❝ ချစ်ခြင်းမေတ္တာ ၏ အလျား နှင့် အနံ ❞
━━━━━━━━━━━━━━
မောင်မြင့်ကြွယ်
━━━━━━━━━━━━━━
“ ဟေ့ ကိုညစ် နေ ကောင်းရဲ့လားဗျ ”
တယ်လီဖုန်း ထဲ မှ စူးစူးဝါးဝါး ပေါ်ထွက်လာသော အသံ ကြောင့် ကျွန်တော့် မှာ အလွန်ပင် အားရဝမ်းသာ ဖြစ်ရ ပါလေတော့သည် ။ ကျွန်တော့် ကို ဤကဲ့သို့ “ နာမည်ပြောင် ” နှင့် ရင်းရင်းနှီးနှီး ခေါ်မည့် ပုဂ္ဂိုလ် မှာ ကိုတင်ထွန်း မှ လွဲ၍ မည်သူမျှ မဖြစ်နိုင်ချေ ။ ကိုတင်ထွန်း တို့လို အထူး ရင်းနှီးသူများ က ကျွန်တော့် အမည် “ မြင့်ကြွယ် ” အစား “ ညစ်ကျယ် ” ဟု ခေါ်ကြသည် ။ ကိုတင်ထွန်း သည် ၁၉၅၂ ခုနှစ် ကပင် ရန်ကုန် တက္ကသိုလ် ၌ ဆုံခဲ့ကြုံခဲ့ ၊ သိကျွမ်းခဲ့ ၊ ရင်းနှီးခဲ့ ရသော သူငယ်ချင်းလက်ဟောင်းကြီး တစ်ယောက် လည်း ဖြစ်ပေ သည် ။ သို့သော် ကိုတင်ထွန်း နှင့် ကျွန်တော် သည် ဒီဂရီ ကိုယ်စီ ရရှိကြပြီး နောက် အလုပ် ထဲသို့ ဝင်ရောက် လုပ်ကိုင် ခဲ့ချိန်မှ စ၍ ၉ နှစ် ကျော် ၁ဝ နှစ် နီး ပါးခန့် အဆက်အသွယ် လုံးဝ ပြတ်ပြီး ကွဲကွာ နေခဲ့ကြရသဖြင့် ယခုလို ပြန်လည်တွေ့ ဆုံကြသောအခါ ကျွန်တော်တို့ အဖို့ ပြောစရာ စကားတွေ မှာ တောင်ပုံရာပုံ ပင် ။ ထို့ကြောင့် လာမည့် တနင်္ဂနွေနေ့ မနက် တွင် ထမင်း လာ စားပါမည် ဟု လည်း ကျွန်တော် က အဖြေ ပေးလိုက်ရ ပါတော့သည် ။
ကျွန်တော် က တယ်လီဖုန်း ကို ချလိုက်ပြီး မှ ပင် ကို တင်ထွန်း တစ်ယောက် အိမ်ထောင် ပြုပြီး -မပြီး ဆိုသော အချက် ကို မမေးလိုက်မိသည့် အတွက် ကိုယ့် ကိုယ် ကို သာ အပြစ် တင် မိပါတော့သည် ။ ကိုတင်ထွန်း နှင့် ကျွန်တော် မှာ အမြဲလိုလိုသာ တွဲ ခဲ့ကြသော်လည်း အယူအဆ က ဖြင့် မတူခဲ့ကြပါ ။ ကျွန်တော် က အချစ် ဆိုသော သဘောတရား ကို ယုံကြည်သည် ၊ လက်ခံသည် ၊ မြတ်နိုးသည် ။ သို့သော် ကိုတင်ထွန်း က လောက တွင် အချစ်စစ် မရှိ ဟု အခိုင်အမာ ဆိုခဲ့သည် ။ ထို့ကြောင့် ကြုံတိုင်းဆုံတိုင်း ငြင်းရလေ့ ရှိသည် ။ ဤကဲ့သို့ မေတ္တာတရား ကို မယုံကြည်ခဲ့ သူ တစ်ယောက် သည် ယခု အချိန် လောက် တွင် ကား အိမ်ထောင် ကျသင့် ပေပြီ ။ ဘဝ တွင် အခြေ ချ မိဖို့ တော်လေပြီ ။
••••• ••••• ••••• •••••
ဖိုးတင်ထွန်း နှင့် ကျွန်တော် မှာ တက္ကသိုလ် သို့ အတူတူ ရောက်ခဲ့ကြသော်လည်း ဘာသာတွဲ က မတူကြချေ ။ သူ က အိုင်အို ၊ ကျွန်တော် က ရိုးရိုးသိပ္ပံ ။ ထို့ကြောင့် စစ်ကိုင်းဆောင် တွင် နှစ်နှစ်သာ အတူတူ တွဲလိုက်ရပါသည် ။
အင်တာ အောင်ကြသော အခါ သူ က ဆေးကောလိပ် သို့ ပြောင်းရသည် ။ ကျွန်တော် ကတော့ အခက်အခဲများ ကြား ထဲ မှ ရရှိလိုက်သော ချစ်သူ တစ်ယောက် နှင့် ဟန်ကျ ပန်ကျ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် တွင် ကျန်ရစ်ခဲ့လေသည် ။ ဖိုးတင်ထွန်း ဆေးကောလိပ် သို့ ပြောင်း သွားသော်လည်း ကျွန်တော် နှင့် အဆက်အသွယ် ကား မပြတ်ခဲ့ပါချေ ။ ယခင် က လိုပင် ခင်မြဲ ၊ တွေ့မြဲ ၊ ပွေမြဲ ။
ထိုစဉ်က အချစ်စိတ် ထွေပြား မိလေသောကြောင့် ကျောင်းစာ တွင်လည်း ကောင်းစွာ စိတ် မဝင်စားခဲ့မိချေ ။ ထို့ ကြောင့် အများသူငါ လေးနှစ် တာ သင်ယူရသည့် စာများ ကို ကျွန်တော် က ငါးနှစ် ကြာအောင် သင်ယူပြီးမှ ဘွဲ့ကလေး တစ်ခု ကို ရရှိ ပါလေတော့သည် ။ ထိုအချိန်တွင် ကျွန်တော့် ချစ်သူ က အင်တာ မအောင်သေး၍ ကျွန်တော် က လည်း ချစ်သူ နှင့် မခွဲလိုသောကြောင့် ရန်ကင်းရုပဗေဒဌာန တွင် သရုပ်ပြဆရာ အဖြစ် နှင့် မိုး ခို၍ နေ လိုက်လေတော့ သည် ။
သို့သော် ကျွန်တော့် ချစ်သူ ထား ကတော့ လုံလောက်သော အကြောင်းတစ်စုံတစ်ရာ မပြဘဲ စာတို က လေးတစ်စောင် နှင့် လေးနှစ်ကျော် ၊ ငါးနှစ် ကာလ အထိ ကျွန်တော်တို့ နှစ်ဦး စိတ်ကူး ယဉ်ခဲ့ရသော အချစ်လောကကြီး ကို ချက်ချင်း ဖြိုခွဲ ပစ်လိုက်လေသည် ။ ကျွန်တော့် ထက် ပို၍ ချစ်ရမည့် သူ တစ်ဦး နှင့် ဖြုန်းစားကြီး လက်ထပ် သွားခဲ့ လေသည် ။
ထိုအချိန်တွင် တကယ် အကူအညီ ပေးခဲ့ သူ ကတော့ ဖိုးတင်ထွန်း ပင်တည်း ။ ကျွန်တော် နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်း ရှိ ဆရာဆောင်ဟောင်း သို့ မကြာမကြာ လာလေ့ရှိသည် ။ အားပေးစကား ပြောကြားသည် ။ ကျွန်တော့် အတွက် ကျွန်တော့် ဘက်မှ ဒေါသ ဖြစ် ပေးရှာသည် ။ ကျွန်တော့် အပေါ် တွင်လည်း “ မင်း ကို ငါ အစက မပြောလား ”
ဆိုသော သဘော နှင့် ကရုဏာဒေါသော ဖြစ်ရှာသည် ။ ထိုအချိန်တွင် ဖိုးတင်ထွန်း မှာ ဒေါက်တာဘွဲ့ ပင် ရရှိနေလေပြီ ။ ရန်ကုန်ဆေးရုံကြီး တွင် အလုပ်သင်ဆရာဝန် အဖြစ် ဆောင်ရွက်နေဆဲ လည်း ဖြစ်ပါသည် ။
ဖြစ်ချင်တော့ တစ်နေ့တွင် ကျွန်တော် အကြီးအကျယ် အပြင်း ဖျားပါလေတော့သည် ။ ( ဖိုးတင်ထွန်း ကတော့ အချစ်နာ ကျသည် ဟု သတ်မှတ်ခဲ့ပါသည် ။ ) ဖျား သည် ဆိုသည်နှင့် တစ်ပြိုင်နက် ဖိုးတင်ထွန်း ကို သတိရ၍ ဖုန်းဆက်ပြီး ခေါ်ခိုင်းရသည် ။ ကျွန်တော့် အပေါ်တွင် ညီ အစ်ကိုအရင်း ထက်ပင် ပို၍ ချစ်ခင်သော ကိုတင်ထွန်း က ချက်ချင်းပင် ပြေး လာသည် ။ ကျွန်တော် က ကျွန်တော့် ကို တက္ကသိုလ်ဆေးရုံ တွင် တင်ပို့ပေးရန်ပြောသည် ။ သူ က ဇွတ်အတင်းပင် ရန်ကုန်ဆေးရုံကြီး သို့ ခေါ် သွားခဲ့ပါသည် ။ ကျွန်တော့် ကို သူ နှင့် နီးစပ်ရာ ဆေးရုံကြီး တွင် တင် ထားပြီး ဂရုတစိုက် နှင့် ကုသပေးလိုသည် ဟု ပြောသည် ။ သူ့ စေတနာ ကို ကျွန်တော် မငြင်း နိုင်တော့ပါ ။ ထို့ကြောင့် ရန်ကုန်ဆေးရုံကြီး တွင် နှစ်ပတ်ခန့် သောင် တင်ခဲ့ရလေတော့သည် ။
ကိုတင်ထွန်း က ကျွန်တော့် ကို ဆေးရုံ တက်သည့် နေ့ မှစ၍ အထူးပင် ဂရုစိုက်ရှာပါသည် ။ အချိန် အားလပ်တိုင်း ကျွန်တော့် အနား မှာ ရှိသည် ။ အခြားသော တာဝန်ကျ ဆရာဝန်များ နှင့် မိတ်ဆက် အပ်နှံပေးလေ့ ရှိသည် ။ စားစရာ နှင့် ဖတ်စရာစာအုပ်များ ယူလာပေးလေ့ ရှိသည် ။ တာဝန် ကျ ဆရာမချောချောကလေးများ နှင့်လည်း မိတ်ဆက်ပေး လေ့ရှိသည် ။ ကျွန်တော့် ကို ဂရုစိုက်ရန် တဖွဖွ မှာကြား တောင်းပန်လေ့ ရှိသည် ။ တကယ် တွေးကြည့်တော့ လည်း ဖိုးတင်ထွန်း ၏ ကျေးဇူး မှာ ကြီးမားလှပါပေ၏ ဟု စိတ်ကူး မိ ပါသေးသည် ။ တစ်ညနေတွင် ကိုတင်ထွန်း သည် ကျွန်တော့် ထံ သို့ ရောက်ရှိ လာတော့သည် ။
“ ဟေ့ ... ကိုညစ် ဒီ ဓာတ်ပုံ ကို ကြည့်စမ်း ၊ သူ ဘယ် သူလဲ ”
ကိုတင်ထွန်း က မိန်းကလေး တစ်ဦး ၏ ဓာတ်ပုံ ကို လာရောက် ပြသခြင်းပင် ဖြစ်ပါသည် ။ ကျွန်တော် က လည်း ရန်ကုန်ဆေးရုံကြီး ပေါ်တွင် ဆယ်ရက်ကျော်ကျော် တက် ရောက်ကုသခဲ့ပြီးပြီ မို့ ဆေးရုံကြီး ရှိ ဆရာမချောချော မှန်သမျှ ၏ နာမည် နှင့် မျက်နှာများ ကို အလွတ် ကျက်ထားသလား ဟု မေး ရလောက် အောင်ပင် မှတ်မိ၍ နေလေပြီ ။ ထို့ကြောင့် ..
“ ဒါ ဆရာမရှယ်လီ ပေါ့ ၊ မင်း အဆက်ကြီး မဟုတ် လား ” ဟု ဖြေ လိုက်မိပါသည် ။ သူ က ...
“ ဟု ကိုညစ် ၊ မဦးမချွတ် ကွာ ၊ ဘယ်ကလာ ငါ့ အဆက် ဟုတ်ရမှာလဲကွ ။ သူ ကသာ ငါ့ ကို “ ကျ ” နေတာ ။ ငါ ကတော့ စိတ် မပါဘူးကွ သိလား ” ဟု ခပ်တည်တည် ခပ်သောသော နှင့် ဖြေ ပါလေတော့သည် ။
“ ဒါဖြင့် မင်းက ဘာဖြစ်လို့ ဒီ ပုံ ကို ယူ လာရတာလဲ ”
“ ဒါကတော့ ကိုညစ် ရဲ့ အက်နေတဲ့ အသည်း ကို ကုစားမယ့် ဓာတ်စာပစ္စည်း တစ်ခု အနေနဲ့ ယူ လာတာပေါ့ ကွ ။ မင်း သူ့ ကို လိုချင်သလား ၊ ငါ ပြောပေးမယ်လေ ”
“ အမယ်လေး ... ဘုရား ကယ်တော်မူပါ ၊ မလုပ်ပါနဲ့ ဖိုးတင်ထွန်း ရာ ၊ တစ်ခါ ဆိုရင် တော် လောက်ပါပြီ ။ နှစ်ခါ တော့ အသည်းကွဲ မခံပါရစေနဲ့တော့ ။ ငါ့ အသည်းက အခု ဆို ယဲ့ယဲ့လေး ပဲ ကျန်တော့တာပါ ”
“ အလကား နောက်တာပါ ကိုညစ် ရာ ။ အမှန်အတိုင်း ပြောရမယ် ဆိုရင် ငါ့ ကို ရှယ်လီက အသေအလဲ ချစ်နေတာ ကွ ၊ ဒါပေမဲ့ ငါ ကလည်း သူ့ ကို ကြည့်လို့ ကို မရဘူးကွာ ။ ပြီးတော့ မင်း က ငါ့ အကြောင်းလည်း သိပြီးသား မဟုတ်လား ။ ငါ က “ အချစ် ဆိုသော အရာ သည် ဤ ကမ္ဘာတွင် မရှိ ” လို့ ယုံကြည် လက်ခံထားတဲ့လူ ။ ဒီတော့ ငါ ဘာ လုပ်ရမလဲ ။ အကြံ ပေးစမ်းပါဦးကွာ ”
“ မင်း ကြိုက်ရာသာ ဆုံးဖြတ်ပါ ။ လူ တစ်ယောက် ရဲ့ နှလုံးသား ပြဿနာ ကို ငါ့ ဦးနှောက် နဲ့ ဖြေရှင်း ပေး ရလောက်အောင် ငါ ကလည်း အဆင့်အတန်း မြင့်သေး တာ မဟုတ်ဘူး ။ ပြီးတော့ ငါ့ အထင် နဲ့ အမြင် ဟာ ဘယ် လောက် တောင် ပါစင်အောင် လွဲခဲ့တယ် ဆိုတာလည်း မင်း အသိပဲ မဟုတ်လားကွာ ” ဟု သာ ကျွန်တော် က ဖြေ လိုက် မိပါသည် ။
ကျွန်တော့် စကားကြောင့် ကိုတင်ထွန်း မှာ ရုတ်တရက်တော့ ငိုင်ကျ သွားရလေသည် ။ သို့သော် အချစ် ကို မယုံ သူ ပုဂ္ဂိုလ်ကြီး က ထို ကိစ္စ အတွက် ဦးနှောက် အခြောက် ခံ လိုမည် မရှိပါချေ ။
“ အေးကွာ ကြည့်သေးတာပေါ့ ၊ ဪ ငါ ပါတီ တစ်ခု သွားစရာ ရှိနေတယ် ။ ဒီ ည ငါ့ ဂျူတီ ကွ ၊ ဒီတော့ ပြန်လာမှ မင်း စားဖို့ တစ်ခုခု ယူ လာခဲ့မယ်ကွာ ဟုတ်လား ” ဟု ပြောပြောဆိုဆို နှင့် သွားပါလေတော့သည် ။
ထိုည ကိုတင်ထွန်း ပြန်လာသောအခါ ကျွန်တော် က
“ ဟေ့ ဖိုးတင်ထွန်း မင်း ကြည့်ရတာ မူး လာပုံ ရတယ် ၊ အရက်တွေ တော်တော် အုပ်လာသလားကွ ” ဟု မေးမိပါ သည် ။ သူ က ...
“ ဂျင် နည်းနည်း တော့ သောက် ခဲ့ရတယ် ကွ ၊ ဟို ကောင်တွေ က ငါ မသောက် ရင် မပြန်ရဘူး လုပ်နေကြလို့ ။ ဒီမှာ လည်း ဂျူတီ ဝင် စရာ ရှိနေတော့ သူတို့ ကျေနပ်အောင် နည်းနည်းပဲ သောက်ခဲ့တာပါ ”
ဟု ခပ်ပေါ့ပေါ့ပင် ပြော၍ ထွက်ခွာသွားသည် ။
ထို ည တွင် ...
“ ဟေ့ ကိုညစ် ... ကိုညစ် ထစမ်းပါဦးကွ ၊ မင်း က လည်း ကွာ အရေး ထဲ မှာ အအိပ် ကြီးလိုက်တာ လွန်ပါလေ ရော ၊ ဟေ့ ဟေ့ ထ ပါဦးကွ ”
ကျွန်တော့် တစ်ကိုယ်လုံး ကို တုန်လှုပ်သွားအောင် ပခုံးနှစ်ဖက် မှ ကိုင်၍ ခပ်ကြမ်းကြမ်း အလှုပ် ခံ လိုက်ရသဖြင့် ကျွန်တော် သည် အိပ်မောကျ နေရာ မှ နိုး လာရပါတော့သည် ။ နိုးလာသော အခါတွင် အထက်ပါ အတိုင်း ကိုတင်ထွန်း ၏ ခပ်တိုးတိုး ပြောသံ ကို မသဲမကွဲ ကြား လိုက်ရပါ လေတော့၏ ။ ကျွန်တော် က လည်း အိပ်ရာ မှ ရုတ်တရက် နိုး လာရခြင်း ကြောင့် ကယောင်ချောက်ချား နှင့် ထထိုင်ပြီး ၊
“ ဟေ ဘာဖြစ်လို့လဲကွ ။ ဘယ်မှာ မီးလောင်လို့လဲ ” ဟု မေးမိပါသည် ။
“ ဘယ်မှာ မီးလောင်ရ မှာလဲကွ ။ မင်း ကလည်း အရေး ထဲ မှာ ပေါက်ကရတွေ ပြော နေပြန်ပါပြီ ။ မင်းကို တိုင် ပင်စရာ ရှိလို့ကွ ။ ငါ ဂျောက် ပေါက် တိုးလာလို့ ”
ကျွန်တော် က သူ့ မျက်နှာ ကို သေသေချာချာ အကဲ ခတ် လိုက်မိပါသည် ။ ဟုတ်ပေသည် ။ ညာ ပြောနေတာတော့ မဟုတ်ပါချေ ။ တကယ်ပင် အခက်အခဲ နှင့် ရင်ဆိုင် နေရခြင်း ဖြစ်ကြောင်း ကို သူ့ မျက်နှာ အမူအရာ အရ ချက်ချင်း သိ လိုက်မိပါတော့သည် ။ ထို့ကြောင့် ကျွန်တော် က ခပ် တည်တည် နှင့် ...
“ ရှယ်လီ နဲ့ပတ်သက်တဲ့ ကိစ္စမဟုတ်လား ” ဟု မေး လိုက်ပါသည် ။ သူ က အံ့သြသွားပုံ ရပါ၏ ။ ကျွန်တော့် အထင် မှာ တစ်ဝက် တော့ မှန် လေပြီ ။
“ အေး ဟုတ်တယ် ၊ မင်း ဘယ်လိုလုပ် သိသလဲ ”
“ ဒါက အရေး မဟုတ်ပါဘူးကွာ ၊ မင်း တိုး လာတဲ့ ဂျောက်ပေါက် ဆိုတာက မင်း ရှယ်လီ့ ကို ဖက် နမ်းနေတုန်း ဟို ဖက်တီး ထဘီစိမ်းကြီး က မြင်သွားလို့ မဟုတ်လား ”
“ အဲဒါထက် ပို ဆိုးတာပေါ့ကွ ၊ ငါ အခု ရှယ်လီ့ ကို ... ရှယ်လီ့ ကို ... ”
အရေးထဲ တွင် ဆရာသမား က စကား ထစ် နေပြန်ပါ သည် ။
“ ငါ ချစ်ရေး ဆိုခဲ့မိလို့ ကွ ”
“ ဟေ အဲဒါ ဘာဖြစ်သလဲကွ ။ ကောင်းလေစွ ။ ကောင်းလေစွ လို့ ငါ ကတောင် သာဓု ခေါ် လိုက်ချင်သေး တယ် ။ မင်း ကြည့်ရတာ အိမ်ဖော်မလေး ကို ဖက်နမ်း နေ တုန်း လူမိ ခံရတဲ့ သူဌေးသား လိုပဲ ။ မင်း ရှယ်လီ့ ကို ချစ် ရေး ဆိုပြီးရင် ယူ လိုက်ရုံပဲ ရှိတာပေါ့ကွ ၊ အဲဒါ ဘာ ခက်လို့ ”
ကျွန်တော် က သူ့ ကို ရှယ်လီ နှင့် သဘော တူပြီး ဖြစ် နေ သောကြောင့် ခပ်တည်တည် နှင့် အဆင်း တွင် တွန်း ပေး လိုက်ပါ သည် ။ သို့သော် သူ က နည်းနည်းကလေး မှ မလိမ့်ပါချေ ။ သူ့ အမူအရာမှာလည်း တကယ်ပင် စိတ်ပျက် နေပုံ ရ ရှာပါသည် ။
“ နောက် မနေပါနဲ့ ကိုညစ် ရာ ၊ ငါ တကယ် ပြောတာ ပါ ။ ငါ ရှယ်လီ့ ကို ယူ ဖို့ ဆိုတာ စိတ်ကူး ထဲ မှာတောင် တွေး ကြည့်လို့ မရပါ့ဘူး ။ သူ့ ကို ငါ အားနာပါးနာ နဲ့ နည်းနည်း ကလေး မှတောင် ချစ် မရ ဘူးကွ ။ ဒီတော့ ဘယ်လို လုပ်ပြီး ယူ ရမှာလဲ ။ ငါ သူ့ ကို ယူတယ်ပဲ ထားဦး ၊ သူ့ ကို ငါက နည်းနည်းကလေး မှ ချစ် မရတော့ သူ လည်း စိတ်ချမ်းသာ မှာ မဟုတ်ပါဘူး ကွာ ၊ ငါ့ ကို ကယ်စမ်းပါဦး ”
“ အေးလေ ကွာ မယူနိုင်ဘဲ နဲ့ မင်း က ဘာဖြစ်လို့ ပြော ခဲ့ရတာတုံး ကွ ”
“ ဒါကတော့ ငါ လည်း မူးမူး နဲ့ ဘာ တွေ ပြောမိသလဲ မသိပါဘူးကွာ ။ အခုတော့ ရှယ်လီ က ငါ့ အချစ်ကို ဝမ်း မြောက်ဝမ်းသာ လက်ခံပါတယ် တဲ့ ။ ကဲ ... ”
ကျွန်တော် က ဘာ ဝင်၍ ပြောရပါမည်နည်း ။ ကျွန်တော် အဖြေ မပေးနိုင်ခင်မှာပင် သူ က ဆက်လက်၍ ..
“ ပြီးတော့ ရှယ်လီ က မင်း သိတဲ့အတိုင်း ခပ်ရှင်းရှင်း နဲ့ ဘွင်းဘွင်းသမား မဟုတ်လား ။ သူ့ သူငယ်ချင်းတွေ ကို ချက်ချင်း လိုက်ပြီး ဖောက်သည် ချ မှာကွ ၊ ဒီတော့ နက်ဖြန် နေ့လယ် ဆိုရင် ဆေးရုံတစ်ရုံ လုံး သိ ကုန်ကြတော့မှာပဲ ။ ငါ့ ကို ကယ်ပါဦး သူငယ်ချင်းရာ ။ ငါ ဘာ လုပ်ရမှာလဲ ” ဟု ငိုမလို မျက်နှာထား နှင့် ပြော ပါလေတော့သည် ။
“ မင်း ရှယ်လီ့ ကို တကယ် မယူနိုင်ဘူးလား ၊ အဆုံး စွန် ပြောမယ်ကွာ ။ မင်း အခုလို သေ မလောက် ချစ်နေတဲ့ မိန်းကလေး တစ်ဦး ကို မင်း က ပြန်ပြီး မချစ်နိုင်ဘူးပဲထား ။ နည်းနည်းလေး မှ မသနား နိုင်တော့ဘူးလား ၊ ပြောလေကွာ ”
“ တကယ် ပြောတာပါ ကိုညစ် ရာ ၊ မင်း ငါ့ ကို စကား တတ် တိုင်း နှိပ်စက် မနေပါနဲ့တော့ ။ ငါ သူ့ ကို ယူ ရလို့ ရှိရင် တစ်သက်လုံး ငါ စိတ် မချမ်းမသာ ဖြစ်နေရမယ် ဆိုတာ ကို ကော မင်း မတွေးမိဘူးလား ကွ ။ ပြောစမ်းပါဦး ”
ကျွန်တော် က သူ့ စကား ကြောင့် နက်နက်နဲနဲ စဉ်းစား ရ ပြန်ပါသည် ။ ကိုတင်ထွန်း နှင့် ကျွန်တော် တို့ နှစ်ဦး သည် ညီအစ်ကိုအရင်း ထက် ပင် ချစ်ခင်ခဲ့ကြသူများ ဖြစ်သည် ။ တစ်ယောက် အရေး တွင် တစ်ယောက် က အပြေးအလွှား လာရောက် ကူညီခဲ့ကြသူများ လည်း ဖြစ်သည် ။ ဤ ကိစ္စ တွင် မှ ကျွန်တော် က သူ့ ကို ဥပေက္ခာ ပြုရန် မဖြစ်နိုင်ပြီတည်း ။
ကျွန်တော် က လောလောဆယ်ဆယ် အသည်း ကွဲ နေရသူ ဖြစ် သောကြောင့် တစ်ပါးသူ အသည်း ကွဲစေမည့် လုပ်ငန်း မျိုး ၌ ကိုယ်ရော စိတ်ပါ ဝင်၍ အကူအညီ မပေးချင်လှပါ ။ သို့သော် ကိုတင်ထွန်း က ရင်းနှီးသူ ၊ ရှယ်လီ ကမူ မနေ့တစ်နေ့ ကမှ သိကျွမ်းလာခဲ့ရသူ ဖြစ်၍ ကိုတင်ထွန်း နှင့် စာလျှင် မရင်းနှီးသေးသော ဤ ပုဂ္ဂိုလ် နှစ်ဦး ၏ အကျိုးစီးပွားများ အနက် မည်သူ့ ကို ဦးစား ပေးရပါမည်နည်း ။ ကျွန်တော် ဦးနှောက် ခြောက် ရလေပြီတည်း ။
နောက်ဆုံးတွင် ကျွန်တော် တွေးတော၍ ရသမျှ အကြံအစည်များ ထဲမှ အကောင်းဆုံး အကြံဉာဏ် ကို ဖိုးတင်ထွန်း အား စိတ် မသက်မသာ နှင့် ပြောပြရပါတော့သည် ။
“ ကဲ ဒါဖြင့် ဒီလို လုပ်ကွာ ၊ မင်း အတွက် နည်းနည်း တော့ နစ်နာစရာ ရှိတယ် ။ ဒါပေမဲ့ ငါ ပြောတာကို သဘောတူ မယ် ဆိုရင် ....... ...... ....... ..... .... .... ”
ကျွန်တော့် စကား ဆုံး သော အခါ ကိုတင်ထွန်း သည် အားရဝမ်းသာစွာ နှင့် ...
“ မင်း အကြံ မဆိုးဘူးကွ ။ ဖြစ် နိုင်တယ် ။ သိပ် ကို ဖြစ် နိုင်တယ် သူငယ်ချင်း ။ ကဲ ... ငါ လုပ်စရာ ရှိတာလေးတွေ သွားပြီး လုပ်လိုက်ဦးမယ် ” ဟု ဆိုပြီး ထွက်ခွာသွားပါ တော့ သည် ။
ကျွန်တော့် မှာ အပြောင်းအလဲ မြန်လှသော ကိုတင်ထွန်း ၏ ကျောပြင်ကြီး အား ကြည့်ရင်း သက်ပြင်းကြီး တစ်ခု ကို သာ ရှည်လျားစွာ ချလိုက်မိပါသည် ။ ကျွန်တော့် မှာ ကိုတင်ထွန်း အတွက် အကြံဉာဏ် ပေးလိုက်ရသော်လည်း ဤ အချီ တွင် ဝမ်းမြောက်ဝမ်းသာ မဖြစ်ခဲ့မိပါ ။ ကျွန်တော် ပေး လိုက်သော အကြံဉာဏ် ကြောင့် တစ်ဦး တစ်ယောက် သော သူ တွင် အသည်း ကွဲ ရလေတော့မည် ။ ဤ အကုသိုလ် ၏ အကျိုးဆက် သည် ကျွန်တော့် အပေါ်တွင် နောက် တစ်ကြိမ် “ လယ် ” မလာပါစေ နှင့် ဟု တွေးတော စိတ်မောရင်း အိပ်မပျော် နိုင် ဘဲ ရှိရပါတော့သည် ။
နောက် သုံးရက် ကြာသော အခါ ကျွန်တော် ဆေးရုံ မှ ဆင်းခွင့် ရပါသည် ။ ကိုတင်ထွန်း ကပင် သူ့ ကား နှင့် ကျွန်တော့် ကို ‘ ဆရာဆောင်ဟောင်း ’ သို့ ပြန် လိုက်ပို့သည် ။ လမ်း တွင် သူ က ကျွန်တော် ပေး သော အကြံအစည် မှာ ကောင်းစွာ အောင်မြင် ထမြောက်ခဲ့ကြောင်း ၊ သူ့ အနေ နှင့် ရှယ်လီ ကို လက်ထပ် ယူရန်လည်း မလိုတော့ကြောင်း ပြောပြခဲ့သော်လည်း ကျွန်တော် က နောက်ဆက်တွဲ အဖြစ်အပျက်များ ကို ပြော မပြပါရန် ပိတ်ပင် ခဲ့ရပြန်ပါသည် ။ သူ ကလည်း ကျွန်တော့် စိတ်သဘော ကို ကောင်းစွာ နားလည်သူ ဖြစ်သောကြောင့် ထိုအကြောင်း ကို နောက် ထပ်၍ ပြော မပြ တော့ပါ ။
ဒါကတော့ ကျွန်တော် နှင့် ကိုတင်ထွန်း တို့ ၏ ၁၉၅၂ ခုနှစ် မှ ၁၉၆၀ ခုနှစ် အတွင်း ဖြစ်ပျက်ခဲ့ကြသော ဇာတ်သိမ်း ခန်း မကောင်း သည့်အချစ်ဇာတ်လမ်း နှစ်ခု တို့ ၏ အကြောင်းအရာများ များပေတည်း ။ ကိုတင်ထွန်း သည် ဆေးရုံကြီး ၌ အလုပ်သင် သက်တမ်း တစ်နှစ် စေ့မြောက် သော အခါ လက်ထောက်ဆရာဝန် ဘဝ နှင့် ပြည်မြို့ သို့ ပြောင်း သွားရလေတော့သည် ။
ကျွန်တော် သည်လည်း ကျွန်တော့် အသည်းကွဲခဲ့ရသည့် နေရာ တက္ကသိုလ် ဤ မြေချာ မှ ဖဲခွာ လျက် နိုင်ငံဝန်ထမ်းဘဝ နှင့် အနယ်နယ်အရပ်ရပ် သို့ လှည့်ပတ် ၍ အမှုထမ်း ခဲ့ရလေပြီ ။ ကျွန်တော် တို့ နှစ်ဦးစလုံး နယ် ၌ ရောက်ရှိနေကြစဉ် တွင် တစ်ဦး ကို တစ်ဦး မဆက်သွယ်မိခဲ့ကြပဲ လုံးဝ အဆက် ပြတ်နေခဲ့ရာမှ ယခု လို ရန်ကုန် တွင် တစ်ကြိမ် ပြန်လည် ၍ ဆုံ မိကြသောအခါ တွင် ကား ...
••••• ••••• ••••• •••••
ကျွန်တော် သည် စနေနေ့ နေ့လယ် က ကိုတင်ထွန်း အား ကတိ ပြုခဲ့မိသည့် အတိုင်း တနင်္ဂနွေ နေ့နံနက် ၈ နာရီ ခန့် တွင် ၎င်း နေထိုင်ရာ ရန်ကင်း ရှိ တိုက်ခန်း သို့ ရောက်ခဲ့ ရလေတော့သည် ။ ကျွန်တော် ရောက်ရှိ သွားသော အခါ သူ့ အိမ် တွင် ကိုတင်ထွန်း တစ်ယောက်တည်း ကိုသာ တွေ့ရှိရ လေသည် ။ ကျွန်တော် က ခရီး ရောက်မဆိုက်ပင် အိမ်ထောင် ကျ ပြီလား ဟု ကျွန်တော် သိလိုသော မေးခွန်း ကို ချက်ချင်း မေး မိပါသည် ။ သူ က အိမ်ထောင် ကျ ပြီဖြစ်ကြောင်း ၊ ကလေး ပင် ၃ နှစ်သား ခန့် ရှိနေပြီ ဖြစ်ကြောင်း ၊ ကလေး မှာ သူ့ အဘိုးအဘွားများ အိမ်သို့ အလည် သွား နေကြောင်း ပြော ပြပါလေသည် ။
“ ဒါဖြင့် ခင်ဗျား မိန်းမ ကောဗျ ၊ ဘယ် သွားနေသလဲ ”
“ အပြင် ခဏသွားနေတယ် ။ တော်တော်ကြာ ပြန် လာ မှာပေါ့ကွာ ၊ ဒါနဲ့ မင်း ကော အိမ်ထောင် ကျပြီလား ”
“ ကျ ပြီလေ ၊ ကလေး တောင် ၅ ယောက် ရှိ နေပြီ ”
“ ဟ များ လှချည်လား ကွာ ။ ဘယ် အရွယ် ရှိ ကုန်ကြ ပြီလဲ ”
သူ သိ ချင်သော မေးခွန်း ကို ဖြေပြီး နောက် သူ့ ကို ထပ် ပြီး မေးခွန်း ထုတ် ရပြန်ပါသည် ။
“ ခင်ဗျား မိန်းမ က ဘယ်သူ လဲ ဗျ ။ ကျွန်တော့် အသိ ထဲ ကလား ၊ ဘယ်အရပ်သူ လဲ ၊ ရန်ကုန် က လား ၊ နယ် က လား ၊ ဘယ်မှာ အိမ်ထောင် ကျတာလဲ ”
ကျွန်တော်က သူ့ ကို မေးခွန်းရှည်ကြီး နှင့် တုံ့ပြန် လိုက်ပါသည် ။
“ ဟ ဟ များ လှချည်လား ၊ နေပါဦး ကွာ ၊ ငါ တစ်ခု စီ ဖြေ ပါ့မယ် ၊ ငါ့ မိန်းမ က ရန်ကုန်သူ ပဲကွ ၊ မင်း နဲ့လည်း သိပါတယ် ။ ဒါပေမဲ့ ငါ အိမ်ထောင် ကျခဲ့တာကတော့ နယ် မှာ ပဲ ကွ ”
“ ဒါဖြင့် ဘယ်သူလဲကွ ”
“ ဖြည်းဖြည်းပေါ့ကွာ ၊ တော်တော်ကြာ သူ ပြန်လာတော့ မင်း သိရမှာပေါ့ ။ ကဲ ကဲ လက်ဖက်ရည် သောက်ရင်း တို့ ရောက်ခဲ့တဲ့ နယ်တွေ ရဲ့ အတွေ့အကြုံတွေ ကို တစ်ယောက် တစ်လှည့်စီ ဖောက်သည် ချကြရအောင်ကွာ ”
ထို့ကြောင့် လက်ဖက်ရည် သောက် ရင်း ဟို အကြောင်း သည် အကြောင်း တောင်စင်ရေ မရ လျှောက်၍ ပြောကြလေတော့သည် ။ နယ်တွင် သူငယ်ချင်းတွေ နှင့် ပြန် ဆုံတာလည်း ပါသည် ။ ဒါပေမဲ့ သူ့ စကားများ ထဲ တွင် သူ အိမ်ထောင် ကျခဲ့ပုံ ကိုတော့ ထည့် မပြောပြချေ ။ သို့သော် ကျွန်တော် ကလည်း သူ့ အိမ်တွင် တစ်နေကုန် နေ မည် စိတ် ကူးထားသောကြောင့် အေးအေးဆေးဆေး မှပဲ မေးတော့ မည်ဟု စိတ်ကူး လိုက်ပါသည် ။ သူ့ မိန်းမ သည် ကျွန်တော့် အသိ ဟု ဆိုလေသည် ။ ဘယ်သူများပေနည်း ။ ဧည့်ခန်း တွင် လည်း ဓာတ်ပုံ တစ်ပုံတလေ ကို မျှ ချိတ်ဆွဲထားခြင်း မရှိ ၍ မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ် နေရပါတော့သည် ။ သို့နှင့် ကျွန်တော်တို့ စကားဝိုင်း မှ အကြောင်းအရာများ သည် ကျွန်တော် ဆေးရုံ တက်ခဲ့ရစဉ် က အဖြစ်အပျက်များ ဆီ သို့ တစ်ပတ် လည် ပြီး ရောက်ရှိ သွားလေတော့၏ ။
“ ဟေ့ ကိုညစ် ၊ အဲဒီတုန်းက ငါ နဲ့ ရှယ်လီ နဲ့ ဘယ်လို ဆက်ပြီး ဖြစ်ကြတယ် ဆိုတာ မင်း သေသေချာချာ မသိရ သေးဘူး မဟုတ်လား ”
ကိုတင်ထွန်း ပြောတာ မှန်ပါသည် ။ အဲဒီတုန်းက ကျွန်တော့် အကြံအစည် အောင်မြင်ခဲ့သည် ဆိုတာလောက်ပဲ သိ ခဲ့ရပါသည် ။ သူ က ဆက်ပြောမည် ကြံသော်လည်း ကျွန်တော် က ခွင့် မပြုဘဲ ပိတ်ပင်ထားခဲ့မိပါသည် ။ ထို့ကြောင့် အသေးစိတ် ဖြစ်ပျက်ပုံများ ကိုတော့ မသိရသေးပါ ချေ ။ ရှယ်လီ အတွက် စိတ်မကောင်း ဖြစ် မိသောကြောင့် လည်း ထပ်၍ မမေးလိုခဲ့ပါချေ ။ သို့သော် ထို အဖြစ်အပျက် များ သည်ကား ကြာမြင့်လှချေပြီ တကား ။ ရှယ်လီ ၏ အသည်း မှ ဒဏ်ရာလည်း ပျောက်ကင်း လောက်ပေပြီ ။ တစ် ယောက်ယောက် နှင့်လည်း အိမ်ထောင် ကျ၍ နေပေရော့ မည် ။ ကျွန်တော် သည်လည်း အတွေ့အကြုံ ရင့်ကျက်လာခဲ့ ပြီ ဖြစ်သောကြောင့် လောကဓံ ၏ ဒဏ် ကို ခံနိုင်ရည် ရှိပေပြီ ။ ကျွန်တော့် စိတ် သည်လည်း တက္ကသိုလ်နယ်မြေ တွင် ရှိစဉ်က ကဲ့သို့ မနုနယ် တော့ ပါပြီ ။ ထို့ကြောင့် ရှယ်လီ နှင့် ကိုတင်ထွန်း တို့ ၏ အကြောင်း ကို သိလိုစိတ် ဖြစ်လာရပြန်ပါသည် ။ လူ့ စိတ် ဆိုသည်မှာ ဆန်းကြယ် လှပါသည်တကား ။
“ ဟုတ်တယ် ဗျို့ အဲဒီတုန်း ကတော့ ကျွန်တော် က ရှယ်လီ ကို သနား လို့ မကြားချင်ခဲ့ မိတာ အမှန်ပါပဲလေ ။ ခုလောက် ဆိုရင် တော့ ရှယ်လီ အသည်း က ဒဏ်ရာ လည်း ပျောက် လောက်ပါပြီ ။ ကျွန်တော် တောင် ကျွန်တော့် အသည်း ခွဲ သွားတဲ့ ထား ကို မေ့ နေပြီပဲ ဗျ ”
“ တော်စမ်းပါ ကွာ ၊ စကား ကောင်း ပြောမယ် ကြံရင် မင်း ရဲ့ အဆက်ဟောင်း ထား က ကြား က ကန့်လန့်ကန့်လန့် နဲ့ ပါ လာရပြန်ပါပြီ ။ ကဲပါလေ နောက်ထပ် တွေ့ရတဲ့ ဆရာမ ၅ ယောက် ကိုလိုက်ပြီး ရည်းစား စကား ပြော လိုက် တယ်ကွ ။ ငါ အဲဒီ ည က စွံ ပုံ ကတော့ ရယ်ဖို့တောင် ကောင်း သေးတယ် ။ ဆရာမ လေးယောက် က ငါ့ အချစ် ကို ချက်ချင်းပဲ လက်ခံ လိုက်ခဲ့ကြတယ် ။ အဲ ... ဆရာမ တစ်ယောက် ကတော့ စဉ်းစားပါရစေဦး တဲ့ ။ နောက်နေ့ကျ တော့ သူတို့ချင်း ဆုံမိကြတယ် နဲ့ တူတယ် ၊ ငါ့ အကြောင်းတွေ အဲဒီ မှာ ပေါ် ကုန်တော့တာပေါ့ ကွာ ။ အဲဒီ ညနေကတော့ ငါ့ မှာ အလူးအလဲပဲကွ ၊ ဆရာမ ငါးယောက် က ငါ့ ကို ဝိုင်းပြီး ရန် ထောင် ကြတယ်လေ ။ ကိုတင်ထွန်း ၊ ရှင် ဘာကောင်းသလဲ ၊ မူးမူး နဲ့ ပါးစပ် က အငြိမ် မနေဘဲ ဘာဖြစ်လို့ မဟုတ်တာ တွေ လိုက် ပြောရတာလဲ ၊ ဘာညာ စသည်ဖြင့်ပေါ့ကွာ ။ ပြီးတော့လည်း ငါ့ အကြောင်း ကို ဆေးရုံအုပ်ကြီး ဆီ ကို တိုင် မတဲ့ ။ ငါ ကလည်း သူတို့ ကျေနပ်အောင် တတ်သမျှ မှတ်သမျှ နဲ့ ချော့ ရတော့တာပေါ့ ။ အဲဒီ ညကတော့ ငါ မူး လို့ပြောတာပါ ဘာညာပေါ့ ကွာ ”
“ အဲဒီ အကြောင်း ကို ရှယ်လီ သိ သွားသလား ”
“ သိတာပေါ့ ကွ ။ သူတို့ ဆရာမတွေ နေ့လယ်နေ့ခင်း လက်ဖက်ရည် သောက်ရင်း ဆုံမိကြတော့ ရှယ်လီ က သူ ငါ နဲ့ စွံ ပြီ ဆိုတဲ့ အကြောင်း စ ပြောတာ ဆိုပဲ ။ အဲဒီမှာတင် တခြား ဆရာမတွေ ကပါ ငါ က သူတို့ ကို ပါ ရည်းစား စကား ပြော ခဲ့ကြောင်း ဝိုင်းပြီး ပြောလိုက်ကြတော့ “ ဒါဖြင့် ရင် ကိုတင်ထွန်းကြီး မူး လို့ ပြောတာ ဖြစ်ရမယ် ၊ ဒီ လူကြီး က ကောင်း ကို မကောင်းဘူး ၊ ရန် သွား တွေ့ကြမယ် ” ဆိုပြီး ငါ့ ကို လာပြီး ရန်တွေ့ ကြတာပေါ့ကွာ ။ အဲဒီ ရန် တွေ့တဲ့ အထဲ မှာ တော့ ရှယ်လီ ပါ မလာဘူး ”
“ ရှက် သွားရှာမှာပေါ့ ဗျာ ။ ခင်ဗျား ကို ရှယ်လီ က တကယ် ချစ် နေတာဗျ ။ တကယ်တော့ ခင်ဗျား ကို ကျွန်တော် က ခင် လွန်းလို့သာ အဲဒီလို အကြံဉာဏ် ကို ပေး လိုက် ရတာ ၊ စိတ်တော့ မကောင်းလှပါဘူးလေ ”
“ အေး ဟုတ်တယ် ။ မင်း ပြောတာ မှန်တယ် ။ ငါ အဲဒီ တုန်း ကတော့ တစ်ယူသန် သက်သက် ပဲကွ ။ ချစ်တာ တို့ ၊ မေတ္တာ တို့ ဆိုတာတွေ ကို နည်းနည်း မှ အယုံအကြည် မရှိခဲ့ဘူး ။ အခု မိန်းမ နဲ့ အိမ်ထောင် ကျ ခါနီး ကျမှ ငါ လည်း အမြင်မှန် ရလာခဲ့တယ် သူငယ်ချင်း ။ ဒါနဲ့ ခုန စကား ဆက် ရဦးမယ် ။ အဲဒီနေ့ က စပြီး ရှယ်လီ က ငါ့ အတွေ့ မခံတော့ ဘူး ၊ နောက်တော့ သူ လည်း ဆေးရုံအုပ်ကြီး ကို ပြောပြီး နယ် ကို ပြောင်း သွားတယ် ။ ငါ လည်း တစ်လ လောက်ကြာတော့ လက်ထောက်ဆရာဝန် အဖြစ် နဲ့ ပြည် ကို ပြောင်းခဲ့ ရတာပဲ ။ ဒါပေမဲ့ ဆုံချင်ကြုံ ချင် တော့ ကြံကြံဖန်ဖန် ရှယ်လီ ကို မန္တလေးဆေးရုံ မှာ တစ်ခါ ပြန်ပြီး တွေ့ရပြန်ပါလေ ရော ”
ကိုတင်ထွန်း က ပြော လက်စ စကား ကို ခေတ္တ ရပ်နား ပြီး အပေါ့ သွား ရန် အတွင်းခန်း သို့ ဝင် သွားပါလေတော့ သည် ။ သူ ပြန်ထွက်လာသော အခါတွင်ကား သူ့ မိန်းမ ပါ အခန်း ထဲ မှ တစ်ပါတည်း ထွက် လာကြ လေတော့သည် ။ ကျွန်တော့် မှာ သူ့ ဇနီး ကို မြင်လိုက်ရသော အခါ တွင် အံ့အား သင့် လွန်း လှသဖြင့် ရုတ်တရက် ကုလားထိုင် မှ ပင် ထ၍ မတ်တတ် ရပ်လိုက်မိလေသည် ။
ကိုတင်ထွန်း က ...
“ ဟေ့ ပြန်တော့ မလို့ လား ။ ထိုင်ပါဦး ကွ ၊ ဒါ ငါ့ မိန်းမ လေ ။ မင်း သိတယ် မဟုတ်လား ” ဟု ဆိုပါလေ၏ ။
ကျွန်တော့် မှာ အံ့အား သင့်လှသော ကြောင့် ဘာမျှ မပြောခဲ့မိချေ ။ ကိုတင်ထွန်း ၏ ဇနီး က ...
“ ကဲ ကိုမြင့်ကြွယ် က မပြောရင် ရှယ်လီ က ပဲ ပြော ရ တော့မှာပေါ့ ။ ရှင် က ရှင့် အပြစ် ကြောင့် ရှယ်လီ ကို လန့် နေ သလား ။ မလန့်ပါနဲ့ ရှင် ။ ရှယ်လီ က ရှင့် ကို စိတ်မဆိုးပါ ဘူး ။ ရှင် တို့ ပြောတာတွေလည်း ကျွန်မ အခန်း ထဲ က နေပြီး အားလုံး ကြားရပါတယ် ။ တကယ်တော့ ရှင့် မှာအပြစ်မရှိပါ ဘူး ။ ရှင့် လူကြီး ကသာ မကောင်းတာပါ ။ ဒါပေမဲ့ သူ ကျွန်မ ကို မန္တလေးဆေးရုံ မှာ ပြန် တွေ့တော့ သူ မှားပါပြီ လို့ ကျွန်မ ရှေ့ မှာ ဒူးထောက်ပြီး သေရတော့ မလောက် တောင်းပန် လွန်း မက တောင်းပန် လှတာနဲ့ ကျွန်မ က သူ့ အချစ် ကို ပြန်ပြီး လက်ခံ လိုက်တာပါရှင် ။ အခုတော့ ရှင့် လူကြီးက အမြင်မှန် ရနေပါပြီ ။ ရှယ်လီ ကလည်း ရန်ကုန် တုန်း ကတော့ သူ့ ကို တော်တော်လေး စိတ် ဆိုးမိသေးတယ် ။ ရှက် လည်း ရှက် မိတာပေါ့ ရှင် ။ ဒါပေမဲ့ လည်း ကျွန်မ က သူ့ ကို မေတ္တာစစ် မေတ္တာမှန် နဲ့ တကယ် ချစ်ခဲ့တာ ဆိုတော့ သူ့ မေတ္တာ က လည်း ကျွန်မ ဆီ ကို တစ်ပတ် ကျော့ ပြီး ပြန် ရောက်လာရ တာပေါ့ ရှင် ” ဟု ဆိုပါ လေတော့သည် ။
ကျွန်တော့် မှာ ထိုအခါ ကျ မှ ပင် “ ဟင်း ” ခနဲ သက် ပြင်းရှည်ကြီး ကို မသက်မသာ ချ လိုက်ရပါတော့သည် ။
သူတို့ လင်မယား ကတော့ ကျွန်တော့် ဖြစ်ပုံ ကို ကြည့်ပြီး တဟားဟား ရယ်မော နေကြလေသည် ။
ကျွန်တော် က “ ရယ်ကြပေါ့ ဗျာ ရယ်ကြပေါ့ ၊ ခင်ဗျားတို့ ကျွန်တော့် ကို ခုလို ခေါ်ပြီး အကြောင် ရိုက်ကြတာ ဘာကောင်းလဲ ” ဟု ခပ်တည်တည် ပြော လိုက်သောအခါ ကျ မှ ပြန် ၍ တောင်းပန် ကြလေတော့သည် ။
သို့သော် ကျွန်တော့် စိတ် က မဆိုးမိပါ ။ ဝမ်းပန်း တသာပင် ဖြစ် မိပါသေးသည် ။ အချစ် ဆိုသော အရာ သည် ဤ ကမ္ဘာ တွင် မရှိ ဆိုသော သဘောတရား ဆရာကြီး ကိုတင်ထွန်း သည် အချစ်မေတ္တာတရား ၏ အလျား အနံ နှင့် အသွား အပြန် သဘော ကို လည်းကောင်း ၊ ထုထည်ကြီးမား လှ ပုံ ကို သော် လည်းကောင်း သိရှိ သဘောပေါက် နားလည် လက်ခံ သွားပြီ ဟု သိရှိ လိုက်ရခြင်း ကြောင့် ဇာတ်သိမ်းခန်း ကောင်း ခဲ့သော ကိုတင်ထွန်း အတွက် များစွာ ဝမ်းမြောက် ခဲ့ ရပါတော့သည် ။
◾မောင်မြင့်ကြွယ်
📖 ငွေတာရီ မဂ္ဂဇင်း
၁၉၆၉ ၊ စက်တင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment