Saturday, September 7, 2024

ဘဝ အဖော်လား ၊ ခဏ အပျော်လား မောင်


 

❝ ဘဝ အဖော်လား ၊ ခဏ အပျော်လား မောင် ❞
━━━━━━━━━━━━━━
     သန်းမြင့်အောင်
━━━━━━━━━━━━━━
ခုတင် ပေါ် က ရုတ်တရက် အထ မှာ လဲပြိုကျလု နီးပါး ဖြစ်သွားသော ခန္ဓာကိုယ် ကို ထိန်းမတ်ရင်း ထမင်းစားခန်း ဆီ သို့ အားယူ လျှောက်ခဲ့ရသည် ။

ပူသော ရင် ကို သက်သာစေရန် အလို့ ငှာ သောက်ရေဖန်ခွက် ကို လှမ်းကိုင်မည် အပြု ညီမငယ် နွယ်နွယ် က -

“ မမဆွေ ရေသောက် မလို့ လား ၊ နေနေ နွယ် ခပ်ပေးမယ်နော် မမဆွေ ၊ အခန်း ထဲ က ရေချိုင့် ထဲ မှာ ကုန်နေပြီ ထင်ပါရဲ့ ”

ရေအိုးစင်နား က ဖြည်းညင်းစွာ ပြန်ခွာခဲ့ရသည် ။ ဪ .. မိသားစု ထဲမှာ ကိုယ် က တသီးတခြား ရပ်တည် နေရတဲ့ သူ ပါ လား ဆိုတဲ့ အသိ နဲ့ ဝဲတက် လာတဲ့ မျက်ရည်တွေ ကို လျင်မြန်စွာ ပုတ်ခတ်မိရသည် ။ ကျန်းမာရေး လိုက်စားပြီး သန့်ရှင်းသပ်ရပ်တဲ့ မိသားစု ထဲ မှာ ကိုယ် က ရောဂါဆိုး တစ်ခု ကို ပိုင်ဆိုင်ထားရသူ ဆိုတော့ ကိုယ့် ကမ္ဘာ ဟာ သိပ်ကို ကျဉ်းနေရတယ်ပေါ့ ။

ဖျော့တော့ ကြုံလှီတဲ့ ခန္ဓာကိုယ် ကို ခုတင်တိုင် မှာ မှီထိုင် နေရင်းက ချောင်းတစ်ချက် နှစ်ချက် ဆိုးပြီး မောမော နဲ့ ထွေးချ လိုက်တဲ့ တံတွေး ထဲမှာ သွေးစသွေးန တွေ ပါနေလိမ့်မယ် ဆိုတာကို ငုံ့ မကြည့်ဘဲ ဆွေ သိနေသလိုပါပဲ ။ တော်ကြာ အိမ်သန့်ရှင်းရေး လာ လုပ်နေကျ ကု,လားမလေး ရောက်လာ လို့ ထွေးခံ သွန်တော့မယ် ဆိုရင် -

“ အပါး ... အစ်မ ထွေးခံ ထဲမှာ သွေးတွေ အားကြီးပါလား ”

ဆိုတဲ့ အသံ ကို ကြားရဦးမယ် ထင်ပါရဲ့  ။

•••••   •••••   ••••• 

“ အို ... ထွေးခံထဲမှာ သွေးတွေ အားကြီးပါလား မောင်ရယ် ”

မောင် မကြားအောင် တိုးတိုးလေး ရေရွတ်ပြီး ပက်လက်ကု,လားထိုင် မှာ မောမော နဲ့ မှိန်းနေ တဲ့ မောင့် မျက်နှာ နွမ်းနွမ်းလေးရယ် ၊ အသက်ရှူလိုက်တိုင်း လှိုက်ဖို နေတဲ့ မောင့် ရင်အစုံရယ်ကို ငေးမောရင်း မောင့် အပေါ် ဆွေ အကြင်နာတွေ နှစ်ဆတိုး နေရတယ် ။ မောင် က တောမြို့ ကလေး တစ်မြို့ က နေ ရန်ကုန် မှာ မျက်နှာငယ်ငယ် နှင့်
ပညာ ရှာရသူ ၊ ရန်ကုန် မှာ ဆွေမျိုး မရှိသူ မို့ အတော်အသင့် အခြေအနေ ရှိသော တစ်ကိုယ်တည်းသမား သူငယ်ချင်း တစ်ယောက် ၏ အခန်း မှာ ကပ်ရပ် နေထိုင်ရင်း ပညာသင် နှစ်များ ကို ကျော်ဖြတ် နေရသူ ၊ ယခု သူငယ်ချင်း ဖြစ်သူ အရာရှိငယ် က ဗဟို ဝန်ထမ်းတက္ကသိုလ် တက် နေတော့ မောင် နေမကောင်း ချိန် မှာ အနီးကပ် ပြုစုမည့်သူ မရှိ ၊ သည် အချိန်မှာ မောင့် အတွက် ဆွေ သာ အမိ ၊ ဆွေ သာ အဖ ၊ ဆွေ သာ သူငယ်ချင်း ၊ ဆွေ သာ ချစ်သူ ၊ ဆွေ သာ ကိုယ်ဖိရင်ဖိ ပြုစုရမည့် မောင့် အတွက် တစ်ဦးတည်း သော အဆွေခင်ပွန်း မို့ ပညာသင်ရက် တွေ ကို ဖဲ့ခြွေပြီး မောင့် အတွက် အချိန် ကို မျှဝေရတော့သည် ။

ချစ်သော မောင့် အတွက် ဆွေ ပင်ပန်းပါစေလေ ။

•••••   •••••   •••••

မောင် ဆေးရုံ တက်ရမယ်ဆိုတော့ မောင့် ရောဂါဝေဒနာ မြန်မြန်ပျောက်ကင်းစေရေး လိုအပ် တဲ့ ဆေးဝါးတွေ ဖောဖောသီသီ သုံးနိုင်ဖို့ အတွက် ဆွေ ငယ်စဉ် ကတည်း က ဆွဲလာခဲ့တဲ့ အမြတ်နိုးဆုံး ဆွဲကြိုးကလေး ကို ရောင်းပစ် လိုက်ရတဲ့ နေ့ က များ ဆို သူငယ်ချင်းတွေ က အပြစ်တင် လို့ ကို မဆုံးကြ တော့ ။ နောက်ပိုင်းတော့ စုဘူး ထဲ က ငါးကျပ်တန် ဆယ်တန်အသစ်ကလေးတွေ ၊ ဖေဖေ့ ဆီက ရတဲ့ မုန့်ဖိုးတွေ အဝတ်အစားဖိုးတွေ တစ်စ တစ်စ ခုန်ပျံထွက်လာတဲ့ အချိန်မှာ သူငယ်ချင်းတွေ က ခေါင်း မာတဲ့ ဆွေ့ ကို အရောင်တောက်တဲ့ မျက်ဝန်းများ နဲ့ သတိပေး နေတဲ့ အကြည့် ကို ဆွေ မသိဟန် ဆောင်ပြီး နေခဲ့တယ် ။ မောင် နေကောင်း လို့ ကျောင်းပြီး သွားရင် ဆွေ နဲ့ မောင် လက်ထပ်ကြမှာပဲ ။ အရေးကြီးတာ က ကျန်းမာရေးပဲ ၊ လူမသေ ငွေမရှားပါ ။ မောင် ရှိနေရင်  ၊ မောင် ကျန်းမာ ရင် နောင် တစ်သက်လုံး ဆွေ့ ကို မောင် က လုပ်ကျွေး သွားမယ့် ဆွေ့ ဘဝ အဖော်ပဲ ။ ခုလို မောင် ချို့ငဲ့နေချိန် အားနည်းနေချိန် မှာ ဆွေ က လျစ်လျူရှု ထားခဲ့ရင် ဆွေ ဟာ ချစ်သူ ပီသပါမည်လား ။

မောင့် အတွက် ဆွေ ဆုံးရှုံးရပါစေ ။

“ မောင့် မှာ တီဘီရောဂါ ရှိနေပြီတဲ့ ဆွေ ရယ် ”

လို့ ပြောပြီး ဆွေ့ ရင်ခွင်မှာ ခေါင်းတိုး ဝင်ပြီး ဝမ်းပန်းတနည်း နဲ့ ငိုတဲ့ နေ့တုန်းက စပြီး ဆွေ ဟာ မောင့် အတွက် အရာရာကို ကျော်လွှားမယ့် တိုက်ဖျက်မယ့် အချစ်အင်အား များစွာတို့ နဲ့ မောင့် ကို ကျစ်ကျစ် ဖက်ပြီး -

“ အားမငယ်ပါနဲ့ မောင်ရယ် ၊ မောင့် ဘေးမှာ ဆွေ ရှိတယ်လေ ၊ မောင့် ရောဂါ က ကု ရင် ပျောက် တဲ့ ရောဂါပဲ ၊ မောင် ဘာ အားငယ်စရာရှိလဲ ၊ မောင့် ရောဂါ မပျောက်ပျောက်အောင် ဆွေ ကုမယ် ၊ အားမငယ်စမ်းပါနဲ့ ၊ စိတ်ဓာတ် မကျစမ်းပါနဲ့ မောင်ရယ် ”

လို့ ဆွေ လှိုက်လှိုက်လှဲလှဲ အားပေးပြီး အပြော နဲ့ အလုပ် ညီ ခဲ့တာလည်း မောင် သတိရမှာ ပါ နော် ။

ဆွေ ရဲ့ ကြီးမားတဲ့ မေတ္တာ နဲ့ အယုအယ ၊ အစွမ်းထက်တဲ့ ဆေးတန်ခိုး အာနိသင် ၊ ကျွမ်းကျင် တဲ့ ဆေးပညာရှင်တို့ ရဲ့ ကုသမှု ကြောင့် မောင့် ရောဂါဟာ နှစ် တစ်ပတ် မလည်ခင် မှာ ပဲ သိသိသာသာ ကောင်းမွန် သက်သာပြီး ကျန်းမာဝဖြိုး လာခဲ့တယ် ။ ရောဂါ ကင်းစင်သွားတဲ့ အခါမှာ မောင် ဟာ အရင် က ထက်တောင် ဆွေ့ မျက်စိ ထဲမှာ လှပ စိုပြည်နေသေးသလိုပဲ ။ အသားအရေ က လည်း ဝင်းစင်ပြီး မျက်ဝန်းတွေ ကလည်း တောက်ပရွှန်းလက် လို့ ၊ ကိုယ်နေဟန်ထား တောင့်တင်းပြေပြစ်ပြီး ခန့်ညား လာတဲ့ မောင့် ကို တစိမ့်စိမ့် ကြည့်ပြီး ဆွေ ပီတိတွေ ဖြစ်ခဲ့ရတယ် ။ ကျောင်းပြီးသွားတဲ့ တစ်နေ့ မှာ -

“ အလုပ်အကိုင် အတည်တကျ ဖြစ်တော့ လက်ထပ်ကြတာပေါ့ ဆွေရယ် ”

လို့ ပြောတဲ့ မောင့် အသံဟာ ပျော့ နေ သလို ၊ တက်ကြွမှု ကင်း သလိုပါပဲ လို့ ထင်ခဲ့မိတဲ့ ဆွေ့ မှာ တစ်ဖက် က လည်း -

“ ဘဝ တစ်ခု ကို တည်ဆောက်တဲ့ အခါ စီးပွားရေး ဟာ ပင်မသွေးကြော ပဲ ။ အလုပ်အကိုင် အတည်တကျ မရှိသေးဘဲ နဲ့ တော့ ဘယ် အိမ်ထောင် ပြုလို့ ဖြစ်ဦးမလဲလေ ၊ မောင် က အလုပ် အတွက် စိတ်ပင်ပန်း နေရရှာတယ် ထင်ပါရဲ့ ”

လို့ မောင့် ဘက်ကနေ ဖေးဖေးမမ တွေး ခဲ့ရင်း အသနား ပို ခဲ့ရတယ် ။

သူငယ်ချင်းတွေ ပြောတုန်းက ဆွေ မယုံခဲ့ဘူး ၊ အခု ဆွေ ကိုယ်တိုင် မျက်စိ နဲ့ တပ်အပ်မြင်ရပြီ ဆိုတော့ ဆွေ တစ်ကိုယ်လုံး အေးစက်ပြီး လေထဲ မှာ လွင့်ပျံ ထွက်သွားသလိုပါပဲ ။ ရင်ထဲ မှာ ပူပြီး ဟာ နေတယ် ။

ဗိုလ်ချုပ်ဈေး ရှေ့က လမ်းကူးမျဉ်းကြား ပေါ် မှာ ခြေစုံ ရပ်ပြီး မျက်ရည်တွေ ဝဲ နေတဲ့ ဆွေ့ ကို ရပ်ဆိုင်းသွားတဲ့ ကားအသစ်စက်စက်ကလေး ပေါ် က ကားမောင်းသူ ရောင်စုံမျက်နှာ အလှပိုင်ရှင် မိန်းကလေးငယ် ရဲ့ ဘေး ကနေ ပခုံး ကို ဖက်ထားတဲ့ မောင် က မျက်လုံးအပြူးသား နဲ့ ငိုင်တွေ ပြီး ကြည့်နေတယ် ။ ပြုံး ပြဖို့ မေ့နေပြီလား မောင် ။ ဆွေ အားယူပြီး ပြုံးပြလိုက်တယ် ။ ဆွေ့ နှုတ်ခမ်းတွေ ဟာ တဆတ်ဆတ် တုန်နေမယ် ထင်ပါရဲ့ ။ မောင့် မျက်နှာ လွှဲသွားတယ် ။

အဲဒီ နေ့ က စပြီး မောင် ဆွေ့ ဆီ မလာပေမဲ့ ဆွေ မောင့် ကို ဝတ္တရားမပျက် စောင့်ခဲ့ပါတယ် ။ တကယ် ဟုတ်မှန်နေမှန်း သိပေမဲ့ မောင် ဆွေ့ကို လိမ်ညာဖြေရှင်းစေချင်တယ် ။ ဆွေ ကလည်း တကယ် ယုံဟန် နဲ့ မောင့် ကို ခွင့်လွှတ်ချင်တယ် ။ ဒါပေမဲ့
မောင် ရက်စက်တယ်နော် ၊ ဆွေ သိပ် အံ့ဩတယ် ။

“ တစ်နေ့ နေ့ မှာ ဒီလို ဖြစ်လာမယ်ဆိုတာ တို့ အစ ကတည်း က ထင်ခဲ့တယ် ။ နင့် ကို တို့ မသနားချင်ဘူး မိဆွေ ။ တစ်ခုတော့ ပြောချင်တယ် ။ နင့် မေတ္တာနဲ့ နင့် စေတနာ နဲ့ မထိုက်တန်လို့ သူ့ လမ်း သူ ထွင် သွားတဲ့ လူ အတွက် နင် ဝမ်းနည်းမနေနဲ့ ။ မိန်းကလေး တစ်ယောက် မောင်းတဲ့ ကား မှာ မရှက်မကြောက် ဘေး ကနေ လိုက် တွယ်ကပ် စီးပြီး အပိုင် ကြံနေတဲ့ နင့် ရဲ့ လူ ကို အထင်သေး ပစ် လိုက်စမ်းပါ ” 

သူငယ်ချင်းတွေ ရဲ့ နာကြည်းတဲ့ ၊ အပြစ်တင်တဲ့ ၊ ရှုတ်ချတဲ့ စကားသံတွေ ကို ချေပနိုင်စွမ်း ၊ ထောက်ခံနိုင်စွမ်း ၊ ခံစားနိုင်စွမ်း ဆွေ့ မှာ မရှိတော့ပါလား မောင် ။

တစ်နေ့ တစ်နေ့ အားပျော့နွမ်းလျစွာနဲ့ ဆွေ တစ်ယောက်တည်း မောင် နဲ့ သွားဖူးတဲ့ နေရာ ၊ စားဖူးတဲ့ ဆိုင် ၊ ထိုင်ဖူးတဲ့ တန်းလျားတွေ ကို လျှောက်လျှောက် သွားလွန်းလို့ “ နင့် ကို တို့ မသနားဘူး မိဆွေ ” လို့ ပြောတဲ့ သူငယ်ချင်းတွေ က ပဲ ဆွေ့ ကို လိုက်လိုက် ထိန်းပြီး ဆွေ့ ကျန်းမာရေး အတွက် ဆွေ့ မိသားစု နဲ့ သူတို့ ဝိုင်းဝန်း ကူညီကြရတယ် ။

“ ဆွေ့ မှာ တီဘီရောဂါ ဖြစ်နေပြီ ”

ဆိုတဲ့ ဆေးစာ ကျတဲ့ နေ့မှာ တော့ -

“ ဒါ လူယုတ်မာ ကို ချစ်ခဲ့တဲ့ အမွေပေါ့လေ ”

လို့ သူငယ်ချင်း တစ်စုရဲ့ ကရုဏာဒေါသော အပြစ်တင်မှု ကို လည်း ခံခဲ့ရတယ် ။ ဆွေ့ အပြစ် နဲ့ ဆွေ ပဲလေ ၊ သူငယ်ချင်းတွေ ၊ မိဘညီအစ်ကို မောင်နှမတွေ ကို ဒုက္ခ မပေးချင်လို့ ဆွေ စကား လည်း သိပ် မပြောချင်တော့ဘူး ၊ တစ်ယောက် တည်း အခန်းကျဉ်းကလေး ထဲ မှာ ပဲ ဘဝ ကို မြှုပ်နှံ ထားလိုက် တော့တယ် ။

•••••   •••••   •••••

အိမ်ရှေ့ မှာ ကား ရပ်သံ ကြားတယ် ။ ဒေါက်တာ လာပြီ ထင်ပါရဲ့ ။ တစ်နေ့ တစ်နေ့ ပြုနေကျ ဝတ္တရားအတိုင်း ဆေးထိုး ခံရဦးမယ် ။ ကြုံလှီဖျော့တော့ နေတဲ့ ကိုယ်ခန္ဓာ ရဲ့ အရေပြား ပေါ် မှာ အပ်ရာ တွေ လည်း ထပ်နေပြီ ၊ အသားတွေ လည်း နာကျင်လှပြီ ၊ စိတ်ပျက် အားလျော့စွာ နဲ့ အခန်းတံခါး ကို တွန်းဝင် လာမယ့် ဆရာ့ ကို ပက်လက် အနေအထား က နေ တွေငေး နေမိသည် ။

“ နေကောင်းရဲ့ လား ဆွေဆွေ ”

နှုတ်ဆက်နေကျ ဆရာ့ အသံဟာ တံခါး တွန်းဖွင့် အပြီး မရှေးမနှောင်းမှာ ပဲ ပေါ်ထွက်လာ တယ် ။ ဆရာ့ နောက်နားမှာ ပါလာတဲ့ သူ က ဆွေ့ ကို အံ့ဩဝမ်းနည်းဟန် နှင့် ငေးကြောင် ကြည့်နေ တယ် ။

“ ဒေါက်တာကျော်ဝေ က ဆွေဆွေ့ ကို ပြုစုကုသဖို့ သူ တာဝန်ကျတဲ့ ဆေးရုံ က နေပြီး ခွင့် နဲ့ ပြန်လာတာ ဆွေဆွေ ။ သူ ဒီ အိမ်မှာ ပဲ တည်းမှာ ။ ဆရာ ထိုးနေကျ ပေးနေကျ ဆေးတွေ လည်း သူနဲ့ ညှိနှိုင်းပြီးသွားကြပြီ ။ ဒေါက်တာကျော်ဝေ ရှိနေတဲ့ ရက်အတွင်း ဆရာ မလာသေးဘူးနော် ။ ဆွေဆွေ နေကောင်း သွားမှာပါ ။ ခုတောင် ရောဂါ တစ်ဝက် ပျောက်နေပြီလား မှ မသိတာ ဟဲဟဲ ”

ဆရာ က ရွှင်ရွှင်မြူးမြူးလေး ပြောပြီး ဆွေ့ ကို နှုတ်ဆက်ပြီး ထွက်သွားတယ် ။ အခန်း ထဲ မှာ ဆွေ ရယ် ၊ ကိုဝေ ရယ် နှစ်ယောက်တည်း ကျန်ခဲ့တယ် ။ ကိုဝေ က ဆွေ ခုတင်ပေါ်မှာ တင်ပါးလွှဲ ထိုင် ရင်း က ဆွေ့ လက်ဖဝါးကလေး ကို ဆုပ်ကိုင်လာတယ် ။ ကိုဝေ့ လက်ဖဝါးတွေ ထဲက နွေးထွေးမှုဟာ ဆွေ့ လက်ဖဝါးတွေ ကနေ ဆွေ့ တစ်ကိုယ်လုံး အထိ နွေးထွေပျံ့နှံ့သွားတယ် ။ အဲဒါ မေတ္တာတရား ရဲ့ အရှိန်အဟုန်ပဲ ထင်ပါရဲ့ လို့ ဆွေ တွေးမိတယ် ။ ကိုဝေ က ဆွေ့မျက်နှာ ကို ငုံ့ပြီး တိုးတိုးလေး ခေါ် တယ် ။

“ ဆွေ ”

“ ကိုဝေ ”

“ ဆွေ့ အကြောင်း ကို ကိုယ်ကြားတယ် ။ ဆွေ့ ကို ကိုယ် သိပ် သနားတယ်ကွာ ။ ခုလည်း ဒီ အိမ် နဲ့ ဆက်သွယ်ပြီး ဆွေ အားရှိအောင် ကိုယ် ခွင့်ယူပြီး ပြန်လာခဲ့တာ ။ ဘာမှ အားမငယ်နဲ့ နော် ဆွေ ။ ဆွေ့ အနား မှာ ကိုဝေ ရှိတယ် ။ ဆွေ့ ရောဂါ ခဏလေး နဲ့ ပျောက်ရစေမယ် ။ ကိုဝေ တတ်တဲ့ ပညာနဲ့  ၊ ကိုဝေ့ မေတ္တာ အကြင်နာ နဲ့ ဆွေ ဝေဒနာ အမြန်ဆုံး ပျောက်ရမယ် ။ အားမငယ်စမ်းပါနဲ့ ။ စိတ်ဓာတ် မကျစမ်း ပါနဲ့ ဆွေ ရာ ”

ကိုဝေ့ ဆီ က အကြင်နာစကားတွေ ကြား တော့ ဆွေ တစ်ချိန် က မောင့် ကို အားပေးခဲ့ သလိုပါပဲလား လို့ တွေး ပြီး ဝမ်းနည်းမှု နဲ့ မျက်ရည်တွေ စီးကျလာတယ် ။

“ ဘာလို့ ငိုရတာလဲ ဆွေ ရာ ၊ ကိုယ့် ဘဝ ကိုယ် ကိုယ် ဝမ်းနည်းနေတာလား ။ ကိုဝေ ကတော့ ဆွေ့ ကို သနားပေမဲ့ ဝမ်းသာတယ် သိလား ။ ဘာဖြစ်လို့ လဲ ဆိုတော့ ဆွေ သိပါတယ် ။ ဆွေ့ ကို ကိုယ် ငယ်ငယ် ကတည်း က ချစ်ခဲ့တာ ။ ဆွေ ဆယ်တန်း တုန်းက တစ်ခါ ကိုယ် ဆွေ့ ကို ချစ်ရေးဆိုခဲ့ဖူးတယ် ။ ဆွေ ငြင်းခဲ့တယ်နော် ။ ဆွေ ဒုတိယနှစ် မှာ ကိုယ် ကလည်း ကျောင်း ပြီးခါနီးမှာ ကိုယ် တစ်ခါ ဆွေ့ ကို ထပ်ပြီး ကြိုးစားကြည့်တယ် ။ ဆွေ က ခါးခါးသီးသီး ပဲ ။ ငယ်ငယ်တုန်း ကလို သူငယ်ချင်း လို ၊ အစ်ကို လိုပဲ ဆက်ဆံပါတဲ့ ။ ကိုယ် ဆွေ့ ကို စိတ်မပျက်ခဲ့ပါဘူး ။ ဆွေ့ ကို ကိုယ် သိပ်ချစ်တဲ့ အချစ် ဟာ အပေါ်ယံ အရေပြား ပေါ်က အလှအပ ကို ချစ်တဲ့ အချစ် မဟုတ်ပါဘူး ဆွေ ရာ ။ ရင် ထဲ အသည်း ထဲ အထိ ထိုးဖောက် တိုးဝင်ပြီး ချစ်တဲ့ နှစ်နှစ်ကာကာ အချစ်မျိုး ပါ ။ ဒါကြောင့် ကိုယ် ဒီ အထိ လာခဲ့တာပေါ့ ။ ဆွေ နေကောင်းရင် ဆွေ့ကို ကိုယ် လက်ထပ်ချင်တယ် ။ ငြင်းဦးမှာ လား ဆွေ ။ ဆွေ ငြင်းနေဦးမယ် ဆိုရင်တော့ ကိုယ် ဘဘ တို့ ၊ ကြီးကြီး တို့ ကို တိုင်ပြီး အကူအညီ တောင်းရလိမ့်မယ် ထင်တယ်နော် ”

ကိုဝေ့ ကို ဆွေ အံ့ဩတကြီး ငေးကြည့် နေမိတယ် ။

“ ကိုယ့် ကိုယ် စကား ပြောဦးလေ ဆွေ ”

“ ဆွေ ဘာ ပြောရမလဲ ကိုဝေ ရယ် ၊ ဆွေ့ ကို ဒီ စကားတွေ မပြောပါနဲ့ လား ၊ ကိုဝေ့ ဘဝ နဲ့ ဆွေ နဲ့ မထိုက်တန်ပါဘူးကွယ် ”

“ ဟာ ဆွေ ဘယ်လို ပြော လိုက်တာလဲ ။ ကိုဝေ့ ကို တစ်သက်လုံး ဒီ စကားမျိုးမပြောနဲ့ ။ ဆွေ ပြောမယ့် စကားတွေ ကိုဝေ သိတယ် ။ အပေါ်ယံ ဂုဏ်တွေ ။ ပကာသနတွေ ။ ပညာအရည်အချင်းတွေ ကို ဘေးဖယ်ထားစမ်းပါ ဆွေ ။ ကိုယ်တို့ က ငယ်ဘဝ ကတည်း က တစ်ယောက် လက် တစ်ယောက် ဆွဲပြီး ပြေးလွှား ကစားခဲ့ကြတဲ့ သူငယ်ချင်း တွေ ပါ ။ မေတ္တာ ကို မေတ္တာ နဲ့ ပဲ ချိန်ထိုးပါ ဆွေ ။ ကိုယ် ဆွေ့ ကို တစ်သက်လုံး မငြီးမငွေ့ ချစ်သွားမှာ ပါ ”

“ ဪ ... ကိုဝေ ရယ် ”

“ ဆွေ မှတ်မိသေးလား ဟင် ”

“ ဘာကိုလဲ ကိုဝေ ”

“ ကိုယ်တို့ ငယ်ငယ်တုန်း က ကစား ကြတာလေ ။ ရွှေနဲ့ ငွေနဲ့ လဲမလား ရော့ ရွှေ ၊ ရော့ ငွေ ဆိုပြီး ကစားကြတာ ကို သူငယ်ချင်းတွေ က ဖျက်ပြီး ဆွေ နဲ့ ဝေ နဲ့ လဲမလား ၊ လဲမယ် ရော့ ဆွေ ၊ ရော့ ဝေ ဆိုပြီး ၊ တို့ နှစ်ယောက် က တစ်ဖက်စီ မခွဲဘဲ မသွားဘူး ၊ မသွားဘဲ တို့ နှစ်ယောက် အတူတူပဲ နေမယ် ဆိုပြီး တစ်ယောက် လက် တစ်ယောက်
အတင်း ဆွဲ ထားတာလေ ၊ ဆွေ မှတ်မိသေးလား ၊ ကိုယ့် ရင် ထဲ တော့ ခုထိ  စွဲနေတုန်းပဲ ”

ဆွေ နဲ့ ပတ်သက်တာတွေ ကို သိပ် မှတ်မိနေပါလား လို့ ကိုဝေ့ အပေါ် ဆွေ သိပ်လေးစား သွား တယ် ။ ဆွေ ကိုယ်တိုင်လည်း ငယ်ဘဝ ကို မြင်ယောင်ပြီး ကြည်နူးလတ်ဆတ်စွာ ပြုံးလိုက်မိသည် ။ ကိုဝေ က ဆွေ လက်ဖဝါး ကို ကျစ်ကျစ်ဆုပ်ပြီး -

“ အဲဒီလို အမြဲတမ်း ပြုံးနေစမ်းပါ ဆွေရယ် ” တဲ့ ... ။

⎕ သန်းမြင့်အောင်

📖 ဝတ္ထုတို ပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment