❝ စုန်းမကြီး နှင့် မင်းသမီးကလေး ❞
ရှေးသရောအခါ တိုင်းပြည့် အရှင် ဘုရင်ကြီး တစ်ပါး ၌ အလွန် ချောမောလှပသော သမီးတော်ကလေး တစ်ပါး ရှိ၏ ။ ထို မင်းသမီးကလေး အရွယ် သို့ ရောက် လျှင် ရောက်ချင်း စုန်းမကြီး တစ်ဦး လာရောက်၍ အရပ်တစ်ပါး သို့ ခိုးဝှက် ယူဆောင် သွားလေ၏ ။
မင်းသမီးကလေး သည် စုန်းမကြီး ၏ တဲကလေး တွင် စုန်းမကြီး နှင့် အတူ နေထိုင်ရ၏ ။ ထို တဲကလေး ၏ အနီးတွင် အလွန် ထူးဆန်းအံ့ဩဖွယ် ကောင်းသော တောအုပ် တစ်အုပ် ရှိ၏ ။ မင်းသမီးကလေး သည် ထို တောအုပ် အတွင်း သို့ ဝင်ရောက် လည်ပတ်လိုလှ သော်လည်း စုန်းမကြီး က မည်သည့် အခါက မျှ ခွင့် မပြုချေ ။
မင်းသမီးကလေး သည် စုန်းမကြီး နှင့် အတူတကွ နေထိုင်ရင်းပင် တစ်ဆယ့်ခြောက်နှစ် အရွယ် သို့ ရောက်လတ်၍ မိမိ ခမည်းတော် နှင့် တိုင်းပြည် ကို အလွန့်အလွန် လွမ်းဆွတ် အောက်မေ့ခြင်း ဖြစ်၏ ။ ထို့ကြောင့် မင်းသမီးကလေး သည် စုန်းမကြီး အား မိမိ တိုင်းပြည် သို့ ပြန်လည် ပို့ပေးပါရန် သနားဖွယ်ရာ တောင်းပန်ရှာလေ၏ ။
ထိုအခါ စုန်းမကြီး က “ သင် ရဲစွမ်း သတ္တိ ရှိလျှင် ကျွန်ုပ် ၏ တဲ အနီး မှ သင် လည်ပတ်လို သော တောအုပ် အတွင်းသို့ ဝင်၍ တစ်ညလုံး အိပ်စက်ရမည် ။ ထိုသို့ အိပ်စက်၍ အိပ်ပျော်သည့် အခါတွင် သင့် ၌ အိပ်မက် မြင်မက် လိမ့်မည် ။ ထို အိပ်မက် ကို ကျွန်ုပ် အားပြောကြားရန် ကတိပြုပါ ။ အိပ်မက် ကို ကျွန်ုပ် နားထောင်ပြီး က သင့် အား သင်၏ တိုင်းပြည် သို့ ပြန် လွှတ်သင့်က လွှတ်ပါ မည် ” ဟုပြော၍ မင်းသမီးကလေး ထံ က ကတိ တောင်းခံလေ၏ ။
မင်းသမီးကလေး လည်း စုန်းမကြီး တောင်းသည့် အတိုင်း ကတိ ပေးပြီးလျှင် ထိုနေ့ ည တွင် ထူးဆန်းသည့် တောအုပ် အတွင်း၌ အိပ်စက်ရန် တစ်ပါတည်း တောအုပ် အတွင်း သို့ ဝင်ရောက် သွားလေ၏ ။
တောအုပ်ကြီး အတွင်းရှိ တစ်ခုသော နေရာသည် ရှင်းလင်းသန့်ပြန့်လျက် အိပ်ချင် စဖွယ် ကောင်းလှလေ၏ ။ ထိုနေရာ မှာပင် မင်းသမီးကလေး သည် အိပ်စက်ရန် လဲလျောင်း သောအခါ ပတ်ပတ်လည် တွင် ပန်းပွင့် ဖြူဖြူကလေးများ သည် တွဲလောင်းခို၍ လှပစွာ ပွင့်လန်း နေကြသည် ။ ၎င်း ပန်းပွင့်များ သည် ငွေလရောင် တွင် ငွေကြယ်ကလေးများ ကဲ့သို့ မျက်တောင် တဖျတ်ဖျတ် ခတ်၍ တောက်ပလျက် ရှိကြ၏ ။
ထိုအခါ မင်းသမီးကလေး ၏ စိတ် တွင် “ ဤ ပန်းပွင့်ကလေးများ သည် မိုးကောင်းကင် မှ ကြယ်ပွင့်ကလေးများ ကြွေကျ သကဲ့သို့ ကြွေကျလာကြမူကား ကောင်းလေစွ ။ သူတို့ အားလုံး သည် လှပသည် နှင့်အမျှ နူးညံ့ကြလွန်းသည် ဖြစ်၍ ကျွန်ုပ် ၏ ကိုယ် ပေါ်သို့ ကြွေကျသော် ကျွန်ုပ် မှာ မည်မျှ ပျော်စရာ ကောင်းမည်နည်း ”
ထိုခဏမှာပင် ပန်းပွင့် တို့သည် တဖွဲဖွဲ ကြွေ၍ မင်းသမီးကလေး ၏ ကိုယ် ပေါ် သို့ ရွရွ ရွရွ နှင့် ကျလာကြလေ၏ ။ မင်းသမီးကလေး သည် ကြွေကျလာသော ပန်းပွင့်ကလေးများ ကို အဖော် ပြု၍ ကြည်နူး ဝမ်းမြောက်ရွှင်လန်းခြင်း ဖြစ်လျက် ၎င်းတို့အား စုရုံးကောက်ယူ သိမ်းဆည်း ပြီး ခေါင်းအုံး ပြုကာ အိပ်စက် လေသော် အိပ်မောကျခြင်း သို့ ရောက်လေ၏ ။
အိပ်ပျော်၍ မကြာမြင့်မီ ၌ပင် ပန်းနွယ် အချို့သည် မင်းသမီးကလေး အား တဖြည်းဖြည်း မ၍မ၍ အထက် သို့ ယူဆောင်ကြ ပြီးလျှင် ကျန်ကြကုန်သော အချို့ပန်းနွယ်တို့ သည် အစိမ်းရောင် တောက်သောလက်တံရှည်ကြီးများ ဖြင့် မင်းသမီးကလေး အား ခြံရံ ဝိုင်းပတ်လျက် က ကြလေ၏ ။
ထိုသို့ ကကြ ပြီးလျှင် ထို အစိမ်းရောင်လက်တံရှည်ကြီးများ အနက် အလှဆုံး ဖြစ် သော လက်တံရှည်ကြီး နှစ်ချောင်း တို့သည် ဓားရှည်ကြီးများဖြင့် ပန်းပွင့်ကလေးများ ကို လှီးဖြတ် ပြီးသော် ထိုအရွက်တို့ ဖြင့် ပြုလုပ်ထားသည့် သရဖူ တစ်ခု ကို မင်းသမီးကလေး ၏ ဦးခေါင်း ပေါ် သို့ ညင်သာစွာ အုပ်ဆောင်း ပေးကြ၏ ။
နောက်တစ်နေ့ နံနက်တွင် မင်းသမီးကလေး လည်း အိပ်ပျော်ရာ မှ နိုးလတ်၍ တောအုပ် အတွင်းမှ အလျင်အမြန် ထွက်ခွာလာခဲ့ကာ မိမိ အိပ်မက် တွင် သရဖူ ဆောင်းရသည့် အကြောင်း ကို စုန်းမကြီး အား အကုန်အစင် ပြောပြလေ၏ ။
ထိုအခါ မင်းသမီးကလေး ၏ အိပ်မက်အကြောင်း ကို စုန်းမကြီးလည်း သေချာစွာ နားထောင်၍ “ သင် မက်သော အိပ်မက် သည် ထိုမျှလောက်သာ ဖြစ်၍ နောက် တစ်နှစ် ဆိုင်းငံ့ဦး လော့ ” ဟုပြောဆိုပြီးလျှင် မင်းသမီးကလေး အား သူ့ တိုင်းပြည် သို့ ပြန်ခွင့် မပြုချေ ။
နောက်တစ်နှစ် စေ့၍ ရောက်ပြန်သောအခါ မင်းသမီးကလေး သည် ရှေးနည်းတူပင် တိုင်းပြည် သို့ ပြန်ခွင့်ပြုရန် စုန်းမကြီး အား သနားဖွယ်ရာ တောင်းပန်ရှာပြန်၏ ။
ထိုအခါ စုန်းမကြီး က “ သင် ရဲစွမ်းသတ္တိ ရှိလျှင် ကျွန်ုပ် ၏ တဲ အနီး မှ သင် လည်ပတ်လို သော တောအုပ် အတွင်း သို့ ဝင်၍ တစ်ညလုံး အိပ်စက်ရမည် ၊ ထိုသို့ အိပ်စက်၍ အိပ်ပျော်သည့် အခါတွင် သင့် ၌ အိပ်မက် မြင်မက်လိမ့်မည် ၊ ထို အိပ်မက် ကို ကျွန်ုပ် အား ပြောကြားရန် ကတိပြု ပါ ၊ အိပ်မက် ကို နားထောင်ပြီး က သင့် အား သင် ၏ တိုင်းပြည် သို့ ပြန်လွတ်သင့် က လွတ်ပါမည် ” ဟု ရှေးနည်းတူ ပြော၍ မင်းသမီးကလေး ထံ မှ ကတိ တောင်းခံပြန်လေ၏ ။
မင်းသမီးကလေး ကလည်း စုန်းမကြီး တောင်းသည့် အတိုင်း ကတိ ပေးပြီးလျှင် ထိုနေ့ ညတွင် ထူးဆန်းသော တောအုပ် အတွင်း၌ အိပ်စက်ရန် တစ်ပါတည်း တောအုပ် အတွင်းသို့ ဝင်ရောက် သွားလေ၏ ။
ယခင်အတိုင်း အလွန် သန့်ပြန့်၍ အိပ်ချင်စဖွယ် ကောင်းလှသည့် နေရာ တစ်နေရာ ကို မင်းသမီးကလေး တွေ့ ပြန်၍ အိပ်စက်ရန် လဲလျောင်း၏ ။ သူ ၏ ပတ်ပတ်လည် တွင် ပန်းပွင့်ဝါဝါကလေးများ မှာ တွဲလောင်း ခိုလျက် ရှိကြပြီးလျှင် ရွှေ ဖြင့် အတိ ပြီးသော လက်စွပ်ကလေးများ ကဲ့သို့ လှပလှလေ၏ ။
ထိုအခါ မင်းသမီးကလေး ၏ စိတ် တွင် “ ထို ပန်းပွင့်ကလေးများ သည် မိုးပေါ် မှ ကြွေကျ သော ကြယ်ပွင့်ကလေးများ ကဲ့သို့ ကြွေကျလာဘိမူကား ကောင်းလေစွ ” ဟု တွေးတော အောက်မေ့ကြည်နူးခြင်း ဖြစ်၏ ။
ထိုခဏမှာပင် ပန်းပွင့်ကလေးများ သည် မင်းသမီးကလေး တောင့်တသည့် အတိုင်း ကြွေကျလာကြ၏ ။ မင်းသမီးကလေး သည် ကြွေပွင့်ကလေးများ အား စုရုံး ခေါင်းအုံး လုပ်လျက် အိပ်စက်လေသော် အိပ်မောကျခြင်းသို့ ရောက်လေ၏ ။
အိပ်ပျော် ၍ မကြာမီမှာပင် အချို့သော ပန်းနွယ် တို့သည် မင်းသမီးကလေး အား တဖြည်းဖြည်း မ၍ မ၍ အထက်သို့ ယူဆောင်ကြ ပြီးလျှင် အလွန်တရာ မွှေးကြိုင်ထုံသင်း လှသော ရနံ့ချိုများ ဖြင့် လှုပ်ရမ်း ယပ်ခပ် လျက် နေကြလေ၏ ။ ထို့နောက် ပန်းနွယ်လက်တံရှည်ကြီး တစ်ခု သည် အလှဆုံးသော အပွင့်တစ်ပွင့် ကို ဓားဖြင့် လှီးဖြတ် ၍ မင်းသမီးကလေး ၏ လက် သို့ လက်စွပ် ဝတ် ပေးလေ၏ ။
နောက်တစ်နေ့ နံနက်တွင် အိပ်ရာမှာ နိုးလတ်သော် မင်းသမီးကလေး သည် တောအုပ် အပြင် သို့ ထွက်ခဲ့ ပြီးလျှင် မိမိ အိပ်မက် ထဲ၌ လက်စွပ် ဝတ်ဆင်ခဲ့ရသည့် အကြောင်း ကို စုန်းမကြီး အား ပြောပြလေ၏ ။
ထိုအခါ စုန်းမကြီး သည် မင်းသမီးကလေး ၏ အိပ်မက်အကြောင်း ကို သေချာစွာနား ထောင်၍ “ သင့် အိပ်မက်သည် ထိုမျှလောက်သာ ဖြစ်လျှင် နောက် တစ်နှစ် ဆိုင်းငံ့ဦးလော့ ” ဟု ပြောဆိုပြီး မင်းသမီးကလေး အား တိုင်းပြည် သို့ ပြန်ခွင့် မပြုချေ ။
နောက် တစ်နှစ် စေ့ရောက် ပြန်သော အခါ မင်းသမီးကလေး သည် ရှေးနည်းတူပင် တိုင်းပြည် သို့ ပြန်ခွင့်ပြုရန် စုန်းမကြီး အား သနားဖွယ်ရာ တောင်းပန်ရှာပြန်သည် ။
ထိုအခါ စုန်းမကြီး က “ သင် ရဲစွမ်းသတ္တိ ရှိလျှင် ကျွန်ုပ် ၏ တဲ အနီး မှ သင် လည်ပတ်လို သော တောအုပ် အတွင်းသို့ ဝင်၍ တစ်ညလုံး အိပ်စက်ရမည် ၊ ထိုသို့ အိပ်စက်၍ ပျော်သည့် အခါ တွင် သင့် ၌ အိပ်မက် မြင်မက် လိမ့်မည် ။ ထို အိပ်မက် ကို ကျွန်ုပ် အား ပြောကြားရန် ကတိပြုပါ ၊ အိပ်မက် ကို နားထောင်ပြီး က သင့် အား သင် ၏ တိုင်းပြည်သို့ ပြန်လွှတ်သင့် က လွှတ်ပါမည် ” ဟု ရှေးနည်းတူ ပြော၍ မင်းသမီးကလေး ထံမှ ကတိ တောင်းခံပြန်၏ ။
မင်းသမီးကလေး လည်း စုန်းမကြီး တောင်းဆိုသည့် အတိုင်း ကတိ ပေးပြီး လျှင် ထိုနေ့ ည တွင် ထူးဆန်းသော တောအုပ် အတွင်း၌ အိပ်စက်ရန် တစ်ပါး တည်း တောအုပ် အတွင်းသို့ဝင် ရောက် သွားလေ၏ ။
သန့်ရှင်း၍ အိပ်ချင်စဖွယ် ကောင်းသော နေရာ တွင် အိပ်စက်ရန် လဲလျောင်းသည့် အခါ မင်းသမီးကလေး ၏ ပတ်ပတ်လည် တွင် ပန်းပြာပြာများ သည် လှပစွာ ပွင့်လန်းလျက် မိုးတိမ်အပြာများ ကို ကောင်းကင်ယံ တွင် ချိတ်ဆွဲထား သကဲ့သို့ တိုးလိုးတွဲလောင်း နှင့် လေပြေ လေညင်း တိုက်ခတ်ရာ ၌ ယိမ်းသမားများ ပမာ ညီညာစွာ ကနေကြလေ၏ ။
မင်းသမီးကလေး သည် ထို ပန်းပြာပြာကလေးများ ကို ကြည့်ရင်း ကြည့်ရင်း ပင် မိုး ကောင်းကင်ပြာကြီး သည် မိမိ ကိုယ် ပေါ် သို့ ပြိုကျတော့မည် ဟု ထင်မှတ် မိလေ၏ ။ ထို့နောက် မင်းသမီးကလေး သည် ပန်းပြာပြာကလေး အား “ သင်တို့ သည် ကမ္ဘာ ပေါ် တွင် အလှဆုံးသော ပန်းပွင့်များပေတကား ” ဟု ချီးကျူး ပြောဆို၍ အိပ်မောကျခြင်း သို့ ရောက်လေ၏ ။
အိပ်မောကျ၍ မကြာမီ ပန်းပွင့်ပြာပြာကလေးများသည် ဟိုမှ သည်မှ ယိမ်းထိုးလှုပ် ရှားလျက် အားလုံး ခေါင်းချင်းဆိုင် ၍ ပွတ်သပ်လေရာ မင်္ဂလာဘိသိက် အခမ်းအနား တွင် သီ မှုတ်သော ခရုသင်း ၏ မြည်ခြင်း ကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှသည့် အသံများ ဖြစ်ပေါ် နေလေ၏ ။
ထို့နောက် ပန်းပွင့် ပြာပြာကလေးများ သည် မင်းသမီးကလေး ၏ အနီး သို့ တိုးကပ်လာ ၍ “ ကျွန်ုပ်တို့ သည် သင် ၏ ကောင်းမြတ်သော မင်္ဂလာ ဘိသိက်ပွဲတော် အတွက် သီမှုတ်သော ခရုသင်း ၏ အသံများဖြင့် သင့်အား ဖြေဖျော်နိုင်ပါ၏ ” ဟု ထပ်ကာထပ်ကာ တီးတိုး ပြောကြားကြ လေ၏ ။
နောက်တစ်နေ့ နံနက် တွင် မင်းသမီးကလေး သည် အိပ်ပျော် နေရာမှ နိုးလတ်၍ တောအုပ် အတွင်း မှ အလျင်အမြန် ထွက်ခွာခဲ့ကာ မိမိ ၏ အိပ်မက် မက်သော အကြောင်း ကို စုန်းမကြီး အား အစုံအလင် ပြောကြားလေ၏ ။
စုန်းမကြီး လည်း အိပ်မက် ကို သေချာစွာ နားထောင် ပြီးလျှင် မင်းသမီးကလေး အား “ သင်တို့ တိုင်းပြည် ရှိရာသို့ အမြန်ဆုံး ရောက်အောင် ပြန်လော့ ” ဟု ဆို၍ မင်းသမီးကလေး အား ပြန်ခွင့် ပြုလေ၏ ။
မင်းသမီးကလေး တိုင်းပြည် သို့ ပြန် ရောက်လျှင် မိမိ အား စောင့်မျှော် နေသော ခန့် ညားချောမောလှသည့် မင်းသားကလေး တစ်ပါး အား အဆင်သင့် တွေ့ ရလေ၏ ။
ထို မင်းသားကလေး သည် ငွေကြယ်ပွင့်များဖြင့် မွမ်းမံ ဆင်ယင်ထားသော သရဖူ တစ်ခု ကို မင်းသမီးကလေး ၏ ဦးခေါင်း ပေါ်သို့ ဆောင်း ပေး၏ ။
ထိုသို့ ဆောင်း ပြီးလျှင် မင်းသမီး လက်ကလေး ကို ဆွဲ၍ ရွှေလက်စွပ် တစ်ကွင်း ကို ညင်သာစွာ ဝတ်ဆင် ပေး၏ ။
ထို့နောက် မင်းသားကလေး သည် အသင့် ပြင်ထားသော မင်္ဂလာပွဲ သို့ မင်းသမီးကလေး အား ခေါ်ဆောင် သွား၍ ပုဏ္ဏားဖြူ ၊ ပုဏ္ဏားညို တို့အား မင်္ဂလာ ရှိသော ခရုသင်းများ ကို တစ်ပြိုင်တည်း တီးမှုတ်စေ၏ ။
ခရုသင်းတို့ ၏ မြည်သံ သည် မင်းသမီးကလေး အိပ်မက် ထဲမှ ပန်းပွင့်ပြာပြာကလေး များ ခေါင်းချင်းဆိုင် ပွတ်သပ်၍ မြည်သော ခရုသင်း မြည်သံ တို့နှင့် ထပ်တူထပ်မျှ တူလှလေ၏ ။
မင်္ဂလာပွဲ ပြီးဆုံးသော အခါ မင်းသားကလေး နှင့် မင်းသမီးကလေး တို့ အား မင်းသမီးကလေး ၏ ခမည်းတော် ဘုရင်ကြီး သည် မိမိ ၏ ထီးနန်း အား ပေးအပ်လေ၏ ။
⎕ ကိုကြီးမြင့်သိန်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment