❝ ပိုးဖဲထီး ❞
တင်တင် သည် တစ်ယောက် တည်း အိမ်ဝရန်တာ ပက်လက်ကု,လားထိုင် ပေါ်၌ မဂ္ဂဇင်း တစ်ခု ကို ဖတ်၍ နေရင်း သမ်းဝေ၍ လာလေ၏ ။
ကျောင်း က ပြန်၍ လာသောအခါ အိမ်၌ မည်သူ့ကို မျှ မတွေ့ ရသဖြင့် လက်ဆွဲမြက်ခြင်း ထဲ တွင် ပါလာသော မဂ္ဂဇင်း ကိုဖတ်ရင်း အချိန် ကို လွန်စေမည် ဟု အောက်မေ့ကာ တစ်ကိုယ်တည်း စာဖတ်၍ နေခြင်းဖြစ်လေ၏ ။
နာရီကို ကြည့်လိုက်သော အခါ ငါးနာရီခွဲ ဖြစ်နေလေရာ အိမ်သားများ ပြန် မလာ၍ ဘုရား ပေါ် တွင် နေကုန်အောင် ဥပုသ် စောင့်ရန် နေကြမည့် လက္ခဏာ ရှိသည်ကို တွေးတောမိလေသတည်း ။
တင်တင် သည် ထို အိမ်၌ ထမင်းလခ ပေး၍ နေထိုင်သော အင်္ဂလိပ် ကျောင်းဆရာမကလေးဖြစ်လေ၏ ။ ၎င်းသည် အင်္ဂလိပ်နှင့် ကပြားကလေးများ နေသော ကျောင်း၌ မြန်မာစာ ကို သင်ပြရသူ ဖြစ်လေ ရာ ဥပုသ်နေ့ မှာ အားလပ်ခွင့်မရချေ ။
ထိုညနေ ၌ ထိုအိမ်မှာ မိမိ အပြင် အစေခံ မိန်းမကြီး တစ်ယောက် သာ ရှိလေ၏ ။
တင်တင် သည် သမ်းဝေပြီး နောက် မဂ္ဂဇင်း ကို စားပွဲ ပေါ်သို့ ပစ် တင်ကာ ကု,လားထိုင်မှ ထပြီး ရေချိုးခန်း သို့ သွားရောက် ရေမိုးချိုး၍ ဖြီးလိမ်း ပြီးလျှင်
“ ဒေါ်ညို – ကျွန်မ တစ်ယောက်တည်း ရယ် ၊ အပြင်ကို ထွက် လည် ဦးမယ် ။ တခြားကို သွား မနေနဲ့နော် ”
ဟုပြောပြီး ပိုးဖဲထီးကလေး ကို မေ့လျော့ကာ မယူဘဲ အိမ်ပေါ် မှ ဆင်း၍ သွားလေသတည်း ။
ထိုအခါ ကောင်းကင်သည် ကြည်လင်၍ နေသာ သော ညနေအခါ ဖြစ်လေရာ အညောင်းပြေ ၊ အညာပြေ လမ်းလျှောက်ရန် လွန်စွာ ကောင်းသော အခါ ဖြစ်လေ၏ ။
သို့သွားလေရာ ခြောက်နာရီခွဲ လောက်တွင် ရုပ်ရှင်ရုံ ရှေ့သို့ ရောက် ၍ အသွားမှာ မိုးတိမ် ၊ ခဲမင် တည်းဟူသော နို့တစ် ကို မပေးဘဲ ရွာတတ် သော မိုးရူးသည် ဖြုန်းခနဲ ကျ ရွာ၍ လာလေသတည်း ။
ရန်ကုန်မြို့သည် မိုး ရွာသည့်အခါ လန်ချား ရှားသော မြို့ဖြစ်၏ ။ သို့ဖြစ်သောကြောင့် လန်ချား မရသော တင်တင် သည် ရုပ်ရှင်ရုံ တစ်ခု ဘက်သို့ ဝင်ပြေးကာ မိုးခိုရရှာလေ၏ ။
ထို မိုးသည် အဖျားရောဂါ နှင့် တူသော မိုး ဖြစ်၏ ။ အဖျား ၊ အနာ ရောဂါတို့ မည်သည် လျင်မြန်စွာ ပေါ်ပေါက်စွဲကပ်တတ်သော်လည်း လျင်မြန်စွာ စွန့်ခွာ မသွားတတ်ကြချေ ။ ထို့အတူ ၎င်း မိုးသည် အရွာ မြန်သလောက် အရပ် နှေးပြီးလျှင် သည်းသည် ထက် သည်း၍ လာလေ၏ ။
ရုပ်ရှင်ပြတော့မည့် အချိန် နီး၍လာသဖြင့် အချက်ပေး သော ခေါင်းလောင်းသံကို ကြားရ၏ ။ လက်မှတ်ခံသော တံခါးဝ ၌ လည်း လူတွေ တိုးဝှေ့၍ နေကြလေ၏ ။
အကြောင်းမူကား ပြတော့မည့် ရုပ်ရှင်ဇာတ်ကား မှာ နိုင်ငံကျော် မြန်မာရုပ်ရှင် ကုမ္ပဏီကြီး တစ်ခုမှ စီမံရိုက်ထုတ်သော နာမည်ကျော် ဇာတ်ကားကြီး တစ်ခု ဖြစ်လေရာ ထိုနေ့မှာ အင်္ဂါနေ့ဖြစ်သဖြင့် ကြည့်သူ တွေ တိုး၍ ကောင်းတုန်း ဖြစ်သော နေ့တစ်နေ့ ဖြစ်လေသတည်း ။
မကြာမီ ရုံပြင်၌ လူသူ နည်းပါး၍ သွားလေ၏ ။ မိုးကလည်း မစဲ သဖြင့် အပြင်၌ တစ်ကိုယ်တည်း နေရသော တင်တင် မှာ ရှက်ကိုး ရှက်ကန်း ဖြစ်နေလေ၏ ။
ရုပ်ချောသော မိန်းကလေး လည်း ဖြစ်သဖြင့် လမ်းသွားလမ်းလာ တွေက ၎င်းကို စူးစိုက်ကာ ကြည့်နေကြလေ၏ ။ မြေပဲ ၊ ဆီးသီး ၊ ကြံ ၊ ပြောင်းဖူး စသည့် ရောင်းသော ဈေးသည်တို့ ကလည်း ၎င်းကို ကြည့်ကာ ဘယ်သူနဲ့ ချိန်းချက်ပြီး လာ၍ စောင့်ပါသလဲ ဟု တွေးတောသော အသွင်အမူအရာမျိုး ကို ပြကြလေ၏ ။
ထိုအတွင်း သားနားသော ယောက်ျားပျို တစ်ယောက်သည် ပိုးဖဲ ထီး ကို ဆောင်းလျက် ဝင်လာပြီး ဖဲထီး ကို ပြန်၍ ပိတ်ရင်း တင်တင် ကို ကြည့် ကာ တစ်ကျပ်တန်း ကို ဝင်၍သွားသည်ကို မြင်လိုက်ရလေ၏ ။
ထို့နောက် မိုးမှာ ရပ်စဲဦးမည့် လက္ခဏာ မရှိသဖြင့် တင်တင် သည် တစ်ကျပ်တန်းလက်မှတ် ကို ယူပြီး ရုံထဲ သို့ ဝင်သွားလေသတည်း ။
ရုံထဲ ၌ လူတွေ ကျပ်၍ နေလေ၏ ။ များစွာသော သူတို့ ၏ ခြေ များကို နင်း၍ ဝင်သွားရလေရာ ကု,လားထိုင် အလွတ် တစ်ခု ကို ရသဖြင့် ထိုင်လေ၏ ။
ထိုအခါ ရုပ်ရှင်စ၍ ပြနေပြီ ဖြစ်လေရာ ဇာတ်မှာ ကော်မဒီ အပျော်ဇာတ် ဖြစ်သဖြင့် တဟားဟား ရယ်မောသံညံ၍ နေကြလေ၏ ။
ထိုရယ်မောသော အသံတို့ ကို တင်တင် သည် အပြင် မှ ကြားရသော ကြောင့် ရုံထဲ သို့ ဝင်ဖြစ်ခြင်း ဖြစ်လေသည် ။ အကယ်၍ မဝင်ဖြစ်လျှင် တစ်စုံတစ်ရာ မျှ ဖြစ်ဖို့မရှိချေ ။
မိမိ ၏ အနီး၌ ထိုင်နေသူ တစ်ယောက် သည် တဟားဟား ရယ် မော၍ နေလေ၏ ။ ၎င်း ၏ ရယ်မောသံ သည် အခြားသော သူတို့ ၏ ရယ်မောသံ ထက် ပိုမိုထင်ရှားလေ၏ ။ “ ဟယ် အဲ - အဲဒီလိုမှပေါ့ ၊ ဟုတ် လိုက်တာကွယ် ၊ အေ့ဟေ - ဟိ... ဟား ” ဟူ၍ ရယ်မောရုံ မက တစ်ခါ တစ်ခါ သဘောကျပြီး ကြီးမားသော လက်ဝါးကြီးများ နှင့် မိမိ ပေါင် နှစ်ဖက်ကို ရိုက်ကာ အုပ်ကာ တစ်ယောက်တည်း အူလန် ၊ သည်းလန် ခွက်ထိုးခွက်လန် ဖြစ်၍ နေသဖြင့် အခြား လူများ က ၎င်းကို လှည့်ကြည့် ကာ ပြုံးကြလေ၏ ။
ထိုကဲ့သို့ အချက်ကောင်းတိုင်း သဘောတွေ့လျက် မနောခွေ့ကာ တဟီးဟီး ၊ တဟားဟားနှင့် နေရုံမက တင်တင် လက်တင်၍ ထားသော ကု,လားထိုင် ကို ရယ်မောရင်း လက်နှင့် ဆုပ်ကိုင် ဖိညှစ်လေရာ တင်တင် ၏ လက်ပါ အညှစ်ခံရသဖြင့် “ အမယ်လေး ဘယ်နဲ့ အကောင်ကြီး ပါလိမ့် ၊ သူ့ လက်ကလည်း သန်က သန်ပါဘိသနဲ့ ကျိုးတော့မှာပဲ ” ဟု တင်တင် ၏ စိတ်ထဲ၌ အောက်မေ့ကာ မျက်နှာ မဲ့လျက် ၎င်း လူ၏ မျက်နှာ ကို ကြည့်လိုက်သော အခါ အသားဖြူဖြူ ၊ မျက်နှာဝိုင်းဝိုင်း ၊ ရိုးသားသော ကလေး ၏ မျက်နှာလို သန့်ရှင်းလျက် ဘာကိုမျှ သတိမထား သော အဖြစ်ကိုလည်းကောင်း ၊ ထို လူသည် ပိုးဖဲထီး နှင့် ဝင်၍ လာသော သူ ပင်ဖြစ်သည် ကို လည်းကောင်း သိရလေ၏ ။ ထိုအခါ ရန်ကုန်မိုး သည် စဲ၍ နေသဖြင့် ကြမ္မာဆောင် သလို ဖြစ်၍ နေလေ သတည်း ။
မကြာမီ ထပ်၍ တင်တင် ၏ နူးညံ့သော လက် ကို ဖိကိုင်ပြီး တဟီးဟီး ၊ တဟားဟား လုပ်ပြန်လေရာ တင်တင် မှာ သည်းညည်း မခံနိုင်ဘဲ လက် ကို ရုန်းယူရလေ၏ ။
သို့ပင် ရုန်းသော်ငြားလည်း မရ ၊ ရယ်မောသူမှာ သတိရဟန် မရှိ သဖြင့် မိမိ ၏ လွတ်သော လက် တစ်ဖက်နှင့် ထိုသူ ၏ လက်ကို ကိုင် ကာ တွန်းဖယ်ပြီး
“ ရှင် ... ဘယ့်နှယ်ဟာလဲ ”
ဟု ပြောလိုက်လေ၏ ။
ထိုအခါ ၎င်း ယောက်ျားပျို သည် ရှက်ကိုးရှက်ကန်း ဖြစ်လျက် တင်တင် ၏ မျက်နှာကို ကြည့်ပြီး ..
“ မသိလို့ပါ ခင်ဗျာ တစ်ဆိတ် သည်းခံပါ ၊ ဘုရားကို စူးရပါစေရဲ့ မသိရပါဘူး ”
ဟု တောင်းပန်လေ၏ ။
လူအများ သည် ၎င်း ကို လှည့်၍ ကြည့်ကြလေ၏ ။ အချို့က ထိုသူ နှင့်တင်တင် သည် လင်မယား ထင်ပါရဲ့ဟု တွေးတောသော အမူအရာ ဖြင့် တီးတိုးစကား ပြောကြလေ၏ ။
တင်တင် မှာ များစွာ ရှက်ကြောက်လျက် အနေခက်၍ လာလေ၏ ။ ဤလူနှင့် ကု,လားထိုင်ချင်း ယှဉ်၍ ထိုင်မိသည်မှာ များစွာ ခက်၍ နေ၏ ။
အများက မိမိ ကို အရက်မူးသမား တစ်ယောက် နှင့် တွဲ၍ လာသော မိန်းမပေါ့ကလေး တစ်ယောက်လား ဟု တွေးကြမှာ ကို ကြောက်လေ၏ ။ အများလူ တို့ ကလည်း ထို လူကို သာ မဟုတ် တင်တင် ကို လည်း ကြည့် ကြလေ၏ ။
နောက် တစ်အောင့် လောက် ကြာသောအခါ တင်တင် မှာ မခံမရပ် နိုင်ဖြစ်သဖြင့် ထိုင်ရာ မှ ထကာ ဒရောသောပါး ကတိုက်ကရိုက် နှင့် အပြင်သို့ ထွက်လာ ပြီးနောက် ထပ်မံ၍ တဖွဲဖွဲ ရွာသော မိုးထဲ သို့ဝင်ကာ လမ်းကို ဖြတ်ကူး ပြီးလျှင် လမ်း တစ်ဖက် နံဘေးဖြင့် လျှောက်၍ သွားလေ သတည်း ။
အတန်ငယ် ကြာ၍ နောက်ကို ပြန် ကြည့်လိုက်သော အခါ လူ တစ်ယောက် လိုက်၍ လာသည်ကို မြင်ရလေ၏ ။ သေချာစွာ ကြည့်သော အခါ အရယ်သန်သော ရုံထဲ က လူ ဖြစ်သည်ကို သိရသဖြင့် ထိတ်ခနဲ ဖြစ်ကာ ခပ်သုတ်သုတ် သွားလေ၏ ။
ထိုလူ ၏ နောက်၌ လည်း အတန်ကွာ လှမ်းသော နေရာမှ လိုက်၍ လာသော ပေါက်ဖော်ကြီး တစ်ယောက် ကို မြင်ရလေ၏ ။ သို့သော်လည်း ထို ပေါက်ဖော် မှာ မိမိတို့ အရေးနှင့် တစ်စုံတစ်ရာ သက်ဆိုင်သော ပေါက်ဖော် မဟုတ်ဟု တွေးမိလေ၏ ။
တင်တင် သည် တွင်တွင် သွား၏ ။ လိုက်သူ လည်း တွင်တွင်လိုက် ၏ ။ ပေါက်ဖော် လည်း ခပ်လှမ်းလှမ်း မှ ပါ၍လာ၏ ။ “ ဧကန် ဒီ လူ ဟာ အရက် မူးပြီး ငါ့ ကို တန်းတန်းစွဲ လိုက်နေတာပဲ ။ မော်တော်ကားများ တင် ချင်သလား ၊ သို့တည်းမဟုတ် ငါ့ ကို အတင်းဗလက္ကာယ တစ်ခုခု ပြုချင် လို့လား ” ဟု တွေးတောကာ ကြောက်ရွံ့လျက် သွားလေရာ နောက်ဆုံး ၌ လွတ်မည့် လက္ခဏာ မမြင်သဖြင့် ဂေါ်ရာစာသင် တစ်ယောက် အပါး ကပ်ပြီး အကျိုးအကြောင်း ကို အင်္ဂလိပ် လို ပြော၍ ပြလေ၏ ။
ဂေါ်ရာစာသင် က လိုက်သူကို လှမ်း၍ ကြည့်၏ ။ မကြာမီ လိုက် လာသူ လည်း မနီးမဝေး သို့ ရောက်လာသောအခါ ဂေါ်ရာစာသင် က ရယ်မောလျက် “ ခင်ဗျား အထင် မှားလို့ပဲ ” ဟု ပြောခိုက်တွင် လိုက်သူ အပါး သို့ ရောက်၍ လာလေသတည်း ။
ဂေါ်ရာစာသင် က
“ ဟက်လို ... မစ္စတာဘသော် ဒီက ခင်ဗျား သူ့ကို လိုက် နှောင့်ယှက် နေတယ်လို့ ပြောပါကလား ၊ ရုံ ထဲ မှာလည်း နှောင့်ယှက်တယ် တဲ့ ၊ ကျုပ် တော့ မယုံပါဘူး ”
ဟု အင်္ဂလိပ် လို ပြောလေ၏ ။
တင်တင် ကလည်း အဟုတ်တကယ် အနှောင့်အယှက် ပြုကြောင်း ကို အင်္ဂလိပ်လို ရေရေလည်လည် ပြော၍ပြလေ၏ ။ ဘသော် လည်း အင်္ဂလိပ်စကား ကောင်းစွာတတ်သော မိန်းမပျိုတင်တင် ကို ကြည့်ကာ ပြုံးလျက် ...
“ နှောင့်ယှက်တယ် ဆိုရင် လည်း မှန်တာပဲ ၊ ဟုတ်ပါတယ် ”
ဟု ပြောရလေ၏ ။
ထိုအခါ ဂေါ်ရာစာသင် က ...
“ ဒီလိုဖြင့် ကျွန်တော် အင်မတန် ဝမ်းနည်းတယ် ၊ ခင်ဗျား ပုလိပ် မင်းကြီးရုံး မှာ စာရေးအကြီးဆုံး တော့ မှန်ပါတယ် ၊ သို့သော်လည်း ဒီလိုလုပ်ရင် ဒီ မိန်းကလေး ကို ကာကွယ်စောင့်ရှောက်ရလိမ့်မယ် ၊ ခင်ဗျား မူး လာသလား ငြိမ်ငြိမ်သက်သက် ကောင်းကောင်းမွန်မွန် သွားပါ ၊ ခင်ဗျား အင်စပိတ်တော် အဖြစ် နဲ့ နယ် ကို ထွက်ရခါနီးပြီ ကျုပ် သိတယ် ၊ နာမည်ပျက် သွားမှာ ကျုပ် စိုးရိမ်တယ် ၊ ကျုပ် ခင်ဗျား ကို ဘာမှ မလုပ် ချင်ဘူး ”
ဟု ပြောလေ၏ ။
ထိုအခိုက် တရုတ်ကြီး သည် ဘသော် ၏ အပါး ရောက်လာပြီး ... “ စာရေးကြီး - ခင်ဗျား တယ် နောက်တာကိုးဗျာ့ ၊ ကျုပ် ထီး ကို ပေး ပါ ၊ သွားစရာ ရှိလို့ပါ ၊ စာရေးကြီး ကို ကျုပ် သိလို့ ဘာမှ မပြောဘူး လိုက် လာတယ် ”
ဟု ပြောလေ၏ ။
“ ကျုပ် လည်း ပေါက်ဖော် ကို သိလို့ တမင် ဆွဲ လာတာပဲ ၊ ကျု ပ်ထီး ကို သူ ယူသွားလို့ ကျုပ် လည်း ခင်ဗျား ထီး ဆွဲပြီး လိုက်လာတာပါ ”
ဟု ပြောကာ တင်တင် ဆောင်း ထားသော ပိုးဖဲထီးကို လက် နှင့် ရယ် မောလျက် ပြလေ၏ ။
ထိုအခါမှ တင်တင် သည် သတိရပြီး ရှက်ကိုးရှက်ကန်း ဖြစ်ကာ မျက်နှာ မှာ နီးမြန်း၍ လာလေ၏ ။ တင်တင် သည် မိမိ ၌ ပိုးဖဲထီး မပါ ၊ အိမ် ၌ မေ့ကျန်ခဲ့သည်ကို သတိမရ ၊ ရုံထဲ မှ ရှက်ကိုးရှက်ကန်း ထွက်၍ အလာ မှာ စာရေးကြီး မောင်ဘသော် ၏ ထီး ကို မိမိ ထီး မှတ်ထင်ပြီး ဆွဲ ကိုင်၍ ထွက်လာခဲ့မိကြောင်း ကို ယခု မှ သတိရလေ၏ ။
ဘသော် ။ ။ “ ရုံ ထဲမှာ အနှောင့်အယှက် ပြုမိတာကတော့ မသိလို့ပါ ၊ တမင်မဟုတ်ပါဘူး ၊ ကလပ် က ဆင်းလာစ ဖြစ်တော့ နည်း နည်းကလေးလည်း ... အခု လိုက်လာတာ ကတော့ ကျုပ် ထီး ကို ပြန် တောင်းရင် မင်း ထီး မပါဘဲ မိုးရွာကြီး ထဲ သွားရမှာ စိုးသည့်အတွက် မင်း အိမ် ကို ရောက်မှ ထီး ကို ပြန်ယူမယ်လို့ လိုက်လာတာပါ ၊ တမင် နှောင့်ယှက်တာ မဟုတ်ပါဘူး ၊ စိတ်မဆိုးပါနဲ့ ”
ဟု ပြောလေ၏ ။
“ ရော့ - ရှင့်ထီး ၊ ကျွန်မ လည်း မှားပြီး ယူလာပါတယ် ၊ ကျွန်မ ထီး ထင်လို့ပါ ”
“ နေပါစေဦးလေ ၊ မိုး လည်း မစဲသေးပါဘူး ၊ ဆောင်းသာ ဆောင်း ပါ ၊ မိုး ကလည်း သည်း လာ ပြန်ပြီ ၊ လန်ချားလည်း တစ်စင်း မှ ပေါ်မလာ ဘူး ”
“ ကိစ္စ မရှိဘူး ၊ ကျွန်မ ဟိုတိုက် တစ်ခု မှာ ဝင်ပြီး စောင့်နိုင်ပါတယ် ၊ ရှင့် ထီး ကို ရှင် ပြန်ယူ ”
ဟု ပြောကာ ပေးလေ၏ ။
“ ကိစ္စ မရှိဘူး ကျုပ် လိုက်ပြီး ထီး မိုးပေးမယ် ၊ ကျုပ်နှောင့်ယှက်လို့ မင်း ရုပ်ရှင်ရုံထဲ က ထွက်လာရတယ် ၊ ကျုပ် ကို စိတ်မဆိုးဘူး ဆိုတာ စိတ် မချ သမျှ မင်း မှာလည်း မိုးစို မခံဘူးဆိုတာ စိတ်ချရမှ လွှတ်မယ်... ”
ဟု ပြောပြီး မိုးရေ ထဲ၌ အတင်း ထွက်သွားသော တင်တင် ကို အတင်း ထီးမိုးရင်း လိုက်လေရာ တင်တင် သည် ရှက်သော်လည်း လမ်း ၌ ငြင်းခုံကာ ခုခံ၍နေချေက လူအများ က ရန်ကုန်မြို့ လမ်းမကြီး မှာ လင်မယား လာပြီး ရန်ဖြစ်နေသည် ဟု ပြောကြလိမ့်မည် ၊ ငြိမ်ငြိမ်သက်သက် သွားရင် ဘယ်သူမှ ကဲ့ရဲ့မှာ မဟုတ် ၊ မောင်နှမ လို့လည်း ထင်နိုင် သည် ၊ သူငယ်ချင်း လို့ လည်း ထင်နိုင်တာပဲ ၊ သူလည်း ဂုဏ်အသရေရှိ လူကောင်း တစ်ယောက်မို့ လင်မယား ထင်ထင် ဘာဖြစ်သလဲလေ ... ဟု စိတ် ၌ အောက်မေ့ပြီး ငြိမ်သက်စွာ အမိုးခံ၍ သွားရင်း ကွန်တီနင်တယ် မုန့်ဆိုင်ကြီး သို့ ရောက်ကြလေရာ ဘသော် က …
“ ကိုင်း ... မိုး လည်း အေးတယ် ၊ ကာဖီပူပူကလေး သောက်ပါလား ၊ လာသာ လာပါ ကိစ္စ မရှိပါဘူး ၊ ကျုပ် ရာဇဝတ် ဘက်ကပါ ၊ မတရားတာ ကို မလုပ်ပါဘူး ၊ ရာဇဝတ်မှုများ ကို ကြောက်တတ်တဲ့ လူမျိုးပါ ”
ဟု အတင်း ခေါ်လေရာ တင်တင် သည် ၎င်း၏ ရိုးသားသော မျက်နှာ ကို ကြည့်ပြီး “ ဒီ လူ ဟာ ဇွတ်သမား ထင်ပါရဲ့ ၊ ရိုးလည်း ရိုးဟန်ပါ ပဲ ၊ ဒီတိုက်ကြီး ထဲမှာ ငါ့ ကို သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး ၊ ငါ လည်း ခပ်ဆာဆာပဲ ” ဟု တွေးပြီး ငြင်းဆန်နေလျှင် လူတွေ မြင်မှာ စိုးသဖြင့် လိုက်ပါ၍ သွားရလေ၏ ။
မကြာမီ ဆိုင်ကြီး ၌ စားပွဲတစ်ခု တွင် ထိုင်ကာ .. အမျိုးမျိုးစား သောက်၍ နေကြလေ၏ ။
“ သောက်သာ သောက်ပါ မရှက်ပါနဲ့ ၊ မောင်နှမ လိုပေါ့ ၊ ဂုဏ်သရေ ရှိတဲ့ နေရာပါ ၊ ရှက်စရာ မဟုတ်ပါဘူး ”
တင်တင် သည် လက်ဖက်ရည် ကို ဖျော်ပြီး လက်ဖက်ရည်ခွက် ထဲ တွင် စိုက်လျက်ရှိသော ဇွန်း ကို ဖယ်၍ မချဘဲ ရှက်ကိုးရှက်ကန်း နှင့် သောက်လေ၏ ။ သောက်ရင်း ဇွန်း ကို မြင်ကာ မိမိ ၏ မှားယွင်းခြင်း ကို သတိရပြီး တိုး၍ ရှက်သောကြောင့် လက်ဖက်ရည် ပန်းကန် သည် လက် မှ လွတ်၍ ကျလေ၏ ။ စားပွဲခင်း ပေ၍ သွားလေ၏ ။ ပန်းကန် သည် အောက်သို့ လိမ့်ကျပြီး ကွဲလေ၏ ။ တင်တင် သည် ထိတ်လန့်ကာ လေ၏ ။
“ ကိစ္စမရှိပါဘူး ၊ မထပါနဲ့ ၊ ဘယ်ကို ပြေးမလို့လဲ... ”
ဟု ပြောကာ တင်တင် ၏ အင်္ကျီလက် ကို ဆွဲကိုင်၍ ထားလေ၏ ။
ထိုအခိုက် ဘွိုင်ကု,လား ရောက်လာရာ ဘသော် က လက်ဖက်ရည် အသစ် ပြင်ပေးရန် ၊ စားပွဲအသစ် သို့ ပြောင်းပေးရန် ပြောလေ၏ ။ မကြာ မီ အခြား စားပွဲ တစ်ခု သို့ ရောက်ကြလေ၏ ။ ထိုနေရာမှာ အခန်း ဖြစ်လေ၏ ။ တင်တင် မှာ အနည်းငယ် တိုး၍ ရဲလာသဖြင့် အချေအတင် ပြော ဖော်ရလေ၏ ။
“ ကျွန်မ ကို ရှင် ခိုးတတ်တဲ့ မိန်းမကလေး လို့ တွေးပြီး ဖမ်းဖို့ လိုက် လာတာ မဟုတ်ဘူးလား ”
“ ဟုတ်တယ် ၊ ပထမတော့ ဒီလိုပဲ ထင်မိတာပဲ ၊ မင်းမျက်နှာ ကို မြင် တော့ ဒီ အထင် ဟာ ‘ ပိန်းကြာဖက် ပေါ်က ရေပမာ ’ လိမ့်လျှောပြီး ကျ သွားတာပဲ ၊ ဒီ အထင်ဟာ ရေပါ ၊ မင်းမျက်နှာ က ပိန်းကြာဖက် ပါ ”
“ ပိန်း ပဲ တော်ပါပြီ ၊ ကျွန်မ ဟာ ပိန်း လည်း ပိန်း ပါတယ် ၊ ကြာ အဆင့်အတန်း ကိုတော့ မရောက်ပါဘူး ၊ ဘာဖြစ်လို့ ရှင့် အထင် ပြောင်းလဲ သလဲ ”
“ ပုလိပ်အရာရှိ လုပ်မယ့် လူပါ ၊ ‘ အပွေးမြင် အပင်သိ ’ ဆိုတာလို နည်းနည်းတော့ သိတတ်ပါတယ် ၊ ဒါထက် မင်း က ဘယ်ကလဲ ၊ ဘာ လုပ်သလဲ ”
တင်တင် သည် အလုပ်အကိုင် ဇာတိ ကိုပြော၍ ပြလေရာ ဘသော် သည် မိမိ ၏ ပေါင် ကို လက်ဝါး နှင့် ရိုက်ပြီး ...
“ ဪ … မော်လမြိုင် က ကိုး ၊ ကျုပ် လည်း မော်လမြိုင် ကပဲ ၊ အရင် တစ်နှစ် က အနိစ္စ ရောက်တဲ့ ဒေါ်ကြီးကြီး ရဲ့တူမ ဖြင့် မင်း တင်တင် ပေါ့ ကွဲ့ ၊ ငါ့ ကို မင်း မမှတ်မိဘူးလား ၊ ကြွက်စုတ် လေ ၊ မရမ်းကုန်းတောင်ခြေ က ကျောင်းမှာ မင်း ဂါဝန်ကလေး နဲ့ နေတုန်းက ညနေကျ ငါ လာလာ ပြီး တောင်စောင်း မှာ ဆီးဖြူသီးတွေ ခူးပြီး မဆလာ နဲ့ စားတာ မမှတ်မိ ဘူးလား ”
“ ဪ - ဟုတ်လား ၊ အခုတော့ ကြွက်စုတ် နဲ့ မတူပါလား ၊ ချောလို့ပဲ ၊ ကျွန်မ နည်းနည်းမှ မမှတ်မိဘူး ”
“ တင်တင် ကတော့ သိပ်လှနေတာပဲ ၊ ငါ လည်း လုံးလုံးကြီး မင်း မှန်း မသိဘူး ”
ဟု ပြောကာ စားပွဲ ပေါ် ၌ တင်ထားသော တင်တင် ၏ လက်ကို မိမိ ၏ သန်မာသော လက် နှင့် ထပ်ကာ အုပ်ကိုင် လိုက်လေ၏ ။
နောက် တစ်လ လောက် ကြာ၍ ကွန်တီနင်တယ် သို့ ပြန်လာကြ သောအခါ အသိမိတ်ဆွေ များစွာ တို့ ရောက်ကြလျက် အတီးအမှုတ် ၊ အကျွေးအမွေး ၊ အကမ်းအလှမ်းတွေ နှင့် ဖြစ်၍နေလေ သတည်း ။
( ၂၆ - ၁ဝ - ၃ဝ )
▢ ပီ - မိုးနင်း
📖 ဝတ္ထုပဒေသာ အမှတ် - ၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment