Sunday, September 1, 2024

ရွှေဥဩ နှင့် ညီအစ်မ သုံးဖော်


 

❝ ရွှေဥဩ နှင့် ညီအစ်မ သုံးဖော် ❞
━━━━━━━━━━━━━━
   ခင်လင်းမာ ( ရွှေဘို )
━━━━━━━━━━━━━━
တရံရော အခါက အရှေ့ရွာ နှင့် အနောက်ရွာ ဟူသော ရွာ နှစ်ရွာ ရှိလေသည် ။ အရှေ့ရွာ ရှိ လုံမပျိုများ နှင့် အနောက်ရွာ မှ လုံမပျိုများ သည် အားလပ်သည့် ညချမ်း အချိန်များ၌ သီချင်းဆို ပြိုင်တတ်ကြ၏ ။ တစ်နေ့တွင် အရှေ့ရွာဘက် မှ ညီအစ်မ သုံးဖော် က အနောက်ရွာ မှ လုံမပျို တစ်စု ထံ လပြည့်နေ့ည သန်းခေါင်ယံ ၌ သီချင်းဆို ပြိုင်ရန် ချိန်းလိုက်ကြ၏ ။ ရှုံးသူ က နွား တစ်ကောင် ပေးစတမ်း ဟူ၍လည်း အလောင်းအစား လုပ် ကြသေးသည် ။

ဤသို့နှင့် လပြည့်ည သန်းခေါင်ယံ ၌ သီချင်းဆို ပြိုင်ရန် ရွာ နှစ်ရွာ အကြား ရှိ တောင် ထိပ် ပေါ် သို့ ညီအစ်မ သုံးဖော် နှင့်အတူ အနောက်ရွာ ရှိ လုံမပျို တစ်စုလည်း ရောက်ရှိ နေကြ သည် ။ ညီအစ်မ သုံးဖော် အနက် အကြီး ဖြစ်သူ မကြီး က မငယ် နှင့် မထွေး အား “ ညီမလေးတို့ ရယ် ၊ ရွာပြန် မျက်နှာပန်း လှပါရစေ ” ဟု မှာကြားလေသည် ။ သို့သော်လည်း နဂိုက အလေ့အကျင့် လုပ် မထား၍ သူတို့ ၏ အသံများ က တုန်ရီနေရာ အရှုံးပေး လိုက်ရတော့သည် ။ မကြီး လည်း ရှက်ရှက် နှင့် ဝါးရုံတော ထဲသို့ ပြေးဝင် ငို နေတော့ရာ မငယ် နှင့် မထွေး လည်း ဝမ်းနည်းပက်လက် ငို ကြွေးကြ ပြန်လေသည် ။ ညီအစ်မ သုံးဖော် ၏ မျက်ရည်များသည် နေ့စဉ် ရက်ဆက် ငိုရလွန်း၍ များပြားလာပြီး မျက်ရည် စမ်းချောင်းငယ်တစ်ခု အဖြစ် ပြောင်းလဲလျက် ဝါးရုံတောကြီး ကို ဖြတ် ဆင်းစီး သွား လေတော့သည် ။

ထို မျက်ရည်စမ်းချောင်း ကို ဆန်တက် လာသော ငါးကြင်းကလေး တစ်ကောင်သည် ဝါးရုံပင် တစ်ပင် ၏ ခြေရင်း တွင် ထိုင် ငိုနေသော ညီအစ်မ သုံးဖော် အနီး တွင် ခေါင်း ဖော်၍ “ ချစ်စရာ ကောင်းသော အစ်မများ ရယ် ၊ ဘာဖြစ်လို့ ငိုနေတာလဲကွယ် ” ဟု ကြင်နာစွာ မေးလိုက်လေ သည် ။ အငယ်ဆုံး မထွေးလေး က ဖြစ်သမျှ အကြောင်းစုံ ကို ပြောပြလိုက်လေရာ ငါးကြင်းကလေး က အောက်ပါ အတိုင်း ပြောပြသည် ။

ဤနေရာမှ ဆယ်ရက် နှင့် ဆယ်ည တိတိ သွားရမည့် ခရီး အဆုံး တွင် ငွေတိမ်ဖြူတောင် တစ်ခု ရှိကြောင်း ၊ တိမ်ဖြူတောင် တွင် ရွှေအတိ ပြီးသော ဥဩငှက်ရုပ် တစ်ရုပ် ၏ နှုတ်သီး မှ ကျ လာသော စမ်းရေများ ကို သောက် လျှင် အသံ သာယာမည့် အကြောင်း ကို ပြောပြလေသည် ။ ထို့ အပြင်လည်း အကယ်၍ ထို စမ်းရေ ကို သောက် လိုလျှင် သတိမပြု ပါက ဥဩငှက် က ထိုးဆိတ်မည် ဖြစ်ကြောင်း မှာကြားကာ ရေ ထဲ သို့ ငုပ်လျက် ဆန်တက် သွား လေတော့သည် ။

မကြီး သည် ထိုင်ရာ မှ ရုတ်တရက် ထလျက် မျက်ရည်များ ကို သုတ်ကာ ယခုပင် သွား မည့် အကြောင်း ပြော၍ သုံးဦးစလုံး ငွေတိမ်ဖြူတောင် ရှိရာသို့ ခရီးနှင် ခဲ့ကြလေသည် ။ တစ်ယောက် လက် ကို တစ်ယောက် တွဲလျက် ထွက်ခွာလာကြရာ ဆူးခက်ချုံပုတ်များနှင့် ငြိတွယ်၍ အင်္ကျီများ စုတ်ကုန်ကာ လက်မောင်းအသား ဝါဝါဝင်းဝင်းကလေးများတွင် သွေးများစို့ကုန်ကြ သည် ။ ခြေဖဝါး နုနုကလေးများ တွင် လည်း ကျောက် ကမူစွန်း နှင့် တိုက်မိကြ၍ သွေးခြေများ ဥကာ ခြေမကလေးများ ပဲ့ကုန်ကြလေသည် ။ အငယ်ဆုံးမလေး မထွေး သည် ဆင်းရဲဒုက္ခ ကို သည်းမခံနိုင် တော့၍ တွဲထားသော လက်ကို အတင်း ဖြုတ်၍ မြက်ခင်း ပေါ်တွင် လှဲချလိုက်လေ တော့သည် ။ သုံးရက် နှင့် သုံးည ခရီးပေါက် ပြီး မှ စိတ်ဓာတ် ပျက်နေသော မထွေး အား မကြီး နှင့် မငယ် က ဖျောင်းဖျ၍ ခေါ်ရာ မထွေး က “ အစ်မတို့ရယ် ၊ ညီမတော့ သေတောင် မလိုက်တော့ဘူး ” ဟု ဆိုလျက် သစ်ပင်တစ်ခု ကို အတင်း ဖက်ထား လေသည် ။ မကြီး နှင့် မငယ် လည်း ပြန်လာသည် အထိ စောင့်ဖို့ မှာကြားခဲ့ လျက် မထွေး အား တောင်ခေါင်း တစ်ခု တွင် သိပ်ထားခဲ့ကြလေသည် ။

နောက်ထပ် ခုနစ်ရက် နှင့် ခုနစ်ည ခရီး ပေါက်သော အခါ ငွေတိမ်ဖြူတောင် သို့ ရောက်ရှိကြလေတော့သည် ။ တောင်ကမူစွန်း တစ်ခု ပေါ်တွင် ငါးကြင်းကလေး ပြောသည့် အတိုင်း ရွှေဥဩငှက်ကြီး ကို တွေ့ရလေ၏ ။ ထို ငှက်ကြီး ၏ နှုတ်သီး မှ တသွင်သွင် စီးကျ နေသော ရေများ သည် စမ်းချောင်းကလေး သဖွယ် ငွေတိမ်ဖြူ တောင်ခြေသို့ စီးဆင်း သွားကြသည် ။ ရေစီးသံ ကလေးများ က သာယာနာပျော်ဖွယ်ကောင်းလှ၍ မကြီး သည် နားစိုက် ထောင် နေသည် ။ ထို အတွင်း မငယ် က လက်ကို ရုတ်တရက် ဖယ်၍ ရွှေဥဩငှက်နှုတ်သီး မှ ကျလာသော ရေများ ကို ပါးစပ် နှင့် ခံယူ သောက်လိုက်ရာ မကြီး က အချိန်မီ ဆွဲသော်လည်း မမီလိုက်တော့ပေ ။ ဥသြငှက် ကြီး ၏ အတောင်များသည် တဖျပ်ဖျပ် မြည်ကာ မငယ် အား ထိုးပျံ၍ ဆိတ် လေတော့သည် ။ မငယ် သည် လဲကျ သွား၍ မျက်နှာလေး သည် ဖြူဖတ်ဖြူရော် နှင့် သွေးဆုတ် သွားတော့သည် ။ ဥဩကြီး လည်း ပျံတက် သွား၍ ကမူစွန်း ပေါ်တွင် နား နေတော့သည် ။ မကြီး လည်း ကပျာကယာ မငယ် အား ပွေ့ထူ၍ တတွတ်တွတ် ခေါ်ရင်း “ စဉ်းစဉ်းစားစား လုပ်ပါတော့ ညီမရယ် ” ဟု ပြော၍ ငိုလေသည် ။

မငယ် လည်း စကားပြန် မပြောနိုင်ဘဲ သတိမေ့ နေတော့သည် ။

မကြီး လည်း မငယ် ကို အသာအယာ ချထားခဲ့၍ သစ်ပင် တစ်ခု မှ နွယ်ပင် တစ်ပင်နှင့် ဥဩငှက် ခြေထောက် ကို သစ်ကိုင်း နှင့် ပူးချည် လိုက်လေသည် ။ ပြီးမှပင် စမ်းရေ ကို အားရပါးရ သောက်ရာ ဥဩငှက် လည်း အသက် ဝင် လာ၍ အတောင်ပံ ခတ်ပြီး ဆင်းမည် ကြံ သော်လည်း မဆင်းနိုင် တော့ပေ ။ မကြီး လည်း စမ်းရေ ၏ တန်ခိုးအာနိသင် ကို သိချင်၍ သီချင်း ဆို ကြည့်ရာ မိမိ အသံကလေး သည် ယခင် က ထက် ထူးခြားပြီး သာယာ လာတော့၏ ။ ထို့ပြင်လည်း တစ်ပုဒ် ပြီး တစ်ပုဒ် ဆက်လက်၍ မမောမပန်း သီဆိုနိုင်လေသည် ။

မကြီး လည်း မငယ် ၏ ဘေးတွင် ရပ်၍ သီချင်း ဆို ပြရာ မငယ် ၏ အင်္ကျီစကလေးများ သည် တဖျတ်ဖျတ် လွင့်သွားကာ ငှက်ဝါကလေး တစ်ကောင် အဖြစ် ပြောင်းလဲ၍ အသံသာသာ နှင့် မြည်ကြွေးလျက် မကြီး ပုခုံးပေါ် သို့ လာ နားလေသည် ။

မကြီး သည် ငှက်ဝါလေး ၏ ခေါင်း ကို ပွတ်သပ်ကာ “ ညီမလေး ရယ် ၊ ပြန်ကြစို့လား ကွယ် ” ဟု မျက်ရည် အပြည့် နှင့် ပြောလေသည် ။ တဖြည်းဖြည်း တိမ်ဖြူတောင် ပေါ်မှ ဆင်းလာ ရာ ၊မထွေး ကို သိပ်ထားသော တောင်ခေါင်း သို့ ရောက်လာ လေတော့သည် ။

ထိုအခါ မထွေး သည် အသက်ကုန် နေပြီ ဖြစ်သည် ။ မကြီး လည်း မထွေး အနား တွင် ထိုင်ကာ သီချင်း ဆိုပြန်ရာ မထွေး ၏ ကိုယ် ကလေးသည် တဖြည်းဖြည်း နှင့် လိမ့်၍ ပျောက်ကွယ် သွားကာ ရွှေကျီးညိုကလေး အဖြစ်သို့ ရောက်သွား၏ ။

မကြီး သည် ငှက်ဝါကလေး ကို ဘယ်ဘက် ပခုံးတွင် တင်ကာ အရှေ့ရွာ သို့ ပြန်လာခဲ့ လေသည် ။ ရွာ သို့ ရောက်သောအခါ အရှေ့ရွာ ၏ အဆိုတော် တစ်ယောက် ဖြစ် လာလေသည် ။ သီချင်းဆို ပြိုင်ရန် လည်း မရွံ့တော့ဘဲ ယခင် က ရှုံးထားသော နွားကလေး ပါ မက နောက်ထပ်ပင် အနိုင် ရရှိလေသည် ။

သီချင်းဆို ပြိုင်တိုင်း ပင် ငှက်ဝါကလေး နှင့် ရွှေကျီးညိုကလေး ကို ပခုံးထက် တွင် တင် ၍ ဆိုသဖြင့် အမြဲတမ်း အနိုင် ရရှိလေတော့ သတည်း ။

⎕ ခင်လင်းမာ ( ရွှေဘို )

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၁ ၊ မတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment