❝ အပြိုင်အဆိုင် အနိုင်လားကွဲ့ ❞
━━━━━━━━━━━━━━
ဂျိုဇော်
━━━━━━━━━━━━━━
သံပရာပင်ကလေး သည် သန်းအောင် မျက်စိ ရှေ့မှာပဲ တစ်စတစ်စ ကြီးထွားလို့ လာ၏ ။ ရွက်နု ရွက်ညွန့်ကလေးတွေ စိမ်းစိမ်းစိုစို ၊ ဆူးတံကလေး တွေ ချွန်ချွန်မြမြ နှင့် ။ မကြာခင် သီးကင်း ပြတော့ မည့် အရိပ်လက္ခဏာတွေ တွေ့နေရပြီ ။ တကယ် တော့ သန်းအောင် သည် သံပရာပင်ကလေး ကို ကာ ယကံမြောက် စိုက်ခဲ့သည် မဟုတ် ။
အိမ်ခြံဝင်း တစ်နေရာ ၊ မြေနိမ့်မှာ သူ့ ဟာ သူ ပေါက်လာသော အလေ့ကျ အာဂန္တု အပင်ကလေးမျှ သာ ။ စိတ်လိုလက်ရ ရေလောင်းပေါင်းသင်ခြင်းမျိုး တစ်ခါဖူးမျှ မလုပ်ခဲ့ပါဘဲ တစ်စတစ်စ ကြီးထွားလာ ရာ ၊ ခုလို သီးကင်း ပြတော့မည် ဆိုကာမှ “ ဂရုစိုက်ဦး မှ ” ဖြစ်လာရခြင်းတည်း ။
သို့တိုင် သန်းအောင် တစ်ယောက် သံပရာ ပင်ကလေး ကို စိတ်ပါလက်ပါ ရေ မလောင်းနိုင် ။ “ ကျော်မြင့် ” ဟု အနွတ္တသညာ မည်သော ၊ တစ်ရွာ တည်းသား အမုန်းပွား နေရသူကြီး အကြောင်း က သာ ၊ သူ့ ကာလသုံးပါး ကို အုံ့ဆိုင်းမှိုင်းတိုက် နေတော့၏ ။ ကျော်မြင့် အပေါ် မှာ ထားသော သန်းအောင် ၏ အမုန်းအာဃာတ ၊ ဣဿာမစ္ဆရိယ တွေ ကလည်း သံပရာပင်လေး လိုပင် ရွက်ညွန့်တဝေဝေ ဆူးချွန်တမြမြ နှင့် တစ်စတစ်စ ကြီးထွားလို့ နေတော့၏ ။ သန်းအောင် နှင့် ကျော်မြင့် ၏ ရေစက် ကလည်း ဘယ်လိုဘယ်လို ဆုံနေမှန်းပင် မသိ ။ ရွာဦး ဆရာတော် ဦးသုမန ၏ ကျောင်းမှာ တုန်း ကလည်း လက်ရေးလှ ပြိုင်ဘက် ၊ သမ္မတ ဆယ်စောင်တွဲ ကို သူ့ ထက် ငါ အရင် အာဂုံ ဆောင်နိုင်အောင် စာကျက် ၊ စာတက် ပြိုင်ဘက် ။ နှစ် ယောက်စလုံး ဆရာတော် ၏ လက်စွဲ ။ ဆရာတော် ၏ အချစ်တော်တွေ ။
“ ကျော်မြင့် ၊ သန်းအောင် ” မွန်းလွဲပိုင်း ဘုန်းကြီး အော်ခေါ်သံ ကြားလျှင် သူ့ ထက် ငါ ဦးအောင် ကျောင်း ပေါ် ပြေးတက်ရ စမြဲ ။ ဘုန်းကြီး က အညောင်း အားကြီးသည် ။ နေ့တိုင်း နင်း ၊ နှိပ် ၊ ထု ထောင်း ပေးရသည် ။ ဘုန်းကြီး က ညာဘက် တစ်ခြမ်း မသိမသာ လေဖြတ်ထား၏ ။ ညာဘက်ခြမ်း ကို နှိပ် ပေး ထောင်းပေးသူ က လက်အံသေလု နီးပါး အား စိုက်ရသည် ။ လက်မပေါက်ဘူး ဟု အငေါက်အငန်း ခံရသေးသည် ။ သည်တော့ ဘယ်ဘက် အခြမ်း ရအောင် ၊ ကျောင်းပေါ် အပြေး တက်ရစမြဲ ။ သို့ကလို ကျော်မြင့် နှင့် သန်းအောင် က ကလေးဘဝ တုန်းက ချည်း ပြိုင်ဖော်ပြိုင်ဘက် လုဖော်လုဘက်တွေ ။
ကျောင်းတော် က ရန်စရယ်လို့ တိတိပပ ပြောမရပေမယ့် ဘုန်းကြီး ဟော ဟောနေသည့် ဗြဟ္မ စိုရ်တရား လေးပါး ကတော့ တစ်ယောက် အပေါ် တစ် ယောက် ခန်းခြောက် နေခဲ့တာ အမှန်ပင် ။
ဘုန်းကြီးကျောင်း မှ လောကဓာတ် အတန်း ကျောင်းသို့ ပြောင်းကြ တော့လည်း တိုင်ပင် မထားပါ ဘဲ တစ်ပြိုင်နက် အတူတူ ။ ပြောရလျှင် ဉာဏ်အရာ မှာ သန်းအောင် က သာသည် ။ သန်းအောင် နှစ် ခေါက်လောက် ကျက်လျှင် အလွတ် ရသည့် စာတစ်ပုဒ် ကို ကျော်မြင့် က လေးငါးခြောက်ခေါက် မက အထပ်ထပ် ကျက်မှတ် မှ အလွတ် ရသည် ။ သို့သော် ဇွဲ နှင့် ဝီရိယ မှာတော့ ကျော်မြင့် က သာ နေပြန်၏ ။ နောက်ဆုံးပိတ် မှာတော့ သန်းအောင် အလွတ်ရသည့် စာ မှန်သမျှ ၊ ကျော်မြင့် လည်း အလွတ်ရသည်သာ ။
ရွာ မူလတန်းကျောင်း မှ လေးတန်းအောင် ကြတော့ သန်းအောင် လည်း ကျောင်းဆက် မတက် နိုင် ။ ကျော်မြင့် လည်း ကျောင်းဆက် မတက်နိုင် ။ မိဘတွေ က လုပ်လုပ်စားစား ၊ စီးပွားရေး နွမ်းပါးကြ တာလည်း အတူတူပင် ဖြစ်နေပြန်၏ ။ သူတို့ ရွာ ကလေး မှ မူလတန်း အောင်လျှင် မြို့နယ် အထက်တန်းကျောင်း သို့ ဆက် တက်ကြရသည် ။ စီးပွားရေး ကောင်းသူ ၊ မြို့ မှာ စားဝတ်နေရေး တာဝန်ယူ ပေး မည့် ဆွေမျိုးမိတ်သင်္ဂဟ ရှိသူများ သာ ဆက် တက်နိုင်ကြ၏ ။
သည်လိုနှင့် သန်းအောင် က မိဘလက်ငုတ် တောင်သူယာခုတ် ၊ ရက်ကန်း အလုပ် ထဲ ရောက်သွား သလို ကျော်မြင့် ကတော့ စာရင်းငှား လိုလို မြို့ က ကြေးရတတ် တစ်ဦး ၏ အခိုင်းအစေ တပည့်တပန်း လိုလို ဆိုလား ရွာ က ပျောက် သွားတော့၏ ။
ကျော်မြင့် ရွာ က ပျောက် သွားသည့် လေးငါး ခြောက်နှစ် အတွင်း သန်းအောင် သူ့ ကို သတိတရ မရှိလှပါ ။ စိတ် လည်း မဝင်စားတော့ပါ ။ လူပျိုလူရွယ် သန်းအောင် စိတ်ဝင်စား နေသည်က သူကြီး သမီး ရင်ရင်မြ ဖြစ်၏ ။ ငယ်တုန်းက ထန်းပလပ် ခြောက် ၊ ဆံတောက်တဖားဖား နှင့်မို့ သတိ မထားမိခဲ့ သော်လည်း အုပ်လုံးသိမ်း အပျို ဖြစ်လာတော့ ကိုယ်လုံး ကော မျက်နှာ ပါ ကြည့်ကောင်းလာသည် ။ ပြီး တော့ သူတို့ က ရွာ ထဲ မှာ အချမ်းသာဆုံး မျက်နှာ အကြီးဆုံး မဟုတ်လား ။
တစ်ရွာတည်းသား ဆိုပေမယ့် ရင်ရင်မြ နှင့် စကား တစ်ခွန်း မျက်နှာချင်းဆိုင် ပြောရဖို့ အရေး က လည်း တယ် မလွယ်ကူလှ ။ ကြုံကြိုက်လို့ ပြောခွင့် ရပြန်တော့လည်း ကျော်မြင့် အကြောင်း က ပါလာ လိုက်သေး ။
“ ကိုကျော်မြင့် ကို သူ့ အလုပ်ရှင် က ကျောင်းထား ပေးမယ်ဆို ” တဲ့ ။
“ ဟုတ်မယ် မထင်ပါဘူး ။ သူ့ အမျိုးတွေ ကြွားဝါ နေကြတာ ဖြစ်မှာပါ ” ဟု ပြောလိုက်မိသေး သည် ။ ရင်ရင်မြ နှုတ် က မဆီမဆိုင် ကျော်မြင့် အ ကြောင်း ပြောလာတော့ သန်းအောင် ရင်ထဲက ခပ် အောင့်အောင့် ။ သုံးယောက်စလုံး ရွယ်တူ ၊ တန်းတူ ၊ ကျောင်းနေဖက် တွေမို့ နှစ်ယောက် တွေ့ တော့ ကျန် တစ်ယောက် ကို သတိရ သွားတာလား ။ ဒါမှမဟုတ် “ အပေါ်ဆင့် ပလ္လင်ချ ကျော်မြင့် ရင်ရင်မြ ”ဟု ကလေး တုန်းက နဘေထပ်ပြီး ပေးစားခံရ အစခံခဲ့ရ တာကို ခုထက်ထိ မမေ့သေးလေရော့သလား ။ ရင်ရင်မြ နှင့်တွေ့ပြီး ကြည်နူးရင်ခုန်ရမည့် အစား အောင့်သက်သက် ဝေဒနာကြီး သာ အဖတ်တင် နေ၏ ။
ဆေးပေါ့လိပ်ကလေး ဖွာရင်း ရင်ရင်မြ အကြောင်း စိတ်ကူး လိုက်တိုင်း ကျော်မြင့် မျက်နှာကြီး ပါ တွဲစပ် မြင်ယောင်လာတာကြောင့် ကိုယ့် ကိုယ် ကို လည်း မကျေနပ် ။ မကျေနပ်ဆုံး ကတော့ ဟို ကျော်မြင့် ပေါ့ ။
မီးပွား တရဲရဲနဲ့ လွင့်ပစ် လိုက်သည့် ဆေးလိပ်တိုတွေ လည်း သံပရာပင် နား တစ်ဝိုက် များလှပြီ ။
•••• ••••• •••••
“ ကိုကြီး ကိုကြီးသူငယ်ချင်း ကျော်မြင့် လေ ခု ကျောင်းဆရာ ဖြစ်နေပြီတဲ့ ။ ရွာ ကို လက်ထောက် ဆရာ အဖြစ်နဲ့ ရောက်လာတော့မှာတဲ့ ”
သန်းအောင် နားထဲ ဗုံးကွဲ သလို ဖြစ်သွား၏ ။ စောစောစီးစီး ကောလာဟလ သယ်လာသည့် နှမ ဖြစ် သူ ကို ပြန်ပြောလိုက်သည့် လေသံက မာထန်လို့ နေသည် ။
“ ဘာ ဘာပြောတယ် ။ မဖြစ်နိုင်တာ ဒီ ကောင် ငါ့ လိုပဲ လေးတန်း ပဲ အောင်တာ ၊ အလကား ”
“ ပြည်တော်သာ ကျောင်းဆရာ တဲ့ တော့ ။ ကိုကျော်မြင့် က မြို့ကျောင်း က ခုနှစ်တန်း အောင်လက်မှတ် ရထားတာတဲ့ ”
ဒီကောင် ဘယ်အချိန် က ခုနှစ်တန်း အောင် သွားပါလိမ့် ။ ရင်ရင်မြ စကား မှန်နေပြီလား ။ ဘယ်လို လူမျိုးက အစေအပါး ကို ကျောင်းထားပေးလိုက် ပါလိမ့် ။
နေ့မကူးခင် ကျော်မြင့် သတင်း က တစ်ရွာ လုံး သာမက လေးလည်ရွာ တွေ အထိ ပျံ့နှံ့နေပြီ ။ ဟို ကောင်မ မိရင်မြ ၊ ဘယ်လို မျက်နှာမျိုးနဲ့များ နေ နေ ပါလိမ့် ။ သန်းအောင် အဖို့မှာတော့ နေမထိ ၊ ထိုင် မထိ ၊ စားမသိ ၊ သွားမသိ ။ လူ နှင့် စိတ် နှင့် မကပ် ။ ဘယ်သူ့ကို မကျေနပ်ရမှန်း လည်း မသိ ။ ကြံကြံ ဖန်ဖန် ပြည်တော်သာစီမံကိန်းတဲ့လား ။ ကျော်မြင့် တစ်ယောက် ကောင်းစား အောင် စနစ်အဆန်း ထွင် လိုက်သည့် ဖဆပလ အစိုးရ ကိုပဲ ဒေါပွ နေတော့၏ ။
ရင်ရင်မြ တို့ အဖေ ၊ ဖဆပလသူကြီး နှင့် ပြည်တော်သာကျောင်းဆရာ တို့ ပလဲနံပ သင့်ကြတော့ မည် ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်း က ပမညတ ၊ မဲ မပေးဘဲ ရင်ရင်မြ မျက်နှာ နှင့် ဖဆပလ မဲ ပေးခဲ့သော သူ့ ကိုယ်သူ လည်း ဒေါပွမိတယ် ။
နောက် ရွေးကောက်ပွဲ ကျရင် ပမညတ မဲပေး မယ် ဟု သန်းအောင် ဆုံးဖြတ်ထားလေ၏ ။
•••• ••••• •••••
“ ဆရာလေး ကိုကျော်မြင့်နဲ့ မရင်မြ တို့ ယူကြတော့မယ်တဲ့ ”
မျှော်လင့်ထားပြီး ဖြစ်သော်လည်း နှမ ဖြစ်သူ ၏ သတင်းစကား ကို နား နှင့် ဆတ်ဆတ် ကြားတော့ သန်းအောင် တယ်မခံချင် ။ မခံချင်တာက မောင်ကြံ ရွယ်တဲ့ စံပယ်ကုန်း လက်လွတ်ဆုံးရှုံးသွားလို့ မ ဟုတ် ။ သူ လက်လှမ်း မမီရာမှာ ဖြစ်ချင်တာတွေ ဖြစ် ခွင့် ရနေသော ကျော်မြင့် ၏ ကံဇာတာ ကို မနာလို ခြင်းသာ ဖြစ်၏ ။
ရင်ရင်မြ ကို စိတ်ဝင်စားခဲ့ဖူးသော်လည်း ကျော်မြင့် နှင့် နီးစပ်နေတာ ၊ မြင်နေ ကြားနေရသည့် အခိုက်မှာတောင် မည်မည်ရရ မခံစားခဲ့ရ ။ ကိုယ့် နှလုံးသားကိုပဲ ကိုယ် ပြန်အံ့သြမိသေးတော့ ။ စပျစ်သီး ချဉ်တယ်ဟု ပြောတဲ့အထဲ ပါချင်လည်း ပါရော့ ။ ကျော်မြင့် နဲ့ သေချာသွား မှ ရင်ရင်မြ ရုပ်က ပိုဆိုး သွား သယောင်ယောင် ။ သန်းအောင် မျက်စိထဲ ဆံ တောက်တဖားဖား ထန်းပလပ်ပြားကိုယ်လုံး နှင့် ခေါင်းကြီး ကိုယ်သေး ကလေး တုန်း က ပုံကိုပဲ ပြန်မြင် ယောင်နေသည် ။
သန်းအောင် ကိုယ့် ဟာ ကိုယ် သေချာသွား သည်က သင်း ( ဒင်း ) တို့ မင်္ဂလာဆောင် မှာဖြစ်၏ ။ တိုက်ပုံနှင့် ပုဆိုးနှင့် ဟိုကောင် ကျော်မြင့် ကမှ အချိုး ပြေနေသေး ။ ရင်ရင်မြ က နဂို ကြီးသည့် ခေါင်းပေါ်မှာ ဆံထုံးကြီး တင်ထားတော့ ဘယ်လိုမှ ကြည့် မ ကောင်း ။ အရေးထဲ သွားခေါခေါ ၊ အသားမည်းမည်း ၊ သူ့ညီမ ရင်ရင်လှ က ဆံထုံးအပြိုင် ထုံးပြီး အစ်မ နား က တစ်ဖဝါးမခွာ လုပ်နေတော့ ပိုကြည့်ရ ဆိုးသွား တော့၏ ။
“ ဟေ့ကောင် သန်းအောင် ၊ ငါ နဲ့ မယားညီအစ်ကို မတော်ချင်ဘူးလား ”
ကျော်မြင့် က ဘာရယ် မဟုတ် သတို့သား ဆို တော့ အူမြူးပြီး ရင်ရင်မြ အလစ်မှာ သန်းအောင် ကို စလိုက်ခြင်းဖြစ်၏ ။ သို့သော် သန်းအောင် က ဓာတ်ခံ က မကောင်း မြင်နေသည့် အထဲ ခုလို အပြောခံရ တော့ ထောင်းခနဲ ဖြစ်သွား၏ ။ အစ်မ မရတော့ ညီမ ယူပေါ့ကွာဟု သူ့ ကို ခနဲ့တာလား ။ အသားမည်းမည်း သွားခေါခေါ ပဲ ၊ မင်း နဲ့ တန်ပါတယ်ကွာ ဟု နှိမ် လိုက်တာလား ။ သန်းအောင် ခွန်းတုံ့ပြန်သံ က လို သည်ထက် ပို ကျယ်သွား၏ ။
“ မင်း အတွက် လိုက်ပွဲ ချန်ထားတာပါကွာ ”
ကျော်မြင့် မျက်နှာ မည်းခနဲ ဖြစ်သွား၏ ။ မလှမ်းမကမ်းက ခယ်မ ဖြစ်သူ ကို လှမ်းကြည့်လိုက် သေး ။ သိသားပဲ ၊ ရင်ရင်လှ တမင် ကြားအောင် ပြော ပစ်လိုက်တာပဲ ။ ရင်ရင်လှ က ဣန္ဒြေ မပျက် ။ ခေါ နေ သည့် သွားတွေ က ပြုံးများ ပြုံး နေလိုက်သေး ။
ဘာပဲပြောပြော မင်္ဂလာပွဲဘက ရွာသမိုင်း မှာ အစည်ကားဆုံး ဖြစ်ခဲ့တာကို သန်းအောင် ဝန်ခံပါ တယ် ။ ရွာနီးရွာဝေးက သူကြီး ဧည့်ပရိသတ်တွေ ၊ မြို့ နယ်လူကြီးတွေသာမက မြို့နယ်အမတ်မင်းပါ ကြွ လာတယ် ဆိုတော့ ပြောစမှတ်ပေပဲပေါ့ ။
မင်းတို့ မိုးကောင်းတုန်း ရွာထားကြပါ ။ နောက် ရွေးကောက်ပွဲ ပြီးရင် ငါ့ အလှည့်ပဲဟေ့ ဟု သန်းအောင် ကြုံးဝါး ထား၏ ။ “ နေသေးသပ ချုံထဲ က ချိုသွေးသပ တမြမြ ”ဆို မဟုတ်လား ။
•••• ••••• •••••
နေသေးသပ ချုံထဲက ဆိုပေမယ့် သန်း အောင် ချုံထဲမှာပဲ ဆက် နေရမည့်ကိန်း ဆိုက်သွားသည် ။ မျှော်လင့်စောင့်စားခဲ့ရသည့် ရွေးကောက်ပွဲကြီးလည်း ပြီးသွားပြီ ။ အရင် တစ်ကြိမ် တုန်းက ဖဆပလ ကို ပခုံး ချင်း ယှဉ်နိုင်ခဲ့သည့် ပမညတ သည် သန်းအောင် တို့ တစ်မျိုးလုံး ကုန်းရုန်းအားပေးသည့် အကြိမ်ကျမှ အရှုံးကြီး ရှုံးသွား၏ ။ တစ်ပြည်လုံး မှာ မဲဆန္ဒနယ် ၊ တစ်နေရာ ပဲ နိုင်တော်မူသတဲ့ ။
ကျော်မြင့် တို့ သမီးယောက္ခမ တစ်တွေက “ ပန်းပန်လျက်ပါ ” ဖြစ်နေဆဲ ။ ဖဆပလ နှမ်းခြမ်းကွဲ သူကြီး က သန့်ရှင်းတဲ့ ။ ရွှေဖလားရောင် ၊ ဘန် ကောက်လုံချည် တရွှမ်းရွှမ်းနှင့် ။ မဲရွေးတော့ သန့် ရှင်း က အပြတ်အသတ် နိုင်သည် ။ တစ်ရွာလုံး ဝါထိန် နေခဲ့တာ မဟုတ်လား ။ သူကြီး က အငြိမ့် ငှားပြီး ရွာ ကို ကျေးဇူးတုန့်ပြန်သည် ။ “ ရွှေမန်းတင်မောင် ဇာတ် ရအောင် ငှားရောပေါ့ ” ဟူသော ငေါ့တော့တော့ စကားမှ လွဲ၍ သန်းအောင် လည်း လေလုံး မထွားနိုင်တော့ ။
ထိုနှစ်တွေ ကတော့ သူကြီး တို့ ၊ ကျော်မြင့် တို့ မိုးကောင်းတဲ့ နှစ်တွေပါပဲ ။ မိုးကလည်း ပေါက္ခရဝ ဿ မိုးများလားမသိ ။ သူကြီး ၏ ကိုင်း ၊ မြေတွေက တစ်ဧကပြီး တစ်ဧက တိုး လာနေသည် ။ ရက်ကန်း စင်တွေလည်း တစ်စင်ပြီး တစ်စင် တိုးလာနေသည် ။ တစ်ရွာလုံး သူကြီးရဲ့ အလုပ်သမားတွေ ၊ တစ်ရွာလုံး ကလေးတွေ က ကျော်မြင့်ရဲ့ တပည့်တွေ ။
သန်းအောင်တို့ နိမ့်ပါး သွားလိုက်ပုံက မိန်းမ ယူရတာပင် ခပ်ခက်ခက် ။ တစ်ရွာလုံး သူကြီး ဆွေမျိုး ၊ သူကြီး ကျေးဇူး မကင်းသူတွေချည်း ။ ပြီး တော့ သန်းအောင် က “ ထဘီအဝါ ဝတ်တဲ့ ကောင်မ တွေ ယူကို မယူဘူး ” ဟု ကြိမ်းဝါးထားဖူးရာ နောက် ဆုံး နွမ်းနွမ်းပါးပါးထဲက ထဘီမဝါတာလေး တစ် ယောက် နှင့် မထင်မရှား အိမ်ထောင် ပြုလိုက်ရလေ ၏ ။
•••• ••••• •••••
“ ကံဆိုတာ ကုန်တယ်ရယ်လို့ မရှိဘူး ။ ကောင်းကံ ကလည်း အရိပ်လို လိုက်နေမှာပဲ ။ ဆိုးကံ လည်း အရိပ်လို လိုက်နေမှာပဲ ။ အခွင့်သာရင် အကျိုးပေးဖို့ ချောင်းနေကြမှာပဲ ။ သတိနဲ့သာ နေကြပေရော့
လက်ဦးဆရာ ဘုန်းကြီးဦးသုမန ဆုံးမခဲ့တုန်း က အမှုမဲ့အမှတ်မဲ့ပင် ။ သည်ကနေ့တော့ ဆရာလေး ကိုကျော်မြင့်အတွက် ဆိုးကံ ၊ သန်းအောင် အတွက် ကောင်းကံက အကျိုးပေးကြပြီလားမသိ ။
တစ်ခုသော ညနေခင်း ၊ ကိုသန်းအောင် တစ်ယောက်တည်း ခြံရှင်း နေစဉ် နှမ က မွေးသော တူမလေး ရောက်လာ၏ ။ သူ့ လက်ထဲမှာ ဝါကျင်ကျင် စာအိတ် ကလေးတစ်အိတ် ကိုင်လို့ ။
“ ဦးကြီးသန်းအောင် ၊ ဒီစာအိတ်လေး ၊ ဆရာလေး ကိုကျော်မြင့် ကို ပေးပေးပါလား ၊ ကျုပ် ကြောက်လို့ ”
“ ဟဲ့ နင်တို့ ဆရာပဲ ။ ဘာ ကြောက်စရာရှိလဲ ၊ ပေးလိုက်ပေါ့ ”
“ ဒေါ်လေးရင်လှ က ပေးခိုင်းသွားတာ ၊ ကြာ လှပြီ ။ ကျုပ် မေ့နေလို့ ”
ရင်ရင်လှ က ကျော်မြင့် ကို ပေးခိုင်းတဲ့ စာ ဆိုပဲ ။ ရင်ရင်လှ စစ်ကိုင်းချောင်မှာ သီလရှင် ဝတ်သွားတာ တစ်ဝါတောင် ရသွားပေါ့ ။ ကိုသန်းအောင် စိတ်ဝင်စားသွား၏ ။
“ ပေးပေး ဦးကြီး ပေးလိုက်မယ် ၊ နင့် အမေ သိလား ”
“ အမေ လည်း မသိဘူး ။ ကျုပ် က တဲခေါင်မိုး မှာ ထိုးပြီး မေ့နေတာ ။ ခုမှ တွေ့လို့ ”
“ အေး အေး ဘယ်သူ့မှ လျှောက်မပြော နဲ့ အငေါက် ခံနေရဦးမယ် ”
တူမလေး ပြန်သွားတော့ ကို သန်းအောင် ချက်ချင်း စာအိတ် ဖောက် ဖတ်လိုက်၏ ။
ကိုကြီးကျော်မြင့်
မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို ရပ်လိုက်တော့ မယ် ။ အဖေ့ ကိုလည်း ကြောက်တယ် ။ အစ်မ ကို လည်း သနားတယ် ။ တူမလေးတွေ ကိုလည်း သနား တယ် ။ အတူတူ နေနေရရင် မိရင်လှ အသည်းနှလုံး တွေ ကွဲရလိမ့်မယ် ။ အသည်းတွေ မာ ၊ နှစ်တွေ ကြာ မှ ရွာကို ပြန်လာခဲ့တော့မယ် ။
ကိုကြီး ရဲ့
ရင်လှ
စာဖတ်ပြီး ကိုသန်းအောင် အံ့ဩသွား သည် ။ မင်္ဂလာ ဆောင်တုန်းက သူ ခပ်ငေါ့ငေါ့ပြောခဲ့သည့် စကားတစ်ခွန်း ၊ သည်လောက်ကြီး တာသွားလိမ့်မယ် မှန်း မသိခဲ့ ။ ဪ ကျော်မြင့် ကျော်မြင့် ကျောင်းဆရာ လေးကျော်မြင့် ၊ သူကြီးသမက် ကျော်မြင့် ၊ လူရိုသေ ရှင်ရိုသေ ကျော်မြင့် ခုတော့ ပွဲထဲက လူဆိုးတွေ ပြော သလို “ ဟဲ ဟဲ မင်း အသက် ငါ့ လက်ထဲမှာ ” ဆိုတာမျိုး ဖြစ်နေပါရောလား ။
ကိုသန်းအောင် စာရွက်ကလေး ကို သေသေ ချာချာ ခေါက်သိမ်းလိုက်၏ ။ ကျော်မြင့် ရော ၊ သူကြီး ရော ၊ အို သူတို့ တစ်ဆွေလုံး တစ်မျိုးလုံးအတွက် သည် ကျည်ဆံတစ်တောင့်တည်းနှင့် လုံလောက်နေ ကြပြီ မဟုတ်လား ။
••••• ••••• •••••
ကံဆိုတာ အဖော်အပေါင်းနဲ့ လာတယ်ဆို တဲ့ စကားက သွေးထွက်အောင်မှန်နေပြန်ပါကရော လား ။ ကျော်မြင့် တို့ အဖို့ ကံဆိုးမိုးမှောင်ကြီး ကျပြီလား ။
ရွေးကောက်ပွဲ နိုင်ပြီး တစ်နှစ်ကျော်ကျော်ပဲ ရှိသေး ၊ သမိုင်း အချိုးအကွေ့ကြီးတစ်ခု ဖြစ်သွားလေ ပြီ ။ တော်လှန်ရေးကောင်စီအစိုးရသစ် တက်လာပြီတဲ့ လေ ။ ဖဆပလ ၊ ပထစ တွေ အကုန်ဖြုတ်တဲ့ ။ ပါလီမန် ဒီမိုကရေစီယန္တရားတွေ အကုန်ဖြုတ် ၊ အမတ် တွေပြုတ် ။ ကျော်မြင့် ယောက္ခမ သူကြီး လည်း သူကြီး ပြုတ် ဖြစ်သွားပြီ ။
ကျော်မြင့် နဲ့ သန်းအောင် က ဆီးဆော ရဲ့ ဟိုဘက်ဒီဘက် ထိုင်မိ နေကြတဲ့ သူတွေလား ။ ကျော်မြင့် နိမ့်သလောက် သန်းအောင် မြင့်လာရပြီ ။
စနစ်သစ် ၊ ခေစ်သစ် မှာ ကိုသန်းအောင် က အစောဆုံး လမ်းစဉ်ပါတီဝင် ။ ကျေးရွာပါတီစိတ်မှူး ။ ဒါကလည်း ပမညတ ၊ သံယောဇဉ် မကင်းသည့် မြို့နယ်ပါတီယူနစ် ကျေးဇူးတွေပါပဲ ။
သူကြီး နေရာမှာ ရလကဥက္ကဋ္ဌ ဆိုတာ အစားထိုးသည် ။ ကျေးရွာအုပ်ချုပ်ရေးတာဝန် ယူရသည် ။ မယက ခေါ် မြေယာကော်မတီက မြေယာကိစ္စ ၊ သီး စားကိစ္စတွေ တာဝန်ယူရသည် ။ ကျေးရွာသမဝါယမ က ဆန်ဆီဆား ဆပ်ပြာကအစ ၊ စားဝတ်နေရေး ဖြည့်ဆည်းပေးရသည် ။ အဲဒီတာဝန်တွေ ထမ်း ဆောင်ဖို့ ကော်မတီ လူကြီး မှန်သမျှ ပါတီစိတ်မှူး ကိုသန်းအောင် ခေါင်းညိတ် မှ ဖြစ်ရသည် ။
“ သူကြီး ကို အုပ်ချုပ်ရေးတာဝန် ဆက်ပေး ချင်ပါတယ်ဗျာ ။ ဒါပေမယ့် ပေါ်လစီကိုက ကေဒါ အသစ် ဖြစ်ရမယ်ဆိုတော့ သူကြီး နားလိုက်ပါတော့ ”
ဒီစကားတစ်ခွန်း ပြောတုန်းက ကိုသန်း အောင် ပါးစပ်ထဲ အရသာရှိလိုက်သည့် ဖြစ်ခြင်း ။ သူကြီးအိုကြီး လည်း ခေါင်းမမော့နိုင်တော့ ။ ကိုသန်းအောင် ပြုသမျှ နုရမည့် ဘဝ မဟုတ်လား ။
“ ရပါတယ် သန်းအောင်ရာ ။ စနစ်ပြောင်း ခေတ်ပြောင်းပြီ ဆိုတာ ငါ သဘောပေါက်ပါတယ် ။ ထောက်လည်း ထောက်ခံပါတယ် ။ ငါ့ကို လည်း ပေး ချင်တဲ့ တာဝန်ပေးပါ ။ ရုပ်ကျိုးရွာကျိုး တတ်နိုင်သမျှ သယ်ပိုးရမှာပေါ့ ”
ဆရာလေး ကိုကျော်မြင့် ပါးစပ် က သည် စကားထွက်လာတော့ ကိုသန်းအောင် အံ့ဩရသေး သည် ။ အေးလေ သူ လည်း ကျောင်းဆရာ တစ်ယောက် ပဲ ။ မနက် ကျောင်း တက်တိုင်း ကျွန်ုပ်တို့၏ ယုံကြည်ချက် ၊ ကျွန်ုပ်တို့၏ အဓိဋ္ဌာန် နေ့တိုင်းရွတ် နေရတာပဲ ။ သည်လိုပြောရပေမပေါ့ ။
ကိုသန်းအောင် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်၏ ။
“ အေးကွာ ဝမ်းသာပါတယ် ကျော်မြင့်ရာ ။ ဟောဒီမယ် ပါတီဝင် လျှောက်လွှာ ယူသွား ၊ မင်းကို ပါတီမိတ်ဆွေ အဖြစ် အသိအမှတ် ပြုပါတယ် ”
ကျော်မြင့်ကို ပါတီဝင်လျှောက်လွှာ လှမ်းပေးတော့ သေတ္တာထဲ အသေအချာ သိမ်း ထားသည့် ရင်ရင်လှ စာရွက်ကလေး မဆီမဆိုင် သတိရလိုက် သေး၏ ။
••••• ••••• •••••
သူ့ မြေတွေ မယက က သီးစား တိုက်လိုက်လို့လား ။ သူ့ ရက်ကန်းစင်တွေ သာမက သိမ်းလိုက် လို့လား ။ အသက်ကြီး လို့ ရိုးရိုး အိုနာပဲလားမသိ ။ အမြုတေပါတီ မှ ပြည်သူ့ပါတီ သို့ မပြောင်းခင် ၊ ကျော်မြင့် ယောက္ခမ သူကြီးဟောင်း ကွယ်လွန်သွား၏ ။
ကျော်မြင့် ခယ်မ ရင်ရင်လှ ကတော့ လောကီ ကို တကယ်ပဲ စိတ်ကုန်ခန်း သွားပုံရ၏ ။ တစ်သက် လုံး သီလရှင်ဘဝနဲ့ အရိုးထုတ် သွားတော့မတဲ့ ။ လောကုတ္တရာ စာတွေ တတ်သွားလိုက်တာ ။ ဓမ္မစရိ ယ အောင်လို့ စာချဆရာကြီးတောင် ဖြစ်နေပြီတဲ့ ။
သန်းအောင် စီမံခန့်ခွဲနေသည့် ရွာကလေး ကလည်း အနောက်ပိုင်း က မှော် ဖုံးနေသည့် ရေကန်ကြီး လို တည်ငြိမ် အေးချမ်းနေတာလား ။ သတိလစ် မေ့မျော နေတာလား ။ ငြိမ်ချက်သား ကောင်းလှ သည် ။
လူတန်းစား သာတူညီမျှမှု ဟူသော စကား သဘောတရား သင်တန်းတစ်ခု မှာ ကိုသန်းအောင် ကြားခဲ့ဖူးသည် ။ မှန်လိုက်လေ ။ သူတို့ တစ်ရွာလုံး မှာ မြေရှင် ၊ ယာရှင် ၊ ဓနရှင် ဆိုတာတွေ မရှိတော့ ။ “ စွမ်း သလောက် လုပ် ၊ လုပ်သလောက် စား ” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း အားလုံး တညီတညွတ်တည်း ငစိန်ဆန် ကိုပဲ စား နေကြရပြီ ။
ရွာ မှာ ပွဲလမ်းသဘင် မရှိတာလည်း ကြာ တောင့်ကြာလှပေါ့ ။ သူကြီး မဲနိုင်တုန်းက ပွဲခံခဲ့တဲ့ အငြိမ့် ဟာ နောက်ဆုံးပါပဲ ။
ပဋိပက္ခရှိမှ တိုးတက်တာ ဟူသော သဘော တရားတစ်ခု ကိုသန်းအောင် ကြားဖူးထားသည် ။ သူ သိသမျှ သူတို့ ရွာကလေး မှာ ( သူ့ လက်ထက်မှာ ) ပဋိပက္ခ မရှိပါ ။ ပဲခင်း ထဲ နွား ဝင်စားတာမျိုးလောက် သာ သူ ဖြေရှင်း ပေးနေရသည် ။ ဟိုတုန်းက အနီ အဝါတွေ ၊ မဲဆွယ်ကြ တုန်းကမှ ပြဿနာတွေ ရှိသေး ။ ခုတော့ လေးနှစ် တစ်ကြိမ် ကို ပင် ကိုသန်းအောင် ကိုယ်တိုင် မေ့လျော့နေခဲ့ဖူး၏ ။
ကျော်မြင့် နှင့် သူ့အကြား ပဋိပက္ခက ပြေ လည် သွားတာလား ။ အစကချည်း မရှိခဲ့တာလား ။ မိသားစု စားဝတ်နေရေး လုံးပန်းရင်း ဘေးရောက် သွားတာလား ။ ကိုသန်းအောင် လည်း မပြောတတ် တော့ ။ ကျော်မြင့် ဘက်က ပသို့ ရှိမည်မသိ ။
မနေ့က အထိတော့ အစည်းအဝေး မှာ သူ ပြောသမျှ အေးပါကွာ ။ အေးပါကွာ နှင့် ခေါင်းညိတ် နေသော ကျော်မြင့် ကို သူ ဘယ်လို ကောက်ချက် ချရမလဲ ။
••••• ••••• •••••
သည်လိုနှင့် ရက်ကို လစား လကို နှစ်စားပြီး နှစ်တွေလည်း များစွာ ပြောင်းခဲ့ပြီ ။ ဘယ်သူတွေ ဘာတွေဖြစ်ဖြစ် အခြေအနေတွေ ၊ ဘယ်လိုပင် ပြောင်းပြောင်း ၊ ထာဝရအနိုင်ယူ တည်မြဲ နေတာက တော့ ကာလယန္တရားကြီးပါပဲ ။ အားလုံး သူ့ ရှေ့မှောက် မှာပဲ ဒူးထောက် လဲကျ ပျောက်ကွယ်ကြရ သည် မဟုတ်လား ။
သန်းအောင် ၊ ကိုသန်းအောင် ဘဝမှ သည် တရွေ့ရွေ့ အိုမင်းလာသော ဦးသန်းအောင် လည်း ဆံဖြူသွားကြွေ ခဲ့ပြီ ။ ဆရာလေး ဦးကျော်မြင့် လည်း ပါးရေနားရေ တွန့်ခဲ့ပြီ ။
“ နှစ်ယောက် ထဲ တွေ့တုန်း ငါ မင်း ကို တောင်းပန်ရဦးမယ် ”
ဦးသန်းအောင် က ဦးကျော်မြင့် ကို စာရွက်ခေါက်ကလေး ကမ်း ပေးလိုက်၏ ။
“ နှစ်တွေ အကြာကြီး နိုင်ကွက် အဖြစ် နဲ့ သိမ်းထားတာ ။ ဘယ်သူမှ မသိပါဘူး ။ မင်း ဆုတ်ချင် လည်း ဆုတ်ပစ်လိုက်ပေါ့ ”
ဦးကျော်မြင့် က စားပွဲ ပေါ်မှ မျက်မှန်အဝိုင်းလေး ကို ကောက် တပ်ပြီး မျက်မှောင်ကြုတ် ကာ ဖတ် နေပြီ ။ သူ့ မျက်နှာ က တည်တည်ငြိမ်ငြိမ်ပင် ။ စာ ရွက်လေး ကို ဆုတ်ဖြဲ လုံးချေပြီး ထွေးခံ ထဲ ပစ်ထည့် လိုက်၏ ။
“ ရင်ရင်လှ ဆိုတာ ငါ့ နှမ အရင်း လိုပါပဲကွာ ။ ငါ့ ဘက် က ရိုးသားပါတယ် ။ အရွယ်မရောက် တရောက် စိတ်ကစားခဲ့တာ ဖြစ်မှာပါ ။ ခုတော့ စာချ ဆရာကြီး ဖြစ်ပြီး ပရိယတ် နဲ့ ပဋိပတ် နဲ့ ကောင်းရာဘုံ ရောက်နေရောပေါ့ ”
“ အဲဒါကြောင့် ငါ မင်း ကို တောင်းပန်တယ်လို့ ပြောရတာပေါ့ ”
“ အေး ငါလဲ မင်းကို တောင်းပန်ရဦးမယ် ။ ငါ ရွာ က ထွက်တော့ ကျောင်းဆက် နေရမယ် ဆိုတာ သိတယ် ။ မင်း လိုက်ပြိုင် နေမှာစိုးလို့ ဖုံးထားခဲ့တာ ”
“ အဲဒါလည်း ခပ်ကောင်းကောင်း ပါပဲကွာ ။ ကျောင်းဆရာ အလုပ် ငါ မှ ဝါသနာ မပါတာ ”
ထိုစဉ် အိမ် အပေါ် ထပ်မှ ကလေးငယ် တစ်ယောက် ၏ စူးစူးဝါးဝါး အော်ငိုသံ က ရုတ်တရက် ထွက်ပေါ် လာ၏ ။ နှစ်ယောက်စလုံး ငေါက်ခနဲ ထရပ်မိကြ သည် ။ ကလေးမိဘတွေ က သူတို့ နှစ်ယောက် ကို အိမ်စောင့် ခိုင်းပြီး ကလေးပါ အပ်သွားခဲ့သည် မဟုတ်လား ။
ပြိုင်တူ လှေကား ကို ပြေးတက် သွားကြ၏ ။ ငယ်စဉ် ဘုန်းကြီးကျောင်းသား ဘဝ ၊ ဘုန်းကြီး အော် ခေါ်တော့ သူ့ ထက် ငါ ဦးအောင် ပြေးတက်ခဲ့ကြသည် ကို အမှတ်ရလိုက်ကြသေး ။
သို့သော် ဒီ တစ်ခါတော့ ဘုန်းကြီး ကို နှိပ်ပေး ထောင်းပေးဖို့ မဟုတ် ။ ခမည်းခမက် ဖြစ်နေသူ အဘိုးကြီး နှစ်ယောက်စလုံး မြေးဦးကလေး ကို ချော့ ဖို့ ။ အငို တိတ်ပြီး ပြုံးရယ် လာမည့် မြေးကလေး ၏ ပါးဖောင်းဖောင်း ကို အလျင် ဦးအောင် မွှေး ဖို့ ။
⎕ ဂျိုဇော်
📖 ပေဖူးလွှာ မဂ္ဂဇင်း
မတ်လ ၊ ၂၀၁၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment