုးမှုန်ကလေးတွေ ပြေးလို့ပျော် ၊ သက်တံ တံတား ကြီးပေါ် ”

ဤသို့ သုံးခေါက် ရွတ် လိုက်ရာ ၊ သက်တံကြီး သည် ကွေးကွေးကြီး ပေါ်လာလေတော့ ၏ ။ မောင်ဆယ် သည် ထို သက်တံတံတားကြီး ပေါ်သို့ တက်၍ လျှောက်သွားရာ ၊ အဖျားဘက် သို့ ရောက်သော အခါ တိမ်များ ကွယ်သွား သဖြင့် မမြင်ကြရတော့ချေ ။

စံဖူး ကား မုန့်ကြာစေ့ ၊ မုန့်ကြာရိုးများ ကို စားရင်း စကားတွေ များနေ၏ ။ ဒေါ်မယ် က အနားမှ ထိုင်၍ နားထောင်သည့် အခါ နားထောင်လိုက် ၊ မေးမြန်းသည့် အခါ မေးမြန်းလိုက် နှင့် လုပ်နေသည် ။

“ မောင်ဆယ် က ပညာ တော်တော်တတ်သလား ”

“ ဟာ .. သိပ်တတ်တာပေါ့ ၊ ကျွန်တော့် ထက် တတ်တယ် ”

“ ဪ ဟုတ်လား ၊ မင်း ထက် တတ်တာကိုး ၊ ဒါနဲ့ မင်း က ကော ဘယ်လောက် တတ်သလဲကွဲ့”

“ ကျွန်တော် က သူ့ လောက် မတတ်တာ တစ်ခုပဲပေါ့ ၊ မုန့်ကြာစေ့ ထည့်ပါဦး ”

“ ဪ အေး ရော့ရော့ ၊ ဒါထက် သမီး ရဲ့ ရောဂါ ဟာ ပျောက်နိုင်ပါ့မလားကွဲ့  ”

“ ဟာ .. ပျောက် မှာ မုချပါပဲ ၊ ကိုကို ပြန်ဆင်းလာရင် ဆေးမြစ် ပါလာလိမ့်မယ် ၊ ဒါလေး သွေး လိမ်းလိုက်ရင် ချက်ချင်း ပျောက်မှာပေါ့ ”

“ ဘယ်နေရာ ကို လိမ်းရမှာလဲ ”

“ ဟိုနေရာပေါ့ ၊ မှော်ဆရာကြီး က တူရွင်း နဲ့ တူးသွား တယ်ဆိုတဲ့ နေရာ ကို ပေါ့ ဒေါ်ဒေါ် ရဲ့”

“ အို ... အပ် နဲ့ ထိုး သွားတာပါလေ ”

“ ဪ ဟုတ်ကဲ့ ၊ ကျွန်တော် နည်းနည်းပါးပါး အပြော မှားသွားလို့ပါ ၊ မုန့်ကြာရိုးလေး နည်းနည်း လောက် ”

“ ဪ .. ဟုတ်ပါရဲ့ ၊ မုန့်ကြာရိုး က ကုန်ပြန်ပြီကိုး ၊ ကဲ ရော့ ရော့ ”

ထိုသို့ ရှိနေခိုက် တွင် ဦးပေတလူ သည် ရောက် လာ လေ၏ ။ လူစိမ်း ကို တွေ့ သောအခါ အနား သို့ လာရောက် ထိုင်ပြီး ၊ အကဲခတ်ရင်း ဒေါ်မယ် ကို စကား ပြောလိုက်သည် ။

“ ဘယ့်နှယ်လဲ ... ဒေါ်ဒေါ် ရဲ့ ရွှေပန်းခိုင် ကို ပြန် တွေ့ပြီလား ”

“ မတွေ့သေးပါဘူးလေ ”

“ ဒါဖြင့်ရင်လည်း ခင်မိုးသူ နဲ့ ကျွန်တော် နဲ့ ပေးစား လိုက်ပါလေ ၊ ဒီရောဂါ ချက်ချင်း ပျောက်အောင် ကျွန်တော် လုပ်ပေးမှာပေါ့ ”

ထိုခဏ၌ စံဖူး က ဦးပေတလူ ၏ ပေါင် ကို ပုတ်လိုက် သဖြင့် ဦးပေတလူ သည် စံဖူး ကို လှည့်ကြည့်ရ၏ ။

“ မရိုမသေဗျာ ဟောဒီ ပန်းကန်လေး ယူပြီး မုန့်ကြာစေ့ သွား ထပ်ထည့်ခဲ့စမ်းပါ  ”

ဦးပေတလူ သည် ယောင်ပေါင်ပြီး ပန်းကန်လေး လှမ်း ယူ၍ ထလိုက်ပြီး မှ ဆောင့်ကြီးအောင့်ကြီး နှင့် ပြန် ထိုင်လိုက်၏ ။

“ အောင်မာ ... ဘာလဲကွ ၊ မင်း က လူ ကို ခိုင်းစရာ မှတ်လို့လား ”

“ ဪ ... စိတ်မရှိပါနဲ့ဗျာ ၊ မုန့်ကြာစေ့ ထပ် ထည့် တဲ့ အလုပ်မျိုး ဟာ လူ ကို ခိုင်း မှ ရတော့မှာပေါ့ ၊ တိရစ္ဆာန် တွေ ခိုင်းလို့ရပါ့မလား ”

“ မင်း တော်တော် လူပါးဝပါကလား ”

“ မဝသေးပါဘူး ခင်ဗျာ ... ၊ ဒါ့ကြောင့် မုန့် ထပ် ထည့် ခိုင်းနေတာပေါ့. .. ”

ဦးပေတလူ သည် လွန်မင်းစွာ ဒေါသ , ထွက်၍ အံကို ကြိတ်ကာ ၊ ကြိမ်းမောင်းလိုက်၏ ။

“ တယ်... ”

“ ဟုတ်ကဲ့ .. တယ်ခိုင်း ထားပါတယ် ၊ ကျွန်တော် လည်း ရေနွေးကြမ်း သောက်ချင်တာပဲ ဥစ္စာ ... ”

“ ဟင်းနော် ... ”

“ ဟင်း ကတော့ တယ်စရာ မလိုတော့ပါဘူး ၊ ထမင်းစား ပြီးပြီပဲ ဥစ္စာ .. ”

“ မင်း သေချင်သလား .. ”

“ ဟာ .... ကြံကြံဖန်ဖန် ၊ ကျွန်တော် မသေချင်ပါဘူး ခင်ဗျာ ... ၊ ဦး ကို ဘယ်သူ က ကျွန်တော် သေချင်နေတယ် လို့ ပြောလိုက်သလဲ ၊ မယုံပါနဲ့ ခင်ဗျာ ၊ အလကား ကောလာဟလတွေပါ ... ”

ဦးပေတလူ သည် ဒေါသ ဖြင့် မတ်တတ် ရပ်လိုက် ၏ ။ ထိုခဏ၌ သူဌေးကြီး ဦးဆန္ဒ ပြန်ရောက်လာလေ ရာ ၊ ဒေါ်မယ် က အကျိုးအကြောင်း ပြောပြ၏ ။ ဦးဆန္ဒ မှာ ဝမ်းသာအားရ နှင့် အပြင် ထွက်၍ ကောင်းကင် သို့ မော် ကြည့်လိုက်၏ ။ ဦးပေတလူ က လည်း အပြင်ဘက် လိုက် ထွက်၍ မော့ကြည့်၏ ။ သို့သော် သူ ကတော့ မနာလိုစိတ်နှင့် ကြည့်ခြင်းပါ ။

“ ဟော.. ပြန်ဆင်းလာပြီ ”

လူတွေ က အော်ကြ၏ ။ သက်တံတံတားကြီး ပေါ် တွင် မိုးတိမ် ထဲ မှ ထွက်ပေါ် လာသော မောင်ဆယ် ကို ရေးရေးကလေး မြင်ကြရသည် ။ ထိုအခိုက်တွင် ဦးပေတလူ က နှုတ် မှ ရွတ်ဆိုလိုက်၏ ။

“ မိုးမှုန်ကလေးတွေ လေ က နှောက် ... သက်တံ တံတားကြီး ပျောက် ”

ဤသို့ သုံးခါ ရွတ်လိုက်ရာ ၊ သက်တံ တံတားကြီး မှာ ရုတ်တရက် ကွယ်ပျောက် သွားလေတော့သည် ။ မောင်ဆယ် သည် လည်း .. ကျွမ်းထိုးမှောက်ခုန်ကျလာ လေ၏ ။ သို့သော် မောင်ဆယ် ကား သတိ ကောင်းသူ ဖြစ်၏ ။

”အရွ ရေ ... အရွ .. အရွ ”

နှုတ် မှ တမ်းတ,လိုက်၍ မကြာမီပင် လေကြောင်း ခရီး မှ မြင်းဖြူကြီး သည် တရိပ်ရိပ် နှင့် ပေါ်လာကာ ၊ မောင်ဆယ် အား ကျောကုန်း ဖြင့် ဖမ်းယူ တင်ဆောင်၍ မြေပြင် သို့ ခေါ်လာခဲ့လေသည် ။

မောင်ဆယ် မြေပြင်သို့ ရောက်သောအခါ ဦးပေတလူ မှာ ထွက်ပြေးနှင့် ပြီ ဖြစ်၏ ။

အရွ က နောက် နှစ်ရက် ကြာလျှင် မိမိ သည်လည်း အရွယ် ရောက်ပြီ ဖြစ်၍ မောင်ဆယ် တို့နှင့် လာနေတော့ မည်ဟု ပြောကာ နှုတ်ဆက် ပြန်သွား လေ၏ ။

မောင်ဆယ် သည် ဆေးမြစ်ကလေး ကိုင်၍ ခင်မိုးသူ အနား သို့ ကပ်လာစဉ် ဦးဆန္ဒ နှင့် ရင်ဆိုင် တွေ့ ရလေတော့ သည် ။ ဦးဆန္ဒ ကား... အခြားသူ မဟုတ်ပါတကား ၊ မိမိ တို့၏ အိမ် ကို ရက်ရက်စက်စက် သိမ်းယူပြီး မိမိတို့ ကို နှင်ချပစ်လိုက်သူ ပင် ဖြစ်နေသည် ။ တကယ် ဆိုလျှင် မိမိ တို့ ပေးထားခဲ့သော အတိုးငွေ မှာ အရင်းငွေ ထက် သုံးဆ ခန့် ပင် ရှိနေရာ .. ၊ ဤမျှလောက် ရက်စက်ဖို့ မကောင်းချေ ။

မောင်ဆယ် ၏ ရင်ထဲ တွင် ... ဗလောင်ဆူ ၍ လာ တော့၏ ။ လက် ထဲ မှ ဆေးမြစ် ကိုလ ည်း ကျစ်ကျစ်ပါ အောင် ဆုပ်ထားမိသည် ။ ခင်မိုးသူ ကို သူ သည် ဆေးကု မပေးချင်တော့ပါ ။

ထိုခဏ၌ ရသေ့ကြီး ၏ အသံ ကို ကြားရတော့သည် ။

“ ချစ်သား ... မောင်ဆယ်  ၊ မကောင်းသော အကျင့် ရှိသူ ကို ကောင်းသော အကျင့်ဖြင့် တုံ့ပြန်ပါ ၊ ကိုယ် တတ် တဲ့ ပညာ ဟာ အများတကာ ရဲ့ အကျိုး ကို သယ်ပိုးရွက် ဆောင်ဖို့ အတွက် ဖြစ်ပါစေ ၊ သင့် အသက် ကို သေအောင် မကြံစည် သမျှ သင့် ရန်သူ လို့ မသတ်မှတ်ပါနှင့် ... ”

မောင်ဆယ် သည် ရသေ့ကြီး ၏ အသံ ဆုံးသော အခါ ခင်မိုးသူ ကို ဆေးကုသ ပေးလိုက်လေ၏ ။ ခင်မိုးသူ လည်း အကောင်း ပကတိ ဖြစ်လာတော့သည် ။
ဦးဆန္ဒ မှာ များစွာ နောင်တ,ရကာ ၊ မတရား လောဘကြီးသူ မဖြစ်တော့ဘဲ ကိုယ်ကျင့်တရား ကောင်းအောင် နေမည် ဟု ဆုံးဖြတ်လိုက်၏ ။ မောင်ဆယ် ကို လည်း သမီး နှင့် ထိမ်းမြားပြီး ၊ စည်းစိမ်ချမ်းသာများ ကို ခွဲဝေပေး ၏ ။ စံဖူး ကို လည်း ငွေကြေး စည်းစိမ်များ ပေး၍ အလုပ် လုပ်ကိုင်စေ၏ ။

အရွ ရောက်လာသည့် နေ့ ကား မောင်ဆယ် အလွန် ပျော်ရသော နေ့ ဖြစ်လေသည် ။ သူငယ်ချင်းဟောင်း နှင့် အတူတကွ ပြန်လည် နေထိုင်ရသောကြောင့် ပျော်ရွှင်ရခြင်း ဖြစ်၏ ။ ပို၍ ပျော်ရွှင်စရာ ကောင်းသော ဖြစ်ရပ် ကား - အရွသည် ဦးပေတလူ နေသော သီခ, တောင် ကို ကောင်းစွာ သိသောကြောင့် ဖြစ်၏ ။ ထို့ကြောင့် တစ်နေ့ တွင် မောင်ဆယ် သည် အရွ ကို စီး၍ ဦးပေတလူ ၏ အိမ် မှ ရွှေပန်းခိုင် ကို ဦးပေတလူ ၏ အလစ်တွင် ပြန်လည် ယူငင် လာခဲ့လေသည် ။ မောင်ဆယ် ကား .. ဦးပေတလူ ၏ ဉာဏ်နီ ဉာဏ်နက် အကွက်ဆင်ခြင်း ကို ရိပ်မိထားသူ ဖြစ်သောကြောင့်တည်း ။

ဦးပေတလူ လာရောက်၍ “ ရွှေပန်းခိုင် ကို တွေ့သေး သလား ” ဟု မေးမြန်းသော အခါ ထုတ်ပေး လိုက်သည် တွင် ဦးပေတလူ မှာ အံ့သြ ထိတ်လန့် သွား၏ ။ မိမိ က တိတ်တဆိတ် ပြန်၍ ခိုးယူ ထားသော ရွှေပန်းခိုင် ကို ယခု ကဲ့သို့ ထုတ်ပေးသော အခါ မိမိ က ခင်မိုးသူ ကို မိမိ နှင့် ပေးစားအောင် လုပ်သော အကြံတွေ ပေါ်ကုန်ပြီ ဖြစ်သော ကြောင့်ပင် ဖြစ်၏ ။

ဦးပေတလူ မှာ ရွှေပန်းခိုင် ကို ပင် မယူနိုင်တော့ဘဲ ၊ ထွက်ပြေးလေတော့ရာ ချောက်ကမ်းပါး မှ အရှိန်လွန် ကျပြီး သေဆုံးလေတော့သည် ။

အရွ ကား မြင်ရသော အဖြစ်အပျက်များ ကို သဘောကျလွန်း သဖြင့် ပါးစပ်ကြီး ဖြဲ၍ တဟီဟီ နှင့် ရယ်မောလေရာ စံဖူး က မုန့်ကြာရိုး ၊ မုန့်ကြာစေ့များ နှင့် ပစ်သွင်း မှ ပါးစပ်ကြီး ပြန် ပိတ်သွားတော့၏ ။ သိန္ဓောမြင်းရှင် မောင်ဆယ် ၏ သတင်းကား များစွာ ကျော်ကြား လူပြော များ လျက် ရှိနေလေသည် ။

▢ ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment