Monday, September 2, 2024

ကိုပီတိ နှင့် ကူးစက်ရောဂါသစ်


 

❝ ကိုပီတိ နှင့် ကူးစက်ရောဂါသစ် ❞

“ ကိုကို ...”

“ ဟိုက် ...”

ကိုပီတိ အောက်မေး ပြုတ်ကျ မတတ် ပါးစပ် ပြဲ သွားတယ် ။ တိုနန့်နန့် ထူပိန်းပိန်း မျက်ခုံးနှစ်ခု မြောက်တက် သွားတယ် ။ နေ့ခင်း ကြောင်တောင် သရဲတစ္ဆေ တွေ့ လိုက်ရ သလို ကြက်သီးဖြန်းဖြန်း ထ သွားတယ် ။

အသံ လာရာ ကို ကြည့် လိုက်တော့ ပြုံးဖြဲဖြဲ မူတူတူ နဲ့ အိမ်သူ သက်ထား မပွဲကြည် ။

“ ကိုကို လို့ ”

အံမယ် ... ဒုတိယမ္ပိ ကိုကို မှာ ‘ လို့ ’ တစ်လုံး တောင် တိုး လာပါ သေးလား ။ ရည်းစား ဘဝ ကတည်း က ‘ ဘိုးတော် ’ ၊ ‘ ဟိုလူကြီး ’ ဆိုတဲ့ နာမပညတ်တွေ နဲ့ အိမ်ထောင်သက် တစ်လျှောက်လုံး ကျေနပ် ခဲ့ ရ သမျှ မခေါ်စဖူး အခေါ် ထူး နေတဲ့ ဇနီးသည် ကို မျက်မှောင် တစ်ချက် ကုတ် ကြည့် လိုက်ပြီး ...

“ ဘာတုံးဟ ”

အလို ... ခပ်ငေါက်ငေါက် ထူး တာတောင် ကြောက်ဒူး တုန် ဟန် မပြပါလား ။ ဘာများ အလိုတော် ရှိ လို့ ပြုံးစိစိ လုပ်နေပြန်ပါလိမ့် ။

မပွဲကြည် ပါးစပ်ကြီး ဟာ ရင်ခွင်ကား အမြန် ဆွဲဖွင့် လိုက် သလို ဘေး နှစ်ဘက် ကို ပြဲ သထက် ပြဲ တွန့် သွားပြီး နှစ်ကိုယ်ကြား လေသံကလေး ကနွဲ့ကလျ ထွက် လာတယ် ။

“ နန်း လေ ကိုကို ၊ နန်း ... ”

“ အယ် ... ဒီ အရွယ်ကြီး ကျမှ နင် က ငယ်မူ ပြန်နေပါပြီ ”

“ အို ... ဘာတွေ လျှောက် ပြောနေတာလဲ ၊ နန်း ရောက် လာပြီ လို့ ပြောတာ ”

“ နန်း ရောက် လာရင်လဲ ပုံတော်တွေ တင်ပြီး ကနား ပေးလိုက်ပေါ့ ”

“ နတ်နန်း ကို ပြောတာ မဟုတ်ဘူး တော်ရေ့ ၊ လူနန်း လူနန်း ၊ ဟောဒီမှာ တွေ့လား ”

မပွဲကြည့် က သူ့ လက် ထဲ မှာ အသင့် ကိုင် ထားတဲ့ လက်ကမ်း ကြော်ငြာလေး ကို ဖြန့် ပြလိုက်ရင်း ...

“ အဲဒါ ကိုကို ရယ် ၊ ဟို ... အဟင့်ဟင့် ”

တော်လောက်ပါပြီ မိပွဲကြည် ၊ ငါ နားလည် သွားပြီ ။ နင့် လက် ထဲ က ဇာတ်ကြော်ငြာ ကိုတွေ့ ကတည်း က နှစ်စဉ် လုပ်ရိုးထုံးစံ အတိုင်း ဇာတ်ရုံ ကို သွား ၊ အသိမိတ်ဆွေ ရှာ ။ လက်ဖက်ရည် တစ်ခွက် တိုက် ၊ ဖျာ တောင်း လက်မှတ် တောင်း ။

အင်း  ... နင်တို့ ပရိသတ် ရှေ့ဆုံး က ဟီးကြော ထ လို့ ကောင်း အောင် ငါ အလုပ် ဟောင်း ပြန် လုပ်ရဦးမှာ ပါလား ။ အနောက် တောင် မုတ်သုံလေ ရယ် ၊ ဘာကြောင့်များ တိမ်တွေ နဲ့ အတူ ဇာတ်တွေ ကို သယ်ဆောင် လာရတာလဲ ။

တောင်းရ ရမ်းရ လွန်း လို့ ငါ တော့ အရှက်တရား အစိတ်စိတ် အမြွာမြွာ ကွဲ လှ ပါပြီ ။ ပွဲကြည် .. ပွဲကြည် ၊ နင့် နာမည် ကို ပွဲကြည့် လို့ ပြောင်း ပစ်ဖို့ပဲ ကောင်း တော့တယ် ။ စိတ်ချဉ်ပေါက်ပေါက် နဲ့ လျှောက် တွေးရင်း ကိုပီတိ အင်္ကျီ ကောက် ဝတ် လိုက်တယ် ။ ဇာတ်ရုံ ရဲ့ နောက်ပိုင်း မှာ ယောင်ပေပေ ချာယမ်းယမ်း လုပ်နေတဲ့ ငါ့ ကို ‘ ဟေး ကိုပီတိကြီး ဘယ် က လာတာတုန်းဗျ ’ လို့ နှုတ်ဆက် တဲ့ လူ တော့ ကံ ဆိုးပြီ သာ မှတ်ပေတော့ ဟေ့ ....။

“ ဟဲ့ ... ပွဲရီ တို့ ပွဲမှီ တို့ ပွဲသီ တို့ မပြီးကြသေးဘူးလား ၊ ဖျာ က ရှေ့ဆုံး မှာ ဝင်ထွက် ရ လွယ်တာ မဟုတ်ဘူး ”

ပြာစူးစူး တုန်အက်အက် နဲ့ အော် လိုက်တဲ့ မပွဲကြည် ရဲ့ အသံ ဟာ ညဉ့်ဦးယံ ရဲ့ အသရေ ကို ဒီဂရီ လျော့ကျ သွားစေတယ် ။ ကြည့်ပါဦး သူ့ ညီမတွေ နာမည် က အစ ပွဲရီ တဲ့ ပွဲမှီ တဲ့ ပွဲသီ တဲ့ ။ ထွီ ... ပွဲကြိုက် လို့ သာ တော် တော့တယ် ၊ ဆပ်ကပ်များ ကြိုက်ရင် ဆပ်ကပ်မှီ ဆပ်ကပ်ရီ တွေ များ ဖြစ်ကုန် မလား မသိဘူး ။

“ ပြီးပါပြီ မမ ရဲ့ ၊ မင်းသား ဖို့ ပန်းကုံးတွေ စီ နေရလို့ ကြာ သွားရတာပါ ”

“ ရေမွှေးပုလင်း ကော ”

“ အကုန် ပါ ပါတယ် ၊ ဟောဒီ လက်ဖက်သုပ် ၊ ကော်ဖီ ၊ နေကြာစေ့ သစ်တော်သီးခြင်း နဲ့ အပြည့် ”

ဘုရား ... ဘုရား ၊ အိမ် ဖြင့် ညစာ မနက်စာ နပ်မှန်အောင် ငါ ကြိုးပမ်း ရှာဖွေ လိုက်ရတာ ၊ သင်း က တော့ အပျိုတွေ နဲ့ ပြိုင်ပြီး မြူးလား ကြွားလား ၊ ပျော်လား ပါးလား နဲ့ ဝတ်ဆင်ထား လိုက်တာ ကိုယ် နဲ့ မလိုက်မှန်းသိ လိုက်မှန်းသိ ဖြူရော်ရော် စုန့်ပွပွ နှင့် ခန္ဓာ ကိုယ် ပေါ် မှာ အပြောင်စ နီရဲရဲ ဆင်ထားတော့ ရေနစ် သေတဲ့ မသာ ကို ကွမ်း တံတွေး နဲ့ ထွေး ထား သလိုပါလား ဟဲ့ ။ ကိုပီတိ ရဲ့ ရင်တွင်း က မေတ္တာ ပို့တွေ အတော် စူးရောက်ပုံ ရတယ် ။ မပွဲကြည် ဆွဲခြင်း ကောက်ကိုင် ရင်း ...

“ ဟိုသီချင်း ဆိုရင် ငါးဆယ် လောက် ချရ ဦးမယ် ၊ လာ ... သွားကြစို့ဟေ့ ၊ အပျော် ဆိုတာ ရှောင် ၊ ငွေတွေ မကုန်အောင် ပွဲကြိုက်တဲ့ အိမ် က မောင် ”

ကိုပီတိ မျက်စောင်း သာ ကြိမ်လုံး ဆိုရင် မပွဲကြည် ကျောပြင် က ရွှမ်းခနဲ အသံ ထွက် သွား လောက်တယ် ။ သင်း က များ သီချင်း ကပေါက်တိ ကပေါက်ချာ ဆိုပြီး ရိ သွား ရသေးတယ် လို့ ၊ ဖျာဖိုး အလွတ် ၊ အစားအသောက် ၊ အမွှေးအကြိုင် နဲ့ ခရီးစရိတ် တွက် ကြည့်ရင် အနည်းဆုံး တစ်ရာ မပိုတောင် မလျော့ လောက် ဘူး ။ သည် အတိုင်း သာ ကြပ်ကြပ် လုပ် နေရင် ပွဲကြည် ရေ ငါ တော့ မွဲပြီသာ အောက်မေ့တော့ ဟ ။

“ ဟင်း ... ဟင်း အကာ ကို သကာ မလုပ်ဘူး ၊ အနှစ် ကို အား ဖြစ်စေရမယ် သိလား ”

“ ဟ .. ပွဲကြည် ဘာများ အလန့်တကြား ကြွေးကြော် နေပြန် တာတုံး ။ နင် စိတ်တော့ မှန်ပါတယ်နော် ”

“ မှန်ပါတယ် ကိုကို ရဲ့ ၊ ဒီမှာလေ ... ဟီး ... ဟီး ”

“ ဗုဒ္ဓေါ .. ဇာတ်ကြော်ငြာ ၊ ဇာတ်ကြော်ငြာပါလား ”

“ ကိုကို့ အကြိုက်လေ ၊ ပထဗျာဗွေ တစ်ဝိုက် မှာ မြန်မာပြည် ကြိုက် တဲ့ ရတနာ ရွှေသိုက်သဘင် ကိုကို ရဲ့ ၊ ထုံးစံ အတိုင်း အဟိဟိ ”

“ ဟာ ... မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ ဒီလူကြီး ကို မနှစ် က မီးပုံး ရိုက် ပေးမယ် ဆိုပြီး တစ်ရာ့ငါးဆယ် ငါ သုံး ထား တာ ရှိသေးတယ် ၊ ငါ ဘာ ဖျာ မှ မတောင်းရဲဘူး ”

“ အို ... ကိုကို က လဲ ၊ ဒီ လူကြီး က ဆင်းရဲသား ဆို အလွန် သနား တတ် တာပါ ၊ ငွေ တစ်ရာ့ငါးဆယ် ဆိုတာ လက်ဖက်ရည် တစ်ဝိုင်း စာ တောင် ရှိတာ မဟုတ်ဘူး ၊ ပစ္စည်းမဲ့ တွေ ကို ထောက်ပံ့ ရ ရင် ပျော် နေတဲ့ လူကြီး ပါ ၊ တောင်းပါ ကိုကို ရယ် ၊ နှစ်စဉ် ပေးနေကျ ၊ ဒီနှစ် မပေး ရင် ဒီ လူကြီး ဖောက်ပြန်တာပဲ ”

“ အမယ်လေး လေ ... အရမ်း သွား ပြောမနေနဲ့ ၊ နင့် လင်ကြီး က လူ သာ ဝတာ လက် က အသွက် ရယ် ၊ ကြား သွားလို့ ထထိုး လိုက် ရင် ဇာတ်ဖျာ မရဘဲ ငါ့ အလောင်း ပတ်ဖို့ ဖျာ ပဲ ရလိမ့်မယ် ၊ ဒီ လူကြီး ကြည့် ဖို့ က တော်တော် ဟို အပျိုမတွေ နဲ့ သူ့ သားလေး သွားပြီး ဟေး တိုက်ချင် လို့ မဟုတ်လား ”

“ ခစ် ... ခစ် ... ခစ် ”

“ ငါ မကြားဘူး မှတ် နေလား ၊ ဟိုနေ့ က နင်တို့ ချင်း ပြောနေကြတာ မင်းသားလေး က ဗိုလ်ချော ချောတယ် ဆို တာ ”

“ ခစ် ... ခစ် ... ခစ် ”

“ ဒိုင်ယာနာ့ မောင် အင်ဒရူးမင်းသား ဆိုလား သူ နဲ့ သိပ်တူတာပဲ တဲ့ ဟုတ်လား ”

“ ခွီး ... ခစ် ... ခစ်ခွီး ”

“ အောင်မယ် ... ဒါမျိုးများ ကြား ရရင် သဘော ကို ခွေ့ နေတာပဲ ၊ ရယ် လိုက် တာ ပါးစပ် က အမြှုပ်တွေ များ သုတ် စမ်းပါဦး ၊ ဟောဗျ ... ဟဲ့ ... ပွဲကြည် ... ပွဲကြည် ”

“ ခစ် ... ခွီး ခွီး ... ခစ် ... ခစ် ”

“ လာကြပါဦးဗျို့ ... ဟောဒီမှာ ပွဲကြည် ဝမ်းသာလုံး ဆို့ပြီး တက် နေလို့ပါ ဗျ ”

သည်လို နဲ့ တစ်မိုးတွင်း လုံး လာ သမျှ ဇာတ် မှာ တစ်ဖျာ မှ မလပ် ရ အောင် ကိုပီတိ တောင်းရမ်းခြင်း အမှု ပြုရတယ် ။ လူရွှင်တော် ကို တစ်မျိုး ချဉ်း ၊ မင်းသမီး ကို တစ်သွယ် ကပ် ၊ ဇာတ်ဆရာ ကို တစ်နည်း ဖား ပြီး ဇနီးမယား ရဲ့ ပွဲ အာသာ ကို အကဲ ပါပါ အလို ဖြည့် လာလိုက်တာ ပေးဖျာ ၊ ကမ်းဖျာ ၊ လှမ်းဖျာ ၊ ဝေဖျာ ၊ နေရာစေ့ ထောင့်စုံ ဇာတ် ရှိ သမျှ ကုန်အောင် မပွဲကြည် တို့ ဖရီးဂုဏ်မြောက် ပွဲကြည့် ရောက် ခဲ့ရတယ် ။

ကိုပီတိ ခမျာ လည်း  ‘ ဟာရိုးရော်ဘင် ’ ရဲ့ ‘ ကားပက်ဘက်ဂါး ’ ဆိုတဲ့ ဝတ္ထု နဲ့ အပြိုင် မက်ဘက်ဂါး ဘဝ ရောက်မှန်း မသိ ရောက်လာ တာပေါ့ ။

အဲ ... မိုးလ ကုန် လို့ ဆောင်းနှင်းစက် တို့ ရာသီ အိမ်တံခါး အခေါက် ဇာတ်ကြီး တွေ လည်း အောက်ပြည် အောက်ရွာ ဆင်း ရော ရေချိုး မမှား အစား မတိမ်းဘဲ မပွဲကြည် တို့ တစ်သိုက် သည် ရောဂါ ရ လိုက်ကြတာပါပဲ ။

တခြား ဟုတ်ပါရိုးလား ပွဲကြည် ၊ ပွဲမှီ ၊ ပွဲရီ ၊ ပွဲသီ လေးယောက် ခေါင်းချင်း ဆိုင်ပြီး ငိုင်ငိုင်တွေတွေကြီး တွေ ဖြစ် လို ဖြစ် ၊ ရေမွှေး ပုလင်းခွံတွေ ပန်းခြောက်တွေ ကိုင်ပြီး ပြုံး သလိုလို မဲ့ သလိုလို လုပ် လို လုပ် ၊ စားချိန် လည်း မစား ၊ အိပ်ချိန် လည်း မအိပ် ၊ တစ်ခါတလေ တစ်ယောက် တည်း တွတ်တွတ် တွတ်တွတ် နဲ့ စကား ပြောတာ လိုလို သီချင်း ညည်းတာ လိုလို နဲ့ သွေးယောင်ယောင် ၊ လေယောင်ယောင် ၊ ပယောဂယောင်ယောင် ၊ စိတ်ရောဂါယောင်ယောင် တောင်မှန်း မသိ မြောက်မှန်း မသိ တုန်တုန်ချည့်ချည့် တွေ ဖြစ် ကုန်တော့ ဆွေမျိုး သားချင်း အပေါင်းအသင်းတွေ က ဆရာဝန် ပြ ဖို့ ပယောဂဆရာ နဲ့ စစ် ကြည့် ဖို့ မြန်မာဆေးဆရာ နဲ့ ခေါ်ကု ဖို့ အကြံဉာဏ် ဝိုင်း ပေးကြ ပါတယ် ။

ကိုပီတိ က တော့ မပူပါဘူး ။ ခပ်အေးအေး ပဲ ၊ လာပြီး အကြံပေး တဲ့ သူတွေ ကို ပြန်ပြောလိုက်တယ် ။

“ ဘယ် ဆရာဝန် နဲ့ မှ ကုလို့ ပျောက် မှာ မဟုတ်ဘူးဗျ ၊ ဒီ ရောဂါ က အချိန်တန် လို့ သူ့ ရက် ရောက်ရင် ဆေး မလိုဘူး ၊ သူ့ ဟာ သူ ပျောက် သွားမှာ ”

“ မင်းနှယ့် ကွာ ... ကြံကြံဖန်ဖန် ”

“ မကြံဖန်နဲ့ လေ ... ကျုပ် တစ်ခုပြောမယ် ၊ အနေပျက် အစား ပျက် ၊ အအိပ်ပျက် အညောင်းမိ လာတဲ့ ကြက်များ ဟာ ဘာဖြစ် တတ် သလဲ ။

“ ကြက်နာ ကျ တာပေါ့ ဟ ... ”

“ အဲသလိုပဲ ပေါ့ ... အခု လဲ အလကား ရ တိုင်း ဇာတ်ပွဲ တွေ သွား ကြည့် ၊ အအိပ် ပျက် ၊ အနေအစား ပျက် ၊ ဇာတ်တွေ က အဝေး ထွက် သွားတော့ ဟီလေးဟားလေး လုပ်တဲ့ အကျင့် က လဲ ပျက် ၊ တစ်ညလုံး ထိုင်ရတာ တစ်မိုးတွင်းလုံး ရဲ့ သုံးပုံ နှစ်ပုံ လောက် ဆိုတော့ အညောင်းတွေ မိပြီး ဇာတ်နာ ကျ နေ တာဗျို့ ... ဇာတ်နာ ကျ နေ တာ ၊ မပူ နဲ့ အချိန် တန် ရင် ပြန် ကောင်း သွားမှာ ... ”

◾ချစ်စရာ

📖 ကိုပီတိ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment