Friday, September 20, 2024

မိုက်သလား ရိုက်သလား မမေးနဲ့


 

❝ မိုက်သလား ရိုက်သလား မမေးနဲ့ ❞
━━━━━━━━━━━━━━━
              ညီပုလေး
━━━━━━━━━━━━━━━
အနောက် ကျုံးလမ်း က မှောင် နေတယ် ။ လမ်းဓာတ်မီးတွေ က ကျွမ်းတဲ့ နေရာ က ခပ်များများ ။ လင်းတဲ့ နေရာ ကလည်း မီးအား မပြည့်လို့ ခပ်မှုန်မှုန် ပဲ ။ ဒီ ကြားထဲ နှင်း တွေ မြူတွေ ကလည်း ဆို့ နေလိုက် သေးတယ် ။

မြောက်ဘက် ကို ဦးတည်ပြီး စက်ဘီး နင်း လာတာ မို့ ဆရာ တင်မောင်အေး ပိုပြီး ချမ်း နေရှာတယ် ။ ဘုရားကိုးဆူ ကပ်တဲ့ အိမ် မှာ ကြာဆံဟင်း သောက်ကြ ၊ စကားတွေ ပြောနေ ကြတုန်းက အိမ် ထဲ မှာမို့ ထင်ရဲ့  ။ ဒီလောက် မချမ်းဘူး ။ အခုတော့ မျှော်လင့်တာ ထက် ပို အေးနေတယ် ။ အိမ် တစ်အိမ် က ထွန်းထားတဲ့ ဓာတ်မီးရောင် က လမ်းပေါ် ကျနေတယ် ။ အဲဒီ နေရာ မှာ ဆရာတင်မောင်အေး က စက်ဘီး ကို ခဏ ရပ်တယ် ။ စက်ဘီး လက်ကိုင် မှာ ချိတ်ထားတဲ့ လွယ်အိတ် ထဲ က ဆွယ်တာ ချိုင်းပြတ်လေး ထုတ် ။ တိုက်ပုံအင်္ကျီ အောက် က ခံ ပြီး ဝတ် လိုက်တယ် ။ လွယ်အိတ် ကို လက်ကိုင် မှာ ပြန် ချိတ်တော့ လွယ်အိတ် ထဲ မှာ စက္ကူ ဓာတ်ပုံကုန်သွယ်ရေး က ထုတ်တဲ့ နေ့စဉ် မှတ်တမ်းလေး တစ်အုပ် ပဲ ကျန်တော့တယ် ။ နေ့စဉ် မှတ်တမ်းစာအုပ် ကြား ထဲမှာ နောက်ထပ် တစ်ခါ ထပ် ထုတ် ပေးထားတဲ့ ကျောင်းဆရာ လစာလေး ပါလာတယ် ။ လစာ အပြည့် တော့ ဘယ် ဟုတ်တော့မလဲ ၊ ကျန်ကောင်း ကျန်ရာ လစာလေး ။

အနောက်မြောက် ကျုံးထောင့် ရောက်တော့ လမ်းပေါ် က ချိုင့်တွေ ကို နည်းနည်း မြင်သာ ထင်သာ ရှိလို့ စက်ဘီးကလေး မနာရအောင် ဂရုတစိုက် ရှောင်ပြီး နင်းလာခဲ့တယ် ။ အဲဒီ နား က လက်ဖက်ရည်ဆိုင် ကွမ်းယာဆိုင် တွေ ထဲက ဆိုင် တော်တော်များများ က သိမ်း နေကြပြီ ။ တစ်ဆိုင် မှာတော့ ဇွဲကောင်းတဲ့ ဖောက်သည်တွေ ထင်ရဲ့ ။ လူသုံးယောက် ရေနွေးကြမ်းကရား အလယ် ချလို့ ။ ဆရာတင်မောင်အေး ကို အံ့သြ တဲ့ အကြည့် ၊ ထူးဆန်း တဲ့ အကြည့် နဲ့ ကြည့် နေကြတယ် ။ ဘယ်နှစ်နာရီ လောက်များ ရှိသွားပါလိမ့် ။ လက်ပတ်နာရီ ကို လှမ်း ကြည့်တော့ အလင်းရောင် က နည်းတာမို့ ဆရာ မမြင်ရဘူး ။ ကိုးနာရီခွဲ ပြီးလို့ ဆယ်နာရီ ထိုးကာနီး လောက် နေမှာပါလို့ ထင်မိတယ် ။

မတ္တရာ တို့ ၊ တောင်ပြုန်း တို့ သွားတဲ့ ရထားသံလမ်း နား မရောက်ခင် ကတည်း က ဆရာ သတိဝီရိယ ရှိရှိ နဲ့ စက်ဘီး ကို နင်းလာခဲ့တယ် ။ မျက်စိ ရှင်ရှင် နဲ့ပေါ့ ။ နား လည်း စွင့်ထား လိုက်တယ် ။ အခန့်မသင့် ရင် ဒီ ညောင်ပင် နား က ကြမ်းတတ်တယ် မဟုတ်လား ။ တစ်ည ကတင် ရိုက်လိုက်ပါပကော ။ စက်ဘီး ရယ် ၊ နာရီ ရယ် ၊ လွယ်အိတ် ရယ် ၊ ထမင်းချိုင့် ရယ် ၊ ပိုက်ဆံတွေ ရယ် ပါ သွားတယ် ။ အမှတ် ( ၂ ) ရဲခစန်း နား က တိတ်ခွေ အငှားဆိုင် က လူ တဲ့ ။ ခံလိုက်ရတာ ပါသမျှလေး ကုန်ရော ဆိုပါတော့ ။ အချိန် မရလို့ အဝတ်အစား ပါ မချွတ်တာလို့ အရပ် ထဲ မှာ ပြောနေကြတယ် ။ ရထားသံလမ်း အတိုင်း တောင်ဘက် ထွက် ပြေး သွားကြသတဲ့ ။ ဒီ သတင်းက သတင်းစာ ထဲ ပါတဲ့ သတင်း မဟုတ်ပေမယ့် ဆရာတင် မောင်အေး တို့ လို မြောက်ပြင် မှာ နေတဲ့ လူတွေ အချင်းချင်း သတိထား ရအောင် လူချင်း ဆောင် ခဲ့ကြတယ် ။

ခါတိုင်းတော့ ညပိုင်း ဆိုရင် အခုလို အပြင် ထွက်လေ့ သိပ် မရှိဘူး ။ အပြင် ထွက် ဖြစ်ရင် လည်း စောစော ပြန်နေကျ ။ ဒီအချိန်ကြီး အထိ မနေဘူး ။ အခုတော့ ကျောင်းသားဟောင်း ရဲ့ မိဘတွေ လည်း ဖြစ် ၊ လူကြုံ နဲ့ လည်း လှမ်းဖိတ် ၊ အိမ်တိုင်ရာရောက် လည်း လာ ဖိတ်ကြ လို့ မသွားရင် မကောင်းဘူး အရင်က စာ အတူ သင်ခဲ့ဖူးတဲ့ မြို့လယ် က ဆရာဆရာမ တွေ ပါ ဖိတ်ထားတယ် ဆိုတာ ကြောင့်လည်း တစ်ကြောင်း ပေါ့ ။ ပြန်ရတာ က ဝေးတော့ စောစော ထ ပြန်မလို့ စကားကောင်း ရင်း ၊ အခုလို မိုးချုပ် သွားတာ ။

ဆရာတင်မောင်အေး 
နေတာ က ဝေးတယ် ။ မန္တလေးတောင် ရဲ့ အရှေ့ ထဲမှာ ။ ဘုန်းတော်တိုး အထိ ပြန်ရမှာ ။ ဘုန်းတော်တိုး မှာ ဆရာ ပြောင်း နေတာ ၊ ဒီ ကျောင်း ပြောင်း ရ ကတည်း က ဆိုတော့ လေးနှစ် ကျော်လို့ ငါးနှစ် ထဲ ရောက်နေပြီလေ ။

ဘုန်းတော်တိုး ကို သူ့ နောက်မှ ပြောင်း လာတဲ့ ဆရာအေးချို ကတော့ ဘုန်းတော်တိုး ရဲ့ ရာဇဝင် အူပေါက် ကို ခဏခဏ ပြောတတ်တယ် ။ မင်းတုန်းမင်းတရားကြီး လက်ထက် ဒီ အရပ် က အခုလို မဟုတ်သေးဘူးတဲ့ ။ သစ်ပင်တွေ ထူထပ်တဲ့ အရပ် ၊ ချုံနွယ်ပိတ်ပေါင်း တွေ ပြည့်နေတဲ့ အရပ် တဲ့ ။ မင်းတရားကြီး လူဆိုးဓားပြ သူခိုးသူဝှက် တွေ ကို ဒီ အရပ်မှာ ပို့ထားတယ် တဲ့ ။ နန်းမြို့တော် နဲ့ ဝေးတဲ့ အရပ် ၊ လူ နဲ့ သူ နဲ့ ဝေးတဲ့ အရပ်ပေါ့ ။ ညီလာခံမှာ မင်းတုန်းမင်းတရားကြီးက တိုင်းပြည် အခြေအနေ မြို့တော် အခြေအနေ ကို သက်ဆိုင်တဲ့ ဝန်ထမ်း တွေ ၊ အကြပ် တွေ ကို မေးလေ့ ရှိ သတဲ့ ။ ဒီ အရပ် ကို ကြီးကြပ်ရတဲ့ ဝန်မင်း ကို အခြေအနေ မေးတော့ “ မှန်လှပါ ဘုန်းတော်ကြောင့် ဓားပြ က သုံးယောက် ၊ သူခိုး က လေးယောက် တိုးလာကြောင်းပါ ” လို့ အခြေအနေ အမှန်အတိုင်း တင်လျှောက် သတဲ့ ။ ညီလာခံ လို့ မေး လိုက်တိုင်း မှန်လှပါ ဘုန်းတော် ကြောင့် အစချီ ပြီး လူဆိုး ၊ လူမိုက် ဘယ်နှစ်ယောက် တိုးတိုး လာတဲ့ အကြောင်း ကို တင်လျှောက် သံတော်ဦး တင်လို့ ဒီ အရပ် ကို ‘ ဘုန်းတော်တိုး ’ လို့ ခေါ်တာတဲ့ ။ ဒီလို မဟုတ်မဟပ် ရာဇဝင် အူပေါက်တွေ ဆရာအေးချို ရဲ့ ဗိုက် ထဲ မှာ အပြည့် ရှိနေတယ် ။

ဆရာတင်မောင်အေး က မတ္တရာ ရထားသံလမ်း ကို န ဘ ယံ ဘေး မရှိ ခလုတ် မထိ ဆူး မငြိ ကျော်ဖြတ် နိုင်ခဲ့တယ် ။ မြောက်ပြင် အရက်ဖြူဆိုင် ရှေ့ ရောက်တော့ မန္တလေးထောင် ထဲ က မောင်းသံ ၊ သံချောင်း ခေါက်သံ ကြား လိုက်ရတယ် ။ ဒီတော့မှ အဲဒီ ထောင်ကြီး ထဲမှာ လူဆိုးလူမိုက်တွေ အများကြီး ရှိမှာပဲ လို့ ဆရာ တွေးမိလိုက်တယ် ။ တစ်ည က ရိုက်လုတဲ့ လူ လည်း အခုချိန် ဆိုရင် အဲဒီ အထဲ ရောက်လောက်ပြီ ထင်ပါရဲ့ ။ လမ်းနံဘေး က အိမ်ရှင်တွေ က မီးမှိတ်ပြီး အိပ်ကြတဲ့ အိမ် က အိပ်ကုန်ကြပြီ ။ တချို့အိမ်တွေ လည်း မီးတော့ ထွန်းထားပါရဲ့ တံခါးတွေ ပိတ်ထား ကြတယ် ။ နဂါးဒေသန္တရ ဆေးပေးခန်းဝန်းကျင် က မန်ကျည်းပင် ၊ ကုက္ကိုပင်ကြီး တွေ ကြောင့် ပိန်းလို့ မှောင်လို့ ။ နေ့လယ်နေ့ခင်း တောင် မှ နေပြောက် မထိုးဘဲ စိမ်းညို နေတဲ့ အရပ် ။ အခုလို အချိန် ဆိုတော့ သစ်ပင်ကြီး တွေ ကြောင့် ပိုမှောင် သွားလိုက်တာ ။ ကြက်သီး ထဖို့ တောင် ကောင်းသေးတယ် ။ ဆရာ တင်မောင်အေး က တစ္ဆေတွေ ဘာတွေ ကြောက်တဲ့လူမျိုး မဟုတ်ဘူး ၊ သူ ကြောက်တာ နှစ်မျိုး ပဲရှိတယ် ။ ကြောက်တာ မဟုတ်ပါဘူး ။ ရွံ့ တာပါ ။ ချောင်း ရိုက်တတ်တဲ့ လူတွေ နဲ့ မြွေဆိုးတွေ ကို တော့ ဆရာ ရွံ့တယ် ။ လူ လူချင်း ၊ တုတ် တုတ်ချင်း ဆိုရင် ယှဉ်ဝံ့တဲ့ ဆရာ ပဲ ။ အခုဟာ က မိန်းမ လို မိန်းမ ရ ချောင်းမြောင်း လုပ် ကြတာမျိုးတော့ သူ ရွံ့တယ် ။ ရွံ တယ် ။

ငယ်ငယ် က တိမ်တောင် တိမ်လိပ်တွေ ကို ကြည့်ပြီး သရုပ်ဖော် ကြည့် သလို လမ်းနံဘေး က သစ်ပင်မြင့်ကြီး တွေ ၊ သစ်ပင်ငယ်လေး တွေ ကို သရုပ်ဖော် ကြည့်မိတယ် ။ သစ်ပင် မည်းမည်းကြီးတွေ က တိမ်တွေ လိုသရုပ်ဖော် လို့ မကောင်းဘူး ။ ပေါ်လာတဲ့ အရုပ်တွေ က လည်း ချစ်စရာ မကောင်းဘူး ။ ကြောက်စရာ ကောင်း နေတယ် ။ နတ်သမီးရုပ် ၊ ယုန်ရုပ် ၊ စင်ရော်ပုံလေးတွေ မပေါ်ဘဲ ဧရာမ ဆင်ဟိုင်းကြီး နဲ့ တူ သလိုလို ၊ ကြံ့ကြီး နဲ့ မျောက်ဝံကြီး နှစ်ကောင် သတ်ပုတ်နေကြ သလိုလို ၊ ဘီလူးကြီး တွေ တစ်ကောင့် အပေါ် တစ်ကောင် တက်ထိုင် တဲ့ ပုံ နဲ့ တူတဲ့ အပင်က တူ နဲ့ ။

ဆရာတင်မောင်အေး  စက်ဘီး နင်း လာတုန်းမှာ မျက်နှာချင်းဆိုင် ကလည်း စက်ဘီး  တစ်စီး မှ မလာသလို ၊ သူ့ ကို ကျော်တက် သွားတဲ့ ယာဉ်တွေ ၊ သူ က ကျော် လာခဲ့တဲ့ စက်ဘီး  ၊ ဆိုက်ကား ၊ ယာဉ်ရထား တွေလည်း တစ်စင်း မှ မတွေ့မိဘူး ။ တစ်လမ်းလုံး တိတ်လို့ မှောင်လို့ ။

အခုလို တိတ်ဆိတ် နေတုန်း မှာ ခွေးအူသံကြီး တစ်ချက် ဖြုန်းခနဲ ကြား လိုက်ရတယ် ။ လူငယ် သင်တန်းကျောင်း ရဲ့ မြောက်ဘက် ဆီ က ။ ခွေးကြီး က ဆွဲဆွဲငင်ငင် နဲ့ လည်ချောင်း ထဲ ကနေ ညှစ် ပြီး အူလိုက်တဲ့ အသံမျိုး ။ မကြောက်တတ်ပါဘူး ဆိုတဲ့ ဆရာတင်မောင်အေး  တောင် မှ ကျော ထဲ စိမ့်ခနဲ ဖြစ်သွားလိုက်သေးတယ် ။ ခွေး က တစ်ခါပဲ အူပြီး ရပ်သွားတယ် ။ ဒီပြင် ခွေးတွေ လည်း လိုက် မအူတော့ ခွေးအူသံ မှ ဟုတ်ရဲ့လား လို့ တောင် ထင်ရတယ် ။ မတ္တရာလမ်းခွဲ ၊ လမ်းဆုံ လမ်းခွ ကို ဆရာ အရောက် မှာ အချိန်ကိုက် ထ အူ လိုက် သလိုပဲ ။ ခွေး အူတာ လည်း ရပ် သွားရော ၊ ပတ်ဝန်းကျင်တစ်ခုလုံး ပြန် တိတ်ဆိတ် သွားလိုက်တာ ။ အရင် ကထက် ပို တိတ်ဆိတ် သွားသလိုပဲ ။ ချောက်ချားစရာ ပိုကောင်း နေတယ် ။

ရာပြည့်ကွင်း ထဲ မှာ လည်း လူ မရှိ သူ မရှိ ။ တစ်ဖက် က မြို့ရိုးကြီး က လည်း ပြအိုး မရှိ ။ ငုတ်စိစိ နဲ့ ။ ဒီလောက်တောင် တိတ်ဆိတ်လွန်း ပြန်တော့လည်း လူ တစ်ယောက် အဖို့ မကောင်းပြန်ဘူး ။ ဆရာ က စက်ဘီး ကို မှန်မှန်ပဲ ဆက် နင်း လာခဲ့တယ် ။ တိတ်ဆိတ်လွန်း တာ ကို မကြိုက်လို့ သီချင်း တစ်ပုဒ် လောက်များ လေချွန် လိုက်ရရင် ကောင်းမလား ။ ဒီလို လေချွန် လိုက်တော့မှ မသမာတဲ့ လူတွေ ကို အချက်ပေးရာ ရောက်သွားမလား ။ ခပ်လှမ်း လှမ်း က သုဓမ္မာဇရပ်တန်း က လည်း မှောင်နဲ့ မည်းမည်း ။ အဝေး က နေ ကြည့် ရတာ သားကောင် ကို ချောင်း နေတဲ့ ကျားကြီးတွေ ဝပ် နေကြတာ နဲ့ တူနေတယ် ။

••••• ••••• •••••

ဒီ နယ် မှာတော့ ဗမှန် က နာမည်ကြီး ပဲ ။ တချို့ က သူ့ ကို ဂျိတ်ကြီး လို့ သူ့ ကွယ်ရာ မှာ ခေါ်ကြတယ် ။ တချို့ကလည်း ဂေါက်ဒုတ် တဲ့ ။ မန္တလေး ၊ မြင်းခြံ ၊ မုံရွာ ၊ ရွှေဘိုထောင် တွေ မှာတော့ သူ က လက်ကောက် ပဲ ။ ရဲဘက်စခန်း ဆိုတာလည်း သူ့ အဖို့ အိမ်ဦး နဲ့ ကြမ်းပြင် ။ ဗမှန် ခိုး ၊ ဆိုး ၊ လုယက် ၊ ရိုက်နှက် ခဲ့တဲ့ အကြိမ် နဲ့ ထောင်ထဲ အချုပ် ထဲ ရောက်ဖူးတဲ့ အကြိမ် ကို ချိန်ခွင် နှစ်ဖက် မှာ တင်ချိန်ရင် ထောင်ကျခဲ့ ဖူးတဲ့ အကြိမ်ဘက် က ချိန်ခွင်ခွက် က လေ ထဲ မှာ တရမ်းရမ်း နဲ့ လှုပ် နေလိမ့်မယ် ။ တစ်ဖက် က ချိန်ခွင်ခွက် နဲ့ ကြမ်း နဲ့ ဆောင့်တဲ့ အသံကြီး လည်း ‘ ဒိုင်း ’ ခနဲ အကျယ်ကြီး မြည်လိမ့်မယ် ။

လူမိုက်လောက မှာ ဆရာဗမှန် လို့ ဆရာ တပ် အခေါ် ခံရတဲ့ လူမိုက် ။ ဘာဖြစ်လို့ ဂျိတ်ကြီး လို့ ခေါ်တယ် ၊ ဂေါက်ဒုတ် ဆိုတဲ့ ဘွဲ့ က ဘယ် ထောင် က ရတယ် ဆိုတာ ဘယ်သူ မှ မသိကြဘူး ။ ဘယ်သူ က မှလည်း စပ်ဟပ် မမေးရဲကြဘူး ။ အရက် ကို ဝယ်သောက်တဲ့ လူမျိုး မှ မဟုတ်ဘဲ ။ မိုက်ကြေးခွဲ ဗိုလ်ကျ ပြီး လုသောက်တဲ့ လူမိုက်မျိုး ။ တစ်ခါတလေ တော့ အပျင်းပြေ ကိုယ်တိုင် ချက်သောက် သတဲ့ ။

ဗမှန် က လက်ဆ သိပ် ကောင်းတယ် လို့ လည်း နာမည် ကြီးတယ် ။ ဦးဆက် ဖြင့် ဦးဆက် ၊ နောက်စေ့ ဆိုလည်း နောက်စေ့ ၊ ချိုစောင်း ဖြင့် ရင် လည်း ချိုစောင်း ၊ နဖူး ဆိုရင် လည်း တည့်တည့် ကြိုက်သလား ၊ ဘယ်ဘက် လား ။ ညာဘက်နား ခပ်ကျကျလား ။ အော်ဒါ ပေးတဲ့ အတိုင်း စိတ်တိုင်းကျ ဆောင်ရွက် စီမံတတ်တယ် ။ ဘယ်နှစ်လက်မ အပြဲ ကြိုက် သလဲ ။ မြင်းမြီး နဲ့ ငါးချက် ချုပ် လား ၊ ခြောက်ချက် ချုပ် လား ။ မှတ်ရုံသားရုံ ၊ အချိုး ပြောင်းရုံ လောက်ပဲလား ၊ အတွင်းလူနာ လား ၊ အပြင်ဆေးခန်း တင် လား ။ လူမိုက် အချင်းချင်း သူ့ လက်ကို ရွှေချ ထားမတတ် လေးစား စိတ်ချကြတယ် ။

ဒါကြောင့်လည်း ဘတ်သီး တို့ ၊ ဒေါင်ရှည် တို့ ၊ ငမိုး တို့က ဆရာချင်း မိုးမွှန် အောင်ခေါ် ပြီး ၊ ဆရာ တစ်ဆူ လို အားကိုးကြ ၊ အားထားကြ ၊ အားကျကြတယ် ။ ဟောဒီ နှမ်းဖတ်ချဉ် မျိုး ဆိုရင် ဆရာ ဗမှန် က သိပ်ကြိုက်တာကွ ။ အရက် နဲ့ မြည်းလို့ သိပ် ကောင်းတယ်လေ တဲ့ ။ အမြည်းတောင် မှ သူတို့ ဆရာ မြည်းတဲ့ အမြည်းမျိုး နဲ့ သောက်ကြ သတဲ့ ။

ဒီရက် မှာ ဗမှန် ငွေ အသုံး သိပ် လို နေတယ် ။ အကြွေးတွေ က လည်း ပတ်ချာ ဝိုင်း နေပြီ ။ မယားတွေ က လည်း တဆူဆူ တပူပူ နဲ့ ။ သုံးစရာ ကို တစ်ပြား တစ်စေ့ မှ မရှိတော့ဘူး ။ တပည့်လက်သား တွေ ဆီ က လည်း ယူသုံး ၊ ဆွဲသုံး ၊ နှိုက်သုံး ၊ ဖြတ်သုံး ထားတာလည်း များလှပြီ ။ သူတို့လေးတွေ လည်း တကယ် ပြတ်လပ် ကျပ် နေကြတဲ့အချိန် ။ မတတ်နိုင်ဘူး ။ နည်း တစ်နည်း ပဲ ရှိတယ် ။

ဗမှန် သုဓမ္မာဇရပ် ဘက် ထွက်ချ လာခဲ့တယ် ။ ဒီ ည အလုပ် လုပ်မယ် ။ အလုပ် က ကေသရာဇာ က ကြွက် ကို ဖမ်းစားတဲ့ အလုပ် ။ ဒါကြောင့် ကောင်လေးတွေ မသိအောင် ခပ်စောစော ကတည်း က ကိုယ်ရောင် ဖျောက် နေ လိုက်တယ် ။ အောက်တန်း တော့ ကျတယ် ။ ဒါပေမယ့် မတတ်နိုင်ဘူး ။ ဆူလွယ်နပ်လွယ် ဒီ တစ်နည်းပဲ ရှိတော့တယ် ။

အလယ်ကောင် ခပ်ကျကျ ဇရပ် မှာ အသာ ထိုင် နေလိုက်တယ် ။ သူ မျှော် နေတဲ့ အမဲ အနောက်ဘက် က လာ မလား ၊ အရှေ့ဘက် က လာ မလား ။ မသိနိုင်ဘူး ။ ပြီးမှ အခြေအနေ အရ မီးစင် ကြည့် က ရမှာပဲ ။ အခုတော့ မှောင်ရိပ် မှာ ဇရပ် က တိုင် တစ်လုံး လို ငြိမ်ငြိမ်လေး ထိုင် နေလိုက်တယ် ။ အရေးထဲ မှ ကွမ်း စားချင် သလိုလို ၊ ဆေးလိပ် သောက်ချင်  သလိုလို ။ ခံတွင်း ချဉ် လာသေးတယ် ။ ကွမ်း စားစရာ လည်း မရှိ ၊ ဆေးငုံစရာ လည်း မပါ ။ ဆောင်း လေက လည်း ညနက် လေ ပို ပို အေးလေနဲ့ ၊ ကြာလာတော့ တင်ပါးတွေ လည်း ကျိန်း ၊ လက်ဖျားတွေ လည်း အေးစက် လာတယ် ။ ခြင်တွေ က လည်း တစ်မှောင့် ။ တဝီဝီနဲ့ ။ ဗမှန် ဒေါသ ကို ဒေါထ အောင် ဆွ နေကြတယ် ။

ဒီ ည မှ အမဲ က လည်း လာခဲလိုက်တာ လို့ ထင်မိတယ် ။ သားကောင် ကို သူ စောင့်နေ တာ နှစ်နာရီ နီးပါး ရှိနေပြီ ။ အရင်တုန်း က လည်း ဒီ အလုပ် ကို လုပ်ခဲ့ဖူးပါရဲ့ ။ တစ်ခါမှ ဒီလောက် ကြာအောင် မစောင့်ရဖူးဘူး ။ လာပြန်တော့ လည်း အဖော်အပေါင်း နဲ့ ချည်းပဲ ။ ကွမ်း မဝါး ဆေး မငုံရ လို့ ဖြစ်တဲ့ ဒေါသ ၊ အေးလွန်းချမ်းလွန်းလို့ ဖြစ်ရတဲ့ ဒေါသ ၊ အကြာ ကြီး စောင့်ရလို့ ဖြစ်ရတဲ့  ဒေါသ ဒီဂရီ က ဗမှန် ရဲ့ ငယ်ထိပ် ကို ရောက်နေပြီ ။ ဗမှန် အံတကြိတ်ကြိတ် လုပ်နေမိတယ် ။ နဂိုက မှ ဝက်ခြံပုန်း တွေ နဲ့ အရုပ်ဆိုး လှတဲ့ သူ့ ရုပ်ကြီး က အခုလို မှုန်ကုပ် နေတော့ ပို အရုပ်ဆိုးတော့တာပေါ့ ။

ခပ်လှမ်းလှမ်း ဆီ က ခွေးအူသံကြီး တစ်ချက် ကြားလိုက်ရတယ် ။ ဒီ အူသံကြီး ကို ဗမှန် ကြားလိုက်ရတော့ စိတ် ထဲ မှာ အနှောင့်အယှက် ဖြစ်မိတယ် ။ ကြက်သီး မထစဖူး ကြက်သီး ထ သွားမိတယ် ။ ခွေးအူသံ ကြောင့် မဟုတ်ပါဘူး ။ ဆောင်းလေအေး တစ်ချက် ဆောင့် တိုက် လိုက်လို့ထတဲ့ ကြက်သီး နေမှာပါ လို့ သူ တွေးနေမိတယ် ။

ဟိုး ရှေ့က ရိပ်ရိပ် ရိပ်ရိပ် နဲ့ ။ လူ ပဲ ထင်ပါရဲ့ ။ ည က မှောင် လွန်းတော့ သဲသဲကွဲ ကွဲ မမြင်ရဘူး ။ ရွေ့ နေတဲ့ နှုန်း ကို မှန်း ကြည့်ရတာ တော့ စက်ဘီး စီး လာတဲ့ လူ တစ်ယောက် ပဲ ဖြစ်ရမယ် လို့ တွေးလိုက်တယ် ။ ဒီလောက်တောင် တိတ်ဆိတ် နေတာ ကို ဘာသံမှ မကြားရတော့ စက်ဘီးလေး က အမျိုးကောင်းလေးရင်လည်း ဖြစ်ရမယ် ။ ဒါမှမဟုတ် ရိုရိုသေသေ စီးနေတဲ့ စက်ဘီး ခပ်လတ်လတ် တစ်စင်း လည်း ဖြစ်နိုင်တယ် လို့ တွေးရင်း ၊ ဒီ စက်ဘီး ကို ဘယ်မှာ ဖျောရင် ကောင်းမလဲ ဆိုတာ ကိုပါ တစ်ဆက်တည်း တွေးပစ် လိုက်တယ် ။ စက်ဘီး နင်း လာတဲ့ လူ က တဖြည်းဖြည်း နီး လာ နေပြီ ။ ခပ်လှမ်းလှမ်း မှာ အသာ ချထားတဲ့ လက်စွဲတော် ဝါးရင်းတုတ် ကို ထ ယူလိုက်တယ် ။ ပြီးတော့ ပုဆိုးတိုတို  ပြင် ဝတ် လိုက်သေးတယ် ။ ဝါးရင်းတုတ် ကို ညာလက် နဲ့ တစ်ချက် ဆ ကြည့် လိုက်တယ် ။ ဪ ဒီကောင့် နှယ် ရောက်နိုင်ခဲလိုက်တာနော် ။

••••• ••••• •••••

နေ့လယ် ထမင်းစား ကျောင်းဆင်း တော့ ဆရာ ဆရာမတွေ အခုလိုပဲ စုပေါင်းပြီး ထမင်းဝိုင်းဖွဲ့ စားနေကျ ။ တစ်ယောက် ဟင်း တစ်ယောက် နှိုက်စား ကြတာ မိသားစုထမင်း ဝိုင်း အတိုင်းပါပဲ ။ မနက်ဖြန် ကျတော့ ဆရာတို့ ဆရာမတို့ ဘာဟင်း ချက်ခဲ့ရအောင် လို့ တိုင်ပင်ပြီး ချက်ခဲ့ကြ သလို ဟင်းချင်း တူ နေကြလို့ ရယ်ကြရတာလည်း ခဏ ခဏ ။ အထူးသဖြင့် လလယ်ရက် နဲ့ လကုန်ရက် တွေ မှာပေါ့ ။ ကျောင်းသားတွေ အကြောင်း ၊ ကုန်ဈေးနှုန်း အကြောင်း ၊ အမျိုးတော် အဆွေတော် တွေ အကြောင်း ထမင်း စားရင်း ပြောနေကျပေါ့ ။

ဒီနေ့တော့ ဆရာ ဆရာမ တွေ ထမင်းမေ့ ဟင်းမေ့ နဲ့ စကားလုံးတိုင်း ကို ရင် တထိတ်ထိတ် နဲ့ နားထောင် နေကြရတယ် ။

“ ကျွန်တော် က တော့ အဲဒီလို အချိန် စက်ဘီး စီး ရင် လမ်း အလယ်ကောင် က စီးတော့ တာပဲ ။ ဘာနဲ့မှ တိုက်စရာ မရှိပဲကိုး ။ ဘယ်သူ့ မှ လည်း ရှောင်စရာ မလိုဘူးလေ ။ ရိုက်လု မယ့် လူ ဆိုတာမျိုး ကလည်း လမ်းလယ်ကောင် တက်ပြီး စောင့်တတ်တာမျိုး မဟုတ်ဘူး ဆရာတို့ ရဲ့ ။ ဒီကောင်တွေ က မှောင် ထဲ မှာ အသာ နေပြီး နံဘေး က ထွက် ရိုက်တတ်တာမျိုး ။

ကျွန်တော် က ရိပ်ခနဲ တော့ မြင်လိုက်တယ် ။ လူဆိုးလူကောင်း ခွဲခြားလို့ ရတဲ့ အချိန် မဟုတ်ဘူးလေ ။ မတတ်နိုင်ဘူး ။ ဟန် ကိုယ့် ဖို့ပဲ ။ စက်ဘီး ကို အားကုန် နင်းပြီး နောက် ကျောဘက် လှည့် တဲ့ပြီး တအား အော် လိုက်တယ် ။ မင်းတို့ နင်းအား ဒါ အကုန်ပဲလား ။ မီအောင် နင်း နိုင်ခဲ့ရင် တစ်ဖွဲ့လုံး လက်ဖက်ရည် တိုက်မယ်ကွ လို့ အော် အော်နင်းနင်း လုပ်ခဲ့ ရတာ ။

ဟို လူ က လည်း ရုတ်တရက် တော့ ဘာ လုပ်ရမှန်း မသိ ဖြစ်သွားတယ် ထင်ပါရဲ့ ။ ကျွန်တော်လွန် သွားလို့ ခပ်လှမ်းလှမ်း ရောက် မှ ‘ တောက် ’ ခေါက်သံကြီး တစ်ချက် ကြားလိုက် ရတယ် ဆရာတို့ ရေ ။ အောင်မလေး ပြင်းလိုက်တဲ့ တောက်ခေါက်သံများ ။ ဒီတောက် ခေါက်သံ ကြားရတာ နဲ့ ကို သူ ဘယ်လောက် ဒေါပွ ကျန်ရစ်တယ် ဆိုတာ သိနိုင်ရဲ့ ။ အင်း ... ဒီတော့မှ အင်း ဒီ လူ ငါ့ ရိုက် လုမယ့် လူ ဖြစ်မှာပဲလို့ သိလိုက်တယ် ”

ဆရာတင်မောင်အေး က မနေ့ည က အဖြစ်အပျက် ကို စေတနာ နဲ့ ပြောပြ နေတယ် ။ ဆရာအေးချို တို့ ၊ ဆရာလှမောင် တို့ က ဒါမျိုးကျတော့ ဆရာမတွေ ထက် ပို စိတ်ဝင်စား ကြတယ်လေ ။ ဆရာ ဆရာမတွေ ရဲ့ မျက်နှာမှာ စာနာစိတ် အပြည့် ရှိကြောင်း သိသာလှ တယ် ။ ဆရာ တင်မောင်အေး ရဲ့ စကားဆုံး မှ ဆရာ ဆရာမတွေ လည်း ဟင်းချနိုင်တော့ တယ် ။ အစ ကတည်း က အေးစက်မာတောင့် နေတဲ့ ထမင်းတွေ ကို ဆက်ပြီး စားကြရင်း ..

ဆရာတို့ ရယ် နောင်များတော့ အဲဒီလို အချိန်ကြီး အဲဒီဘက် မသွားကြနဲ့ ၊ ဆရာ ရယ် မသေကောင်း မပျောက်ကောင်း ၊ ကံ ကြီးလို့ပါလား ဆရာတင်မောင်အေး ရယ် တဲ့ ။

အဲဒါ သမ္ဗုဒ္ဓေဘုရား တန်ခိုး ပဲ ဆရာ ဆိုတဲ့ ဆရာမ က ပါလိုက် သေးတယ် ။ သူတို့ ကျောင်း က အမှတ် ( ၇ ) အခြေခံပညာမူလတန်းကျောင်း လို့ ဆိုင်းဘုတ် တပ်ထားပေမယ့် ဘုန်းတော်တိုး  ရပ်ကွက် က ရော ၊ ဥပုသ်တော်ရပ်ကွက် ကပါ သမ္ဗုဒ္ဓေကျောင်း လို့ပဲ ခေါ် ကြတယ် ။ သူတို့ တစ်တွေ စာသင်ကြရတာ လည်း မန္တလေးတောင်ခြေ က သမ္ဗုဒ္ဓေဘုရား တန်ဆောင်း ထဲ မှာ ပဲ မဟုတ်လား ။

••••• ••••• •••••

လွတ်လပ်ရေးအောင်ပွဲ က လည်း ပြီးခါစ ။ ပြည်ထောင်စုပွဲ က လည်း ဆက်စရာ ရှိတာမို့ ယာယီပြခန်း ဆိုင်ခန်းတွေ ကလည်း မဖျက်ရသေးဘူး ။ ဒီပြခန်းတွေ ကြောင့် ရာပြည့် ကွင်း ထဲ မှာ ဓာတ်မီးပွင့်ကလေးတွေ ဟိုနား စုစု ၊ ဒီနား စုစု နဲ့ ရှိနေတယ် ။ ဆရာတင်မောင်အေး အချောင်း ခံရတဲ့ ည က လောက် ရာပြည့်ကွင်းကြီး က မှောင်မနေဘူး ။ ဒါကြောင့် ဆရာအေးချို အား ရှိပြီး ကြောက်စိတ် နည်း သွားတယ် ။

အရှေ့မြောက်ကျုံးထောင့်ဆီ က ကား တစ်စင်း ကွေ့လာနေတယ် ။ ကား ရဲ့ ရှေ့မီးရောင် ကြောင့် လမ်းတစ်လျှောက်လုံး လင်းလို့ ထိန်လို့ ။ ကား မီးရောင် ရှိတုန်း စက်ဘီး နင်း လာ တဲ့ အရှိန် ကို မြှင့် လိုက်တယ် ။ ဆရာအေးချို က ဒီ ကားမီးရောင် ကို အားကိုး သလို သုဓမ္မာ ဇရပ်တန်း နဲ့ မျက်နှာချင်းဆိုင် ထနောင်းပင် တစ်ပင် ရဲ့ အကွယ် ကစောင့်နေတဲ့ ‘ ဘတ်သီး ’ ကလည်း သူ့ သားကောင် ကို ကားမီးရောင် အောက်မှာ မြင် နေရလို့ သဘောကျ နေတယ်လေ ။

ဘတ်သီး က လည်း ဒုတိယဗမှန်လေး ပဲ ။ ဒီလောက ဒီနယ် မှာ တော့ ဗမှန် ရဲ့ အရိုက် အရာ ကို ဆက်ခံဖို့ လက်စလက်န ရှိတဲ့ နောက်တက်ကလေး ။ ဘတ်သီး ကလည်း ခေသူ မဟုတ် ။ စာရင်းပေါက် အင်းပေါက် ထဲ က ပဲ ။ သူ လည်း ပြစ်မှုကြွေး ကို ချွေး နဲ့ ဆပ်ခဲ့တဲ့ အကြိမ် မနည်းတော့ဘူး ။ ဗမှန် ကိုယ်တိုင် သဘောကျ မျက်စိကျ နေတဲ့ လူပဲ ။ ဘတ်သီး က လုပ်ပုံကိုင်ပုံ ပိရိ သပ်ရပ်တယ် ။ အရပ် ကလည်း ၅ ပေ ၉ လက်မ ကျော် လိုက်သေးတယ် ။ ရင်အုပ် တို့ ၊ လက်မောင်း တို့ ၊ ပခုံး တို့ ဆိုတာ စနစ်တကျ လေ့ကျင့် ထားတဲ့ လူ တစ်ယောက် လိုပဲ ။ အဟန့် ကောင်းတယ် ။ ဒီ ဗလကြောင့် လက်လွန် ခြေလွန်ဖြစ်မှာ စိုးလို့ သူ့ ဆရာ ဗမှန် က ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အမြဲ မှာ နေရတဲ့ တက်လူမိုက်လေး ။

ရာပြည့်ကွင်း က သိပ် မမှောင်ပေမယ့် သုဓမ္မာဇရပ် ဘက် ကတော့ ထုံးစံအတိုင်းပဲ ။ မန္တလေးတောင် စောင်းတန်း တစ်လျှောက် မှာ တော့ မီးလုံးတွေ က ပိုးစုန်းကြူးတွေ တန်းစီ နေကြ သလိုပဲ ။

ကားအမြန် မောင်းချသွားတာ ကို ဆရာအေးချို က မကြိုက်ပေမယ့် ဘတ်သီး က သဘောကျ နေတယ် ။ ဆရာ့ ကို ကား က လွန် သွားတော့ ကား မီးရောင် ကြောင့် ဆရာ ဘာမှ မမြင်ရတော့ဘူး ။ မျက်လုံးတွေ ပြာမိုက် သွားတယ် ။ မျက်လုံး ကျင့်သား ရတော့မှ စက်ဘီး ကို လမ်း အလယ်ကောင် ပြန်တက် လိုက်ရတယ် ။ သုဓမ္မာဇရပ် ဘက် ဂရုတစိုက် ကြည့်မိ တယ် ။ ဘာ အရိပ်အယောင် မှ မတွေ့ ရဘူး ။ လမ်း ညာဘက် က ထနောင်းပင် အကွယ် မှာ လူ တစ်ယောက် ထင်ရဲ့ ။ စိတ် ထဲ မှာ တစ်ချက် ထင့်ခနဲ ဖြစ်သွားတယ် ။ ဆရာတင်မောင်အေး ပြောဖူးတာများ ကို ပြေး သတိရ လိုက်တယ် ။

စက်ဘီး နင်းအား မြှင့်ဖို့ ဖင်ထိုင်ခုံ ပေါ် က ကြွပြီး လက်ကိုင် ကို နာနာ ဆုပ်ကိုင် လိုက်တယ် ။ ခြေထောက်တွေ ကလည်း စက်တပ် ထားသလို ၊ ဆရာ့ နား နှစ်ဖက် မှာ လေတိုးသံတွေ တဝှီးဝှီး နဲ့ ။ နောက် လှည့်ပြီး အသံကုန် အော်ပစ် လိုက်ရတယ် ။

“ ဟေ့ကောင်တွေ မီအောင် နင်းခဲ့ဟေ့ ငါ့ ကို မီရင် တစ်ဖွဲ့လုံး ကို လက်ဖက်ရည် တိုက် မယ်ကွ ” တဲ့ အော်သံ က ကျယ်သလား မမေးနဲ့ ။ နန်းမြို့ရိုး ကို ပဲ့တင်ထပ် သွားအောင် ကို အော် ပစ်လိုက်တာ ။

ဘတ်သီး က တော့ ခုန ကားမီးရောင် အောက် မှာ ဒီ လူ တစ်ယောက်တည်း ပါ ။ သူ့  နောက် မှာ ဘယ်သူ မှ မပါ ပါဘူးလို့ တွေးရင်း ။ ဆရာအေးချို ရဲ့ အော်သံကြောင့် ဖြစ်တဲ့ ပဲ့တင်သံ ကိုနားထောင်ရင်း ဘတ်သီး ကြောင် ပြီး လက်တွန့် သွားတယ် ။

ဆရာအေးချို တော်တော် လှမ်းတော့ မှ ယုတ်ယုတ်မာမာ ဆဲသံကြီး ကြားလိုက်ရပြီး တစ်ဆက်တည်း ပဲ ဝါးရင်းတုတ် တစ်ချောင်း ကတ္တရာလမ်း ပေါ် မှာ ခုန်ပေါက်ပြီး ဆရာ့ဘီး နောက် က လိုက်ချ လာတယ် ဆရာအေးချို က တစ်မိုးလုံးဟိန်း သွားအောင် အော်ရယ်ပစ် ခဲ့တာပေါ့ ။

ဘတ်သီး က အခုလို နှပ်ပစ် ခံလိုက်ရတဲ့ အကြောင်း ကို သူ့ ဆရာ ဗမှန် သိသွားမှာ ကို လည်း ကြောက်တယ် ၊ မိုးမှောင် တို့ ဒေါင်ရှည် တို့ ပါ သိသွားကြရင် …. ။  ။

☐ ညီပုလေး

📖 မဟေသီ မဂ္ဂဇင်း
      ၁၉၈၈ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment