❝ ဆိုင်တည်ချင်သူ ❞
━━━━━━━━━━━━
ကြည်အေး
━━━━━━━━━━━━
သူ့ ကို သူ့ နာမည်ရင်း နှင့် ကာရန်ညီစွာ ကိုငွေ ဟု ခေါ်ပါစို့ ။ ကိုငွေ ကို အစောဆုံး မှတ်မိသမျှ အချိန်တွင် ကိုငွေ သည် လေးဆယ်တွင်း ဝင်ပေပြီ ။ နှစ်ထပ်ခေါင်းပေါင်းခြင်း ကို ခပ်စောင်းစောင်း ခံကာ ဓာတ်ရိုက်ဂျပန်ငါးမောင်းပဝါ ဘယ်ချ ခပ်ရှည်ရှည် နှင့် ခေါင်းပေါင်း ပေါင်း တတ်သော ကိုငွေ ကို ထင်မြင်မိပါသေး၏ ။ အက်စအိုရှပ်လက်ရှည် ၊ ရှစ်ထောင့် ရှစ်ဆယ်တိုက်ပုံ နှင့် မန္တလေးရှစ်လွှား ကျူထရံကွက်စိပ် ကို ဝတ်ထားလျှင် ကိုငွေ မှာ ခပ်ခံ့ခံ့ ပင် ၊ သေသေချာချာ ကြည့်လျှင်မူ သူ ၏ ဘယ်ဘက် နားရွက် မှာ သေးငယ် တွန့်လိမ်ပြီး ဆံစပ် သို့ တက်ကပ် နေသည် ကို အားနာစွာ မြင်ရတတ်သည် ။
ကိုငွေ သည် ခေါင်းပေါင်းစ ရှည်ခြင်း၌ ကျော်ကြားသည် ။ သူ က သူ့ နားရွက် ကို ဖုံးချင်၍ ခေါင်းပေါင်းစ ရှည်ရှည် ချလေလေ ၊ လူတွေ က သူ ၏ ထူးခြားစွာရှည်သော ခေါင်းပေါင်း ကို ကြည့်ပြီး သူ ၏ နားရွက် ကို မြင်လေလေပင် ။
သူ လာပြီ ဆိုလျှင် ကျွန်မ က
“ ကိုဘိုကေ အုပ်ပေါင်း ပေါင်းတယ် တုတ်ကောက် တစ်ချောင်းနဲ့ လမ်းကိုလျှောက်တယ် ခေါင်းပေါင်းစ ရှည်လွန်း ရှည်လွန်းတယ် ” ... စသည်ဖြင့် သီချင်း ဆိုပြီး နောက် လေ့ရှိသည် ။
သူ့ ကို ကျွန်မ ခင် လည်း ခင်သည် ။ ရို လည်း မရိုသေ ။ ခင်သည့် အကြောင်းမှာ သူ က ကျွန်မ ကို ကလေးပေမဲ့ အရောတဝင် ရွယ်တူလို ပေါင်းသည် ။ မရှိသေ သည့် အကြောင်း မှာ ကိုငွေ သည် သိမ်ကြီးဈေး စီရုံ အောက်ထပ် ကိုဟာရှင်ဆိုင် ၌ အငှား ရောင်းသူ ဖြစ်သည် ။ သူ့ လခ မှာ သုံးဆယ်ကျော်ကလေး ပင် ဖြစ်ကာ နေအိမ် ဟူ၍ အတည်တကျ မရှိပေ ။
သူ့ ကို ကျွန်မ ၏ ဖခင် က ပေါင်မုန့်ထောပတ်သုတ် နှင့် လက်ဖက်ရည် တိုက်လေ့ရှိသည် ။ သူ က ကျွန်မတို့ ဆိုင်မှာ ကူပြီး ရောင်းပေး သွားလေ့ ရှိသည် ။ မနက်တိုင်း သတင်းစာ လာဖတ်သည် ။
ဟိုတုန်းကမူ ကိုငွေ ကို နွေစပါး ပေါ်ချိန်တွင် တောနယ်များ မှ ဈေးဝယ် တက်လာ သော သူများ ကို ပန်ဂျပ်ဘန်ကောက်တု ကို ယိုးဒယားဘန်ကောက်လုပ်၍ ရောင်းတတ် သော ၊ ကု,လားရက် ချည်မဲလုံချည် ကို မြောက်ပြင်ပိုးယောမဲ လုပ်၍ ရောင်းတတ်သော ကိုငွေ အဖြစ် ဖြင့်သာ သိမိပါသည် ။ ယခု ကြီး လာမှ သာ သူ ၏ စကားများ ၊ အမူအရာများ ကို ပြန်လည် မှန်းဆပြီး သူ့ စိတ်သဘော ကို နားလည်ရပါသည် ။
ကိုငွေ မှာ သူ့ ဘဝ ကို သူ မကျေနပ် ။ ဆိုင်အငှား အရောင်းသမား ဘဝ မှ ဆိုင်ပိုင်ရှင် ကိုယ်တိုင် ဖြစ်လိုသည် ။ ငယ်ရွယ်သူ ဆိုလျှင် ကိစ္စမရှိ ။ သူ ငယ်စဉ်က လည်း တေတေပေပေ နေခဲ့ပြီး ယခု အသက်ကြီး လာဘော့ လူ ရိုသေအောင် ဆိုင်ကလေး ကနားလေး နှင့် ခံ့ခံ့ညားညား နေဖို့သင့်သည် ဟု ကိုငွေ က သဘောရ၏ ။
ကိုငွေ သည် ရတတ်သမျှ ကိုလည်း စုပါ၏ ။ အကြွေး ပေးတတ်သော ကုန်ဈေး တန်း ၊ ကမ်းနားလမ်း မှ ကုန်တိုက်များ ကိုလည်း လိုက်၍ စုံစမ်းပါ၏ ။ ဆိုင်တစ်ကွက် ရရန် သိမ်ကြီးဈေး သူဌေး အားလည်း ကပ်ပါ၏ ။ ဆိုင်ပိုင်ရှင် ကိုဟာရှင် ထံမှ လည်း ငွေ မ,စ ရန် တောင်းပန်သည် ။ သို့သော်လည်း ဘယ်ဟာမှ မကိုက် ၊ အရောင်းအဝယ် ကို မွှတ်မွှတ် လည်အောင် တတ် သော်လည်း ကုန်သည် မဖြစ် ။ အငှား ရောင်းသူ ဘဝ မှ တစ်ထစ် မျှ မတက် ။ ကိုငွေ သည် အသက် သာ ကြီး၍ လာလေ၏ ။ နောက်ဆုံး၌ ခပ်ကြွားကြွား ဝတ်ခြင်းဖြင့်လည်းကောင်း ၊ လေထွားထွား သုံးခြင်းဖြင့် လည်းကောင်း သူ့ စိတ်သာရာ ကို သူ ရှာရလေသည် ။
ကိုငွေ ထိုင်သော ကိုဟာရှင်ဆိုင် မှာ နာရီစင် ဘက် နီးနီးဖြစ်သည် ။ ဟိုတုန်းက တည်းကပင် နာရီစင် အောက်မှာ စာအုပ်ဆိုင်များ ရှိပေသည် ။ ကျွန်မ က မိဘများ မသိအောင် ဒဂုန်မဂ္ဂဇင်း တစ်အုပ် လောက် နှင့် ကိုငွေ့ ဘေးမှာ ထိုင်ကာ ဖတ်လေ့ရှိသည် ။
ကိုငွေ က ဝယ်သူများ ကို ဖြန်းသန်း နေသည့်အခါ ကျွန်မ မှာ ငေးမောပြီး နေတတ်သည် ။ သူ ဟာ ဆိုင်ရှင် ရဲ့ ညီပါပဲ စသဖြင့် ဂုဏ်ထုတ်သည့် အခါမူ ကျွန်မ မှာ လှောင်ပြောင် လိုစိတ် ဖြင့် ရယ်ကာ နေတတ်သည် ။
နောက်တော့ ဘယ်လို ဘယ်လို ရယ် လဲ မသိတတ်ပါ ။ ကိုငွေ သည် ကျွန်မတို့ ဆိုင်သား တစ်ယောက် ဖြစ်၍ လာသည် ။ သူ့ ကိုယ် သူ ကိုယ်စားလှယ် ဟု အမည် တပ်သည် ။ စာရေးစက္ကူ ၊ စာအိတ် ၊ ကြော်ငြာများ တွင် သူ့ နာမည်ပါ တပ်ရသည် ။ ကျွန်မ ၏ ဖခင် က မူ သူ့ အား လေးစားသမှု ပြုပါသည် ။ သူ့ ကို ကြည့်ရသည် မှာလည်း ပျော်ရွှင်စရာ ကောင်းလာ ပေသည် ။
ဆိုင် မှ အထည်များ ကို စိတ်တိုင်းကျ ရွေးဝတ်သည် ။ ကျွန်မ က ရွေးပေးလေ့ ရှိ၏ ။ သူ က ပဝါအဆင် ရွေးလျှင် အပွင့်အခက် ဆိုလျှင် နုနုသွယ်သွယ် ၊ မောင့်မေတ္တာ ၊ နှင်းဆီခိုင် ၊ ကိုဘီအေ စသည့် စာလုံးကလေးတွေ ပါတာ ကို ရွေးတတ်သည် ။ ကျွန်မ က နောက်ပြောင် ကာ ကိုးရိုးကားရား ပန်းပွင့်ဆုပ် အဆင်ကြီးတွေ ထိုးပေးတတ်သည် ။ လုံချည် ရွေးပြန်လည်း သူ က မဟာဗလာချိတ် ရွှေဖလားရောင် ၊ ထားဝယ်လုံချည် အရောင်ပြေး စသည်တို့ ကို ကြိုက်တတ်သည် ။ ကျွန်မ က ခေါ်တောဆင် အမည်ရှိ နီရဲ ၊ စိမ်းရင့် ၊ ရွှေတောင် လုံချည်တွေ ကို ညွှန်တတ်သည် ။ သူ့ မှာ ရှန်ဟဲညွန့်တိုက်ပုံ ၊ ဝိတိုရီးယား ရှပ်လက်ရှည် နှင့် ဖြစ်ပေသည် ။ သူ့ ပဝါ စ ဘယ်ချ မှာ မူ ရှည်မြဲတိုင်း ရှည်လျက်ပင် ။
“ အမယ် ၊ ကိုငွေ က မင်းသားလိုပဲ ” ဟု ကျွန်မ က ရယ်လျှင် သူ က မကြားသလို ကြားသလို ၊ မျက်နှာ ထားသလို မထားသလို နှင့် ဟိုယောင် သည်ယောင် လုပ်တတ်သည် ။
ဖခင် ဖြစ်သူ က
“ မန္တလေးသား ပဲ ဘယ် ညံ့မလဲ ” ဟု ပြန်ပြောသည် ကို မှတ်မိပါသေးသည် ။
ယခုမှ မန္တလေး ဆို၍ သတိရ၏ ။ ကိုငွေ မှာ စကားပြော အလွန် ကောင်းသူ ဖြစ်ပေသည် ။ ဝယ်မည် ကြံပြီး လာသူ မှန်လျှင် ကိုငွေ က မလွတ်အောင် ရောင်းနိုင်သည် ။ ခြောက် တန် ခြောက် ၊ ချော့ တန် ချော့ က လည်း တတ်သည် ။ သူ့ ဆီ မှ မဝယ်မိလျှင် နောင်တ ရရတော့ မလောက် ပြောတတ်သည် ။ ထိုစဉ်အခါက ဆိုလျှင် ရောင်းသူ က အပြော ကောင်းခြင်းသည် ကုန်စည် အမျိုးအစား ထက် အရေးကြီး နေပေ၏ ။
ကျွန်မ ၏ ဖခင် က သူ့ အား ဆိုင်ကလေး တစ်ဆိုင် ခွဲပေးသည် ထင်ပါ၏ ။ ထို ဆိုင် မှာ အထည်အလိပ် ရောင်းရန် မဟုတ်ပေ ။ အိုင်ယာလန်ထီ ၊ စိန်လယ်ဂျာဏီ စသည်များ ကို ဖြန့်ချိစေခြင်း ဖြစ်သည် ။ ထိုအခါက မြန်မာထီ မပေါ်သေးပါ ။ ကိုငွေ မှာ အင်္ဂလိပ်စာ ကို ကျောင်းနေဖူး သော်လည်း နိုင်ငံခြားနှင့် ကုန်စည် မှာယူဆက်သွယ်လောက်အောင် တော့ တတ်ကျွမ်းသည် ။
ကိုငွေ က တစ်ခါ ပြောဖူးသည်မှာ သက္ကလတ်အင်္ကျီများ ကုပ်တွင် တပ်လေ့ရှိသော ဂျာမနီပြည် ထွက် စက်ထိုး အဝတ်တံဆိပ်များ ကို တစ်ဆင့် အမြတ် ယူ ကာ မှာပေးလေ့ ရှိသည့် ကု,လားများကို သူ က အပါးတင်လိုက်ဖူး၏ ။
“ ဟား ” ဟု တစ်ချက် ရယ်သည် ။ သည်ဟာ မှာ ကိုငွေ ၏ ဟန်ပါလှသော အကျင့် တစ်ခု ပင် ဖြစ်ပေသည် ။
“ ဟား ကျုပ်က ကု,လားတွေ လာပြတဲ့ တံဆိပ် နမူနာကတ်ကလေး ကို အမှတ်တမဲ့ ကြည့် လိုက်တော့ .. ”
ကိုငွေ က သူ့ ဘာသာ သူ ရယ်ပြန်သည် ။ စင်စစ်တော့လည်း သူ့ လုပ်ပုံမှာ သဘောကျ စရာပင် ။
“ ကုမ္ပဏီအက်ဒက် ကို အင်္ဂလိပ် လို ရေးတာလေး ပါသကိုးဗျ ”
ကိုငွေ ဆိုနေသော “ အက်ဒက် ” မှာ မြန်မာလို နေရပ် သို့မဟုတ် လိပ်စာ ပင် ဖြစ်ပါ၏ ။
“ ဒါနဲ့ ကျွန်တော် လည်း အေတစ်လုံး စီ ၊ ဘီတစ်လုံး စီ မှတ်ပြီး တစ်ဖက်က စာအိတ် ပေါ် ကွယ်ပြီး ကူးချတာပေါ့ဗျာ ၊ နောက်မှ ကိုယ့် ဘာသာ ကိုယ် မှာယူမှာပေါ့ ၊ ကု,လားတွေက အလွန် ညစ်ပတ်တာ ၊ အက်ဒက်တွေ အမြဲ ဝှက်တယ် ၊ ကျွန်တော့် ကို တော့ အင်္ဂလိပ်စာ မတတ်ဘူး ထင်လို့ပေါ့လေ ”
ကိုငွေ သည် သိမ်ကြီးဈေးသား ဖြစ် သဖြင့် ကု,လားလူမျိုးကို မုန် းတတ်သည် ။
ကျွန်မ မှတ်မိသေးသည်မှာ လည်း ကိုငွေ သည် လူပျို လား ၊ မုဆိုးဖို လား တော့ မသိ ။ မိန်းမ မရှိသူ ဖြစ်ကာ စိန်ပွဲစားဒေါ်ထားစိန် ကို လူကြီးလူကောင်းပိုး ပိုးသေးသည် ကိုပင် ဖြစ်၏ ။ ဒေါ်ထားစိန် မှာ ဖိုင့်ဖိုင့်ခံ့ခံ့ နှင့် စိန်ကြီးစိန်ကောင်း ကိုင်နိုင်သူ ဖြစ်သည် ။ တစ်ထောင် ကျော် တန်သော ပုလဲတစ်လုံး ပျောက်၍ စိုက်လျော်ဖူးသည် ကို ကျွန်မ ၏ မိခင် ပြောပြ၍ မှတ်မိနေပါ၏ ။
သည်လိုနှင့် ကျွန်မ လည်း ကျောင်းဖွင့်သည် တွင် အတန်း တက်နေရပြန်ကာ ကိုငွေ နှင့် အာလာပသလ္လာပ မပြောနိုင်ပြန်ချေ ။
တစ်ခုသော ကျောင်းပိတ်ရက် တွင် မူ ကိုငွေ ကို ဆိုင် ၌ မတွေ့ တော့ပေ ။ မေး
ကြည့်လျှင် ဖခင် ဖြစ်သူ က မရှိတော့ဘူး ၊ နှင်လိုက်ပြီ ဟု ပြောပါသည် ။
ကျွန်မ မှာ ဝမ်းနည်းလျက် ရှိသည် ။ နောက်မှ သိရသည်မှာ ကိုငွေ သည် နယ်မှ ငွေများ ကို ဖြတ်၍ သုံးနေသည်ပါ တကား ။ စင်စစ် ကိုငွေ သည် လိမ်လည် ကောက်ကျစ် တတ်သူ မဟုတ်ချေ ။ ဒါကို ဖခင် ဖြစ်သူ က ဝန်ခံသည် ။ သို့သော် ကိုငွေ သည် ထို ငွေများ နှင့် ပဝါများ ၊ ရှန်သားများ ဝယ်၍ ဆိုင်တင်သည် ဟု ဆိုသည် ။ ကိုငွေ သည် ဆိုင်ပိုင်ရှင် ဖြစ်ချင် လှသည် ။ ဆိုင် ကြီးပွားလျှင် ဆပ်ပါမည် ၊ ငွေချေးစာချုပ် လက်မှတ် ထိုးပါမည် ဟု ပြောသည် ။
ကျွန်မ ကမူ ငယ်ရွယ် သေးသည့် အလျောက် မည်သူ့ကို အပြစ် ယူရမည် ဆိုတာ မသိချေ ။
သည်လိုနှင့် ကိုငွေ လည်း ကျွန်မတို့ ထံ မလာတော့ ။ လမ်း မှာ လည်း မတွေ့ ။ ကာလ ကြာ၍ ကျွန်မ လည်း သူ့ ကို ခင်မင်စိတ်များ လျော့ပါးကုန်သည် ။ သူ့ သတင်းကို မူ တစ်ချက် ၊ နှစ်ချက် ကြားပါ၏ ။ သူ သည် ကုန်ဈေးတန်း ၌ ဆိုင်ခန်း ဖွင့်ရောင်း နေပြန်သည် ။ တစ်ဖန် စကော့ဈေး ( ဗိုလ်ချုပ်အောင်ဆန်းဈေး ) ဆိုင်များတွင် တွေ့ရ ပြန်သည် ။
စစ် ဖြစ်လာ၏ ။ ကျွန်မ လည်း ကလေးဘဝ က လွန်လာခဲ့လေပြီ ။ အိမ် တွင် ကိုငွေ ဆိုသော နာမည် ကို ယောင်၍ လည်း မပြောမိကြ ။ ကိုငွေ ကို ကျွန်မ တို့ မေ့ကြပေပြီ ။ စစ် အတွင်း သေပြီလား လည်း မသိပေ ။ ထို့ပြင် ကိုငွေ ကို သတိရစရာ ကိုငွေ နှင့် ပတ်သက် သော လူများ ကိုလည်း အဆက်အသွယ် မရှိတော့ချေ ။
လွန်ခဲ့သည့် တစ်ပတ်ခန့် က မူ ကျွန်မ သည် ကျောင်းသို့ အသွား လူ တစ်ယောက် က ကြော်ငြာစာရွက် တစ်ရွက် လာပေးသည် ။ ‘ ကြော်ငြာ ယူပါ ’ ဟု တောင်းပန်သံ နှင့် ပြော၍ ယူလိုက်ပြီး မော့ကြည့်ရာ ရုတ်တရက် ကြောင် နေပြီးမှ ကိုငွေ ဖြစ်ကြောင်း သိရ၏ ။
သူ က ကျွန်မ အား မမှတ်မိပေ ။ ကိုငွေ သည် သူ့ အား
“ ခေါင်းပေါင်းစ ရှည်လွန်းတယ် ... ရှည်လွန်းတယ် ” ဟူသော သီချင်း နှင့် လှောင် တတ်သော ကလေး ကို သာ ဘယ်နှနှစ် ကြာကြာ မှန်း မြင်မိပေမည် ။
ကိုငွေ မှာ ဆယ်နှစ်ကျော် အတွင်း သိပ်ပြီး မပြောင်းလဲပေ ။ ဆိုလိုသည် မှာ ရုပ် နှင့် အမူအရာ ဖြစ်၏ ။ ဆံပင် လည်း မဖြူလှ ၊ အသားမှာ မူ ညစ်မည်း၍ နေပေသည် ။ အလွန် အမင်း တော့ ဆိုး၍ မနေပေ ။ ငယ်ငယ် က မရှိသေသည့် သဘောဖြင့် ကိုငွေ ဟု ခေါ်ခဲ့သလို ၊ ယခုအခါ ရင်းနှီးသည့် သဘောဖြင့် ဆိုလျှင် ကိုငွေ ဟု ခေါ်နိုင်ပေသေး၏ ။ ကလေး တစ်ယောက် ကြီးထွားလာ သလောက် လူကြီး တစ်ယောက်သည် အိုမင်း၍ မသွားသေးပေ ။
သူ ၏ အဝတ်အစားများ မှာ ညှိုးနွမ်း၏ ။ သုံးတောင်ချိုး ခါးပုံစ မချနိုင်တော့ချေ ။ ခေါင်းပေါင်းစ လည်း မရှည်နိုင်တော့ပါ ။ ဆံပင်ရှည်ရှည် ခပ်ပါးပါး ကို ခေါင်းပေါင်းကြီး ပေါင်းဘထားသည် မှာ ကွမ်းသီးလုံး လောက် ရှိသည် ။ တိုက်ပုံအင်္ကျီ လည်း မပါချေ ။ အိန္ဒိယ ရှပ်ဖျင်အစင်းလက်ရှည် ကို ဝတ်သည် ။ မန္တလေးပုံတော် ဖိနပ် အစား ကွဲ နေသော ခြေမများ ကို တွေ့ လိုက်ရ၏ ။
ဪ ... ကိုငွေ ဆင်းရဲနေသကိုး ၊ ကြော်ငြာကမ်း စား နေသကိုး ဟု တွေးမိသည် ။
စိန်ကြီးစိန်ကောင်း ဘာဘူစိန် ကို မှ ကိုင်သော ဒေါ်ထားစိန် ကို သမာဓိ ရှိရှိ ပိုးပန်း ခဲ့သော ဟိုတုန်းက ကိုငွေ ကို ပြန် မြင်ယောင် နေမိသည် ။
ကျွန်မ မှာ နဂို က လည်း နှုတ်လေး ရာ မှာ ငေးနေ တွေနေ မိပြန်သဖြင့် ကိုငွေ ကို နှုတ် မဆက်လိုက်ရ ။ ကျွန်မ ဘယ်သူမှန်း မပြောလိုက်ရပေ ။ သူ ဆင်းရဲ နေစဉ်ကို စကား မပြော လိုက်ရ သဖြင့် စိတ်မကောင်း ဖြစ်ကာ ကျွန်မ သည် ကျောင်း သို့ ဖြည်းညင်းစွာ လာခဲ့သည် ။
စာကြည့်တိုက် ရောက် မှ ကြော်ငြာစာ ကို ဖြန့် ကြည့်မိ၏ ။ ကြော်ငြာ မှာ စက္ကူအဖြူ ညစ်ညစ် တွင် ၉၆ ပါးရောဂါ ကို ပျောက်ကင်းနိုင်ကြောင်း ၊ အဘိုးအို ၊ အမယ်အိုများ သည် လူပျိုအပျို ပမာ ငယ်မူပြန် နိုင်ကြောင်း ၊ ကာလသားရောဂါ ကို အမြစ်ပါ ပြတ်နိုင်ကြောင်း ၊ သူငယ်နာ ကို လည်း နှမ်းဆီ နှင့် လိမ်းပေး အုပ်ပေး ရုံ နှင့် ပျောက်နိုင်ကြောင်း စသည်ဖြင့် အထွေထွေ အထူးထူး ကြော်ငြာ ထားသည် ။ ဆေး ကို ဖော်စပ် ရောင်းချသူ ဆရာဩော ၏ ဓာတ်ပုံ လည်း ပန်းခက်ပန်းနွယ်များ ဝိုင်းလျက် ပါရှိသည် ။
စာမျက်နှာ အောက်နား ကျကျ တွင် မူ သေးငယ်သော မျက်နှာမည်း စာလုံးဖြင့် “ တစ်ဦးတည်း ကိုယ်စားလှယ် ကိုငွေ ” ဟု တွေ့ရလေသည် ။
☐ ကြည်အေး
📖 ဆေးသိပ္ပံ မဂ္ဂဇင်း
အတွဲ ၄ ၊ အမှတ် ၁
ဒီဇင်ဘာ ၊ ၁၉၅၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment