❝ ပုဂံသား ကိုကျော်ကျော် ❞
[ ပုဂံ အာနန္ဒာဘုရား အနောက်တောင် ထောင့် က တမာပင်ရိပ် မှာ ဈေးဆိုင်ကလေး တစ်ဆိုင် ရှိသည် ။ လက်ဖက်ရည် ၊ ကော်ဖီ ၊ ကြံရည် ၊ အချိုရည်အေး ရောင်းသည် ။ တအောင့်တဖြုတ် ခေတ္တ ဝင်နားသူ သုံးလေးယောက် ရှိတတ်သည် ။ ပုဂံ မှာ ဘုရားစုံ လှည့်ဖူးရင်း သည် ဆိုင်ကလေး မှာ ခေတ္တဝင် ထိုင် ဖြစ်သွားပါသည် ။ အချို့ရည်အေးအေး ကို သောက်ရင်း ထနောင်းပင် ကိုင်းဖျား က ချိုးကူသံ ကြားရသည် ။ အာနန္ဒာဘုရား ကို ကောင်းကင်ပြာပြာ တိမ်ဖြူလွလွ နှင့် ယှဉ်တွဲပြီး ဖူးမြင်ရသည် ။
စက်ဘီး ကိုယ်စီ ဖြင့် ဆိုင်ကလေး ရှေ့ က ဖြတ်စီး သွားသည့် နိုင်ငံခြားသား ဧည့်သည် အချို့ က ဆိုင်ရှင် ကိုကျော်ကျော် ကို နှုတ်ဆက် သွားတာ တွေ့ သည် ။ နိုင်ငံခြားသားတွေ နဲ့ တော်တော် ပေါင်းတတ်သင်းတတ် သူ လို့ ကိုကျော်ကျော် ( ၄၃နှစ် ) ကို ယူဆရသည် ။ ]
••••• ••••• •••••
ကျွန်တော် ဒီနေရာ မှာ ဆိုင်ကလေး ဖွင့်ထားတာ ကြာပြီဗျ ။ တစ်ခါက အင်္ဂလိပ်မ တစ်ယောက် စက်ဘီး နဲ့ ဝင်ချလာတယ် ။ ရေသန့်ဘူး ဘယ်လောက်လဲ ဆိုတော့ ၁၅ဝ လို့ ပြောလိုက်တယ် ။ တစ်ရာ မရဘူလားတဲ့ ။ မရဘူး ပြောတော့ ဈေး များတယ်တဲ့ ။ မများဘူး ၊ အခြား ဆိုင်တွေ မင်း ကြိုက်တဲ့ ဆိုင် သွား ၊ နှစ်ရာ ချည်း ပဲ ။ တစ်ရာ့ငါးဆယ် ရ ရင် ငါ့ လည်ဖြတ်လှည့် လို့ ဆိုတော့ သွားဦးမယ် ဆိုပြီး ထွက်သွားတယ် ။
ခဏ နေ တော့ စက်ဘီး နဲ့ ပြန် ရောက်လာတယ် ။ မင့်ဆိုင် ပဲ တစ်ရာ့ငါးဆယ် ရတာ ဟုတ်တယ်တဲ့ ။
အဲဒီ အချိန် မှာ ကျွန်တော် တို့ လင်မယား က ထမင်း စား နေကြတာ ။ ဒါ မြင်တော့ ငါ လည်း ဝင် စားချင်တယ်တဲ့ ။ စားပါ ၊ ငါတို့ ရှိတာ နဲ့ စားနိုင် ရင် စားပေါ့ ဆိုတော့ ဝင် စားသွားတယ် ။
ပြီးတော့ ကလေးတွေ ကျောင်း နေသလား တဲ့ ။ ဆယ်တန်း တစ်ယောက် ၊ သုံးတန်း တစ်ယောက် ၊ တစ်တန်း တစ်ယောက် ရှိတယ်ပြောတော့ ကလေးတွေ အတွက် တဲ့ စာအုပ်တွေ ဝယ်ချ လာတယ် ။
အချို့ နိုင်ငံခြားသား က ပိုက်ဆံ ရှိပေမယ့် ထမင်းဆိုင် မှာ မစားဘဲ ကျွန်တော်တို့ စား သလို စားကြည့်ချင်တယ် ။ ပိုက်ဆံ ဘယ်လောက် ပေးရမှာလဲ ထမင်း ဝင်စားချင်တယ် ပြောတယ် ။ မပေးပါနဲ့ ဝင် စား သွားပါ ။ ကျွန်တော်တို့က စေတနာ နဲ့ ကျွေးတာပါ ။ ရစေလိုတဲ့ စိတ် နဲ့ မဟုတ်ဘူး ။ တိုင်းတပါး က လာရင် မြန်မာ က ဘယ်လို စေတနာ ရှိတယ် ဆိုတာ သိစေချင်တယ် ။
ဟိုနေ့ က တစ်ယောက် လာတယ် ။ ကျော်ကျော် မင်း ငါ့ မှတ်မိသလား တဲ့ ။ မင့် အိမ် မှာ ဒီ ည ငါ ထမင်း လာ စားမယ် ဟင်းဝယ် ချက်ထားကွာ ဆိုပြီး ဒေါ်လာ နှစ်ဆယ် ပေးတယ် ။ အီတလီဝိုင် တစ်လုံး လည်း ကြို ပေး ထားတယ် ။ ည ရောက်လို့ သူ တည်းတဲ့ ဟိုတယ် ကို သွား ခေါ်တော့ ဂိုက် ( Guide ) မ က ကျွန်မ ဧည့်သည် ကို လူစိမ်း နဲ့ တွေ့ မပေးနိုင်ဘူး တဲ့ ။ ဒါနဲ့ ခင်ဗျား ဧည့်သည် တော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ ခင်ဗျား နဲ့ က ခုမှ တွေ့တာ ။ ကျွန်တော် နဲ့ ခင်တာ နှစ်နှစ်လောက် ရှိပြီလို့ ပြောရတယ် ။ လူများ မကောင်းတာ ။
ကျွန်တော် က တော့ နိုင်ငံခြားသားတွေ ကို နှပ်ထည့် လိုက်မယ် ၊ ဈေး ပို ဆိုလိုက်မယ် ဆိုတဲ့ စိတ်ထားမျိုး မရှိဘူး ။ ကိုယ့် ဆီရောက်လာတဲ့ အခါ ကိုယ် တတ်နိုင် သလောက် စေတနာ နဲ့ ကိုယ် လုပ်ပေးနိုင်တာ လုပ်ပေးလိုက်မှာပဲ ။
မေတ္တာ ဆိုတာ အပြန်အလှန် အမြဲ ရှိပါတယ်ဗျာ ။
☐ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment