Wednesday, September 4, 2024

မစီမာ



 

❝ မစီမာ ❞

မစီမာ ဆီးထုပ် ကို မြန်မာနိုင်ငံ တစ်ဝန်း မှာ အသိ များတယ် ။ မန္တလေး မှာ လုပ်တာမို့ မန္တလေး လက်ဆောင် အဖြစ် အရီးတောင်း လက်ဖက် ၊ ထိုးမုန့် တွေ နဲ့ အတူ မစီမာ ဆီးထုပ်ကလေး တွေ ကို လည်း ပေးလေ့ ရှိကြတယ် ။

မစီမာ ရဲ့လုပ်ငန်းသက် က နှစ်ပေါင်း သုံးဆယ် ကျော်ပါပြီ ။ သူ့ ဆီးထုပ်ကလေး တွေ ကို တီဗီ မှာ လည်း မကြော်ငြာ ၊ သတင်းစာ လည်း မကြော်ငြာ ၊ ဘယ်မှာ မှ ကြော်ငြာ မထည့်ခဲ့ဖူးဘူး ။ ဆီးထုပ်ကလေး တွေ ရဲ့ ပုံစံ က လည်း ရိုးရိုးလေး ၊ တံဆိပ် က လည်း ရိုးရိုးလေး ။

ဆီးထုပ်ဆိုင်ကလေး က လည်း ရိုးရိုးလေးပါပဲ ။ ပန်းရုံကုန်းကလေး လုပ် ထားတဲ့ အိမ်ခြံဝင်း ပေါက် က ဝင် လာရင် နှစ်ထပ်အိမ်ကြီး ရဲ့ အောက်ထပ် မှာ အချဉ်မုန့်ထုပ်ကလေး တွေ ကို ဗန်း ထဲ ထည့် ထားတယ် ။ ဆီးထုပ် အချို ၊ အစပ် ၊ အငန် ၊ ဆီးသီးပေါင်း ၊ သရက်ပေါင်း ၊ မရန်းပေါင် ၊ စောင်းလျားသီးပေါင်း အမျိုးစုံ ခင်းကျင်း ထားတယ် ။

မစီမာ ဆီးထုပ်ကလေး တွေ ကို နိုင်ငံ အနှံ့ အသိ များ နေတာ မှန်ပေမယ့် ဆိုင်ခွဲ တင်ပြီး ရောင်းတာ လည်း မရှိဘူး ။ ရောင်း လို့ ကောင်းတယ် ဆိုပြီး သူ့ လုပ်ငန်း ကို လည်း မချဲ့ထွင်ဘူး ၊ လောဘသတ် ထားပြီး စားလောက် ရုံ နဲ့ တင်းတိမ်ပုံ ရပါတယ် ။

မစီမာ ( ယခု အသက် ၇၈ နှစ် ) ရဲ့ ရုပ်သွင် က လည်း အေးချမ်းပုံ ပေါ် နေပါတယ် ။ အသား ဖြူဖြူ ၊ ပိန်ပိန် ၊ အရပ် မြင့်မြင့် ၊ သနပ်ခါး အဖွေးသား လိမ်း ထားပြီး အမြဲ လိုလို မျက်နှာ ပေါ်  မှာ အပြုံး ကို ဆင်မြန်း ထားတယ် ။

မန္တလေးမြို့ က ဒေါ်စီစီမာ ရဲ့ နေအိမ် ကို သွားရောက် ပြီး သူ့ အလုပ် ၊ သူ့ ခံယူချက် တွေ ကို မေးမြန်းခဲ့ပါတယ် ။

ကျွန်မ ရဲ့ မိဘ တွေ က ရဲဝန်ထမ်း ဦးဘိုးရင် ၊ ဒေါ်လေး တဲ့ ။ ကျွန်မ က လက်မှုလုပ်ငန်း ဝါသနာ ပါတယ် ။ အချုပ်အလုပ် ၊ ဇာထိုးပန်းထိုး လုပ်တယ် ။ သည် အကျင့် က အဘွား ဆီ က ပါတာ ဖြစ်မှာပေါ့ ။ မန်ကျည်းရွက် ပေါ်ချိန် မန်ကျည်းရွက် တွေ ခူးပြီး အဘွား က အခြောက် လှန်းတယ် ၊ ချဉ်ပေါင်ရွက် လည်း အခြောက် လှန်းတယ် ၊ သရက်သီး လည်း အခြောက် လှန်းတယ် ။ သည် စနစ် ကို အဖေ က ရတယ် ။ အဖေ့ ဆီ က မှ ကျွန်မ ရတာပေါ့ ။

ဆီးထုပ်ကလေး တွေ ကို မလုပ်မီ က ကျွန်မ ဇာထိုးပန်းထိုး လုပ်တယ် ။ ဇာထိုး ပန်းထိုး က တော့ စစ် ပြေးရင်း တတ် လာတာပေါ့ ။ ကျွန်မ ၁၄ နှစ်သမီး မှာ စစ်ကြီး ဖြစ်တော့ ချောင်းဦးနယ် ဘက် စစ်ပြေး ရတယ် ။ စစ်ပြေး ရင်း အလကား မနေ တတ်တော့ ဇာထိုးပန်းထိုး သင် တာပေါ့ ။

စစ် ပြေးရင်း ချောင်းဦး ဘက် မှာ သုံးနှစ် လောက် နေရတယ် ။ အဲသည်တုန်း က မောင်း အငှား ထောင်း ရတယ် ။ စပါး က နေ ဆန် ဖြစ်အောင် ဖွပ် တာပေါ့ ။ စပါး တစ်တင်း ကို ဆန် တစ်ပြည် ပေးတယ် ။ ဖွဲနု ၊ ဖွဲကြမ်း ပေးတယ် ။ ဆန် ကို ကိုယ် စား ရတယ် ၊ ဖွဲနုဖွဲကြမ်း ကို မွေးမြူရေးသမား တွေ ကို ရောင်း တာပေါ့ ။ တစ်ချောင်းထိုး သင်ပြီး အင်္ကျီတွေ ထိုးတာ တစ်ထည် အစိတ် ရတယ် ။ တစ်ပတ် တစ်ထည် ၊ တစ်လ ကို ငွေတစ်ရာ ရတယ် ။

စစ် ပြီးတော့ မန္တလေး ပြန် လာကြတယ် ။ ကျွန်မ က ခြောက်တန်း နဲ့ ကျောင်း ထွက် ခဲ့တာ ။ စစ် ပြီးလို့ ကျောင်းတွေ ပြန် ဖွင့်ပေမယ့် ကျောင်း ဆက် မတက်ဖြစ်တော့ဘူး ။ စစ် ပြေးရင်း တတ် လာတဲ့ ဆွယ်တာထိုး အလုပ် ကိုပဲ ဆက် လုပ်ဖြစ် တယ် ။

အဖေ ပင်စင် ယူခါနီးတော့ မိသားစု အနေ နဲ့ အလုပ် တစ်ခု ခု လုပ်ဖို့ စဉ်းစား ရတယ် ။ ဆွယ်တာ ထိုးတာ တော်တော် နာမည်ကြီး တာ မှန် ပေမယ့် သိပ် မထိုး ချင်တော့ဘူး ။ ကြာတော့ ဇက်ကြော တွေ တက်တယ် ။

ဆီးပေါင်း စ လုပ်တယ် ။ ၁၉၇၂ ခုနှစ် က စ တာပေါ့ ။ အိုးကလေး နဲ့ သုံးပြည် စ ပေါင်းတယ် ။ နည်းနည်း ရောင်း ရတာနဲ့ နောက် နှစ် ကျ ပို လုပ်မယ် ဆိုပြီး ၇၃ ခု နှစ် မှာ ဆီးသီး ပို ဝယ်တယ် ။ အဖေ နဲ့ နှစ်ယောက် တည်း လုပ်တာ ။ အလုပ်သမား လည်း မရှိဘူး ။ ၇၄ ခုနှစ် မှာ လုပ်ငန်း နည်းနည်း ထပ်ချဲ့တယ် ။ အဲသည် နှစ် မှာပဲ အဖေ ဆုံးတယ် ။

ရောင်းရင်း မတ်တတ် နဲ့ အလုပ်ကလေး တွေ တွင် လာတယ် ။ တံဆိပ် နဲ့ ဘာ နဲ့ ထုပ်သေးတာ မဟုတ်ဘူး ။ အဲသည်တုန်း က ရောင်စုံ စက္ကူကြမ်းတွေ ကို ဝယ်လို့ ရတယ် ။ ဆီးပေါင်း ဆို စက္ကူပြောင် အဝါ ၊ ဆီးငန်ပြား ဆို အနီ ၊ ဆီးချိုပြား က လိမ္မော်ရောင် အဲသည်လို ထုပ် သွားတာ ။ ၇၆ ခုနှစ် ကျ မှ နာမည်တံဆိပ် နဲ့ လမ်းနာမည် လိပ်စာ နဲ့ ထည့် ရိုက်တာ ။

စ ရောင်းတုန်း က တစ်ထုပ် ငါးပြား နဲ့ ရောင်းတာ ။ နောက် ဆယ်ပြား ရောင်းတယ် ။ ခုတော့ တစ်ထုပ် အစိတ် ဖြစ်သွားပြီ ။

ကျွန်မ မှာ ကောင်း အောင် လုပ်မယ် ဆိုတဲ့ ခေါင်း ပဲ ရှိတယ် ။ နည်းရယ် ဘာရယ်လည်း မရှိပါဘူး ။ ကျွန်မ က သန့်သန့်ရှင်းရှင်း လုပ်တယ် ၊ စိတ်ကောင်း ထားတယ် ။ သန့်ရှင်းမှု ကြောင့် သည် နာမည် သည် အလုပ် နှစ်ရှည် သွားတာ ။ ခုခေတ် ဆိုးဆေး တို့ ၊ နှပ်ဆေး တို့ ထည့် ကြတယ် ။ ကျွန်မ က တော့ သဘာဝ အတိုင်း ပါပဲ ။ အဲဒါတွေ မပါဘူး ။ ကျွန်မ ပစ္စည်း ကို အစိုးရကျန်းမာရေး ဌာန က စစ်တယ် ၊ ရောဂါ ဖြစ်တဲ့ ဟာ မပါဘူး ။

ကျွန်မ ရောင်းတာ က လည်း အိမ် ထဲ မှာပဲ ရောင်းတာ ။ ဘယ်ဆိုင် မှ လိုက် မတင်ဘူး ။ တစ်ခုတော့ ရှိတယ် ၊ အိမ် က ကျောင်းပေါင်းစုံ နဲ့ နီးတယ် ။ အိမ်ဘေး မှာ အမှတ် ၈ အထက်တန်းကျောင်း ၊ မျက်နှာချင်းဆိုင် မှာ အမှတ် ၁၁ အထက် တန်းကျောင်း ၊ မလှမ်းမကမ်း မှာ အမှတ် ၄ ၊ အမှတ် ၁ ၊ အမှတ် ၉ အထက်တန်းကျောင်း တွေ ။ ကျောင်းသူ ကျောင်းသား တွေ က လာ ဝယ် ကြတာ ။ ကျောင်းသူ ကျောင်းသား တွေ အသက်အရွယ် ရပြီး ရာထူးဌာနတွေ ကြီး လာပြီး ဟိုဟို သည်သည် ပြောင်းရွှေ့ တာဝန် ထမ်းဆောင် ကြရပေမယ့် မန္တလေး ရောက် ရင် မစီမာကြီး ရှိသေးတယ်ဟေ့ ဆိုပြီး လာ ဝယ်ကြတာ ။

ကျွန်မ က ကလေးတွေ အပေါ် မှာ လည်း သံယောဇဉ် ရှိတယ် ။ စေတနာ ရှိတယ် ။ ကျောင်း လာ ကြိုတဲ့ သူတွေ ကျောင်း မဆင်း ခင် စောင့် နေတုန်းမှာ မိုးရွာ ၊ နေပူ အားလုံး ကျွန်မ အိမ် ထဲ က ဝင် စောင့် ခိုင်းတာ ။ ကလေးတွေ ရော မိဘတွေ ရော အကုန် ဝင်ခိုတာ ။ မိုးမိ လာလို့ အဝတ်တွေ စိုလာတယ် ၊ လဲရပြုရမယ် ဆို လာလာ ၊ အိမ် ထဲ ဝင် လဲကြ ။ အဲသည်လို ခေါ်တာ ၊ အဲသည် စေတနာတွေ က ကျွန်မ ကို ရောင်ပြန် ဟပ်တယ် ။ ကျွန်မ ကို ကယ်ဆယ်ရေး အန်တီ တဲ့ ခေါ်ကြ တာ ။

ဗုဒ္ဓဘာသာဘုန်းကြီး နေမကောင်း လို့ လာတယ် ၊ ကျွန်မ ဆေးဖိုး လှူလိုက် တယ် ။ ဒုက္ခိတ တွေ ၊ အမယ်ကြီးအို တွေ လာတယ် ။ လှူ လိုက်တာပဲ ။ မွတ်စလင် တွေ လည်း လှူတယ် ၊ ဗုဒ္ဓဘာသာ လည်း လှူတယ် ။ ခရစ်ယာန် လည်း လှူတယ် ။ သီလရှင် အပါး ၇၀ လောက် အပတ်စဉ် ကျွန်မ လောင်း ရတယ် ။ ကျွန်မ ဒါန ထုပ် ကျွန်မ ထုပ်တာပဲ ။ ကျွန်မ ကို ဘုရင်ဂျီမ ၊ မယ်သီလရှင် ၊ ဆွမ်းဆန် လောင်းတယ် လို့ လည်း ဘယ်သူ က မှ မပြောပါဘူး ။

ကျွန်မ ဘဝ ကျွန်မ ကျေနပ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ လုပ်ချင် တဲ့ ဒါန လုပ် နိုင်တယ် ။ လှူချင်ပြီ ဆိုရင် ဘယ်လို က ဘယ်လို မှန်း မသိဘူး ။ ကျွန်မ လိုတဲ့ ပိုက်ဆံ က ပေါ်လာတာပဲ ။ လူကြီးတွေ ကို ပြုစုခဲ့တဲ့ အကျိုး ထင်ပါရဲ့ ။

ကျွန်မ လူကြီး ဆယ်ယောက် တောင် မသေခင် ပြုစုခဲ့ရတာ ။ သည် အိမ်ကြီး ပေါ် မှာ အဘွား က ၁ဝ၂ နှစ် ၊ ဦးလေး ၊ အဒေါ် ၊ အဘ ( အဖေ ) ၊ အမေ အားလုံး ဆယ်ယောက် တောင် ။ တစ်နှစ် နှစ်ယောက် သင်္ဂြိုဟ် ပေးခဲ့ရတာ ။ သူတို့ ကို ပြုစုရတာ ငါ့ မှာ ငွေ တွေ ကုန်သွားလေရဲ့ ဆိုပြီး မနှမြောဘူး ။ သူတို့ ဆုံး တော့ အမွေ တွေ ကျွန်မ ကို ပေးပစ်ခဲ့ကြတယ် ။ ပေးခဲ့တဲ့ အမွေ တွေ အကုန်လုံး ကို ကျွန်မ ဘုရား လှူလိုက်တယ် ။ ရွှေနှလုံးတော်ကျောင်း ၊ စိန်ဇေးဗီးယားကျောင်း ၊ ဖားသားလဖုန်းကျောင်း ၊ သီလရှင်ကျောင်း အားလုံး မျှ လှူလိုက်တယ် ။ ကျွန်မ မြတ်တယ် ။

ကျွန်မ မှာ ငယ်သူငယ်ချင်း ခြောက်ယောက် ရှိတယ် ။ ရွယ်တူ တွေ ဆုံးကုန်ပြီ ၊ နှစ်ယောက် ပဲ ကျန် တော့တယ် ။ ကျွန်မ သူငယ်ချင်း တွေ က ရွှေတွေ ဝတ်ပါဟဲ့ တဲ့ ။ ဝတ်ချင်ပါဘူး ၊ လက် လေးတယ်လို့ ဆိုတော့ ကိုယ့် ဂုဏ် နဲ့ ကိုယ် ဝတ်မှပေါ့ တဲ့ ။ အဖေ ဆုံးပြီး ကတည်း က လောက မှာ ဘာမှ မက်မောစရာ မရှိဘူး ဆိုတာ မြင်လာ တယ် ။ အဝတ်အစား လည်း မဝတ်ဘဲ သေတ္တာ ထဲ ပဲ ထည့် ထားလို့ သေတ္တာ သာ ဝတ်ပေး မစီမာ ရေ့ လို့ ပြောကြတယ် ။

နေတတ် လို့ ရှိရင် ဘဝ က ချမ်းသာပါတယ် ။ ရောင့်ရဲ ရင် ဘဝ ချမ်းသာ တယ် ၊ စွန့်လှူနိုင်ရင် ဘဝ ချမ်းသာတယ် ။ ကိုယ့် ဒါန ထုပ် ကိုယ် ထုပ် ၊ ကိုယ့် လမ်း ကိုယ် ပြန်ရင် မကောင်းဘူးလား ။ အချိန် ကျရင် သွားရမှာလေ ။

ကျွန်မ လုပ်ငန်း မှာ ဘယ်သူ့ ဆီ က မှ အကြွေး မယူဘူး ။ ဘယ်သူ့ မှ ကျွန်မ ပေးစရာ ကြွေး မရှိဘူး ။ သူများ ပစ္စည်း ကိုယ့် ဆီ မပါအောင် နေတယ် ။ ဗြုန်း ဆို ကျွန်မ သေသွားရင် သံသရာ ဝဋ်ကြွေး မပါချင်ဘူး ။

⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment