Wednesday, September 25, 2024

ခင်သန်းနု အကြောင်း ဝတ္ထု


 

❝ ခင်သန်းနု အကြောင်း ဝတ္ထု ❞
━━━━━━━━━━━━━━
    ဇော်ဇော်အောင်
━━━━━━━━━━━━━━
အပြာရောင် နှင်းမြူဇာပဝါ ပါးပါးကလေး လွှမ်းခြုံထားတယ်လို့ .... ဝတ္ထုတစ်ပုဒ် ထဲမှာ ဖတ်ရ သည် ကို အမှတ်ရနေ၏ ။ ဆောင်းအကုန် နွေ အကူး ဒီလို ရာသီမျိုးမှာ တက္ကသိုလ်နယ်မြေသည် အလှဆုံး ၊ အသာယာ ဆုံး ၊ ကံ့ကော်ဝတ်မှုန် ဝတ်ဆံများ လေထဲမှာ ဝဲပျံနေ၏ ။ မွှေးပျံ့ကြည် သာသော ရနံ့များ သည် ကံ့ကော်ပွင့်တို့ တက္ကသိုလ်ကို လွှမ်းမိုးထားသည် ။ ကံ့ကော်ပင်တွေကြားမှာ အစိမ်းနုနု ဆေးသုတ်ထားသော ခုံတန်း လျားကလေးများ တိတ်ဆိတ်စွာ လှနေကြ၏ ။ နုပျိုသော အကြင်နာ များ  ၊ အတွယ်အတာများ သည် နေရာအနှံ့ပျံ့လျက် ။ အပူအပင်ကင်းသော ရ ယ်မောသံများ ၊ ရင်ခုန်သံ ရောယှက်သော သက်ပြင်းထွက်သက်နွေးနွေး များ ၊ ဟန်ဆောင် စိတ်ကောက်သော မျက်စောင်းချိုချို များ သည် ကံ့ ကော်ရွက်များကြားတွင် အချစ်သီချင်းတစ်ပုဒ်ကို သီဆိုနေကြ၏ ။ ဆွတ်ပျံ့သာမော ရင်ခုန်ရပါသော တက္ကသိုလ်မှာ ။

•••••   •••••   •••••

သန်းနု သည် တက္ကသိုလ်နယ်မြေ မှာ မွေး၍ တက္ကသိုလ်နယ်မြေ မှာ ပင် ကြီးပြင်းခဲ့ရ၏ ။ ရုပ်ရှင်မင်းသမီး ခင်သန်းနု  ရုပ်ရှင်စ ရိုက်သောနှစ်က သူ့ ကို မွေးခဲ့သည် ။ အဖေ က ခင်သန်းနု ကို အသည်းစွဲမို့ သူ့သမီး ကို ခင်သန်းနု ဟု နာမည် မှည့်ခဲ့၏ ။ ဘာကြောင့်မှန်း မသိ ၊ ဆိုင်တန်း တစ်တန်း လုံး ဘယ်သူမှ သူ့ ကို ခင်သန်းနု ဟု မခေါ်ကြ ။ သန်းနု ဟု သာ ခေါ်ကြသည် ။

တစ်ခါတစ်ခါ အမေ က ငယ်နာမည် ဘုတ်ဆုံမ ဟု ခေါ်ခေါ်နေသောကြောင့် စိတ်ညစ်ရသည်  ။ မခေါ်ဖို့ ပြောရသည် က အမော ။ ငယ်ငယ်က ဝဝကစ်ကစ် ချစ်စရာ ဘုတ်ဆုံမသည် ကြီးလာ၍ သန်းနု  ဖြစ်လာသောအခါ အလှသွေး ရွှန်းစိုစွာ ထူးထူးခြားခြားလှပနေ၏ ။ အဖေတို့ အမေတို့ အမျိုးတွေ အညာကျောက်ပန်းတောင်း က ဘုရား ဖူးလာကြတုန်းက မှတ်မိနေသေးသည် ။ တို့ အမျိုးထဲမှာ ဟောဒီ ကောင်မ အလှဆုံးပဲ ။ ရန်ကုန်သူ ကိုး အေ့ ။ နင့် အသားလေး က ဖြူဥနေတာပဲဟယ် ။ ငါ့ မြေးက မိန်းမချောကြီးဟဲ့ ။

ဝိုင်းဝန်းချီးကျူးသံတွေ ကြား သန်းနု သာယာခဲ့၏ ။ အပျိုဘော် မဝင်ခင်ကတည်းက သန်းနု သည် သူ့ အလှကို သူ သတိပြုမိ၏ ။ အချောအလှ တက္ကသိုလ်ကျောင်းသူ အစ်မတွေကို ကြည့်ပြီး စိတ်ထဲ ကျိတ် နှိုင်းယှဉ်ကြည့်မိသော အကြိမ်ပေါင်း မရေတွက်နိုင် ။ သန်းနု သည် သူ့အလှ ကို သူ သတိပြုမိ သိရှိသော မိန်းကလေး ဖြစ်၏ ။

•••••   •••••   •••••

မှတ်မှတ်ရရ အဖေ အဆောင်စားဖိုမှူး အလုပ် က အငြိမ်းစား ယူသော နှစ်မှာ သန်းနု ဆယ်တန်း အောင်သည် ။ တက္ကသိုလ် ဆက်တက်ဖို့ ၊ ဒီ တက္ကသိုလ်မှာ သူ့ ကိုမွေးခဲ့ ၊ သူ ကြီးပြင်းလာခဲ့ရသည် ။ ယခု လည်း ဒီတက္ကသိုလ်နယ်မြေ မှာ သူနေသည် ။ တက္ကသိုလ် သည် သန်းနု ဘဝ ပတ်ဝန်းကျင်ပင် ဖြစ်၏ ။

•••••   •••••   •••••

သို့သော် ပင်စင်ယူပြီးမှ အဖေ့ ကျန်းမာရေး ပိုဆိုးလာသည် ။ အရင် က သူတို့ ဆိုင် ကို အမေ ပင် ဦးစီးလုပ်ကိုင်လာခဲ့သည် ။ သူ မှတ်မိသမျှ ဟိုးငယ်စဉ်ကတည်းက အဖေ ဆိုသည် မှာ လည်း အဆောင် တာဝန်တွေ နှင့် ဆိုင်ကို သိပ်မကြည့်အား ။ အခု အဖေ ကျန်းမာရေး မကောင်းရသည့် အထဲ တွင် အမေ ကပါ ကျန်းမာရေး ထွေလာ၏ ။

အားကိုးလွှဲအပ်ရသော အမေ့ ညီမ အပျိုကြီး တစ်ယောက်ကလည်း မနှစ်ကပင် ဆုံးပါးခဲ့သည် ။ အကြောင်းကြောင်းများကို ထောက်၍ သမီးအကြီးဆုံးဖြစ်သော သန်းနု အပေါ်သို့ တာဝန်တွေ အလို အလျောက် ကျရောက်လာနေသည် ။ သူ တာဝန် ယူရလိမ့်မည် ။ ဆိုင် က လည်း အခြေတကျ အနေတကျ ဖြစ်နေပြီ ။

အဖေ နှင့် အမေ၏ ဆန္ဒကို ပြတ်ပြတ် ဆန့်ကျင်၍ သန်းနု  စာပေးစာယူသင်တန်း ကို လျှောက် လိုက်သည် ။ အမေ က တက္ကသိုလ် မှာ တက်ရန် ထပ်ပြောသောအခါ အမေရယ် သန်းနု မွေးကတည်း က တက္ကသိုလ် ကျောင်းသူ ဖြစ်လာတာပဲဥစ္စာ ဟု ရယ်မောလျှောချခဲ့၏ ။ ထိုအချိန်မှ စ၍ သန်းနု သည် ပေါ့ပါးလွတ်လပ်သော ကျောင်းသူဘဝ ကို စွန့်လွှတ်၍ ဘဝ ထဲ ကို ရဲရဲတိုးဝင်ကာ အိမ်ထောင်ဦးစီး ဆိုင်ဦးစီး အဖြစ်သို့ ရောက်မှန်း မသိ ရောက်လာခဲ့သည်  ။

•••••   •••••   •••••

သန်းနု ကောင်းကောင်း မှတ်မိနေသည် ။ တက္ကသိုလ်နယ်မြေမှာ ( ထိုနှစ် က ) ပထမဆုံး မိုးရွာ သောနေ့ ။ စနေနေ့ ။ ရက်ပေါင်း လပေါင်း အ တော်ကြာကြာ ၊ နှစ်ရာသီလုံးလုံး မိုးရေစက်တို့ မထိမတွေ့ ခြောက်သွေ့ ခဲ့သော မြေပြင်ပေါ်မှာ မိုးစက်များ စတင်ကျရောက် စိုစွတ်ခဲ့တဲ့ နေ့ ။ ထူး ခြားသင်းပျံ့သော မြေသင်းနံ့များ နှင့်အတူ အစ်ကိုမောင် သည် သန်းနု ဘဝ ထဲသို့ ဝင်လာခဲ့သည် ။ ပြန်စဉ်းစားကြည့်ရင် ရိုးရိုးစင်းစင်းကလေးပါပဲ ။ ၀တ္ထု ထဲ ရုပ်ရှင် ထဲ က လို မဟုတ် ။ သန်းနု ဆိုင်ထဲ သို့ ကျောင်းသား တစ်ယောက် ပြေးဝင်လာသည် ။

စနေနေ့ မို့ လူရှင်း၏ ။ ဆိုင်တန်းမှာ တစ်ခြား ဈေးဆိုင်တွေလည်း မထွက် ။ သန်းနု တို့ ကတော့ လပေးချိုင့်ဆွဲသမားတွေ ရှိ ၍ ချက်ပြုတ်ရသေး သော်လည်း အလုပ်ပါး သည် ။ အစ်ကိုမောင် ဆိုင်ထဲ ပြေးဝင် လာစဉ်က သန်းနု သည် လုံးထားသော ဝက်သားဟင်း ထဲ အနှစ် အဖြစ် ထည့်ဖို့ ကြက်သွန်ကြော်ဆီချက် ချက်ရန် ပြင်နေသည် ။ ဘာရလဲ ဟု မေး၏ ။ ညနေ သုံးနာရီ လောက် ။ သန်းနု က ဟင်းအမည်တွေ ပြောပြသည် ။ ခဏ ဆုတ်ဆိုင်းဆိုင်းလုပ်နေပြီး ကြက်အသည်း အမြစ် နှင့် ထမင်းမှာ သည် ။ သ န်းနု က ပြင်ပေး၏ ။ ထမင်းကို တို့ ကဆိတ် တို့ ကနန်းသာ စားသည် ။ လည်တဆန့်ဆန့် တမျှော်မျှော်နှင့် ဂျပ်ဆင်မျှော်စင် ဘက် ကိုသာ ကြည့် နေ၏ ။ တစ်ယောက်ယောက် နှင့် အချိန်းအချက် ရှိလို့ လာ စောင့်နေပုံ သိ သာလွန်းသည် ။

မိုးတိတ်သည် နှင့် ကျသင့်ငွေ ရှင်းပြီး ကမန်းကတန်းပြေးထွက်သွား သည် ။ ပြန်အမ်းသော အကြွေငါးမူး ကို ပင် ယူမသွား ။ ထိုနေ့က .. မိုး ပထမဆုံး စရွာသောနေ့ က မြေသင်းနံ့များ လွင့် ပျံ့နေဆဲ ၊ မိုးစက်တွေ ထဲ ကို ဖြတ်၍ အစ်ကိုမောင် သည် သန်းနု တို့ ဂျပ်ဆင်ရိပ်သာ ထမင်းဆိုင်အတွင်း သို့ သာမက သန်းနု ဘဝ ထဲ သို့ပါ ပြေးဝင်လာခဲ့သည် ။

•••••   •••••   •••••

နောက်တစ်နေ့ ၊ နောက်တစ်နေ့ ၊ နောက်နေ့ပေါင်းများ စွာ အစ်ကိုမောင်လာ၏ ။ လာတိုင်း အသည်းအမြစ်ဟင်း နှင့် ထမင်းမှာ စား၏ ။ ဒီလို နှင့်ပါပဲ ။ စိတ်ဝင်စားစရာကောင်းအောင် ၊ သဘာဝ ယုတ္တိ အာဂမယုတ္တိ တွေနှင့် ကိုက်ညီအောင် စာဖတ်သူများ စွဲမက်အောင် ၊ ဝေဖန်ရေးဆရာများ ၏ ချီး ကျူးခြင်းခံရလောက်အောင် ကောင်းမွန်အနုပညာမြောက်စွာ ရေးဖွဲ့ထားသော ၀တ္ထုထဲကလိုတော့ ဟုတ်ချင်မှ ဟုတ်မည် ။ မင်းသား မင်းသမီး တွေ့ဆုံချစ်ကြိုက်သွားကြပုံ မြန်လွန်းသည် ။ လွယ်လွန်း သည် ဟု ပြောကောင်း ပြောနိုင်ပေလိမ့်မည် ။

အဆန်းတကြယ် မဟုတ်လှစွာ သန်းနု အစ်ကိုမောင် နှင့် ချစ်ကြိုက်သွားခဲ့၏ ။ သို့သော် သန်းနု  သည် အစ်ကိုမောင့်အ ချစ်ကို လက်ခံ၍ သူ့ အချစ်ကို အစ်ကိုမောင် အား ပေးအပ်နိုင်ဖို့ အတွက် အိပ်မရ သော ညပေါင်းများစွာ ၊ ပြည့်ကျပ်မွန်းသိပ်စွာ ချခဲ့ရသော သက်ပြင်းပေါင်းများစွာ ၊ ထိတ်လန့်မှု ၊ တုန်လှုပ်မှု ၊ စိုးရိမ်မှု ၊ အားငယ်မှု ၊ ဝေခွဲမရမှုပေါင်းများစွာ ၊ ရင်ခုန်စက္ကန့်ပေါင်းများစွာ ၊ မျက်နက်ဝန်းမှာ စို့တယ်ဆိုရုံမျှ ဝန်းခို လာသော မျက်ရည်စပေါင်းများစွာ ကို စွန့်စားကျော်ဖြတ်ခဲ့ရကြောင်း သန်းနု သာ သိပေလိမ့်မည် ။

အစိမ်းရောင်ကား အသစ် လှလှကလေး မောင်း၍ အမြဲတမ်း သပ်သပ်ရပ်ရပ် သားသားနားနား ဝတ်စားတတ်သော အစ်ကိုမောင် သည် သန်းနု ဘဝ ထဲသို့ ဝင်လာရုံမျှ မကတော့ ။ အတော်စိုးမိုး နေရာယူ လာပြီ ။

အစ်ကိုမောင် သီချင်းဆိုသည် ။ ဂစ်တာတီးသည် ။ ရုပ်မြင်သံကြားမှာ မကြာခဏ အစ်ကိုမောင်တို့ ဝိုင်း လွှင့်ရသည် ။ အစ်ကိုမောင် လှေလှော်ရွက်တိုက်သည် ။ အင်းလျား လှေလှော်ရွက်တိုက်အသင်း ပွဲတစ်ပွဲ  မှာ တစ်နှစ်က အစ်ကိုမောင် ဆုရဖူး၏ ။

အစ်ကိုမောင် တင်းနစ်ရိုက်သည် ။ သိမ်ဖြူကွင်းမှာ တစ်နှစ်က အစ်ကိုမောင် ဆုရဖူးသည် ။ အစ်ကိုမောင် စာမေးပွဲ အောင်သည် ။

ကမ္ဘာပေါ်တွင် အစ်ကိုမောင် သည် အချောဆုံး ၊ အလှဆုံး ၊ အသားနားဆုံး ၊ အအောင်မြင်ဆုံး ၊ အကျော်ကြားဆုံး ၊ သူ အချစ်ဆုံး ဟု သန်းနု စွဲမြဲ ယုံ ကြည်ယူဆထားသ။

•••••   •••••   •••••

တစ်နေ့ ။

မနက်အစောကြီး အစ်ကိုမောင် ရောက်လာ၏ ။ လက်ထဲမှာ ကံ့ကော် ပန်းတွေ တပွေ့တပိုက် ကြီး ။ ဒဂုံအဆောင်ရှေ့ က သူ ကိုယ်တိုင် တက်ခူး လာသည် ဟု ပြော၍ သန်းနု ကို ပေးသည် ။ သန်းနု  သည် ဟင်းချိုအိုး ပွက်အောင်စောင့်ရင်း ဖတ်လက်စ သမိုင်းစာစဉ်ကို ချထား၍ အစ်ကိုမောင် ကို အပြုံးနှင့် ကြို၏ ။ ညနေ လှည်းတန်းဈေး မှာ တွေ့မယ် ဟု ပြောပြီး ကပျာကသီ ပြန် ထွက်သွားသည် ။ မနက် အတွက် ညနေ ကတည်းက လှည်းတန်းဈေး မှာ ဟင်းလျာ သားငါး ဝယ်ထားရသည် ။

ထိုညနေ သန်းနု ဈေးသွားတော့ အစ်ကိုမောင် ဈေးထိပ်က စောင့်သည် ။ ဈေးထဲမှာ အတူဈေး ဝယ်၏ ။ အစ်ကိုမောင် က ခြင်းတောင်း ကို ကို ငသည် ။ ကျောက်ကျောဆိုင် မှာ ထိုင်စကားပြောကြ သေး၏ ။ အပြန် ကမာရွတ်ရဲစခန်းရှေ့အထိ အစ်ကိုမောင် လိုက်ပို့သည် ။ ကားတွေ ဥဒဟို ရှုပ်ယှက် ခတ် မောင်းနေသောလမ်း ကို ဖြတ်ကူးခါနီးဆဲဆဲ ။ အစ်ကိုမောင်သည် ဘယ်တုန်းက မှ ပြောလိမ့်မည် ဟု သန်းနု မျှော်လင့်မထားသော ဟု စကားတစ်ခွန်း ကို ပြောလိုက်သည် ။

နုငယ် ၊ အစ်ကိုမောင်တို့ လက်ထပ်ကြစို့ တဲ့  ။

သန်းနု မျက်လုံးတွေ ပြာမိုက်သွား၏ ။ သူ့ ရှေ့က ကားတွေ လူတွေ အားလုံး အလင်းရောင် တစ်ချက် စူးရှတောက်ပစွာ ဝင်းလက်ပျောက်ကွယ်သွားသည် ထင်လိုက်ရ၏ ။ ဘယ်တော့မှ ပြောလိမ့်မယ် ဟု မျှော်လင့် မထားတဲ့ စကား ကို အစ်ကိုမောင် တကယ် ပြောလိုက်တာပါလား ။

•••••   •••••   •••••

နောက်တစ်နေ့ မနက် ။

သန်းနု သည် အဖေတို့ အမေတို့ အချိန်ကြာမြင့်စွာ ကတည်းက ဖျောင်းဖျနားချ တိုက်တွန်းနေ သော သူတို့ အညာ ကျောက်ပန်းတောင်း ဘက် က ကိုအုံးလှိုင် ဆိုသူကို ယူပါတော့မည် ဟု ခေါင်းညိတ် သဘောတူ လိုက်သည် ။ ကိုအုံးလှိုင် သည် သူ့ ထက် အသက် သုံးလေးနှစ်လောက် သာ ကြီး၏ ။ အမေ့ ဆွေမျိုး ထဲ က ဖြစ်၏ ။ မိ ဘ မရှိ ။ ရိုးသည် ။ အလုပ်ကြိုးစားသည် ။ ကမာရွတ် စံပယ်ခြံထဲ တွင် နေ ၍ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင် ကို လမ်းဘေး မှာ ကိုယ်ပိုင် ဖွင့် နေသူ ဖြစ်၏ ။

အမေ သည် သန်းနု ကို နားလည်ဝမ်းမြောက်စွာ ကြည့်၍ ပြုံးသည် ။ အဖေသည် သန်းနု ကို နားမလည်ဝမ်းမြောက်စွာ ကြည့်၍ သာဓုခေါ်သည် ။ အဖေ ရော ၊ အမေ ပါ သူ နှင့် အစ်ကိုမောင် တို့ ချစ်ကြိုက်နေကြောင်း ဘာမှ မပြောသော်လည်း သိနေကြ၏ ။

•••••   •••••   •••••

အစ်ကိုမောင် နေ့စဉ်ရက်ဆက်လာသည် ။ အမြန်ဆုံးလက်ထပ်ဖို့ နှင့် မိသားဖသားပီပီ တောင်းရမ်းယူမည် ဖြစ်ကြောင်း တတွတ်တွတ် ပြော၏ ။ သန်းနု သည် သူ့ အသက်အရွယ်နှင့်မမျှ ၊ အတွေ့အကြုံ ရင့်ကျက်ကြွယ်ဝခဲ့သော မိန်းမတစ်ဦးပမာ အစ်ကိုမော င်ကို လိမ္မာစွာ ရှောင်နိုင်ခဲ့၏ ။ ဆိုင်မှာ မရှောင် သာ ဆုံသည့်အခါများ တွင် ထမင်းသည် နှင့် ထမင်းဝယ် စားသူတို့ ၏ ဆက်ဆံရေးမျိုး အဖြစ်က မလွန် အောင် ထိန်းသိမ်းနိုင်ခဲ့၏ ။ နောက်ဆုံး အစ်ကိုမောင် ဒေါသတကြီး ပေါက်ကွဲ၍ နုငယ် ကို အတင်း အဓမ္မ မရ ရအောင်ယူမည်ဟု ကြိမ်းဝါးထွက်သွားပြီး နှစ်ရက် အကြာတွ င် သန်းနု နှင့် ကိုအုံးလှိုင် တရားရုံး တစ်ရုံးမှာ လက်မှတ်ထိုး လက်ထပ်လိုက်ကြသည် ။

သုံးလေးလခန့် ကြာသောအခါ အစ်ကိုမောင် တစ်ယောက် နိုင်ငံခြား သင်္ဘောလိုက်သွားသည် ဟု သတင်းသဲ့သဲ့ ကြား လိုက်ရသည် ။

•••••   •••••   •••••

လက်ထပ်ပြီး တစ်နှစ်ခွဲ ၊ နှစ်နှစ်နီးပါး ကြာမှ သန်းနု ကိုယ်လေးလက်ဝန် ရှိလာ၏ ။ စာပေး စာယူ နှင့် ဘွဲ့လည်း ရပြီ ။ အိမ်ထောင်လည်း ကျပြီ ။ စီးပွားရေး အခြေအနေ က လည်း အတော်အသင့် ကောင်း လာပြီ ။ ယခု ကိုအုံးလှိုင် ၏ ရင်သွေးကို လွယ်မိ ပိုက်မိပြန်ပြီ ။ လင်မယား ပျော်လို့ မ ဆုံး ။ တစ်နေ့ စကားစပ်မိ၍ ကိုအုံးလှိုင် က ကိုယ်ဝန်ရှိတဲ့ မိန်းမတွေ ချင်ခြင်းတပ်ကြတယ်လို့ ငါ ကြားဖူး တယ် နုနု ။ မင်း ဘာလုပ်ချင်သလဲ ၊ ဘာစားချင်သလဲ ပြောပါလားကွာ ။ သန်းနု က ကိုအုံးလှိုင်ကို ကြည့်၍ ကျွန်မ ကမ်းနားဘက်သွားချင်တယ် ။ ပင်လယ်ကူး သင်္ဘောကြီးတွေ ကြည့်ချင်တယ် ကိုအုံးလှိုင် ရယ် ဟု ပြန်ပြော၏ ။ ကိုအုံးလှိုင် က ငါတို့ သားလေး ကြီးလာရင် နိုင်ငံခြားသင်္ဘောလိုင်း လိုက်ရ လိမ့်မယ်ကွ ဟု ပျော်ရွှင်ရယ်မော ပြောသည် ။ သန်းနု သည် သူ့ ချစ်လင် ကို ကြင်နာသိမ် မွေ့စွာ ကြည့်နေ ၏ ။

•••••   •••••   •••••

ချစ်သူ က တစ်ယောက် ၊ လက်ထပ်သူ က တစ်ယောက် ။ ကမ္ဘာပေါ် မှာ အကြောင်းအမျိုးမျိုး ကြောင့် ချစ်သူ ကို ရင်နာစွာ စွန့်ပစ်၍ လက်ထပ်သင့်သူကို မလွှဲမရှောင်သာ လက်ထပ်ခဲ့ရရှာသော နာကျင်ကြေကွဲဖွယ်ရာ မိန်းမများ ၏ စာရင်း ကို အကယ်၍ တစ်စုံတစ်ယောက် က မှတ်တမ်းတင် ပြုစု ထားသည် ဆိုပါစို့ ။ နွမ်းပါးနိမ့်ကျ တန်းရည်မျှ သူ ကို ရွေးပြီး ကြီးမြင့်ပြည့်စုံ လုံခြုံသူ ကို ရင်နာနာ စွန့်ပစ်ခဲ့သော ခင်သန်းနု ကို ထို စာရင်းထဲ တွင် ထည့်သွင်းပါမည်လား ။

▢ ဇော်ဇော်အောင်

📖 ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၁ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment