Friday, September 27, 2024

ကင်မရာ နှင့် စာရေးသူ ( သို့ ) စာရေးဆရာ မောင်ဝဏ္ဏ


 

❝ ကင်မရာ နှင့် စာရေးသူ ( သို့ ) စာရေးဆရာ မောင်ဝဏ္ဏ ❞

စာဖတ်သူများ နှင့် တွေ့ဆုံပေးခြင်း ကဏ္ဍ မှာ ကျွန်တော်တို့ ကြိုတင် အစီရင်ခံထားတဲ့ အတိုင်း အလျဉ်းသင့် ဆောင်ရွက် နိုင်သော အခြေအနေ အရ အလှည့်ကျ တွေ့ဆုံ ပေးနေရာ မှာ ဒီလ တွေ့ဆုံပေး ဖို့ ရွေးချယ် ထားတဲ့ အနုပညာရှင် ကတော့ ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ “ မောင်ဝဏ္ဏ ” ပဲ ဖြစ်ပါတယ် ။ ဆရာမောင်ဝဏ္ဏ ကို တွေ့ဆုံဆွေးနွေးတဲ့ နေရာ မှာ စာပေရေးရာ ကိစ္စများ သာ မက ရုပ်ရှင် နဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ ကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပါတယ် ။

ဆရာဦသာဓု နဲ့ ဒေါ်ခင်ညို တို့ ရဲ့ သားကြီး ဩရသ ဆရာမောင်ဝဏ္ဏ ကို ပရိသတ်များ စပြီး သိခဲ့ကြ တာ က “ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ” ရုပ်ရှင်ကား ဒါရိုက်တာ အဖြစ် နဲ့ပါ ။ ဒီ ကား မှာ သူ့ တင်ပြမှု အနုပညာပိုင်း ဆိုင်ရာ တွေ ဆန်းသစ်မှု ကြောင့် ကျေနပ် အားရခဲ့ကြတယ် ။ ပရိသတ် ကျေနပ် သလို နိုင်ငံတော် ကလည်း အသိအမှတ် ပြုပြီး ပထမဆုံး ဒါရိုက်တာ အဖြစ် ရိုက် တဲ့ ဒီ ကား မှာပဲ အကောင်း ဆုံး ဒါရိုက်တာ ရွှေစင်ဆု ကို ချီးမြှင့် ခဲ့ပါတယ် ။

ဆရာမောင်ဝဏ္ဏ ရုပ်ရှင် နယ် မှာ အောင်မြင် သလို စာပေ နယ် မှာ လည်း အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက် ပါပဲ ။

•••••   •••••   •••••

“ ပထမ အချက် အနေနဲ့ ကတော့ ဆရာ ဘယ်အချိန် ၊ ဘယ်အရွယ် က စပြီး စာပေ ကို စိတ်ဝင်စား ခဲ့တယ် ဆိုတာက စ , လိုက်ကြရအောင် ”

“ ကျွန်တော့် အဖေ က ပဒေသာမဂ္ဂဇင်း တို့ စာသဘင်စာအုပ်တိုက် တို့ လုပ် ထားတော့ အိမ် မှာ ကျွန်တော်တို့ ငယ်ငယ် ကတည်း က စာရေးဆရာ အဝင် အထွက် အများကြီး ရှိတယ် ။ ဦးအောင်လင်း ၊ ဦးလေးသော်တာဆွေ ၊ ဦးတင့်တယ် ၊ ဦးလေးဘုန်းမြင့် ၊ ဦးလေးကိုတင်အောင် ( ဗန်းမော် ) တို့ပေါ့ ။ ဒီတော့ ကျွန်တော် တို့ စာအုပ်ပုံ ကြား မှာ ကြီး ရသလို ဖြစ်နေတယ် ။ အဲဒီတော့ ဒီ ပတ်ဝန်းကျင် နဲ့ ဆက်စပ် နေတာ ပေါ့လေ ။ ကျွန်တော် စာ စ ဖတ်တတ် တဲ့ အရွယ်မှာ ပထမဦးဆုံး ကျွန်တော် စ ဖတ်တာ က အဖေ့ ဝတ္ထု တွေ ဖတ် တယ် ။ နောက်တော့ တဖြည်းဖြည်း အခြား ဝတ္ထုတွေ ပါ ဖတ် လာတယ် ။

အဲဒီတုန်းက ၁၉၅ဝ ပြည့် နှစ် တွေ မှာ တစ္ဆေဝတ္ထု တွေ ခေတ်စား နေတယ် ။ ဒါပေမဲ့ ကျွန်တော် က အဲဒီ ဝတ္ထု တွေ စိတ် သိပ် မဝင်စားဘူး ။ အဲဒီလို တစ္ဆေဝတ္ထု တွေ သိပ် ခေတ်စား နေပေမယ့် ကျွန်တော် မဖတ်ဖြစ်ခဲ့ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ က နားရည် ဝနေပြီ ဆိုရမလားဘဲ ။ စာပေလော က ထဲ မှာ ရှိတဲ့ အချိန် က အများစု ဖြစ်တဲ့ ဦးတင့်တယ် တို့ ၊ ဦးသော်တာဆွေ တို့ ၊ ကျွန်တော့် အဖေ တို့ ၊ ဗန်းမော်တင်အောင် တို့ ၊ သူတို့ ချင်း ပြော နေတဲ့ စကားတွေ ကျွန်တော် တို့ ငယ်ငယ် ကတည်း က ကြား နေရ တယ် ။ အဲဒီတော့ ကျွန်တော့် မှာ စာပေ စိတ်ဝင်စား စေတဲ့ ပတ်ဝန်းကျင် ရှိနေတယ် ။ ဒါ ကျွန်တော် စာပေ ကို စိတ်ဝင်စားစေ တဲ့ အကြောင်းပါပဲ ။

နောက်ပြီးတော့ ကျွန်တော် ကိုယ် ၌ လည်း ဝတ္ထုတွေ ဖတ်ပြီး ကိုယ်တိုင် ရေးချင်စိတ် ရှိ လာတယ် ။ ဒါက အရှင်းကလေးပါ ။ ဝတ္ထု ဖတ်တဲ့ သူ တိုင်းဟာ အခွင့်အရေး ရရင် ရေးဖြစ် သွားကြတာပါပဲ ။ ကျွန်တော့် မှာ ကတော့  အဖေ စာအုပ်တိုက် လုပ် နေတုန်းက စာ ရေးဖို့ အခွင့်အလမ်း မရခဲ့ဘူး ။ ကျွန်တော် က ငယ်သေး တာကိုး ။ ရုပ်ရှင် နဲ့ ပတ်သက် လို့ လည်း အဲဒီလိုပါပဲ ။ အဖေ့ လုပ်ငန်းတွေ ကြည့်ပြီး နားရည် ၊ မျက်စိရည် ဝ သွားတာ ပဲ ရှိတယ် ။ လုပ်ဖို့ အခွင့်အလမ်း မရခဲ့ပါဘူး ။

ကျွန်တော် စာ စရေး ဖြစ်တာကတော့ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် က “ အတွေးအခေါ် မဂ္ဂဇင်း ” မှာ ပါ ။ ကျွန်တော် တက် နေတဲ့ ဒဿနိကဗေဌာန က ထုတ် တာပါ ။ ၁၉၈၆ - ၆၉ လောက် က ထုတ် တယ် ။ အဲဒီမှာ ကျွန်တော် ကဗျာ တစ်ပုဒ် စ ရေးဖြစ် သွားတယ် ။ နာမည် က “ ကားလမ်းဘေး က ဆိုင်း ဘုတ်ကလေး ” ပါ ။ ဒါ ကျွန်တော့် ပထမ ဦးဆုံး ပုံနှိပ်ဖော်ပြခြင်း ခံရတဲ့ စာ ပါပဲ ။

အဲဒီနောက် ကျွန်တော် “ ရှုဒေါင့် ” ၊ “ ပြည်သူ့ကြယ် ” ၊ “ မိုးဝေ ” ၊ “ ရှုမဝ ” စတဲ့ ဂျာနယ်တွေ ၊ မဂ္ဂဇင်း တွေ မှာ ရေးတယ် ။ ရှုမဝ မှာ အရေး များပါတယ် ။ ဝတ္ထု အနေနဲ့ ပထမဆုံး ဖော်ပြ ခံရတဲ့ ဝတ္ထု ကတော့ ရှုမဝ မှာ ပါတဲ့ “ လေထဲ က အိပ်မက်ကလေး ” ၁၉၇၄ - ၇၅ လောက် က ဖြစ်မယ် ထင်တယ် ။ အဲဒီတုန်းက ကျွန်တော် ရုပ်ရှင် ရိုက်ရင်း တန်းလန်း က ရေး တာပါပဲ ။ ရုပ်ရှင် ရိုက်ရင်း ရေးချင်စိတ် ပေါက်လာ လို့ ရေး လိုက်တာပဲ ။

ကျွန်တော့် ဘဝ မှာ စာရေးဆရာ ဖြစ်လာရ ကောင်းစေ ၊ စာရေး တဲ့ အလုပ် နဲ့ အသက်မွေးဝမ်းကျောင်း လုပ် ရ ကောင်းစေ ရယ်လို့ ရည်ရွယ်ချက် မရှိပါဘူး ။ ဒီလိုပဲ ရေးချင်စိတ် ပေါက်လာရင် ချရေးလိုက် ပြီး မဂ္ဂဇင်းတိုက် ပို့ လိုက်တာပါပဲ ”

“ ဒီလိုဆို ဆရာ စာ ရေးတာနဲ့ ရုပ်ရှင် ရိုက်တာ ဆိုရင် ရုပ်ရှင် ရိုက်တာ က အရင် ပေါ့ ”

“ ဟုတ်ပါတယ် ၊ ဒါပေမဲ့ ဇာတ်ညွှန်း ရေးတာတော့ ရှိခဲ့တယ်ဗျ ။ “ သိုင်းသမား ” ဇာတ်ညွှန်း ရေး ခဲ့သေး တယ် ။ အဲဒါ ပြီးမှ ကား ရိုက်တာပါ ”

“ ဆရာ က ဝတ္ထုတွေ လည်း ရေးတယ် ၊ ဝတ္ထုရှည် .... လုံးချင်းတွေ လည်း ရေးတယ် ဆိုတော့ စာ ရေးဖို့ စိတ်အား ထက်သန် နေကြတဲ့ ပရိသတ်တွေ အတွက် ဝတ္ထုတို နဲ့ ဝတ္ထုရှည် ရဲ့ ခြားနားချက် ဘယ်လို ရှိတယ် ၊ ဇာတ်အိမ် ဘယ်လို တည်ဆောက် ယူတယ် ၊ ဇာတ်ကောင် စရိုက်တွေ ကို ဘယ်လို ပုံဖော် တယ် ဆိုတာ လေး တွေ ရှင်းပြစေချင်ပါတယ် ”

“ ဝတ္ထုတို ကို ကျွန်တော် ရေးတာက ဝတ္ထုတို တစ်ပုဒ် ဖြစ် စေတော့ ရယ် လို့ ရည်ရွယ်ချက် နဲ့ ရေးတာ မဟုတ်ပါဘူး ။ ကျွန်တော် စိတ်လွတ် ကိုယ်လွတ် လမ်းသွားရင်း တွေ့တာလေးတွေ ၊ အိမ် မှာ နေရင်း ဖြစ်တာလေး တွေ ၊ ဒါမှမဟုတ် တခြား လူ တစ်ယောက် က ပြောပြတဲ့ သူ့ အဖြစ်အပျက်ကလေး တွေ ကို စိတ်ဝင်စား သွားတဲ့ အခါ မှာ အဲဒီ အချက် ပေါ် မူတည်ပြီး တွေးစရာကလေး တွေ တွေး လိုက်မိတယ် ။ အဲဒီ အတွေးလေးတွေ ကို ကျွန်တော် က ဇာတ်အိမ် ဇာတ်ကွက် အဝင် မစဉ်းစားဘူး ။ အဲဒီ အဖြစ်အပျက် ကို ကျွန်တော် တွေ့ရကြုံရ မြင်ရကြားရတဲ့ အတိုင်း ရေး ပစ်လိုက်တာပဲ ။ ဒါ စာရေးတဲ့ အတတ် ပညာအရ ခေါ်မှာ ပေါ့လေ ။ ဒါလည်း ကျွန်တော် တမင်တကာ လေ့လာ ထားတာတော့ မဟုတ်ပါ ဘူး ။ ဒီလိုပဲ ရေးရင်း နဲ့ တတ် လာရတဲ့ အတတ်ပညာ တစ်ရပ်ပါ ။

ရေးရင်း နဲ့ ဘာ တွေ့လာသလဲ ဆိုတော့ ... ဝတ္ထုတို မှာ စိတ်လွတ် ကိုယ်လွတ် ရေးရင်း နဲ့ ကျွန်တော် တွေး တဲ့ အတွေး တစ်ခု တင်ပြ လိုက်တာပဲ ။ အများအားဖြင့်တော့ အဲဒီမှာ ဆုံးဖြတ်ချက် မပါဘူး ။ ကျွန်တော် တွေးထား တဲ့ အတွေး က ကောင်း ပါတယ် ။ ဒီလိုမျိုး တွေးကြပါလို့ ကျွန်တော် ဘယ်တော့ မှ မပြောဘူး ။ ပြော ဖို့လည်း မလိုဘူး ထင်တယ် ။ ဝတ္ထုတို ကို ကျွန်တော် ဒီလိုပဲ ရေးတယ် ။

မဂ္ဂဇင်းဝတ္ထုရှည် ကျတော့ လည်း ဒီလိုပဲ ... တွေ့ရ မြင်ရ ကြုံရ ကြားရတာတွေ ကို ဖတ်လို့ ကောင်း မယ် ထင် တာတွေ ကို ရေး လိုက်တာပဲ ။ ဒီထဲမှာ ကျွန်တော့် အတွေး ကို ထည့်ပြီး ရေးလိုက်တယ် ။ ဒါကြောင့် မဂ္ဂဇင်း ဝတ္ထုရှည် နဲ့ ဝတ္ထုတို က သိပ်ပြီး မခြားနားပါဘူး ။

လုံးချင်းဝတ္ထု ကတော့ ဇာတ်လမ်း ဇာတ်ကွက် ကို ပထမ စဉ်းစားတယ် ။ ဒီ ဇာတ်လမ်း ဇာတ်ကွက် ကို ရေးရင်း နဲ့ ကျွန်တော့် အတွေ့အကြုံ အရ ဆိုရင် ဇာတ်လမ်း က ပြောင်း ပြောင်းသွားတယ် ။ ပထမ ပုံစံ ချ ထားတဲ့ ဇာတ်လမ်း အတိုင်း မဖြစ်တော့ တာ များတယ် ။ ကျွန်တော် ရေးရင်း နဲ့ ကို တဖြည်းဖြည်း ပြောင်း သွားတယ် ။ ဝတ္ထု ထဲ က ဇာတ်ကောင် ဆိုတာ တကယ်တော့ အသက် ရှိတာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အသိရ ခက်ခဲတဲ့ ၊ အင်မတန် နက်နဲတဲ့ ပါးပါးလွှာလွှာ ဝိညာဉ် တစ်ခု တော့ ဝင် လာတာပဲ ။

ကျွန်တော့် စိတ်ထဲမှာ ( တခြား လူ တွေ တော့ မပြောတတ်ဘူး ) ကျွန်တော် ဖန်တီးလိုက်တဲ့ ဇာတ်ကောင် တွေ ဟာ တကယ့် လူ တစ်ယောက် ၊ ကျွန်တော့် ရဲ့ မိတ်ဆွေ တစ်ယောက် ၊ ကျွန်တော် ရဲ့ ညီ တစ်ယောက် ၊ ညီမ တစ်ယောက် ၊ ကျွန်တော့ ရဲ့ ဦးလေး တစ်ယောက် ၊ ကျွန်တော့် ရဲ့ သားသမီး တစ်ယောက် လို ကျွန်တော် နဲ့ တရင်းတနှီး ဖြစ် လာတယ် ။ အဲဒီလို ဖြစ်အောင်လည်း ကျွန်တော် က ဇာတ်ကောင် ကို ဖန်တီးတဲ့ နေရာမှာ အပြင် က လူတွေ စရိုက် ကို ပေါင်း ထားတဲ့ ပုံစံ ဖန်တီးထားတယ် ။ အပြင် က လူ တစ်ယောက်ယောက် နဲ့ တော့ မတူဘူးပေါ့ ။ ဥပမာ ကိုဝင်းငြိမ်း ကို တွေ့ပြီးတဲ့ နောက် ကိုဝင်ငြိမ်း စရိုက်မျိုး ဖန်တီးတော့မယ် ဆိုရင် ကိုဝင်းငြိမ်း လို စရိုက်မျိုး ရှိတဲ့ လူ သုံးလေးငါးယောက် ကို ပေါင်းစပ် ဖန်တီး လိုက်တာပဲ ။ အဲဒီတော့ ကျွန်တော့် ဇာတ်ကောင် က ကိုဝင်းငြိမ်း နဲ့ လည်း မတူ ဘူး ။ ကိုဝင်းငြိမ်း နဲ့ ခပ်ဆင်ဆင် တူတဲ့ အခြား လူတွေ နဲ့ လည်း မတူပါဘူး ။ သူ က တခြား တစ်ယောက် ဖြစ် လာတယ် ။ ဒါပေမဲ့ ဒီ ဇာတ်ကောင် က အပြင် မှာ တကယ် ရှိလား ဆိုရင် မရှိပါဘူး ။

ကျွန်တော့် ဇာတ်ကောင်တွေ ထဲ မှာ ပိုက်ဆံ တွေ သိပ် ချမ်းသာသွားပြီးတော့ ပထမ ဇာတ်လမ်း ဆင် ထားတုန်း ကတော့ ဒီ လူ က အငယ်တွေ ဘာတွေ ယူ ။ အကြီး နဲ့ အငယ် နဲ့ ရန်ဖြစ် ဘာညာ ဇာတ်လမ်း ဆင် ထားတာ ပေါ့လေ ။ ဒါပေမဲ့ တကယ် ဖြစ်လာတဲ့ အခါကျတော့ အဲဒီ ဇာတ်ကောင် က ပိုက်ဆံ ချမ်းသာ တဲ့ အလုပ် ကို တကယ် လုပ်ချင် မှ လုပ်တာ ။ ကျွန်တော် ပထမ စဉ်းစားတုန်းက သူ့ ကို ချမ်းသာ စေမယ် လို့ စဉ်းစား ထားပေမယ့် တကယ် ရေးတဲ့ အခါမှာ သူ က ချမ်းသာ ချင် မှ ချမ်းသာမယ့် သူ ဖြစ် တယ် ။

စီးပွားရေးသမား တစ်ယောက် အကြောင်း ရေးတော့မယ် ဆိုရင် ပိုက်ဆံ ကိုပဲ အာသာငမ်းငမ်း ရှာနေ တဲ့ စီးပွားရေးသမား ပုံစံ ကျွန်တော် လိုက်ကြည့်တယ် ။ သူ တို့ နေပုံထိုင်ပုံ စရိုက်တွေ ကို ဖမ်းပြီး ရေးတယ် ။ ဒီလို ဇာတ်ကောင်မျိုး ကျ တော့ အကျင့်စာရိတ္တ က အစ ကျွန်တော် ထိန်းလို့ မရအောင် ဖောက်ပြန်ချင် ဖောက်ပြန်တယ် ။ ကျွန်တော် က မင်း ဒီဟာ တော့ မလုပ်သင့်ဘူး လို့ ပြောနေတုန်းမှာ ပဲ သူ က လုပ်ချင် လုပ်ပစ်လိုက်တယ် ။ လုပ်ပစ်လိုက်တယ် ဆိုတာ က ကျွန်တော့် လက် က ရေးမိပြီး သား ဖြစ် သွားတာကို ပြောတာပါ ။ ဒီနေရာ မှာ ကျွန်တော်တို့ စာရေးသူ အနေနဲ့ စောင့်ထိန်းသင့်တဲ့ သီလ ဆိုတာ ရှိတယ် ။ ကိုယ့် ဇာတ်ကောင် က လူမှုရေး အားဖြင့် ရော ၊ အကျင့်စာရိတ္တ အားဖြင့် ရော ဖောက်ပြန် သွားပြီ ဆိုတော့ ဒါကို ကျွန်တော် တို့က ဝတ္ထု ထဲ မှာ ဖော်ပြဖို့ သင့် ၊ မသင့် စဉ်းစားရတယ် ။ တစ်ခါတလေ လည်း မရဘူး ကွာ ဆိုပြီး အတင်း ကို ကိုယ့် ဇာတ်ကောင် ကို ပြန် ထိန်း ရတာ ရှိတယ် ။

ဒါတွေကတော့ ကျွန်တော် ဖန်ဆင်းတဲ့ ဇာတ်ကောင် စရိုက် ၊ ဇာတ်အိမ် တည်ထောင်ပုံ ၊ လုံးချင်း ဝတ္ထု နဲ့  ဝတ္ထုရှည် ၊ ဝတ္ထုတို တို့ ရဲ့ ခြားနားချက်တွေ ပါပဲ ။

လုံးချင်းဝတ္ထု ကတော့ ကျွန်တော့် မှာ နည်းနည်း အခက်အခဲ ရှိတယ် ။ ဘာလဲ ဆိုတော့ လုံးချင်းဝတ္ထု မှာ စာဖတ် ပရိသတ် ဖတ်ရင်း နဲ့ ရှေ့ ဘာ ဆက် ဖြစ်မလဲ ဆိုတာ စိတ်ဝင်စားအောင် ဆွဲဆောင်ရတဲ့ အချက် ပါပဲ ။ အဲဒါမျိုးက စာ ရေးတဲ့ အတတ်ပညာ နဲ့ နည်းနည်း ကဲ ပြီးတော့ ရေး ရတယ် ။ ဒါကြောင့် လုံးချင်းဝတ္ထု ရေး ရတာဟာ ဝတ္ထုတို ရေးရတာ လောက် မလွတ်လပ်ပါဘူး ။ ပြီးတော့ ... ဝတ္ထုတို တစ်ပုဒ် ဆိုတာက ရေးရင်း ကျွန်တော့် တာဝန် က ဘယ်နေရာ မှာ ဆုံးသွား သလဲ ဆိုတော့ ရေးပြီးသား ကို ပြန်ဖတ် ၊ ကျေနပ်ပြီ ဆိုတာ နဲ့ တစ်ပြိုင်နက် လက်မှတ် ထိုး လိုက် ပြီးရင် ကျွန်တော့် တာဝန် ပြီး သွားပြီ ။ အဲဒါကို မဂ္ဂဇင်းအယ်ဒီတာ စားပွဲ သွားပို့ ၊ အယ်ဒီတာ က မကြိုက်ဘူး ကွာ ၊ ပယ်တယ် ဆိုရင်လည်း ပယ်ပေါ့ ။ ဒီ တိုက် က မကြိုက်လို့ ပယ်ရင် နောက် တစ်တိုက် သွား ပို့မှာပဲ ။ နောက် တစ်တိုက် က မကြိုက်ရင် လည်း နောက် တစ်တိုက် ပေါ့ ။ ဒီလို မဂ္ဂဇင်းတိုက် တွေ လျှောက် ပို့လို့ အားလုံးက မကြိုက်ဘူး ဆိုလည်း ပြီးတာပဲ ။ ကျွန်တော့် တာဝန် က ရေးဖို့ ရှိတယ် ။ ဝတ္ထုတို တစ်ပုဒ် ရေး ပြီးလို့ လက်မှတ် ထိုး ပြီးရင် စိတ် ထဲ မှာ ပျော် တယ်ဗျ ။ မဂ္ဂဇင်း ထဲ မှာ ပါ တာတို့ ၊ မပါတာ တို့ သိပ်ပြီး စိတ် မဝင်စားတော့ဘူး ။

လုံးချင်း ကျတော့ ဒီလို မဟုတ်တော့ဘူး ။ နည်းနည်း တွက် လာရတယ် ။ ပရိသတ် လက်ခံနိုင်ဖို့ တွက် ရတယ် ။ နောက်တစ်ခါ အဲဒီ မှာ အယ်ဒီတာ တစ်ယောက် အနေ နဲ့ ဖော်ပြသင့်တာ ၊ မဖော်ပြသင့်တာ တွေ ကို ( တည်းဖြတ် ) ပေးမယ် သူ မရှိတော့ဘူး ။ ကိုယ့် ဘာသာ တည်းဖြတ် ရတယ် ။ အဲဒါ ပင်ပန်းတယ် ။ ခုနက ပြောတဲ့ ကိုယ်ကျင့်တရား နဲ့ ပတ်သက်တဲ့ ကိစ္စ တို့ ၊ အယူအဆ ကလေးတွေ နဲ့ ပတ်သက်တဲ့ ကိစ္စ တို့ ၊ ကိုယ့် ဘာသာ ပဲ တည်းဖြတ်ရတယ် ။ နောက်ပြီးတော့ လုံးချင်း ရေး ရတာ ပင်ပန်းတယ် ။ ဒါကြောင့် လုံးချင်း ရေးရတာ ပင်ပန်းတယ် ။ ဒါပေမဲ့လို့ ခက်တာ ကျတော့ ကျွန်တော့် အတွေ့အကြုံ အရ ဆို ရင် ဝတ္ထုတို က ပို ခက်တယ် ။ ဝတ္ထုတို ကျတော့ စကားလုံး ရွေးတာ က အစ စကားလုံး ကျစ်ကျစ်လျစ်လျစ် သိပ်သိပ် သည်းသည်း ဖြစ်ဖို့ လိုတယ် ။ ကိုယ် ပြောချင်တာ ကို စာမျက်နှာ လေး ငါး ခြောက် မျက်နှာ အတွင်း မှာ ပြည့်ပြည့်စုံစုံ ထိရောက်အောင် ဖော်ပြနိုင်ဖို့် လိုတယ် ။ ဒီနေရာ မှာ ဇာတ်ကွက် တစ်ကွက် တည်း ဖြစ်ချင် ဖြစ်မယ် ။ လေး ငါး ၊ ခြောက်နှစ် နှစ် ပရိစ္ဆေဒ ကြာတဲ့ ဇာတ် ဖြစ်ချင် ဖြစ်မယ် ။

ဝတ္ထုတို မှာ ကျွန်တော် ပြောချင်တဲ့ စကား ၊ ကျွန်တော် တွေး ထားတဲ့ အတွေးအခေါ် ကို စာလုံး သိပ်သိပ်သည်းသည်း ၊ ကျစ်ကျစ်လျစ်လျစ် နဲ့ ရေး နိုင်ဖို့ပဲ အရေးကြီးတယ် ။ ကျွန်တော် က ဒါကတော့ မကောင်း ဘူး ။ ဟိုဟာ က တော့ ကောင်းတယ်ဗျ လို့ ပြော နေဖို့ မလိုဘူး ၊ တင်ပြနေဖို့ မလိုဘူး ။ ဒီဟာ ကောင်းတယ် ဆိုပြီး စာဖတ်ပရိသတ် ကို ဇွတ်အတင်း တင်ပြ နေလို့ မဖြစ်ဘူး ။ စာဖတ်ပရိသတ် ဆိုတာ ကျွန်တော် တို့ထက် ပိုပြီး စာ ဖတ်တယ် ။ ကျွန်တော် တို့ မှာ စာ ရေးဖို့ အတွက် စာ ဖတ်ရတာ ရှိတယ် ။ စာ ရေးဖို့ အတွက် လူ တွေနဲ့ လိုက် တွေ့ရတာ ရှိတယ် ။ စာ ရေးဖို့ အတွက် လျှောက်သွား နေရတာ ရှိတယ် ။ အဲဒီတော့ စာဖတ်ချိန် ဆိုတာ သိပ် မရှိဘူး ။ အချိန် မရှိတော့ စာ ဖတ်အားချင်း ယှဉ်ရင် စာဖတ်ပရိသတ် က ကျွန်တော် တို့ ထက် အများကြီး များ ပါတယ် ။ အသိဉာဏ် အားဖြင့်လည်း ကျွန်တော်တို့ ထက် ပိုပြီး ရှိနိုင်တယ် ။ ဒါကြောင့် ဝတ္ထုတိုတွေ မှာ ကျွန်တော် တို့ က အတွေးအခေါ် တစ်ခု ကို တင်ပြပြီး မှန်တယ် ။ မှားတယ် ဆိုတာ ဆုံးဖြတ် မပေးတော့ဘူး ဝတ္ထုတို နဲ့ ဝတ္ထုရှည် ခြာနားချက် ကတော့ ဒါပါပဲ ”

“ ဆရာ့ ဝတ္ထုတိုကလေး တွေ မှာ ခု ပြောခဲ့သလို ဆုံးဖြတ်ချက် မပါဘဲ သဘောထား တင်ပြရုံ သက်သက် ရေးခဲ့တာတွေ ဖတ် ရပါတယ် ။ ဝတ္ထုတို တစ်ပုဒ် နဲ့ ပတ်သက်လို့ တော့ ဆရာ့ သဘောထား ကို ကျွန်တော် မေးချင် ပါသေးတယ် ။ ရှုမဝ မဂ္ဂဇင်း မှာ ဆရာ ရေးခဲ့တဲ့ ‘ တံခါးကလေး ’ ဆိုတဲ့ ဝတ္ထုတို မှာ ဒီနေ့ ခေတ် ပညာတတ် အိမ်ထောင်စု တွေ မှာ ကျင့်သုံးနေ ကြတဲ့ Family Planning ( မိသားစု စီမံချက် ) နဲ့ ပတ်သက်ပြီး တင်ပြထားတာ တွေ့ ရတယ် ။ ဒီ မိသားစု မှာ ကလေး ဘယ်နှယောက် ပဲ ယူမယ် ၊ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လောက် ခြားမယ် စသဖြင့် ကိုယ့် စီမံချက် နဲ့ ကိုယ် ပိုင်းခြား ကန့်သတ်ကြတယ် ။ အဲဒါကို အိမ်ထောင်သည် တစ်ယောက် ဖြစ်တဲ့ ဆရာ့ အနေနဲ့ ဘယ်လို သဘော ရပါသလဲ ”

“ ဒါက ကျွန်တော်တို့ လူနေမှု စနစ်နဲ့ တော်တော် ပြောရ ခက်ပါတယ် ။ အဲဒီ မိသားစု စီမံချက် ကို ကျင့်သုံးတဲ့ သူတွေ အများစု က လူချမ်းသာ တွေ ၊ ပညာတတ် တွေ ၊ တက္ကသိုလ်ဘွဲ့ရ ဇနီးမောင်နှံ တွေ များ ပါတယ် ။ ကလေး တစ်ယောက် ကို ဘယ်လို ပြုစုမယ် ၊ ဘယ်လောက်ပဲ ရှာနိုင်ဖွေနိုင်မယ် ။ ဒါကြောင့်မို့ ကလေး သုံးယောက် ကို ဘယ်လို ပြုစုမယ် ၊ ကလေး ဘယ်နှယောက် ပဲ အတတ်နိုင်ဆုံး ၊ အကောင်းဆုံး ဖြစ်အောင် ပြုစုကြတယ် ။ ဒါက ခုနက မိသားစု စီမံချက် ထားတဲ့ သူတွေ ဘက်က တွေး တာ .... ။

တကယ်လို့ အဲဒီ ကိစ္စ မစဉ်းစားဘဲနဲ့  ၊ တချို့ အိမ်ထောင်တွေ ဆိုရင် ဒီလိုပဲ မွေး လာတာပဲ ။ ဒီလိုပဲ ကြီး လာတာပဲ ။ သူတို့ မိဘများ အနေနဲ့ က ချမ်းသာသလား ဆိုတော့ မချမ်းသာပါဘူး ။ ရှိတဲ့ အခါ ရှိတယ် ၊ မရှိတဲ့ အခါ မရှိဘူး ။ ဒီလိုပဲ မိဘတွေ ရဲ့ ဝတ္တရား ကို ကျေပွန်စွာ နဲ့ ကျွန်တော်တို့ ကို မွေး လာခဲ့ကြတာပါ ။ ဒါ ကျွန်တော့် အယူအဆပါ ”

“ ဆရာ က ဝတ္ထု လည်း ရေးတယ် ၊ ရုပ်ရှင် လည်း ရိုက်တယ် ။ အနုပညာ လောက နှစ်ခု မှာ ကျင်လည် နေတယ် ။ ကျွန်တော် သိချင်တာ က ဝတ္ထု ရေးနေတဲ့ အချိန်မှာ ရုပ်ရှင် ရိုက်ချင်စိတ် ပေါ်လာတာ ရှိသလား ။ ရုပ်ရှင် ရိုက်ရင်ကော ဝတ္ထု ရေးချင်စိတ် ပေါ်လာဖူးသလား ၊ ရေးကော ရေးခဲ့ဖူးသလား ဆိုတာပါပဲ ”

“ ရုပ်ရှင် ရိုက်တာ နဲ့ ဝတ္ထု ရေးတာ နဲ့ က ဆက်စပ် နေပါတယ် ။ ရုပ်ရှင် ရိုက်တဲ့ အခါ ဇာတ်ညွှန်း ရေးရပါတယ် ။ ဇာတ်ညွှန်း ရေး တာလည်း စာ ရေးတာပဲပေါ့ ။ ရုပ်ရှင် မှာ က ရှပ်ရုင် အတတ်ပညာ ရှိတယ် ။ စာရေး တဲ့ နေရာမှာ စာရေးတဲ့ အတတ်ပညာ ရှိတယ် ။ တစ်ခု နဲ့ တစ်ခု မတူဘူး ဆိုပေမယ့် အခြေခံ အားဖြင့်တော့ အနုပညာ ပစ္စည်း တစ်ခုကို ထုတ် တဲ့ အခြေခံ ပါပဲ ။ ရုပ်ရှင် ရိုက်ရင်း နဲ့ ရိုက်ကွင်း မှာ အဖြစ်အပျက် တစ်ခု တွေ့ လိုက်ရရင် ဒီ အဖြစ်အပျက် ကို စာ ရေး လိုက်ရရင် ကောင်းမှာပဲ ဆိုတဲ့ စိတ်မျိုး ပေါ်ပါတယ် ။ ဝတ္ထု ရေးရင်း နဲ့ လည်း ဒီ ဇာတ်ကွက်ကလေး တော့ ရုပ်ရှင် ရိုက်လိုက်ရရင် ကောင်းမှာပဲလို့ စိတ်ကူး ပေါ်ပါတယ် ”

“ ဆရာ ဖန်တီးခဲ့တဲ့ ဝတ္ထုတို တွေ မှာ မောင်စိန်သောင်း နဲ့ မနှင်းရည် ဆိုတဲ့ ဇာတ်ကောင် နှစ်ယောက် ပင်တိုင် ထား ရေးတာ တွေ့ရတယ် ။ ပြီးတော့ သူ တို့ ဇာတ်လမ်း တချို့က တစ်ပုဒ် နဲ့ တစ်ပုဒ် ဆက် နေတာလည်း ရှိတယ် ။ ဥပမာ -  ခုနက ကျွန်တော် ပြောတဲ့ ‘ တံခါးကလေး ’ နဲ့ ‘ နှလုံးရောဂါ ’ ဆိုရင် နှစ်ပုဒ် ဆက်စပ် နေတယ် ။ အဲဒီတော့ ဒီ ဇာတ်ကောင်တွေ ပါတဲ့ ဇာတ်လမ်းတွေ ဟာ ဆရာ့ ကိုယ်တွေ့ တွေ ကို ရေးတာလား ”

“ ကိုယ်တွေ့ ဇာတ်လမ်း များ ပါတယ် ။ ကိုယ်တွေ့ အချက်အလက် နဲ့ ၊ စိတ်ကူး နဲ့ ပေါင်းစပ် ထားတာပေါ့  ။ ကိုယ်တွေ့ ဆိုပေမယ့် တခြား တစ်ယောက် ယောက် ရဲ့ အဖြစ်အပျက် ကို မောင်စိန်သောင်း ဆိုပြီး ရေး တာလည်း ရှိတယ် ။ ဒါကြောင့် တချို့ဟာတွေက ကျွန်တော့် အဖြစ်အပျက် မဟုတ်ပါဘူး ။ တခြား တစ်ယောက် ယောက် က သူတို့ အဖြစ်အပျက်လေး တွေ ပြောပြတာ ကို ရေး ထားတာပါ ။ သူတို့ ပြော ပြတာလေး တွေကို ကျွန်တော် က ကိုယ်စား ဝင်စား ကြည့်ပြီး မောင်စိန်သောင်း ဇာတ်ကောင် နဲ့ ရေး တာပါ  ”

“ ဆရာ ရုပ်ရှင်ရိုက်တဲ့ နေရာ မှာ ကိုယ့် ဝတ္ထု ကို ပြန် ရိုက်တာ ရှိ သလို သူများ ဝတ္ထုတွေ ရိုက် ရတာလည်း ရှိတယ် ။ ဝတ္ထု တစ်ပုဒ် ကို ရုပ်ရှင် အဖြစ် ကူးပြောင်းတဲ့ နေရာ မှာ တချို့ဝတ္ထု တွေ ပျက်စီး သွားကြတာ တွေ့ရ ပါတယ် ။ ဘယ်လို အခက်အခဲတွေ ကြောင့်ပါလဲ ”

“ တချို့ဝတ္ထုတွေ က တမင် ရုပ်ရှင် ရိုက် ကောင်းအောင် တမင်တကာ ဖန်တီးပြီး ရေးထားတာ တွေ ရှိတယ် ။ ဒါမျိုးတွေ ကတော့ ဝတ္ထု ဖတ်ရင်း နဲ့ ကို သိသာပါတယ် ။ တချို့ ဝတ္ထု ကျတော့ ဒီ ဝတ္ထု ကို ရုပ်ရှင် ရိုက်ရ ကောင်းစေလို့ ရေးတာ မဟုတ်ပါဘူး ။ အများအားဖြင့် စာရေးဆရာ တွေ ဒီလိုပဲ ရေးတာ မဟုတ်ပါဘူး ။ အများ အားဖြင့် စာရေးဆရာ တွေ ဒီလိုပဲ ရေးကြပါတယ် ။ ကျွန်တော် ဝတ္ထု ကို ဝတ္ထုပုံစံ ပဲ ရေးတယ် ။ ပြီးတော့မှ ဒီ ဝတ္ထု ဟာ ရုပ်ရှင် ရိုက်ဖို့ ကောင်းတယ်လို့ ကျွန်တော့် ဘာသာ ထင်မြင် လာရင် ရိုက် လိုက်တာပဲ ။ ဒီကြား ထဲမှာ ‘ ပန်းတွေနဲ့ ဝေ ’ တော့ ခြွင်းချက် ထားရမယ်လို့ စိတ်ကူး မရှိခဲ့ပါဘူး ။ စောစောက ကိုဝင်းငြိမ်း မေးခဲ့ သလိုပဲ ၊ ရုပ်ရှင် ရိုက်ရင်း စာ ရေးချင်စိတ် ပေါက် လာလို့ ရေးခဲ့တာပါ ။

ကျွန်တော့် ဝတ္ထုတွေ ထဲ က ဒါလေးတော့ ရုပ်ရှင် ရိုက်ရတော့မယ် ဆိုရင် ဝတ္ထု ထဲ က အဲဒီ ဆရာ ပြောချင်တဲ့ အဓိကအချက် ကို အရင် ရှာတယ် ။ ဒါပေမဲ့ ရုပ်ရှင် ရိုက်ဖို့ ရည်ရွယ် ရေး ခဲ့တာတွေ မဟုတ်တော့ ရိုက်ဖို့ ခက်ပါတယ် ။ ဒါက ကျွန်တော့် ဝတ္ထုတွေ နဲ့ ပတ်သက်တာတွေပါ ။

ဒီလိုပဲ တခြား ဆရာတွေ ရဲ့ ဝတ္ထု တွေ ထဲ က ရုပ်ရှင် ရိုက်ရတော့မယ် ဆိုရင် ဝတ္ထု ထဲ က အဲဒီ ဆရာ ပြောချင်တဲ့ အဓိကအချက် ကို အရင်ရှာတယ် ။ ဝတ္ထု ထဲ မှာ သူ ပြောချင်တာလေးတွေ ပါမယ် ။ ဒီ ဆရာ တစ်ယောက် ရဲ့ အတွေးအခေါ် ကို သိ နိုင်ဖို့ရာ ရုပ်ရှင် ရိုက်မယ့် ဝတ္ထု တစ်ပုဒ် တည်း ကို ဖတ် တာထက် သူ ရေးခဲ့တဲ့ တခြား ဝတ္ထု လေး ငါးပုဒ် လောက် ဖတ်ဖို့ လိုပါတယ် ။ ဖတ်လိုက် တဲ့အခါမှာ သူ့ အယူအဆ ၊ အတွေးအခေါ် ကို ရိပ်မိ လာပါလိမ့်မယ် ။ အဲဒီအခါ ကျတော့ ဒီ စာရေးဆရာ ပြော ချင်တဲ့ သဘော ရောက်အောင် ရုပ်ရှင် အတတ်ပညာ နဲ့ လုပ် ယူရပါတယ် ။ သူ့ မူရင်း မပျက်စီးရအောင် ရုပ်ရှင် အတတ်ပညာ နဲ့ ပြောင်း ယူ ရပါတယ် ။

ရုပ်ရှင်ဇာတ်ညွှန်း တစ်ခု ကို ရုပ်ရှင် အဖြစ် ရိုက် ရတာ နဲ့ ဝတ္ထု တစ်ပုဒ် ကို ရုပ်ရှင် ရိုက် ရတာ မတူပါဘူး ၊ ဝတ္ထု က  အတွင်းစိတ် ကို ဖော် ရေးတယ် ၊ ရေးကောင်း ရေးနိုင်တယ် ၊ တချို့ က ကျတော့လည်း သာမန်ကာ လျှံကာ လောက်ပဲ ရေးပြီး စာဖတ်သူ က တွေး ယူရလောက်အောင် ချန် ထားခဲ့တယ် ။ ဒါမှ မဟုတ်ရင်လည်း ပေါ်ပေါ် တင်တင် ရေး ပြထားတာ ရှိတယ် ။ အရှင်းဆုံး ဥပမာ ကတော့ဗျာ ဥပမာ ... “ သူ့ ရင်ထဲ ၌ ငိုနေသည် ” ဒါမှမဟုတ် “ သူ့ ရင် ထဲ ၌ စိတ် မကောင်းခြင်း ကြီးစွာ ဖြစ်နေသည် ” စသဖြင့် ပေါဗျာ ရေး လိုက်မယ် ။ အဲဒါကို ရုပ်ရှင် ရိုက်ရင် ပြ ရတာ ခက်ပါတယ် ။ ရင် ထဲ မှာ ငို နေတာ ကို မျက်နှာ နဲ့ ပြ မလား ။ ဒါမှမဟုတ် တခြား အတတ်ပညာ နည်း တစ်ခုခု နဲ့ ပြ မလား ၊ အဲဒီလို ပေါ် လာအောင် ရုပ်ရှင်ပညာ က အတတ်ပညာ ဘက်မှာ ကျွမ်းဖို့ လိုပါတယ် ။

ဝတ္ထု တစ်ပုဒ် ကို ဖတ်ပြီး ဒီ ဝတ္ထု က ရုပ်ရှင် ရိုက်လို့ ကောင်းမှာပဲ ။ ဇာတ်လမ်းလေး က ဖတ် လိုက်ရတာ သိပ် လွမ်းစရာ ကောင်းတာပဲ ။ ပျော်စရာ ကောင်းတာပဲ ဆိုပြီးတော့ အဲဒီ အတိုင်း သွား ရိုက် လိုက်ရင် ဝတ္ထု က ရုပ်ရှင် ကူး ရာမှာ ညက်ညက်ညောညော မဟုတ်ပဲ နဲ့ အတတ်ပညာပိုင်း ဆိုင်ရာ မှာ မကျွမ်းကျင်ပဲ ကူးပြောင်း လိုက်ရင် ဒီလိုပဲ အတုံးလိုက် အတစ်လိုက် ဝတ္ထု ထဲ မှာ ပြော တဲ့ စကားတွေ အတိုင်း ပြောပြီး ပြ လိုက်ရင် နဂိုဝတ္ထု ခံစား ရသလို ပရိသတ် က ခံစား ရမှာ မဟုတ်တော့ဘူး ။ ရုပ်ရှင် က စာ ရေးတာ မဟုတ်ဘူး ။ အတတ်ပညာ ကို သုံး ကို သုံး ရမယ် ။ ရုပ်ရှင် အတတ်ပညာ ကို သုံး ကို သုံးရမယ် ၊ ရုပ်ရှင် အတတ်ပညာ သုံးနိုင်ဖို့ ရာ ကျွမ်းကျင် ရမယ် ။ ဒါမှ စာရေးဆရာ ဆို လိုတာတွေ ကို ရုပ်ရှင် အဖြစ် ကူးပြောင်း နိုင် မှာ ဖြစ်ပါတယ် ”

“ ဆရာ က ရုပ်ရှင် ရိုက်ဖို့ မရည်ရွယ်ဘဲ ရေး တယ် ဆိုပေမယ့် ဆရာ့ ဝတ္ထုတွေ ဖတ်တဲ့ စာဖတ်ပရိတ်သတ် တစ်ယောက် အနေ နဲ့ ပြော ရရင် ကျွန်တော် တို့ က ဆရာ့ စာတွေ ကို ဖတ်ရင်း ဘယ်နေရာ မှာတော့ ဘယ်ဇာတ်ကောင် နဲ့ လိုက်တယ် လို့ တွက်မိကြတဲ့ ဝတ္ထု တွေ ရှိပါတယ် ။ ဥပမာ ဆိုရင် ဆရာ ရေးခဲ့တဲ့ “ အရွယ်လွန် ” ဆိုရင် ပရိတ်သတ် က ရုပ်ရှင် ကား တစ်ကား လို ခံစား ရတယ် ။ အရွယ်လွန် နဲ့ စကား စပ်မိလို့ တစ်ဆက်တည်း မေး ချင်တာက ဆရာ့ ဇာတ်ကောင်တွေ အထူး သဖြင့် အမျိုးသမီး ဇာတ်ကောင်တွေ က အရွယ်လွန် က စပြီး အသက်ကြီးကြီး ဇာတ်ကောင်တွေ ဖြစ် လာတာ တွေ့ရတယ် ၊ ဘာဖြစ်လို့ပါလဲ ”

“ ကိုဝင်းငြိမ်း ဒီ မေးခွန်း ကို ကျွန်တော့ မိန်းမ ရှေ့ မှာ မမေးတာ တော်တော် ကံကောင်းတယ် ၊ နို့မို့ရင် ဘယ်သူ တုံး ၊ ဘယ်ဝါတုံး နဲ့ ရှုပ် ကုန်နိုင်တယ် ။ ဒါက အရှင်း လေး ပါ ဗျာ ။ ယောက်ျားလေး ကိုးဆယ် ရာခိုင်နှုန်း လောက် ဟာ လူပျိုပေါက် အရွယ်မှာ သူတို့ ထက် အသက် ကြီးတဲ့ အမျိုးသမီးများ ၊ လှတဲ့ အမျိုးသမီးကြီးများ ကို ကြိုက်ကြတယ် ။ စိတ်ဝင်စားကြတယ် ။ အဲဒီ အမျိုးသမီးကြီးများ ကတော့ ဒီကောင်လေး တွေ ကို ဟဲ့ ကောင်လေး ဘာညာ နဲ့ ပြီး သွားကြတယ် ။ ချာတိတ်တွေ က စိတ်လှုပ်ရှား သွား ကြတယ် ။ ဒါလောက်နဲ့ ပြီး သွားတာပဲ  ။

ကျွန်တော်တို့ ကျတော့ စာတွေ ရေးရတယ် ။ ရုပ်ရှင် ရိုက်ရတယ် ဆိုတော့ ငယ်ငယ် က စွဲလမ်းခဲ့တဲ့ ကိစ္စ အရောင် ပြန် ဟပ်တာ ဖြစ်ပါလိမ့်မယ် ။ ဒါကတော့ လူတိုင်း မှာ ရှိပါတယ် ။ ယောက်ျားလေး တိုင်း မှာ ရှိတယ် ။ မိန်ကလေးတွေ မှာလည်း ရှိကောင်း ရှိမှာပေါ့ဗျာ ။ ကိုယ့် ထက် အသက် ကြီးတဲ့ ခန့်ခန့် ချောချော ငနဲကြီး တွေ ကို ကြိုက်တာ ရှိချင် ရှိမှာပဲ ။ ဒါကတော့ မိန်းကလေးတွေ ဘက်က မို့ ကျွန်တော် မသိဘူးလေ ။ ယောက်ျားလေး တွေ ဘက်ကတော့ သေချာတယ် ။ ဥပမာ ကျွန်တော် တို့ ငယ်ငယ် က အယ်လိဇဘတ် တေလာ ဆို တဲ့ ဘိုင်စကုပ်မင်းသမီး လျှမ်းလျှမ်းတောက် ကျော်ကြား နေ တော့ လူပျိုပေါက် အရွယ် မှာ လှိမ့် ကြိုက် တာပဲ ။

အဲဒီလို ရောင်ပြန် ဟပ်တာလေးတွေ ကို အရွယ်လွန် မှာ ရေးတဲ့ အချိန်မှာ အဲဒီလို အမျိုးသမီးကြီး တစ်ယောက် ကို တွေ့ဖူး တယ်ဗျ ။ ကျွန်တော် နဲ့ မတိမ်းမယိမ်း ပါပဲ ။ သိပ် အသက် ကြီးတာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ဒီ အမျိုးသမီးကြီး ကို ကြည့် တော့ ကျွန်တော် ၁၅ နှစ် ၊ ၁၆ နှစ် သား အရွယ် ဆိုပါစို့ဗျာ ။ လူပျိုပေါက် အရွယ် ပေါ့ ။ ရှင်းရှင်း ပြောရရင်တော့ ကြိုက်တာ ပေါ့ ဗျာ ။ သူ့ ကို တွေ့တော့ ငယ်ငယ်တုန်း က အမျိုးသမီးကြီး များ ဒီလို ဘဝမျိုး ပြောင်း လာခဲ့ရင် ဆိုတဲ့ အတွေး နဲ့ အရွယ်လွန် ကို ရေး ခဲ့တာပါ ။

ခင်ဗျား မေးလို့ တော့ ဖြေ လိုက်ပြီ ၊ အဲဒါကို ကျွန်တော့် လေဒီ ပြန် ဖတ်မိရင် စိတ် မဆိုး အောင်တော့ ထိန်းထိန်း သိမ်းသိမ်းကလေး ရေး ပါဗျာ ”

“ ဆရာ ဟို တစ်လော ဆီက ရေး တဲ့ မလှတာ အပြစ်လားကွယ် လုံးချင်းဝတ္ထု စာအုပ်ကလေး ထွက်လာတာ တွေ့ရတယ် ။ ၁၂ ဖောင် လောက်ပဲ ရှိမယ် ထင်တယ် ။ အဲဒီ စာအုပ် က ဖောင် အရေအတွက် လည်း နည်းပြီး ရောင်းဈေး လည်း နည်းတဲ့ အတွက် အရင်တုန်း ကလို စာအုပ်ရောင်းဈေး နည်းနည်းနဲ့ စာဖတ်သူတွေ အလွယ်တကူ ဝယ် ဖတ်နိုင်အောင် တမင်တကာ ဖန်တီး ထားတာလား လို့ တွေးမိတယ် ”

“ ရိုးရိုး ပြောရရင်တော့ ပထမ အစီအစဉ် က တခြား စာရေးဆရာ တစ်ယောက် နဲ့ တွဲ ထုတ်ဖို့ စာမူ တောင်းလို့  ရေး ပေးလိုက်တာပါ ။ နောက်တော့ ထုတ်ဝေသူ က စမ်း ထုတ်ချင်တယ် တဲ့ ။ တကယ်လို့များ ခုနက ကိုဝင်းငြိမ်း ပြော သလို စာအုပ်ပါးပါး နဲ့ ဈေးပေါပေါ ရောင်း နိုင်လို့ရှိရင် စာရေးသူ အတွက်ရော ထုတ်ဝေသူ အတွက် နစ်နာမှု လည်း မရှိဘူး ။ စာဖတ် ပရိသတ် က လည်း လက်ခံမယ် ဆိုရင် ဒါမျိုး ဆက် ထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ထုတ် လိုက်တာပါ ”

“ ဆရာ့ ကို ဆရာ့ အဖေ ဦးသာဓု က စာပေ ၊ ရုပ်ရှင် နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ကိုယ်ကြပ် သင်ကြားပို့ချ ပေးခဲ့ဖူးတာ များ ရှိဖူးသလား ”

“ မရှိဘူးဗျ ၊ ကျွန်တော့် အဖေ ကိုယ် ၌ က လွတ်လွတ်လပ်လပ် သူ့ စိတ်ကူး ရှိတာ ရေးတဲ့ လူ ဆိုတော့ ကျွန်တော် တို့ ကို လွတ်လပ်ခွင့် ပေးတယ် ။ စာပေရေးရာ နဲ့ ပတ်သက် လို့ ရော တခြား အယူအဆ တွေ နဲ့ ပတ်သက် လို့ ပါ သူ့ အယူအဆ ကို လိုက်နာရမယ် လို့ မရှိဘူး ။ ပညာရပ်တွေ ကိုလည်း သူ က သင်ပေးခဲ့တာ မဟုတ်ဘူး ။ ရုပ်ရှင် ရိုက် တာ ဆိုပါစို့ ။ ရုပ်ရှင် ရိုက်တာ ကို ကြည့်တော့ ကြည့် ခိုင်းတယ် ။ ဝါသနာ ပါ သလား မေးတယ် ။ ပါ ရင် အဲဒီက ရုပ်ရှင်ဆရာ တွေ နဲ့ တတ်အောင် သင် ၊ တတ် တော့ လုပ်ချင် ရင် လုပ် လို့ ပြော ပါတယ် ။ လောင်းရိပ် မမိစေချင် တဲ့ သဘောလို့ ထင်တာပဲ ”

“ ဆရာ ဝတ္ထု ရေးတဲ့ နေရာ မှာ ပဲ ဖြစ်ဖြစ် ၊ ရုပ်ရှင် ရိုက်ရာ မှာ ပဲ ဖြစ်ဖြစ် ဘယ်လို ဝတ္ထုတွေ ရေးချင် ၊ ရိုက်ချင် သလဲ ”

“ အဲဒါကတော့ ကျွန်တော့် အသက်အရွယ် အတွေ့အကြုံ အရ ပြောင်း ပြောင်း သွားမှာပဲ ထင်တယ် ။ အခုအချိန် မှာ ကျွန်တော့် စာဖတ်ပရိသတ် က ကျွန်တော့် စာအုပ်မှာ ပါတဲ့ အယူအဆ ၊ အကျင်စရိတ္တ ပိုင်း ကို သဘော ပေါက် မယ် ။ ဒါတွေက ကျွန်တော့် ဝတ္ထု ထဲ မှာ အရိပ်အငွေ့ ပါ ပါတယ် ။ ဒီလိုပဲ နောက် တစ်နှစ် လောက် နေရင် ဒါမှ မဟုတ် နောက် တစ်လ လောက် ကြာရင် ကျွန်တော့် အတွေ့အကြုံ အရ ပြောင်း သွားမှာပဲ ။ ရုပ်ရှင် ဘက် မှာ လည်း ဒီလို ပါပဲ ။ ဒါကြောင့် ဒီမေးခွန်း နဲ့ ပတ်သက်ပြီး တရားသေကြီး ဘဝ သရုပ်ဖော် ရေးချင်ပါတယ် တို့ ။ အချစ်ဝတ္ထု တွေ ရေးမယ် လို့ မသတ်မှတ် ချင်ပါဘူး ။

အချစ် အကြောင်း ချည်း ပဲ ရေးမယ် လို့လည်း မရှိပါဘူး ။ ရုပ်ရှင် မှာ လည်း ဒီ သဘော ပါပဲ ။ ဘဝ အတွေ့အကြုံ ပေါ် မူတည် ပြောင်းလဲ သွားပါလိမ့်မယ် ။ ဘဝသရုပ်ဖော် ဆိုတာ ကလည်း အချစ် ပဲ ရေးရေး ၊ စုံထောက် ပဲ ရေးရေး ၊ ဘာ ရေးရေး လူဘဝ ရဲ့သရုပ် ကို ပေါ်အောင် ရေးနိုင်ရင် ဘဝ သရုပ် ပဲ ပေါ့ ”

“ ဆရာ က ရုပ်ရှင် နဲ့ စာပေ ၊ အနုပညာလောက နှစ်ခု မှာ ကျင်လည် နေတယ် ဆိုတော့ အနုပညာ ပစ္စည်း တစ်ခု ကို ဖန်တီး ထုတ်လုပ်တဲ့ နေရာမှာ ဘယ် အချက် ဟာ အရေး ကြီးပါသလဲ ”

“ အဓိက က တော့ ရိုးသားမှု ပါပဲ ။ ကျွန်တော့် စိတ် ထဲမှာ ကောင်းတယ် ၊ မှန်တယ် ထင်တဲ့ ကိစ္စတွေ ကို ကျွန်တော် က စပြီး ယုံကြည် ရလိမ့်မယ် ။ ကျွန်တော် တစ်ခုခု လုပ်တော့မယ် ဆိုရင် လုပ်မယ့် အလုပ် အပေါ် မှာ ယုံကြည် ရမယ် ။ မှန်တယ် လို့ ယူဆထားတဲ့ အယူအဆ ပေါ်မှာလည်း တကယ်လို့ ကျွန်တော် ကိုယ်တိုင် က မယုံကြည်ဘဲ နဲ့ ငွေ ရရုံ သက်သက်တော့ မလုပ်သင့်ဘူး ။ အဲဒီတော့ ကျွန်တော် တို့ က ကိုယ့် ပရိသတ် အပေါ် မှာ ရိုးသား ရမယ် ။ ပရိသတ် ကို မလိမ်နဲ့ ၊ မညာနဲ့ ။ ကိုယ် မြင်တဲ့ အမြင် အတွေး ကို ရုပ်ရှင်အတတ်ပညာ နဲ့ တင်ပြတယ် ။ ကျွန်တော့် အတွေး က မှန်တယ် ၊ မှားတယ် ဆိုတာ ကတော့ တစ်ချိန်ချိန် မှာ တစ်ယောက် ယောက် က ဆုံးဖြတ် ပါလိမ့်မယ် ။ ကျွန်တော့် တာဝန် က တွေ့တာ ၊ မြင်တာ ၊ ကြားတာ ၊ သိတာ ကို ရိုးရိုးသားသား အတတ်ပညာ နဲ့ ပရိသတ် ကို တင်ပြဖို့ပဲ တာဝန် ရှိပါတယ် ။ ကျွန်တော် က မရိုးသား တဲ့ စိတ် နဲ့ ထုတ်လုပ်လိုက် တဲ့ အနုပညာ ပစ္စည်း ဟာ မရိုးသား တဲ့ ပစ္စည်း ဖြစ်သွားမှာပဲ ။

ကျွန်တော့် အတွေ့အကြုံ အရ ရင် ထဲ မှာ ခံစားရတဲ့ ဝေဒနာ တွေ ကြောင့် အတွေး တစ်ခု ဝင် လာရင် အဲဒီ ဝေဒနာ နဲ့ ပတ်သက်တဲ့ အကြောင်း ရိုးရိုးသားသား တင်ပြ လိုက်ရရင် ကျွန်တော် တာဝန် ကျေ ပါတယ် ”

“ စေတနာ နဲ့ ပတ်သက်လို့ ကော ... ”

“ အဲဒါနဲ့ ပတ်သက်လို့ ကတော့ မိုးဝေ မှာ ကျွန်တော် ဆောင်းပါး တစ်ပုဒ် ရေးဖူးပါတယ် ။ “ ဝေဒနာ ” ဆိုတဲ့ ဆောင်းပါး ပါ ။ အဲဒါလေး ကို ပြန် ကိုးကားရရင် ...“ အနုပညာ တစ်စုံတရာ ကို ဖန်ဆင်း ထုတ်လုပ်ရာ၌ အရေးကြီး သော အချက် သည် အသက်သွင်းမှု ဖြစ်ပါသည် ။ အသက်သွင်းမှု သည် အတတ်ပညာ သည် အထောက်အကူ ပြုပေးရုံ မျှ သာ ဖြစ်ပါသည် ။ အသက်သွင်းခြင်း ၏ မူလ အကြောင်းတရား မှာ ရင်တွင်း က ဖြစ်ပေါ်လာသော စေ့ဆော် တိုက်တွန်းမှု စေတနာ ဖြစ် ပါသည် ။ အနုပညာရှင် သည် သူ့ ၌ ရှိသော ဝေဒနာ ကို သူ တတ်ကျွမ်းသော အတတ်ပညာ ဖြင့် ဖော်ပြ လှစ်ပြ လိုက်ပါသည် ။ အနုပညာ ခံစား သူ သည် အနုပညာရှင် ၏ ဝေဒနာ ကို ဝေမျှ ခံစားနိုင်ပါလိမ့် မည် ။ ထိုသို့ ခံစား နိုင်စေရန် အတွက် အတတ်ပညာ သည် တံတား ကူး ပေးပါသည် ။ ဝေဒနာ နှင့် စေတနာ မပါဘဲ ဖန်ဆင်း လိုက်သော အနုပညာ ပစ္စည်း သည် အသက် မဲ့ပါသည် ။ ခံစားသူ ကို ကူးစက် ခြင်း မပေး နိုင်ပါ ။ အတတ်ပညာ သက်သက်ဖြင့် ဖန်ဆင်းသော အနုပညာ သည် ပေါ့ နေသည်ဟု ထင်ပါ သည် ”

ကျွန်တော် အဲဒီ ဆောင်းပါး ရေးတဲ့ အချိန် က ၁၉၇၄ ခုနှစ် မတ်လ ။ အဲဒီ အချိန်က စပြီး ခုထိ ကျွန်တော် လုပ်လာတဲ့ အလုပ် အားလုံးဟာ ဒီ နည်းနဲ့ ပဲ ဖန်တီးခဲ့တာပါ ။ ရင်ထဲ က ဝေဒနာ ခံစားချက် ကို မိတ်ဆွေ တစ်ယောက် ၊ သူငယ်ချင်း တစ်ယောက် ကို ပြော ပြချင်တယ် ၊ ပြောပြတဲ့ အခါမှာ နားဝင် ချိုအောင် ၊ နား ခံသာအောင် ပြောပြတတ်ခြင်း ဟာ အနုပညာ မှာ ရှိတဲ့ အတတ်ပညာ ပါ ပဲ ။ ဒီနေရာ မှာ စောစော က ပြောတဲ့ ရိုးသားမှု လိုအပ်တယ် ။ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ် က ညံ့ချင် ညံ့ မယ် ။ ဒါပေမဲ့ ရိုးရိုးသားသား ညံ့ တာပဲ ဖြစ်ရမယ် ။ ဒါ ကျွန်တော့် ယုံကြည်ချက်ပါပဲ ”

“ ဟို တစ်လော က ရုပ်ရှင်ကောင်စီ မှာ မြန်မာ့ရုပ်ရှင် အရည်အသွေး ကျဆင်းမှု နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တွေ လုပ်တာ ကြား လိုက်ရပါတယ် ။ ဆရာ့ အနေနဲ့ ကော မြန်မာရုပ်ရှင်တွေ အရည်အသွေး ကျဆင်းမှုနဲ့ ပတ်သက် ပြီး အဆင့်အတန်း မြင့် လာအောင် ဘာတွေ လုပ်သင့်တယ် လို့ ထင်ပါသလဲ ”

“ အဲဒါက တော်တော် ခက်တယ်ဗျ ။ တချို့က စက် ကြောင့် လို့ ပြောတယ် ။ စက် ဟာ လူ က လုပ်မှ ဖြစ်တာပါ ။ စက် ကြောင့် လို့ ပုံချ လို့ မဖြစ်ပါဘူး ။ ကျွန်တော်တို့ ဆီမှာ မှန်ဘီလူး အကောင်းစား တွေ မရှိဘူး ။ ကရိန်း တွေ မရှိဘူး ။ ဟယ်လီကော်ပတာ နဲ့ မရိုက်နိုင်ပါဘူး ။ ဒါကြောင့် ညံ့ပါတယ် ဆိုရင် အဲသလို ပြောတဲ့ လူ က ညံ့ တာပဲ ။ ဒါ ကျွန်တော့် အယူအဆ ပါ ။ လေယာဉ်ပျံ ပေါ် က တက်ရိုက်မှ ရုပ်ရှင် ဖြစ်မယ် ဆိုတာ အဓိပ္ပါယ် မရှိပါဘူး ။ မှန်ဘီလူး နောက်ဆုံးပေါ် တွေ သုံးနိုင်မှ ရုပ်ရှင် ဖြစ်တာ မဟုတ်ပါဘူး ။ ရုပ်ရှင် အရည်အသွေး ကောင်းဖို့ ဆိုတာ ရုပ်ရှင်ပညာရှင် တွေ ပေါ်မှာ မူတည်ပါတယ် ။

စက်တွေ က ဒုတိယ အဆင့် ကျ မှ အရေးကြီး တာပါ ။ စက်တွေ သိပ် စုတ်ပြတ် နေလို့ လည်း ဘယ် ဖြစ်ပါ့မလဲ ။ နောက် တစ်ခု က ကျွန်တော် တို့ ရုပ်ရှင် မှာ က စီးပွားရေး အရ ရင်းနှီးမြှုပ်နှံမှု များတယ် ။ အရှုံး မခံနိုင်ဘူး ။ မမြတ်ချင် ရင်နေ ။ အရှုံးတော့ မခံနိုင်ကြဘူး ။ အရှုံး ခံမယ်ဆိုတဲ့ စိတ်ကူး နဲ့ ရိုက်ကူး ထုတ်လုပ်မှု က မရှိသလောက်ပါဘဲ ။ ဖလင်ဈေး ၊ မင်းသား မင်းသမီး ဈေး ကြီးတော့ သုံးလေးသိန်း လောက် ရင်း ရတယ် ။ စီးပွားရေး သဘောတော့ အနည်း နဲ့ အများ ပါ တာပဲ ။

ရုပ်ရှင် အရည်အသွေး မြှင့် ပေးချင်လွန်းလို့ ဆိုပြီး ဇွတ် လုပ်လို့လည်း မရဘူး ။ ဖျက်ဆီး ပစ်မယ် ဆိုလို့ လည်း မရ ပါဘူး ။ တစ်ချက် ကတော့ ငွေ နောက် မလိုက်ကြဖို့ပါဘဲ ။ နိုင်ငံခြားကား တစ်ကား ပြရင် နောက် က လိုက် အတု ခိုး ကြတယ် ။ သူ က လက်တစ်ဖက် ပြတ် ရင် တို့က နှစ်ဖက် ပြတ်မယ် ။ သူ က တစ်ထောင် ခုတ် ရင် တို့က နှစ်ထောင် ခုတ်မယ် ဆိုပြီး လိုက် လုပ်ကြတယ် ။ ဒါဟာ အရည်အသွေး ကျဖို့ လမ်း အစပါပဲ ။ ဒီလို သူများ ယောင် လို့ လိုက် ယောင်ရတာ မကောင်းပါဘူး ။

ကျွန်တော်တို့ မှာ ကိုယ်ပိုင် ယဉ်ကျေးမှု အမွေအနှစ် တွေ ရှိပါတယ် ။ ယဉ်ကျေးမှု မရှိတဲ့ လူမျိုး မှ မဟုတ်ဘဲ ။ ကိုယ်ပိုင် ဇာတ် တွေ ရှိတယ် ။ နည်းတွေ ရှိတယ် ။ ကမ္ဘာ့ အဆင့်အတန်း မီ ချင်တယ် ဘာညာ ပြော နေကြတယ် ။ ကမ္ဘာ ဆိုတာ က မြန်မာပြည် ရဲ့ အပြင်ဘက် မှာ ရှိတာ မဟုတ်ပါဘူး ။ မြန်မာပြည် ဟာ ကမ္ဘာ ထဲ မှာပါ ။ မြန်မာ ပြည် ရဲ့ မြန်မာ စစ် တဲ့ အဆင့်အတန်း ဟာ ကမ္ဘာ့ အဆင့်အတန်း ပါပဲ ။ ကျွန်တော်တို့ ယဉ်ကျေးမှု စစ်စစ် ကို ခေတ်မီ နည်းပညာ နဲ့ သာ ရိုက် ။ ဒါ ကမ္ဘာ ကို မီ တာပဲ ။ မြန်မာလူမျိုး အကျင့်စရိုက် ကို အထင် သေးပြီး အနောက် နိုင်ငံ မှ အထင် ကြီးမယ် ။ ဂျပန် မှ အထင်ကြီးမယ် ဆိုရင် မဟုတ်သေးဘူး ။

ဂျပန် က ကမ္ဘာ ကို မီတယ် ဆိုတာ ဂျပန်နည်း နဲ့ မီတာပါ ။ အမေရိကန်နည်း နဲ့ မီတာ မဟုတ်ပါဘူး ။ အိန္ဒိယ က ကမ္ဘာ ကို မီတာ လည်း တို့ ကတော့ အိန္ဒိယ ပဲ ဟေ့ ဆိုပြီး သူ့ ယဉ်ကျေးမှု ကို ပြ နိုင်လို့ မီ တာပါ ။ ကျွန်တော် တို့ က အဆင့် မြင့်ချင် ရင် သူတို့ လို ကိုယ့် နည်း နဲ့ ပဲ ပြပါ ။ ဟောင်ကောင်ကား ပုံစံ လိုက် ရိုက်ကြရင် ဟောင်ကောင် ရဲ့ နောက်လိုက် ပဲ ဖြစ်မှာပဲ ။

သူတို့ က ဓား ခုတ်လို့ ကျွန်တော်တို့ က လိုက် ခုတ်စရာ မလိုပါဘူး ။ ကျွန်တော်တို့ မှာ ဝါးရင်းတုတ် ရှိသားပဲ ။ ဝါးရင်းတုတ် နဲ့ ရိုက်တာ ကို ကြည့် ကောင်းအောင် ရိုက် ရင် ကြည့်မှာပါပဲ ။ ကျွန်တော်တို့ လူမျိုး က ဝါးရင်းတုတ် နဲ့ နိုင်ငံတော် ထူထောင်ခဲ့ ဖူးတာပဲ ။

ဒါကြောင့် ကျွန်တော် တို့ အဆင့် မြင့်လာဖို့ ဆိုတာ ကျွန်တော်တို့ ဘာသာ ထွင် ရမှာပဲ ။ မထွင်ဘဲ သူများ နောက် လိုက်နေတဲ့ ကာလပတ်လုံး တော့ သူများ နောက်လိုက်တွေ ဖြစ် နေမှာပဲ ။ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ကိုယ်ပိုင်ဟန် ကလေး ပေါ် စေချင်တာပါပဲ ”

“ ဆရာ နောက်ထပ် ထုတ်ဖို့ ဘာ စာမူ တင် ထားသေးသလဲ ”

“ တစ်နေ့သ၌ ”

“ လုံးချင်းဝတ္ထုလား ”

“ ဟုတ်ပါတယ် ”

“ ရုပ်ရှင် ရိုက်လက်စကော ”

“ ဖြူသော ညို ”

“ ဘယ်သူတွေ ပါလဲ ”

“ ကောလိပ်ဂျင်နေဝင်း ၊ ချိုပြုံး ၊ ရူပ ”

“ ဆရာ ဘာများ ပြောချင်သေးလဲ ”

“ ဝတ္ထုတို ဆိုတာ စောစောက ပြောခဲ့ သလိုပါပဲ ။ ရတောင့်ရခဲ အနုပညာ ပစ္စည်း ပါ ။ အခု မဂ္ဂဇင်း တွေရော ၊ ပေဖူးလွှာ ကို ရောပေါ့ ဗျာ ကိုဝင်းငြိမ်း က တစ်ဆင့် ပြော ချင်တာ ရှိပါတယ် ။ ပေဖူးလွှာ အနေနဲ့ အပြင်အဆင် အလှအပ ရှိအောင် လုပ်တယ် ။ ဒါ ကျွန်တော် နဲ့ မဆိုင်ဘူး ။ စာဖတ်ပရိတ်သတ် တစ်ယောက် အနေ နဲ့ ပြော ရရင် ကျွန်တော် က အလှအပ ထက် ဝတ္ထု ၊ ဆောင်းပါး ကို အလေးထား ဖတ်တယ် ။ အဲဒီလို ဖတ်တဲ့ အခါ မှာ အရုပ်ကလေး တွေ သိပ် လှအောင် အော့ဖ်ဆက် နဲ့ ရိုက်ကြတယ် ။ စရိတ်တွေ အများကြီး အကုန်အကျ ခံ ကြတယ် ။ ကျွန်တော် ထင်တယ် ။ အဲဒီ အရုပ် ရိုက်တဲ့ စရိတ် က ဝတ္ထု စာမူခ ထက် ပို ပါ လိမ့်မယ် ။

စာဖတ်ပရိသတ် အနေ နဲ့ အရုပ် လှလှထက် စာ ကို အလေး ပေးပါတယ် ။ မဂ္ဂဇင်း စောင်ရေ တက် လာတာနဲ့ အမျှ စာမူခတွေ လည်း ပို ပေးသင့်ပါတယ် ။ ကျွန်တော် တို့ ရတာ က အရုပ်တွေ ပုံနှိပ်တဲ့ စာရိတ် ထက် နည်း နေ တယ် ။ ရောင်စုံပုံနှိပ်စရိတ် လျှော့ပြီး စာမူခ ၊ ပန်းချီခ ပို ပေးရင် ပို ကောင်းမယ်လို့ ကျွန်တော် ထင် ပါတယ် ။ ကျွန်တော်တို့ ဆီ က ပန်းချီဆရာ တွေ မညံ့ပါဘူး ။ အရောင်နည်းနည်း နဲ့ လှအောင် ရေးတတ် ပါတယ် ။ ဒီလို လုပ် ပေးရင် ဝတ္ထုတိုသမားတွေ အား ပို ရှိလာပါလိမ့်မယ် ။

မဂ္ဂဇင်းတွေ က စာဖတ် ပရိသတ် ကို ခြယ်လှယ် နိုင်ပါတယ် ။ စာကောင်း ဖတ် လာအောင် စီစဉ် လုပ်နိုင် ပါတယ် ။ အလှအပလေးတွေ ၊ စာကောင်းတွေ နဲ့ မျှ ပေးစေချင်တယ် ။ ဒေါင်ဒေါင်မြည် ကောင်းတဲ့ စာတွေ ပါ စေ ချင်တယ် ။ ဖတ်ချင်တယ် ။ ဒါ ကျွန်တော့် အယူအဆပါ ”

“ ဆရာ့ အယူအဆ ကို တင်ပြပေးပါ့မယ် ၊ ဆရာ့ လိပ်စာ ကကော ... ”

“ အမှတ် ( ၃ ) ၊ လေးထောင့်ကန်လမ်း ၊ ( ဇ ) တောင်ရပ်ကွက် ၊ သင်္ဃန်းကျွန်း ပါ ”

“ ကျေးဇူးတင်ပါတယ် ဆရာ ”

▢ ဝင်းငြိမ်း

📖 ပေဖူးလွှာမဂ္ဂဇင်း
      အမှတ် - ၁၈
      နိုဝင်ဘာလ ၊ ၁၉၈၂ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment