Monday, September 23, 2024

သေမင်းဗေဒင်


 

❝ သေမင်းဗေဒင် ❞
━━━━━━━━━━━━
   တာရာမင်းဝေ
━━━━━━━━━━━━
တစ်နေ့ မှာ မစ္စတာ ရှားလော့ဟုမ်း နဲ့ ဒေါက်တာ ဝပ်ဆင် တို့ စကားစမြည် ပြောနေတုန်း လူ တစ်ယောက် ဟာ တိုက်ခန်း ထဲ ကို ပျာယီးပျာယာ ဝင်လာ သတဲ့ ။ သူ့ ကို ကြည့်ပြီး မစ္စတာဟုမ်း က ဆီး ပြောလိုက်တယ် ။

“ ဘုရား က ပြန်လာတဲ့ သူ ထင်တယ် ... ဟုတ်စ ”

“ ခင်ဗျာ .. ဟုတ်ပါတယ် ”

“ ဒီနေ့ က ဘာသာရေး နေ့ကြီးရက်ကြီး ဖြစ်တာ ရယ် ၊ ဘုရားဖူးဝတ်စုံမျိုး ကို ခင်ဗျား ဝတ်ထားတာရယ် ... ခင်ဗျား ရဲ့ အိတ် ထဲ မှာ လုံးထွေး ထည့်ထားတဲ့ ပုတီးရယ် ကြောင့် ခုလိုမျိုး ပြောနိုင်တာပါ ၊ ဒါ့ထက် ဗေဒင် လည်း ဝင် မေး လာခဲ့တယ် ထင်တယ် ”

“ ခင်ဗျာ ... ဟုတ်ပါတယ် ”

“ ခင်ဗျား ကိုယ် မှာ ဝတ်ဆင်ထားတဲ့ အဆောင် ယတြာ လက်စွပ် ဆွဲကြိုးတွေ အရ ခင်ဗျား ဟာ ဗေဒင် ကို ယုံကြည်သူ တစ်ယောက် ဆိုတာ သိသာပါတယ် ။ ဘုရား က ဗေဒင်ဆရာ တစ်ယောက် ဆီ မှာ ခင်ဗျား ဗေဒင် ဝင် မေးလာ ခဲ့လိမ့်မယ် ၊ သူ က ခင်ဗျားကို စိတ် မချမ်းသာစရာတွေ ကို ဟောပြော လိုက်လိမ့်မယ် ။ မရေရာတဲ့ အန္တရာယ် တစ်ခု ခု ကို လွယ်ပိုး ထားရတဲ့ လူ တစ်ယောက် ရဲ့ မျက်နှာ အမူအရာမျိုး ခင်ဗျား ဆီမှာ တွေ့ရတယ် ”

“ ခင်ဗျာ ... ဟုတ်ပါတယ် ”

“ ကျုပ် ဆီ ကို ရောက် လာတယ် ဆိုတော့ ဗေဒင် ဆရာ က ခင်ဗျား ကို အသက်အန္တရာယ် ရှိတယ် တို့ ၊ အမှုအခင်း ကြုံနိုင်တယ် တို့ ၊ ရန်သူ ရှိမယ် တို့ အဲဒါမျိုး ကို ဟော လိုက်ပုံ ရတယ် ”

“ ခင်ဗျာ ... ဟုတ်ပါတယ် ”

“ အဲ့ဒါကြောင့် ကျုပ် ဆီ ကို အမှု လာအပ်တယ် ဆိုပါတော့ .. ”

“ ဟုတ် ... ဟုတ်ပါတယ် ခင်ဗျ ”

“ ကဲ .. ကဲ .. အဖြစ်အပျက် ကို ဆိုစမ်းပါဦး ”

“ ဗေဒင်ဆရာ က တော့ ခပ်နုတ်ချာချာပါပဲ မစ္စတာဟုမ်း .. ကျွန်တော် က လည်း အပျော်သဘော ဝင် မေးကြည့်တာပါ ၊ လူချမ်းသာပုံ ပေါက်နေတဲ့ ကျွန်တော့် ပုံစံ ကို ကြည့်ပြီး အဲ့ဒီ ဗေဒင်ဆရာ က ကြေးကြီးကြီး တောင်းပါတယ် ။ သူ့ အတွက် မက်မောစရာ ဖြစ်ပေမယ့် ကျွန်တော့် အတွက် က အပန်းမကြီးတဲ့ ငွေ ဖြစ်နေလို့ ကျွန်တော် ပေး လိုက်ပါတယ် ။ အဲ့ဒီ့ မှာ သူ က ကျွန်တော့် ကို ခုနက မစ္စတာ ဟုမ်း ပြောတဲ့ အချက်တွေ ကို ဟော လိုက်ပါတယ် ”

“ အင်း .. ဆက် ပြောပါ မိတ်ဆွေ ”

“ ကျွန်တော် ရဲ့ ရန်သူ ဟာ နာမည် မှာ ခ ၊ ထ ၊ သ ၊ မ ၊ အ ဆိုတဲ့ စာလုံးမျိုးတွေ ပါမယ်လို့ဆိုပါတယ် ။ ကျွန်တော့် ရဲ့ စီးပွားပြိုင်ဘက်တွေ ထဲ မှာ လည်း အဲ့ဒီ နာမည်တွေ ပါပါ တယ် ။ ရက်ပိုင်း အတွင်း မှာ ကြုံမယ့် ကိစ္စ ဆိုတော့ ကျွန်တော် အတော် စိုးရိမ်မိပါတယ် ။ သူ က ကျွန်တော့် ကို စမ အဆောင် တစ်ခု ကို ပေးပါတယ် ။ အဲ့ဒီ စမ ကို လက်ဖဝါး ထဲ မှာ ထည့် ဆုပ်ခိုင်းပါတယ် ။ အဲ့ဒီ စမ သတ္တုလိပ်ကလေး
က လက်ထဲ မှာ တိုးသလား ၊ လက်ဖဝါး ထဲ မှာ ပုရွက်ဆိတ် သွား သလို ရွရွရွရွ နေ သလားလို့ မေးပါတယ် ”

“ အင်း .. အဲဒီတော့ ... ”

“ သူ ပြောတဲ့ အတိုင်း ဖြစ်ပါတယ် ။ အဲဒီတော့ စမ ကို ဆောင်ထားဖို့ ပေး လိုက်ပါတယ် ။ အဲ ... စမဖိုး ကို ထပ် တောင်းလို့ ထပ် ပေးရပြန်ပါတယ် ။ အဲ့ဒီ စမ ကို ဆောင်ထား မှာပါ ။ ဒါပေမဲ့ ပိုပြီး သေချာ လုံခြုံမှု ရှိအောင် မစ္စတာဟုမ်း ဆီ အမှု လာအပ်တာပါ .. ”

“ အဲ့ဒီ ဗေဒင်ဆရာ ရဲ့ အမည် နဲ့ နေရပ် က ... ”

အမှု လာအပ်သူ က မဆိုင်းမတွ ပြောပြပြီး မစ္စတာ ဟုမ်း ကို အမှုအပ်ခ ဘယ်လောက် ပေးရမလဲလို့ မေးသတဲ့ ... မစ္စတာဟုမ်း က ပြုံးရယ်ပြီး ခေါင်းခါ ပြတယ် ။ ပြီး ... ခပ်ပြတ်ပြတ် ပြော လိုက်တယ်တဲ့ .. ။

“ ခင်ဗျား အမှု ကို ကျုပ် လက်မခံဘူး .. ”

ဟို လူ က မျက်နှာ ငယ် သွားပြီး “ ခင်ဗျာ ... ဘာဖြစ်လို့လဲ ” လို့ မေးတယ် ။

“ ခင်ဗျား ရဲ့ အမှု က အမှု မှ မဟုတ်ပဲ ။ နောက်ပြီး အဲ့ဒီ ဗေဒင်ဆရာ ပြောတဲ့ ကိစ္စတွေ ခင်ဗျား မှာ ဖြစ်မလာစေရဘူး လို့ ကျုပ် အာမခံတယ်။ ဒီမှာ ... ကျုပ် စာ ရေးပြီး လက်မှတ်ထိုး ပေးလိုက်မယ် .. ”

မစ္စတာဟုမ်း ရဲ့ အကြည့် အပြော နဲ့ ရဲဝံ့တဲ့ အာမခံချက် ကြောင့် အမှု လာအပ်သူဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ် ပြီး ပြန်သွားတယ်။ အဲ့ဒီ လူ ပြန်သွားမှ ဒေါက်တာဝပ်ဆင် က မစ္စတာဟုမ်း ကို မေးတယ်တဲ့ ..

“ အဲ့ ဒီဗေဒင်ဆရာ အကြောင်း ခင်ဗျား သိလို့လားဗျ ”

“ မသိပေါင်ဗျာ ..”

“ စုတ်စုတ်နုတ်နုတ် နဲ့ ငွေ မက် တဲ့ ဗေဒင်ဆရာ ဖြစ်နေလို့လား ”

“ ဥပဓိရုပ် မကောင်း ၊ အကျင့်မကောင်း ပေမယ့် ပညာကောင်းသူ တွေ လည်း အရှိသားဗျ .. ”

“ သူ့ စမ ဆိုတာကတော့ ထူးဆန်းသလိုပဲနော် ”

“ ခင်ဗျား ကလည်း ဗျာ ပညာတတ် ဆရာဝန် တစ်ယောက် လုပ်နေပြီး ... ဒါမျိုးကတော့ ဖြစ်တတ်ပါတယ်၊ လက်ဖဝါး က သွေးခုန်နှုန်း ကြောင့် လည်း ဖြစ်နိုင်တယ် ၊ စိတ်ပညာ ရဲ့ ဟုတ်ယောင်ထင်မှု ကြောင့် လည်း ဖြစ်နိုင်ပါတယ် ”

“ ရန်သူ ကို အမည်စာလုံး တွေ ထောက်ပြ သွားတာကကော ဗျာ ”

“ ပညာ လည်း စစ်နိုင်တယ် အလိမ်အညာ လည်း ဖြစ်နိုင်တယ် ၊ အဲ့ဒီမှာ ဒီ ကိစ္စ ကို ရှင်းလိုက်နိုင်တာပဲ ”

“ ပြောပါဦးဗျ ”

“ အလိမ်အညာ ဆိုရင်တော့ ပြီးတာပဲဗျ ၊ သူ ပြော တာကို ယုံစရာမှ မရှိဘဲ ”

“ ပညာ ဆိုရင်ကောဗျာ ”

“သူ့ ရန်သူ နာမည် မှာ ပါမယ့် အက္ခရာတွေ ကို ခင်ဗျား မှတ်မိလား ”

“ အင်း .. မှတ်မိပါရဲ့ ”

“ ဗေဒင်ဆရာ ရဲ့ နာမည် က ကော ဘယ်သူတဲ့တုန်းဗျ ”

“ ဗေဒင်ဆရာ နာမည် က ... ဟင် ... ဗေဒင်ဆရာ ရဲ့ နာမည် မှာ အဲ့ဒီ စာလုံးတွေ အကုန် ပါနေပါလား ”

“ ရန်သူ ပြောတာ က ကော ယုံရပါ့မလား ”

“ ဗေဒင်ဆရာ က ကို သူ့ ရန်သူ ဖြစ်နေတာကိုး ..”

မစ္စတာဝပ်ဆင် က အားရပါးရ အော်ရယ်တယ် တဲ့ ။ ပြီးတော့လည်း ပြောတယ် ။

“ ဘာပဲပြောပြော .. သူ့ အဖြစ် က ဆိုးပါတယ် ဟုမ်း ရယ် ”

မစ္စတာဟုမ်း က ဆေးတံ ကို ပြုံးပြုံးကြီး ဖွာရင်း မေးတယ် ။

“ ဘယ်လို ဆိုးတာတုန်းဗျ ”

မစ္စတာဝပ်ဆင် က တွေးတွေးဆဆ နဲ့ ဒဿန ဆန် တဲ့ မှတ်ချက် ကို ချတယ်။

“ ဪ ... သူ က ရန်သူ ဆီ မှာ မှ ဗေဒင် သွား မေးမိတာကိုး ဗျ ” တဲ့ ... ။

▢ တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment