Tuesday, September 3, 2024

ကန်တော့ဆွမ်း


 

❝ ကန်တော့ဆွမ်း ❞
━━━━━━━━━━━━━
           သင်္ခါ
━━━━━━━━━━━━━
ကန်တော့ဆွမ်း နော့လွန်းလို့ ချစ်စရာ ၊ သည်လိုဟာ ၊ မကြုံဖူး ၊ ထူးပေ့ ခင်ဗျာ ၊ ငသင်္ခါ ၊ ထင်တာပ စီရေး ၊ သာဒွန်းအောင် လူကမြင်း ရယ် ( အမယ်မင်း ) သင်း ကြောင့်ခက်သေး ။

( မှတ်ချက် ) မည်သူ့ကို မျှ မရည်ရွယ် ၊ ဝတ္ထုရေးဆရာ ရေးချင် သလို ရေးသည် ။

“ ဒီ မြရီ ကို ငါ ဘာဖြစ်လို့ ချစ်ရသလဲ ။ ငါ ဘာဖြစ်လို့ ဒီလောက်တောင် စွဲရတာလဲ ၊  ငါ က ဘယ်လိုပင် ချစ်သော် စွဲသော်လည်း မြရီ က ငါ့ ကို မချစ်တော့ပြီ ၊ ငါ့ ကို အဖက် မလုပ်တော့ဘူး ၊ ( ဩော် ) မြရီ မြရီ  မင်း ငါ့ ကို မုန်းပလားကွယ် ၊ ငါ့ ကို မသနားတော့ဘူးလား ဟင်း ၊ ငယ်ငယ်တုန်း ကတော့ မင်း ငါ့ ကို အင်မတန် ချစ်တယ် ၊  ငါ သိတယ် အခုမှ မင်း ငါ့ ကို မုန်းသွားတယ် ဆိုတာ ငါ နည်းနည်း မှ မယုံဘူး ၊ မင်း ငါ့ ကို တကယ်ကို မုန်းသွားရော့လား ( မြရီ ရယ် ) မင်း သာဒွန်းအောင် ကို အဟုတ်မုန်းရော့လားလို့ .. ကွယ် ...”

“ ဟိုငယ်ငယ်တုန်း က ကျွဲကျောင်း တုန်း ကလေ ၊ မင်းတို့ အိမ် နောက်ဖေး မှာ အရီးလေး မဒွန်းလှ ကျွဲမကြီး ကန်တာ မင်း မှတ်မိသေးရဲ့လား ၊ အို မင်း က ကျွဲ စီးချင်တယ် ဆိုလို့ ကျွဲပေါ် တင်ပေးပြီး ငါ က နောက်က ခုန်တက် မလို့ လုပ်တော့ ကန် လိုက်တာလေ ၊ မင်းတို့ အမေ ကတောင် ခေါ်ပြီး နနွင်း လိမ်းပေးသေးတယ် ၊ မင်း မမှတ်မိတော့ ဘူးလားကွယ် ၊ ဟောဒီ ငါ့ ပေါင် မှာ ခုထက်ထိ အမာရွတ်ကြီး ရှိပါသေးတယ် ၊ အိမ် ရောက်တော့ တို့ အဘ က ရိုက်လို့တောင် မင်း က ငိုသေးတယ် မဟုတ်လား ကွယ် ”

“ နောက် တို့ ကြီးတော် က ခေါ်ပြီး သင်္ကန်းဝ တ်ပေးမယ် ဆိုတော့ တောင် မင်း နဲ့ ခွဲရမှာ ကြောက်လို့ ငါ ထွက်ပြေးသေးတယ် ၊ အဲဒီတုန်းကများ ရေထဲ တောင် ဆင်းပြီး သေမလို့ဟာ ၊ ငါ က ရေကူးတတ် နေတာနဲ့ မသေလို့ အသာ ကြည့် နေရတယ် ၊ ငါကတော့ အဲဒီလောက် ချစ်ပါတယ်ကွာ ၊ နောက်ပြီး ပဉ္စင်း တက် ပြန်တော့လည်း ဒီတစ်သက် ဖြင့် ဒီ သင်္ကန်းအဝတ် နဲ့ပဲ အရိုးထုတ် တော့မယ်လို့ ကြံသား ၊ မင်းကလေး အတွက်ကြောင့် ကြာကြာ မနေနိုင်ဘူး ၊ လူထွက် လာခဲ့ရတယ် ၊ ခုတော့ ခဲလေသမျှ သဲရေကျ ကုန်ပါပေါ့ကလား ၊ မြရီ ရယ် မင်း ငါ့ကို တစ်ခါတည်း မုန်းသွားရော့လားကွယ် ” ဟု သာဒွန်းအောင် သည် မိမိ တို့ အိမ်နောက်ဖေး ကျွဲတင်းကုပ် ထဲ ၌ ထိုင်မှိုင်ကာ လေသိမ်း၍ ယိမ်းထိုး နေသော ပျိုးပင်တို့ ကိုကြည့်ရင်း စဉ်းစားလေ၏ ။

သာဒွန်းအောင် ဆိုသော်လည်း ရခိုင် မဟုတ် ၊ ဗမာစစ်စစ် အညာ ဇာစ်မြစ် ပဉ္စင်း လူထွက် တစ်ယောက်ဖြစ်၏ ။ မိဘများ မှာ လုပ်လုပ်စားစား တယ်ကြီး မချမ်းသာလှ သော်လည်း ၊  မိမိတို့ အိမ်နှင့် မနီးမဝေး ပစ္စည်းပစ္စယ ကလေး အတော်အတန် ရှိသော ဒေါ်နှင်းပန်း ၏ သမီးကလေး မြရီ နှင့်မူ ငယ်ရွယ်စဉ် “ နင်တို့ အိမ်မှာ ဆန်ဘယ်နှလုံး ချက်သလဲ ” ဆိုသော စကားကို မေးလိုက်သည့် အချိန် က စ၍ ချစ်ကြိုက်လာခဲ့လေ၏ ။

ငယ်ရွယ်သူတို့ အချစ် သည် ချို မပေါက်သေး သဖြင့် တယ်ကြီး မထူး ခြား မပြင်းထန် ခဲ့သော်ငြားလည်း ၊ မြရီ အရွယ် ရောက်၍ အပျိုကြီး တစ်ယောက် ဖားဖား ဖြစ်ကာ သာဒွန်းအောင် အညာသား ကလည်း ပဉ္စင်းတက် ၍ ရွာတွင်း သို့ ဆွမ်းခံ ဝင်ရာ မြရီ တို့ အိမ်ရှေ့ ရောက် လျှင် သနပ်ခါး ဘဲကျားကလေး နဲ့ အော်ဟိုမိုနီရေမွှေး နမူနာ တစ်ပုလင်းလုံး ကုန်အောင် ဆွတ်ဖျန်းကာ အော်ဒီ ကလုံး ပေါင်ဒါ ကို နီးမြန်းသွေးစို့လျက်ရှိသော ပါးအို့ ၌ တို့၍ ၊ တို့၍ ပွေ့ချင် ၊ ပိုက်ချင် ၊ ရှိုက်ချင်စရာ မွှေးကြိုင်သော ကိုယ်ကလေး ဖြင့် ကနွဲ့ကလျ ဆွမ်းထွက် လောင်း လာသော မြရီ ကို မြင်ရသော သာဒွန်းအောင် မှာ ( ရသေ့စိတ်ဖြေ ) သဘောမျိုး နှင့် ပင် ကျေနပ် တင်းတိမ် လာခဲ့ရလေ၏ ။

ရံဖန်ရံခါ၌ လည်း ချိုအေးကြည်လင်သော အသံကလေး နှင့် ( ကန်တော့ဆွမ်းပါဘုရား ) ဟု ဆိုလိုက်သည် ကို နားတွ င်း၌ ပျားရည်အိုးကြီး ကြွက်တိုး ၍ မှောက်ကျ သွားသလို ချို့ဆိမ့်မြင်းမြိန် တွင် ညိမ်းရွမ်းလျက် မခွာရက် နိုင်ဘဲ နောက် တစ်ဖန် ကြားချင်သလိုနှင့် မကြား ( ကျိုး ) ဟန် ပြုနေရာ ( ကန်တော့ဆွမ်းပါ ဘုရား ) ဟု နောက်ထပ်၍ လေးလေးပင်ပင် ကြည်ရွှင်သော အသံကလေး ဖြင့် ဆိုလိုက်ခါမှ အနိုင်နိုင် ထွက်လာခဲ့ရလေ၏ ။

“ အင်း ဒီ အာရုံ ကလည်း တစ်မျိုးပဲ ” ဟု သဒ္ဓါရုံ ကို တစ်လှည့် ၊ ရူပါရုံ ကို တစ်လှည့် အလှည့်ကျ ခံစားလျက် နောက်ဆုံး ဥပကကြီး ဆာဝါ ရူး ရူး သလို ရသာရုံ နှင့် ဖောတမ္ဗာရုံ တို့ကိုပါ အကုန် ခံစား ၊ စံစားလိုသော စိတ် တို့သည် ဖိနှိပ်မရနိုင်အောင် သူ့ ထက်ငါ တိုးခွေ့ နေရာလု နေကြသဖြင့် လူထွက် လာခဲ့ရလေ၏ ။

ယင်းသို့ လူထွက် ကာ လူပြန်တော်ကလေး တစ်ယောက် ဖြစ်လာခဲ့ သော် မိမိ ထင်တိုင်း မပေါက်ဘဲ ယခင်က လိုမှ တစ်နေ့ တစ်ကြိမ် မှန်မှန် မမြင်ရ ( ကန်တော့ဆွမ်း ) ဟူသော အသံကလေး ကို လည်း မကြားခဲ့ရတော့ချေ ။

ထိုသို့ အကျပ်အတည်း နှင့် တွေ့ကြုံနေတုန်း ဗြုန်းခနဲ ရောက်လာသော ရန်ကုန်သား ဂြိုဟ်ကောင် အတွက် ကြောင့် လည်း အတော် စိတ်ညစ်စရာ ဖြစ် လာလေ၏ ။ ထို ရန်ကုန်သား မှာ ပိုက်ဆံဝါလား တစ်ယောက် ဖြစ်သဖြင့် မြရီ တို့ အိမ်နီးချင်း အိမ် တစ်အိမ်၌ ထမင်းလခပေး စားကာ အလုပ်အကိုင် မရှိဘဲ သက်သက် ဂြိုဟ်မွှေပြီး မြရီ ကလေး ကို မှ မျက်စိကျ စွဲလမ်းချိတ်ဆက် နေလေ၏ ။

အတွင်းသို့ပင် မပေါက်ရောက် နိုင်သေးသော်လည်း အပြင်ပ ဖြစ်သော ကြီးတော် ၊ ဒွေးလေးအရီး တို့နှင့် ကား ပလူးပလဲ နှင့် အရူးအမဲသား ကျွေးသလို အလွန်သင့်မြတ် ကျွမ်းဝင် နေကြလေ၏ ။ ပထမ၌ အားမလျှော့ဘဲ ( သင်း ကော ဘာမို့လဲ ) သဘောမျိုး ဖြင့် သင်္ကန်းဝတ် စဉ်က ရခဲ့သော အနုဆေးလက်ဖွဲ့ ဂါထာမန္တယား တို့ ကို တတ်သမျှ ၊ မှတ်သမျှ ရွတ်ဖတ် ကိုင်ဆောင်ကာ မြရီ တို့ အိမ်ရှေ့ မှ အရိပ်ပြ အကောင်မြင် အောင် နေ့စဉ်နေ့တိုင်း အခေါက် ၂ဝ လောက် လျှော က်လေ၏ ။

လက်ဦး၌ နေရာ ကျတော့ မလိုလိုနှင့် မကြာမီ အိမ်နီးချင်း ဒွေးတော် မိကြီးတို့ က မေးငေါ့ မျက်စောင်းထိုး ၊  မျက်နှာကြီးတွေ ပုပ်သိုးသိုးနှင့် “ ဘာလဲ ဒီပဉ္စင်း လူထွက် အကောင် ဟာ ပေါ့ပျက်ပျက်နဲ့ ရွှေခွက် ခွေးသေးပန်း သလို ခြေအေးဝမ်းရောင် လူရောင် တပြပြ နဲ့ ခဏခဏ လမ်းလျှောက် တယ် ” ဟု စသည်ဖြင့် အပြောအဆို များ ပင် ခံရလေ၏ ။

တစ်ခါတစ်ရံ သာဒွန်းအောင် မှာ မခံချိနိုင်လှ သဖြင့် “ ဟေ့ အုန်းသီး တူ နဲ့ နှက်တော့ အဆန် ချောင်သတဲ့ ၊ ဘုန်းကြီး လူထွက်တော့ ဉာဏ်ပြောင် သကွဲ့ ၊ ဟင်းရေခွက် ကျအောင် ကျိုတော့ ချို ၊ ဘုန်းကြီး လူထွက် ရအောင် ချိုတော့ သူ့ မျက်နှာ ထက် ပိုလို့ လိုတာရနိုင်သတဲ့ သိရဲ့လား ” ဟူသော စကား တို့မှာ ပါးစပ်ဖျား ၌ ယား ကာ ပြောလိုက်မည် ကြံပါသော်လည်း “ ဖိနပ်တန်း သို့ မရောက်ခင် ရပ်တန်း က ရပ်စေချင် ” ဆိုတာလို မြရီ တို့ အမေ့ မောင် လူပျိုခေါင်း ကိုမိုးသီး ကို လည်း ကြောက်ရသေး ၊ မြရီ ကလေး ကို လည်း မမြင်ရမှာ စိုးသဖြင့် အမျိုးမျိုး သည်းခံ၍ ခန္တီပါရမီ ကို ရှာကြံ ဖြည့်လာခဲ့လေ၏  ။

သို့သော် မြရီ ကိုကား တစ်ခါတစ်ရံ မှ တွေ့မြင်ရလေ၏ ။ မျက်နှာကလေး မှာ အရင်က လို သာယာ ကြည်ရွှင်ခြင်း မရှိချေ ။ ယင်းသို့ မြင်ရသော သာဒွန်းအောင် မှာ ရင်ထဲ၌ ဟာခနဲ ကျွမ်းထောင် ကျွမ်းလောင် မတတ် ဖြစ် သွား၍ “ ချစ်သမျှ ကို မြင့်မိုရ်ရွှေတောင်လုံးရယ်နဲ့ လေးဆူဒီပါ ၊ သီတာရေမြေ ဆုံးစေတော့ ဘယ် မမုန်းနိုင် ” စသောပတ်ပျိုးကြီးမျိုး ကို ခုနစ်သံ တက်၍ ဆိုကာ ပွေ့ပိုက်ချော့မော့ချင်သော စိတ်မျိုး မှာ ကရင် ထန်းလျက်အိုး တွေ့ သော မျက်လုံးတို့ ၌ ထင်ရှား ပေါ်လွင်နေလေ၏ ။

ရန်ကုန်သား မှာ မူကား မျက်နှာကြီး လင်ပန်း လောက် ကြီးလျက် ဆင်နင်း ထားသော သရက်စေ့ကြီး ကဲ့သို့ ပြဲတဲတဲ ၊ ပြုံးတုံးတုံး နှင့် လေလုံး ကလည်း ခပ်ထွားထွား ၊  စကား ပြောသည့် အခါတို့ ၌ လည်း ကု,လားတစ်ခွန်း မြန်မာတစ်ခွန်း ၊ ဘိုတစ်ခွန်း နှင့် အရူးတုပ်ပေါ စကား ပြောသလို အမျိုးမျိုး ကြွားကာ ပါဝါ ပေးထားသည့် အလျောက် တစ်နေ့တခြား ရဲတင်းလျက် အိမ်ဦး တက် ချေးယိုမည် ကို ပင် သာဒွန်းအောင် မှာ စိုးရိမ်မိ လေ၏ ။

“ နဖူးစာ ရွာလည်တယ် လို့ မြန်မာများ ပြောကြတာ တယ်မှန်တယ် နော် ၊ အစက ကျွန်တော် မယုံဘူး ၊ ဘာဖြစ်လို့ မယုံသလဲ ဆိုတော့ ရန်ကုန် မှာ နေတုန်းကများ ဒီစိတ်မျိုး ဘယ်လာရှိမတုံး ၊  ခုတော့လေ သူ့ ကို မြင်တော့ ဘယ်လို ဖြစ်သွားတယ် မဆိုနိုင်ဘူး ဒေါ်ဒေါ်ရယ် ၊  ဒါကြောင့် မယ်မယ် က ကျွန်တော် ဒီ မလာခင်ကလေး တင် စက်ရှင်မင်းကြီး သမီး နဲ့ လက်ဆက် ဖို့ ပြော ထားတော့ ( ဖတ်ဖ်ကော့ နိန်းမန်ကတား မလိုချင်ဘူး ) လို့ ဖယ်ပစ်ခဲ့တယ် ။ ကျွန်တော် ကတော့ ဟိုမှာ နေရင် ဘိုလို သာ အဝတ်များ ၊ အနေ များတာကိုး ၊ နောက် ဆွေမျိုးများ ကလည်း ပြော ၊ သူငယ်ချင်းများ က ဖျက်တဲ့ အတွက်ကြောင့် ဟုတ်သားပဲလေ ၊ ကိုယ် မြန်မာ ဖြစ်ရက်ကနဲ့ ဘိုလိုဝတ်လို့ မတော်ပေဘူး လို့ စဉ်းစားမိတာနဲ့ မြန်မာလို ဝတ်၍ ဘာမှ မကြာသေးဘူး ဘိုဝတ် ၊ ဘိုစား တောင် ခု တချို့တဝက် ပါလာသေးတယ်”

ဟု ဆို၍ အဖိုးတန် ကွတ်အင်္ကျီ ၊ ဘောင်းဘီ ၊ ဦးထုပ်စသည်တို့ ကို သေတ္တာ ထဲ မှ ထုတ်ပြ လေ၏ ။

ရခိုင်ကု,လား ကဲ့သို့ ညိုချိတ်နေသော ချော့ကလက်ရောင် အသားတွင် ဘိုဝတ်ဘိုစားဆင် လိုက်လျှင် အမှန်ပင် ရန်ကုန် ဓာတ်ရထား ပေါ်၌ လက်မှတ် စစ်သော ခေါ်တောကု,လားများ နှင့် မခြား တူပေလိမ့်မည် ။

“ ဘိုလို ဝတ်တာ က မြန်မာလို ဝတ်တာ ထက် ကုန်ပြီလား ဒေါ်ဒေါ်ရယ် ၊ ဟောဒီ ဖလန်နယ်ဆု တစ်ခုတည်း ကို တစ်ရာ တိတိ ပေးရပါတယ် ။ ( ဝပ်ဆင် စတား ဘာဂိန်းဆေး ) တုန်းက ဝယ်တာ ဒီ ဦးထုပ် ဟာကလည်း အစိတ် တောင် ပေးရတယ် ၊ အတူတူ ဝယ်တာပေါ့ ”

ဟု ပြောပြရာ အဒေါ်ကြီး တို့မှာ ရင်တီး လက်ခတ် စုတ်တသပ်သပ်နှင့် ပြောမရပ် နိုင်အောင် ရှိလေ၏ ။ ရွာ ထဲ ၌ လူ လေး ၊ ငါး ယောက် စုမိလျှင် ထို ရန်ကုန်သား ၏ အကြောင်း ကို သာ စ၍ ပြောကြလေ၏ ။

နောက်ဆုံး၌ မြရီ တို့ အမေကြီး ကပင် ခေါ်ငင်လက်ခံစ ပြုလာလေ၏ ။ သင်းခွေချပ် ခွေး တွေ့ သလို သာဒွန်းအောင် တစ်ကောင်ကြွက် တစ်မျက်နှာ မွဲပြာကျသူ မှာ အသိမိတ်ဆွေများ က ပင် သုန်မှုန်အကြံကုန် လူနွမ်း ၊  လမ်း မှ မလျှောက်ဝံ့ ၊  မြရီ နှင့်လည်း မတွေ့ ရတော့ဘဲ အိမ်နောက်ဖေး နွားတင်းကုပ် ထဲ ၌ သာ နန်း ထိုင်လျက် ခြံပေါက်နွားကြီး ပါနောက် ကို အတိုင်ပင်ခံ နန်းရင်း ဝန်ကြီး ခန့်၍ ကြံရာမရ ရည်းစား တ ရူးကြီး ရူးနေလေ၏ ။

ထိုအတွင်း မဟားတရား ရိသဲ့သဲ့ သတင်း တစ်ခု ကို ကြားရပြန်၏ ။ ထိုသတင်း မှာ မြရီ နှင့် ရန်ကုန်သား တို့ လက်ထပ်တော့မည့် အကြောင်း ၊ သူကြီးအိမ် မှ မောင်းမခတ်ရဘဲ တစ်ရွာလုံး ပျံ့နှံ့ သွားလေ၏ ။ ထိုအခါမှ အရူး ထ ကာ အိမ်တွင်း ၊ အိမ်ပြင် ၊ အိမ်နောက်ဖေး တို့၌ ခုန်ပေါက် ပြေးလွှားကာ ဆံပင်တို့ ကို ဆွဲယမ်းကိုင်ဆောင့် ၊ တဲတိုင် နှင့် ခေါင်း နဲ့ ဆောင့် ၊ ပါနောက်ကြီး ကို ဖက်၍ ရှိုက်ကြီးတငင် ငိုရှာလေ၏ ။

“ အမယ်လေး မြရီ ရဲ့ ၊ ဟီး .. မင်း အဟုတ် ကို ရက်စက်လေခြင်းကွဲ့ နော် ၊ ငါ့ ကို မှ နည်းနည်း ပြန် မသနားဘူး ၊ ငါ ကတော့ ချစ်လိုက်ရတာ မင်းက တော့ ပဉ္စင်းလူထွက်ကြီး ရယ် လို့ ရှက်သပေါ့လေ ၊ ဟင်း .. သိပါပြီ မြရီ ရယ် ၊ ငါ သိပါပြီ ၊ ငါ ကတော့ ငယ်ရည်းစားကလေး မို့ လို့ မမုန်းရက်နိုင်ဘူး ဘွဲ့ မြရီ ရဲ့ ၊ ဟေ့ ... မင်း ကို လေ မြရီ ရဲ့ ၊ သားတစ်ဖျာ ပြည့် စေတော့ ရေဆေး ယူ မကွ သိလား ၊ ခုတော့ မင်း က ရန်ကုန်သား လူကြွား ကို မက်ပြီး မင့် ကိုယ်ကလေး ဝဝဖောင်းဖောင်း လှလှကလေး ကို ( ကပ္ပိ  ) တော့မှာပေါ့လေ ၊ အမယ်လေး အသစ်စက်စက် မဝတ်ရက်တဲ့ ရေဆေးပြာတိုက် ငါးလေး လို ဖြူဖွေး ဝါဝင်း နေတဲ့ မင်း ကိုယ်ကလေး ဟာ ခဝါချိုး ၊ ခဝါချ ကြီး ဖြစ်သွားတော့ မှာ ကို ငါ နှမြောလှချည်ရဲ့ မြရီ ရယ် ၊ ငါ မရရင် ရှိပါစေဦး ၊ မင်း အလှတွေ ပျက်ကုန် မှာကို ငါ မခံချိနိုင်ဘူးဟဲ့ ၊ ငါ က တော့ ကု,လားလို ဘိုလို မှ မတတ်ဘဲကိုး ၊ နို့ပေတဲ့ သင်္ကန်းဝတ် တုန်းက မင်္ဂလသုတ် ၊ ပရိတ်ကြီး ၊ နမက္ကာရ ၊ ရတနာ ရွှေချိုင့် ၊ အတွင်းအောင်ခြင်း ၊  အပြင်အောင်ခြင်းတွေလည်းကုန်လို့ သုတ္တ မာလာ ပဒမာလာ ၊ ဓာတုမာလာ ၊ သင်းဂြိုဟ် ၉ - ပိုင်း ၊ သဒ္ဓါကြီး ရှစ်စောင် ဋီကာကျော် ဗျာကရုဏ်းကျမ်းကြီး တွေ ကို အာဂုံနှုတ်တက် ဆောင်ခဲ့တာ ဘယ်သူ့ ဖို့လဲ မြရီ ရယ် ၊ မင်းဖို့ မဟုတ်လားကွယ် ၊ ငါ သင်္ကန်း ဝတ်နေတုန်း ကတော့ တို့ဘုန်းကြီး က ပြောဖူးတယ် ၊  ရှေးတုန်းကများ ( ထော်ခဲ ) ဆိုတဲ့ အကောင် ဟာ ( ကကြီး ၊ ခခွေး ) ပစောက် အထိ သင်ဖူးတာ နဲ့ ဘုရင့်သမီး ကို တောင် ရပြီး အိမ်ရှေ့မင်းသားဘဝ က ရှင်ဘုရင် တောင် ဖြစ်ခဲ့ဖူး သတဲ့ ၊ ခု ငါ့ ကျတော့ ရှင်ဘုရင့်သမီး ကို မပြောနဲ့ ၊  ငါ ကြိုက်တဲ့ မြရီကလေး ကို မှ မရပါကလားဟယ် ၊  မြရီကလေး ကို သာ ရမယ် ဆိုရင် ရှင်ဘုရင် သမီး လည်း မလိုချင်ပါဘူး ၊  ရှင်ဘုရင် လည်း မလုပ်ချင်တော့ပါဘူး ၊ ကျေနပ်ပါတယ် ၊ ခုတော့ ဘုန်းဘုန်းဘုရား ပြောတာ အလကား ဖြစ်နေပါ ကလား ဘုရား ၊  တပည့်တော် ကို ဘိုလို မတတ်လို့ တဲ့ မြရီကလေး က မယူတော့ ဘူး ၊  တပည့်တော် ဘိုလို မသင်မိတာ မှားလေခြင်း ဘုရာ့ နော် ၊ ဟိုတုန်းကသာ တစ်ခါတည်း ဘိုလို သင်လိုက်ရင် ခုလောက် ကြာရင် တစ်မြန် မနေ့က ဒီ ရွာ ကို လာတဲ့ ဘောင်းဘီပွပွကြီး နဲ့  လယ်ထွန်အင်္ကျီ လို ကွတ်အနက်ကြီး ကို ဝတ်လို့ ဘွတ်ဖိနပ်ကြီး တဂေါက်ဂေါက် နဲ့ ခြောက်လုံးပြူး ဆိုလား ခါးမှာ ထိုးလာတဲ့ လူကြီး လို ဖြစ်မှာပဲ ၊ တပည့်တော် ဒီလောက် မှ ဉာဏ် မထိုင်းဘဲ ဘုရား ၊ ဟိုရွာ ထိပ် က ဆယ်အိမ်ခေါင်း ဦးဘိုးဆိတ် သား ထွန်းဦး အရူး တို့ လို အကောင် တောင် ခု အတော် တတ်နေပြီ ၊ ဟို တစ်နှစ် က ကျောင်းပိတ် လို့ ပြန်လာတုန်း ကများ ဘိုလို ပြောလိုက်တာ လျှာ ကို သွက်လွန်း အားကြီးလို့ ဘယ်သူမှ နားမလည်ဘူး ၊ ဟိုတုန်းက ပြောသွားတော့ သူ ဒီနှစ် ဆိုရင် သင်စရာ မရှိတော့ ဘူးတဲ့ ၊ သင်ကျွတ် ဆိုတာမျိုး ထင်ပါရဲ့ ၊ ကြည့်စမ်းဗျာ ၊  အင်္ဂလိပ်စာများ လွယ် လိုက်တာ ဗမာစာ သဒ္ဒါတက် သလောက် မှ မခက်ဘူး ( တောက် ) ဒါတောင် ( ဟယ် ) မပြောချင်တော့ပါဘူး ငတ်တာ ကောင်းပါတယ် သာဒွန်းအောင် ရယ် ၊  နင့် ကို က ရှောင်တောင်တောင် နဲ့ ၊ ကဲ .. ခုတော့ ဘယ့်နှယ်ရှိစ မြရီ ကလေး ရအောင် ဘယ်လို ကြံလို့ ဘယ့်နှယ် လုပ်ရပါ့မလည်း ကွယ် ... အင်း ... မယားကလေး တစ်ယောက်များ တော့ ငါ ... လယ်လုပ် ၊ ပျိုးနုတ်ပြီး ဝဝကြီး ကျွေးနိုင်ပါသေးတယ်ကွယ် ၊ အခုတော့ မင်း က ကို လယ်သမားမယား အခေါ် ခံရမှာ ရှက်သကိုး ၊ ရှက်လို့ မြို့သား လူကြွား ကို မက်ပြီး ၊ ငါ့ ကို ( ကန်တော့ဆွမ်း ) လိုက် တာပေါ့လေ ။ ကောင်းပါပေ့ ကောင်းပါပေ့ ... မြရီ ရယ် ၊ တော်ကြပါပေရဲ့ ဟီး ... ဟီး ... ” ဟု စသည် ဖြင့် ခုနစ်စဉ် အမျှင်တန်း ပြောဆို ငိုကြွေးလျက် မျက်ရည် တို့မှာ ပါနောက်ကြီး တစ်ကိုယ်လုံး ရွှဲရွှဲ စို၍ သေး နှင့် ရောကာ အောက်သို့ စီးကျ လာကုန်၏ ။

မကြာမီပင် မြရီ တို့ အမေကြီး  က ပင် ငွေထုတ် ပေး၍ အိမ်ထောင်ပစ္စည်း များ ကို ဝယ်ရန် ရန်ကုန်သား နှင့် မြရီ အမေတို့ မြို့သို့ သွားကြသည် ဟု ကြားရပြန်လေ၏ ။ မြရီ ကို အဒေါ် ဖြစ်သူ အိမ် ၌ အပ်ထားခဲ့လေ၏ ။

“ ဆုံးပြီ ... ဆုံးပြီ မကြာပါဘူး ၊ ပြီးပါပြီ ၊  တစ်ခါဖြင့် ဆုံးပါပြီ ... အမယ်လေး သေမင်းရေ ငါ့ ခေါ်လှည့်ပါတော့ဟဲ့ ” ဟု သာဒွန်းအောင် မှာ ထိုအခါ မှ အနာသည်း သလို အပြင်းဖမ်း နေလေ၏ ။ တင်းကုပ်တွင်း ကောက်ရိုးပုံ ထဲ ၌ ပစ်လှဲ လူးလွန့် ကာ ပက်လက်မှောက်ထိုး အမျိုးမျိုး ငိုလေ၏ ။

ရွဲရွဲယို စီးကျ နေသော မျက်ရည် တို့ကို ကိုင်တွယ် စမ်းသပ်၍ အမျှင် လိုက် အချောင်းလိုက် ပါလာ သကဲ့သို့ သေချာစွာ ကြည့်နေပြီးမှ ဝမ်းနည်း တကြီး ငိုပြန်လေ၏ ။ ထိုနောက် ငေါက်ခနဲ ထ ထိုင်လိုက်လေ၏ ။ မကျဉ်း မကျယ် လူတစ်ကိုယ်စာ ဝင်နိုင်ရုံလောက်သော ထရံပေါက် အကြား တို့မှ လူသွား ၊ လူလာ တို့ကို ထိတ်လန့်သော မျက်လုံး တို့ဖြင့် ချောင်းမြောင်း ကြည့် ပြန်၏ ။

စကား တပြောပြော နှင့် ရယ်မောသွားလာ လုပ်ကိုင် နေကြသော လူတို့ ကို ကြည့်ရင်း မနာလိုသော စိတ်များ ပေါ်လာ၏ ။ မြရီ တို့ အိမ်ဘက် ဆီသို့ တစ်ဖန် စောင်းငဲ့ကြည့်ပြန်၏ ။ မြရီ တို့ အိမ်၌ ရှင်းလင်းခင်းကျင်းကာ မင်္ဂလာအခမ်းအနားများ ပြင်ဆင် နေကြသည် ကို သာဒွန်းအောင် ၏ စိတ် ၌ မသာအိမ်ကြီး ကဲ့သို့ ထင်လေ၏ ။ ထို့နောက် ခြောက်သွေ့ စေးကပ် နေသော မျက်ရည် တို့ ကို စမ်းသပ် ပြန်ရင်း တစ်ချက် ၊ နှစ်ချက် ရှိုက်လေ၏ ။

မြရီကလေး အိမ် သို့ ခုတင်တွေ ၊ မွေ့ရာတွေ ၊ ခေါင်းအုံးတွေ ၊ ခြင်ထောင် တွေ ဝယ်လာသည် ကို သာဒွန်းအောင် မှာ အသက်ငင် သလို စောင့်မျှော်နေ လေ၏ ။

ထို့နောက် ညနေ နေဝင်ရီတရော အချိ န်လောက်တွင် မြရီ တို့ အမေကြီး မှာ ဆံပင်တွေ ဖိုးရိုးဖားရားနှင့် အိမ်ပေါ်သို့ အလန့်တကြား တက် လာပြီး ရင်အုံ ကို စုံတီးကာ “ အမယ်လေး ကံကြီး ပေလို့တော့ သောက်ကျိုး မနည်း တယ် ၊ ရန်ကုန် က စားပွဲထိုး ဘိုပစ္စည်းတွေ ခိုးပြီး ထွက်ပြေးလာသတဲ့ ၊ မြို့ ထဲ လည်း ရောက်ရော ဂီခနဲ ပုလိပ် က ဆီးဖမ်း ထားလို့ ကျုပ် တောင် ဂါတ် ထဲ လိုက်သွားရ သေးတယ် ” ဟု အမောတကြီး ပြောလေ၏ ။

ထိုအကြောင်း မှာ တစ်ရွာလုံး ပျံ့နှံ့ သွားပြီး ရပ်ရွာသူကြီးများ က ဝိုင်း၍ မြရီ တို့ အမေ ကိုရော ( ရွှေ ) ကြီးတော် ရွှေဒွေးလေး တို့ ကို ရော အပြစ်တင် ပြောဆို ကြလေ၏ ။

သာဒွန်းအော င်၏ စိတ် ၌ကား ယခင် ဂေါ်ရင်ဂျီ အရေးတော်ပုံကြီး တွင် အသက် မသေဘဲ ကု,လားပြည် ကု,လားမတွေ ဆီသို့ ကျန်းကျန်းမာမာ ပြန် ရောက်လာခဲ့ရသော ကု,လားကြီး လို ဖွဲ့နွဲ့ ငိုကြွေးလိုက်ချင်၏ ။

( သို့သော် ) ထိုနေ့ ည လသာသာ ၌ မြရီ နှင့် သာဒွန်းအောင် တို့မှာ အိမ် နောက်ဖေး ကျွဲတင်းကုပ် ထဲ တွင် ပြန်ပေါင်းထုပ် လျက် ငုတ်တုတ်ကလေး တွေ ထိုင်ကာ တလှုပ်လှုပ် နှင့် အမြစ် မပြုတ် ကြသေးသော အချစ်ပင် ငုတ်ကြီး ကို တစ်ဖန် မြေတောင်မြှောက် စိုက်ပျိုး နေကြသည် ကို သင်္ခါ တို့ ကောင်ကလေး တစ်စု ချောင်းမြောင်းကြည့်၍ တွေ့ ရလေသတည်း ။

⎕ သင်္ခါ

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment