Thursday, September 19, 2024

ညီမလေး နဲ့ အိမ်မြှောင် အမြီးပြတ်


 

❝ ညီမလေး နဲ့ အိမ်မြှောင် အမြီးပြတ် ❞
━━━━━━━━━━━━━
          ကြူးနှစ်
━━━━━━━━━━━━━
ခါတိုင်း ၊ ခါတိုင်း နံနက်ခင်းများ မှာ လို ပဲ ဓာတ်ခဲ နှိုးစက်နာရီကလေး က ညီမကလေး ၏ ခေါင်းအုံး နံဘေး က နေ ပိုးကောင် တစ်ကောင် ၏ အသံမျိုး ဖြင့် တတီတီ အော်မြည် လာချိန် တွင် ညီမကလေး အိပ်ရာ မှ အားပြည့်လန်းဆန်းစွာ နိုးလာသည် ။ ညီမကလေး က နာရီနှိုးစက် ကို လှမ်း ပိတ်ပြီး သူ့ ခုတင် နှင့် ငါးပေ အကွာ အခြား ခုတင် တစ်လုံး မှာ အိပ်မောကျလျက် ရှိဆဲ မေမေ မနိုး စေရန် ခုတင် ပေါ် က နေ ခြေဖွ ဆင်းသည် ။ ခြင်ထောင် ကို အပေါ် သို့ လှန်တင် ၊ စောင် ကို သပ်ရပ်စွာ ခေါက် ၊ ခေါင်းအုံး နှင့် ဖက်လုံး ကို နေသား တကျ ပြုပြင် နေရာ ချထားခဲ့ပြီး သူတို့ သားအမိ ၏ ညသုံးအိုး ကို အသာအယာ မ ယူ ခဲ့ ပြီးနောက် အိမ်နောက် ဘက် အိမ်သာခန်း ဆီ သို့ လှမ်း လာခဲ့၏ ။ အိမ်သာခန်း ထဲ မှာ ၃ မိနစ် ခန့် အချိန် သုံးခဲ့ပြီး ညီမကလေး ရေချိုးခန်း သို့ ဝင် သည် ။ ရေ မချိုးအားသေးပါ ။ ပလုတ် ကျင်းပြီး မျက်နှာ ကို  မျက်ချေး ၊ မျက်ဝတ် စင်ရုံ မျှ ဆေးကြောသည် ။

သည့် နောက်မှာ တော့ ညီမကလေး ၏ လှုပ်ရှားမှု က မြန်ဆန် သွက်လက် လာ၏ ။ ဆန် နှစ်ဘူး ကို ထမင်းပေါင်းအိုး ထဲ ထည့် ၊ ဆန်ဆေး ပြီး လျှင် အဖုံး အုပ် ၍ မီးဖိုခန်း ထဲ ရှိ လျှပ်စစ်ပလတ်ပေါက် နှင့် ထမင်းပေါင်းအိုး မှ လျှပ်စစ်မီးခေါင်း ကို ဂရုတစိုက် ဆက်သွယ် လိုက်၏ ။ ပြီးနောက် လျှပ်စစ်မီး ပြတ် လျှင် အခက်အခဲ မရှိရန် မီးသွေးမီးဖို ကို မီးမွှေး လျက် ရေနွေးအိုး တင်သည် ။

အဲသည် နောက် ... ကျယ်ဝန်းခိုင်ခံ့သော မီးဖိုခန်း သမံတလင်း ကြမ်းပြင် မှာ ကာယ လေ့ကျင့်ခန်း ကစား တော့သည် ။ ညီမကလေး က မင်းသမီး “ ဂျိန်းဖောင်ဒါ ” ၏ “ work out ” ဗီဒီယိုအခွေ ကို ခက်ခက်ခဲခဲ ဈေးကြီးကြီး နှင့် ရထားခဲ့သည်မှာ ၂ နှစ် ခန့် ရှိပြီ ။ ဂျိန်းဖောင်ဒါ ၏ ကစားဟန် ၊ ကစားကွက် တွေ ကို အကုန် အလွတ် ရနေခဲ့ပြီ ။ သို့တစေ ဗီဒီယိုအခွေ ကို တော့ အခွင့် အလမ်း ရသည် နှင့် ပြန်ပြန် ကြည့်လေ့ ရှိသည် ။ အမှန် မှာ ညီမကလေး က လှချင်တာ ထက် ကျန်းမာကြံ့ခိုင် လိုသော အာသီသ က ပို များသည် ။ ဂျိန်းဖောင်ဒါ လောက် အရပ်အမောင်း မကောင်း ပေ မဲ့ သူ့ လို ပဲ အလုံးအရပ် နဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် အချိုးအဆ ၊ ကြွက်သားတွေ ကျစ်ကျစ်လျစ်လျစ် ရှိချင်တယ် ... ဟု ညီမကလေး က သူ့ အထက် က အစ်မ ကလေး တစ်ယောက် အမေ ၊ ( အိမ်ထောင်သည် ) ကို ပြောဖူးသည် ။ အိမ်ထောင်သည်မ က သရော်ပြုံး ပြုံး သည် ။

“ လုပ်မနေပါ နဲ့ အထွေးလေး ရယ် ၊ ဝတဲ့ အမျိုး က ဝ မှာပဲ ။ မေမေ လည်း ဝတယ် ၊ ဖေဖေ လည်း ဝတယ် ၊ အစ်ကိုကြီး လည်း ဝ တာပဲ ။ မမကြီး လည်း ဝတာပဲ ၊ ငါ လည်း အပျိုတုန်း က ပြားချပ်ချပ် မဟုတ်လား ။ အခု အိမ်ထောင် လည်း ကျရော တားမရ ဆီးမရ ဝ လာတာပဲ ”

ညီမလေး က သူ့ ကို သရော်ခြင်း ၊ ဝေဖန်ခြင်း ကို မကျေနပ် ။

“ အင်းလေ စောင့် ကြည့်ကြသေးတာပေါ့ မမလေး ရယ် ။ အဲဒီ မျိုးရိုးဗီဇ လိုက်တယ် ဆိုတဲ့ အယူအဆကြီး ကို အထွေးလေး တော်လှန် ပြမယ် ။ ဒီ ခေတ် က ပုံတူလူသားတွေ ကို တောင် ဓာတ်ခွဲခန်း ထဲ မှာ ထုတ်လုပ် မွေးဖွား ပေးနိုင် တဲ့ တက်ခနိုလိုဂျီခေတ်ကြီး ဆို တာ မမလေး လည်း အသိပါ ”

ညီမကလေး ကာယ လေ့ကျင့်ခန်း ပြီးစီးချိန် နှင့်ပေါင်းအိုး ထဲ မှ ထမင်း နပ်ချိန် မှာ အချိန်ကိုက် ထား သလို တစ်ထပ်တည်း ကျနေသည် ။ ညီမကလေး က လျှပ်စစ် ခလုတ် ကို ပိတ် လိုက်၏ ။ ပြီးလျှင် ဆူပွက် နေသော ရေနွေးအိုး ထဲ မှ ရေနွေးများ ကို ဓာတ်ဘူး နှစ်လုံး ထဲ သို့ မျှ ထည့်သည် ။ မီးသွေးမီးဖို ပေါ် သို့ မနေ့ ညနေ က ချက်သော ဆိတ်သား နှင့် အာလူးဟင်းအိုး ကို တင်၍ ပြန်နွေး ထား လိုက်၏ ။

သည်နောက် မှာ တော့ ညီမကလေး ရေ ကမန်းကတန်း ချိုး နေသည် ။ ရေချိုး ပြီးလျှင် ထဘီရင်ရှား ဖြင့် တဘက်စကြီး ခြုံပတ် ထားလျက် ဘုရား ကပ်ရန် ဆွမ်းတစ်ပန်း ၊ ဆွမ်းခံကြွ လာမည့် ကိုယ်တော်တွေ ၊ ကိုရင်တွေ အတွက် ဆွမ်းလောင်းရန် ဆွမ်း တစ်ဇလုံ ခူး ၏ ။ ကျန်သော ထမင်း ကို သူ့ အတွက် စတီးချိုင့် နှစ်ဆင့် မှာ ဖိသိပ် ထည့်၏ ။ ကျန်သော ချိုင့် တစ်ဆင့် မှာ ဟင်း ထည့်ရမည် ။

ပြီးလျှင် ... ညီမကလေး က သနပ်ခါး ခပ်ထူထူ ကို ဘဲကြား လူးသည် ။ အင်္ကျီ အဝတ်အစား လဲရင်း မှန်တင်ခုံ ပေါ် က သူ့ နာရီကလေး ကို ဖျတ်ခနဲ ကောက် ကြည့်သည် ။ ၆ နာရီ တိတိ ။

ညီမကလေး က ဘုရား ဆွမ်းတော်ကပ် ၊ ရေချမ်း ကပ်နေစဉ် အိမ်ရှေ့ခန်း ခြင်ထောင် နှစ်လုံး ထဲ မှ ဖေဖေ နှင့် အစ်ကိုကြီး တို့ သားအဖ သည် တခူးခူး တခေါခေါ နှင့် သူနိုင် ကိုယ်နိုင် အပြိုင် ဟောက် နေကြဆဲ ရှိသည် ။ မေမေ က လည်း အတွင်းခန်း ထဲ မှာ အိပ် လို့ ကောင်းနေတုန်း ပဲ ရှိပါလိမ့်မည် ။ မနက် ၇ နာရီ ထိုးလုလု ကျ မှ သူတို့သုံးယောက် တစ်ယောက် ပြီး တစ်ယောက် နိုး ထ လာကြမည် က ဤ အိမ် ၏ဓ လေ့ ဖြစ်နေပြီ ။

ဘုရားရှင် ကို ရည်စူး ၍ ဆွမ်းကပ် ၊ ရေချမ်းကပ် ၊ ဝတ်ပြုပူဇော် ပြီး သော အခါ ညီမကလေး အလုပ် သွားဖို့ အသင့် ဖြစ် နေလေပြီ ။ အဝတ်သေတ္တာ ပေါ် မှ သားရေအစစ် ဆလင်းဘက် ထဲ သို့ ကျစ်လျစ်သပ်ရပ်စွာ လိပ်ထား သည့် ခေါက်ထီး ကို ထည့်သည် ။ ဆလင်းဘက် ကို ဘယ် ပခုံး မှာ လွယ် ၊ ဘယ် လက် ဖြင့် မြင်းခေါင်းတံဆိပ် သုံးဆင့် စတီးချိုင့် ကို ဆွဲကိုင် လျက် ညာဘက် လက်ချောင်း အချို့ဖြင့် တံခါးဂျက် ( ချက် ) များ ကို ဖြုတ်၏ ။ ညီမကလေး ၏ လက် ဆယ်ချောင်းစလုံး မှာ လက်သည်းရှည် မရှိကြပေ ။ ဆိုးဆေး လည်း ရေးခြယ်ထားခြင်း မရှိပေ ။ ခြေသည်း တိတိရိရိကလေးတွေ က လည်း ပုလဲသွေး ဖြင့် ဖွေးစင် နေကြ၏ ။

အိမ်ရှေ့ တံခါး ကို အသာအယာ ပဲ ပြန် စေ့ လိုက်သည် ။ ခြံဝင်း ထဲ သို့ ဆင်းလာခဲ့ကာ စေ့ရုံစေ့ ထားသည့် ခြံဝင်းတံခါး ကို ဆွဲ ဖွင့် လိုက်ပြန်၏ ။ ခြံ ဝင်း ထဲ မှ ထွက်ပြီး ခြံဝင်းတံခါး ကို ပြန် စေ့သည် ။ ခြံဝင်း ရှေ့ ကတ္တရာခင်းလမ်း ပေါ် သို့ အတက် မှာ ဘယ် လက်ကောက် ဝတ် ရှိ လက်ပတ်နာရီကလေး ကို မြှောက် ကြည့်လိုက်၏ ။ ၆ နာရီ ၁၅ မိနစ် ။ အချိန်နာရီ နှင့် အံကိုက် လှုပ်ရှားနိုင်စွမ်းသော သူ့ ကိုယ် သူ အံ့သြ နေမိတော့သည် ။ သည်လို ... အချိန် တိတိကျကျ လှုပ်ရှားနိုင် မှ လည်းပဲ ညီမကလေး အလုပ် မှာ အဆင် ပြေ မည် ဖြစ်သည် ။ သူတို့ ကုမ္ပဏီ က အလုပ် ဝင်ချိန် ၅ မိနစ် နောက်ကျလျှင် တစ်ရက်လုပ်ခ ဖြတ်တောက်ခြင်း ဖြင့် ဒဏ် တပ်သည် ။ ထိုသို့ သုံးကြိမ် သုံး ခါ နောက်ကျပြီ ဆိုလျှင်တော့ အလိုအလျောက် အလုပ် ပြုတ် ပြီသာ မှတ် ။ ခက်ခက်ခဲခဲ ရှာထားရသည့် အလုပ် ကို ညီမကလေး ဘယ်နည်း နှင့် မျှ လက် လွတ် မခံနိုင်ရှာပါ ။

အိမ် မှာ က လစဉ်ဝင်ငွေ သုံးမျိုး သုံးစား ရှိသည့် အနက် ညီမကလေး ၏ ဝင်ငွေ က အများဆုံး ဖြစ်သည် ။ ဖေဖေ မေမေ တို့ ၏အငြိမ်းစားလစာငွေ နှစ် ရပ်ပေါင်း က ဘာမျှ မပြောပ လောက် ။ အစ်ကိုကြီး က ဝင်ငွေ တစ်ပြား မျှ မရှိ ။ အိမ်ထောင် လည်း ပျက် ၊ အလုပ် လည်း ပြုတ်ကာ အစ်ကိုကြီး သည် ခပ်တည်တည်ကြီး နှင့် ပဲ သေရည်ကျွန် ဘဝ ကို ခံယူ ထားသည် ။အိမ်ထောင်ခွဲ မမကြီး နှင့်မမလေး တို့ က လည်း ရံဖန်ရံခါ သာ ထောက်ပံ့ ကန်တော့ နိုင်ကြသည် ။ ညီမကလေး က နည်းပညာကောလိပ် တစ်ခု မှ ဒီပလိုမာ ရသည် နှင့် လစာ ကောင်းသော ကုမ္ပဏီ မှာ အလုပ် ရခဲ့၏ ။ လျှောက်ထားသူ ဦးရေ ၅၀ ကျော် ထဲ က နေ ညီမကလေး နှင့် အခြား နှစ်ယောက် တို့ သာ အရွေးချယ် ခံ ခဲ့ရခြင်း ဖြစ်၏ ။ ခုတော့ ... ညီမကလေး လုပ်သက် ၂ နှစ် နီးပါး ရှိခဲ့ပြီ ။

အသက် ၂၁ နှစ် ထဲ ဝင်လာစ ပြုသည့် အချိန် မှာ စာပေးစာယူအ ဆင့် ၊ ပဝါတစ်ကမ်း လက်တစ်လှမ်း အဆင့် က ရည်စား အမည်ခံ ( မိတ်ဆွေ ) တွေ ကိုလည်း သံယောဇဉ် ဖြတ်နိုင်အောင် ညီမကလေး ကြိုးပမ်းခဲ့သည် ။ မိဘ နှစ်ပါး ၏ ကျေးဇူး နှင့် သောင်သာချိန် တုန်း က ညီမကလေး ၏ ပညာရေး စရိတ် ကို တာဝန်ယူ ခဲ့သည့် အစ်ကိုကြီး ၏ ကျေးဇူး ကို ဆယ်နှစ်ဆယ်မိုး ပေးဆပ်ဦးမည် ဟု ညီမကလေး ရည်မှန်းထားခဲ့၏ ။

ဆောင်းဦးပေါက် ကာလ ဖြစ်၍ ညီမကလေး အိမ် က ထွက်လာချိန် အထိ နေရောင် ကောင်းကောင်း မပွင့်သေး ။ ကောင်းကင် သည် ပျပျမှိုင်းရီ နေတုန်း ပဲရှိ၏ ။ လမ်း ပေါ် မှာ ရွေ့လျား နေကြသော ပုရိသ အချို့က လမ်းလျှောက် ဟန် ဖျတ်လတ်ပေါ့ပါး သော ညီမကလေး ကို အလေးတမူ ကြည့်ကြသည် ။ ညီမကလေး က သူတို့ ကို ဥပေက္ခာ ရှု ထားလိုက်သည် ။

ဘတ်စကား မှတ်တိုင် သို့ ရောက်သော အခါ ဘတ်စ်ကား စောင့် ပရိသတ် သည် ပွဲလမ်းသဘင် တစ်ခုနှယ် စည်ကားသိုက်မြိုက် နေခဲ့ပြီ ။ နေရောင် က လည်း လင်းလင်းချင်းချင်း ဝင်းလက် လာသည် ။ ညီမကလေး က စုစုရုံးရုံး လူအုပ် ကြားထဲ သို့ မဝင်ဘဲ လွတ်လွတ်ခါခါ ပလက်ဖောင်း တစ်နေရာ မှာ ရပ် နေလိုက်၏ ။ ညီမကလေး ရပ် မိ ၍ မိနစ်ဝက် အကြာ မှာ ညီမကလေး ၏ အနီး ၃ ပေ ခန့် အကွာ မှာ လူတစ်ယောက် စီးကရက် ဖွာရင်း လာ ရပ်သည် ။ စီးကရက် နံ့ ရ၍ အမျိုးသား တစ်ယောက်မှန်း သိသော်လည်း ညီမကလေး က လှည့် မကြည့်ပါ ။

ထို သူ က တော့ ညီမကလေး ၏ ဘေးတိုက် အနေအထား ကို မျက်လုံး မသိမသာ စွေ ၍ သူခိုး ကြည့် ကြည့် နေသည် ။ တစ်ခဏ နေ မှ ထို သူ သည် ညီမကလေး အနီး သို့ ဖြည်းညင်းစွာ တိုးကပ် သွားသည် ။

“ ဟေ့ ညီမကလေး ငြိမ်ငြိမ် နေနော် ”

သူ့ အသံ က ညင်သာတည်ကြည် သော်လည်း ညီမကလေး အလန့် တကြား ဆတ်ခနဲ လှည့်ကြည့်၏ ။ ညီမကလေး ၏ နဂိုနေ ဝန်းစွဲ ကြသော မျက်လုံးအစုံ သည် နံနက်ခင်း နေရောင် နှင့် အပြိုင် ရွှန်းတောက် နေကြသည် ။

“ မလှုပ်နဲ့ ကွ မင်း ရဲ့ ဘက်ဘက် လက်ပြင် ပေါ် မှာ အိမ်မြှောင် တစ်ကောင် ကပ်နေတယ် ။ လှုပ်ရင် လန့်ပြီး မင်း ရဲ့ အင်္ကျီ ထဲ ဝင် သွားလိမ့်မယ် ”

ညီမကလေး က မှင်သက်မိ ငေးကြောင် နေစဉ် ထို သူ ၏ ရှည်လျားသော ဘယ်လက်တံ က လှစ်ခနဲ ဝဲမြောက် သွား၏ ။ သူ က လက်ခုံ ဖြင့် အိမ်မြှောင် ကို ပုတ်ချ လိုက်ခြင်း ဖြစ်လေသည် ။ အိမ်မြှောင် သည် ပလက်ဖောင်း ပေါ်သို့ အကျ မှာ အမြီးပြတ် သွားပြီး ပြတ်သည့် အမြီး က ဆွေ့ဆွေ့ခုန် တုန်ယင် နေသည် ။

“ ဟိုမှာ ကြည့်ပါလားကွ ”

ညီမလေး က ယောင်တိယောင်န နှင့် ထို သူ လက်ညိုး ထိုး ပြရာ သို့ တစ်စောင်း လှည့်၍ ငုံ့ ကြည့်သည် ။ ညီမကလေး ၏ ဘယ်ဘက် ခြေချောင်း တွေ အနီး ပလက်ဖောင်း အင်္ဂတေပြား ပေါ် မှာ ဆတ်ဆတ်ခုန် နေသည့် အိမ်မြှောင် အမြီးပြတ် နှင့် မလှုပ်မယှက် ပြူးကြောင် ငြိမ်သက် နေသော မီးခိုးရောင် အမြီးမဲ့ အိမ်မြှောင် ကို ညီမကလေး ရင်ဖို မောလှိုက်စွာ တွေ့ မြင်ခွင့် ရ၏ ။ ချက်ချင်း ညီမကလေး ၏ မျက်လုံးတွေ ပြူးဝိုင်း လာကြလျက် ညီမကလေး ကိုယ်တိုင် ထ ခုန် လိုက်၏ ။ လက် ထဲ က ထမင်းချိုင့် လည်း လွတ်ကျ သွားသည် ။

“ အမလေး ဘုရား ဘုရား လုပ်ကြပါဦး ”

ညီမကလေး သည် ငယ်သံ ပါ အောင် စူးစူးဝါးဝါး အော်လိုက်ရာ ညီမကလေး ၏ ဟစ်အော်သံ က လမ်း ပေါ် မှာ ပြေးလွှား နေကြသော ကားမျိုးစုံ ၏ အင်ဂျင်ခုတ်သံတွေ ၊ ဟွန်းတီးသံတွေ ကို ပါ ဝါးမျို ပစ် လိုက်လေတော့သည် ။

ထိုမျှသာ မက ညီမကလေး သည် သူစိမ်း ယောက်ျား ၏ ရင်ခွင်ကျယ်ကြီး ထဲ သို့ ပါ ကမူးရှူးထိုး ဝင်ရောက် တွယ်ဖက် မိပြန်သေး၏ ။ သူစိမ်းယောက်ျား က လည်း ယောင်ယမ်း ပြီး ညီမကလေး ကို ပြန် ဖက် ထားလိုက်၏ ။

ထိုနေ့ က ညီမကလေး သည် ကြောက်သွေး ကော ရှက်သွေး ပါ မွှန် လျက် အလုပ်မသွား ဖြစ်တော့ချေ ။ တင်မြင့်ကျော် က ညီမကလေး ကို အိမ်တိုင်ရာရောက် စောင့်ရှောက်လိုက်ပို့ ပေးခဲ့သည် ။

နောက် ၁ နှစ် နှင့် ၆ လ အကြာ တစ်ည ၌ သက်မာထွန်း က အိပ်ရာ ထဲ တွင် အိပ်ချင်မူးတူး ဖြစ်နေသော တင်မြင့်ကျော် ၏ မျက်နှာ အနီး သို့ ကပ်ပြီး တိုးတိုးဖွဖွ ပြောသည် ။

“ ကိုကို အိပ်နေပြီလား ၊ ကိုကို့ ကို ညီမကလေး တစ်ခါ မှ မပြောဖူးသေး တဲ့ စကားတစ်ခွန်း ပြောပြမလို့ ”

တင့်မြင့်ကျော် ၏ မျက်လုံးတွေ ပွင့်လာကြ၏ ။

“ ဘာ ပြောမှာလဲ .. ညီမကလေး ”

“ ညီမကလေး က လေ အိမ်မြှောင် တို့ ပိုးဟပ် တို့ မပြောနဲ့ ။ ပုတ်သင်ညို တို့ ကင်းလိပ်ချော တို့ ကို လည်း မကြောက်တတ်ဘူး ။ တောက်တဲ့ ကို တောင် မှ မကြောက်ဘူး ။ အဲ ... ညီမကလေး ကြောက်တာ က အိမ်မြှောင် အမြီးပြတ် ပဲ ။ အမြီးတိုကလေး ရော့ ( ခ် ) အင်ရိုး ( လ် ) က နေတာကို မြင် ရရင် အသည်း ယား ပြီး တအား ကြောက်တာပဲ သိလား ”

“ ဒါဆို ... မင်း ဘာလို့ အိမ်မြှောင် အမြီးပြတ်ကြီး ကို လက်ထပ် ထားရသေးလဲကွ ”

ညီမကလေး ဆတ်ခနဲ ထ ထိုင်ပြီး ထဘီ ပြင် ဝတ်သည် ။

“ ကိုကို ... ဘာကို ဆိုလိုတာလဲဟင် ”

“ ဖြည်းဖြည်း လုပ်ပါကွာ ။ သမီးကလေး လန့် နိုးသွားပါဦးမယ် ”

“ သမီး က ချိုချိုအ ဝစို့ပြီး အိပ်ပျော် နေပြီ ။ ကဲ ပြောပါ ကိုကို ၊ အိမ်မြှောင် အမြီးပြတ်ကြီး ဆိုတာ ဘာ အဓိပ္ပာယ်လဲ ”

သက်မာထွန်း အသံ ကျယ် လာပြီး ကျယ်လာသော အသံ က ကလေးဆိုး တစ်ယောက် ဂျီကျ ပူဆာသံ နှင့် တူနေ၏ ။

တင်မြင့်ကျော် သည် မျက်ခွံတွေ ကို ပြန် မှေး ထားလိုက်၏ ။

“ ကိုကို က လည်း ညီမကလေး ကို တစ်ခါမှ မပြောပြဖူးသေးတဲ့ စကား ကို ပြောပြမှာ ကွ ”

သက်မာထွန်း သည် ဂနာမငြိမ် အမူအရာ ဖြင့် ထိုင်ရာမှ လှဲ ချပြီး တင်မြင့်ကျော် ၏ ဝဲဘက် ပခုံး မှာ ခေါင်းမှီ ထား လိုက်သည် ။

“ မင်း ကို စ တွေ့ ရတဲ့ နေ့ ၊ စပြီး ချစ်မိတဲ့ အချိန် မှာ ကိုကို ကိုယ်တိုင် လူ မသိ သူ မသိ အိမ်မြှောင် အမြီးပြတ် ဖြစ်နေတာ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုကို့ ချစ်ဦး သူ က ကိုကို့ ကို ကြိုတင် အသိမပေးဘဲ သူ့ အိမ် က ပေးစားတဲ့ ဆရာဝန် နဲ့ လက်ထပ် သွားလို့ပဲ ။ ကိုကို အကြီးအကျယ် ခံစားပြီး အိမ်မြှောင်အမြီးပြတ် လို ထွန့်ထွန့်လူး ခဲ့ရတာပေါ့ ။ ညီမကလေး နဲ့ စ တွေ့ ရတဲ့ နေ့ မှာ ကိုကို အိမ်မြှောင် အမြီးပြတ် ဖြစ်နေတာ ခြောက်လ လောက် ရှိနေပြီ ”

“ ဟင် ... ဒါကို ခုကျ မှ ဘာလို့ ဝန်ခံ နေရတာလဲ လူလည်ကြီး ”

သက်မာထွန်း အသံ က ခြင်ထောင် ထဲ မှာ လှိုင်းထဂယက် ရိုက်သွားပြန်သည် ။

“ တိုးတိုး ပြောစမ်းပါကွာ ၊ မင်း အသံပြဲကြီး ကြောင့် သမီးကလေး လန့် နိုး သွားပါ့မယ် ”

“ မနိုးပါဘူးလို့ ဆိုနေ အိမ်မြှောင် အမြီးပြတ်ကြီး ရယ် ”

တင်မြင့်ကျော် ၏ လက် တစ်ဖက် က သက်မာထွန်း ကို ကျော်၍ နွေးထွေး စွာ အိပ်စက် နေသည့် သုံးလ သမီးကလေး ကို ခပ်ဖွဖွ စမ်းသည် ။

“ သမီးကလေး အိမ်မြှောင်အမြီးပြတ် တွေ ကို မကြောက်နဲ့ နော် ”

◾ကြူးနှစ်

📖 စတိုင်သစ် မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment