Wednesday, September 25, 2024

မိုး ငို နေ သ လား


 

❝ မိုး ငို နေ သ လား ❞
━━━━━━━━━━━━
      ရှင်ညိမ်းမယ်
━━━━━━━━━━━━
ငါ နေမကောင်းခင် မျက်ရည်များကို ခေါင်းငုံ့ ခံယူနေသော တောင်တန်းကြီးများ သူ မကြည့်လိုပါ ။ တောင်တန်းတွေသည် တစ်ခါ တစ်ရံ စိတ်ဓာတ်ခွန်အားကိုပေး၍ တစ်ခါတစ်ရံ ဖြစ်လိုရာဖြစ်စေတော့ဟု ခေါင်းငုံ့ခံ နေတတ် သော စိတ်မျိုးကို ပေးသည် ။

အနောက်ဘက်ဆီသို့ လှမ်းမျှော်ကြည့်သည် ။ စိမ်းစိမ်းညို့သော တောင်တန်းကြီးများ တံတိုင်းကြီး တစ်ခုပမာ တားဆီးကာလျက် တောင်တန်းကြီးတွေကို သူ ချစ်ပါသည် ။ မားမားမတ်မတ် ရပ်တည်နေသော တောင်တန်းတို့ကို သူမြင်ရသည်မှာ အားရှိလှသည် ။ ကြံ့ခိုင်သောစိတ်ဓာတ်ကို တောင်တန်းတို့ထံမှ သူရနိုင်သည် ။ သည်အတွက် သူ ကျေးဇူးတင်ပါသည် ။ သို့သော် တောင်တန်းများကို ငေးကြည့်နေရာမှ သက် ပြင်းချသည် ။ သူတို့လာချေပြီ ။ တောင်တန်းများပေါ်မှ ကျော်ကာလွှားကာ သူရှိရာအရပ်ဆီသို့ ချဉ်းကပ်လာ လေပြီ ။ သူတို့လာပြီး မကြာခင် တောင်တန်းတို့သည် ငေးကြည့်၍ မမြင်နိုင်လောက်အောင် သူ့ရှေ့မှောက်၌ မှုန်ဝါးသွားလိမ့်မည် ။

သူ မျက်ရည်ဝဲသည့်အခါ ဖြစ်တတ်သော မျက်စိ မှုန်ဝါးခြင်းမျိုးဖြင့် မှုန်ဝါးနေသော တောင်တန်းကြီးများကို သူမြင်ရမည် ။ ပြီးတော့ သူ မျက်ဝန်းထဲမှ မှုန်ဝါးဝေသီ ခြင်းများ အရည်ပျော်ကျလာသလို ကောင်းကင်ပေါ်မှ မျက်ရည်များ ဖြိုးဖြိုးဖျောက်ဖျောက် ကျဆင်းလာမည် ။ ငိုနေသော ကောင်းကင် ၊ မျက်ရည်များကို ခေါင်းငုံ့ခံယူ နေသော တောင်တန်းကြီးများ သူမကြည့်လိုပါ ။ တောင် တို့၏ သဘောသည် ခိုင်ခံ့တည်ကြည်သည်ထက် မလှုပ် မယှက်နှင့် တစ်ပါးသူပြုသမျှ နုရသည်ဟု သူယူဆ သည် ။

မိုးဒဏ် ၊ လေဒဏ် ၊ ဆီးနှင်းတို့ကို ကြံ့ကြံ့ခံသည် လား ၊ မနိုင်၍ သည်းခံသည်လား သူမသိပါ ။ သူသိ သည်ကတော့ တောင်တန်းတွေသည် တစ်ခါတစ်ရံ စိတ် ဓာတ်ခွန်အားကိုပေး၍ တစ်ခါတစ်ရံ ဖြစ်လိုရာဖြစ်စေ တော့ဟု ခေါင်းငုံ့ခံနေတတ်သော စိတ်ဓာတ်မျိုးကို ပေးသည် ။ ဘယ်လိုပဲဖြစ်ဖြစ် တောင်တန်းများရှိရာ အရပ်မှ သူ ထွက်ပြေးချင်လေသည် ။ ဒါသည် ခုမှ မဟုတ် ၊ ဟိုးအဝေးကာလများကတည်းက အစပြုခဲ့ သည် ။

ငယ်ငယ် သူတို့ နေရာအရပ်များတွင်လည်း ဤကဲ့သို့ပင် တောင်တန်းများရှိ၏ ။ သူတို့အိမ် နောက် ဘက်တွင် တောင်တန်းတို့သည် မှိုင်းညို့လျက် နွေရာသီ၌ ပင် သည်တောင်ရိပ်ကြောင့် သူတို့အိမ်သည် အေးချမ်း လှသည် ။ သစ်တောဘက်တွင် အမှုထမ်းနေသော သူ့ ဖခင် ပြောင်းရွှေ့ရာ အရပ်တိုင်းတွင် သည်လိုတောအုပ် နှင့် တောင်တန်းများရှိတတ်စမြဲ ။ သူ့ဖခင် ခရီးထွက် သွားလျှင် သူတို့မောင်နှမတစ်တွေသည် အိမ်နောက်ဘက် ခြံဝန်းများထဲမှ တောင်တန်းများကို မျှော်ကြည့်ရင်း “ တို့အဖေသည် တောင်ပေါ်မှာ ရှိမှာ ” ဆိုပြီး မြင်ရလိမ့်နိုး ထင်မိတတ်သည် ။ သူ့အစ်ကိုက အဖေပေးထားသော မှန်ဘီလူးအဟောင်းကြီးဖြင့် ရှာဖွေရင်း တွေ့ လေဟန် ဆောင်တတ်သည် ။ တကယ်တော့ သူတို့သည် အဖေ့ကို ခင်တွယ်လှသည်မဟုတ် ၊ အနေဝေးသော အဖေ့ရုပ်ကို ပင် မမှတ်မိချင် ၊ အဖေ တောကပြန်လာလျှင် ရုပ်တစ်မျိုး ၊ အိမ်မှာရှိနေစဉ်တွင်တစ်မျိုး ဖြစ်နေသည်ဟု ထင်သည် ။ တောက ပြန်လာကာစ အဖေ့လက်ဆောင်များကို ရချိန် မှာ ပျော်မြူးနေသလောက် အဖေ သောက်စားမူးယစ် နေချိန်များတွင်မတော့ သူတို့မောင်နှမတွေအားလုံး အခန်းတစ်ခုတည်းတွင် စုပြုံတိုးဝှေ့ ထိုင်နေတတ်သည် ။ ထိုအခါမျိုးတွင် အမေသည်လည်း သူတို့လိုပင် အဖေ့ ကိုကြောက်ရွံ့လျက် အဖေ့အတွက် မြည်းစရာ အစုံ အလင်ကို အချိန်မီအောင် ချက်ပြုတ်နေတတ်သည် ။ တစ်ခါတစ်ရံ အမေ့ကို အော်ဟစ်ဆူပူ ငေါက်ငမ်းသံများ ကြားလျှင် သူတို့မောင်နှမအားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် အဖေ တောထဲသွားရင် ကောင်းမှာဟု ပြိုင်တူတွေးနေတတ်သည် ။

အဖေသည် မူးယစ်နေချိန်များတွင် သူတို့ကိုလည်း မညှာတာတတ်ချေ ။ သူတို့မောင်နှမများ ဆူပူရန်ဖြစ် သည့်အခါမျိုးတွင်ဖြစ်စေ ၊ ပျော်ရွှင်စွာ အော်ဟစ်နေကြ ချိန်မျိုးတွင်ဖြစ်စေ အဖေ သည်းမခံတတ် ။ သွားကြစမ်း ၊ ထွက်သွားစမ်းနှင့် သူ့အနားမှ နှင်ထုတ်တတ်သည် ။ မောင်နှမအားလုံးထဲတွင် မျက်နှာအရဆုံး သူ့ကိုပင် အဖေ ရက်စက်နိုင်ခဲ့သည်ကို မေ့မရ ။ သူသည် မောင် နှမ အားလုံးထဲတွင် တည်ငြိမ်အေးဆေးစွာ နေထိုင် နေတတ်သူ ၊ အဖေ့ အအော်အငေါက်ခံရခြင်းမှလွတ်သူ ဖြစ်သည် ။ သို့သော် သူငိုမိလျှင် ဘယ်သူမှချော့မရ ၊ တော်တော်နှင့် အငိုမတိတ်နိုင် ။ တစ်ခါက မောင်လေးနှင့် သူရန်ဖြစ်ရာမှ သူငိုကြောရှည်နေသောအခါ အဖေက ဒေါသတကြီးဖြင့် “ ဒီကောင်မလေးကို ရေချိုးခန်းထဲ ထည့်ပိတ်ထားလိုက်စမ်း ” ဟု ဆိုသည် ။ အမေက သူ့အား တိတ်တဆိတ် ချော့မော့သော်လည်း ဇွဲကြီးသောသူက ငိုမြဲငိုဆဲ ၊ အဖေသည် အမေ့လက်တွင်းမှ သူ့ကိုဆွဲယူကာ ရေချိုးခန်းတွင်းသို့ ထည့်ပိတ်လိုက်သည် ။ သူတို့အိမ်က ရေချိုးခန်းတံခါးသည် လူကြီးများအားနှင့် ဆွဲဖွင့်တွန်း ပိတ်လုပ်မှာသာ ‘ ဝုန်း
’ ခနဲ ပွင့်သွား ပိတ်သွားတတ်သည့် တံခါးမျိုးဖြစ်၍ သူတို့မောင်နှမများ ပြောဆို၍မရတိုင်း အဖေ သည်လိုပင် လုပ်နေကျမို့ သူတို့အဖို့ မထူးဆန်း ။ အမေသည် အမှုမဲ့ပင် ညီမလေးကိုခေါ်ကာ မီးဖိုချောင်သို့ ဝင်သွားသည် ။ အစ်ကိုနှင့်မောင်လေးတို့သည် အဖေ့ ဒေါသ သူတို့ဘက်လှည့်လာမည်ကို လစ်ပြေးနှင့်ပြီ ။

သူသည် အော်ဟစ်ငိုယိုနေရင်း ရေချိုးခန်းအပြင် ဘက်တွင် အဖေမရှိမှန်း သတိထားလာမိသည် ။ အစက အဖေသည် အငိုမတိတ်မချင်း အခန်းပြင်မှ ‘ နောက် ငိုဦးမလား ၊ ဆိုးဦးမလား ’ စသည်ဖြင့် မေးကာ အငိုတိတ် သွားလျှင် တံခါးဖွင့်ပေးတတ်သည် ။ သူ့ကို ပထမတော့ အဖေ ထိုသို့မေးနေသေးသည် ။ နောက် အိမ်ရှေ့မှ အဖေ့ ကိုခေါ်သံ စကားပြောသံ ‘ ငါသွားပြီဟေ့
’ ဟု အမေ့ကို အော်သံ ၊ ကားမောင်းထွက်သွားသံတို့ကို သူကြားလိုက် ရသည် ။ သို့သော် အိမ်မကြီးနှင့် စင်္ကြံလမ်းသွယ်ဖြင့် ဆက်သွယ်ထားသော မီးဖိုချောင်ထဲမှ အမေကမကြား ၊ သူ့စိတ်ထဲတွင်မတော့ အမေ မကြာခင် သူ့ကို တံခါး လာဖွင့်ပေးလိမ့်မည်ဟု ထင်နေဆဲ တဖွဲဖွဲ ရွာနေသော မိုးသည် တဖြည်းဖြည်းလည်း ထန်လာတော့သည် ။

သူတို့အိမ်သည် ကြီးမားအိုဟောင်းနေပြီဖြစ်၍ တစ်အိမ်လုံး တသိမ့်သိမ့်ခါနေသလိုပင် ထင်မှတ် ရသည် ။ သူသည် ငိုဖို့မေ့လျော့ကာ ရုတ်ခြည်းပင် ကြောက်စိတ်တို့ လွှမ်းမိုးလာသည် ။ အိမ်ရှိလူတို့သည် သူ့ကို သတိမရတော့ ၊ အဖေက အလုပ်ရှိရာသို့သွားပြီ ။ မောင်လေးနှင့်အစ်ကိုသည် သူငယ်ချင်းများအိမ်၌ ရှိပေ မည် ။ အမေနှင့် ညီမလေးကား မီးဖိုထဲမှာတွေးရင်း သူ ကြံရာမရဖြစ်လာသည် ။ တံခါးရွက်ကို တဒုန်းဒုန်းထု၍ အမေ့ကိုခေါ်သည် ။ အမေ မကြားနိုင်မှန်းသိပါလျက်ကို ခေါ်သည် ။ အမေ မကြားနိုင်မှန်းသိပါလျက် သူ ကြိုးစားမိခြင်းပင် ။ ရေချိုးခန်း ပြတင်းပေါက်ဘက်သို့ မော့ကာ အမေ့ကိုခေါ်သည် ။ အရပ်နိမ့်သော သူသည် ပြတင်းပေါက်ကို မမီ ၊ ပြတင်းပေါက်ဘက်သို့ မော့ကာ အော်ရင်း သူမျက်ရည်တို့ စီးကျလာသည် ။ နောက်ကို စိတ်မကောက်တော့ပါဟု ကတိများ ပေးနေမိသည် ။ သူသည် ငယ်ရွယ်သေးသူမို့ အဖေ ၊ အမေတို့ သတိလက်လွတ်ဖြစ်သွားသည်ကို မတွက်ဆတတ်ဘဲ ‘ အဖေ ရက်စက်လိုက်တာ ၊ အဖေမကောင်းဘူး ’ ဟု ထင်နေလေ သည် ။

သူသည် အငိုတိတ်ကာ ပြတင်းပေါက်အပေါ် တက်နိုင်ရန် ကြံစည်သည် ။ သူ့အစ်ကိုသည် ရေပုံးကို ခုတက်ကာ ပြတင်းတံခါးကို ဖွင့်တတ်ကြောင်း သတိရ သည် ။ သူ့အနားတွင် ရေပုံးသည် အဆင်သင့် ၊ ရေပုံးကို ပြတင်းတံခါးနားထား၍ ဖွင့်တတ်သည် ။ သူ့မျက်နှာကို ပြတင်းသံတိုင်များကြားအပ်လျက် မီးဖိုဆောင်ဘက်သို့ လှမ်းအော်သည် ။ အမေနှင့်ညီမလေးတို့ လှုပ်ရှားဟန်ကို သူမြင်နေရသော်လည်း မိုးသံလေသံများကြားမှ သူ့အသံ ကို မကြားသော အမေတို့ကမူ သူရှိရာဘက်သို့ မလှည့် ၊ မီးဖိုဆောင် နောက်ကျောမှ တောင်တန်းကြီးသည် သူ့ကို လှမ်းကြည့်နေသလို ခံစားရသည် ။ သည်တောင်တန်း ကြီးပေါ်သို့ မိုးရေတို့သည် တဖျောက်ဖျောက်ကျ၏ ။ ကျလာသော မိုးရေတို့ကို ငြင်းပယ်၍ လည်းမရ ။ ရုန်း ထွက်ပြေးနိုင်ဟန်လည်းမရှိဘဲ မိုးစိုခံနေသော တောင် တန်းတို့သည် သူ့လိုပင် အကျပ်အတည်းနှင့် တွေ့နေပြီ ဟု တွေးရင်း ဝမ်းနည်းလာသည် ။ သံတိုင်များအကြား မျက်နှာအပ်ရင်း ဘဝတူတောင်တန်းများအား မျှော်ငေး ရင်း ညို့မှိုင်းနေသော ကောင်းကင်နည်းတူ သူငိုခဲ့သည် ။ ထိုနေ့က မည်မျှကြာအောင် သူငိုနေရသည်မသိ အဖေ ပြန်ရောက်လာပြီး သူ့ကိုမတွေ့သဖြင့် အမေ့ကို မေးသော အခါမှ အမေသည် သူ့ကို တံခါးမဖွင့်ရသေးမှန်း သိလေသည် ။ အဖေနှင့်အမေ ရေချိုးခန်းသို့ အပြေးအလွှား လာပြီး ဖွင့်လိုက်ချိန်မတော့ သူသည် သံတိုင်များအား မျက်နှာအပ်လျက် လက်နှစ်ဖက်က သံတိုင်များကို မြဲမြံစွာ ဆုပ်ကိုင်လျက် ရှိုက်ငင်နေပြီ ဖြစ်သည် ။ အဖေက ပွေ့ချီယူလိုက်သည့်တိုင် သူသည် ဆုပ်ကိုင်ထားသော လက်များကိုမလွှတ် ၊ အမေက သူ့လက်များကို အသာ အယာ ဆွဲဖြေပေးလျက် ချော့မော့သည့်တိုင် နာကြည်း စိတ်နှင့် ရှိုက်ငင်နေဆဲ ဖြစ်သည် ။ ထိုနေ့မှစ၍ အဖေ သည် သူ့အား တံခါးပိတ်ဆုံးမခြင်း မပြုတော့သလို သူလည်း စိတ်ကောက်စိတ်ဆိုး နွဲ့ ခြင်းမျိုး မရှိတော့ ။ ထိုမျှသာမက ရေချိုးခန်းအတွင်းသို့ သူတစ်ယောက် တည်း ဘယ်တော့မှ မဝင်တော့ ။

ခုတော့ သူငယ်ငယ်က အစွဲအလမ်း အကြောက် အရွံ့တို့ကြောင့် ပတ်ဝန်းကျင်အမြင်တွင် တစ်မျိုးတစ်ဖုံ ဖြစ်မနေစေရန် ဂရုစိုက်ပြုပြင်ရခြင်းသည် အလုပ် တစ်ခုလို ဖြစ်နေသည် ။ သူသည် တတ်နိုင်သမျှ လူအများ နှင့် မရောနှောမနေမိစေရန် အားထုတ်ရသည် ။ သူ့ အခန်းသည် အသံလုံသော အုတ်နံရံတို့ ထူထဲပိတ် လှောင်သော အခန်းမျိုးဖြစ်ရမည် ။ သို့မှသာ သူ အော်ဟစ်ငိုယိုချင်သည့်အခါမျိုး ၊ အလန့်တကြား အာမေဍိတ် ပြုလိုသည့်အခါမျိုးတွင် သူတစ်ပါး မကြား နိုင်ရန် ဖြစ်သည် ။

နွေရာသီကာလများတုန်းက သူနေခဲ့သည့်အဆောင် မှာ သစ်သားဆောင်လေး ဖြစ်သည် ။ တစ်ဦးနှင့်တစ်ဦး သုံးထပ်သား နံရံတစ်ခုသာခြားလျက် တစ်ဖက်ခန်းမှ အသက်ရှူသံကို ကြားနိုင်သော အခန်းမျိုးဖြစ်သည် ။ ထိုစဉ်တုန်းက တစ်ခါတစ်ရံ အိပ်မက်ဆိုးများမက်၍ သူလန့်အော်မိလျှင် တစ်ဖက်ခန်းမှအစ်မက “ ဘာဖြစ်လဲ ထ ... ထ ရေသောက်လိုက် ” စသည်ဖြင့် နှိုးတတ်သဖြင့် အိပ်မက်ဆိုးတို့မှ သူ လွတ်မြောက်ရမြဲ ဖြစ်သည် ။ လုံခြုံ အားရှိမြဲဖြစ်သည် ။ နွေပျောက်၍ မိုးရောက်တော့မည့် အရိပ်အယောင်များ ပြလာသံကြားသည်နှင့် ထို အဆောင်မှ ယခု သူနေထိုင်ရာသို့ အလျင်စလို ပြောင်း လာခဲ့သည် ။ သူ့အား နားမလည်နိုင်သော အကြည့်များ နှင့်ကြည့်ရင်း ကျန်ခဲ့သူများကို လက်ပြနှုတ်ဆက်ရုံမှ တစ်ပါး သူ့ ဘာမှမတတ်နိုင် ၊ သူ့ဝမ်းနာ သူသာသိပါ သည် ။ ‘ တဖြည်းဖြည်း လာချေပြီလေ ပင်လယ်တွေ ဖြတ်သန်းလို့ ရိုးမအပေါ် လွှားကျော်ကာလေ ’ ဟူသော သီချင်းသံကို ကြားရလျှင်ပင် ရေဒီယိုကို အမြန်ဆုံး ပြေး ပိတ်မိသည်အထိ သူ့ကို ဖမ်းစားခြောက်လှန့်မည့် အင်အားတစ်ရပ် ရောက်လာတော့မည် ။

တောအုပ်သို့ ထူထပ်စွာ ပေါက်ရောက်သော တောင်တန်းမြင့်မြင့်တို့ ရှိရာအရပ် မိုးများရာဒေသသို့ တာဝန်ထမ်းဆောင်ရန် ရောက်လာခြင်းကိုက သူ့ ကုသိုလ်ကံပင် ။ သူသည် တောင်တန်းတို့ကို မမြင်ချင် ရင်နာလှသည် ။ တောအုပ်စိမ်းစိမ်းစိုစိုကို မကြည့်ရဲ ၊ တစ်စုံတစ်ခု လှုပ်လှုပ်ရွရွ ထိုးထွက်လာမည်ကို ကြောက်လှသည် ။ အဆိုးဆုံးကတော့ ပြိုတော့မည့် မိုးကောင်းကင် ၊ တောင်တန်း ၊ တောအုပ်နှင့် တိမ်တိုက်တို့ ထိစပ်ကာ ကောင်းကင်ပြင်တစ်ပြင်လုံး မှိုင်းမို့ဆိုင်းဆို့ နေသည့်အခါ ဖျတ်ခနဲ သူ မျက်နှာလွှဲပစ်ရသည် ။ ဒါတောင် ရင်ထဲမှာ တုန်ရီမောပန်းဆဲ ၊ တလှပ်လှပ် ခံစားရဆဲ ။ တောင်တန်းမှိုင်းမှိုင်းပေါ်ရှိ တောအုပ် စိမ်းညို့ညို့တို့မှ ကောင်းကင်ဆီသို့ လှမ်းတက်နေသော မြူခိုးငွေ့ ဖြူဖြူများနှင့် တိမ်ရေသောက်ဆင်းသည့်ပမာ မြူခိုးငွေ့ တို့ကို ဆင်းခေါ်လေ့ရှိသော မိုးသားမည်းမည်း တို့ တွေ့ဆုံချိန်သည် သူအကြောက်ဆုံးအချိန် ဖြစ်သည် ။ ကောင်းကင်သို့တက်သော မြူခိုးတို့သည် တွန့်လိမ် ကောက်ကွေးလျက် ရှုံ့ကာမဲ့ကာ တက်နေသလို အပေါ်မှ ဆွဲခေါ်နေသော တိမ်မိုးမည်းတို့က ခွန်အားကြီးမားလှ သည် ။ မြူခိုးငွေ့ တို့ သူ့လက်ထဲ အကုန်အစင် ရောက် သွားပြီဆိုလျှင် မနိုင်ဝန်ကို ထမ်းထားသမျှ ဖြေလျှော့ချ လိုက်သလို မိုးပေါက်တို့ ခြွေချဦးမည် ။ ထိုအခါ ထွက် မပြေးနိုင်သော တောအုပ်ကလည်း ဝဋ်ခံနေရဦးမည် ။ မိုးပေါ်က နှိပ်စက်ကလူပြုသမျှ ရုန်းထွက်မပြေးနိုင်ဘဲ အကျပ်အတည်းနှင့် ရင်ဆိုင်ရသော တောင်တန်းတို့ သည် သူ့ဘဝ တစ်စိတ်တစ်ပိုင်းလိုပင် ရင်နာစရာကောင်း လှသည် ။

အဲသည့်နေ့က သည်လိုပင် မိုးကောင်းကင်တို့ အုံ့မှိုင်းညို့ဆိုင်းသောနေ့ ဖြစ်၏ ။ သူတို့ မောင်နှမတစ် သိုက်သည် လေပြင်းတစ်ချက်တိုက်တိုင်း သိမ့်သိမ့်ခါ နေသော အိမ်ကြီးပေါ်ဝယ် တိတ်ဆိတ်ငြိမ်သက်သည် ။ အစအနောက်သန်သော မောင်လေးပင် စာအုပ် တစ်အုပ်နှင့် ငြိမ်နေသည် ။ အမေသည် ညီမလေးကို သိပ်ရင်း ပြတင်းပေါက်မှ တောင်တန်းတို့ရှိရာသို့ လှမ်း မျှော်ကြည့်သည် ။

ဒီနေ့ အဖေပြန်လာမည် မဟုတ်ပါလား ။ အဖေတို့ အဖွဲ့ တောင်ပေါ်က ဆင်းလာနေကြပြီဟု မနေ့က ပြန် ရောက်လာသော အဖေ့တပည့် တစ်ယောက်က သတင်း ပေးသည် ။ အမေကတော့ အဖေ ပြန်လာမည်ကို ဝမ်းသာမည် ထင်သည် ။ သူတို့မောင်နှမတစ်သိုက်ကတော့ ကြောက်စိတ်နှင့် ရင်တုန်လှုပ်ရှားနေသည် ။ ထိုစဉ်တွင် မိုးစက်တို့ကျသံ ကြားရသည် ။ အမေက သက်ပြင်း တစ်ချက်ချကာ ‘ ဪ ... မိုးကရွာနေသေးတယ် ’ ဟု ညည်းသည် ။ အဖေပြန်လာမည့်ရက်တိုင်း အမေ စိတ် လှုပ်ရှားတတ်သည်မှန်သော်လည်း ဒီနေ့ အမေ့လှုပ်ရှား မှုသည် တစ်မျိုးဖြစ်နေသည်ဟု ထင်သည် ။ အမေ ဘာကို ကြောင့်ကြနေသလဲ သူမစဉ်းစားတတ်ပေ ။ အဖေ့ရှေ့ တွင် ငိုကြောမရှည်မိစေရန်သာ သူသတိထားရမည်ဟု သည် ခွေပျော့လဲကျသွားပါသည် ။ အဒေါ်ကြီးသည် အမေ့ကို ပွေ့ထူလျက် နဖူးစမ်းလိုက် ခေါင်းစမ်းလိုက်ဖြင့် စဉ်းစားသည် ။ ထိုအခိုက် ‘ အစ်မ….အစ်မ ’ ဟု အိမ် အောက်ဆီမှခေါ်သံများနှင့်အတူ အဖေ့တပည့်တစ်ယောက် နှင့် အဒေါ်ကြီးတစ်ယောက်အိမ်ပေါ်သို့ အပြေးအလွှား တက်လာသည် ။ အမေသည် တံခါးနားပြေးသွားလျက် “ ဘာလဲ ... ဘာဖြစ်လာလဲ ” ဟု မေးသည် ။ အဖေ့တပည့်၏ တစ်ကိုယ်လုံးသည် ရွှံ့စေးနီနီများဖြင့် ညစ်ပတ်ပေရေ လျက် အမောတကောလေသံဖြင့် “ ဆရာရယ် တောင်ပေါ်က လိမ့်ကျလို့ အဲဒါ ကျွန်တော်တို့ အဖွဲ့ ဆင်းရှာနေတယ် ။ ကျွန်တော်က အကူအညီ လာခေါ်တာ ။ ချောက်က တော်တော်နက်တယ် ။ ဆရာကလည်း မူးနေတော့ အမယ်လေး .. အစ်မ အစ်မ ဘယ်လိုဖြစ်သွားတာလဲ ၊ အမေလုပ်ပါဦး ” အဖေ့တပည့် စကားမဆုံးခင်ပင် အမေ ပါးစပ်မှလည်း တဖွဖွ ရွတ်နေသည် ။ အစ်ကိုက ပရုတ်ဆီဘူးကို ပြေးယူကာ အမေ့နားထင်ကို လိမ်း သည် ။ သူသည် ထိတ်လန့်စိတ်ဖြင့် ခြေလှမ်းတို့ ရွှေ့မရဘဲ နံရံကို ကျောကပ်ရပ်နေမိသည် ။ မောင်လေး အမေ့နံဘေး၌ ဒူးထောက်ရင်း ‘ အမေ ... အမေ ’ ဟု တဖွဖွခေါ်သည် ။ အဖေ့တပည့်သည် အမေ့ခြေထောက် ကို ဝင်ဆုပ်ရင်း ‘ လုပ်ပါဦး .. အမေရဲ့ အစ်မ ဒုက္ခရောက် တော့မယ် ’ ဟု အော်ဟစ်နေသည် ။ အစ်ကိုသည် ကယောင်ကတမ်းဖြင့် ‘ ရေနဲ့ ဖျန်းမှဖြစ်မယ် ၊ ဟိုကောင်မလေး ဘာကြည့်နေတာလဲ ၊ ရေသွားခပ်စမ်း
’  ဟု သူ့ ကို အော်လိုက်သည် ။ အစ်ကို့စကားအဆုံး သူသည် ချာခနဲ လှည့်ကာ ရေချိုးခန်းဆီပြေးသည် ။ ရေချိုးခန်းထဲ ရောက် တော့ ရေဖလားကို ရှာမတွေ့  ၊ နောက်မှ တိုင်ကီ ထဲရှိနေ မည်ကို တွေးမိသည် ။ တိုင်ကီထဲ၌ ရေနည်းနေပြီ ဖြစ်၍ ရေဖလားသည် အောက်သို့ ရောက်ရှိလျက် ရှိသည် ။ ထိုရေဖလားကို ကုန်းနှိုက်ဖို့ရာ သူ့အရပ်နှင့် မမီပြန် ၊ ရေပုံးကို ခု၍ ရေခပ်ရန် သူကြံသည် ။ သံပုံးကို ရေတိုင်ကီနံဘေး၌ချကာ ရေဖလားကို ကုန်းနှိုက်နေဆဲ လေပြင်း တစ်ချက်နှင့်အတူ ရေချိုးခန်းတံခါးသည် ဝုန်းခနဲ ပိတ်သွားသည် ။ သူသည် ရေခပ်ပြီး ရေပုံးပေါ်မှဆင်း ကာ တံခါးဆီ အမြန်ပြေးသွားသည် ။ အနားကိုရောက် တော့ သူထိတ်လန့်သွားသည် ။ သူ့အင်အားနှင့် တွန်း ဖွင့်၍မရနိုင်လောက်အောင် တံခါးပိတ်လျက်ရှိပြီး သူသည် ရေခွက်ကို ကြမ်းပြင်မှာချထားလိုက်ရင်း တံခါး ရွက်ကို သူ့ကိုယ်လုံးလေးဖြင့် တိုက်ဖွင့်ရန် ကြိုးစားသည် ။ တံခါးသည် လှုပ်ရုံမျှပင်မလှုပ် ၊ သူသည် တံခါး ရွက်ကို တဒုန်းဒုန်းထုသည် ။ အော်ခေါ်စရာ အမေက သတိလစ်နေပြီ ။

သူသည် တံခါးဖွင့်ရန် မကြိုးစားတော့ဘဲ ပြတင်း ပေါက်မှတစ်ဆင့် မီးဖိုဆောင်ဘက်သို့ လှမ်းအော်ရန် ကြိုးစားပြန်သည် ။ ရေပုံးကို ပြတင်းပေါက်နားယူ၍ တက်ရပ်ကာ ပြတင်းသံတိုင်များကို ဆုပ်ကိုင်အားပြု လျက် မီးဖိုဆီသို့ လှမ်းကြည့်သည် ။ မောင်လေးသည် သောက်ရေအိုးဖုံးကိုလှပ်ကာ ရေခပ်နေသည် ။ သူမလာ နိုင်သဖြင့် အစ်ကိုက မောင်လေးကို ရေခပ်ခိုင်းပြန်သည် ထင်သည် ။ “ မောင်လေး….မောင်လေး ” ဟု သူက တအား ကုန်းအော်သံကြောင့် မောင်လေးသည် သူ့ကိုလှမ်းကြည့် သည် ။ သို့သော် သူပြောစကားကို စောင့်နားထောင် ၊ သူဘာဖြစ်နေသည်ကိုလည်း သိဟန်မတူ ၊ ရေခွက်ကို မြှောက်ပြလျက် အိမ်ရှေ့ကို အမြန်ပြန်ပြေးသည် ။ အမေ မည်သို့ဖြစ်နေပြီ မသိ ၊ သူကတော့ ခြေကုန်လက်ပန်းကျ ကာ မောပန်းလျက်ရှိသည် ။ ကူသူကယ်သူမဲ့သည့် အကျဉ်းအကျပ်တွင်းသို့ သူ သက်ဆင်းရပြန်ပါပြီ ။

သူသည် သံတိုင်များကို လက်ဖြင့်ဆုပ်ကိုင်ရင်း တောင်တန်းရှိရာဆီသို့ လှမ်းမျှော်ကြည့်သည် ။ သဲသဲမဲမဲရွာနေသော မိုးပေါက်များအောက်တွင် တောင် တန်းတို့သည် တုပ်တုပ်မျှမလှုပ် ။ သည် တောင်တန်း တစ်နေရာတွင် အဖေရှိမည် ။ မရှုမလှ ဒဏ်ရာ ဒဏ်ချက် များနှင့်လား ၊ သွေးသံရဲရဲ ခန္ဓာကိုယ် အပိုင်းအစများ အို ... မဟုတ်ပါစေနှင့် ။ အဖေ ဘာမှ မဖြစ်ရပါ ၊ အဖေ့ကို သူမမုန်းနိုင် ၊ အမေလည်း ဘာမှ မဖြစ်လိုက်ပါနှင့် သူတို့တွင် အမေမရှိ၍ မဖြစ်ပါ ။ သံတိုင်တို့ကို မျက်နှာ အပ်လျက် သူငိုသည် ။ နာရီပေါင်း များစွာ သူငိုခဲ့ရ သည် ။ ဆုတောင်းခဲ့ရသည် ။ ကြောက်ရွံ့ ထိတ်လန့်ခဲ့ရ သည် ။ အငြိုးတကြီးရွာနေသော မိုးသံနှင့် အပြိုင်ရှိုက်ငင် ငိုယိုနေသော ကလေးတစ်ယောက်ကို တစ်လောကလုံးက မေ့လို့ထားကြပြီ ။ သူ့ကို အားလုံးက သတိရလာချိန် မတော့ သူသည် အားလုံးကို မေ့လျော့သွားခဲ့ပြီ ။

ပြတင်းသံတိုင်များကို ဆုပ်ကိုင်ထားသော သူ့လက် များအား ခက်ခက်ခဲခဲ ဆွဲခွာဖြုတ်ယူပေးခဲ့သူမှာ အမေ မဟုတ်တော့ ။ သူ့ကို ပွေ့ယူလိုက်သူမှာလည်း အဖေ မဟုတ်တော့ ။ သူ့အတွက် အရာအားလုံး နောက်ကျသွား ခဲ့ပါပြီ ။ ဆိုင်းဆိုင်းညို့သော တောင်တန်းများကိုမြင်တိုင်း ၊ မှိုင်းမှိုင်းမို့သော တိမ်မည်းညိုကိုမြင်တိုင်း ဆောက်တည် ရာမရ ဖြစ်တတ်သောစိတ်သည် သူ၏ ဖြေဖျောက်မရ နိုင်သော အစွဲအလမ်းတစ်ခုပမာ ခြောက်လှန့်လျက် ။ တောအုပ်စိမ်းစိမ်းတို့အပေါ်၌ ဝေ့ကာဝဲကာ ကောင်းကင် ဆီသို့ လှမ်းတက်နေသော မြူခိုးငွေ့တို့သည် အဖေနှင့် အမေ၏ ဝိညာဉ်များပေါင်းစည်းရာနေရာများ ဖြစ်နေ မလား ၊ သူ တွေးမိသည် ။ သူတို့တို့ ခွဲခွာလျက် ကောင်း ကင်ဆီသို့ အခိုးအငွေ့များအသွင်ဖြင့် ရှုံ့ကာမဲ့ကာသာ သွားသော အဖေနှင့်အမေ ရုပ်လုံးကို သူပုံဖော်ကြည့် လေတိုင်း ကြောက်ရွံ့ခြင်းကြီးစွာဖြစ်လျက် မိုးပေါက်တို့ ဒဏ်ကို မလှုပ်မယှက် အသံကုန် အော်ဟစ်မိသည် ။ မိုးပေါက်ဒဏ်ကို မလှုပ်မယှက် ခံယူနေသော တောင် တန်းတို့ကိုမြင်တိုင်း အကျဉ်းအကျပ်ထဲ၌ မလှုပ်သာ မလှည့်သာဖြစ်ခဲ့ဖူးသော ငယ်ဘဝ ခံစားချက်များသည် သူ့နှလုံးသားကို တမြည့်မြည့် နာကျင်ကြေကွဲစေသည် ။

ကြာခဲ့ပါပြီ ၊ မေ့ပျောက်ထားသင့်ပါပြီဟု ကိုယ့်ကိုယ် ကိုယ် တရားချမိသော်လည်း တောင်တန်း ၊ တောအုပ်နှင့် မိုးသားမည်းမည်းတို့ကြောင့် ဖြစ်ပေါ်ခဲ့သော နှလုံးသား နုနုမှ ဒဏ်ရာဒဏ်ချက်များသည် ကြေကွဲမှု အသစ် အသစ်တို့ ဖြစ်ပေါ်အောင်သာ ဖန်တီးလျက် တာဝန် ဝတ္တရားကို ဦးထိပ်ရွက်ကာ သူတို့နှင့်ဝေးရာသို့ ရှောင် ထွက်မပြေးနိုင်သော သူ့ကို ခြောက်လှန့်မြဲ ခြောက်လှန့် လျက် ။ သူသည်လည်း မိုးစက်မိုးပေါက်များနှင့်အတူ .. ။

▢ ရှင်ညိမ်းမယ်

📖 မဟေသီ မဂ္ဂဇင်း
      ၁၉၉၃ ၊ အောက်တိုဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment