❝ ဂဏန်းတွက်စက် ပျက်နေသည် ❞
“ ဟယ် ဖိုးမဲ နင် ဘယ်တုံး က ရောက်နေ ”
“ မနေ့ ညနေ က ရောက်တာ မမ ၊ မမ ဖို့ တောင် မန်ကျည်းသီး တွေ ပါခဲ့သေးတယ် ”
မန်ကျည်းသီး လွယ်အိတ် မြင်သော အခါ မမ ၏ မျက်နှာ သည် ဝင်းကနဲ လက် သွားလေ၏ ။ ( တပ်မက်တဲ့ လောဘ ဗျ ၊ ဝယ် မစားနိုင်တာ လဲ မဟုတ် ) ။
ဖိုးမဲ ဆိုတာ က ရွာ မှာ အခြေခံ အကျဆုံး လူတန်းစား ၊ ရေထမ်း ရောင်းတယ် ၊ မြေကြီး ပေါက်တယ် ၊ ဝါးခုတ်တယ် ၊ ထင်း ထမ်းတယ် ။
မမ က အောင်လံ မှာ ၊ သူ က ရွာ မှာ ၊ ဘာမှ ဆွေမျိုး မတော်ဘူး ။ ဒါပေမဲ့ ကျွန်တော့် အစ်မ ကို မမ လို့ ပဲ ခေါ်တယ် ။ အခု လည်း ရွာလယ် မန်ကျည်းပင် တက် လှုပ် ၊ မန်ကျည်းသီးတွေ ကောက် ပြီး မမ ကို လာပေးတာ ။
မမ က သူ့ ကို ဘာ ခိုင်းရပါ့ မလဲ စဉ်းစားနေပုံ ရတယ် ။ ခဏ ကြာမှ ... ။
“ ဖိုးမဲ ရေစည် သွားတွန်း ချေပါလားဟာ ”
“ ဟာ မမ က လဲ မြစ် နဲ့ အနီးကလေးပဲ ဟာ ဘာလို့ ပိုက်ဆံ အကုန် ခံပြီး ရေဝယ် နေမလဲ ၊ မြစ် ထဲ ဆင်း ခပ် လိုက်မှာပေါ့ ”
“ အင်း ကောင်းသားပဲ ၊ ဟိုမှာ ရေအိုး သွား ထမ်းချေပါဟယ် ”
“ ရေအိုး နဲ့ က ရေ အပါ နည်းတာပေါ့ မမ ၊ ပုံး နှစ်လုံး နဲ့ ထမ်း တာ ပို မကောင်းဘူးလား ”
ရေစည် မခေါ်ရ ၊ ရေစည် မတွန်းရ ၊ ရေဖိုး မပေးရဘဲ ရေ အလကား ရတော့မည် ဖြစ်သော ကြောင့် မမ မျက်နှာ အထူး ရွှင် လာလေ၏ ။ ( ရေစည် သွား တွန်း လျှင် ရေဖိုး က တစ်စည် ၅၀ ကျပ် ၊ ရေစည် ခေါ်လျှင် လာ ပို့မည် ၊ ရေ တစ်စည် ၁ဝဝကျပ် ။ )
“ သံပုံး နှစ်လုံး ပြေး ဝယ် ချည်ဟယ် ”
မမ က ခိုင်း၏ ။ ဖိုးမဲ က ပေါ့ပါးစွာ ပြေးလေ၏ ။ ဖင်ပေါ့မှုကြောင့် လည်း ရွာ မှာ လူချစ်လူခင် များ၏ ။ အရက် ပြေး ဝယ်ရမလား ။ ကြက် ပြေး ရိုက် ရမလား ။ သူ ကား တစ်ရွာလုံး ၏ လက်တို လက်တောင်း ပေတည်း ။
သံပုံး နှစ်လုံး နှင့် အပြေးအလွှား ပြန် ရောက်လာ၏ ။ အမောတကော ၊ ဟူးဟဲ ဟူးဟဲ ။
“ တစ်ပုံး ၅၀၀ တဲ့ မမ ”
“ အေး အေး ”
ဖိုးမဲ က လေးထောင့်သံပုံး ၏ ကန့်လန့် ဖြတ် နှစ်ထောင့် မှာ သစ်သား ဒေါက် တပ်၍ ရေ ဆွဲဖြစ်အောင် စီမံလေ၏ ။
ချောင်ကြိုချောင်ကြား မှ ရှာတွေ့ သော သုံးမူးလုံး သံချောင်း အတို နှစ်ချောင်း ကို ရေပုံးချိတ် လုပ် လိုက်၏ ။
“ မမ ရေ ရေပုံး နဲ့ ချိတ် က တော့ ရပြီ ၊ ထမ်းပိုး လို နေတယ် ”
“ ဘာ ခက်တာ မှတ်လို့ဟယ် ၊ ဟောဟိုမှာ ”
မမ က ခြံစည်းရိုး မှ ဝါးနက် ဝါးရုံပင်ကြီး ကို မေးငေါ့ ပြလေ၏ ။ ဖိုးမဲ က လုံးပတ် ၂ဝ လက်မ ၊ အချင်း ရှစ်လက်မ လောက် ရှိ သုံးနှစ်သားခန့် ဝါးနက် ရင့်ရင့် ကြီး တစ်လုံး ကို ခုတ်ယူပြီး အနေတော် ထမ်းပိုးတစ်ချောင်း ကို စီမံလေ၏ ။ ( ထို ဝါးလုံးကြီး ကား ၅ဝဝ ကျပ် ခန့် တန်ဖိုး ရှိလေ၏ ။ )
ထိုမှ တပြီးကား ပုဆိုး ကို တိုတို ဝတ်ကာ မြစ်ထဲ ဆင်း ရေခပ် လေတော့၏ ။ လေးငါးခြောက် ခေါက် ခပ်မိ၍ ရေစည် တစ်လုံး ပြည့်သော အခါ ခဏ အမော ဖြေ ၍ မမ ဝယ်ပေး ထားသော ဆေးပေါ့လိပ် ကို ဖွာလေ၏ ။
ထို့နောက် တစ်ဖန် ရေပြေး ထမ်း ပြန်လေ၏ ။ မကြာပါ နောက်ထပ် တစ်စည် ပြည့်လေ၏ ။
ရေ အလကား ရ၍ ဝမ်းသာ နေသော မမ သည် ဖိုးမဲ အား ထမင်းကောင်း ဟင်းကောင်း နဲ့ အကျအန တည်ခင်း ကျွေးမွေးလေ၏ ။ စေတနာ ရေစီးကမ်းပြို
လိုက် ။
မောမော ဆာဆာ နဲ့ တုတ် လိုက်ရာ ဖိုးမဲ တစ်ယောက် ထမင်း လေးပန်းကန် ချောလေ၏ ။
“ ဖိုးမဲ မပြန်နဲ့ဦးဟဲ့ ”
“ ဟုတ်ကဲ့ မမ ”
သည်လိုနှင့် ဖိုးမဲ သည် ဆယ်ရက်ခန့် အားနာပါးနာ နေပေးရလေ၏ ။ သူ့ အလုပ်ကား နေ့စဉ် ရေ နှစ်စည် ထမ်း ပေးရခြင်း ပေတည်း ။
ရေ အလကား ရ၍ ဝမ်းသာ နေသော မမ သည် ဖိုးမဲ အား ပုဆိုး ခပ်သင့်သင့် တစ်ထည် ၊ အင်္ကျီ တစ်ထည် ဝယ် ဆင်ပေး သေး၏ ။ ဆေးပေါ့လိပ် အထုပ်လိုက် ၊ ရေနွေးကြမ်း နှင့် အမြည်း အဆင်သင့် ၊ ထမင်းဟင်း အားမနာတမ်း စားလိုက်စမ်း ။
ဆယ်ရက် ပြည့် သောအခါ ဖိုးမဲ ရွာ သို့ ပြန်လေ၏ ။ မမ က ပဲလှော် တစ်ပိဿာ ( ၈၀၀ ကျပ် ) ထန်းလျက် တစ်ပိဿာ ( ၆၀၀ ကျပ် ) ဝယ်ပေး လိုက်၏ ။
“ ရွာ မှာ ရေထမ်း ရောင်းဖို့ ပုံး တွေ ယူသွားဟဲ့ ”
“ ဟုတ်ကဲ့ မမ ”
ဖိုးမဲ က သူ့ လက်စွဲတော် သံပုံး နှစ်လုံး ၊ ရေပုံးချိတ် ၊ ထမ်းပိုး တို့ ကို သယ်ဆောင်၍ ထွက်ခွာ သွားလေ၏ ။
ဖိုးမဲ ပြန်သွားသော အခါ မမ သည် လက်ချိုး ရေတွက် နေ၏ ။ စာရွက် ပေါ် မှာ ဘောပင် နဲ့ ချ ရေးနေ၏ ။ ထို့နောက် ဂဏန်းပေါင်းစက် ကို ကိုင် လေ၏ ။
ဂဏန်းပေါင်းစက် ၌ ၁၄,၅ဝဝ ဟူသော ဂဏန်း ငါးလုံး ပေါ်လာလေ၏ ။
“ ဟယ် ငါ့ ဟုတ်လှပြီ အောက်မေ့ နေတာ ”
မှန်တာပေါ့ ခင်ဗျာ ။ ရေတစ်စည် ၁ဝဝ ကျပ် ဈေး နဲ့ တစ်နေ့ ရေ နှစ်စည် ဝယ် သုံး လျှင် ၁ဝ ရက် မှာ ၂၀၀၀ ကျပ် ။
ဟင်း ဟင်း သူ့ မှာ တော့ အလကား ရပြီလို့ ထင်မှတ် နေမိပါသတဲ့ ။
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၈ ဩဂုတ်လ ၂၀၀၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment