Saturday, September 21, 2024

သုံးတောင်ဝတ် အပြောင်းအလဲ


❝ သုံးတောင်ဝတ် အပြောင်းအလဲ ❞ 
━━━━━━━━━━━━━━
      မောင်သစ်လှိုင်း
━━━━━━━━━━━━━━
ကိုနက်ကျော် ဟာ အလုပ်ကြမ်းသမား တစ်ယောက်ပါ ။ ဆန်ပွဲရုံ တစ်ခုမှာ ကုန်တင်ကုန်ချ အလုပ်သမား ဆိုပါစို့ ။ လူ ကလည်း ခပ်ကြမ်းကြမ်း ၊ နှုတ် ကလည်း ခပ်ကြမ်းကြမ်းပါပဲ ။ ကိုနက်ကျော် တို့ ရပ်ကွက်ကလေး ဟာ လူတကာ ဝင်ချင်သလို ဝင် ၊ ထွက်ချင်သလို ထွက် နေ တဲ့ ကျူးကျော် ရပ်ကွက် တစ် ခု ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆိုတာ မရှိ ။ ရာအိမ်မှူး ၊ ဆယ်အိမ်မှူး မရှိ ။ လုပ်အားပေး မရှိ ။ ချောဆွဲတာ မရှိ ။ ထင် သလို နေတဲ့ ရပ်ကွက်ပါ ။ လင်ခန်း ၊ မယားခန်း ပြတ်စဲ ကွာရှင်းတဲ့ ကိစ္စ ဆိုတာ ကတော့ ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသား မင်းသမီးတွေ လောက်တော့ ပျင်းတောင် ပျင်းသေးတယ် ပြောရမယ် ။ ယောက်ျား တစ်ယောက် နဲ့ မိန်းမ တစ်ယောက် ကြိုက် လို့ လက်ထပ်မယ် ဆိုရင် စေ့စပ်တာ မရှိ ၊ ရွာဝင်ကြေး မရှိ ၊ တင်ရန် သရန် မလို ၊ မင်္ဂလာပွဲ အခမ်းအနား မလို ။ မိန်းမ လုပ်သူက ယောက်ျား အိမ် အတူ လိုက် နေရုံပဲ ။ အားလုံး က အခြေခံ အလုပ်သမားတွေ ဆိုတော့ အဆောင်အယောင် တွေ ၊ ဂုဏ်ဒြပ်တွေ မလို ။ ပြ စရာလည်း မရှိ ၊ နတ္ထိ ၊ လင်ယူသားမွေး ကိစ္စ အလွန် လွယ်ကူတဲ့ နေရာ ။ တစ်ခု တော့ ရှိတယ် ။ ယောက်ျား ဖြစ်သူ က ကိုယ် ယူထားတဲ့ မိန်းမ ကိုတော့ လုပ်ကျွေးရတာ တော့ ရှိတယ် ။ အရင် က ငရုတ်သီး အညှာချွေ အလုပ် လိုက်လုပ်နေရတဲ့ အပျို မိန်းကလေး ဟာ ယောက်ျား ယူလိုက်တာ နဲ့ အော်တိုငုတ်တုတ် အငြိမ်းစား မှီခို ရာထူး ရသွားတယ် ။ ဒီတော့ ကိုနက်ကျော် တို့ ကျူးကျော်ရပ်ကွက်လေး ဟာ ဖိုမကိစ္စတွေ မှာ ထမင်းစား ရေသောက် သလောက် ပါးပါးလေး ။

“ အမေ ”

“ ဘာလဲ .. ပြော ”

“ ကျုပ် .. တစ်အိမ်ကျော် က ဖိုးထူး နဲ့ ယူမလို့ ”

“ ယူချင် ယူလေ ... ဒါနဲ့ ကောင်လေး က ဘာလုပ်တလဲ ”

“ ပန်းရန် နောက်လိုက်လေ ” 

“ အေး ... အလုပ်ရှိရင် ပြီး တာပဲ ၊ ယူလိုက်ပေါ့ ” 

လင် ယူမယ့် ကိစ္စမှာ သမီး နဲ့ အမေ ဆွေနွေးခန်း က ဒီလောက်ပဲ ။ မအေ လုပ်သူ က လည်း ဒီ ကောင်မ ငါ့ လက် က လွတ် ဘရွတ် ဆိုတဲ့ သဘော ။ မအေ လုပ်သူ ကိုယ်တိုင် က လည်း လင်ဆက် ခပ်များများ ရယ် ။ ဒါကြောင့် ဟောလီးဝုဒ် လောက်တော့ ပျင်းတယ် လို့ ပြောတာ ။ မြန်မာစကားပုံ က ‘ တစ်ရွာ မပြောင်း သူကောင်း မဖြစ် ’ ၊ ကိုနက်ကျော် တို့ ရပ်ကွက် က ‘ တစ် လင်မပြောင်း သူကောင်း မဖြစ် ’ ပေါ့ ။ မြန်မာစကားပုံ က ‘ သေချင်တဲ့ ကျား တောပြောင်း ’  ၊ ကိုနက်ကျော် တို့ ရပ်ကွက် က ‘ သေချင်ရင် စိမ် မစားနဲ့  ၊ နောက် တစ်လင် ဆီ သွား ’ ဆိုတာမျိုး ဖြစ်နေပြီ ။

မိန်းမ ဆိုတာ ကလည်း လင် ယူတယ် ဆိုတာ အားကိုးချင်လို့ ၊ မှီခိုချင်လို့ ။ ဒါ သဘာဝ ။ ဒီ ရပ်ကွက် ရဲ့ ရှားရှားပါးပါး ထူးခြားချက် ကတော့ လက်ဖျား ခါလောက်ရဲ့ ။ အဲဒါ ဘာလဲ ဆိုတော့ လင်ငယ် ၊ မယားငယ် မနေဘူး ။ ဒီ မိန်းမ မပေါင်းတော့ဘူး ဆိုရင် ဂျောင်း ပဲ ၊ နောက် တစ်ယောက် ယူလိုက်သလို ။ မိန်းမ က လည်း လင်ကြီး ရှိရက် နဲ့ လင်ငယ် မနေဘူး ။ မပေါင်းချင် ရင် ဆင်းသွား ၊ နောက် တစ်ယောက် ရင်ခွင် မှာ အချစ်တွေ ပျော်ဝင် ပစ်လိုက်ရုံ ။ အရင် လင် က ကိုယ့် မိန်းမ နောက် ယူလိုက်တဲ့ လင် ကို ပြဿနာ မရှာသလို ၊ မိန်းမ ကလည်း ကိုယ့် လင် နောက် တစ်ယောက် ယူ သွား ရင် လည်း နိုးပရော်ဗလန် ပါ ပဲ ။ ဒီတော့ တံခါး မရှိ ၊ ဓါး မရှိ ကြားသိရာ က အမြန်လာ ဆို သလို အဲဒီ ရပ်ကွက် ကို စိတ်ဝင်စားသူတွေ များများ လာတယ် ။ 

ဒါပေမယ့် သိတော်မူကြတဲ့ အတိုင်း ဒီလို စရိုက် ၊ ဒီလို အကျင့် ရှိတဲ့ ရပ်ကွက် ကို ဒီလို ကိစ္စ စိတ်ဝင်စားပြီ ဆို ကတည်း က ဘယ်လို ယောက်ျားတွေ လဲ ၊ ဘယ်လို မိန်းမတွေလဲ ဆိုတာ ပြေး ကြည့်စရာ မလို ၊ တွေး ကြည့်တာနဲ့ သိတယ် ။ လင်သေ မုဆိုးမ တို့ ၊ တစ်ခုလပ် တို့ ၊ ကေတီဗွီ က အလုပ်ပြုတ် လာ တဲ့ မိန်းမ တို့ ပေါ့ ။ ယောက်ျား ဆိုရင် လည်း လောင်းကစားသမား ၊ အရက်သမား ၊ သူခိုး လိုလို ၊ သူဝှက် လိုလို ကောင်တွေပေါ့ ။ ကိုနက်ကျော် တို့ ကျူးကျော်ရပ်ကွက်ကလေး ဆီ အချောင် လာရှာ တာလေ ။ ဒီတော့မှ အချောင် ရှာတဲ့ ယောက်ျား နဲ့ အလွယ် ရှာတဲ့ မိန်းမ တွေ့ပြီး ညားကြ လေသတည်း ရဲ့ မကြာခင် မှာ ကွာရှင်းကြလေသတည်း က လည်း ထပ်ကြပ်မကွာ ဆို သလိုပေါ့ ။ 

ဒီရ ပ်ကွက် ထဲမှာ မိန်းမ အများဆုံး ယူတာ ကိုနက်ကျော် ပါပဲ ။ ကိုနက်ကျော် မှာ သစ္စာ တွေ ၊ မေတ္တာ တွေ ၊ ရွှေမန်းသဘင် တွေ ဘာမှ မရှိ သလို ရွှေပြောင်ပြောင် တောင်ပေါ် က ဘုရား မှာ လည်း သစ္စာတိုင်ရတု တွေ ၊ ဘာညာသကာ တွေ မလိုဘူး ။ သူ က လည်း ရှင်းရှင်းပဲ ။

“ နင် ... ငါ့ ကို ယူမှာ လား ” 

“ ယူမှာ ပေါ့ ... ကိုနက်ကျော် ” 

“ ဒါဆို ... ငါ နဲ့ အတူ လာနေလိုက် ”

ဒါပဲ ။ လိုရင်းတိုရှင်း ပဲ ။ အချစ်ဋီကာတွေ ဘာတွေ မ သိဘူး ။ ကိုနက်ကျော် အတွက် နှစ်ယောက် အတူတူ နေခြင်း ဟာ လင်မယား ပဲ ။ ဒါပေမယ့် ကိုနက်ကျော် ရဲ့ လုပ်စာ ကို တော့ စားရမယ် ။ ကိုနက်ကျော် စိတ်ကြိုက် အလို လိုက် ရမယ် ၊ အလုပ် က ပြန်လာရင် လက်ဆေးရေ အသင့် ၊ ထမင်းပွဲ အဆင်သင့် ဖြစ်ရမယ် ။ စား ပြီးရင် သောက်ရေ အဆင်သင့် ။ ဒါပဲ ။ ကိုနက် ကျော် က အလုပ်ကြမ်းသမား သာ ဖြစ်တာ ၊ အိမ် ပြန်လာတဲ့ ပုံစံက  လူကြီးခရီးစဉ် ထက် တောင် အလုပ်ရှုပ် သေးတယ် ။ ဒါပေမယ့် မိန်းမ တစ်ယောက် ကို တစ်လ ပြည့်အောင် ပေါင်းဘူး ။ အကြောင်းအမျိုးမျိုး နဲ့ ရမယ် ရှာ နှိပ်စက်တယ် ။ အပြစ် မရှိ အပြစ် ရှာ ရိုက်တယ် ။ ကြာတော့ သူ့ ဒဏ် မခံ နိုင်တဲ့ မိန်းမ လစ်ပြီပေါ့ ။ ဒါ ဆိုရင် ကိုနက်ကျော်  နောက် တစ်ယောက် ချိန်ပြီ ။ ဒါကြောင့် ဟောလီးဝုဒ် အကွဲအပြဲ လောက်တော့ ပျင်းတယ် ပြောတာ ။ ဟောလီးဝုဒ် မင်းသား မင်းသမီး တွေ က ပိုက်ဆံ ချမ်းသာပြီး ကွဲကြတာ ။ ကိုနက်ကျော် တို့ ရပ်ကွက် က ပိုက်ဆံ မရှိဘဲ ကွဲတယ် ။ ပိုက်ဆံ မရှိဘဲ နောက် တစ်ယောက် ယူတယ် ။ ပိုင်ဆိုင်မှုတွေ ဘာတွေ လာ မကြည့်နဲ့ ။ ဘာမှ မရှိဘူး ။ ဒါကို ကိုနက်ကျော် နဲ့ ယူလိုက် ကွဲ လိုက် မိန်းမ တွေ ( ၃ ) ယောက် တောင် ရှိပါပြီ ။

•••••   •••••   ••••• 

ကိုနက်ကျော်  အလုပ် က ပြန်လာရင် သူ့ ပါးစပ်ဖျားမှာ ယစ်ရွှေရည်လေး တွဲလဲခို ပါလာတတ် တယ် ။ အလုပ် ပင်ပန်းလို့ အနည်းအကျဉ်း သောက်တတ်ပေမယ့် သိုင်းကွက် နင်းတဲ့ အဆင့် ထိ တော့ မသောက်ဘူး ။ အိမ် အနီး ရောက်ပြီဆိုတာနဲ့  ... 

“ ဂုဏ်  ... ဂုဏ်  ... ဂုဏ် ဆို တာ ငွေကို ခေါ်တယ် ... ငွေကိုသာ ရေလို သုံးရင် ... လောကကြီးမှာ လုပ်သမျှ တင့်တယ် ”

ငွေ မရှိတဲ့ ကိုနက်ကျော် က အိမ်နား ရောက်တာနဲ့ အဲဒီ သီချင်းသံ ပေးလေ့ ရှိတယ် ။ သဘော ကတော့ “ ငါ ပြန်လာ ပြီ ၊ ထမင်း ခူးထား ” ဆိုတဲ့ အဓိပ္ပါယ် ။ မိန်းမ ကို သွယ်ဝိုက် အချက်ပေးတာ လေ ။ ကိုနက်ကျော် အိမ်ထဲ ရောက် တာနဲ့ အသင့် လက်ဆေး ပြီး ထမင်း စားရုံပဲ ။ အရင် မိန်းမတွေ ကတည်း က ဒီ ဖော်မြူလာ ကို ကိုနက်ကျော်  သုံးနေကျ ။

“ မိကျော် ... ဘာဟင်းလဲ ဟေ့ ”

“ ငါးခြောက်ချက် လေ ၊ ကိုနက်ကျော် ၊ ဟောဒါက အတို့ အမြှုပ်လေ ”

မိကျော် ခမျာ ရှေ့သွား တွေ ရှိတာကို သိနေတော့ လင် ကို ပို ဂရုစိုက် ပြုရတယ်လေ ။ ကိုနက်ကျော် က လည်း မလွယ် ဘူး ။ မော်တော်ပီကယ် သေလို့ ဝင်စား ထား သလား အောက်မေ့ ရတယ် ။ ယာဉ် လိုင်စင် ကို စစ်တယ် ၊ ယာဉ်မောင်းလိုင်စင် စစ်တယ် ၊ ရှေ့မီးနောက်မီး စစ် တယ် ၊ ဘာမှ လိုလေသေး မရှိတာ တောင် နံပါတ်များ ရွှံ့ပေ လို့ နံပါတ် ( ၂ ) လုံး မမြင်ရဘူး ဆိုတဲ့ အပြစ် နဲ့ ဖမ်းချင် ဖမ်းတတ်တဲ့ ယာဉ်ထိန်းရဲ လို ။ မိန်းမ လုပ်သမျှ ကို လည်း မော်တော်ပီကယ် မျက်စိ လို အကွက်စေ့စေ့ ကြည့်တာပေါ့ ။ မိန်းမ ကလည်း ကိုနက်ကျော် ရဲ့ ရာဇဝင် သိထားသူ ဆိုတော့ လိုလေသေး မရှိရအောင် ဝေယျာဝစ္စ အကုန် လုပ်ပေး တယ် ။ ဒီ မိန်းမနဲ့ ပေါင်း လာ တာ တစ်လ မပြည့်သေးဘူး ၊ ဆယ်ငါးခါ လောက် အရိုက် ခံ ရပြီးပြီလေ ။ ကိုနက်ကျော်  ထမင်းစား နေတာ ကို ဟင်းလေး ခပ်ထည့် ပေးလိုက် ၊ ယပ်တောင်လေး ခတ်ပေးလိုက် နဲ့ မိကျော် တာဝန်ကျေကျေ တိတ်တိတ်ဆိတ်ဆိတ် အချိန်ကလေး မှာ ...

“ ဘူ ... ”

“ အယ်တော် ”

“ နင် နင် အီးပေါက်တာလား မိကျော် ” 

ကိုနက်ကျော် ဟာ သူ့ မိန်းမ မိကျော် ကို ဝင်းဝင်းတောက် နေတဲ့ မျက်လုံးတွေ နဲ့  ၊ စားတော့ ဝါးတော့မယ့် မျက်နှာကြီး နဲ့ ကြည့်ပြီး မေး တယ် ။ မိကျော် ခမျာ ခြေ မကိုင် မိ ၊ လက် မကိုင် မိ တွေ ဖြစ်ပြီး ...

“ ဟို .. ဟိုလေ ... ကိုနက်ကျော် ရဲ့  ၊ အဲ အဲ ဒါ အီး လေ ... ဟိုဟာလေ ... လ ... လ ... လူ ဆိုတော့ အီး ... အီး က အလိုလို ”

“ ဖြောင်း ”

“ အမလေး ... သေပါပြီတော့ ”

ကိုနက်ကျော် ဟာ မိကျော် ရဲ့ စကား မဆုံးခင် သူ့ ခြေဖဝါး အကြီးကြီး နဲ့ နံညွှန့်ကို ဆောင့် ကန် လိုက်တာ အိမ်တိုင် နဲ့ ခေါင်း ရိုက်မိပြီး သတိမေ့ သွားတယ် ။ ကိုနက်ကျော်  ကတော့ သတိလစ် နေတဲ့ မိန်းမ ကို လှည့်တောင် မကြည့် ဘဲ ထမင်း ဆက် စားနေလိုက် တယ် ။ စားရင်း တန်းလန်း က နေ ...

“ အောင်မာ ကောင်မ ၊ အီး က မေ့ တာတောင် ဆက် ထွက်နေ ပါသေးလား ..... ဟင်း ... ကဲဟာ .. ကဲဟာ ”

သတိလစ် မေ့နေတဲ့ မိကျော် ကို ခြေထောက် နဲ့ ဆင့်ပြီး ကန် လိုက်တာ ၊ သတိ ရမလို့ လုပ်ကာ ရှိသေးတယ် ။ ဒုတိယအကြိမ် ပြန်ပြီး သတိလစ် သွားပြန်တယ် ။ 

“ ကဲကွာ ... ဝုန်း ” 

ဒေါသ ကြီးနေတဲ့ ကိုနက်ကျော် ဟာ ထမင်းစားပွဲ ကို လှန်ချ လိုက်ပြီး ...

“ တောက် ... ဘယ်ကောင်မ မှ အချိုးမပြေဘူး ”

အဲသလို မြည်တွန်တောက်တီး ပြီး အိမ် အပြင်ဘက် ကို ထွက်သွားတော့တယ် ။

•••••   •••••   •••••

ကိုနက်ကျော်  မနက် လင်းလို့ အလုပ် သွားဖို့ ထ တော့ သူ့ မိန်းမ မိကျော် မရှိတော့ဘူး ။ လစ်သွားပြီလေ ။ လေလည် လို့ အသေတွယ် ခံလိုက်ရတဲ့ ဒဏ် ကို မခံနိုင်တဲ့ မိကျော် ခမျာ လင်ငယ် နေ လို့ လည်း မဟုတ် ၊ လင့် ပိုက်ဆံ ခိုး သုံးတာလည်း မဟုတ်ပေမယ့် နောက် တစ်ယောက် ပြောင်းဖို့ တေက်လျှောက် ချောင်းနေတဲ့ ကိုနက်ကျော် ရဲ့ ရမယ်ရှာမှု အောက် မှာ ဒိုးရတော့မယ် အချစ်ရေ နှုတ်ဆက်ခဲ့ပါတယ် လုပ်သွားရတာပေါ့ ။ အရင် ကွဲ တဲ့ နှစ်ယောက် ရဲ့ အပြစ် လည်း ကြည့်ဦး ။ ပထမ မိန်းမ က ကိုနက်ကျော်  ထမင်းစား နေတုန်း ခေါင်း က ယားလို့ တဗျင်းဗျင်း ကုတ် လိုက်တာ ဘောက်တွေ ဟင်းချိုရည် ပန်းကန် ထဲ ဒိုင်ဗင်ထိုး ဆင်း ကုန်တာနဲ့ မပဋာ မြေလူး အောင် ရိုက် လိုက်တာ ။ ရက်တောင် မ ကူးဘူး ၊ ညတွင်းချင်း လစ်တော့တာပဲ ။ ဟော ... တစ်ပတ် လောက် ကြာသေးတယ် ။ ကိုနက်ကျော် နောက်ထပ် တစ်ယောက် ယူလိုက် ပြန်ရော ။ တစ်ရက်သား ကိုနက်ကျော်  အလုပ် က အပြန် စားသောက်ပြီး ရာသီဥတု ပူအိုက်တာ နဲ့ ဝါးပက်လက်ကု,လားထိုင် ပေါ် ထိုင်ရင်း ယပ်တောင်လေး တဖျပ်ဖျပ် ခတ်နေတာပေါ့ ၊ ခဏ နေတော့ ..

“ သိန်းရှင် ... သိန်းရှင် ” 

“ ရှင် ... ကိုနက်ကျော်  ၊ ဘာ ခိုင်း မလို့ တုန်း ”

“ ဟို တိုင်မှာ ချိတ် ထားတဲ့ ငါ့ အင်္ကျီအိတ်ကပ် ထဲ က ဆေးလိပ် နဲ့ မီးခြစ် ယူခဲ့စမ်း ”

“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ”

မသိန်းရှင် လည်း ကိုနက်ကျော် ခိုင်းတဲ့ အတိုင်း ဆေးလိပ် နဲ့ မီးခြစ်ယူ ပြီး ကိုနက်ကျော် ဆီ အလာ မှာ ခြေထောက် က အိမ်ခါးပန်း နဲ့ တိုက် ကာ ဟတ်ထိုးဟတ်ထိုး နဲ့ ကိုနက်ကျော် ထိုင် နေတဲ့ အပေါ် လဲရက်သား ကျတာ ပေါ့ ။ ရိုးရိုး လဲ ကျတာ ဆိုရင် ပြဿနာ မရှိဘူး ၊ မသိန်းရှင် ရဲ့ နှာခေါင်း က နှာရည် တန်းလန်းကြီး က ကိုနက်ကျော် မျက်ခွက်ကြီး ပေါ် ဗျစ်ခနဲ ကျ တော့ ...

“ ဟ ၊ ဘာတွေလဲဟ ၊ သိန်းရှင် ... ထွီ ”

“ ဟို .. ဟိုလေ ၊ ကျ ကျမ ... နှပ် ... နှပ် ... နှပ်ရည်တွေ ”

“ ဘာကွ ၊ မင်း နှပ်ရည်တွေ ... နှပ် မညှစ်ဘဲ တန်းလန်းကြီး လုပ်ထားတော့ အခု ငါ့ မျက်ခွက် ... ဟာ ဒီခွေးမ ”

ဘယ် ပြောကောင်းလိမ့်မလဲ ။ ကိုနက်ကျော် မသိန်းရှင် ကို လှိမ့် ရိုက်တာ ။ မသိန်းရှင် အော်သံ က တစ်ရပ်ကွက်လုံး ကို ကြားရတယ် ။ ဒါပေမယ့် ဘယ်သူ မှ လာပြီး မစပ်စုကြဘူး ။ ကြာတော့ လည်း ရိုးနေ ပြီလေ ။ ကိုနက်ကျော်  အကြောင်း သိနေကြတာ ကိုး ။ တချို့က ဆို ရင် ..

“ အင်း ၊ နက်ကျော်တို့ ပတ်မ ထု နေပြီ ၊ နောက် မိန်းမ တစ်ယောက် ပြောင်းတော့မယ်ဟေ့ ”

“ အေးလေတော် ... နက်ကျော် က မိန်းမ မရှိရင် မနေတတ် သလို ပေါင်းရင်လည်း တစ်လ တောင် မခံဘူး ။ အခု လည်း သူ လုပ်နေတဲ့ ပွဲရုံ နား က ကုန်စိမ်းသည် မိထား နဲ့ ဘာလိုလို လေ ၊ ဒီတော့ အပြစ် မရှိ အပြစ် ရှာပြီး မသိန်းရှင် ကို ရိုက်ပြီပေါ့ ၊ မိန်းမတွေ က လည်း မိန်းမတွေ ပါပဲ လေ ၊ ပေါင်း ကြည့်မှ အကြောင်းသိ တာမျိုး မဟုတ်ဘဲ ၊ အကြောင်းသိ ကို ပေါင်းကြည့် ကြတာလေ ၊ ခံကြပေါ့ ” 

ရပ်ကွက် ထဲ က လူတွေ ဗေဒင် သွား မေးစရာ မလို ။ နက်ကျော် မိန်းမ ကို ရိုက်နေ ပြီဆိုရင် နောက် တစ်ယောက် ပြောင်းတော့မယ် ဆိုတာ မြေကြီး လက်ခတ် မလွဲ သိနေပြီကိုး ။

•••••   •••••   ••••• 

ကိုနက်ကျော် ရဲ့ ရှေ့ဖြစ် ကို လမ်းပေါ် က အရူး က တောင် ဟောကိန်း ထုတ်ရင် မလွဲဘူး ။ မသိန်းရှင် ကိုနက်ကျော် နှိပ်စက်တဲ့ ဒဏ် မခံနိုင်လို့ ဆင်းသွားတာ တစ်လ ပဲ ရှိ သေးတယ် ၊ ကုန်စိမ်းသည် မိထား က ရောက်နေပြီ ။

ရပ်ကွက် ထဲ က လူတွေ က လည်း ...

“ ကြောင် ... ကြာကြာ ရေမစိမ်ပါဘူး အေ”

“ နောက်ဆုံး ... ဒူး နဲ့ မျက်ရည် သုတ် ပြန်ရမှာ ပါ ”

အဲသလို ... အမျိုးမျိုး ဝေဖန် နေကြပေမယ့် ကိုနက်ကျော် နဲ့ မိထား တို့ ရန်ဖြစ်သံ တစ်ခါမှ မကြားရဘူး ။ တစ်လ ကျော် လာတဲ့ အထိ မြဲနေတယ် ဆို တော့ အထူးအဆန်း ဖြစ်နေ တဲ့ ရပ်ကွက်သားတွေ ခမျာ သူတို့ ကိုယ် သူတို့ အိပ်မက် မက်နေတာလား ၊ ဒါမှမဟုတ် သောကြာဂြိုဟ် ပေါ် ရောက်နေ သလား ဆိုပြီး စမ်းတဝါးဝါး ဖြစ်လို့ ။ အမှန်က ကိုနက်ကျော် ရဲ့ အကြောင်း သိထားတဲ့ မိထား ဟာ မယား ဝတ္တရား ကို ဂရုတစိုက် ကျေပြွန်လွန်း အားကြီး နေလို့ အပြစ် ရှာ မရတာရယ် ၊ ကိုနက်ကျော် မိထား ကို မညည်းငွေ့ သေးတာရယ် ၊ နောက်ယူရမယ့် မိန်းမ အသစ် တစ်ယောက် မတွေ့သေးတာ ရယ်ကြောင့် ဆိုတာ ဘယ်သူမှ မသိကြဘူး ။ ဒါပေမယ့် ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလို ကိုနက်ကျော်  နှစ်လပြည့်ကာ နီး မှာ ရမယ်ရှာ ရိုက်ဖို့ ကြံစည် နေပါပြီ ။ ရပ်ကွက် ထဲ ကတော့ ကုန်စိမ်းသည် မိထား ကို “ လင်အကြာဆုံး ပေါင်းနိုင်သူဆု ” တောင် ပေးထားကြတယ် ။

“ ဟေးဟေး ... နက်ကျော်ကြီး ... မိထား နဲ့ ကျမှ ကော် နဲ့ ကပ်ထား သလား အောက်မေ့ ရတယ် ”

“ အိုတော် ... ဖူးစာ မှန်လို့ ဖြစ်ချင်ဖြစ်မှာ ပေါ့ ”

အဲလို တစ်ယောက် တစ်မျိုး မရိုးရအောင် ဝေဖန်ကြပြီး နောက် ( ၂ ) ရက် အကြာမှာ ကိုနက်ကျော် နဲ့ မိထား အကွဲအပြဲ သတင်း ကို ကြားလိုက်ကြရတယ် ။

ဖြစ်စဉ်က ဒီလို ။

ကိုနက်ကျော် မိထား နဲ့ ပေါင်းတာ နှစ်လ ပြည့်တော့ ညည်းငွေ့ လာတာနဲ့ မိထား ကို ရန်ရှာဖို့ ၊ အပြစ်ရှာ ရိုက်ဖို့ အကွက်ချောင်း နေတာပေါ့ ။ တစ်နေ့ ကိုနက်ကျော် အလုပ်သွားချိန် မှာ မိထား က ...

“ ကိုနက်ကျော်  ၊ အလုပ် ပြန်လာရင် ဘာဟင်း နဲ့ စားမ လဲ ၊ ကျမ ဘာချက်ထားရမလဲ ”

“ လွယ်တာသာ လုပ်ထားလိုက် ... ကြက်ဥပေါ့ကွာ ” 

ကိုနက်ကျော် က “ ကြက်ဥ ပေါ့ကွာ ” လို့ မှာ သွားပေမယ့် မိထား အတွက် အခက် တွေ့နေတာက ကြက်ဥ ကို ကြော်ရမှာ လား ၊ ကြက်ဥ ကို ပြုတ်ရမှာ လား ဆိုတာ မဝေခွဲတတ်ဘူး ။ ဒါပေမယ့် နောက်ဆုံးတော့ ကိုနက်ကျော် အပြစ် ရှာ မရအောင် ကြက်ဥ ( ၂ ) လုံး ရှိတာကို တစ်လုံး ကို ကြော် ၊ တစ်လုံး ကို ပြုတ် ထားလိုက်တယ် ။ ညနေ ရောက်လို့ ကိုနက်ကျော် ကို ထမင်းဝိုင်း ပြင်ပေးတဲ့ အခါ မှာ  ... 

“ ကိုနက်ကျော် ရေ ၊ ဟောဒါ က ကြက်ဥကြော် ၊ ဟောဒါ က ကြက်ဥပြုတ် ကြိုက်တာသာ စားတော့ တော် ရေ ”

မိထား က သူ့ ဘက်က ထောင့်စေ့အောင် ၊ ရန်ရှာ မခံရအောင် လေပြည်ကလေး ထိုး ပြီး ကိုနက်ကျော် ကို ပြော လိုက်ပေမယ့် ...

“ မိထား ၊ နင် အတော် သောက်သုံးမကျတဲ့ မိန်းမ ၊ အလကားကောင်မ ”

အဲသလို ပြောပြီး မိထား ကို ဘယ်ပြန် ညာပြန်တွေ ၊ ဒူးတွေ ၊ တံတောင်တွေ တရစပ် သုံးပြီး ရိုက်တော့တာပဲ ။ မိထား အတော် နာတယ် ။ နှုတ်ခမ်းတွေ လည်း ကွဲပြဲပြီး သွေးသံတွေ နဲ့ ။ လက်ကောက်ဝတ် တစ်ဖက် က ကျိုးသလား ၊ ဘာလား မသိသေးဘူး ။ ကိုနက်ကျော် က ပုံပုံကလေး လဲနေတဲ့ မိထား ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ...

“ သွား ... နင့် ကို ငါ မပေါင်းတော့ဘူး ၊ အခု ငါ့ အိမ် က ဆင်းသွားစမ်း ကောင်မ ”

မိထား ခမျာ နာ က လည်း နာ ၊ ကြောက် က လည်း ကြောက် ၊ ဒီ ကြားထဲ က နေ ကိုနက်ကျော် ကို စကား တစ်ခွန်း မေးဖြစ် အောင် မေးလိုက်သေးတယ် ။ 

“ ဆင်းမှာပါတော် ၊ ဒီလို တိရစ္ဆာန် အမဲဖျက် သလို ဖျက် နေတဲ့ ယောက်ျား ကို ကျုပ် က လည်း မပေါင်းပါဘူး ၊ ဒါပေမယ့် တစ်ခုတော့ သိချင်တယ် ၊ ကျုပ် ချက်ပြုတ် ကျွေးတဲ့ ဟင်း ထဲ မှာ ဘာ အမှား ရှိလို့လဲ တော့် ”

မိထား ရဲ့ အမေး ကို ကိုနက်ကျော် ဒေါသသံကြီး နဲ့ ဖြေ လိုက်တဲ့ နောက်မှာ  ... မိထား တစ်ယောက် ချာခနဲ ကို နက်ကျော် ရှေ့က ထွက်သွားတော့တယ် ။ ကိုနက်ကျော်  မိထား ကို ဘာ ပြောလိုက်သလဲ ဆိုတော့ ...

“ သေချင်းဆိုးမ ၊ မှားတာ မှ အကြီးကြီး မှားတာ ၊ နင် ဒီလောက် တုံးလိမ့် ထင်မထား ဘူး ၊ ကြော်ရမယ့် ကြက်ဥ ကို ပြုတ်ပြီး ၊ ပြုတ်ရမယ့် ကြက်ဥ ကို ကြော် တာလေ ၊ ဒါမျိုးကို ငါ က ဘယ်လို ခွင့်လွှတ်ရမှာ တုန်း ... ဟင်း ” 

⎕ မောင်သစ်လှိုင်း 

📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
      အမှတ် - ၄၆
      မတ် ၊ ၂ဝ၁၆ 

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment