❝ ကြာပွတ်ကင်ဆာ ❞
━━━━━━━━━━━━━
တာရာမင်းဝေ
━━━━━━━━━━━━━
တစ်ခါတုန်းက မြေရှင်ကြီး တစ်ယောက် ဟာ အခြွေအရံတွေ နဲ့ တောကစား ထွက်ရင်း အင်မတန် ကြီးမားတဲ့ ချုံနွယ်ကြီး တစ်ခု ကို တွေ့ရ သတဲ့ ။ စိတ်ဝင်တစား လှည့်ပတ် ကြည့်ရင်း သူ က မှတ်ချက်ချတယ် ။
“ အင်း ... ကြာပွတ် လုပ်လို့ အတော်ကောင်းမယ့် နွယ်ပင်ကြီးတွေ ပဲ ”
အခြွေအရံတွေ က လည်း ဝိုင်းဝန်း ထောက်ခံကြတယ် ။ အဲဒါနဲ့ပဲ အသင့်တော်ဆုံး ဖြစ်မယ့် နွယ်ပင်ကြီး တစ်ပင် ကို ခုတ်ပြီး ကြာပွတ် လုပ်ကြတယ် ။
မြေရှင်ကြီး ဟာ သူ့ အိမ်ခန်းမ ထဲ မှာ အဲဒီ ကြာပွတ် ကို ပီတိတွေ နဲ့ ဝှေ့ရမ်းရင်း လက်တည့်စမ်းချင် နေတယ် ။
“ ဟေ့ ... သူရင်းငှား တစ်ယောက် ယောက် ကို သွား ခေါ် စမ်းကွာ ”
သူရင်းငှား တစ်ယောက် ရောက်လာတဲ့ အခါ မြေရှင်ကြီး က ကြာပွတ် ကို ဝှေ့ရမ်းပြီး အမိန့် ပေးပါတယ် ။
“ တိုင် ကို ဖက်စမ်း ”
“ ကျွန်တော့် မှာ ဘာအပြစ် ရှိလို့လဲ ”
“ တိုင် ဖက် ဆို ဖက်ထားစမ်းကွာ ၊ မင်း ကို ကြိမ်ဒဏ် သုံးချက် ပေးရမယ် ၊ ကြိမ်အစား ကြာပွတ် နဲ့ ပဲ ရိုက်မယ် ”
အဲဒီ နောက်မှာ မြေရှင်ကြီး ဟာ တိုင်ဖက် ထားတဲ့ သူရင်းငှား ကို ကြာပွတ် နဲ့ အားပါးတရ ရိုက်ပါတော့တယ် ။
“ နာလား ”
“ အ ... နာတယ် ခင်ဗျ ”
“ အာ ... ပိုနာတယ် ခင်ဗျ ”
“ ကဲ ... နောက်ဆုံး အချက် ”
“ အား ... အနာဆုံးပါပဲ ခင်ဗျား ”
သူ့ ဒဏ်ခတ်မှု အဆုံးမှာ သူရင်းငှား ဟာ နာကျင်မှု ကို ကြိတ်မှိတ် ခံစားရင်း ... သူ မရှင်းတာ ကို ထပ်မေးတယ် ။
“ ကျွန်တော့် မှာ ဘာအပြစ် ရှိလို့လဲ ”
“ အခုတော့ မရှိသေးပါဘူးကွာ ၊ တစ်နေ့နေ့ မှာ ရှိလာနိုင်လို့ ကြို ပြီး ပြစ်ဒဏ်ချထားတာ ၊ မင်း မနစ်နာပါဘူး ”
သူရင်းငှား ဟာ မြေရှင်ကြီး ကို စူးစူးရှရှ တစ်ချက် ကြည့် ပြီး ပြန်သွားပါတယ် ။ မြေရှင်ကြီး က ကြာပွတ် ရယ် ၊ သူ ရဲ့ ရိုက်ချက် ရယ် ကို အားရ နေတယ် ၊ ဒါပေမဲ့ ပြန်ခါနီး မှာ သူ့ ရင်းငှား သူ့ ကို ကြည့်သွားတဲ့ အကြည့် ကို စိတ် ထဲ မှာ တစ်မျိုး ခံစားရတယ် ။ နောက်ရက်တွေ မှာ အသံ ကြားရ တော့တာပါပဲ ။ သူ့ အခြွေအရံတွေ က လာပြောတယ် ။
“ ဟို သူရင်းငှား က ပြောနေတယ် ၊ တွေ့ကရာ လူ ကို ပြောတာ ၊ သူ မှာ ပြစ်မှု တစ်ခု ကျူးလွန်ခွင့် ရှိပြီတဲ့ ၊ ပွတာပဲတဲ့ ”
မြေရှင်ကြီး နေမရ ထိုင်မရ ဖြစ်သွားပါတယ် ။ ဥပဒေအကြံပေး ကို ခေါ် တိုင်ပင်တယ် ။
“ ဟုတ်ပါတယ် ၊ သူ့ မှာ အခွင့်အရေး ရှိနေပါတယ် ”
ငှား ထားတဲ့ အလွတ်စုံထောက် ကို ခေါ်မေးတယ် ။
“ ဒီ သူရင်းငှား အခြေအနေ ဘယ်လိုရှိလဲ ”
“ အခုထိတော့ သူ ဘာမှ မလုပ်သေးပါဘူး ၊ ဒါပေမဲ့ တစ်ခုခု တော့ လုပ်မယ့်ပုံ ရှိပါတယ် ၊ အကြံအစည် ရှိတဲ့ အပြုံးမျိုး ပြုံးနေတတ်တယ် ”
မြေရှင်ကြီး ခမျာ အတော်လေး စိတ် ကသိကအောက် ဖြစ်ရပါတယ် ။ ဒါပေမဲ့ သူ့ လက်ဆော့မှု နဲ့ သူ ဆိုတော့ ဘာမှ မပြောသာဘူး ။ အဲဒီ သူရင်းငှား ကိုပဲ လူ အင်အား သုံးပြီး စောင့်ကြည့်ခိုင်း နေရပါတယ် ။ သူရင်းငှား ရဲ့ မထီတရီ အပြုံး ကို လည်း သူ မခံနိုင်ဘူး ၊ တွေ့ကြဆုံကြတဲ့ အခါ ‘ နေကောင်းပါစ ခင်ဗျား ’ ဆိုပြီး သူရင်းငှား က ခါးလေး ကိုင်း ပြီး နှုတ်ဆက်တာ ကို လည်း သူ မသင်္ကာဘူး ။
ခက်တာ က သူရင်ငှား ကလည်း တော်တော်နဲ့ ဘာမှ မလုပ်ဘူး ။ တစ်ခုခု လုပ်မယ် ဆိုတာကို သိထားရက် နဲ့ ဘာမှ မလုပ်သေးလို့ စောင့်ကြည့် နေရတာက ပင်ပန်းလှပါတယ် ။ လုပ်မယ် ထင်ထားတဲ့ အချိန်မှာ မလုပ်ဘူး ။ အဲဒါဆို မလုပ်ဘူးလို့ ထင်ထားတဲ့ အချိန်မှာ သူ လုပ်လိမ့်မယ် ။ အဲဒီလို လှည့်တွေးရင်း မြေရှင်ကြီး အိပ် မပျော်တော့ဘူး ။ ခွေး ဟောင်သံ ကြားရင်လည်း စိတ် ချောက်ချားတယ် ။ ကြက်တွေ ၊ ဘဲတွေ ထ အော်ရင် လည်း လန့် နိုးတယ် ။ စားလို့ လည်း မဝင်ဘူး ၊ ကျန်းမာရေး ကို အကြီးအကျယ် ထိခိုက်လာတယ် ။
သမားတော်ကြီး ကို ခေါ်ပြတော့ ...
“ မြေရှင်ကြီး ရဲ့ ကျန်းမာရေး က စိတ် အပေါ် မူတည် နေတယ် ၊ စိတ်ထောင်း လို့ ကိုယ်ကြေမယ့် ပုံစံမျိုးပေါ့ ”
အဲဒါနဲ့ပဲ မြေရှင်ကြီး ဟာ သူ ရဲ့ ကိုယ်ရေးအရာရှိ နဲ့ တိုင်ပင်တယ် ၊ ကိုယ်ရေးအရာရှိ က ပြောတယ် ။
“ မထူးတော့ပါဘူး မြေရှင်ကြီး ရယ် ၊ နောက်ဆုံး နည်းလမ်း တစ်နည်း ပဲ ရှိတယ် ”
“ ဘာများလဲ ”
“ မြေရှင်ကြီး သူ့ ဆီ မှာ ကြာပွတ် နဲ့ သုံးချက် ပြန် အရိုက် ခံလိုက်ပါ ၊ အဲဒါဆို ပွဲ က ပြီးသွားပြီ ”
မြေရှင်ကြီး အဖို့ အတော် ကို ခါးခါးသီးသီး နိုင်တဲ့ အကြံပေး စကားပါပဲ ၊ ဒါပေမဲ့ စေ့စေ့တွေး ကြည့်တော့လည်း ဒီ နည်း က ပဲ အကောင်းဆုံး လို ဖြစ်နေတယ် ။ အဲဒါမှ သူ ခံစားနေရတဲ့ စိတ်ဒုက္ခ က ကျွတ်သွားမယ် ။ နောက်ဆုံးကျတော့ လည်း မြေရှင်ကြီး ဟာ အဲဒီ နည်းလမ်း ကို ပဲ သုံးဖို့ အသည်း နာနာ နဲ့ ဆုံးဖြတ်လိုက်ပါတယ် ။
“ ဟေ့ ... သူရင်းငှား ကို သွား ခေါ်လိုက်စမ်းကွာ ”
သူရင်းငှား ရောက်လာတဲ့ အခါမှာ မြေရှင်ကြီး က ကြာပွတ် ကို ကမ်း ပေးတယ် ။ သူ က တော့ တိုင် ဖက်လိုက်ရင်း ...
“ မင်း ... ငါ့ ကို ကြာပွတ် နဲ့ ရိုက်စမ်း ”
“ မြေရှင်ကြီး မှာ အပြစ် ရှိနေတယ် ထင်တယ် ”
“ ရိုက်ဆို ရိုက်စမ်းကွာ ၊ အဲဒီ ကြာပွတ်နဲ့ သုံးချက် ရိုက် ”
သူရင်းငှား ဟာ တိုင်ဖက် ထားတဲ့ မြေရှင်ကြီး ကို ကြာပွတ် နဲ့ အားပါးတရ ရိုက် ပါတော့တယ် ။
“ နာလား ”
“ နာ ... နာလိုက်တာ ”
“ လာပြီ ဒုတိယ ရိုက်ချက် ”
“ အလိုလေး ... နာလှပေါ့ ”
ဖြစ်ချင်တော့ သူရင်းငှား က နောက်ဆုံး ရိုက်ချက် ကို ဆက် မရိုက်ဘူး ။ သူ့ လို ကာယလုပ်သား တစ်ယောက် ရဲ့ ရိုက်ချက် ကို မြေရှင်ကြီး လို လူနု တစ်ယောက် က မခံနိုင်ဘူးလေ ။ ကျန်းမာရေး က လည်း မကောင်းလှဘူး မို့လား ။ ဆက် ရိုက်ရင် သေသွားနိုင်တယ် ။
“ ကျွန်တော် သက်ညှာလိုက်ပါမယ် ၊ နောက် တစ်ချက် ကို ကြုံမှပဲ လာ ရိုက်တော့မယ် ”
မြေရှင်ကြီး က လည်း မျော့ပြီး ကျန်ရစ်ခဲ့တယ် ။ သုံးလေးရက် လောက် ဆေးကု ယူရတယ် ။ နောက်ရက်တွေ မှာ အသံ ကြားရတော့တာပါပဲ ။ သူ့ အခြွေအရံတွေ က လာ ပြောတယ် ။
“ ဟို သူရင်းငှား က ပြောနေတယ် ၊ တွေ့ရာ လူ ကို ပြောတာ ၊ ကြုံတဲ့အခါ မြေရှင်ကြီး ကို သူ တစ်ချက် ဝင်ရိုက်ရ ဦးမယ်တဲ့ ”
မြေရှင်ကြီး ငိုချင်သွားပါတယ် ။ ဒါပေမဲ့ သူ့ အပြစ် နဲ့ သူ ဆိုတော့ ဘာမှ မပြောသာဘူး ။ ခက်တာ က သူရင်းငှား က လည်း တော်တော် နဲ့ လာ မရိုက်ဘူး ၊ ရိုက်မယ် မှန်း သိရဲ့ သား နဲ့ လာ မရိုက်သေးလို့ စောင့်နေရတာ ဟာ ပင်ပန်း လှပါတယ် ။ ဝင် ရိုက်မယ် ထင်ထားတဲ့ အချိန်တွေ မှာ မရိုက်ဘူး ။ အဲဒါဆိုရင် မရိုက်ဘူးလို့ ထင်ထားတဲ့ အချိန် မှာ သူ ဝင် ရိုက်လိမ့်မယ် ။ အဲဒီလို လှည့် တွေးရင်း မြေရှင်ကြီး မှာ အိပ်လို့ မပျော်တော့ဘူး ။ စား လို့ လည်း မဝင်တော့ဘူး ။ သူရင်းငှား ရဲ့ မထီတရီ အပြုံး ကို လည်း သူ မခံနိုင်ဘူး ။ သမားတော်ကြီး ကို ခေါ်ပြတော့ ...
“ ရှစ် ... ခနဲ မြည်တဲ့ ကြာပွတ်ရိုက်သံ ကို ကြားရင် မြေရှင်ကြီး ဘယ်လို နေသလဲ ”
“ အိုး ... ဆက်မပြောပါနဲ့ တော့ ၊ ကျောရိုးကြီး ကြက်သီးထ သွားသလို ခံစားရပါတယ် ”
“ ဒါဆိုရင် သေချာပါပြီ ၊ မြေရှင်ကြီး ဖြစ်နေတဲ့ ရောဂါ က ‘ ကြာပွတ်ကင်ဆာ ’ ပဲ ၊ ဆေး မရှိဘူး ”
“ ဒါ ... ဒါဆိုရင်... ”
“ လုပ်စရာ ရှိတာလေးတွေ လုပ်ပြီး စောင့်သာနေတော့ပေါ့ဗျာ ”
မြေရှင်ကြီး လည်း တထိတ်ထိတ်နဲ့ ပဲ ‘ ရှစ် ’ ခနဲ ရိုက်ဆင်း လာမယ့် ကြာပွတ်ရိုက်သံ တစ်ချက် ကို ရယ်လိုက် ငိုလိုက် စောင့်ဆိုင်း နေရတော့တယ် ။
▢ တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment