❝ သူတို့ အမြင် ❞
━━━━━━━━━
ပုသိမ်ချစ်ခိုင်
━━━━━━━━━
တစ်ခါတုန်းက ဖားလောင်း နှစ်ကောင် ရှိသတဲ့ ။ တစ်ကောင် က အရှေ့မြို့တော် မှာ နေ လို့ တစ်ကောင် က အနောက်မြို့တော် မှာ နေသတဲ့ ။ အဲဒီ အရှေ့မြို့တော် နဲ့ အနောက်မြို့တော် ရဲ့ ကြား မှာတော့ အလွန် မြင့်မားတဲ့ တောင်ကြီး တစ်တောင် ခြားနေ သတဲ့ကွယ် ။
တစ်နေ့တော့ အနောက်မြို့တော် က ဖား က အရှေ့မြို့တော် ရဲ့ ဂုဏ်သတင်း ကို ကြားသိ သွားတယ် ။ ဒီတော့...
“ ဟင် ... သူ့ မြို့တော် က ငါ့ မြို့တော် ထက် တောင် ခမ်းနားသလား ၊ ဘယ်လောက်များ ကြီးကျယ်လို့လဲ ၊ ဒီလိုဆို ငါ့ မြို့တော် ရဲ့ခမ်းနားမှု ဟာ အလကားပေါ့ ၊ ဟုတ်မှ ဟုတ်မှပါလေစ ”
အနောက်မြို့တော် က ဖားလေး ဟာ အရှေ့မြို့တော် က အနောက်မြို့တော် ထက် ကြီး ကျယ်ခမ်းနားရအောင် ဘယ်လောက်များ ကြီးကျယ်လို့လဲ ဆိုတဲ့ စိတ် နဲ့ အရှေ့မြို့တော် ကို ကြည့် ရအောင် ခရီး ထွက်လာခဲ့တယ် ။
ဒီအချိန်မှာ အရှေ့မြို့တော် က ဖား ကလည်း အနောက်မြို့တော် ဟာ သာယာဆန်း ကြယ်လှပါပေတယ် လို့ ကျော်ကြား သိရှိရလို့ “ ဒီ အနောက်မြို့တော် ဟာ ငါ့ မြို့တော် ထက် ဘာ များ သာလို့ ဒီလောက် ကျော်ကြား နေရတာလဲ ၊ ငါ ကြည့်ချင်လိုက်တာ ” ဆိုပြီး အနောက်မြို့တော် ကို ကြည့်ဖို့ ထွက်လာသတဲ့ ။
နယ်သတ်တံတိုင်းကြီး လို မြို့နှစ်မြို့ကို ခြားနေတဲ့ တောင်ကြီး ရောက်တော့ တစ်ကောင် က ဟိုမှာ ဘက် က တက်လို့ တစ်ကောင် က သည်မှာ ဘက် က တက်လို့ ပေါ့ကွယ် ။ ကြားမှာ ခြားနားတဲ့ တောင်ကြီး ကို ကျော်မိမှ ကိုယ် သိချင် မြင်ချင်တဲ့ မြို့အသီးသီး ကို တွေ့ကြရမှာကိုး ။ ဒါကြောင့် သူတို့ ဟာ မရအရ ကုတ်ကပ် ဇွဲခတ်ပြီး တက် ခဲ့ကြတာပေါ့ ။ ဒီလိုနဲ့ပဲ သူတို့ တောင်ထိပ် ရောက် လာတော့ တစ်ခုတည်းသော လမ်းကျဉ်းလေး မှာ နှစ်ကောင်သား ဆုံမိကြပါရော ။ လမ်း ကလေး ကျဉ်းဆို တစ်ကောင် နဲ့ တစ်ကောင် ရှောင်ဖို့ တောင် တော်တော် ခဲယဉ်းသတဲ့ ။ ဒါ ကြောင့် ...
“ အို ... အဆွေ ၊ အဆွေက ဘယ်အရပ် က လာလို့ ဘယ်ဒေသ ကို သွားမှာပါလဲ ၊ ကျုပ် ကတော့ ထူးဆန်းသာယာလှတယ်ဆိုတဲ့ အရှေ့မြို့တော် ကို ကြည့်ချင်မြင်ချင်လွန်းလို့ ခုလို အပင်ပန်းခံပြီး အနောက်မြို့တော် က လာခဲ့တာပဲ ၊ ကျေးဇူးပြုပြီး ကျုပ် ကို လမ်းဖယ်ပေးပါ အဆွေ ”
“ ဪ ... ဟုတ်လား ၊ ဒါဖြင့် ကျုပ်နဲ့တူနေပြီပေါ့ ၊ ကျုပ် က အရှေ့မြို့တော် က လေ ၊ အဆွေတို့ မြို့တော် ကို လှည့် ကြည့်ရအောင် လာတာ ၊ အလာချင်း တူနေပြီ ၊ ဒါပေမယ့် ကျုပ် က ဂုဏ်သတင်း ကြီးလှတဲ့ အဆွေတို့ အနောက်မြို့တော် ရဲ့ သာယာဆန်းကြယ်ပုံ ကို ကြည့်ချင်လို့ ဒုက္ခ ခံပြီးလာရတဲ့ အဆွေတို့ ရဲ့ ဧည့်သည် ပါ ၊ ဒီတော့ လာတာချင်း တူပေမယ့် ဧည့်သည် ကို အိမ်သည် က အခွင့်အရေး ပေးတဲ့ အနေနဲ့ အဆွေ ကသာ ကျုပ် ကို လမ်းဖယ်ပေးရမယ် မဟုတ်လား ၊ အဆွေသာ လမ်းဖယ်ပေးပါ ”
“ မဟုတ်တာ အဆွေရယ် ၊ ကျုပ် ကလည်း အဆွေတို့ ရဲ့ ဧည့်သည်ပါ ၊ ဒီတော့ အရှေ့ မြို့တော် ရဲ့အိမ်ရှင် ဖြစ်တဲ့ အဆွေဟာ အနောက်မြို့တော် က ဧည့်သည် ဖြစ်တဲ့ ကျုပ် ကို လမ်းဖယ် ပေးရမှာပါ ”
သူတို့ ဟာ ခရီးလမ်း သာမက အဖြစ် ကပါ ဆုံလာလို့ အစကတော့ တစ်ကောင် ကို တစ်ကောင် ကြည့်ပြီး အံ့အားသင့် ခဲ့ကြတယ် ။ ဒီနောက်တော့ သူတို့ ဟာ ကိုယ် လိုရာခရီး ကို မြန်မြန် ရောက်ဖို့သာ ဂရုထားကြတော့တယ် ။ ဒါကြောင့် ဟိုမှာဘက် လမ်းနဲ့ ဒီမှာဘက် လမ်းကို သူ အရင် လှမ်းမယ် ၊ ငါ အရင် လှမ်းမယ်နဲ့ ဧည့်သည် ကို အခွင့်အရေး ပေးစတမ်း ဆိုတဲ့ ပြဿနာ တင် ပြီး အရေးဆို ကြတော့တယ် ။ သူ့ ဧည့်သည် ဖြစ်တယ် ၊ ငါ့ ဧည့်သည် ဖြစ်တယ် နဲ့ စကားများကြ တော့တယ်လေ ။
တကယ်တော့ သူတို့ တွေ့ဆိုင် နေရတဲ့ လမ်းကလေး ဟာ ကျယ်ကျယ်ဝယ်ဝယ် ရှိမယ် ဆိုရင် ခုလို စကားများ နေကြရမှာ မဟုတ်ဘူး ။ ခုတော့ လမ်းကလေး ကို က တစ်ကောင် နဲ့ တစ်ကောင် မရှောင်မတိမ်းသာ လောက်အောင် ကျဉ်းမြောင်း နေတော့ ခက်တာပေါ့ ။ တစ်ကောင် က အခြား တစ်ကောင် ကို သွားလမ်း ပေးတဲ့ အနေနဲ့ လမ်းဘေး ကို နည်းနည်း လောက် တိမ်းပေးရရင် ပဲ တိမ်းလိုက်တဲ့ သူဟာ တောင်ကမ်းပါး အောက်ကို ယိမ်းထိုး ကျသွားဖို့သာ ရှိတော့တယ်တဲ့ ။
ကိုယ့် ဘက် ကိုယ် ပြန် ဆင်းပြီး တစ်ဖက် တစ်လမ်းစီ ခွဲသွားမယ် ဆိုရင်တော့ ဖြစ်ပါရဲ့ ။ ဒါပေမယ့် ပြန်ဆင်းဖို့ ဆိုတာ ကလည်း မလွယ်လှဘူး ။ ရောက်ကာနီး မှ ဒီလောက် တကူးတက လာခဲ့ရတဲ့ ခရီး ကို ဘယ်သူက ပြန် လှည့်ချင်မှာလဲ ။ ဒါကြောင့် သူတို့ မှာ အခက်ကြုံ နေတာပေါ့ ။ နောက်ဆုံးတော့ အရှေ့မြို့တော် က ဖား က အကြံတစ်ခု ရလာလို့ ....
“ ကဲ ... ကျုပ်တို့ အကျယ်အကျယ်တွေ ပြောနေလို့ အလကားပဲ ၊ ရန်ပွဲသာ ဖြစ်တော့ မယ် ၊ အရှေ့မြို့တော် နဲ့ အနောက်မြို့တော် ဆိုတာ ကလည်း ဒီ တောင် ပေါ် က မျှော်ကြည့်ကြရင် မြင်နိုင်တဲ့ ဥစ္စာပဲ ၊ ဒီတော့ မတ်မတ်ရပ်ပြီး ခင်ဗျား နဲ့ ကျုပ် နဲ့ ရင်ချင်းကပ် လို့ ကြည့်ကြရအောင် ၊ ကျုပ် က ခင်ဗျား မြို့တော်ဘက် ကို ကြည့်မယ် ၊ ခင်ဗျား က ကျုပ်ရဲ့ မြို့တော် ဘက် ကို ကြည့်ပေါ့ ၊ အဲဒါ မကောင်းဘူးလား ”
“ ကောင်းလိုက်လေဗျာ ၊ ဒီအကြံ သိပ်ကောင်းတာပဲ ”
အရှေ့မြို့တော် က ဖား တင်ပြတဲ့ အကြံ ကို အနောက်မြို့တော်က ဖား က သဘောကျ လက်ခံ လိုက်တယ် ။ ပြီးတော့ သူတို့ နှစ်ကောင် ဟာ မတ်မတ်ရပ် လို့ တစ်ကောင် နဲ့ တစ်ကောင် ရင်ချင်းအပ်ခါ အရှေ့မြို့တော် နဲ့ အနောက်မြို့တော် ကို ကြည့်ကြတယ် ။ ကြည့်ပြီး ထင်ကြေးပေး ကြတယ် ။
“ ဟာ ... ခင်ဗျားတို့ မြို့တော် က ကျုပ်တို့ မြို့တော် နဲ့ အတူတူပါပဲလား ၊ ဘာမှ မထူးခြားပါလား ”
“ ဟုတ်တယ်ဗျို့ ၊ ဘာမှ မထူးဘူး ၊ အတူတူပဲ ”
ဖားလေး နှစ်ကောင် ဟာ သူတို့ အမြင် နဲ့ သူတို့ အဲဒီလိုပဲ မှတ်ချက် ချလိုက်ကြတယ် ။ ပြီးတော့ ကိုယ့် မြို့ ရှိရာ ကိုယ် ပြန်လှည့် သွားကြတော့တယ် ။
အမှန်တော့ သူတို့ နှစ်ကောင် မတ်မတ်ရပ်ပြီး ရင်ချင်းကပ် ကြည့်ချိန်မှာ သူတို့ မျက်စိ တွေဟာ ကိုယ့် မြို့ ဘက် သာ ကိုယ် ပြန် ရောက်နေမယ် မဟုတ်လား ၊ ကိုယ့်မြို့ ကို ကိုယ် ပြန် မြင်နေ တာကို သူတို့ မဆင်ခြင်မိကြဘူး ။ ဒါကြောင့် သူတို့ဟာ ကိုယ့် မြို့ကို ကိုယ် ပြန်သာ လာခဲ့ကြရ တယ် ။ အမှန် ကို သိ မသွားရ ရှာဘူးကွယ် ။
⎕ ပုသိမ်ချစ်ခိုင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ ဇူလိုင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment