Sunday, September 22, 2024

မြတ်ပန်းသစ္စာ




 

❝ မြတ်ပန်းသစ္စာ ❞

မြတ်ပန်းသစ္စာ ဥယျာဉ်ခြံ ဆိုတာ ရှမ်းပြည်နယ် နောင်ချို ရပ်စောက် ဖြတ်လမ်း ပေါ်မှာ ရှိတယ် ။ ဥယျာဉ်ခြံ က အကျယ်ကြီး ၊ ခြံဝင်းလမ်းကလေး ဘေး မှာ ထင်းရှူးပင်တွေ ၊ ဝက်သစ်ချပင်တွေ ရှိတယ် ၊ လမ်းကလေး က မြေနီလမ်းကလေး ၊ ရွှန်းစိုတဲ့ နှင်းဆီပန်းတွေ ၊ ပဲပန်းရောင်စုံတွေ နဲ့ ခြံဝင်းလမ်းကလေး ကလည်း သာသာယာယာပါ ။

ခြံဝင်း ထဲ ဝင် သွားရင် သစ်သီးအမျိုးစုံ ကို အချဉ် စိမ်တဲ့ စဉ့်အိုးကြီးတွေ တွေ့ရ မယ် ၊ သံပရာပင် ၊ ပင်မှည့်ပင် ၊ ကမ္ဗလာပင် ၊ မက်မွန်ပင် မက်မန်းပင်တွေ တွေ့ရမယ် ။ အရောင်စုံ သစ္စာပန်း ၊ ဒေလီယာပန်း ၊ ပန်းမုန်လာတွေ ပွင့်နေတာ လည်း မြင်ရမယ် ။ ဥယျာဉ်ခြံ က တကယ့် ကျေးလက်စတိုင် ပါ ။ သစ်ထွင်း နွားစာခွက်တွေ မှာ ခေါင်း မဖော်တမ်း အစာ စားနေတဲ့ ကျွဲကြီး ၊ နွားကြီးတွေလည်း ရှိတယ် ။ ထော်လာဂျီ ရပ် ထားတာလည်း ရှိတယ် ။

ခြံဝင်း က အေးချမ်း တိတ်ဆိတ်ပြီး ငှက်မြည်သံ ၊ ကလေးသူငယ်တွေ ဆော့ကစားသံတွေ တစ်ခါတစ်ရံ ကြားရပါမယ် ။

ခြံပိုင်ရှင် က ဦးအောင်ဖေ နဲ့ ဒေါ်အေးကြင် ပါ ။ သည်ကို သူတို့ မောင်နှံ ဓားမဦးချ ရှင်းလင်း ခုတ်ထွင်ပြီး တည်ခဲ့တာ နှစ် သုံးဆယ် ကျော်ပါပြီ ။ ခြံ အကျယ် က ဧက ၄ဝ လောက်ရှိတယ် ။

ခြံ ကို သွားလည်ရင် မက်မန်းဝိုင် ကောင်းကောင်း သောက်ရမယ် ၊ ဓနုရိုးရာ အစားအစာတွေ လည်း စားပါမယ် ။

နောင်ချို ၊ ကံကြီးရွာ က မြတ်ပန်းသစ္စာ ဥယျာဉ်ခြံ ကို ရောက်ခဲ့စဉ် က ဦးအောင်ဖေ ကို သူ့ ဘဝဇာတ်လမ်း မှတ်တမ်း တင်ခဲ့ပါတယ် ။

ကျွန်တော့် ကို ၁၉၄၈ ခုနှစ် မှာ မွေးတာ ။ အဖေ က ဦးကျော်သိန်း တဲ့ ။ ကျောင်းဆရာကြီးပေါ့ ။ ကံကြီး နား က ရှောက်ခြံရွာကျောင်း မှာ အဖေ က စေတနာ့ ဝန်ထမ်း စာသင်ပေးတယ် ။ နောင် အစိုးရ ကျောင်း ဖွင့်တော့ အဖေ့ ကို ဆက် ခန့် လိုက်တယ် ။

သုံးတန်း အထိ အဖေ့ ကျောင်း မှာ ကျွန်တော် နေခဲ့တယ် ။ လေးတန်းနှစ် ရောက်တော့ အမေ က ပညာရေး ပိုကောင်းတဲ့ ပြင်ဦးလွင် ကို ပို့ပြီး ကျောင်း ထား တယ် ။ နောက်တော့ ဝေး ပါတယ်ကွာ ဆိုပြီး နောင်ချို ဟော်ကျောင်း မှာ ငါးတန်း နေရတယ် ။ ရှမ်းစော်ဘွား ရဲ့ ဟော် ကို ဘုန်းကြီးကျောင်း လုပ်ဖို့ လှူထားလို့ ဟော်ကျောင်း လို့ ခေါ်တာပေါ့ ။ ဟော်ကျောင်း မှာ ကျောင်းသား ၅ဝ - ၆ဝ လောက် ရှိတယ် ။ ဟော်ကျောင်း မှာ ရှစ်တန်း အထိ နေရတယ် ။ ကျွန်တော် က စာမေးပွဲ သိပ် မအောင်တတ်ဘူး ။ ရှစ်တန်း ကျတယ် ။ ဒါနဲ့ ပြင်ဦးလွင် ပြောင်း ပို့ ပြန်ရော ။ ပြင်ဦးလွင် မှာ လည်း ဘုန်းကြီးကျောင်း မှာဘနေရတာပဲ ။ ပြည်တော်သာကျောင်း တဲ့ ။

ကျွန်တော် က အင်္ဂလိပ်စာ အခြေခံ မကောင်းဘူး ။ ဆယ်တန်း ကို နှစ်နှစ် ဆက် ကျပြီး ညကျောင်း ဆက် တက်တယ် ။ ညကျောင်း တက်ရင်း စိတ် ကလည်း ဝေလေလေ ဖြစ်နေတာ ။ ည မှာ ညကျောင်း တက် ၊ နေ့ မှာ စာသင်ကျောင်း မှာ လုပ်အားပေး ဆရာ ဝင် လုပ်တယ် ။ လုပ်အားပေး ဆရာ ဆိုတော့ ပိုက်ဆံ မရပါ ဘူး ။ ကျောင်း မှာ ဆရာ နည်း နေလို့ ဝင် ကူတာ ။

အဲသည် အချိန်မှာ ၁၉၇ဝ ပြည့် သမဝါယမစီမံကိန်း ဆိုတာ ဖြစ်လာတယ် ။ ရွာ မှာ သမဝါယမဆိုင် ဖွင့်တယ် ။ ဆိုင်တာဝန်ခံ လိုတော့ ခေတ်ပညာ ဆယ်တန်း အထိ တတ်တဲ့ ကျွန်တော့် ကို ရွာလူကြီးတွေ က ခေါ်တယ် ။ လုပ်နိုင်ရင် ပြန်လာခဲ့ပါ ပေါ့ဗျာ ။

အမေ က တော့ စမ်း လုပ်ကြည့်ပေါ့ကွယ် ။ ခုခေတ် ကတော့ ရိုးရိုးသားသား လူ က သိပ် မရှိဘူးတဲ့ ။ အစမ်း ဆိုပြီး လုပ် လိုက်တာ ၁၉၇၁ ခု ကနေ ၁၉၈၈ ခု အထိ ၁၇ နှစ် ကြာသွားရော ။

ဆိုင်တာဝန်ခံ က လခ ၁ဝဝ ရတယ် ။ လခ က ဆန် တစ်အိတ် ၊ ဆီ တစ်ပုံး ဖိုး မကပါဘူး ရပါတယ် ။ ဆီ တစ်ပုံး မှာ ငွေ လေးဆယ် , ဆန် တစ်အိတ် က သုံးဆယ် ၊ တစ်ဝမ်းတစ်ခါး တော့ လုံလောက်ပါတယ် ။

ကျွန်တော် က ပြင်ဦးလွင် မှာ နေခဲ့ရတော့ သစ်ပင် စိုက်တာ စိတ်ဝင်စား တယ် ။ ဒါနဲ့ ခြံ လုပ်တယ် ။ မြေ က ကိုယ့် ဟာကိုယ် ရှင်းယူ ။ မနက် ဆိုင် မဖွင့်ခင် နဲ့ ညနေ ဆိုင် သိမ်းပြီး နောက် လင်မယား နှစ်ယောက် မြေရှင်းပြီး ခြံ တည်ကြတယ် ။ တစ်ကွက် စီ တစ်ကွက် စီ ချဲ့သွားတာ ။

အဲသည့် အချိန်က မြေတွေ က ပေါတော့ လူတွေ က မြေ တစ်ကွက် သုံးနှစ် လောက် လုပ်ပြီးရင် မြေဆီမြေနှစ် မကောင်းတော့ဘူး ဆိုပြီး နောက် တစ်ကွက် ပြောင်း လုပ်တာ ။ ကျွန်တော် ကတော့ မပြောင်းဘဲ နှစ်ရှည်ပင်တွေ စိုက်တယ် ။

ပထမ လေးဧက လောက် အထိ တော့ ပိုက်ဆံ မပေးရဘူး ။ ကိုယ်တိုင် ရှင်း ယူရုံပါ ။ အခု စပါးစိုက် ထားတဲ့ အကွက် ကို တော့ အရက်သမား သူငယ်ချင်း ဆီ က ငွေ တစ်ဆယ် ၊ အရက် တစ်ပုလင်း ပေးပြီး ဝယ်ရတာ ။ သူ စ ရှင်းထားတဲ့ အကွက် ကို အရက် သောက်ချင်လို့ လွှဲပေးတာ ။

နောက် ငါးဧက လောက် ရှိတဲ့ တစ်ကွက် ကိုတော့ မောင်ဗမာစက်ဘီး တစ်စီး နဲ့ ငွေကျပ် ၅ဝဝ ပေးရတယ် ။ နောက် တစ်ကွက် ကျ ကျပ် ၁၅၀၀ ၊ နောက် တစ်ကွက် ကျ ကျပ် ၄၅၀၀ ၊ ဈေး က ကြီးကြီး သွားတယ် ။ အခုတော့ ဧကလေး ဆယ်လောက် ရှိတယ် ။ တစ်ကွက် ကတော့ ကောင်လေး တစ်ယောက် က သူ ရှင်း ထားတာ ငွေ လေးရာ နဲ့ လာရောင်းတယ် ။ ဂျင်းဘောင်းဘီ ဝယ်ချင်လို့တဲ့လေ ။

အပင်တွေ ကလည်း အစုံ စိုက်တာ ၊ မက်မန်း ၊ မက်မွန် ၊ လက်ဖက် ၊ တညင်း ၊ ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ် ၊ သစ္စာပန်း ၊ ကော်ဖီ လည်း စိုက်ခဲ့တယ် ။ အပင်တွေ ထောင်ချီပြီး တစ်တောကြီး စိုက်ခဲ့တာ ။ ကော်ဖီခေတ် တော့ ရောက်ပြီ ဆိုပြီး ချလိုက်တာ ။ ပျိုးပင် လုပ်တဲ့ လူတွေ က ပျိုးအိတ် ထဲ အမြစ်တွေ ခွေခေါက် ထည့်လို့ ဆိုလားပဲ ၊ နှစ်နှစ် သုံးနှစ် တော့ စိမ်းစိမ်းစိုစို ပဲ နောက်တော့ မဖြစ်ဘူး ။ အပင် က သေသွားတာ လည်း မဟုတ် ၊ တစ်ပင် ကို လေးငါးဆယ်လုံး ပဲ သီးတာ ။ အတွေ့ အကြုံ ရှိတဲ့ လူ က ခင်ဗျား ဟာ တွေ တူးသာ ပစ်လိုက်တဲ့ ။ ကော်ဖီ တော့ နောက် ဘဝ အထိ ဆလံ ပဲ ။

အပင် အသီး မြင်ရင် စိတ်ချမ်းသာ လို့ သာ စိုက်တာ ။ သိပ် နားမလည်ဘူး ။ မက်မန်းတွေ စိုက်တော့ နွားချေးတွေ ချတယ် ။ အပင်တွေ က သေတယ် ။ ခြတွေ ကိုက် လို့လေ ။ နောက်မှ မြေအောင်း ပိုးသတ်ဆေး ထည့်ရတယ် ဆိုလို့ ဖြူး မှ ဟန်ကျ သွားတာ ။

မက်မန်း လည်း စိုက်တယ် ။ အသီးတွေ ဖြစ်လာတော့ ကျောက်မဲ က လာ ဝယ်တယ် ။ တစ်လုံး မှ သုံးပြား ပဲ ပေးတာ ။ ကျွန်တော် က လည်း ရောင်းတာပဲ ။ ဈေးကွက် မရှိဘဲ စ စိုက်ခဲ့တာ ။ အသီး မြင်ရရင် ပြီးရော စိုက်ခဲ့တာကိုး ။

ကံကြီးရွာ ထဲ မှာ နေတဲ့ တရုတ်မကြီး တစ်ယောက် ရှိတယ် ။ သူ က မက်မွန်သီးယို လုပ်တယ် ။ ပုလင်းကလေး နဲ့ထည့်ပြီး တစ်ခြမ်း ငါးပြား ၊ ဆယ်ပြား ရောင်းတာ ။ ကျွန်တော် က ဝါသနာ ပါတော့ ဘယ်လို လုပ်သလဲ မေးတယ် ။ သူ က ပြပေးတယ် ။ လက်တွေ့ လုပ်ကြည့်တော့ ပျက်တာ ခပ်များများ ပေါ့ ။ မှိုတွေ တက်တဲ့ အခါ တက် ။

ကျွန်တော့် အမျိုးသမီး က ခဏခဏ အော်တယ် ။ ခင်ဗျား ဟာ က ပိုက်ဆံ ဖြုန်းတာကြီးပဲ တဲ့ ၊ နောက် မလုပ်ပါနဲ့ အသီးစိမ်း ပဲ ရောင်းပါတဲ့ ။ ကျွန်တော် က စာအုပ်တွေလည်း ဖတ်တယ် ။ ဟုတ်သေးပါဘူး ။ နည်းလမ်း ရှိရမှာပေါ့ ။ နောက်ကျ အထားခံဆေး ဆိုတာ တွေ့လာတယ် ။

ရာသီသီးနှံ ထဲ မှာ သစ္စာပန်း က ပင်တိုင် စီးပွားရေးပဲ ။ အရင် က ကံကြီးနီ ဆိုတာ တစ်မျိုးတည်း ၊ အခုတော့ ခေတ်မီပြီး အမျိုးစုံ ပေါ်လာပြီ ။ တကယ်တော့ ပန်း ဆိုတာ ကုန်စိမ်း ပဲ ၊ လမ်း မှာ ကားပျက်လို့ ပန်းတွေ လောင်ကုန် တာ ပျက်ကုန် တာလည်း ရှိတယ် ။

ပန်း ရောင်းတာ က မန္တလေးပွဲရုံတွေ မှာ ရောင်းတာ ။ လူ မမြင်ဖူးဘဲ နဲ့ ဘယ် ပွဲရုံ ကောင်းသလဲ မေးပြီး ချခိုင်းတာပဲ ။ ဟိုဘက် ကလည်း ငွေ နဲ့ စာရင်း နဲ့ ပြန် ရှင်းပေးတာ ။ ပွဲရုံတွေ က ပေးချင်တဲ့ ဈေး ပေးတာပေမယ့် သူတို့ က ဖြုန်းပေးတယ် ဆိုပြီး ကျွန်တော် တို့ က ကျေးဇူး တင်နေရတာ ။

သစ်သီးမျိုးစုံ ယိုလုပ်ငန်း ကတော့ နှစ်ပေါက် လုပ်တာပေါ့ ။ မက်မန်းသီး ၊ မက်မွန်သီးယို ၊ သံပရာယို အစုံပဲ ။ သံပရာယို လုပ်တော့ သံပရာရည်တွေ ထွက်လာတယ် ။ ဘေးထွက်ပစ္စည်း ဆိုတော့ သံပရာရည်တွေ ဈေးပေါပေါ နဲ့ ပုလင်းကြီး တစ်ပုလင်း သုံးရာ နဲ့ ရောင်းတယ် ။

ပြင်ဦးလွင် သခင် ရေးတဲ့ စာအုပ် တစ်အုပ် ဖတ်ပြီး မက်မန်းသီးယို ၊ မက်မန်းဝိုင် လုပ်တယ် ။ စာအုပ် က ၁၉၆၁ ခုနှစ် လောက် က ရေးတဲ့ စာအုပ် ခုချိန် အထိ ခေတ်မီ နေသေးတယ် ။

ကျွန်တော် ခြံ တည်ခဲ့တာ နှစ်သုံးဆယ် ကျော်သွားပြီ ။ စိုက်ပျိုးရေး ပညာ ရယ် ဘာရယ် မသိဘဲ မျက်စိ အမြင် နဲ့ လေ့လာလို့ သိတာ နဲ့ စ လုပ်ခဲ့တာ ။ နောက် စာအုပ်တွေ ဖတ်တယ် ။ ယခုတော့ အိမ်တွင်း စက်မှုလက်မှုဌာန က ဖွင့်တဲ့ သင်တန်းတွေ သွား တက်ပြီး ပို ခေတ်မီအောင် ကျွန်တော် ကြိုးစားနေတာပဲ ။

⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment