❝ ကြယ်ကလေးတွေ ချစ်စရာ ❞
ရှေးရှေးတုန်း က ပေါ့ ၊ ရွာ တစ်ရွာ မှာ စိတ်သဘောထား ဖြူစင်တဲ့ ညီအစ်ကို နှစ်ယောက် ရှိကြသတဲ့ ။ သူတို့ နာမည် က မောင်ကဆုန် နဲ့ မောင်နယုန် တို့ ဖြစ်ကြသတဲ့ကွယ် ။
သူတို့ ညီအစ်ကို နှစ်ယောက် ဟာ သိပ် ဆင်းရဲ ရှာတယ်ကွယ့် ။ ဒါပေမယ့် စိတ်သဘောထား ကောင်းတယ် ။ လူကြီးမိဘ ကို ရိုသေ ကိုင်းညွတ်တယ် ။ မှန်ကန်တဲ့ အလုပ် ကို လုပ်တယ် ။ အလုပ် ကြိုးစားတယ် ။ သူတို့ ညီအစ်ကို ဟာ တောင်ပြင် သူဌေးကြီး ဆီ မှာ သူရင်းငှား အလုပ် လုပ်ကြ တယ်ကွယ့် ။
ဒီလိုနဲ့ပေါ့ကွယ် ။ ညီအစ်ကို နှစ်ယောက် ချစ်ချစ်ခင်ခင် နဲ့ ပေါ့ ။ လုပ်ကိုင် စားသောက် နေတုန်း ဗြုန်းဆို မမျှော်လင့်တဲ့ ကိစ္စ တစ်ခု ဖြစ်လာတယ်ကွယ့် ။ ဒီကိစ္စ က တခြားမဟုတ်ဘူး ။ အဲဒီ အလုပ်ရှင် တောင်ပြင် သူဌေးကြီး မှာ အလွန်ပဲ လှပတဲ့ သမီး ခုနစ်ဖော် ရှိတယ် ။ အဲဒီ သမီး ခုနစ်ဖော် ဟာ သူတို့ ညီအစ်ကို အလုပ် လုပ်တဲ့ ဖအေ သူဌေးကြီး ရဲ့ လယ် ထဲကို အလည် လာကြ တာကိုးကွယ့် ။ အဲ ... ညီငယ် မောင်နယုန် က သူဌေး သမီး ထဲ က အထွေးဆုံး ဖြစ်တဲ့ မနန်းထွေး ကို မြင်မြင်ချင်း ပဲ ချစ်ကြိုက်မိ သတဲ့ ။
ဒီအကြောင်း ကို အစ်ကိုကြီး မောင်ကဆုန် က သိပါလေရောကွယ် ။ သိပေမယ့် ဘာမှ မတတ်နိုင်ဘူးပေါ့ကွယ် ။ သူဌေး နဲ့ ကျေးကျွန် ဆိုတာ မတူမတန် လို့ မလှမ်းသင့်ကြောင်း သာ မောင်နယုန် ကို တိုးတိုးကျိတ်ကျိတ် ပြောဆိုရတာပေါ့ကွယ် ။
ဒါပေမယ့် အဲဒီ ညီငယ် မောင်နယုန် ဟာ မနေနိုင် မထိုင်နိုင် ၊ တမှိုင်မှိုင် တတွေတွေ နဲ့ ပေါ့ကွယ် ။ နောက်ဆုံးတော့ မနေနိုင်လွန်းလို့ မောင်နယုန် ဟာ သူဌေးသမီးထွေးလေး မနန်းထွေး ကို ဖွင့်ပြော လိုက်ပါလေရော ။
အဲဒီလို ဖွင့်ပြောလိုက်တယ် ဆိုရင်ပဲ ဘယ်သူ ဘယ်လို သွား ပြောလိုက်တယ်တော့ မပြောတတ်ဘူးကွယ့် ။ တောင်ပြင် သူဌေးကြီး က ချက်ချင်းပဲ သိသွားတယ် ။ ဒါနဲ့ပေါ့ကွယ် ။ တူ သလား ၊ တန်သလား ပေါ့ ။ အနူ လက် နဲ့ ရွှေခွက် နှိုက်ရမလား ဆိုပြီး မောင်ကဆုန် နဲ့ မောင်နယုန် တို့ ညီအစ်ကို နှစ်ယောက် ကို အလုပ် က ထုတ် ပစ်လိုက် သတဲ့ ။
အဲဒီ အချိန်မှာ ဆိုရင် အစ်ကို ဖြစ်တဲ့ မောင်ကဆုန် ဟာ ညီ ဖြစ်သူ ကို စိတ်ဆိုးတာပေါ့ ။ အတန်တန် ပြောရက်သား နဲ့ စကား နားမထောင်လို့ ဖြစ်ရတာကိုး ။ ဒါပေမယ့် ညီ ကို ချစ်တဲ့ အတွက် အစ်ကို လုပ်သူ က ဘာ တစ်ခွန်း မှ မပြောဘူးကွယ့် ။
သူဌေးကြီး က အလုပ် မှ ထုတ်ပစ်လိုက်တယ် ဆိုတဲ့ ညီအစ်ကို နှစ်ယောက် ဟာ ဘာမျှ မပြောတော့ဘူး ပေါ့ကွယ် ။ သူဌေးကြီး ၏ အလုပ်မြေ က ထွက်သွားကြတာပေါ့ ။
သူဌေးကြီး ဆီ က ထွက် သွားပြီး နောက်တော့ အဲဒီ ညီအစ်ကို နှစ်ယောက် ဟာ စိတ် သဘောထား ကောင်းကောင်း နဲ့ ပဲ အလုပ်အကိုင် ကို မပျင်းမရိ ကြိုးစား လုပ်ကိုင်ကြလေ သတဲ့ ။
ဒါနဲ့ပဲကွယ် ။သူတို့ ညီအစ်ကို ဟာ စိတ်စေတနာ က အကျိုးပေး လေတော့ မကြာခင်ဘဲ ကြီးပွားချမ်းသာ လာကြသတဲ့ ။ ဒါနဲ့ပဲပေါ့ကွယ် ။ တစ်နေ့တခြား ဥစ္စာရတနာ တိုးပွား လာလိုက်ကြ တာ မြောက်ပြင် သူဌေးကြီး ဆိုတဲ့ နာမည် ခံနိုင်တဲ့ အထိ ဖြစ်လာကြတယ် ။ သူတို့ ညီအစ်ကို ဟာ ဝမ်းသာအားရ နဲ့ ပဲပေါ့ ။ လုပ်သားတွေ စုံစုံညီညီ နဲ့ ပိုမို တိုးပွားအောင် ကြိုးစားကြတာပေါ့ကွယ် ။
အေး ... တောင်ပြင် သူဌေးကြီး ကျတော့ အဲဒီ ညီအစ်ကို နှစ်ယောက် မရှိ ကတည်း က တဖြည်းဖြည်း မွဲမွဲ လာပြီး နောက်ဆုံး အဆင်းရဲဆုံး ဖြစ်သွားရရှာ သတဲ့ကွယ် ။ ဒီတော့ နတ်သမီး တမျှ လှပတဲ့ သမီးခုနစ်ဖော် လည်း အလုပ်အကိုင် ကို ဆင်းဆင်းရဲရဲ နဲ့ လုပ်ကိုင် စားသောက်ရ သတဲ့ ။ နောက်ဆုံး မြောက်ပြင် သူဌေးကြီး ဆီ မှာ ကောက်သိမ်း တဲ့ အလုပ် ကို တောင်ပြင် သူဌေး သမီး ခုနစ်ဖော် က သွား လုပ်ရသတဲ့ ကွယ် ။
အဲဒီလိုနဲ့ပဲပေါ့ကွယ် ။ တစ်နေ့မှာ ညီမ ခုနစ်ဖော် ရယ် ၊ အခြား အလုပ်သမား တွေ ရယ်ပေါ့ ၊ အလုပ် လုပ် ကြတုန်း ဗြုန်းဆို အလုပ်သမား တစ်ဦး က “ ဟော ... သူဌေးမင်း နှစ်ပါး ကြွလာ ပြီ ” လို့ ဆိုလိုက် သတဲ့ ။ အဲဒီ စကား ကို တောင်ပြင် သူဌေးသမီး ခုနစ်ဖော် က ကြားတော့ ရှက် လည်း ရှက် ၊ ဝမ်း လည်း နည်းတာပေါ့ကွယ် ။ ဒါနဲ့ သူတို့ ညီအစ်မ ခုနစ်ဖော် ဟာ မောင်ကဆုန် နဲ့ မောင်နယုန် ကို မမြင်လိုတာ နဲ့ အဝေးကို ပြေးပြီး ကောက်ရိုးပုံ တစ်ပုံ ထဲ မှာ ဝင်ပြီး ပုန်း နေကြသတဲ့ ကွယ် ။
တကယ်တော့ ရှက်စရာပဲ မဟုတ်လား ။ တစ်ချိန်က ကျွန် အဖြစ် နဲ့ အသိအမှတ် ပြုခဲ့ ရသူ ကို အခုအခါ သခင် လို ရိုသေရမှာ တော့လည်း ရှက်ကြတာ ပေါ့ကွယ် ။
ဒါနဲ့ပဲ သူဌေးကြီး ဦးကဆုန် နဲ့ ဦးနယုန် ဟာ လည်း လုပ်နေကျ ဖြစ်တဲ့ အလုပ်တွေ ကို ခိုင်းတာပေါ့ကွယ် ။ ပြီးစီးတဲ့ ကောက်ရိုးပုံ တွေ ရှင်းပစ် ၊ မီးရှို့ပစ်တာပေါ့ ။ မမျှော်လင့်ဘဲကွယ် ။ ညီအစ်မ ခုနစ်ဖော် ဝင် ပုန်းနေတဲ့ ကောက်ရိုးပုံကြီး ကို မီးရှို့ လိုက်တော့ ညီအစ်မ ခုနစ်ဖော် လည်း ရှက်ရှက် နဲ့ မီးလောင်ပြီး အသေခံ လိုက်ကြသတဲ့ ။
သိပ် သနားစရာ ကောင်းတယ်နော် ။ တကယ်တော့ သူတို့ ညီအစ်မ ခုနစ်ဖော် ဒီ ကောက်ရိုးပုံ ထဲ မှာ ရှိတယ် ဆိုတာ ဘယ်သူမှ မသိလိုက်ဘူးကွယ့် ။
သိရင်တော့ အခုလို မသေရဘူးပေါ့ကွယ် ။ အခုတော့ သူတို့ ခမျာ ဟာ အသေဆိုး နဲ့ သေရပြီး သူတို့လေးတွေ ဟာ လေ မိုးပေါ် မှာ ကြယ်ကလေး တွေ ဖြစ်သွားကြသတဲ့ကွယ် ။
ညီလေး ညီမလေး တွေ ကြား မှာပေါ့ ၊ “ ခုနစ်စင်ကြယ် ” ဆိုတာလေ ။ အဲဒါ သူတို့ ညီ အစ်မ ခုနစ်ဖော် ပေါ့ကွယ် ။ သူတို့လေးတွေ ဟာလေ ဘယ်လောက် အရှက်ကြီးတယ် ဆိုတာ ကြယ်လေး ဘဝ ဖြစ်တာ တောင် မှ “ ကဆုန် နဲ့ နယုန် ” လ မှာ ဆိုရင် မထွက်ကြတော့ဘဲ ပုန်းအောင်း နေကြသတဲ့ ။
ကဲ ... ညီလေး ၊ ညီမလေး တို့ မှတ်ထားကြနော် ။ ကြယ်ကလေးတွေ တစ်လက်လက် နဲ့ ချစ်စရာကောင်းတဲ့ အပြာရောင် ကောင်းကင် မှာ ဒီ “ ခုနစ်စင်ကြယ်လေး ” တွေ ကို ကဆုန် နဲ့ နယုန်လ က လွဲရင် တခြား လတွေ မှာ တွေ့နိုင်တယ်ကွယ့် ။
⎕ ရွှေမြတ်သောင်းတင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ ဇူလိုင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment