❝ မေတ္တာရှင် ❞
တစ်ခါသော် တိုင်းပြည်တစ်ပြည်၌ ဘုရင်တစ်ပါး စိုးစံလေရာ ထိုဘုရင် ၏ မိဖုရားခုနစ်ယောက် မှ သားတော် ခုနစ်ယောက် ဖွားလေသည် ။ ထို သားတော် ခုနစ်ယောက် တို့မှာ အချိန် အရွယ်ရောက်ကြလတ်သော် ဖခင် ဘုရင်ကြီးထံ ဝင်ရောက်ကြလျက် အသီးသီးပင် ထီးနန်း စည်းစိမ် ကို လွှဲအပ်ပေးပါရန် လျှောက်ထားတောင်းဆိုခြင်းပြုကြ၏ ။ ထိုအခါ ဘုရင်ကြီး မှာ ဤသို့ တွေးတော၏ ။ ငါသည် ဤ သားတို့အား တစ်ယောက်မကျန် ချစ်မြတ်နိုး၏ ။ ငါ၏ သားတော်များ တွင် အကြီးဆုံးသားတော် မှစ၍ အငယ်ဆုံးသားတော် အထိ တစ်ဦးမကျန် ထီး နန်းနှင့် ထိုက်တန်သည်လည်းဖြစ်၏ ။ ထိုမည်သော သားတော်များတို့ ၏ အသက်အရွယ်များမှာ လည်း တစ်ဦးနှင့်တစ်ဦး အလှမ်းကွာဝေးလှသည် မဟုတ်သောကြောင့် တစ်စုံတစ်ဦးသော သားတော်အား မင်းစည်းစိမ်ထီးနန်း ကို ပေးအပ်ခြင်းပြုလေသော် ဒုတိယသားတော်တို့ အတွက် အိမ်ရှေ့မင်း ၊ စစ်သူကြီး အစရှိသဖြင့် ချီးမြှင့်မြှောက်စားက ဖြစ်နိုင်သော်လည်း ကြွင်းကျန်သော သားတော် လေးယောက် အတွက်မှာမူ အခက်အခဲ ကြုံတွေ့စရာလည်း ရှိပေ၏ ။ ၎င်းတို့၏ နောင်တော်များ မရှိလေမှ ထီးနန်းစည်းစိမ် အမွေအနှစ်တို့ကို ခံယူရမည် ဆိုပါကလည်း အသက်အရွယ် အားဖြင့် မကွာခြားလှသောကြောင့် အခက်အခဲ တွေ့စရာလည်း ရှိ၏ ။ သို့တွေးတောမိသော အခါ ဘုရင်ကြီး မှာ တစ်ခဏချင်း အကြံဉာဏ် မရသည့် အတွက် သားတော် ခုနစ်ယောက် တို့ အား ဤသို့ပြောဆို မိန့်ကြား၏ ။“ ငါ၏ ချစ်လှစွာသော သားတော်များ ၊ နောင် ခုနစ်ရက် မြောက်နေ့၏ ညီလာခံ၌ မင်းပရိသတ်တို့ ရှေ့မှောက်ဝယ် အကြောင်းစုံ ပြောကြားပေမည် ။ ထိုမည်သော ခုနစ်ရက် ပြည့်မြောက်သည့် ညီလာခံသို့ ငါ၏ သားတော်များ တစ်ယောက် မကျန် ဝင်ရောက် ခစားကြပါ ” ဟု မိန့်၏ ။
သို့နှင့် ခုနစ်ရက်မြောက် ညီလာခံသို့ ရောက်ရှိလျှင် အားလုံးသော မှူးကြီးမတ်ကြီး များရှေ့၌ ဘုရင်ကြီး က ဤသို့ မိန့်ကြား၏ ။ “ ထီးနန်းဆက်ခံရမည့် သူမှာ တစ်ဦးတည်း တစ် ယောက်တည်းသာ ရှိရမည် ဖြစ်သည့် အတွက် ငါ၏ သားတော်ခုနစ်ပါးသည် အကယ်၍ ထီးနန်း စည်းစိမ်ကို အလိုရှိပါငြားအံ့ ၊ ဤတိုင်းပြည်မှ ဝေးကွာလှသော ဟိမဝန္တာတောင် ရှိ တစ်ခုသော သမုဒ္ဒရာ ၏ အလယ်မှ ဗိမာန် ထက်တွင် နေသည့် ဘုန်းတန်ခိုးကြီးမားသော မင်းသမီး အား အရ ယူဆောင်၍ လာနိုင်ခဲ့သော် ထိုမင်းသမီး နှင့်ပင် လက်ထပ်ထိမ်းမြားလျက် ဘိသိက်ပွဲဆင်နွှဲစေ ကာ ငါ၏ ထီးနန်းစည်းစိမ်အား လွှဲအပ်လေမည် ။ ထို မင်းသမီးအား ဆောင်ကြဉ်းရန် မင်းသမီး ရှိ ရာအရပ်သို့ သွားကြပါလော့ ” ဟု ပြောကြားခြင်းပြု၏ ။
ထိုအခါ မင်းသားတို့သည် ဖခင် ၏ စကားကို သဘောတူညီကြ၍ နောက်သုံးရက် ပြည့်မြောက်သော နေ့၌ပင် လက်နက် ၊ လေးမြားတို့ကို ယူဆောင်လျက် မင်းသမီး ရှိရာသို့ သွား ကြ၏ ။ မင်းသားညီနောင် တစ်စုသည် ထီးနန်းမှ ထွက်ခွာလာပြီးနောက် မင်းသမီး ရှိရာအရပ်သို့ မရောက်မီ ဟိမဝန္တာတော ၏ အဝင်သို့ ရောက်ရှိကြသည့်အခါ တောရသီတင်း ဆောက်တည် ခြင်းပြုသော ရသေ့သူမြတ် တစ်ပါးနှင့် ဆုံမိ၏ ။ ထိုအခါ မင်းသားညီနောင် တို့သည် ရသေ့မြတ် အား ပူဇော်ကန်တော့ကြသော် ရှင်ရသေ့ က “ အသင်မင်းသား ညီနောင်တို့ ၊ ဤတောအရပ် သို့ အဘယ်ကိစ္စနှင့် လာကြသနည်း ” ဟု မေးမြန်း၏ ။
“ အရှင်သူမြတ် ၊ ဘုန်းကျက်သရေနှင့် ပြည့်စုံသော မင်းသမီးချောအား ဆောင်ကြဉ်း ရန်လာပါသည် ” ဟု မင်းသားတို့ က ဆို၏ ။
ထိုအခါ ရသေ့သူမြတ် က ဤသို့ပြော၏ ။ “ အသင်မင်းသားတို့ ၊ ထို မင်းသမီးသည် တစ်ခုသော သမုဒ္ဒရာ၏ အလယ်၌ ဘုံပြဿဒ်နှင့် စံနေရာ ထို သမုဒ္ဒရာရေ၌ ခြေလက်ထိမိချမိ အပ်သည်ရှိသော် ထိုသူသည်ကျောက် ၊ ကျောက်သားလည်းဖြစ်ရာ၏ ။ ထိုမှ လွန်မြောက်ပါလျှင် လည်းမင်းသမီး ၏ ဗိမာန်တွင် တံခါးကိုးခု ရှိသည်ဖြစ်၍ တံခါးတစ်ခုစီ တွင် ဘီလူးကိုးယောက် တို့သည် စောင့်ကုန်၏ ။ ထိုသူတို့ ကား မည်သည့် ပုဂ္ဂိုလ်ကိုမျှ အသက်ချမ်းသာ ပေးသည်မရှိ ၊ မင်းသမီး ၏ အမိန့် တစ်စုံတစ်ရာ မရပါဘဲ သွားရောက်ခဲ့သော် ထို အစောင့်တို့သည် ခြေနှစ်ချောင်း ကို ကိုင်လျက် သမုဒ္ဒရာ တွင်းသို့ ပစ်ချသည်သာတည်း ” ဟု အမိန့်ရှိ၏ ။
သို့ရာတွင် မင်းသားညီနောင် တို့သည် ထိုည ရသေ့မြတ် ၏ ကျောင်းသင်္ခမ်း၌ပင် တစ်ညအိပ်ကာ နောက်တစ်နေ့ မိုးသောက်ချိန်၌ ရှေ့ခရီးကို ဆက်လက်ကြရန် ပြင်ဆင်ကြပြီး နောက် ရသေ့သူမြတ် အား ရှိခိုးဝပ်တွားကြကာ ၎င်းတို့၌ ပါလာသော သစ်သီးဝလံ တို့ကို ဆက် ကပ်၏ ။ ထိုအခါ ရှင်ရသေ့ သည် လည်း မင်းသားတို့ အား ဤသို့ မိန့်၏ ။ အသင်မင်းသားတို့ ၊ အသင်တို့သည် ရှေးဘုန်းကံ အလျောက် ကျွန်ုပ် နှင့် တွေ့ဆုံမိကြသည်သာတည်း ။ သို့ကြောင့် သင်တို့သည် ကျွန်ုပ်ထံ၌ လိုအပ်သော ဆု တစ်ဆုစီကို တောင်းဆိုကြလော့ ” ဟု မိန့်လျှင် အကြီး မင်းသား သည် နတ်မြင်းပျံ ကို လည်းကောင်း ၊ ဒုတိယမင်းသား သည် သုံးဂါပုတ်ခရီး ကို ခုန်နိုင်ရန် လည်းကောင်း ၊ တတိယမင်းသား သည် ပန်းရထားပျံ ကို လည်းကောင်း ၊ စတုတ္ထမင်းသား သည် မြေ၌ ငုပ်လျှိုး သွားလာသော အတတ် ကိုလည်းကောင်း ၊ ပဉ္စမမင်းသား သည် ရေ၌ သွားလေသော် အန္တရာယ် မရှိသော အတတ် ကို လည်းကောင်း ၊ ဆဋ္ဌမမင်းသား သည် ရန်သူ ကို မြင်ရုံမျှနှင့် ပစ်စွမ်းနိုင်သည့် လေးစကြာ ကို လည်းကောင်း ၊ သတ္တမမင်းသား ဖြစ်သော ညီတော်အငယ်ဆုံး ကား “ အသံ ကြားလျှင် သနားပါစေ ၊ မျက်နှာ မြင်ရုံမျှဖြင့် ချစ်ခင်ကြပါစေ ” ဟူသော မေတ္တာဆု ကို လည်းကောင်း တောင်းဆိုကြ၏ ။ ထိုသို့ အသီးသီး တောင်းဆိုကြပြီးနောက် ရှေ့ခရီးဆက်ရာ မင်းသမီး နေရာ သမုဒ္ဒရာ သို့ ရောက်ကြ၏ ။ သမုဒ္ဒရာ အလယ်မှ မင်းသမီး ၏ ဘုံဗိမာန် ကို တွေ့ သော်လည်း ရေကာဆီး နေ၍ မသွားနိုင်သဖြင့် အစ်ကိုအကြီးဆုံး ဖြစ်သော မင်းသား က ဤသို့ ဆို၏ ။ “ ငါ့အား ရသေ့မြတ် ပေးသောဆုကြောင့် နတ်မြင်းပျံ ရပါလို၏ ” ဟု ဆိုလတ်သော် နတ်မြင်းပျံ ရှေ့မှောက်ရောက်၍ မင်းသမီး ရှိရာ ဗိမာန်သို့ စီး၍သွားရာ အစောင့်ဘီလူး တို့ တွေ့သည် ဖြစ်၍ ခြေနှစ်ချောင်း ကိုဆွဲကိုင်ကာ သမုဒ္ဒရာ တွင်းသို့ ပစ်ချလိုက်၏ ။
ဒုတိယမင်းသား ကား ခရီးသုံးဂါဝုတ်မျှ ကွာဝေးသော မင်းသမီး ၏ ဗိမာန် သို့ ခုန်လျက် သွားဘိ၏ ။ သို့ရာတွင် အစောင့်ပြိတ္တာ တို့က ဆီး၍ တွန်းချ သဖြင့် ရေတွင် ကျကာ သေဆုံးပြန်၏ ။
တတိယမင်းသား ကား ပန်းရထားနှင့် သွားပြန်၏ ။ အစောင့်ဘီလူး တို့ ဆွဲ၍ဖျက်ဆီး သဖြင့် ရေတွင်ကျကာ သေဆုံးပြန်၏ ။
စတုတ္ထမင်းသား ကား မြေမှ ငုပ်လျှိုး၍ သွား၏ ။ သို့ရာတွင် မြေမှ ပေါ်သည့်အခါ ရေ နှင့် ထိသောကြောင့် ကျောက်ရုပ် ဖြစ်လေ၏ ။
ပဉ္စမမင်းသား ကား ရေပေါ်မှ လျှောက်၍ သွားလတ်သော် မင်းသမီး နေရာ ဗိမာန် သို့ ရောက်၏ ။ သို့ရာတွင် အစောင့်အရှောက်တို့ ဝိုင်းဝန်း ရိုက်ပုတ် သဖြင့် သေဆုံးရလေ၏ ။
ဆဋ္ဌမမင်းသား ကား အစောင့်ပြိတ္တာ တို့ကို လေး နှင့် မြား ဖြင့် ပစ်ခွင်းခိုက် နတ်ဘီလူး တို့ တိုက်ခိုက်၍ သေရပြန်၏ ။
သို့နှင့်သာပင် နောင်တော် ဖြစ်သော မင်းသားခြောက်ဦး တို့သည် ဗိမာန်စောင့်နတ် ဘီလူး ၊ ပြိတ္တာ ကြောင့် သေဆုံးရ ပြီးနောက် ညီအငယ်ဆုံး ဖြစ်သော သတ္တမမင်းသား သာလျှင် ကျန်ရစ်၏ ။ ထိုအခါ ဘုန်းတန်ခိုးရှိသော မင်းသမီး ၏ ဘုံဗိမာန် ကို စောင့်အပ်သည့် နတ်ဘီလူး တို့သည် ဗိမာန်ရှိရာ အရပ်မှ မင်းသားရှိရာ အရပ်သို့ လာ၍ မင်းသား အား ဝိုင်းဝန်းထားလျက် “ အသင်မင်းသား အသင်သည် အဘယ် အကြောင်းကြောင့် ဤအရပ်သို့ လာလေသနည်း ”
ထိုအခါ မင်းသား က ဤသို့ ဆို၏ ။
“ အသင် နတ်ဘီလူးတို့ ၊ ကျွန်ုပ် သည် သင်တို့၏ ဘုန်းရှင်သခင်မ ၏ သတင်းကို ကြားရ သည့်အခါ မှစ၍ မေတ္တာဓာတ် သက်ဝင်လှသဖြင့် သူ့အား ဆောင်ကြဉ်းရန် လာခဲ့ပါသည် ၊ ကျွန်ုပ် အား သနားကြင်နာသော စိတ်ဖြင့် အသင်တို့ သခင်မ ရှိရာ အရပ်သို့ အရောက်ပို့လျက် ကူညီခြင်းသမှု ပြုကြပါလော့ ” ဟုဆို၏ ။
ထိုအခါ နတ်ဘီလူး တို့သည် မင်းသား အား ချစ်ခင်သနားကြသည် ဖြစ်၍ ဤသို့ဆို ကုန်၏ ။ “ အသင်မင်းသား ၊ အသင့် အား တွေ့သော ခဏ၌ပင် ကျွန်ုပ်တို့ သည် သနားကြင်နာ မေတ္တာသက်ဝင် ကြ၏ ။ ထို့ကြောင့် မင်းသမီး ရှိရာ ဗိမာန်သို့ အသင့် အား အရောက် ပို့ဆောင်ပါ မည် ။ သို့ရာတွင် တံခါးပေါက် ကိုးခု ၌ စောင့်သော ပြိတ္တာတို့ ကား ဆိုးဝါးလှ၏ ။ ထိုအရပ် သို့ ရောက် လေလျှင်မူ ပြိတ္တာတို့ အား တောင်းပန်တိုးလျှိုးကာ တံခါးပေါက် အထပ်ထပ် သွားလေလော့ ဟု မှာကြားလျက် မင်းသားငယ် အား ဘုံနန်းပြဿဒ် သို့ ချီပိုး၍ ပို့ဆောင်ကြ၏ ။
မင်းသားငယ် လည်း ကိုးပေါက်သော တံခါးတို့တွင် ရှိကုန်သော ပြိတ္တာအသီးသီး တို့ ကို ချစ်ခင်နှစ်သက်ဖွယ်သော စကားတို့ ကို ဆိုလျက် ဝင်လတ်လေသော်နောက်ဆုံး၌ မင်းသမီး အဆောင်တော် သို့ ရောက်ရှိလေရန် အထိန်းတော်များ စောင့်သည့် တံခါးသို့ ရောက်၏ ။
ထိုအခါ မင်းသားငယ်သည် ရှေးနည်းအတိုင်း ချစ်ဖွယ်သော စကားတို့ ကိုသာ ပြော ဆိုလျက် အထိန်းတော်တို့ အား ခွင့်ပန်ကြားလျက် ဝင်ရောက် သွားလေသော် မင်းသမီး ရှိရာ အဆောင်သို့ ရောက်လေရာ မင်းသမီး အားလည်း ရှေးနည်းအတိုင်း ချစ်ဖွယ်သော စကားတို့ကို ပြောကြား၏ ။ နောင်တော်အကြီးဆုံး ဖြစ်သော မင်းသား ကျန်ရစ်သည့် နတ်မြင်းပျံ ကို မင်းသမီး နှင့် အတူ စီးနင်းကာ ရသေ့သူမြတ် ရှိရာ အရပ်သို့ လည်းကောင်း ၊ ဖခင် စိုးစံရာ တိုင်းပြည်နိုင်ငံသို့ လည်းကောင်း ပြန်ခဲ့လေ၏ ။
သို့နှင့်ပင် နောက်ဆုံး၌ အငယ်ဆုံး ဖြစ်သော မင်းသားကလေး မှာ လူအများ ၏ ချစ် ခင်သနားမှု ကို ခံယူရရှိလျက် ဖခင် ၏ ပိုင်ဆိုင်ရာ ဖြစ်သော ထီးနန်းရပ်တို့ကို လက်ဝယ် ရရှိကာ တိုင်းပြည် အုပ်ချုပ်ရသော ဘုရင်မင်းဧကရာဇ် အဖြစ်ကို ချောမောစွာ ရောက်ရှိလျက် နန်းစံခြင်း ပြုရလေသည် ။
⎕ လွမ်းမွန်လေး ( မန္တလေး )
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ နိုဝင်ဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment