Wednesday, September 11, 2024

နောက်ဆုံး အဖြေ


 

❝ နောက်ဆုံး အဖြေ ❞
━━━━━━━━━━━━━━
     တက္ကသိုလ်မြစိမ်း
━━━━━━━━━━━━━━
အမေ သည် ဆေးပေါ့လိပ် မီးခိုး တလူလူ နှင့် ကျွန်မ အိမ် ထဲ ဝင်လာသည် ကို ငေးကြည့် နေသည် ။

ကျွန်မ ရုံးဆင်း ကို အမေ က ကြိုလေ့ ရှိသည် ။ ယနေ့ အမေ သည် ကျွန်မ ကို အထူး ကြိုနေသည် ။ အထူး ကြိုနေသည် ဟု ကျွန်မ ထင်သည် ။ အမေ သည် ကျွန်မ ကို တစ်ခုခု ပြောချင်နေပုံရသည် ။ အမေ သည် သောက ကြောင့် တုန်လှုပ်နေသည် ။

ကျွန်မ သည် အမေ့ အလို ပြည့်စေရန် ဆွဲခြင်း နှင့် ထီး ကို သိမ်းပြီး အမေ့ အနီး တွင် ထိုင် လိုက်သည် ။

“ အမေ ... ထမင်း စားရအောင် ၊ ဘာဟင်းလဲ ”

အမေ သည် ကျွန်မ ကို လိုက်ပြီး မျက်စိ တစ်ဆုံး ကြည့်နေ သဖြင့် ဆေးလိပ်မီး သေသည် ထင်ပြီး ဆေးလိပ် ကို မီး ထပ်ညှိသည် ။

“ စားတာပေါ့ သမီး ရယ် ၊ ဟင်း ကတော့ မနက်က ကျန်တဲ့ ငါးစင်ရိုင်း ပဲရှိတယ် ။ အမေ နေ့ခင်း က ဒေါ်နုဆေးလိပ်ခုံ ဘက် ရောက်သွားသေးတယ် ။ မခင်မြိုင် နဲ့ တွေ့လို့ မခင်မြိုင် က မောင်ဖေမောင် ပြန်ရောက် နေပြီလို့ ပြောလိုက်တယ် ”

“ အစ်ကိုမောင် ”

ကျွန်မ သည်  ကိုဖေမောင် ဟူသော အမည် ကို ကြား လိုက်ရလျှင် ပင် တုန်လှုပ် သွားသည် ။ ရင်ခုန် လာသည် ။ အမေ့ ရှေ့တွင် ပင် ဟန် မဆောင်နိုင် အောင် ဖြစ်သွားသည် ။ ကိုဖေမောင် ဆိုတဲ့ “ အစ်ကိုမောင် ” က ကျွန်မ ရဲ့ အချစ်ဦး အသည်းသခင် လေ ။

“ ဟုတ်တယ် ၊ မောင်ဖေမောင် ပြန် ရောက်နေတယ် ”

အမေ သည် ကျွန်မ လှုပ်ရှားမှု ကို ကြည့်ပြီး ဒေါသသံ ပါလာသည် ။ ကျွန်မ အမေ့ ကို သနား သွားသည် ။ ဟန်ဆောင်ရန် ပြင်ဆင်သည် ။

“ ဪ …. အမေ ရယ် ၊ သူတို့ သူဌေးတွေ ပဲ ။ ရန်ကုန် နဲ့ မန္တလေး ဆိုတာ အိမ်ဦး နဲ့ ကြမ်းပြင် ပေါ့ ”

“ အခု မောင်ဖေမောင် လာတာ အလည် မဟုတ်ဘူး ၊ အပြီး ပြောင်းလာတာ ။ ရန်ကုန် ကို ပြန်လာတာ စီးပွားရေး လုပ်ငန်း လုပ် မလို့တဲ့ ။ သူ့ အမေ မနု ကို ငွေတောင်း နေတယ် လို့ မခင်မြိုင် က ပြော လိုက်တယ် ”

“ အမေ  ဒေါ်ခင်မြိုင် လည်း အသက် ကြီးလှပြီနော် ၊ ဆေးလိပ် လိပ်ရတုန်းပဲ ”

“ အေးကွယ် ၊ သူ့ မှာ လုပ်ကျွေးမယ့် သူ မရှိတော့ အလုပ် လုပ်ရ ရှာတာပေါ့ ။ လင် က လည်း မမာ ၊ သားသမီး က လည်း မရှိနဲ့ မခင်မြိုင် ဘဝ မတွေးဝံ့ အောင်ပဲ ။ ဒါနဲ့ သမီး ကို အမေ မေးရဦးမယ် ”

အမေ က မေးခွန်း မေးမည် ဆို၍ ကျွန်မ ရင်တုန် လာသည် ။ ရင်တုန်သော အမေ  မေးမည့် ပုစ္ဆာ ကို ကျွန်မ သိသည် ။

“ အမေ ဘာမေး မလို့လဲ"

“ မောင်ဖေမောင် ကိစ္စ ”

ကိုဖေမောင် ကိစ္စ ဆိုလျှင် ကျွန်မ ဟန်ဆောင်ရမည် ။
အမေ ကို မလိမ်ချင် သော်လည်း အမေ  စိတ်ချမ်းသာရန် လိမ် ပြောရတော့မည် ။

“ ဪ … အမေ ရယ် ၊ အစ် ကိုမောင် အကြောင်း အမေ မို့ မေးတယ် ။ အစ်ကိုမောင် က သမီး ကို ထားခဲ့ပြီး ထွက်သွားတယ် ။ ထွက်သွားပြီးကတည်း က သမီး ကို မဆက်သွယ်ဘူး ။ သမီး နဲ့ အဆက်ပြတ် နေတယ် ။ အခု လည်း အဆက်အသွယ် မရှိဘူး ”

“ နောင်ကော ”

“ ဪ …. အမေ ရယ် ၊ ဟိုတုန်းက သမီး က ငယ် တော့ မသိတတ်လို့ပါ ။ သမီး သိတတ်ရင် မမှားနိုင်ပါဘူး ။ သမီး အခုမှ စဉ်းစားကြည့်တယ် ။ ဟိုတုန်း က သာ သမီး နဲ့ အစ်ကိုမောင် အိမ်ထောင် ပြုမိကြရင် ကြီးတော် ဒေါ်နု က ဆေးလိပ်သမသမီး နဲ့ သူ့ သား ကို သဘောတူမှာ မဟုတ်ဘူး ။ ကြီးတော် ဒေါ်နု က သဘောတူတယ် ဆိုရင်လည်း အလုပ် လုပ် စားဖို့ နှစ်ယောက်စလုံး ပညာမစုံသေးတော့ မလွယ်ပါဘူး အမေ ၊ အမေ လည်း ဆေးလိပ်ခုံ က ထွက် ရမှာ ကို မဟုတ်ဘူး ။ သမီး လည်း ယောက္ခမ မျက်နှာ ကြည့်နေရမှာ ။ သမီး တောင် ဆေးလိပ်ခုံ မှာ ဝင် လုပ်ချင် လုပ်နေရမှာနော် ”

“ သမီး ပြောတာတွေ ဟုတ်တယ် ၊ အမေ လည်း စဉ်း စားမိပါတယ် ။ ဘုရား မလို့ အမေ့ သမီးလေး ပညာ ဆက် သင်နိုင်ခဲ့တယ် ။ ပြီးခဲ့တာတွေတော့ ပြန်ပြော မနေပါနဲ့ တော့ သမီး ရယ် ။ အမေ  အခု စိတ်ပူတာ က မောင်ဖေမောင် နဲ့ သမီး စိတ်ပြောင်းမှာ ကိုပါပဲ ”

“ သမီး ကိုမြင့်အောင် နဲ့ သူ စာမေးပွဲ အောင်ပြီးရင် လက်ထပ်ကြဖို့ ကတိ ပေးပြီးပြီပဲ အမေ ”

ကျွန်မ သည် အမေ စိတ်ချမ်းသာရန် ပြောသာ နေရ သည် ။ အမေ စိတ်ပူ သလို ကျွန်မ ကိုယ် ကျွန်မ စိတ်ပူ သည် ။ ဦးနှောက် နှင့် အသည်းနှလုံး ဆိုသည်မှာ စရိုက် သဘာဝ တခြားစီ မဟုတ်ပါလား ။

“ ကတိ ကတော့ ကတိ ပေါ့အေ ၊ ဒါပေမဲ့ အခု ခေတ် အိမ်ထောင်ရေး တွေမှာ ကတိ ကို သိပ်ပြီး ဂရုစိုက်ကြတာ မတွေ့ ရပါဘူး ။ နောက်ပြီး မနု ကလည်း သမီး အခုလို ပညာတွေ တတ်ပြီး အလုပ်အကိုင် နဲ့ ဆိုတော့ သမီး ကို ချွေးမ တော်ချင်နေပုံ ရတယ်လို့ မခင်မြိုင် က ပြောလိုက် တယ် ။ မနု က အခုတစ်ခါ သူ့ သား ကို အရင်က လို အိမ် က ထွက်သွားမှာ စိုးလို့ အရိပ် တကြည့်ကြည့် ဖြစ်နေ တယ်တဲ့ ။ အရင် ငယ်ငယ် က ထက်တောင် အလိုလိုက် သေးတယ်တဲ့ ။ သူ့ သား က စီးပွားရေး လုပ်မယ် ဆိုလို့ သူ့ မှာ ရှိသမျှ ပုံအပ်မယ့် ပုံ ပဲ တဲ့ ။ မခင်မြိုင် တို့ ကတောင် ဒေါ်နု ဆေးလိပ်ခုံ ပျက် သွားမှာ စိုးရိမ်နေတယ် ”

“ အမေ နဲ့ ကြီးတော် ဒေါ်နု တွေ့ သေးလား ”

“ အမေ လည်း မခင်မြိုင် ဆီ က မောင်ဖေမောင် သတင်း ကြားရတာ နဲ့ လှည့် ပြန်ခဲ့တယ် ။ မနု ကို ဝင် မတွေ့တော့ဘူး ။ လိမ္မာပါ သမီး ရယ် ၊ မောင်မြင့်အောင် နဲ့ မောင်ဖေမောင် က ဆီ နဲ့ ရေ လို ကွာပါတယ် ”

“ ဟုတ်ကဲ့ ... အမေ  ”

အမေ့ ကို စိတ်ချမ်းသာ ရန် သာ ကျွန်မ ဟန်ဆောင် နေရသည် ။ ကျွန်မ စိတ်များသည်  ကိုဖေမောင် ဆီ သာ ရောက်နေသည် ။ အမေ နှင့် ထမင်းစားကြသောအခါ အမေ မရိပ်မိစေရန် ထမင်း တစ်ပန်းကန် ကုန်အောင် မနည်း စား ယူရသည် ။ ထမင်း စားလို့ မရသလို ကျောင်း စာ ဖတ် ၍ လည်း မရတော့ပေ ။ အမေ မသိစေရန် ထုံးစံ အတိုင်း စာအုပ် ကို ဖွင့် ဖတ် နေလိုက်သည် ။ အမေ တစ်ယောက် ဘုရားဝတ်ပြုပြီး အိပ်ရာ ဝင်သွားသည်နှင့် ကျွန်မ လည်း အိပ်ရာထဲ ကို ဝင်လိုက်သည် ။ အိပ်ရာ ထဲ ရောက်သော်လည်း ကျွန်မ အိပ်မပျော် ။

အိပ်မပျော် ဖြစ်ရခြင်းမှာ ကိုဖေမောင် ကို သတိရ၍ ဖြစ်ရခြင်း ။ ကျွန်မ သည် အမေ က ကိုဖေမောင် အမည် ပြောလိုက် ကတည်းက ရင်ခုန် နေသည် မှာ ယခု အထိ ။ ကိုဖေမောင် နှင့် ပတ်သက်လျှင် ကျွန်မ အမြဲ ရင်ခုန် ရသည် ။ နှလုံးတုန် ရသည် ။ ဤအဖြစ်သည် ကျွန်မ ဆယ့်ငါးနှစ်သမီး က စခဲ့သည် ။

ထိုစဉ်က ကျွန်မ သည် စိန့်ဖလိုမီနာ ကျောင်းသူ ။ သူ က ဘဝသစ်ကျောင်း မှ ကျောင်းသား ။ ကျွန်မ က  ကိုးတန်း ကျောင်းသူ ၊ သူ က ဆယ်တန်း သုံးခါကျ ကျောင်းသား ။ ကျွန်မ အမေ က ဆေးလိပ်ခုံ အလုပ်သမ သူ့ အမေ က ဆေးလိပ်ခုံပိုင်ရှင် ။ ကျွန်မတို့ က မုန့်လုပ်ဆောင်းကုန်း ကွက်သစ် တွင် နေသည် ။ သူတို့ က ကျွန်းတောလမ်း လမ်းမကြီး ပေါ် တွင် နေသည် ။ ကျွန်မ က အသက် ဆယ့်ငါးနှစ် ။ သူ က အသက် နှစ်ဆယ် ။

ကိုဖေမောင် သည် ကျွန်မ ထက် အသက် ငါးနှစ်ခန့် ကြီးသည် ။ အသက် ကြီးသော်လည်း သူ က ကျွန်မထက် ကလေး ဆန်သည် ။ သူ့ အမေ ကလည်း ကိုဖေမောင် ကို တစ်ဦးတည်း သော သား ဖြစ်၍ အလွန် အလို လိုက်သည် ။ ကိုဖေမောင် ဘဝ သည် လိုတရသော ဘဝ ။ သူ လိုချင်သော အရာ ဆိုလျှင် အကုန် ရသည် ။

ကျွန်မ အချစ် က လည်း စေတစ်လုံးပိုင်ရှင် ကိုဖေမောင် အတွက် အသင့် ဖြစ်နေသည် ။ ကိုဖေမောင် က ကျွန်မ ကို တစ်ခါသာ ချစ်ရေး ဆိုရသည် ။ သူ ချစ်ရေး ဆိုပါစေ ဟု ကျွန်မ က ပင် ဆုတောင်း နေရသည် ။

ကိုဖေမောင် သည် ခံ့ညားသူ တစ်ယောက် ဖြစ်သည် ။ သူ သည် အရပ် ရှည်သည် ။ အသား ညိုသည် ။ မျက်နှာ က အစဉ် ပြုံးနေသည် ။ သူ သည် ဘောင်းဘီရှည် နှင့် ဂျာကင်အဖိုးတန်များ ကို ဝတ်လေ့ ရှိသည် ။ ဂျာကင် မဝတ်လျှင် စပို့ရှပ် အကောင်းစားများ ကို ဝတ်တတ်သည် ။

ကိုဖေမောင် တို့ အမေ  ၊ ကြီးတော် ဒေါ်နု အိမ် တွင် ဝင်ထွက် နေရာမှ ကျွန်မ ကို တွေ့ ဖူးပြီး ကျွန်မ ကို သူ က ချစ်ရေး ဆိုခြင်း ဖြစ်သည် ။ ကျွန်မ က လည်း သူ ချစ်ရေး မဆိုမီ က ပင် သူ့ ကို ချစ်နေမိသည် ။ သူ ချစ်ရေးဆိုတော့ သူ့ ကို ပွင့်ပွင့်လင်းလင်း ချစ်ရသည် ။

အမေ က အလုပ်ရှင် သား ဖြစ်သော ကိုဖေမောင် နှင့် ကျွန်မ ကို သဘော မတူ ။ အလုပ်ရှင် က မတူမတန် ဟု ဆိုပြီး ခွဲ လိုက်လျှင် သူ့ သမီး ဖြစ်သော ကျွန်မ စိတ် သောက ရောက်ရမည် ကို စိုးရိမ် ရှာသည် ။

ကျွန်မ ဆယ်တန်း ကို ( ခ ) စာရင်း မှ အောင်သော နှစ် တွင် ကိုဖေမောင် မန္တလေး သွားသည် ။

“ အေးအေး .. အစ်ကိုမောင် မန္တလေး ကို ခဏ သွား လိုက်ဦးမယ် ၊ ဟိုက ပြန်လာရင် အစ်ကိုမောင် စီးပွားရေး လုပ်ငန်း တစ်ခုခု လုပ်မယ် ။ အေး ကိုလည်း အစ်ကိုမောင် လက်ထပ်မယ် ၊ အစ်ကိုမောင် ဆယ်တန်း မဖြေချင်တော့ ဘူး ။ စာ သင်လို့ စာမေးပွဲ အောင် လည်း လခစားဘဝ နဲ့ အရိုးထုတ်ရမယ် မဟုတ်လား ။ ဒါကြောင့် အစ်ကိုမောင် မန္တလေး က ပြန်လာရင် အလုပ် လုပ်တော့မယ် ။ အစ်ကိုမောင် ဟိုမှာ မကြာပါဘူး အချစ်ရယ် ” ဟု ကိုဖေမောင် ပြော သွားသည် ။

ဟိုမှာ မကြာပါဘူး ဆိုသော်လည်း မန္တလေး တွင်
ကိုဖေမောင် လေးနှစ် ကျော်ကျော် ကြာသည် ။ ကျွန်မ က တော့ ကိုဖေမောင် ပေါ်လာနိုး နှင့် မျှော်နေသည် ။ ကိုဖေမောင် က ကျွန်မ ကို သတိရ ဟန် ပင် မရှိ ။ လေးနှစ် အတွင်း သူ ရန်ကုန် ကို ခဏ ဆင်း လာလျှင် လည်း ကျွန်မ ထံသို့ လာရန် သတိမရ ။ ကျွန်မ ကို သတိရစရာ လည်း မလို ။ သူ့ တွင် ခင်ရ ချစ်ရသူတွေ ပေါသည် ။

ကျွန်မ ဆယ်တန်း ကို ( ခ ) စာရင်း မှ အောင်ပြီး နောက်ပိုင်း တွင် လက်နှိပ်စက် သင်၍ လက်နှိပ်စက် စာရေးမ ဝင် လုပ်သည် ။ ကျွန်မ အဖေ သည် ရဲကြပ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ကျုံပျော် အနီး ၌ ဓားပြသ,တ်၍ ကွယ်လွန်ခဲ့သည် ။ အဖေ့ ပင်စင် ဖြင့် ကျွန်မ ကျောင်းနေ သည် ။ အမေ့ အစ်မကြီး က သူ့ အိမ် အဖီကလေး တွင် ခေါ် ထားသဖြင့် မုန့်လုပ်ဆောင်းကုန်း မှ တဲ ကိုရောင်းပြီး ပြောင်းခဲ့သည် ။ ကျွန်မ သည် အဖေ ကို မမှတ်မိ ။ ကျွန်မ အမေ သည် သမီးလေး ကို ဆေးလိပ် လိပ်ပြီး ကျွေးခဲ့ သည် ။

ကျွန်မ သည် လက်နှိပ်စက်စာရေးမ တစ်ဖက် လုပ်၍ တစ်ဖက် က ညကျောင်း တက်သည် ။ ဆယ်တန်း အောင်ပြီးပြီ ။ လုပ်သားကောလိပ် တွင် တတိယနှစ် မြန်မာစာအဓိက ကျောင်းသူ ဖြစ်နေပြီ ။ အလုပ် က လည်း ဌာနသစ် တစ်ခုတွင် အထက်တန်းစာရေး ရာထူး ကို ရနေပြီ ။ ကျွန်မ လခ ဖြင့် သားအမိ နှစ်ယောက် စား လောက် သဖြင့် အမေ့ ကို ဆေးလိပ် အလိပ် မခိုင်းတော့ပေ ။

ကျွန်မ လုပ်သားကောလိပ် တက်စဉ် ကိုမြင့်အောင် ကို တွေ့ ရသည် ။ ကိုမြင့်အောင် သည် အသား ဖြူသည် ။ အရပ် က အနေတော် ဖြစ်သည် ။ သူ့ မျက်နှာ အမြဲ မျက်မှောင်ကြုတ် ထားသည် ။ သူ သည် ပင်နီတိုက်ပုံ နှင့် ချည် ပုဆိုး ကို ဝတ်သည် ။ တိုက်ပုံ မဝတ်သော အခါ ညိုမှိုင်း နီကြောင် နေသော ရှပ်လက်ရှည်အဖြူများ ကို ဝတ်တတ်သည် ။ ကိုမြင့်အောင် သည် လောက တွင် ဘယ်အရာ မဆို ကြိုးစားမှ ရမည် ဆိုသော အဘိဓမ္မာ ဖြင့် အသက်ရှင် နေသည် ။ သူ သည် ဆယ်တန်း မအောင် မီ က ပင် အလုပ် ဝင် လုပ်ခဲ့ရသည် ။ ဆယ်တန်းအောင် အပြီး တွင် စက်ရုံ ၌ ဝင် လုပ်ခဲ့သည် ။ စက်ရုံ တွင် ယခု အထိ အလုပ် လုပ်နေသည် ။ နောက် ကိုလည်း ဆက် လုပ်ရဦးမည် ။ လောကကြီး တွင် ကိုမြင့်အောင် တို့ ကျွန်မ တို့ လို လူစားတွေ အဖို့ အလုပ် လုပ်နေခြင်း မှ တစ်ပါး အခြား ထွက်ရာ လမ်း မရှိ ။

ကိုမြင့်အောင် သည် ယခု စာသင်နှစ် ပြီးလျှင် ဝိဇ္ဇာဘွဲ့ ရတော့မည် ။ ကိုမြင့်အောင် ဘွဲ့ရ ပြီးလျှင် ကျွန်မတို့ လက်ထပ်ကြရန် သဘောတူ ထားသည် ။ ကိုမြင့်အောင် ဘွဲ့ရ မှ ကျွန်မ တို့ လက်ထပ်၍ ဖြစ်မည် ။ ကိုမြင့်အောင် တွင် ညီငယ်များ ကို ကျောင်းထား ပေးနေရ သော တာဝန် ရှိသည် ။ ဘွဲ့ရ လျှင် စက်ရုံ တွင် ကိုမြင့်အောင် ရာထူး တက်ဖို့ ရှိသည် ။ လခ တိုး၍ ဝင်ငွေတိုး ရ လာမှ ကျွန်မတို့ လက်ထပ် နိုင်ကြမည် ဖြစ်သည် ။ ယခု အခြေအနေ နှင့်ကား ကျွန်မ နှင့် ကိုမြင့်အောင် လက်မထပ် နိုင် ။

လက်မထပ် နိုင်သော အခြေအနေ က ကျွန်မ အဖို့ ကံကောင်းသည် ဟု ဆိုချင်သည် ။ လက်ထပ်နိုင် ပါက ကျွန်မ အဖို့ ခက်သည် ။ ကျွန်မ အဖို့ ခက်ခြင်း ထက် ကျွန်မ အသည်းနှလုံး အဖို့ ဆိုလျှင် ပိုမှန်သည် ။ ကျွန်မ အသည်းနှလုံး က အချစ် တွင် အစားထိုး၍ မရသေး ။  ကိုဖေမောင် ကို ချစ်စိတ် မှ တစ်ပါး တခြား မရှိ ။ ဦးနှောက် နှင့် စိတ် က  ကိုမြင့်အောင် ကို မဲပေးသည် ။ အသည်း နှလုံး က ကိုဖေမောင် ဘက် မှ ဖြစ်သည် ။ ကိုဖေမောင် ကို အရင်က ချစ်ခဲ့သည် ။ ယခုလည်း ချစ်နေသည် ။ နောင် ကို လည်း ချစ်မည် ။ ချစ်နေမည် ။

ကိုမြင့်အောင် ကို တွေ့ ရလျှင် ကျွန်မ မကြည်နူး ။  ကိုမြင့်အောင် နှင့် ထွက် လည် လျှင် လည်း ကျွန်မ မပျော် ။  ကိုမြင့်အောင် စကား ပြောလျှင် ကျွန်မ နားထောင်၍ မရ ။ ကိုမြင့်အောင် သည် ပျင်းစရာ ကောင်းသော အဖော် ။

ကိုဖေမောင် ကို တွေ့ ရလျှင် ကျွန်မ ကြည်နူးသည် ။ ကိုဖေမောင် နှင့် ထွက် လည်လျှင် ကျွန်မ ပျော်သည် ။  ကိုဖေမောင် စကား ပြောလျှင် ကျွန်မ နားထောင်၍ မငြီး နိုင် ။ နားထောင် ၍ ကောင်းသည် ။ စိတ်ဝင်စားဖွယ် ဖြစ် သည် ။ ကိုဖေမောင် သည် ပျော်စရာကောင်းသော အဖော် ။

သို့သော် ကျွန်မ ကိုမြင့်အောင် ကို အားကိုးလို့ ရသည် ။ ကိုဖေမောင် ကို အားကိုးလို့ မရ ။ သို့သော် ကျွန်မ ကိုမြင့်အောင် ကို ချစ်လို့ မရ ။ ကိုဖေမောင် ကို ချစ်လို့ ရသည် ။

ကိုဖေမောင်  မန္တလေး မှ ပြန်ချိန် တန်၍ ပြန် မလာသော အခါ ကျွန်မ ငိုသည် ။ သူ့ ကို လွမ်း၍ မျက်ရည် နှင့် ကြိုသည် ။ ကြို သာ ကြိုရသည် ။ သူ က ကျွန်မ ကို မလို ၊ ငိုသာ ငိုရသည် ကြိုသူ ကို သူ မလွမ်း ။ ကျွန်မ သည် မျက်ရည်စိုစို နှင့် သူ့ ကို ကြိုသည် ။ သူ က ပေါ်မလာ ။ နှစ်တွေ သာ ကြာလေပြီ ။

သူ့ သတင်းတွေ ကလည်း အမျိုးမျိုး ။ မန္တလေး တွင် မိန်းမ ရ နေပြီ လိုလို ၊ မိုးကုတ် တွင် ကျောက်တွင်း တူးနေပြီ လိုလို ၊ မော်လမြိုင် တွင် မှောင်ခို လုပ်နေပြီ လိုလို ။ လိုလို အမျိုးမျိုး တွေ ကို သာ အမျိုးမျိုး ကြားနေရသည် ။ ဘာမျှ အသေအချာ ကျွန်မ မသိ ။ သူ့ သတင်းများ ကို ကြားနိုင် သမျှ ကြားရန် နားစွင့်ရုံမှ တစ်ပါး ကျွန်မ ဘာမျှ မတတ် နိုင်ခဲ့ ။

ကျွန်မ သည် ကိုဖေမောင်  ကို လွမ်း လျှင် ငိုသည် ။ ငိုသည် က လွဲလို့ ကျွန်မ ဘာမျှ မကြံတတ် ။ ငိုရလွန်း တော့လည်း မျက်ရည် ကုန်သွားသည် ။ မျက်ရည် ခြောက် သွား သော်လည်း အသည်းနှလုံး တွင် စွဲကပ်နေ သော သူ့ ကို ချစ်သည့် ဝေဒနာ က မပျောက် ။

ကိုဖေမောင် ကို အချစ်ပို သောကြောင့် ကျွန်မ ကိုမြင့် အောင် ကို အမြဲ အသာ ရသည် ။ အမြဲ အနိုင် ရသည် ။ တကယ် ချစ်သူ သည် အရှုံး ကို ရင်ဝယ် ပိုက်ရသည် မဟုတ်လား ။ အနိုင်ကျင့်မှု ကို ခေါင်းငုံ့ ခံရသည် မဟုတ် ပါလား ။ ချစ်သူ အလို ကျစေရန် အမျိုးမျိုး အလို လိုက်ရသည် မဟုတ်ပါလား ။ ကိုမြင့်အောင် က ကျွန်မ ကို အချစ် ပိုသောကြောင့် ကိုဖေမောင် ကို အချစ် ပိုသော ကျွန်မ က ကိုယ်ချင်း စာ ပြီး အနိုင် ယူနေသည် ။

ကျွန်မ သည် ကိုဖေမောင် အကြောင်း တွေး ရလျှင် မအိပ်နိုင် ။

••••• ••••• •••••

ည က အိပ်မပျော် ၍ ကျွန်မ ခေါင်း ကိုက် နေသည် ။ ခေါင်း ကိုက် နှင့်  ပျောက် သွားရန် ကျွန်မ ဆေး သောက်လိုသည် ။ ဆေးသောက်လို၍  ကိုဒါနင် ဝယ်ရန် ရုံးရှေ့ ရှိ ကွမ်းယာဆိုင်ကလေး သို့ ကျွန်မ ထွက်ခဲ့သည် ။ ကွမ်းယာဆိုင် နှင့် မလှမ်းမကမ်း လက်ဖက်ရည်ဆိုင် တွင် ထိုင်နေသော လူ တစ်ယောက် ကျွန်မ အနီး ရောက်လာသည် ။

“ အေး ”

“ ရှင် ”

“ အေး ... အစ်ကိုမောင် လေ ”

ကိုဖေမောင် သည် ကျွန်မ အနီး လာ ရပ်သည် ။ လူ က ထုံးစံအတိုင်း တောက်ပြောင် နေသည် ။ ကိုဖေမောင်  သည် နောက်ဆုံးပေါ် ဖော့ခရစ် မီးခိုးရောင်ရှပ်လက်ရှည် ၊ သားရေဂျာကင်ရှည် နှင့် တက်ထရက် ဘောင်းဘီရှည် ကို ဝတ် ထားသည် ။ ဆံပင် က လည်း ရုပ်ရှင်မင်းသားများ ကဲ့သို့ ဆံပင်ရှည်ကြီး နှင့် ဖြစ်သည် ။ လက် ထဲ တွင် နိုင်ငံ ခြားစီးကရက်ဘူး နှင့် မီးခြစ် ကို ကိုင်ထားသည် ။

“ ကဲ .. လာ ဟိုနား က သစ်ပင် အောက် က ကြံရည်ဆိုင် မှာ သွား ထိုင်မယ် ”

ကျွန်မ သည် စက်ရုပ် ကဲ့သို့  ကိုဖေမောင့် အမိန့် ကို နာခံပြီး ကြံရည်ဆိုင် တွင် ထိုင်သည် ။ ကြံရည်ဆိုင် တွင် လူရှင်း နေသည် ။

“ အေး ”

“ ရှင် ”

“ ဘာတွေများ အံ့ဩ နေတာလဲ ”

“ အစ်ကိုမောင် ကိုလေ ”

“ အစ်ကိုမောင် ဘာဖြစ် နေလို့လဲ ”

“ ဘာမှ မဖြစ်လို့ ၊ ဘာမှ မပြောင်းလဲလို့ .. ”

ကျွန်မ သည် သူ့ ကို စကား သာ ပြောနေရသည် ။ ရင် က ခုန်လာသည် ။ ရင်ထဲ တွင် ရှိနေသော သူ့ ကို ချစ်သည့် စိတ် က နိုးကြားလာသည် ။

“ အေး .. လက်ထပ်တော့မယ် ဆို ... ”

“ ဘယ်သူ ပြောသလဲ ”

“ အမေ့ ဆေးလိပ်ခုံ က ပေါ့ ၊ အေး ရဲ့ လူ က စက်ရုံ မှာ
လုပ်တယ်ဆို ။ အစ်ကိုမောင် ကို ပြောစမ်းပါဦး ၊ ဘယ်လို လူမျိုးလဲ ”

“ လူရိုးလူကောင်း လူအေး တစ်ယောက် ပါပဲ ”

ကိုဖေမောင် မှာထားသော ကြံရည်နှစ်ခွက် ကို ကျွန်မ တို့ ထိုင် နေသော စားပွဲကလေး တွင် လာချသည် ။

“ အစ်ကိုမောင် နဲ့ တူလား ”

“ အစ်ကိုမောင် နဲ့ နည်းနည်းကလေး မှ မတူဘူး ”

“ အစ်ကိုမောင် နဲ့ မတူရင် အေး မချစ်ပါဘူး ၊ ဒါနဲ့ အစ် ကိုမောင် ကို ကော အေး ချစ်သေးရဲ့လား ”

သူ့ ကို ကျွန်မ မဖြေလို ။ ဖြေရန် လည်း လိုမည် မထင် ။ အဖြေ က နှစ်ယောက်စလုံး သိပြီးပြီ ဖြစ်သည် ။ သူ့ ကို ကျွန်မ ချစ်သည် ။

“ အစ်ကိုမောင် မန္တလေး မှာ ဘာလုပ် နေလဲ ”

“ ဘာမှ မလုပ်ဘူး ”

“ လေးနှစ်တောင် နေတာ ၊ ဘာမှမလုပ်ဘဲ ကို ... ”

“ လုပ်စရာ မလိုဘဲ ကိုး အေးရဲ့ ၊ အစ်ကိုမောင့် ဘကြီး နဲ့အဒေါ် က အစ်ကိုမောင် ကို သိပ်ချစ်တာ ။ ဘာမှ မလုပ် ဘူး ဆိုတော့ မုသား ဖြစ်မယ် ။ ဘကြီး သနပ်ဖက်ပွဲရုံ က ကားတွေ နဲ့ လျှောက်လိုက်မိတယ် ။ ကုန်ကားတွေ နဲ့ လိုက် တော့ အနှံ့ပဲ ရောက်ခဲ့တယ် ”

“ အခု ဘာကိစ္စ ရှိလို့ ပြန်လာတာလဲ ”

“ အေး ကို တွေ့ ချင်လို့ ... ”

“ အေး ကို တွေ့ချင်လို့ ဟုတ်လား ၊ အခုမှပဲ တွေ့ ချင်တော့တယ် ။ လူ တစ်ယောက် ကို လေးနှစ် ကြာမှ တစ်ခါ တွေ့ ရတယ်လား ”

“ အေး ကို တွေ့ချင်လို့ ဆိုတာ ထက် အေး ကို လက်ထပ်ချင် လို့ ပြန်လာတယ် ဆိုရင် ပိုပြီး မှန်လိမ့်မယ် ။ အမေ့ ဆီ က စာ ထဲ မှာ အေး တစ်ယောက် လက်ထပ် တော့မယ်လို့ ပါလာတယ် ။ နောက်ပြီး ဟိုမှာလည်း အစ်ကိုမောင် ဆက် မနေချင်တော့ဘူး ”

“ ဟိုမှာ ရှိတဲ့ အစ်ကိုမောင့် ချစ်သူ က လက်ထပ် သွားလို့လား ”

ကိုဖေမောင် သည် ပြုံးနေရာ မှ မျက်မှောင် တစ်ချက် ကြုတ် လိုက်သည် ။ ချက်ချင်းပင် ပြန်၍ ပြုံးလိုက်သည် ။ ကိုဖေမောင် သည် ပြုံးလိုက် လျှင် အလွန် ကြည့် ကောင်းသည် ။ ကိုဖေမောင့် အပြုံး တွင် ကျွန်မ ကြည်နူးမူးယစ် ခဲ့ရသည် မှာ အကြိမ်ကြိမ် ။

ကျွန်မ သည် ကြံရည် ကို ယူသောက်သည် ။ ကိုဖေမောင် သည် ကြံရည်ခွက် ကို ချ၍ စီးကရက် မီးညှိသည် ။

“ အစ် ကိုမောင် ဟိုမှာ ချစ်သူ မရှိတော့ပါဘူး ၊ ချစ်သူ ရှိလည်း အရေး မကြီးပါဘူး ။ အစ်ကိုမောင် သူတို့ ကို လက်ထပ် မှာ မဟုတ်ဘူး ။ အစ်ကိုမောင် လက်ထပ် မှာ က အေး ပါ ”

“ အလာ ကောင်းပေမယ့် အခါနှောင်း မနေဘူးလား ကိုမောင် ”

“ အခါ မနှောင်းသေးပါဘူး ၊ အေး တစ်ယောက် ကျောင်းအတူတူ တက်နေတဲ့ ကိုမြင့်အောင် နဲ့ လက်ထပ် တော့မယ် ဆိုတဲ့ အဆင့်ပဲ ရှိသေးတယ် ။ တကယ် လက် မထပ်ရသေးဘူး ။ အချိန် မနှောင်းသေးလို့ အေး ကို အခု တွေ့ နေရတာပေါ့ ။ မဟုတ်ဘူးလား အေး ”

“ ဟုတ်ပါတယ် ၊ ဒါနဲ့ အစ် ကိုမောင် အေး ကို လက်ထပ်ရင် ဘာနဲ့ ထမင်း ကျွေးမလဲ ”

“ ဆယ်တန်း အောင် မှ ၊ လခစား ဖြစ် မှ ထမင်း ကျွေး နိုင်တာ မဟုတ်ပါဘူး ။ အစ်ကိုမောင် က မငတ်ရုံ တမယ် နေရတဲ့ ဘဝမျိုး ကို မကြိုက်ဘူး ။ အစ်ကိုမောင် ကုန်ကား ထောင်စားမလို့ ”

“ ကုန်ကား ထောင်စားဖို့ အခုမှ စိတ်ကူးတာ မဟုတ်လား ”

“ ဟုတ်တယ်လေ ၊ အခုမှ စိတ်ကူးတယ် ။ အခု စိတ်ကူးဖို့ လိုလာလို့ စိတ်ကူးပြီ ။ အရင်က စိတ်ကူးဖို့ မလိုဘူး ။ အမှန်မှာတော့ အခုလည်း မလိုပါဘူး ။ အမေ ရဲ့ ဒေါ်နု ဆေးလိပ်ခုံ က ဝင်ငွေ မနည်းပါဘူး ။ ဘကြီး ကလည်း ကျွေးထား နိုင်ပါတယ် ။ အမေ ကလည်း သား တစ်ယောက် သာ မကဘူး ၊ မြေးဆယ်ယောက် လောက် ကျွေးထားနိုင်တယ် ။ အေး လည်း သိသားနဲ့ ”

“ အေး သိပါတယ် ၊ ဒါပေမဲ့ အစ်ကိုမောင် ပိုင်သေး တာမှ မဟုတ်ဘဲ ။ အစ်ကိုမောင်  ကိုယ်ပိုင် ဝင်ငွေ ကို အေး ပြောနေတာ ”

“ ဟုတ်တယ်လေ ၊ ဒါကြောင့် ကုန်ကား ထောင်မယ်လေ ”

“ အစ်ကိုမောင် ဆယ်တန်း အောင်ပြီး သွားပြီလား ၊ တစ်နေ့ လောကဓံ နဲ့ ကြုံတွေ့လာရင် လခစား လုပ်စား နိုင် အောင် မေးတာပါ ”

“ ဆယ်တန်း ဟုတ်လား ၊ ဆယ်တန်း မဖြေတာ ရန်ကုန် က ထွက်သွား ကတည်း က ၊ အဲဒါတွေ အသာ ထားလိုက်စမ်းပါ အေး ရယ် ။ အစ်ကိုမောင် ကုန်ကား ကြီးတွေ သုံးစီး လောက် ဝယ်ဖို့ စီစဉ်နေပါတယ် ။ အေး ထမင်း မငတ်စေရပါဘူး ”

ကိုဖေမောင် သည် ကြံရည်ဆိုင်ရှင် ကို ပိုက်ဆံ ရှင်း ပေးသည် ။ ကျွန်မ သည် ကြံရည်ဆိုင် မှ ထ သည် ။

ကျွန်မ သည် ကိုဖေမောင်  ကို ချစ်သည် ။ ချစ်ခဲ့သည် ။ ချစ်နေမည် ။ ငယ်ချစ်ဦး အချစ်ဆုံး ချစ်သူ ကို မမုန်းနိုင် ၊ မမေ့နိုင် ။ သက်ဆုံးတိုင် ချစ်သွား ချင်သည် ။

“ အစ်ကိုမောင် မန္တလေး သွား နေတုန်းက အေး သတိရရဲ့လား ”

“ အစ်ကိုမောင် မို့ မေးရက်တယ် ၊ အေး အစ်ကိုမောင် ကို လွမ်းလို့ ခဏခဏ ငိုတယ် ”

“ အခု ငိုစရာ မလိုတော့ဘူး ၊ နောင် ကို လည်း ဘယ်တော့မှ မငိုရတော့ဘူး ။ အေး ကို အစ်ကိုမောင် တစ်သက် ဘယ်တော့မှ မခွဲတော့ဘူး ။ အစ်ကိုမောင် ကြီးပွားအောင် ကြိုးစားမယ် ။ အေး ဂုဏ် မငယ်အောင် အစ်ကိုမောင် ထားမယ် ။ အေး ဖြေစေချင်တဲ့ ဆယ်တန်း လည်း ပြန် ဖြေမယ် ဟုတ်လား ”

ကျွန်မ သည် ဘာမျှ မပြော ၊ သူ့ ကို ငေးကြည့် နေမိသည် ။

“ အေး အစ်ကိုမောင့် ကို ချစ်တယ် မဟုတ်လား ”

“ ချစ်ပါတယ် ”

“ အခုကော ချစ်သေးရဲ့လား ”

“ အခု လည်း ချစ်ပါတယ် ၊ အရင် က လည်း ချစ်ပါတယ် ”

ကိုဖေမောင် သည် ကျွန်မ လက်များ ကို စိုက် ကြည့်သည် ။

“ အေး အစ်ကိုမောင် ကို လက်ထပ်မယ် မဟုတ် မဟုတ်လား ”

ကျွန်မ က ခေါင်း ခါ လိုက်သည် ။

“ အေး အစ်ကိုမောင် ကို ချစ်တယ် မဟုတ်လား ၊ ချစ်ရင် လက်ထပ်ပါ ”

ကျွန်မ ခေါင်း ခါ မြဲ ခါ လိုက်သည် ။

“ အေး သေသေချာချာ စဉ်းစား ပြီးပြီလား ”

ကျွန်မ က ခေါင်းညိတ် လိုက်သည် ။

“ ဒါ အေး ရဲ့ နောက်ဆုံး နောက်ဆုံး အဖြေလား ”

ကျွန်မ ခေါင်းညိတ် မြဲ ညိတ် လိုက်သည် ။ ကျွန်မ သည်  ကိုဖေမောင် နှင့် လက်တွဲ ဖြုတ် ၍ ရုံးဘက် ကို ထွက်ခဲ့သည် ။

ကျွန်မ ဘာကြောင့် ခေါင်းခါ ရသည် ၊ ကျွန်မ ဘာ ကြောင့် ခေါင်းညိတ် ရသည် ကို ရှင်းပြရန် လိုမည် မထင် ။

☐ တက္ကသိုလ်မြစိမ်း

📖 ဟန်သစ် မဂ္ဂဇင်း
၁၉၉၀ ၊ ဒီဇင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment