Saturday, September 28, 2024

ကောင်းကင်ယံ အမှောင်မှာ ကြယ်ရောင်စုံ တလက်လက်


 

❝ ကောင်းကင်ယံ အမှောင်မှာ ကြယ်ရောင်စုံ တလက်လက် ❞
━━━━━━━━━━━━
       မင်းဝေဟင်
━━━━━━━━━━━━
[ ၁ ]

ဆည်းဆာ တို့ ၏ အရောင်အဆင်း သည် ခပ်ဖျော့ ဖျော့အနေအထား မှ တစ်စတစ်စ မှိန်၍ မှိန်၍ လာသည် ။ ဆောင်းတွင်း ဘက်မို့ ထင်၏ ။ ပတ်ဝန်းကျင် ၏ အလင်း အကြွင်းအကျန် နုတ်သိမ်းပုံ က မြန်ဆန် လွန်းသည် ။ မကြာမီ မိုးစုံးစုံး ချုပ်တော့မည် ။

ဝန်းကျင် က သာ ပြောင်းလဲ သွားသည် ။ ညနေ မိုး မချုပ်ခင် ကတည်းက အဝေးပြေးလမ်းပေါ် ပြေးလွှား နေ သည့် ကားသည် အရင်အတိုင်း ။ တရိပ်ရိပ် ။ ကား ပေါ် မှာ လိုက်ပါလာသည့် မြမိုး ၏ စိတ် အစဉ်သည် လည်း အရင် အတိုင်း ။ တလိပ်လိပ် ။ ရန်ကုန် မှ ကား စ ထွက်စဉ် ကတည်း က ပြတင်းပေါက် ဘေးခုံမှာ နေရာရခဲ့သည်မို့ လမ်းဘေး မှ မြင်ကွင်းတို့ သည် မြမိုး အတွက် ရိုးခနဲ ၊ ရိပ်ခနဲ ။ ယခုလို မိုးစုံးစုံး ချုပ် သွားသည့် အချိန် ကျတော့ ကား ဆီမှ ထွက်နေသည့် မစို့မပို့ အလင်းကလေး က ဝန်းကျင် ၏ မှောင်မှောင်မည်းမည်း ထဲသို့ သူ့ အစွမ်းရှိ သလောက် တိုးဝင် ဖြာဆင်း နေသည် ။ ဒီဘက် ကမ္ဘာခြမ်း မှာ မှောင်ပြီ ဆိုလျှင် အခြား ကမ္ဘာ တစ်ဖက်ခြမ်း မှာ လင်း နေမလား ။ မြမိုး မသိ ။ နေမင်းကြီး က ကမ္ဘာ ၏ တစ်ဖက်ခြမ်းစီ ကို တစ်လှည့်စီ အလင်း ပေးတတ်သည် ဆိုသည်ကို တော့ မြမိုး ဖတ်ဖူး ၊ မှတ်ဖူးသည် ။ သည် အမှောင်တွေ ကုန်လွန်ခဲ့ လျှင် အလင်းတို့ က တစ်ဖန် ပြန်ရောက်ဦး မည်ဟု မြမိုး တွေးမိသည် ။ ယခုတော့ ကမ္ဘာ ၏ အမှောင် ဘက် အခြမ်းမှာ ရှိနေသည့် မြမိုး အတွက် ဝန်းကျင်သည် မှောင်လွန်း၏ ။ ထိုထက်ပို၍ မှောင်လိမ့်ဦးမည်လား ၊ သေချာသည် ။ ဘာကြောင့်ဆိုလျှင် သန်းခေါင် ရောက်ဖို့ အချိန် အများကြီး လို နေသေးသည် ။ ရောက်တတ်ရာရာ တွေးရင်း မြမိုး ဘေးခုံ ပေါ်မှ အောင်ဇော် ၏ ဟောက်သံ ကြောင့် မြမိုး အတွေး က ပစ္စုပ္ပန်သို့ ပြန်ရောက်၏ ။ ရန်ကုန် ကထွက်ပြီး ပဲခူး မရောက်ခင် အမြန်လမ်းမ ပေါ် ရောက် ကတည်းက အိပ် လိုက်လာခဲ့သည့် အောင်ဇော်  ယခု ကားစီး လာခဲ့သည့် အချိန်ပင် သုံးနာရီ မက ရှိပြီ ။ ဘယ်မြို့ ဘယ်နေရာ သို့ ရောက်နေပြီ ဆိုသည် ကိုတော့ မြမိုး မသိ ။ အောင်ဇော် ကတော့ အိပ်တုန်းပင် ။ တခူးခူး နှင့်တောင် အသံ မြည်နေသည် ။ “ ငါ အိပ်ရေး ပျက်လာ လို့ပါဟာ ။ ည က ဘောလုံးပွဲတွေ ရှိတာနဲ့ တစ်ညလုံး မအိပ်ခဲ့ရဘူး ” ဟု တော့ ကား မထွက်ခင် ကတည်း က အောင်ဇော် ပြော နေသေးသည် ။

ပါလာသည့် တဘက်ဖြင့် အောင်ဇော့် ကို ခြုံ ပေးလိုက်၏ ။ ကားအဲယားကွန်း က အေးသည် ။ လက်ရှည် ဝတ် မလာသည့် အောင်ဇော် က သူ့ လက် နှစ်ဖက်ကို ရင်ခွင်မှာ ယှက်တင်ပိုက်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် နေသည် ။ အောင်ဇော် ၏ ဦးခေါင်း ထက်မှ အနီလိုလို ၊ အဝါလိုလို ရှုပ်ပွပွ ဆံပင်တို့ ကို လည်းကောင်း ၊ မျက်နှာပြင် နှင့် မေးစေ့ တစ်ဝိုက် မှ ငုတ်စိစိ ချွန်မြမြ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေး တို့ကို လည်းကောင်း ၊ လက်မောင်းရင်း မှ သည် လက်ကောက်ဝတ် အထိ မညီမညာ ရှုပ်ယှက်ခတ်စွာ ရှိသည့် ကြောင်ကြောင်ကျားကျား အရောင်စုံ တက်ကူးရုပ် တို့ ကိုလည်းကောင်း မြမိုး  အပြန်ပြန် အလှန်လှန် ကြည့်ရင်း အောင်ဇော် ၏ အိပ်စက်နေမှု အပေါ် မနာလို တောင် ဖြစ်မိသည် ။

အခြား အချိန် အခြား နေရာမှာ ဆို “ မသာ ၊ သေခြင်းဆိုး ၊ သေလို့ကို မဝနိုင်ဘူး ” ဟု မြမိုး က ပြောမိနေမည် လား ၊ မသေချာ ။ ယခုမူ အောင်ဇော် က မြမိုး အတွက် ကျေးဇူးရှင် ။ မြမိုး ၏ လမ်းခရီး အတွက် အခိုင်ခံ့ဆုံး တံတားတစ်စင်း ။ မြမိုး ၏ အနာဂတ် အိပ်မက် အတွက် မရှိမဖြစ် လိုအပ်သူ ။ သို့ဆိုလျှင် အောင်ဇော် က မြမိုး ၏ ရည်းစား လား ဟု မေးလျှင် “ မဟုတ် ” ဟုဖြေမည် ။ သို့ သော် ရည်းစား တစ်ယောက် ၏ ရင်းနှီးမှု ထက် အဆ ပေါင်းများစွာ သာ၏ ။

“ ငါ ... အဲဒါတွေ မလုပ်တော့ဘူး ဆိုတာ နင် လည်း သိနေတာပဲ မြမိုး ။ အဲဒီ ခရီးတွေ ကို မထွက်တော့ဘဲ ငါ့ ဘာသာ ငါ ကောင်းရောင်း ကောင်းဝယ် ဘောလုံးပွဲ လောင်းစား ၊ နှစ်လုံးထီ ဒိုင်ကိုင်စားနေတာပဲ ကြာပဲကြာ လှပြီ ။ အမှုတွဲ ထဲ ဆွဲမထည့်ချင် စမ်းပါနဲ့ဟာ ။ နင် ကစား မယ့် ကစားကွက်ကြီး က ရိုးနေပြီ ”

“ နင် အဲဒါတွေ မလုပ်တော့ဘူး ဆိုတာ ငါသိပါ တယ် အောင်ဇော် ရယ် ။ ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာ ဘာမှ မရှိဘူး ဆိုတာ နင်အသိ ။ ဈေးကိုင် မနေစမ်းပါနဲ့ ။ ဒီကိစ္စက လည်း နင် ကူညီမှ ရမှာမို့ပါ ။ ငါ့ ကို မကူညီချင် ရင်တောင် ငါ့ သမီးလေး မျက်နှာ ထောက်ပြီး ကူညီပါဟယ် ”

“ ဟမ် ... နင့် သမီး မျက်နှာ ထောက်ရအောင် ငါ က နင့် သမီး အဖေ မဟုတ် သလို နင့် လင် လည်း မဟုတ်ပါ ဘူးဟာ ။ ငါ့ နှယ် နင့် စကား ကလည်း လူ ကြားလို့ မှ မကောင်း ၊ ငါ က လင်ငယ်လုံးလုံး ဖြစ်ရတော့မယ့် ကိန်းပဲ ”

အဲ့သည်တုန်းက မြမိုး က မသာကောင် ၊ သေခြင်း ဆိုးချင်း မိုးမွှန်အောင်ဆဲ၏ ။ ဆဲရုံမက အောင်ဇော် ၏ ကျောကုန်း ကို တဗုန်းဗုန်း ထုပစ်၏ ။ ကွမ်းတွေ ငုံထားရာ မှ ပြန်ဆဲသည့် အောင်ဇော် ၏ ဆဲသံတို့ ကိုတော့ မြမိုး  ပီပီ ပြင်ပြင် မကြားရ ။

•••••   •••••   •••••

[ ၂ ]

အောင်ဇော် နှင့် စပြီး ဆုံသည့် အချိန်က မြမိုး ဘဝ က အတော်ပင် အရောင် စုံနေပြီ ။ အောင်ဇော် က အမှန်တကယ် တော့ နာမည် သတင်း မချောသော်ငြား ရုပ်က ချော၏ ။ အောင်ရဲလင်း လိုလို ၊ ကောင်းပြည့် လိုလိုဖြင့် အရပ်က ထောင်ထောင်မောင်းမောင်း နှင့် မို့ တော်ရုံတန်ရုံ မိန်းကလေးတွေ ကြွေ၏ ။ တော်ရုံတန်ရုံ မိန်းကလေး ထဲ တွင် မြမိုး မပါ ။ မြမိုး က အဲသည့်အချိန်မှာ တော်ရုံတန်ရုံ မိန်းကလေး မဟုတ် ၊ မနူးမနပ်အရွယ် မဟုတ်တော့ ။ အသက်က နှစ်ဆယ့်ငါးနှစ် မပြည့်ချင်သေးသော်ငြား သမီး တစ်ယောက် ပင် ရနေပြီ ။ သို့သော် အိမ်ထောင်တော့ မကျဖူးသေး ။

အောင်ဇော် နှင့် တွေ့ ပုံက ခပ်ရိုးရိုး ။ နည်းနည်းမှ အဆန်းတကြယ် မရှိ ။ အဲသည်တုန်းက မြမိုး က လှည်းတန်းမှာ မြမိုး တို့ ရွာဘက် က မိန်းကလေး တစ်အုပ်နှင့် တိုက်ခန်းတစ်ခန်း ကို စု ငှားကြပြီး တိုက်ခန်းသော့ ကို မြမိုး က တစ်ချောင်း ယူလို့ တိုက်ခန်း ကို ဝင်ချင်သည့် အချိန် ဝင် ၊ ထွက်ချင်သည့် အချိန်ထွက် ။ ဘာ အလုပ်မျှ မရှိ သေး ။ သို့သော် မြမိုး လက်ထဲ ပိုက်ဆံ တော့ ထုပ်ထုပ် ပိုက်ပိုက် ရှိနေသေး၏ ။ အဲ့သည် အချိန်မှာ မြမိုး က တစ်နှစ်သမီးလေးကို ရွာ က အမေ့ ဆီမှာ ပြန်ထား ပြီးပြီ ။ တချို့ တစ်ဝက် သော ပိုက်ဆံတွေ ကို လည်း ခွဲခြမ်းစိတ်ဖြာ ခဲ့ပြီးပြီ ။

သည့်အရင် အချိန် မြမိုး ဘဝ က ရိုးစင်းပေမဲ့ အတော် ဆန်းကြယ်ခဲ့၏ ။ ရှုပ်ရှုပ်ထွေးထွေး မဖြစ်သော်ငြား ဆူဆူ ပူပူတော့ ဖြစ်ခဲ့သည် ။ မြမိုး က ရန်ကုန်တိုင်းဒေသကြီး ထဲက ခရမ်းသုံးခွသူ ၊ သုံးခွမြို့ မှ လေးမိုင်ခန့် ဆက်သွားရ သည့် ရွာကလေး တစ်ရွာ က မြမိုး ဇာတိ ။

“ နိုင်ငံခြားသား တစ်ယောက် အိမ်မှာ အလုပ် လုပ်ရ မယ် ။ အိမ်ဖော် မဟုတ်ဘူးနော် ။ အိမ်ထိန်း သဘောမျိုး နေရမှာ ။ နိုင်ငံခြားသား က တစ်နေကုန် တစ်နေခန်း အလုပ်မှာပဲ နေမှာ ။ ပြန်လာရင်လည်း သူ့ ဘာသာသူ အပြင် က စားသောက်လာရင်လည်း သူ့ ညစာ အတွက် ဘာမှ တောင် ချက်ပြုတ်ပေးစရာ မလိုဘူး ။ တစ်ခါတလေ သူ သောက်မယ် စားမယ် ဆိုမှ ကိုယ်က လိုတာလုပ်ပေး ဖို့ပဲ ။ ဘာမှ ပင်ပင်ပန်းပန်း မလုပ်ရဘူး ။ လစာ လည်း အရမ်း ကောင်းမှာ ”

ရန်ကုန် က အဒေါ်ဝမ်းကွဲ ဖုန်းဆက်ပြောတော့ အမေ နှင့် နှစ်ယောက် တည်း ရှိသည့် မြမိုး က အမေ့ ကို တောင် မတိုင်ပင်ဖြစ် ။ အဒေါ်ဝမ်းကွဲ စကား ကို မြမိုး က တစ်ခါတည်း လက်ခံခဲ့ပြီးပြီ ။ အဒေါ်ဝမ်းကွဲ ဆိုသည်က မြမိုး တို့ဇာတိက ဆိုပေမဲ့ ရန်ကုန် မှာ နေခဲ့သည်မှာ ကြာ ပြီ ။ ရွာ ကို သုံးနှစ် တစ်ခေါက် ၊ လေးနှစ် တစ်ခေါက်ပင် ပြန်သည် ဟူ၍ မရှိ ။ အိမ်ထောင် ကျနေသည် ဟုလည်း မကြား ။ ဘာလုပ်သည် ဟူ၍ လည်း မြမိုး  သေချာ မသိ ။ သို့သော် ထို အဒေါ်ဝမ်းကွဲ က ရွာ ကို လာလျှင် အတော် ပြည့်စုံသူ ဖြစ်ကြောင်းတော့ မြမိုး သိ၏ ။

အဒေါ်ဝမ်းကွဲ အား ယုံကြည်လွန်းစွာ မြမိုး ရန်ကုန် တက် ချင်ခဲ့သည်လား ။ မဟုတ် ။ မြန်မာရုပ်ရှင် ၊ ဗီဒီယို တွေ ထဲ မှ ဇာတ်ကောင် မင်းသမီးများ လို ရွာ မှာ ကျန်ခဲ့သည့် အမေ ဖြစ်သူကို ပြည့်ပြည့်စုံစုံ ထားချင်၍ ရန်ကုန် တက် ချင်ခဲ့သည်လား မဟုတ် ။ မဟုတ် ။ သို့သော် အဲ့သည့် အချိန်က ရွာ မှာ မြမိုး မနေချင်သည် မှာတော့ သေချာသည် ။ ရွာ မှာ မြမိုး နှင့် ရည်းစား အဆင့်ထက် ပိုရုံမက လင်မယားအဆင့် အထိ ချစ်သူရည်းစား ဖြစ်ခဲ့ဖူးသည့် သန့်ဇင် ဆိုသည့် ကောင်ကို  မြမိုး မကြည့်လို ။ ထို့အတူ သန့်ဇင် နှင့် လက်ထပ်မည့် မြမိုး နှင့် တစ်ရွာတည်းသူ ချိုထွေး ကို လည်း မြမိုး မမြင်လို ။ သူတို့ ၏ မင်္ဂလာ ပွဲမှာ ရွာ၌ မြမိုး မနေလို ။ ရှင်း၏ ။

အဒေါ်ဝမ်းကွဲ ပြောသည့် နိုင်ငံခြားသား တစ်ယောက် တည်း နေသည့် တိုက်ခန်း မှာ အလုပ် ဝင်ရသည့် နေ့ အထိ နိုင်ငံခြားသား ဆိုသည် ဘယ် နိုင်ငံ က မှန်းပင် မြမိုး  မသိခဲ့ ။ နိုင်ငံခြားသား ဆိုသူ က လည်း မြမိုး ကို လွယ်လွယ်ကူကူ တော့ဖြင့် လက်ခံခဲ့သည် မဟုတ် ။ အွန်လိုင်း မှ ပင် မြမိုး ၏ အလှဓာတ်ပုံများ ကို အဒေါ်ဝမ်းကွဲ က နိုင်ငံခြားသား ထံ ပို့ပေးရသေးသည် ဆို၏ ။ မြို့ထဲ ဆိုင်တစ်ဆိုင် မှာ လူချင်းလည်း နှစ်ကြိမ် တွေ့ ဆုံခဲ့ရသေးသည် ။ ထိုစဉ်က မြမိုး တစ်ယောက်တည်း မဟုတ် ။ အဒေါ်ဝမ်းကွဲ ဘေး မှာ ပါသေးသည် ။ အဲ့သည်နောက် မြမိုး  အလုပ် ရလေပြီ ။

နိုင်ငံခြားသား တစ်ယောက် တည်း နေသည့် တိုက်ခန်း သည် ကွန်ဒိုတိုက်ခန်းမို့ ကျယ်၏ ။ အခန်း ကို ငှားထားသလား ၊ အပိုင်လား ဆိုသည်ကိုတော့ မြမိုး  မသိ ။ မြမိုး က အဆိုပါ တိုက်ခန်း မှာ တစ်နှစ် အလုပ် လုပ်ရမည် ဟု အဒေါ်ဝမ်းကွဲ က ဆိုသည် ။ နိုင်ငံခြားသား က အသား တော်တော်ဖြူ၏ ။ သူ ဖုန်းပြောနေသည့်အခါ ၊ ဒါမှမဟုတ် မိတ်ဆွေ တစ်ယောက်ယောက် တိုက်ခန်း ကို ပါလာသည့် အခါ ပြောသည့်စကားများ က အင်္ဂလိပ်စကားများ ဖြစ် သည် ကိုတော့ ၈ တန်း အထိ ကျောင်းနေခဲ့ဖူးသည့် မြမိုး  သိ၏ ။ နိုင်ငံခြားသား က ဂျပန် - ဗီယက်နမ် နှစ်မျိုးပေါင်း ထားသည့် လူမျိုး ဟု နောက်ပိုင်းမှ အဒေါ်ဝမ်းကွဲ ပြော၍ မြမိုး သိရသည် ။ ရန်ကုန်မြို့ ၏ မည်သည့်ဌာန မှာ မည်သည့် အလုပ်ကို လုပ်သည် ကိုတော့ မြမိုး ယခုထိ မသိ ။

အစပိုင်းတွင် နိုင်ငံခြားသား က ရိုးပါသေးသည် ။ အဒေါ်ဝမ်းကွဲ ၏ အပြောအဆို အသွန်အသင် အောက်မှာ မြမိုး က လည်း မအ ခဲ့ပါ ။ မြမိုး ရွာကို မပြန်လို ။ ထိုထက် ပို၍ တိကျရလျှင် အသက် ၄ဝ စွန်းစွန်း နိုင်ငံခြားသား နှင့် နှစ်ယောက် တည်း တစ်မိုး အောက် မှာ နေရခြင်း အပေါ် မြမိုး ရင်ထဲ တထိတ်ထိတ် ဖြစ်မိပြီ ။ စိုးရိမ်ကြောက်လန့်စွာ ဖြစ်ခဲ့သည့် တထိတ်ထိတ် တော့ မဟုတ် ။ ရင်ခုန် စိတ်လှုပ် ရှားစွာ ဖြစ်တည်ခဲ့သည့် တထိတ်ထိတ် သာ ဖြစ်သည် ။

မည်သည့် အတွက်ကြောင့် နိုင်ငံခြားသား က အိမ် မှာ အဖော် တစ်ယောက် ခေါ်သနည်း ။ အဒေါ်ဝမ်းကွဲ မပြောခင် ကတည်း က မြမိုး ရိပ်မိသည် ။ မြမိုး က အဲ့သည် လောက်တော့ မအ ။ နိုင်ငံခြားသား နှင့် မြမိုး တို့ အဖြစ်က ရုပ်ရှင် မဆန်ခဲ့ပါ ။ မြမိုး လုပ်ရမည့် အလုပ် တစ်ခုကို မြမိုး ဘက်က တာဝန် ကျေအောင် ပီပြင်စွာ ထမ်းဆောင် ခဲ့ခြင်းသာ ဖြစ်သည် ။ မြမိုး တို့ အဖြစ် မှာ ပူပင်သောက မလို ။ နောင်တ မလို ။ အပေးအယူ ထက် ပင် အစစအရာ ရာ ပိုနေသေးသည် ။ ခြောက်လ ၊ သည်လိုနှင့် နောက်ထပ် ခြောက်လ ၊ အမှန်အတိုင်း ဝန်ခံရလျှင် မြမိုး ပျော်ပါသည် ။

“ အဲဒီလောက် ထိတော့ မဖြစ်နိုင်ဘူးထင်တယ် မြမိုး ၊ ညည်းဟာက ဟင်းစား ကောင်းကောင်း ရနေတာ တောင် ပိုက်ချက်ကို လိုက် ရှာချင်နေသေးတယ် ။ သူ့ အဆက်အသွယ် နဲ့ နောက်ထပ် ဒီထက် ကောင်းတဲ့ နေရာကို စဉ်းစားတယ်ဆိုရင်လည်း တော်သေးအေ ။ အခု ပြောတဲ့ ညည်းဟာ က ဟုတ်သေးပါဘူး ”

အဒေါ်ဝမ်းကွဲ ၏ စကား အဆုံး မြမိုး က အဟစ်ခနဲ မြည်အောင် အသံထွက် ရယ်လိုက်သည် ။ အဒေါ်ဝမ်းကွဲ ၏ စကား က နောက်ကျ နေပြီ ။ အစစအရာရာ ပြင်ဆင် ပြီး မှ မြမိုး က အဒေါ်ဝမ်းကွဲ ကို ပြောခဲ့ခြင်းဖြစ်သည် ။ မရောင့်ရဲလို ။ တစ်တက် စားလည်း ကြက်သွန် ၊ နှစ်တက် စားလည်း ကြက်သွန် ၊ မြမိုး က ထိုထို ကြက်သွန်တွေကို စားခဲ့ပြီးပြီ ။ မြမိုး အတွက် မထူး ။ အဲ့သည့် မထူးသည့် ကြားမှ ထိုထက် ကောင်းသော အဖြေ တစ်ခုကို မြမိုး  တွက် ထုတ်နိုင်ရမည် ။

“ အမယ်လေး ... ဒုက္ခပါပဲ မြမိုး ရယ် ။ ငါ အတန် တန် တားတဲ့ ကြား က ညည်း စွတ်လုပ်တယ် ။ အခု ညည်း လူကြီး က စကားပြန် က တစ်ဆင့် ငါ့ ဆီ ကို အကြောင်း ကြားလာပြီ ။ ညည်း အဲဒီမှာ အလုပ် မဝင်ခင် ကတည်း က ငါတို့ စာချုပ် တစ်ခု မှာ လက်မှတ် ထိုးခဲ့ရတယ်လေ ။ အင်္ဂလိပ် လို ရေးထားတဲ့ စာချုပ် မှာ လက်မှတ် သာ ထိုးခဲ့ တယ် ၊ ညည်းရော ငါရော ဘာ တစ်ခုများ နားလည်ခဲ့ကြ လို့လဲ ။ ကဲ ... အခု ညည်း လူကြီးက ပြောပြီ ။ စာချုပ်ပါ အတိုင်း တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် လည်း ကိုယ့် တာဝန် ကိုယ် ယူပြီး အလုပ် က ရပ်နားရမယ် ဆိုတာ ပါသတဲ့ ။ မဖြစ်နိုင်တာ ကို ညည်း မို့လုပ်တယ် ။ အခု ညည်း ဗိုက် ကို ညည်း က လွဲရင် ဘယ်သူမှ တာဝန် ယူမှာ မဟုတ်ဘူး ၊ စိတ်ပျက်ပါ့အေ ”

အဒေါ်ဝမ်းကွဲ ၏ စကားအဆုံး တုန်လှုပ်ချောက် ချားသွားသည် မဟုတ်သော်ငြား မြမိုး အတော်လေး တော့ ထိတ်လန့် သွားသည် ။ မြမိုး က မအ ။ သို့သော် အရာရာ ကို ချင့်ချိန်တွက်ဆ တတ်သည့် သူ တစ်ယောက် လည်း မဟုတ်လေပြန် ။ စဉ်းစားသည် ။ တွေးသည် ။ ဆက်ရမည့် ခရီးအတွက် အတတ်နိုင်ဆုံး အကောင်းချည်း ဖြစ် စေရမည် ။ နိုင်ငံခြားသား အပေါ် မြမိုး  သံယောဇဉ် ဖြစ်မိ သည်ကိုလည်း ဝန်ခံပါသည် ။ နိုင်ငံခြားသား က လူပီသ
ပါသည် ။ သို့သော် မြမိုး ကဲ့သို့ သံယောဇဉ် တော့ သူ့ တွင် မရှိ ။ အကောင်းဆုံးကို မြမိုး အတွက် စီစဉ် ပေးသည် ။ နောက်ထပ် တစ်နှစ် အလုပ် လုပ်စရာ မလိုဘဲ မြမိုး လခ ရခဲ့ပါသည် ။ လျော်ကြေး သဘောလား ၊ မြမိုး မသိ ။ ထို လုပ်ဆောင်ချက်သည် မြမိုး အတွက် နိုင်ငံခြားသား လုပ်ဆောင်ပေးသည့် နောက်ဆုံး လုပ်ဆောင်ချက် လည်း ဖြစ်သည် ။

•••••   •••••   •••••

[ ၃ ]

အောင်ဇော် နှင့် တွေ့ဆုံခြင်း က အဆန်းတကြယ် မရှိ ။ နိုင်ငံခြားသား ၏ ကောင်းမှု လက်ကျန် ခြေကပ် လက်ကပ် ကျန်ရှိ ငွေလေးဖြင့် ခြစ်ခြုတ် စားရင်း ၊ နောက် ထပ် အလုပ်ကောင်းကောင်း တစ်ခု တွေ့လိမ့်နိုး နှင့် ရန်ကုန်မြို့ ၏ ရင်ခွင် မှာ မြမိုး က ကျင်လည်နေစဉ် အတွင်း ။ အရင်က မရောက်ခဲ့ဖူးသည့် နေရာဒေသ စိမ်းစိမ်းများ အတွင်း မြမိုး သွားလာ လှုပ်ရှားစဉ် အတွင်း ၊ မြမိုး  က အဲ့သည့် အချိန်မှာ သမီး တစ်ယောက် မွေးပြီးပြီ ။ ရွာ က အမေ့ ဆီမှာ ပြန်ထားခဲ့ ပြီးပြီ ။

“ ရွှေဉာဏ်တွေ စူးရောက်ပါပေ့ မြမိုး ရယ် ။ နင့် ရဲ့ တောသူမ အတွေးနဲ့ များ မနိုင်တဲ့ ဇာတ်ကို နင် မို့ ကရ တယ်လို့ ။ ဟို နိုင်ငံခြားသား က တစ်နှစ်စာ ပေးသွားတာ ကိုပဲ ကျေးဇူးတင်ဦး ။ ငါ သာ နိုင်ငံခြားသား နေရာမှာ ဆိုရင် နင့်ကို ဖနောင့် နဲ့ ပေါက်ပြီးတောင် ရောင်းစားပစ် လိုက်ဦးမယ် ”

“ နင် ကတော့ ရောင်းစားဖို့ လောက်ပဲ တတ်တဲ့သူ ကိုး ဟဲ့ ။ ငါ လည်း အ,ပေမဲ့ မတုံးသေးဘူးဟေ့ ။ အခြေအနေ ကောင်းနိုင်တယ် ဆိုတာ အလိုလို သိနေလို့လည်း လုပ်မိတာပေါ့ဟယ် ။ ဒါနဲ့ အောင်ဇော် ဒီတစ်ခါ နင် တရုတ်နိုင်ငံဘက် လူကု-န်ကူးရင် ငါ့ ကို ပါ ကူးပါလား ”

ရင်းနှီးမှု အချိန်သည် တစ်ခဏမျှ သာ ။ နိုက်ကလပ် တစ်ခု မှာ အရက် အတူ မူးရင်း ဆုံသည့် နေ့နှင့် မည်မျှမှ မဝေးလိုက် ။ အောင်ဇော် နှင့် မြမိုး ငယ်ပေါင်းတွေ လို ဖြစ်သွားခဲ့သည် ။ နောက်ပိုင်း သူ့ အကြောင်း ၊ ကိုယ့် အကြောင်း ဖလှယ်ကြရင်း မြမိုး အကြောင်း အဒေါ်ဝမ်းကွဲ က လွဲလျှင် အစအဆုံး သိသူ နောက် တစ်ယောက် မှာ အောင်ဇော် ဖြစ်ခဲ့သည် ။ အောင်ဇော် ၏ ရုပ်ရည် ကြောင့်လား ၊ မဟုတ် ။ အပြောဆို ကြောင့်လား ၊ မဟုတ် ။ မည်သို့ မျှ ပြောရန် မသင့်သည့် ဘဝ တစ်ခု ကို အောင်ဇော့် ဆီ မှ အမှန်တကယ် ကြားရခြင်းကြောင့်သာ ဖြစ်သည် ။

“ ငါ့ အကြောင်း အကုန် သိနိုင်တာလည်း နင် ပဲ မြမိုး ရဲ့ ။ ဘာကြောင့်မှန်းတော့ မသိဘူး ။ ငါ နင့် ကို ယုံတယ် ။ နင့် ဘဝ ကို ယုံတယ် ။ ဒါပေမဲ့ ငါတို့ အလုပ် မှာ ထောင် က လွဲရင် တန်း ဆိုတာ မရှိဘူး ။ ဒါပေမဲ့ ငါ ပျော်တယ် ။ နင် ပြောသလို မအူမလည် ကောင်မလေးတွေ နဲ့ အီစီကလီတွေ လုပ်တာ လျှော့ ဆိုတာတော့ မဖြစ်နိုင်ဘူးလေ မြမိုး ရဲ့ ။ ဒါက ငါ့ အလုပ်ပဲဟာ ။ ဒီ အလုပ် လည်း ခဏပါ ဟာ ။ ငါ က အမေ မွေး ကတည်း က ရုပ်ရည် က လွဲရင် ဘာတစ်ခု မှ ပြည့်စုံလာတဲ့ ကောင်မှ မဟုတ်တာ ။ ဒီ ရုပ် ကို ပဲ ဗန်းပြ လုပ်စားရတာပေါ့ ။ သိပ်တော့ မဆိုးဘူးဟ ။ ဒီအလုပ် က အခေါ်သာ ရိုင်းတာ ၊ သိပ်သက်သာတာ ။ ဘာ အရင်း စိုက်ရတာ မှတ်လို့ ။ တွေး ကြည့်ရင် ငါ့ အတွက် အမြတ်ချည်းပဲ ဟာ ဟ ”

သဝန်တိုခြင်း လည်း မမည် ၊ စိတ်ပူပန်ခြင်း လည်း မဟုတ် ။ မကျေနပ်ခြင်း လို့လည်း အမည် တပ်၍ မရလေသည့် ခံစားမှု ပုံစံဆန်း တစ်မျိုးဖြင့် မြမိုး က တစ်စွန်း တစ်စ ပြောမိလျှင် အောင်ဇော် က ပြန်ပြောနေကျ စကား များသာ ဖြစ်၏ ။ မြမိုး နှင့် အောင်ဇော် က အီစီကလီ မဟုတ် ။ ရည်စား ဖြစ်ဖို့ ဆိုလျှင် အင်မတန် ဝေး၏ ။ သို့ သော် အဖြူစင်ဆုံး ဖြူစင်မှုဖြင့် ပတ်သက် ခဲ့ကြသည် တော့ မဟုတ် ။ တစ်ခါတစ်ရံတွင် သူငယ်ချင်း ၊ နောက် ထပ်တစ်ခါတစ်ရံတွင် ထိုထက်များစွာပိုသည့် အသွေး အသား ဖလှယ်ဖော် ဖလှယ်ဖက် ။ တစ်ခါတစ်ရံ ဆိုသည် ကြိမ်ဖန် များလှသည် တော့ မဟုတ် ။ အောင်ဇော့် ကို မြမိုး  က တွယ်တာသည် ။ အောင်ဇော့် အလုပ်တွေ ကို မြမိုး က စိတ်ဝင်စားသည် ။ ခံစားချက် တစ်စုံတစ်ရာ ကြောင့် မဟုတ် ။ ထိုထက် ပို ခဲ့ပါသည် ။

•••••   •••••   •••••

[ ၄ ]

“ ငါ့ မှာ ဒီ နည်းလမ်း က လွဲရင် အခြား ဘာ တစ်ခုမှ မရှိဘူး အောင်ဇော် ။ နင် ပြောတဲ့ ထောင်နှုတ်ခမ်း ကို ငါ က ပတ်ပြေး ချင်တဲ့ သဘော မဟုတ်ပါဘူး ။ ငါ့ မှာ ပညာ မရှိဘူး ၊ ပိုက်ဆံ မရှိဘူး ၊ ကျောထောက် နောက်ခံ မရှိ ဘူး ။ ငါ အနီးကပ် ပတ်သက်ခဲ့ဖူးတဲ့ သူ ဆိုတာ တောင် နင် ပဲ ရှိတာ ။ ငါ့ ကို အကူအညီ ပေးဖို့ တောင်းဆိုတာဟာ နင့် အတွက် ထမင်းစား ရေသောက် ပါဟာ ။ ဒါမျိုး အရင် ကလည်း နင် အကြိမ်ကြိမ် လုပ်ဖူးနေကျ ပဲဟာ ။ ဒီ လမ်း က နင် ကူညီမှ ဖြစ်မှာမို့လေ ”

ဤ ခရီး မစခင် မှာ အောင်ဇော့် ကို ပြောခဲ့သည့် စကားများစွာ မြမိုး အာရုံ မှာ တရစ်ဝဲဝဲ ။ မြမိုး တို့ လိုက်ပါ လာသည့် ကား သည် အဝေးပြေး လမ်းမ ထက်မှာ တရိပ်ရိပ် ပြေးလျက် ။ အောင်ဇော် အပါအဝင် အခြားသော ခရီးသည်တွေသည်လည်း တရှူးရှူး အိပ်မောကျလျက် ။ ည သည် မှောင်မြဲ မှောင်လျက် ။

“ နင် ဒီ လမ်းကို မလျှောက်တော့ဘူး ဆိုတာလည်း ငါ သိပါတယ် အောင်ဇော် ရေ ။ နင် ပြောနေကျ အရင် ကောင်မလေးတွေ ဆိုတာ က နင် က ကုန်ကူးပေးလို့ တစ်ဖက်နိုင်ငံ ကို ရောက်ရသူတွေလေ ။ ငါ က သူတို့ နဲ့ မတူ ဘူး သိလား အောင်ဇော် ။ ဖြစ်ရော ဖြစ်ပါ့မလား ။ ဟုတ်လား အောင်ဇော်  ၊ အဟင်း ... ငါ က ဂျပန်မယား တစ်နှစ် ဖြစ်ခဲ့ ပြီးပြီပဲ အောင်ဇော် ရယ် ။ တရုတ်မယား ဖြစ်လာ မှာ ငါ့ အတွက် ဘာများ ထူးဆန်းမှာ မှတ်လို့ အဟက် ။ ပြီးတော့ နင် က လမ်းကြောင်း ကျွမ်းကျင်သူ မို့ ငါ့ ဘေး မှာ ပါခဲ့ပေမဲ့ ဒီ ခရီး ကို နင် က ဦးဆောင်သူ မဟုတ်ဘူး ။ ဟင့် အင်း .. မဟုတ်ဘူး ။ နင် က ငါ့ ကို ကုန်ကူးတာ မဟုတ် ဘူး ။ ငါ က သာ ငါ့ ဘဝ ကို ငါ့ ဘာသာ လိုလိုချင်ချင် ကုန်ကူးခဲ့တာ .. ဟား ဟား ”

ပြောခဲ့ဖူးသည့် စကား အား ပြန် ကြားယောင်ရင်း ကား အတွင်း ညမီးရောင် ပြာလဲ့လဲ့လေး ၏ အကူအညီ ဖြင့် အောင်ဇော့် ကို မြမိုး  ကြည့်မိသည် ။ ဤ ယောက်ျားကလေး ကို မြမိုး သံယောဇဉ် ဖြစ်မိတာ ဝန်ခံပါသည် ။ ပြီးလျှင် အာရုံ မှာ ပေါ်လာသည့် သံယောဇဉ် ဖြစ်မိရာ အဝန်းအဝိုင်း မှ တစ်ယောက်ချင်း ၏ ပုံရိပ်များအား မြမိုး တွေး မိသည် ။ အမေ ပါ၏ ။ သမီးလေး ပါ၏ ။ ပြီးနောက် .... ပြီးနောက် ။ မြမိုး ဆက် တွေး၏ ။ ငါ့ နှယ် ... ဘဝ မှာ သံယောဇဉ် တွယ်တာစရာ က လည်း နည်းလိုက်တာ ဟု တိုးဖွဖွ ရွတ်မိသေး၏ ။ သက်ရှိ .. ။ ဟုတ်သည် ။ သက်ရှိ တို့ က တော့ ကုန်ပြီ ၊ သက်မဲ့ ... ။ သိပ်ဟုတ်သည် ... ။ သက်မဲ့ ။

အောင်ဇော် က ပြော ဖူးသည် ။ အဆင် ပြေအောင် ကြိုးစား ။ အဆင် ပြေရင် ပြန် လာနိုင်အောင် လုပ် ။ ပြန်လာ လို့ ရမယ့် လမ်းကြောင်းတွေ လည်း ငါ သိတယ်တဲ့ ။ ပြီးတော့ .. နင့် နောက် မှာ မြန်မာနိုင်ငံကြီး ရှိနေသည် တဲ့ ။

တရိပ်ရိပ် ပြေးနေသည့် ကား က ဘယ်လမ်း ၊ ဘယ်မြို့ ကို ဆိုက်ရောက် နေသည် မြမိုး  မသိ ။ ရောင်နီတို့ ပျို့အန်တက် မလာသေးသည့် အခြေအနေ တစ်ခု မို့ မိုး လင်းရန် လည်း အတော် လိုပေလိမ့်ဦးမည် ။ မိုးလင်းခဲ့ လျှင် ... ။ သွားချင်သည့် နေရာ တစ်ခု သို့ လည်း ရောက် ခဲ့ပြီ ဆိုလျှင်တော့ ... ။

အောင်ဇော် ပြောသည့် မြန်မာနိုင်ငံကြီး ကို လည်ပြန် အနေဖြင့် တစ်ချက် လောက် တော့ မြမိုး စောင်းငဲ့ ကြည့်ဖြစ် ဦး မည် ထင်ပါသည် ။

▢ မင်းဝေဟင်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂၀၁၇ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment