❝ ရင်ခုန်ချင်စမ်းပါဘိ ❞
━━━━━━━━━━━━━
အောင်လင်း
━━━━━━━━━━━━━
( ၁ )
“ ရင် မခုန်ရတာများ ကြာပါပေါ့ကလား ”
ကိုထွန်းနု သည် ပထမ ဖန်ခွက် ကို ကိုင်ရင်း လေးလေးပင်ပင် ညည်း လိုက်လေသည် ။
ရင် မခုန်ရသည် မှာ ကြာတော့ လည်း ရင်ခုန်ချင် မိသည် ။ တစ်နေ့ တစ်နေ့ သံသရာ သည် ချားရဟတ် လို သာ အထပ်ထပ် လည်၍ နေပြန်တော့ လည်း ငြီးငွေ့ လာမိသည် ။ ရင် ထဲ တွင် ဘာ တစ်ခုမျှ လှုပ်လှုပ်ရှားရှား မရှိ ၊ အရာရာ သံပတ် ပေး ထားသော အရုပ် လို ဒါကိုချည်း ထပ်တလဲလဲ လုပ်ကိုင် နေရတော့ လည်း လူ ဖြစ်ရသည် မှာ ပျင်းစရာ ကောင်း၍ လာလေသည် ။ ကိုယ့် ဘဝ ကို လည်း ငြီးငွေ့ လာ မိသည် ။ လုပ်ရ ကိုင်ရ နေထိုင်ရ သည် မှာ လည်း စိတ်မော လူမော ဖြစ်၍ လာလေသည် ။
ရင် မခုန်ရသည် မှာ ကြာလေပြီ ၊ လွန်ခဲ့သော နှစ်များ က ရင်ခုန်စရာ မတွေ့ကြ သော်လည်း အတိတ် က ရင်ခုန် ခဲ့ရသော အဖြစ်အပျက်ကလေးများ ကို ပြန် တွေး လိုက်လျှင် ရင်ခုန်ခဲ့ရသေးသည် ။ ယခုတော့ မူ ပြန် တွေး၍ လည်း ရင် က မခုန်တော့ချေ ၊ ရင်ခုန်စရာလေးများ လည်း ပြန်၍ မကြုံတွေ့ ရတော့ချေ ။
သူ့ ကိုယ် ထဲ ၌ ရှိသော ရင်ခုန်စက်ကလေး သည် သံပတ် ကုန်၍ များ နေလေပြီလား ဟု စိုးရိမ် မိ လေသည် ။ သံပတ် ကုန် တော့လည်း မည်သို့ သံပတ် ပေးရမည်ကို သူ စဉ်းစား၍ မရချေ ။
ကြည့်စမ်းပါဦး ၊ တစ်နေ့ သံသရာ သည် သူ့ အတွက် အဘယ်မျှ ငြီးငွေ့ဖွယ်ရာ ကောင်းလေသနည်း ။
မနက် မိုး လင်းလျှင် မျက်နှာသစ် ၊ ရေချိုး ၊ ပြီးတော့ ထမင်းစား ၊ ရုံးသွား ၊ နောက် ရုံးဆင်း ၊ အိမ်ပြန် ၊ ထမင်းစား ၊ စားပြီး အိပ် ဤကိစ္စများ ဖြင့် သာ တစ်နေ့ သံသရာ သည် အထပ်ထပ် အလီလီ ကုန်ဆုံးခဲ့ရလေသည် ။ သို့သော် ထိုစဉ် က ရင် မခုန်ရ သော်လည်း နေရ ထိုင်ရသည် မှာ လွတ်လပ် သေးသည် ။ သူငယ်ချင်း မိတ်ဆွေများ နှင့် ပျော်ရပါးရသေးသည် ။ ည အိမ် မပြန် လျှင် လည်း အရေးမကြီး ၊ တစ်လ တစ်လ ရသောငွေ ကို တပျော်တပါး သုံးစွဲ စားသောက် ရ သေးသည် ။
ထိုသို့ နေရသော ဘဝ ကို ပင် ကိုထွန်းနု မိဘများ က သူ့ အား မရှုဆိတ်ကြပေ ။ ထို့ကြောင့်လည်း သူ့ အား ငြိမ်း သွားရန် စီစဉ်မည် ဟု ဆို၍ မိန်းမ ပေးစားခဲ့ လေသည် ။ ဤသည် မှ စ၍ ကိုထွန်းနု ၏ ဘဝ သည် ရင် မခုန်နိုင်ရုံ သာ မက လွတ်လည်း မလွတ်လပ်တော့ချေ ။
တစ်နေ့ သံသရာ ကား အပြောင်းအလွဲ မရှိ ၊ ယခင် အတိုင်းပင် မနက် လင်း လျှင် ရေချိုး ၊ ကော်ဖီ သောက် ၊ ထမင်း စား ၊ ရုံး သွား ၊ ရုံး ပြန် ၊ ထမင်း စား ၊ မိန်းမ နှင့် စကား ပြော ၊ အိပ်ရာဝင် ဟူသော ဝင်္ကပါ ခရီးစဉ် ကို လျှောက်ခဲ့ရလေသည် ။
အစက သူ သည် မိန်းမ ရလျှင် ရင်ခုန်ချင်သော စိတ်များ ပျောက်သွားလိမ့်မည် ဟု ထင်ခဲ့မိလေသည် ၊ သို့မဟုဟိ မိန်းမ နှင့် အတူ နေရခြင်း က ပင် ရင်ခုန်ချင်စရာကလေးများ တွေ့ ရလေမည် ဟု မျှော်လင့် မိ ခဲ့သည် ။
မိန်းမ ရ ပြီး၍ မကြာခင် ပင် သည် မျှော်လင့်ချက်များ သည် ပျောက်ကွယ် ခဲ့ရလေသည် ။ ရင်ခုန်စရာလည်း မတွေ့ ။ ရင်ခုန်ချင် စိတ် လည်း မပျောက် ဖြစ်ခဲ့ရလေသည် ။ သည်အခါ တွင် ကိုထွန်းနု သည် ဘဝ ကို ငြီးငွေ့ လာလေသည် လုပ်ကိုင် နေထိုင် ရသည် မှာ လည်း ပျင်းရိမောပန်း ၍ လာလေသည် ။ ထိုအခါ၌ ရင်ခုန်ချင်သော ရောဂါ သည် ပို၍ တိုး လာလေသည် ။
တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်းများ နှင့် စကား စပ် မိလျှင် မိန်းမ အကြောင်း ပြော တတ်သည် ။ တချို့ လူပျိုလူလွတ် သူငယ်ချင်းများ က မူ ကိုထွန်းနု တို့ လို မိန်းမ ရပြီးသား သူများ အား “ ခင်ဗျားတို့ က တော့ ဇိမ် ပဲ ၊ အိမ်ပြန် ရေကန်အသင့် ကြာအသင့် နဲ့ ၊ ကျွန်တော်တို့များ ငါ့ဝမ်း ပူဆာ မနေသာ ရင် နေရာ မရွေး အပြေး ရှာရတာ အမောပဲ ၊ ဒီ အထဲ ပုလိပ် ကြောက်ရသေးတယ် ” ဟု ပြောတတ် လေသည် ။ လခ ထုတ်ရက် တွင် လူပျိုလူလွတ် စာရေးများ သည် အူမြူးချိုကြွ ၍ ရ သမျှ ငွေကလေး ကို သုံးဖြုန်း ပျော်ပါးရန် တကိုင်ကိုင် နှင့် ဤသို့ ညည်း တတ်လေသည် ။ ကိုယ့် ဝမ်းနာ ကိုယ် သာ သိ ၍ မပြောကောင်း သော် လည်း စိတ် ထဲ မှ ကြိတ် ၍ ပြုံး မိလေသည် ။
“ မရခင် တော့ ဒီလိုပဲ ထင်ကြတာပဲ ဟေ့ ။ ရ တော့ လည်း အပေါက် တည့်ဦး မှ ၊ နေရာတကာ အတိုင်အဖောက် မညီရင် စိတ် တောင် ပျက်ရသေးတယ် ”
တစ်ခါတစ်ရံ အိမ်ထောင်သည် စာရေး ချင်း တွေ့ ရသည့် အခါတွင် မူ ကိုယ့် ဟာ နှင့် ကိုယ် ညည်း တတ်လေသည် ။ လခ နှင့် အိမ်စရိတ် မလောက်ကြောင်းလည်း ပြောကြသည် ၊ မိန်းမ အတင်း လည်း ပြော ကြသည် ။ ထိုအခါများ တွင် ကိုထွန်းနု သည် သူ ခံစား နေရသော ရောဂါ ကို ဖွင့်ဟ ပြောဆို တတ်လေသည် ။
“ မိန်းမ နဲ့ နေရ ထိုင်ရတာ ရင်ခုန်စရာ တစ်ကွက် မှ မတွေ့ဘူးဗျ ၊ ကျုပ် အဲဒါ စိတ် အပျက်ဆုံးပဲ ။ လူပျို ဘဝ တုန်း က သူများ အတွဲတွေ မြင်ရတိုင်း စိတ်ကူးယဉ် ခဲ့တာတွေ ဟာ တစ်ခုမှ ကို ရှာလို့ မတွေ့ဘူး ”
ကိုထွန်းနု ၏ စကား ကို ကိုသန်းမောင် က ထောက်ခံ တတ် လေသည် ။
“ အေးဗျ ... ကျွန်တော် လည်း တစ်ခါ တစ်ခါ အဲဒါ ငြီးငွေ့တာပဲ ၊ ခက်တာ က မိန်းမ နဲ့ ဆက်ဆံရတာ က ဘာမှ မလှုပ်ရှားဘူးဗျ ။ တစ်ခါတစ်ခါ အသေကြီး လိုပါပဲဗျာ ၊ ဒါပေမဲ့ ကျွန်တော် နည်း တစ်ခု တွေ့တယ် ။ အဲဒါက ရန်ဖြစ် ပေးရင်တော့ တစ်မျိုးပဲ ဗျ ၊ နည်းနည်း အသစ် ပြန် ဖြစ်ပြီး လှုပ်ရှား သလိုလိုပဲ ။ ကျုပ် က မရဲလို့ ၊ နို့မို့ရင် တစ်လ ၊ နှစ်လ လောက် တောင် ကွဲ ကြည့် မလို့ ၊ ပြီးတော့ ပြန် ပေါင်းရင် အားလုံး အသစ် ပြန်ဖြစ်ပြီး ခင်ဗျား ပြော သလို ရင်ခုန်လာမယ် ထင်တယ်ဗျို့ ”
ကိုထွန်းနု သည် ကိုသန်းမောင် ၏ စကား ကို ကျေနပ်သလို ဖြစ်ခဲ့မိသည် ။ ထိုကြောင့် လည်း ကနေ့ တော့ ကိုသန်းမော င်၏ အကြံ အတိုင်း ရန်ဖြစ် ကြည့်မည် ဟု လည်း စိတ်ကူး မိသည် ။ ထို့ကြောင့်လည်း ကိုထွန်းနု သည် လခထုတ်ရက် တွင် ခါတိုင်းလို မိန်းမ ထံ ပိုက်ဆံ အပ်ရန် စောစော မပြန်သေး ဘဲ အရက်ဆိုင် သို့ ဝင် ခဲ့ လေသည် ။
ကိုထွန်းနု သည် လက် ထဲ မှ ကိုင် ထားသော ပထမ အရက်ခွက် ကို အကုန် မော့
လိုက်ရင်း ညည်း လိုက်ပြန်သည် ။
“ အင်း ... ရင် မခုန်ရတာ ကြာပြီ ၊ ဒီ တစ်ခါတော့ ရင်ခုန်ရအောင် တစ်မျိုး စမ်းကြည့် လိုက်ဦးမှပဲ ”
••••• ••••• •••••
( ၂ )
“ ဘယ်လိုများ ရင် ခုန်အောင် လုပ်ရပါ့မလဲ ”
ကိုထွန်းနု သည် ဒုတိယ ဖန်ခွက် ကို ကိုင်၍ စဉ်းစားခန်း ထုတ် လိုက်ပြန်သည် ။ မိတ်ဆွေ ကိုသန်းမောင် ပြော သလို ရန်ဖြစ် ကြည့်ရန် ကား ခက်ခဲသော အလုပ် မဟုတ်ပေ ၊ သို့သော် ရစ်ဖြစ် ပြီးလျှင် မည်သို့ ရင်ခုန်လာမည် ကို နောက် တစ်ဆင့် တွေး၍ မရချေ ၊ ထိုအခါ တွင် ကိုထွန်းနု သည် သူ့ ဘဝ တစ်လျှောက် တွင် ကြုံတွေ့ ခဲ့ရသော ရင်ခုန်စရာ ကိစ္စ များ ကို ပြန်၍ တွေး ကြည့် လိုက်လေသည် ။
ငယ်စဉ်က ဒန်းစီး ရသည့် အဖြစ် ကို ပြန်၍ သတိရ လေသည် ။ ဒန်းစီး သည့် အခါ တွင် နောက်သို့ လွှဲ လိုက်ပြီး ပြန် အကျ တွင် သူ့ အသည်း ထဲ က အေးခနဲ ၊ သိမ့်ခနဲ ဖြစ်ရသည် ကို သတိရ မိလေသည် ။ ဤသည် ကို အကြောင်း ပြု ရင်ခုန်ခြင်း နှင့် ပတ်သက်၍ သူ စဉ်းစား၍ ရလေသည် ။
ရင်ခုန်ခြင်း ဆိုသည် အတက်အကျ အနိမ့်အမြင့် လှုပ်ရှားခြင်း သာ ဖြစ်ပေသည် ၊ တစ်ပြေးညီစွာ ဖြစ်ပေါ် ကြုံတွေ့ နေလျှင် ရင်ခုန်စရာ အကြောင်း မရှိပေ ။ ရင်ခုန်ခြင်း ဆို သည် မှာ ဒန်းစီး သလိုပင် ဖြစ်ပေသည် ။ အပေါ် မြောက် ၍ တက်သွားသည့် အခါ၌ ဖြစ်စေ ၊ အောက် သို့ တစ်ရှိန်ထိုး လျှော့ကျ နိမ့်ဆင်း သွားသည့်အခါ၌ ဖြစ်စေ ရင်းတွင်း ၌ အလိုလို တသိမ့်သိမ့် အေး၍ လာ မိလေ သည် ။ တဆတ်ဆတ် ခုန်၍ လာမိလေသည် ။ ဤသည် ပင် ဘဝ ၏ မဖယ်တလည် အရသာကလေး တစ်ခု ဟု စွဲလမ်း မိ ခဲ့သည် ။
မြေညီလမ်းဖြောင့် တွင် ကား ကို မှန်မှ န်မောင်း၍ စီးရသည် မှာ ရင်တွင်း ၌ ဘာမျှ မလှုပ်ရှားပေ ။ သို့ရာတွင် အနိမ့်အမြင့် လှိုင်းကလေးများ ရှိသော လမ်းပေါ် တွင် အမြန်မောင်း သော ကား ကို စီးရသည့် အခါတွင် အနိမ့် သို့ လျှောဆင်း သွားသည့် အခါ၌ ဖြစ်စေ ၊ အမြင့် သို့ ထိုးတက် သွားသည့် အခါ၌ ဖြစ်စေ ရင်တွင်း ၌ သိမ့်ခနဲ အေးသွား တတ်သည် ။ တဆတ်ဆတ် ခုန်၍ သွားတတ်သည် ။ ဘဝ လမ်းခရီး ဆိုသည်မှာ လည်း ဤသို့ပင် ဖြစ်ပေမည် ။ အနိမ့်အမြင့် လှိုင်းကလေးများ ပေါ် တွင် သွားရသည် မှာ ကြည်နူးစရာ ကောင်း၏ ။ ပျော်စရာ လည်း ကောင်း၏ ။ ရင်လည်း ခုန်ရ သေး၏ ။ ထိုကြောင့်လည်း ဤ မဖယ်တလည် အရသာကလေး ကို ကိုထွန်းနု က စွဲလမ်းခဲ့ခြင်း ဖြစ်ပေသည် ။
ထိုသို့ စွဲလမ်းခဲ့သော ကြောင့်လည်း သူ ဘဝ တွင် ကြုံတွေ့ ခဲ့ရသော ရင်ခုန်စရာ ကလေးများ ကို ယခု တိုင် အောင် မမေ့ခဲ့နိုင်သေး ပေ ။
သူ့ ဘဝ တွင် ရင်ခုန်စရာ အကွက်ကလေး လေးငါးကွက် မျှ တွေ့ခဲ့ရလေသည် ။ ကိုထွန်းနုသည် ဆယ့်ခြောက်နှစ်သား လောက် က စ၍ ပထမဆုံး ရင်ခုန်စရာ ကို တွေ့ခဲ့ရ လေသည် ။ ထိုစဉ်က သူ သည် ခရစ်ယာန် အထက်တန်းကျောင်း တွင် ခုနစ်တန်း မျှ သာ ရှိသေး၏ ။ ထိုသို့ ပညာ သင်ချိန်ဝယ် သူ သည် တစ်တန်းတည်း နေ ခင်ခင်စိန် ဆိုသော မိန်းကလေး အင်း ... ချစ်ကြိုက်ခဲ့မိသည် ။ ကျောင်း တွင် အချိန် ရှိသရွေ့ ခင်ခင်စိန် အနား ၌ ရစ်ဝဲရစ်ဝဲ လုပ်ခဲ့ရသည် ။ ကျောင်းအားချိန် တွင် ခင်ခင်စိန် တို့ အိမ်ရှေ့ လမ်း ပေါ် တွင် စက်ဘီး တစ်စီး ဖြင့် ခေါက်တုံ့ ခေါက်ပြန် သွား ရလေသည် ။ ခင်ခင်စိန် မျက်နှာကလေး ကို မမြင်ရ လျှင် ည အိပ်မပျော်နိုင် လောက် အောင် ပင် အစွဲအလမ်း ကြီး ခဲ့မိသည် ။ ခင်ခင်စိန် တို့ ၏ အိမ်ရှေ့ တွင် စက်ဘီး တစ်စီး ဖြင့် ရစ်သီရစ်သီ ကပ်နေခိုက် တွင် ခင်ခင်စိန် လေသာပြတင်း ပေါက် မှ ပြူစိ ပြူစိ လုပ်ပြ တတ်၏ ။ သည်အခါများ တွင် ကိုထွန်းနု သည် ရင် အခုန်ကြီး ခုန်ခဲ့ရလေသည် ။ ည အိမ် ပြန်ရာ၌ စားကောင်း အိပ်ကောင်း ဖြစ်ခဲ့ရသည် ။
နောက်ဆုံး၌ ကိုထွန်းနု သည် ခင်ခင်စိန် ၏ စာအုပ် ကြား ထဲ သို့ စာ ညှပ် လေတော့သည် ။ စာ ညှပ် ရာ၌ ကိုထွန်းနု သည် အတန်း ထဲ ၌ ခင်ခင်စိန် ပထမဆုံး လှန် ရမည့် ဂဏန်း စာအုပ် သို့မဟုတ် အင်္ဂလိပ်စာအုပ် ထဲ ၌ သာ ညှပ် လေသည် ။ စာ ညှပ် ၍ ပြီးလျှင် ကိုထွန်းနု သည် နောက်ခုံ မှ ထိုင်၍ ခင်ခင်စိန် ၏ အမူအရာ ကို အသည်း တအေးအေး ဖြင့် ကြည့် နေမိ တတ်သည် ။ သူ ညှပ် ထားသော စာအုပ် ကို ခင်ခင်စိန် က ကိုင်လိုက်သည့် အခါတွင် သူ သည် ဒန်း စီးရ သလို ၊ မော်တော်ကား အမြန် မောင်း ၍ ချိုင့်ကလေး ထဲ ဆင်းသွား ရ သလို အေးခနဲ ၊ သိမ့်ခနဲ ဖြစ်ခဲ့ရသည် ။ ဆရာ ကို များ တိုင်လေ မလား ဟူ၍လ ည်း တထိတ်ထိတ် စောင့်ကြည့် ရ သေးသည် ။ သူ ၏ စာကလေး ကို ခင်ခင်စိန် သည် ကွန်ပါဘူး ထဲ သို့ တရိုတသေ ထည့် လိုက်သည့် အခါ တွင် ကိုထွန်းနု မှာ တစ်သက် နှင့် တစ်ကိုယ် မဖော်ပြ နိုင်သော ဝမ်းသာခြင်း မျိုး ဖြင့် ဝမ်းသာ ခဲ့ ရသည် ။ ထိုထက် ဝမ်းသာ၍ ရင်ခုန် ခဲ့ရသည် မှာ ခင်ခင်စိန် ထံ မှ ပြန်စာ ရစဉ် က ပင် ဖြစ် လေသည် ။
ခင်ခင်စိန် သည် သူ့ ထံ မှ ငှားရမ်း ထားသော စာအုပ် ကို ပြန် ပေးသည့် အခါတွင် ကိုထွန်းနူ က သူ့ ထံ မှ စာအုပ် ကို မသိမသာ ထောင် ၍ ကြည့် လိုက်မိသည် ၊ စာအုပ်နှုတ်ခမ်း အညီတွင် တစ်နေရာ ၌ ဟ ၍ လာလေသည် ။ ထိုး ဟ နေသော နေရာ ကြား သို့ ကြည့် လိုက်သည့် အခါ တွင် စာရွက်ပြာကလေး ကို တွေ့ရလေသည် ။ ကိုထွန်းနု သည် အိမ် သို့ ကဆုန်ချ ၍ ပြေးခဲ့လေသည် ။ အိမ် ရောက်တော့ လည်း ခင်ခင်စိန် ထံ မှ ပြန်စာ ကို တစ်ထိုင်တည်း နှစ်ခေါက် လောက် ဖတ် လိုက်သည် ။ ထမင်း စားပြီး တစ်ခါ ထပ် ဖတ်သည် ။ အိပ်ရာ ထဲ တွင် အကြိမ်ကြိမ် ဖတ်သည် ။ ကိုထွန်းနု သည် ခင်ခင်စိန် ၏ ပထမ ပြန်စာ ကို တစ်ညတည်း တွင် အခေါက်ပေါင်း ငါးဆယ့်ခြောက်ခေါက် တိတိ ဖတ်ခဲ့လေသည် ။ ထိုကြောင့် လည်း ကိုထွန်းနု သည် အကြိမ်ပေါင်း ငါးဆယ် ခြောက်ကြိမ် တိတိ ရင်ခုန်ခဲ့ ဖူးလေသည် ။
ထိုနောက် တွင် စစ်ကြီး အတွင်း ၌ ခင်ခင်စိန် နှင့် ကွဲကွာခဲ့ ရလေသည် ။ ကိုထွန်းနု သည် မြို့ မှ တော သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရ လေသည် ။ ထိုသို့ နေရစဉ် အတွင်း၌ တစ်ကြိမ် ရင်ခုန် ရ ပြန်လေသည် ။ ကိုထွန်းနု သည် တောမြို့ကလေး ၌ အတူ ပြောင်းရွှေ့ နေထိုင်ကြ သော မြို့ပိုင် ၏ သမီးကလေး အမာ နှင့် ချစ်ကြိုက် ခဲ့ ပြန်သည် ။ အမာ နှင့် ချစ်ကြိုက်ခဲ့စဉ် ကလည်း တစ်ကြိမ် ရင်ခုန် ခဲ့ရလေသည် ။ ထိုမျှ သာ မက ကိုထွန်းနု သည် အမာ နှင့် အိမ် နောက်ဖေး ရေတွင်း ဘေး တွင် အမြဲ ချိန်းတွေ့ တတ်သည် ။ ထို ချိန်းတွေ့စဉ် က အမာ ၏ လက်ကလေး ကို ထိတွေ့ လိုက်ရသည် မှာ ရင်ခုန်ရုံ သာမက တစ်ကိုယ်လုံး ပင် တဆတ်ဆက်တုန် ခဲ့ရလေသည် ။ ဖိုဓာတ် ၊ မဓာတ် အတွေ့ ကို မူးမတတ် ခံစား ခဲ့ရလေသည် ။
ထိုစဉ်က ကိုထွန်းနု သည် အမာ အကြောင်း ကို အိပ်ရာဝင် တွေး လိုက်ရရုံ မျှ နှင့် ပင် သူ ၏ ရွှေရင်အုံ မှာ လှုပ်ခါ ခုန်ခဲ့ရလေသည် ။ သည်နောက် တွင် မူ စစ်ပြီးခေတ် ၌ ကိုထွန်းနု သည် ရန်ကုန် သို့ ရောက်ခဲ့ရလေသည် ။ ခင်ခင်စိန် သည် ဂျပန်ခေတ် က ပင် အိမ်ထောင် ကျ၍ ကလေး အမေ ဖြစ်နေလေ သည် ။ အမာ မှာ လည်း အတွင်းဝန် သမီး ကောလိပ်ကျောင်းသူ ဖြစ် နေ၍ အနား သို့ မသီနိုင် တော့ချေ ။ ကိုထွန်းနု သည် ရန်ကုန် တွင် ဖြစ်သလို နေ၍ အလုပ် လုပ်ရင်း ကျောင်း နေ ခဲ့ရလေသည် ။ အစ တွင် ရုံးစာရေး အလုပ် ကို ခဏ သာ လုပ်မည် ဟု စိတ်ကူး ခဲ့လေသည် ။ နောက် စာမေးပွဲ အနှစ် နှစ် ရှုံးလာသည့် အခါတွင် ရုံးစာရေးအလုပ် ကို ပင် လက် မလွှတ် နိုင်တော့ပေ ။
ထိုသို့ စာရေး ဘ ဝနှင့် တစ်ကိုယ်ရေ တစ်ကာယ နေခဲ့ရာ မှ ရင်ခုန် စရာကလေးများ တွေ့လာခဲ့ရ ပြန်သည် ။ လခ ထုတ်ရက် တစ်ရက် သူငယ်ချင်း မိတ်ဆွေများ နှင့်အတူ ပျော်ကြ ပါးကြလေသည် ။ တစ်ခါတွင် မူ ကိုသန်းမောင် နှင့် ဆိုက်ကား တစ်စီး နှင့် လမ်းကြို လမ်းကြား သို့ မိန်းမရှာ လိုက်ခဲ့ ရ လေသည် ။ ထိုစဉ်က တစ်ကြိမ် ရင်ခုန် ခဲ့ရလေသည် ။
“ အင်း ... ဘယ်လိုဟာလေးများ တွေ့ ရမလဲ မသိဘူး ” ဟူသော အတွေး ဖြင့် ရင်ခုန် ကာ လိုက်ခဲ့ရလေသည် ။ နောက် မနေနိုင် သဖြင့် ဆိုက်ကားသမား မေး လိုက်မိလေသည် ၊
“ ခင်ဗျားဟာ က နိပ်မလား ခပ်ချောချောလေး ရှာပါဗျာ ” ဆိုက်ကားသမား သည် ကိုထွန်းနု အား ပြုံး၍ ဖြေ လေသည် ။
“ နိပ်ဆို မပြောနဲ့ ၊ မင်းသမီး ခင်ခင်မော် နဲ့ ချွတ်စွတ်ပဲ ” ဆိုက်ကားသမား ၏ အဖြေ ကို ကြား ၍ ကိုထွန်းနု သည် တစ်လမ်းလုံး ရင်ခုန် ခဲ့ ရလေသည် ။ သည်နောက် တွင် လမ်းကြား တစ်နေရာ တွင် ဆိုက်ကား ကို ရပ် ၍ ခြေကျင် လျှောက် ရပြန်လေသည် ။ အိမ်ကြို အိမ်ကြား လမ်းမြှောင် ထဲ သွားရသည် ။ မှောင်နှင့် မည်းမည်း ရွှံ့ဗွက် ထဲ တွင် သွားရသော် လည်း ရင်ခုန် နေသဖြင့် စွန့်စားခန်း တစ်ခု လုပ်ရ သလို ကျေနပ် နေမိသည် ။ နောက်ဖေးစော် နံ့များ ၊ ရွှံ့ပုပ်စော်များ နံလှ သော်လည်း မင်းသမီး ခင်ခင်မော် နှင့် တူသူကလေး နှင့် တွေ့ရမည် ဖြစ်သဖြင့် စိတ်ကူးယဉ် ကာ ကြည်နူး မိခဲ့ရလေသည် ။
တဲအိမ်ငယ်လေး တစ်ခု ပေါ် သို့ ရောက်သည့် အခါတွင် ဝါးကြမ်းမြေ ပေါ် တွင် ထိုင်ရင်း စောင့် နေရသည် ။ အတန်ကြာ လျှင် မိန်းမရွယ် သုံးလေးယောက် ကို ရေနံဆီမီးခွက် မှုန်မှုန် အောက် တွင် မြင်ရလေသည် ။ ရုပ် ကို သဲသဲကွဲကွဲ မမြင်ရ သော် လည်း နီနီ ၊ ပြာပြာ ၊ ဝါဝါကလေးများ မြင် ရ၍ ရင်ခုန် ခဲ့ ရသည် ။ စိတ်ကြိုက် ကို ရွေးပြီး လျှင် ကိုယ့် အခန်း ကို ကိုယ်ဝင် ခဲ့ရသည် ။ ထိုစဉ်က ရင်ခုန် ခဲ့သည် မှာ လည်း တစ်သက် နှင့် တစ်ကိုယ် မကြုံခဲ့ဖူးချေ ။
အမှန်မှာ မူ ကိုထွန်းနု တွေ့သော မိန်းမ သည် ရင်ခုန်စရာ ကောင်းလောက် အောင် ချောသည် လည်း မဟုဘ် ၊ မင်းသမီး ခင်ခင်မော် နှင့် လည်း မတူ ၊ ပြောသည့် စကားများ က လည်း ကဗျာ မဆန် ။
“ နာမည် က ဘယ်လို ခေါ်လဲ ”
“ အသက် ဘယ်လောက် ရှိပြီလဲ ”
“ ဒီ အလုပ် လုပ် ကြာပြီလား ”
စသည့် စကားများ မှာ လည်း ရင်ခုန်စရာ မကောင်း ပေ မင့် ကိုထွန်းနု သည် ရင်ခုန်ခဲ့မိသည် ။
“ အင်း ... ဘာလို့များ ရင်ခုန် ခဲ့ရပါလိမ့် ”
ကိုထွန်းနု သည် ပြန် တွေး၍ မရတော့ ချေ ။ နှိုင်းယှဉ် ကြည့်၍ လည်း ရ၏ ။ နှိုင်းစရာ လည်း မဟုတ်ချေ ။ သို့သော် ကိုယ့် မိန်းမ နှင့် ကျမှ ရင် ခုန်၍ မရသည် မှာ ခံပြင်းစရာ ကောင်းလှသည် ။
ဘဝ ဆို သည် ငြိမ်သက် နေသော ကန်ရေပြင်ကြီး လို နေ က ပျင်းရိ ငြီးငွေ့စရာ ကောင်းလှပေသည် ။ လှုပ်လှုပ်ရှားရှား မရှိ ၊ အနိမ့်အမြင့် မရှိ က လည်း ငြီးငွေ့ စရာ ကောင်း ပေသည် ။
ယခု မူ ကိုထွန်းနု ၏ ဘဝ သည် တစ်နေရာ တည်း မှာ ပင် တချာချာ လည်၍ နေသော သံပတ်ရုပ်ကလေး ကဲ့ သို့ မူးနောက် ၍ လာလေသည် ။
ထမင်းစား ၊ ရေချိုး ၊ ရုံးသွား ၊ ရုံးပြန် ၊ ထမင်းစား အိပ်ရာဝင် ဆိုသည့် ခရီးစဉ် ကို လျှောက်ရသည် မှာ ဝင်္ကပါ ထဲ ၌ လျှောက်ရသူ ကဲ့သို့ မူးနောက် ငြီးငွေ့ ၍ လာလေပြီ ။ ထွက် ၍ လည်း မရ ၊ မလျှောက်ချင် ၍ လည်း မဖြစ် ၊ ကြာတော့ လည်း လူ လည်း နွမ်း ၊ စိတ်လည်း ပန်း ၍ လာလေသည် ။
ကနေ့ တော့ လှုပ်လှုပ်ရှားရှားကလေး ဖြစ်အောင် လုပ် လိုက်မည် ။ ကိုသန်းအောင် ပြောသလို ရန်ဖြစ်ခြင်း သည် လင်းမယား ဘဝ အတွက် ပြန်လည် သစ်ဆန်းစေသည် ဆိုသော စကား ကို ယုံမိ လေသည် ။
“ ဒါကိုက လှုပ်ရှားတာပဲ ၊ မညီမညွတ် မသင့်မမြတ် ဖြစ်လိုက်တာ ကို က အနိမ့် အမြင့် တစ်ခုပဲ ”
ကိုထွန်းနု သည် တွေးရင်း အသည်း အေး သလို ဖြစ်လာမိသည် ။ ထို့ကြောင့် လည်း လက် ထဲ က ကိုင် ထားသော ဖန်ခွက် ကို တစ်ရှိန်ထိုး မော့ လိုက်လေသည် ။
“ အင်း ... ဒီ တစ်ခါတော့ ရင်လေး ဘာလေး ခုန်ရလိမ့်မယ် ထင်ပါရဲ့ ”
( ၃ )
ကိုထွန်းနု သည် တတိယ ဖန်ခွက် ကို ကိုင်၍ ဆက်တိုက် မော့ လိုက်လေသည် ။ သို့ မော့ပြီးသည့် အခါတွင် ကျငွေ ကို ရှင်း ၍ ဆိုင် ထဲ မှ ထွက်ခဲ့လေသည် ။ နီးရာ ဘဘ်စ်ကား မှတ်တိုင် မှ ကား ကို စောင့်၍ စီးပြီး လျှင် အိမ် သို့ ရီဝေသော ဦးနှောက် ဖြင့် ပြန်ခဲ့လေသည် ။ လမ်း တွင် မိန်းမ နှင့် မည်သို့ ရန်ဖြစ်ရမည် ကို စဉ်းစား မိ လေသည် ။
ဟင်း မကောင်းသည် ကို အပြစ် ရှာ ၍ ရန်ဖြစ်မည် လား ။ ဤသည် လည်း မဖြစ် သေး ၊ ဟင်း မကောင်းကြောင်း ပြော လျှင် အရာရာ ဈေး ကြီးကြောင်း မိန်းမ က ပြောတတ် လေသည် ။ ဤသည် ကို လည်း ရန် ရှာ၍ မဖြစ် ၊ မိမိ ရသော ဝင်ငွေ က လည်း နည်းလှသည် ။ တစ်နည်းနည်း ဖြင့် ရန်များ ၍ ရန် ဖြစ်မည် ဟု နောက်ဆုံး ဆုံးဖြတ် လိုက်လေသည် ။
ကိုထွန်းနု သည် ကွက်သစ်လမ်းကြား ထဲ သို့ လျှောက် လာရင်း မှ အိမ်နား သို့ ရောက် သောအခါတွင် ခပ်ဖြည်းဖြည်း လျှောက် လိုက်မိသည် ။
ကိုထွန်းနု သည် အိမ် သို့ ရောက်သောအခါ မျက်နှာ ကို သုန်သုန်မှုန့်မှုန် လုပ်၍ ထားလိုက်လေသည် ။
မိန်းမ လုပ်သူ သည် သူ၏ အဖြစ် ကို ရိပ်မိပုံ မရချေ ။ ခါတိုင်းလိုပင် လုပ်စရာ ရှိသော အလုပ်များ ကို လုပ်၍ ပေးလိုက်လေသည် ။ ထမင်း စားပြီးသည် အထိ ကိုထွန်းနု သည် မျက်နှာ ကို တင်း၍ ထား လိုက်လေသည် ။ ရုတ်တရက် ရန် ဖြစ်ရန် အကြောင်း ရှာ ၍ မရ သဖြင့် စာအုပ်ဟောင်း တစ်ခု ကို ယူ၍ ဖတ် လိုက်လေသည် ။
မိန်းမ လုပ်သူ သူ့ ဘေး မှ အတန် ကြာအောင် စောင့် နေ ပြီးလျှင် အိပ်ရာ သို့ ဝင်၍ သွားလေသည် ။ ကိုထွန်းနု သည် အတန်ကြာ အောင် စာ ကို စိတ် မပါဘဲ ဖတ် ပြီး မှ မီးခွက် ကို ငြိမ်း လိုက်လေသည် ။
ပြီးမှ မှောင် ထဲ တွင် စမ်းဝါး ၍ လျှောက်ရင်း ခြင်ထောင် တွင်း သို့ ဝင် လိုက်လေသည် ။ ချစ်ဇနီး သည် တစ်ဖက် သို့ စောင်း၍ ခွေခွေကလေး အိပ် ၍ နေရှာလေသည် ။ အိပ် ၍ ကား ပျော်ပုံ မရပေ ။
ကိုထွန်းနု သည် ချစ်ဇနီး ဘက် သို့ စောင်း ၍ အိပ် လိုက်လေသည် ။ အသက် ရှူ က မြန် ၍ လာလေသည် ။
ရှေးဦးစွာ သူ သည် ချစ်ဇနီး ၏ ပခုံး ကို ဆွဲကိုင်၍ မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့် ယူ လိုက်လေသည် ။ ဇနီးသည် က ကိုထွန်းနု အား မျက်လုံး စင်း၍ ကြည့် နေ ရှာသည် ။
ကိုထွန်းနု သည် ဇနီးသည် ပါးကလေး ကို တစ်ချက် မျှ မွှေး လိုက်လေသည် ။ ဇနီးသည် သည် တအင်းအင်း ညည်း၍ တစ်ဖက် သို့ လှည့် သွား ပြန်လေသည် ။
ကိုထွန်းနု သည် ဇနီးသည် အား ပြန်၍ လှည့်ယူ လိုက် ပြန်လေသည် ။ ပြီးမှ တင်းတင်းကျပ်ကျပ် ဖက် ထားရင်း မူမမှန် သော အသံ ဖြင့် မေး လိုက်လေသည် ။
“ ငါ့ ကို ချစ်ရဲ့လား မိမြ ”
ဇနီးသည် သည် သူ ၏ ရင်အုံ ကို လက် တစ်ဖက် ဖြင့် တွန်း ၍ နောက်သို့ ရွှေ့သွား ပြန်လေသည် ။ ကိုထွန်းနု သည် မကျေမချမ်း ဖြင့် ဇနီးသည် ဘက် ရွှေ့ လိုက်ကာ ထပ်၍ မေး လိုက်ပြန်လေသည် ။
“ မိမြ ၊ ငါ မေးတာ မကြားဘူး ၊ ငါ့ ကို ချစ်ရဲ့လား ဆို ”
ဇနီးသည် ထံ မှ ဘာမျှ အဖြေ ကို မရချေ ။
ကိုထွန်းနု သည် ပို၍ အားမလို အားမရ ဖြစ် လာလေသည် ။
“ ဟဲ့ .. မိမြ ၊ ငါ မေးတာ မကြားဘူး ”
သည်တော့မှ ပင် ဇနီးသည် ထံ မှ ဆောင့်ဆောင့် အောင့်အောင့် စကားပြန် ကို ရလေသည် ။
“ ဘာလဲ ”
“ ငါ့ ကို ချစ်ရဲ့လား ”
“ တော်စမ်းပါ ရှင် ၊ လူ မှ နေမကောင်းရတဲ့ အထဲ ၊ စကား မရှိ စကား ရှာ မေးမနေ စမ်းပါနဲ့ ”
“ ဘာ .. စကား မရှိ မေးရမှာလဲ ၊ ငါ တကယ် မေးနေတာ ”
ဇနီးသည် သည် တစ်ဖက် သို့ စောင်း၍ အိပ် လိုက် ပြန်လေသည် ။ ခု တစ်ကြိမ် တွင် ကိုထွန်းနု သည် ခပ်ကြမ်းကြမ်း မေး ဆွဲ၍ လှည့် လိုက်လေသည် ။
“ ငါ တကယ် မေးနေတာ ၊ ငါ့ ချစ်ရဲ့လား ”
“ ချစ်ပါသတဲ့ ရှင် ၊ ကဲ .... ”
ကိုထွန်းနု သည် စိတ် အပျက်ကြီး ပျက် သွားလေသည် ။ ဇနီးသည် ညည်းညူသံ သည် နား မချမ်းသာဖွယ်ရာ ကြား ၍ လာရ ပြန်သည် ။
ကိုထွန်းနု သည် သည်းခံ၍ မရတော့ ။
“ အိပ် ရင် လည်း ကောင်းကောင်း အိပ်စမ်းကွာ ၊ တစ်ခါတည်း သိပ် စိတ်ပျက်စရာ ကောင်းတာပဲ ”
ကိုထွန်းနု သည် အိပ်၍ ပျော်ရန် ကြိုးစား သော် လည်း မရတော့ ချေ ။ အတန်ကြာ လျှင် ဇနီး သည် ရှိုက်သံ ကို ကြားရ ပြန်သည် ။
သည်တော့မှ ကိုထွန်းနု သည် စိုးရိမ် သလို ဖြစ်လာမိ ပြန်သည် ။
“ ဟဲ့ ... မိမြ ၊ မိမြ ... ဘာဖြစ်တာလဲ ”
ဇနီးသည် ၏ အဖြေ ကား မရ ၊ ငို၍ သာ နေတော့ သည် ။ သူ မေး မှ ပင် ရှိုက်သံ က ပို ကျယ်လာသည် ။
“ ဟဲ့ ... မိမြ ... ဘာဖြစ်လိုလဲ ဟင် ”
ကိုထွန်းနု သည် ဇနီးသည် ကို ဆွဲ၍ လှည့်ရင်း မေး လိုက်ပြန်သည် ။
“ ဘာဖြစ်လို့တုန်း မိမြ ရဲ့ ၊ နင့် ဟာ အလကား ငို ငိုနေတာ ။ စိတ် မချမ်းသာအောင် မလုပ်စမ်းပါနဲ့ ”
“ သူများ နေမကောင်းတာ တော့ ဘာမှ ဂရု မစိုက်ဘူး ၊ ဆေး တစ်ခွက် တိုက်ဖော် မရ ဘူး ၊ တစ်ကိုယ်လုံး ကိုက် နေတာ ၊ ဘယ်လို လုပ် နေလို့ ရမလဲ ”
ဇနီးသည် ပြောရင်း တရှုံ့ရှုံ့ ငို နေပြန်လေသည် ။
“ ခုဆို လေးလ ရှိနေပြီ သိရဲ့လား ၊ ဘယ်ဆရာ မှ လည်း မပြဘူး ။ ဘာဆေး မှ လည်း မတိုက်ဘူး ၊ သူများ မှာ ထမင်း စားလို့ လည်း မရဘူး ။ တစ်ကိုယ်လုံး ကိုက်တာ ၊ သူ့ ရောဂါ တွေ ကူးသလား တောင် မသိဘူး ”
ဇနီးသည် ၏ စကား ကို နားထောင် ရင်း ကိုထွန်းနု သည် ခေါင်း ကြီး၍ သွား လေသည် ။ စိုးရိမ်စိတ် မှာ ပြင်း လာလေသည် ။
“ ကဲပါဟာ ... ငါ ဘာလုပ် ပေးရမလဲ ပြော ၊ နှိပ် ပေးရမလားဟင် ”
ကိုထွန်းနု သည် ဇနီး ထံ မှ အဖြေ မရ သော်လည်း လက်မောင်းအိုးကလေးများ ကို ဆုပ်နယ်၍ ပေးလိုက် မိ လေသည် ။
ဇနီးသည် သည် သူ ၏ လက် ကို ဖယ်၍ ချ လိုက်ရင်း ..
“ ဒီက ကိုက်တာ မဟုတ်ပါဘူး ၊ ပေါင်တွင်းကြောတွေ က ကိုက်တာပါ ။ အောင် မယ်လေး ... ကျွတ် ကျွတ် .. ”
“ ကဲပါကွာ ... အသာ နေစမ်းပါ ၊ ငါ နှိပ်ပေးပါ့မယ် ”
ကိုထွန်းနု သည် ထိုင် ၍ ဇနီးသည် ပေါင်လုံးကြီးများ ကို နှိပ်နယ်၍ ပေး လိုက်လေသည် ။ စောစောက စိတ်ကူးများ ကား ပျောက်၍ သွားလေသည် ။ သူ ၏ စိတ် ထဲကား လှုပ်ရှားခြင်း လည်း မရှိ စိတ်ပျက် လက်ပျက် ဖြင့် သာ နှိပ်၍ ပေး နေ မိလေသည် ။
မည်မျှ ကြာသည် ကား မသိ ။ ဇနီးသည် ၏ ဟောက်သံ ကို ကြားရတော့ မှပင် ကိုထွန်းနု သည် သက်ပြင်း ကို ချကာ တစ်စုံတစ်ခု ကို ညည်းညူ လိုက်လေသည် ။
“ အင်း ... တစ်သက် နဲ့ တစ်ကိုယ် ဘယ်တော့များ မှ ရင်ခုန်ရပါ့မလဲ ”
◾အောင်လင်း
📖 ဝတ္ထုတိုများ ပေါင်းချုပ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment