❝ ဆိုင်းသံ ဗုံသံ ကြား မှာ
ပျော်တဲ့ သူ ❞
[ “ မင်းသားကြီး ပန်တျာမြကြည် ( ၅၀နှစ် ) က သိပ် ကြိုးစားတာပဲ ၊ သူ့ အလှည့် က မိုး လင်းခါ နီး မှ နောက်ပိုင်း ဇာတ်ထုပ်ကြီး က ရ မှာ ပေမယ့် ညဦးပိုင်း ပွဲ စ ထွက် ကတည်း က မိုးလင်း ပွဲသိမ်းတဲ့ အထိ မအိပ်ဘဲ ဇာတ်ပွဲ ကို စီမံနေတာ ” လို့ ပွဲ ကြည့်ပြီး ပြန် လာတဲ့ ဆက်သွယ်ရေး အင်ဂျင်နီယာ ဦးခင်မောင်ဝေ က ပြောလို့ မင်းသားကြီး ကို ကျွန်တော် စိတ်ဝင်စားတယ် ။
ပန်တျာလှိုင်ဘွားအောင် ၊ လှိုင်မာလာမန္တလေးဇာတ်ပွဲ ၊ ဟန်သစ်ဇာတ်အဖွဲ့ ၊ ရွှေလှိုင်ဘွားအငြိမ့် အမည်တွေ နဲ့ သဘင်အဖွဲ့ လေးဖွဲ့ ကို ပန်တျာမြကြည် က ဖွဲ့စည်း ထားတယ် ။ သဘင်လောကသားတွေ ပွဲချီ နည်း လို့ အခက်အခဲ ကြုံ နေ ရ ချိန်မှာ ပန်တျာမြကြည် က တစ်ဖွဲ့ မက လေးဖွဲ့ တိုးချဲ့ ဖွဲ့စည်း နိုင်တယ် ။ အဖွဲ့တိုင်း လည်း ပွဲချီ များများ ကပြ နေ ရတယ် ။ ယခုလို စီးပွားရေး အခြေအနေ မျိုး မှာ ဘယ်နည်း ဘယ်ပုံ ရပ်တည် အောင်မြင် နေသလဲ ဆိုတာ သိချင်စရာ ဖြစ် နေပါတယ် ။
မင်းသား ပန်တျာမြကြည် ကို မန္တလေးမြို့ တာရဲတန်း က ပွဲငှား လက်ခံ ရာ ရုံးခန်း မှာ သွားရောက် တွေ့ဆုံပြီး သိချင်တာတွေ မေးပါတယ် ။
••••• ••••• •••••
ကျွန်တော့် ကို ဆိုင်းသံ ဗုံတွေ ကြား မှာ မွေး ခဲ့တာဗျ ။
မန္တလေး မှာ ပန်တျာကျောင်း စဖွင့် တော့ အဖေ က အမှုထမ်း မို့ ကျောင်း ဝင်း ထဲ မှာ ပဲ နေရတယ် ။ ကျွန်တော့် အစ်ကို ပန်တျာလှမြင့် က ပထမဦးဆုံး ကျောင်းသား ပေါ့ ။ ပန်တျာကျောင်း ထဲ မှာ ဆရာကြီးရွှေဒေါင်းညို တို့ က တောထွက်ခန်း ဇာတ်တိုက် နေချိန် မှာ ကျွန်တော် မွေး တာပေါ့ ။
ကျောင်းဝင်း ထဲ မှာ ပဲ နေရတာ ဆိုတော့ ငယ်ငယ်ကလေး ကတည်း က အက တွေ သင်တန်း မှာ သင် နေတာတွေ ကို မျက်စိရည် နားရည် ဝ နေတာပေါ့ ။ ( ပန်တျာ ) ကိုမြဝင်း တို့ ၊ ကိုကြည်လင် တို့ ၊ ကိုမြသိန်း တို့ နဲ့ လည်း ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပဲ ။ ကျွန်တော် ငါးနှစ်သား ၊ ခြောက်နှစ်သား လောက် ကတည်း က သူတို့ နဲ့ ဝင် က နေတာ ။
ကျွန်တော် ခုနစ်သား ရောက် တော့ စစ်ကိုင်း က သလွန်ဖြူ ဘုန်းတော်ကြီးကျောင်း မှာ ကျောင်း နေ ရတယ် ။ ၁၂ နှစ် သား ရောက် တော့ မန္တလေးပန်တျာကျောင်း မှာ ကျောင်းသား အဖြစ် စတိုင်ပင် နဲ့ ကျောင်း တက် ရတယ် ။ ၁၉၆၆ ခု ပေါ့ ။
၁၉၆၉ ခု ပန်တျာကျောင်း က ဆင်း ပြီးတော့ ယဉ်ကျေးမှု ကဇာတ် မှာ အမှုထမ်း တယ် ။ မင်းသား အဖြစ် ပေါ့ ။
ခုနစ်လ လောက် ပဲ လုပ်ပြီး အလုပ် က ထွက်တယ် ။ မိဘတွေ အတွက် ပြန် ကြည့် ရမယ့် တာဝန် ရှိတာ နဲ့ ပန်တျာကျောင်း က အငြိမ်းစား ကျောင်းအုပ်ကြီး ဝဏ္ဏကျော်ထင် ဦးစိန်ညွန့် ရဲ့ အကူအညီ နဲ့ ဇာတ် ထောင်တယ် ။ ပန်တျာမြကြည် ပန်တျာသဘင် ဆိုပြီး ကိုယ်တိုင်ခေါင်းဆောင် ပြီး က ခဲ့တာ ။
ကျွန်တော့် ညီ ကိုနေဝင်းအောင် က ၁၃ နှစ်သား ၊ မင်းသား က တယ် ။ ညီအစ်ကို တစ်တွေ ပေါင်းပြီး အလုပ် လုပ် ကြတော့ အခြေအနေ တော်တော် ကောင်း လာတယ် ။ အဲဒီ ခေတ် က ရုံမင်းသား ဖြစ် မှ အောင်မြင်မှု ပန်းတိုင် ကို ရောက်တယ် လို့ ထင်တာ နဲ့ ဗလာဇာတ် က နေရာ က နေ ၁၉၈၄ မှာ ကိုယ်ပိုင် ရုံဇာတ် အဖြစ် ပြောင်း ကတယ် ။
ကျွန်တော် က စစ်မှန်တဲ့ ဇာတ်သဘင် အနုပညာ ကို ဦးစားပေး ပြီး ကတယ် ။ ရုံဇာတ် မှာ ဒစ္စကို တွေ စတိတ်ရှိုး တွေ လွှမ်းမိုး လာတော့ ဇာတ်ကွက် ဇာတ်လမ်း နဲ့ က တော့ မထိမိတော့ဘူး ။ မထိမိ တော့ ပရိသတ် နဲ့ ဝေး လာတယ် ။ ရုံဇာတ် နဲ့ ဗလာဇာတ် စီးပွားရေး လည်ပတ်မှု ပုံစံချင်း က လည်း မတူဘူး ။ ဗလာ က တာ က ကိုယ် သတ်မှတ်တဲ့ ဈေး ပေးပြီး ပွဲ ငှားတာ ကို လိုက် က ရတယ် ။ ရုံဇာတ် ကျ တော့ ပွဲငှား မရှိ ရင် ကိုယ်ပိုင်စရိတ် နဲ့ ဇာတ် ကို ရုံ သွင်းပြီး က ရတာ ။ သယ်ယူပို့ဆောင် စရိတ် ၊ ရုံ စရိတ် အနှုတ် လက္ခဏာတွေ က အများကြီး ။ ကြာတော့ ကျွန်တော်တို့ စီးပွားရေး အရ ဆုံးရှုံးတယ် ။ ၁၉၈၈ ခု မှာ ရုံဇာတ် က နေ ဗလာဇာတ် အဖြစ် ပြန် ပြောင်းတယ် ။
ဗလာဇာတ် ကတဲ့ အခါ စစ်မှန်တဲ့ ဇာတ်သဘင် အနုပညာ ကို လက် မလွှတ်ဘူး ။ နောက်ပိုင်း ဇာတ်ထုပ် ကို က ဖြစ်အောင် ကတယ် ။ ဇာတ် အများစု ဟာ နောက်ပိုင်း ဇာတ်ထုပ် မက တာ က များ နေတယ် ။ က ရင်လည်း ဖြစ်ကတတ်ဆန်း ပဲ က တယ် ။နှစ်ပါးသွား နဲ့ မိုး လင်းကြတယ် ။ ကျွန်တော် က တော့ နောက်ပိုင်း က ဖြစ် တယ် ။ ပွဲ ထွက်ချိန် ဘယ်လောက် နောက်ကျ နောက်ကျ နောက်ပိုင်းဇာတ်ထုပ် က တယ် ။ ပရိသတ် အချို့ က နောက်ပိုင်း ဇာတ်တော်ကြီး ကို အခုမှ ကြည့် ရတော့ တယ် လို့ ပြော လာတယ် ။ ပရိသတ် ရဲ့အားပေးမှု ရ လာတယ် ။ ကျွန်တော် တို့ ဇာတ် ကို ငှားရင် ရှေ့ပိုင်း နောက်ပိုင်း ဘာမှ မျက်နှာ မငယ်ရဘူး လို့ ပွဲငှားတွေ က သိ လာတယ် ။ စီးပွားရေး အရ အထောက်အပံ့ ဖြစ်တယ် ။
ကျွန်တော်တို့ ပိုပြီး အောင်ပွဲ ခံတာ က နယ် မှာပါ ။ နယ် ပွဲချီ ပို ရတယ် ။ နယ် က ကြေး လည်း ပို ရတော့ စီးပွားရေး အရ ပို အဆင် ပြေတယ် ။ မြို့ ပေါ် မှာ စတိတ်ရှိုးတွေ ခေတ်စား နေတဲ့ အချိန် မှာ ကျွန်တော်တို့ က နောက်ပိုင်း ဇာတ်ထုပ် ကြိုက်တက် လာ အောင် ကြိုးစား ပြီး က တယ် ။ အခမ်းအနား ဆက်တင် က အစ လိုအပ်တာ ကို အကုန်အကျ ခံတယ် ။ အဝတ်အစား ၊ ဇာတ်ခုံ နေရာထိုင်ခင်း ၊ မီး က အစ အား ထည့်တော့ အား ဖြစ် လာတာပေါ့ ။ မြို့ ပရိသတ် လက်ခံ အောင် ပြဇာတ် တို့ ၊ အော်ပရာ တို့ ကို ဇာတ်တည် ဇာတ်ကွက် ကောင်းကောင်း နဲ့ တင် ပေးတော့ မြို့ ပေါ် ကလည်း ကြိုက် လာတယ် ။
ဆရာကြီး မင်းသိင်္ခ ၊ ဆရာ ချစ်ဦးညို ၊ ဆရာဦးစိတ္တ တို့ ရဲ့ ဇာတ်လမ်း တွေ ကို က တယ် ။ ဇာတ်တော်ကြီး ဆိုရင် လည်း ကျွန်တော် က ဇာတ်ထုပ်ပေါင်း ၄၅ ထုပ် က တယ် ။ တစ်ခါလာ ဒီ ဇာတ်ထုပ် ၊ တစ်ခါလာ ဒီ ဇာတ်ထုပ် ပဲ က ရ မှာမျိုး ကျွန်တော် ရှက်တယ် ။ ဒါကြောင့် နှစ်တိုင်း ဇာတ်ထုပ် အသစ် တင်တယ် ။
အလုပ် ကို ပြီးရင် ပြီးရော ဘယ်တော့ မှ မလုပ်ဘူး ။ ပြီးရင် ပြီးရော စိတ် ထား ရင် တကယ် လည်း ပြီး သွားမှာပဲ ၊ ဘာမှ ကျန် မှာ မဟုတ်ဘူး ။ ကျွန်တော် ခံယူချက် က အလုပ် အပေါ် မှာ အား ထည့်တယ် ။ ငယ်ငယ် ကတည်း က ဂီတသံတွေ ကြား မှာ ကြီး ခဲ့ရတာ ဆိုတော့ ဒီ အရသာ အပေါ် မှာ ကျွန်တော် အမြဲ အာရုံ စိုက် နေတယ် ။ ဆိုင်း တီး ရာ မှာ စည်းအကျ မှားမယ် ။ ယကွင်း လက်ကျ မှားတာ က အစ ကျွန်တော့် နား ထဲ မှာ ခံစား လို့ မရဘူး ။ မင်းသမီး တစ်ယောက် အသံ မှားမယ် ၊ ယိမ်းသမ တစ်ယောက် ကကွက် မှားမယ် ဆိုရင် ချက်ချင်း သိတယ် ။ လိုအပ်တာ ရှိရင် ချက်ချင်း ပြောတယ် ။
ကိုယ် က ကောင်းကောင်း ကြိုးစား ရင် ပရိသတ် က သိလာ တာပါပဲ ။ ချက်ချင်း မသိ တောင် မှ ကိုယ့် လုပ်ဆောင်ချက် က ကိုယ့် ကို တဖြည်းဖြည်း အကျိုး ပြု ပါတယ် ။
လူ တစ်ယောက် ဟာ ကိုယ် မတော် ရင် မတော်မှန်း သိရတယ် ။ မတော်တာ ကို တော်တယ် ထင် နေရင် မအောင်မြင် နိုင်ဘူး ။ တော်တာ ကို လည်း တော်မှန်း သိရတယ် ။ တော်တာ ကို မတော်ဘူး ထင် နေရင် လည်း အကျိုး မခံစားရဘူး ။ ဒါကို သုံးသပ် နိုင်ရင် လူ့ ဘဝ မှာ အောက်တန်း မကျ နိုင်ပါဘူး ။ ကျွန်တော် က တော့ ကိုယ့် အားနည်းချက် ၊ ကိုယ့် အဖွဲ့အစည်း ရဲ့ အားနည်းချက် ကို အမြဲ ရှာပြီး ပြုပြင်ဖို့ ကြိုးစားတယ် ။ ခေတ်စနစ် ရဲ့ ပရိသတ် အာရုံ ဖြစ် နေတာ ကို လေ့လာတယ် ။ သူများ ဒစ္စကို လို့ ကိုယ် ဒစ္စကို လိုက် မလုပ်ဘူး ။ ကိုယ့် အနုပညာ အရည်အသွေး ကို ကောင်းအောင် ကြိုးစား လို့ ပရိသတ် လက်ခံတယ် ။
အရည်အသွေး ကောင်းဖို့ အတွက် အလုပ် ကို လေးစားတယ် ။ အလုပ်ခွင် စည်းကမ်း တင်းကြပ် ထားတယ် ။ တီးလုံး မှားတယ် ၊ အက မှားတယ် ၊ သီချင်း မှားတယ် ၊ အဝင် အထွက် မှားတယ် ဆိုရင် ဖိုင်း တပ်တယ် ။ နှစ်ကျွတ် တဲ့ အခါ ဖိုင်းတပ် ထားတဲ့ ငွေ ကို စုပြီး အဖွဲ့သားတွေ ကို ပြန် မဲဖောက် ပေးတယ် ။
အဖွဲ့ မှာ လူမှုရေး စည်းကမ်း လည်း ထားတယ် ။ လောင်းကစား မလုပ်ရ ၊ အရက်သေစာ မသောက်စားရ ။ ဖိုမကိစ္စ စောင့်ထိန်းရမယ် ။ ဇာတ်အဖွဲ့ တွင်း မှာ လူမှုရေး ဖောက်ပြန် ရင် ဒဏ်ကြေး တစ်သိန်း ၊ နစ်နာသူ မိန်းကလေး အတွက် နစ်နာကြေး ပေး ရမယ် ။ ရပ်ရွာ ထဲ က ပရိသတ် နဲ့ လူမှုရေး ရှုပ်ရင် ဇာတ်အဖွဲ့ ထဲ က ထုတ် ပစ်တယ် ။
တိုင်းပြည် အနေနဲ့ ပြော ရရင် ဘုရင် က မင်းကျင့်တရား ဆယ်ပါး နဲ့ ညီညွတ် မှ တိုင်းပြည် ဝပြော စည်ပင်တယ် ။ အဖွဲ့ မှာ လည်း ကျွန်တော် ကိုယ်တိုင် က ကိုယ်ကျင့်တရား ကောင်း မှ အဖွဲ့သားတွေ အကျိုး များမယ် လို့ ယုံကြည်ပါတယ် ။ ဒါကြောင့် လောင်းကစား ဒိုင်တွေ က ကစားဝိုင်း ထောင်ချင်လို့ ငှားတဲ့ ပွဲမျိုး ဆိုရင် ကျွန်တော် မလိုက်ဘူး ။
ကျွန်တော့် အဖွဲ့ လေးဖွဲ့ ရဲ့ တစ်နှစ် တစ်နှစ် က ရတဲ့ မိတ်တွေ မနည်းဘူး ။ နှစ် ကျွတ် လို့ အဖွဲ့ ဖွဲ့စည်း ပြီးတာ နဲ့ ပွဲငှားတွေ ကို ကျွန်တော်တို့ ဖွဲ့စည်း ပြီးပါပြီ ဆိုတာ ဖုန်း ဆက်တယ် ။ စာပို့တယ် ။ ဇာတ် လေးဇာတ် ဆိုတော့ ဖောက်သည် အား က လည်း ရှိ သွားပြီ ။ ကြော်ငြာမှုအား မိတ်ဆွေအား တွေ နဲ့ ဇာတ်ပွဲ ကို လူတွေ ငှားအောင် လုပ် ရတယ် ။ ဘယ်လောက်ပဲ မိတ်ဆွေအား တွေ များနေ များနေ ၊ ကြော်ငြာအား တွေ ဘယ်လို သုံးသုံး ၊ ကိုယ့် အဖွဲ့ က ဖွဲ့စည်းမှု အင်အား မတောင့်တင်း ရင် အရည်အသွေး မကောင်း ရင် တော့ ရေရှည် ခံ မှာ မဟုတ်ပြန်ဘူး ။
အားလုံးရဲ့ အချုပ် က တော့ ပရိသတ် ကို အထင် မသေးဘဲ အမြဲ လေးစားဖို့ ၊ ပရိသတ် ကျေနပ်မှု ရှိအောင် ကိုယ့် အလုပ် အပေါ် မှာ သစ္စာရှိရှိ ရိုရိုသေသေ စေတနာ နဲ့ တန်ဖိုး ထား ပြီး လုပ်ဖို့ ပါ ပဲ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment