Wednesday, September 18, 2024

စာရင်းရှိတဲ့ လူ


 

❝ စာရင်းရှိတဲ့ လူ ❞ 
━━━━━━━━━━━━
         ညိုရင့်
━━━━━━━━━━━━
သာဝင်း ဆိုတာ အုန်းတောရွာ အတွက် မှတ်မှတ် သားသား ဖြစ်စေတဲ့ လူ တစ်ယောက်ပေါ့ ။ သူ့ရဲ့ အဓိက အလုပ် က ဖဲရိုက်တာလေ ။ ဘယ် ရွာမှာ ဘယ်သူ့ အသုဘ လဲ ၊ သိချင်ရင် သာဝင်း ကို မေး ၊ မလွဲစေရဘူး ။ အုန်းတောရွာ တင် မက ( ၁၀ ) မိုင် ပတ်လည် ရွာ အားလုံး ရဲ့ အသုဘ ရက်တွေ အကုန် သိတယ် ။ သူ့ ဝါသနာ အတွက် အသုဘ ရက်တွေ မှတ်ထားတာ ကိုလည်း လူ စုမိရင် ကြီး ကြီးကျယ်ကျယ် စကားလုံးတွေ သုံးပြီး ပြောတတ်သေး တယ် ။

“ မင်းတို့ ဘာကို ဝါသနာ ပါလဲ ... အင်း ... ကိုယ် ဝါသနာ ပါတဲ့ အလုပ် ကို လုပ်တော့မယ် ဆိုရင် သေချာ စူးစိုက်ပြီး လုပ်နိုင်ဖို့ လိုတယ် ။ အဲဒီလို လုပ်နိုင်ဖို့ မှတ်တမ်း မှတ်ရာ ဆိုတာလည်း မရှိမဖြစ် လိုအပ်တာပဲ ... ဟုတ်တယ် မဟုတ်လား ”

သာဝင်း က ပြောလက်စ စကား ကို အဆုံးမသတ် သေးဘဲ မေးစေ့ အောက်က အမွေးငုတ်တိုလေး ကို ပွတ် ပြီး အိုက်တင်ခံ နေသေးတယ် ။ သူ့ စကား ကို ကြားနေကျ မို့ ထူးထူးခြားခြား စိတ်ဝင်စားတဲ့ သူ မရှိပါဘူး ။ မကောင်း တတ်လို့ နားထောင် နေတဲ့ မျက်နှာပေးတွေ နဲ့ ထိုင်နေ ကြတာပါ ။ ဒါကိုလည်း လူကဲခတ် ညံ့တဲ့ သာဝင်း က မရိပ်စားမိပါဘူး ။ ပြောလက်စ စကား ကို ဆက် ပြောဖို့ အာရုံ တစ်ခုပဲ သူ့ မှာ ရှိနေတယ် ။ နားလေး နေတဲ့ ပေစိ တစ်ယောက် တည်း ဘာ ပြောနေမှန်း မသိလို့ သိသလိုလို ယောင်တောင်တောင် နဲ့ သာဝင်း ကို သေချာ စိုက်ကြည့်ပြီး ခေါင်း တညိတ်ညိတ် လုပ် နားထောင်တဲ့ပုံ ဖမ်းနေတာ ။

“ ငါ ကတော့ ... ငါ့ ဝါသနာ အတွက် စာရင်းဇယား အပြည့်အစုံနဲ့ စာအုပ် တစ်အုပ်ကို စနစ်တကျ လုပ်ထား တယ် ။ ကတက်အိုင်ရွာ က ဒေါ်စိန်ညွန့်ကြီး ပြာသိုလ ဆန်း ( ၅ ) ရက်နေ့ မှာ ရက်လည် သွားပြီ ။ ဟိုး ... မြောက် ဘက်ရွာက ဦးကံညွန့် ပိုးထိ ဆုံးဟာ တပို့တွဲလဆုတ် ( ၇ ) ရက်နေ့ မှာမှ ရက်လည်မယ် စသည်ဖြင့် ပေါ့ကွာ ... ။ ဘယ် ရွာက ဘယ်ရက်မှာ အသုဘ ရှိတယ် ဆိုတာ အတိအကျ မှတ်တမ်းတင် ထားတာ ။ ဒါမှ ပွဲဆက် ကူးပြီး ဖဲ လိုက် ရိုက်ဖို့ အဆင်ပြေမှာပေါ့ကွ ။ ပြီးတော့ ငါ ပြုစု ထားတဲ့ စာအုပ် ထဲ မှာ မြားလေး တွေ နဲ့ လမ်းညွှန် မြေပုံလေး ကို အနီးအဝေး ပြ ပြီးတော့တောင် ဆွဲထားသေး တယ် ။ ဟုတ်တယ်လေ ။ ဒါမှ ဝေးတဲ့ ရွာ နဲ့ နီးတဲ့ ရွာ ဘယ် ရွာ ကို သွားရင် ကောင်းမလဲ ဆိုတာ စဉ်းစားစရာ မလို တော့ဘူးပေါ့ ။ အသုဘအိမ် မြန်မြန်ရောက်တော့ ဖဲရိုက်ချိန် များများ ရတာပေါ့ ။ မဟုတ်ဘူးလား ။ ဒီလို စာအုပ် မျိုး ကမ္ဘာပေါ် မှာ ရှိမယ်တောင် မထင်ဘူး ။ စာအုပ် နာမည် ကို သိချင်သေးလား ။ သာဝင်း ရဲ့ မသာစာရင်း  ...  တဲ့ .. ဟေ့ကောင် ပေစိ ငါ့ ကို ဘာလို့ စိုက်ကြည့်နေတာ လဲ ။ ဘာလဲ .. မင်း နာမည် ငါ့ စာအုပ် ထဲ ရေးစေချင်လို့လား ။ ငါ့ စာအုပ်က စာရင်း သွင်းချင် တိုင်း သွင်းလို့ မရဘူးကွ ။ စာရင်း သွင်းချင်ရင် မင်း အရင် သေပြရမယ် ။ ဘယ်လိုလဲ ... သေပြမလား .. အခု သေလိုက် ။ ငါ ...  ချက်ချင်း စာရင်းသွင်း လိုက်မယ် ဟား ... ဟား ... ဟား ... ”

သူ ပြောချင်တဲ့ စကား အရှည်ကြီး ဆက်တိုက် ပြော လိုက်လို့ သာဝင်း တစ်ယောက် နေသာ ထိုင်သာ ရှိသွားပုံ ရတယ် ။ တဟားဟား အော် ရယ်ပြီး ရွာ အလယ်ပိုင်း ကို ခြေလေး တခွင်ခွင် နဲ့ လျှောက်သွားတယ် ။ သာဝင်း စကားပြောရင် သူ့ စာရင်းစာအုပ် အကြောင်း က မပါမဖြစ် ပဲ ။ တစ်ခါတလေများ သူ့ ကို မခံချင်အောင် စ မိရင် မင်းတို့ နာမည် နဲ့ သေမယ့်ရက် ကို ကြိုတင် ရေးလိုက်မှာနော် ဆိုပြီး အတည်ပေါက် ပြောတတ်သေးတယ် ။ အုန်းတောရွာ တစ်ရွာလုံး က မသာစာရင်း စာအုပ် တစ်ကိုင်ကိုင် လုပ်နေတဲ့ သာဝင်း ကို ဘေးမဲ့ပေး ထားကြတယ်လေ ။ ကောင်းကွက်လေးတွေ ရှိနေတာလည်း ပါတာပေါ့ ။ သာဝင်း ရဲ့ ကောင်းကွက်တွေ က မညစ်တတ်ဘူး ။ ပျော်ပျော် နေတတ်တယ် ။ စလို့ နောက်လို့ လည်း ဘယ်တော့ မှ စိတ်မဆိုးဘူး ။ ဖဲ နိုင်လို့ သူ့ မှာ ငွေယားလေးများ ရွှင် လို့ ကတော့ တစ်ရွာလုံး ဘယ်သူ့ ကို တွေ့ တွေ့ တွေ့တဲ့ သူ ဗိုက် ခွေးနမ်းပြီ မှတ် ။ အဲ့ဒါကြောင့် လေတ စ်လုံး မိုး တစ်လုံး ပြောတတ်တဲ့ သာဝင်း ကို ရွာ က ကာလသား တွေ အမြင် မကပ်ကြပါဘူး ။ ရွာ ရဲ့ သာရေးနာရေး ကိစ္စ တွေ အတွက် ဆိုရင်လည်း သာဝင်း က ရှေ့ဆုံးကပဲ ။ ဘာပဲခိုင်းခိုင်း တက်တက်ကြွကြွ လုပ်ပေး နေကျလေ ။ သနား ဖို့ ကောင်းတဲ့ သူ့ အကြောင်း သိ နေတော့လည်း တစ်ရွာလုံး က ခွင့်လွှတ်ထားကြရတာပေါ့ ။ ပြောထားသားပဲ ။ သာဝင်း ဟာ သူ လုပ်ချင်ရာ ကို လုပ်ပြီး အုန်းတောရွာ က လူတွေ ကို မှတ်မှတ်ထင်ထင် ဖြစ်စေတယ်လို့လေ ။

ဖဲ နိုင်လာတဲ့ ရက်တွေ ဆို သာဝင်း  ရွာထိပ် က ဦးညိုကြီး ရဲ့ ထန်းတော မှာ တစ်ခွက်တစ်ဖလား ဝင်ပြီး သောက် တတ်တယ် ။ နဂိုက စကား များတဲ့ သာဝင်း တစ်ယောက် ထန်းရည် မူးလာပြီ ဆို စကားပေါက်ပေါက် ဖောက်နေ တော့တာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် သာဝင်း ရှိတဲ့ နေရာဟာ အုန်းတောရွာ အတွက် အမှတ်တရ ဖြစ်စရာ ကျန်ရစ်ခဲ့ တာပါပဲ ။

“ ရန်သူ တစ်ယောက် ကို ရန်သူ တစ်ယောက်က ပြု နိုင်သည်ထက် လမ်းမှား ညွှန်ကြားခံထားရသော စိတ် သည် ပို၍ ကြီးမားသော ဘေးဒုက္ခ သင့်စေနိုင်သည်လို့ ဓမ္မပဒ မှာ ဖတ်ခဲ့ဖူးတယ် ”

တသုန်သုန် တိုက်ခတ် လာတဲ့ ညနေခင်း လေအေးအေး က ထန်းရည်ရှိန် ကို ပိုတက်အောင် လုပ်ပေး သလို ဖြစ်နေတော့ သာဝင်း က ထန်းရည် လည်းသောက်  စကား လည်း ဖောက်ပြီပေါ့ ။ အုန်းတောရွာ နဲ့ ( ၃ ) မိုင် လောက် ဝေးတဲ့ နတ်ချောင်းရွာကြီး မှာ ( ၁၀ ) တန်း အထိ တက်ဖူး ပြီး ရွာဦးကျောင်း ဆရာတော်ကျောင်း မှာ အားရင် အား သလို စာတွေ အများကြီး ဖတ်ထားတဲ့ သာဝင်း ဆီ က အဲ့ဒီလို ဒဿန ဆန်တဲ့ စကားတွေ လည်း တစ်ခါတစ်ခါ ကြားရတတ်ပြန်တယ် ။ ခွက် ထဲ က လက်ကျန် ထန်းရည် ခွက် ကို မော့သောက်ပြီး သာဝင်း  စကား ဆက်ဖို့ အား ယူလိုက်တယ် ။

“ အဲ့ဒီတော့ မင်းတို့ လည်း လမ်း မမှားအောင် နေ ထိုင်တတ်ဖို့ လိုတယ် ။ ကောင်းတာ နဲ့ မကောင်းတာ ကို ခွဲခြား မြင်အောင် လုပ်ပြီး ကိုယ့် ဘဝ ကို ကောင်းတဲ့ ဘက် မှာ ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားရမယ် ။ ငါ က ဖဲရိုက်တာ ဝါသနာပါတယ် ။ တကယ်တော့ ... အဲ့ဒါ ... မကောင်းတဲ့ လောင်းကစားခြင်းပဲ ။ မကောင်းမှန်း သိ တယ် ။ ဒါပေမဲ့ ... သာဝင်း ရဲ့ မသာစာရင်း စာအုပ်လေး ရေရှည်တည်တံ့နိုင်ဖို့ ဖဲရိုက်ခြင်း အလုပ်ကို ငါဆ က်လုပ် ဖြစ်နေတာ ။ မကောင်းမှန်း သိပေမဲ့ အုန်းတောရွာ ရဲ့ ထူးထူးခြားခြား သမိုင်းဝင် လူသား တစ်ယောက် ဖြစ် အောင်လို့လေ ။ ပြီးတော့ .. ငါ့ မှာ ကျွမ်းကျင်တာ ဆိုလို့ ဒီ ဖဲရိုက်ခြင်း တစ်မျိုးတည်း ရှိတော့ ဒီ အလုပ်နဲ့ပဲ ကြိုးစား နေရတာပေါ့ ...  ဟင်း .. ဟင်း ... ဟင်း ...”

သာဝင်း က စကား ပြောရင် အဲ့ဒီလိုပဲ ကြီးကြီးကျယ်ကျယ် စကားလုံးတွေ သုံးပြီး နားထောင်တဲ့ တစ်ဖက်သူ နားဝင် ကောင်းအောင် ယုတ္တိ ရှိရှိ ၊ မရှိရှိ စိတ်ကူး တည့်ရာ ကို ပြောတတ်တယ် ။ ဖဲ နိုင်လို့ ရတဲ့ ပိုက်ဆံ ကို မနှမြောဘဲ လာသမျှလူကို ထန်းရည် တိုက်တဲ့ သာဝင်း ရဲ့ ဝိုင်း မှာ ရွာကာလသားတွေ တရုန်းရုန်း နဲ့ ပေါ့ ။ ဟုတ်သော် ရှိ မဟုတ်သော် ရှိ ရယ်စရာ ကောင်းတဲ့ သာဝင်း ရဲ့ စကား ကို အတို့အထောင် ၊ အမြှောက်အပင့်လေးတွေ နဲ့ ဘေးတီးပေးရင်း ထန်းရည် ဝိုင်း သောက်နေကြတာလေ ။ ဖြီးဖြန်း ညာဝါးပြီး သောက်နေကြတာတော့ မဟုတ်ပါဘူး ။ အုန်းတောရွာ ရဲ့ ညနေခင်း အပျင်းပြေ ပျော်စရာအ နေနဲ့ စိတ် အပန်းဖြေ နေကြတာပါ ။

“ သာဝင်း  နေ့တိုင်း ဖဲနိုင်ပါစေလို့ ငါ က တော့ ဆုတောင်းနေမှာပဲ ။ ဒါမှ ... ငါ့ ဆိုင် အရောင်းသွက်မှာ ... မင်း လို အပေးအကမ်း ရက်ရောပြီး လှူဒါန်းချင်စိတ် ရှိ တဲ့ လူမျိုး တို့ ရွာ မှာ တစ်ယောက် မှ မရှိဘူး ။ ပြီးတော့ ... မင်း ရောက် လာရင် အားလုံး ပျော်ရတယ် ။ ပြောတဲ့ စကား တွေကို နားထောင် ကြည့်တာနဲ့ မင်း ဗဟုသုတ ဘယ်လောက် ရှိသလဲ ဆိုတာ ပြောစရာတောင် မလိုဘူး ။ အဲဒါကြောင့် တစ်ရွာလုံး က မင်း ကို သံယောဇဉ် ရှိနေကြ တာပေါ့ ... ဟုတ်တယ် မဟုတ်လား ”

ထန်းရည် ရောင်းရင်း ခွက်ပုန်း ချတတ်တဲ့ ဦးညိုကြီး ရဲ့ ချီးကျူးသံ လေပြည် စကားကြောင့် သာဝင်း  မျက်နှာ မထားတတ် သလို ပုံစံမျိုး ရှက်တက်တက် ဖြစ်ပြီး လက် ထဲ က ထန်းရည်ခွက် ကို မော့ထည့်လိုက်တယ် ။ ဘေး မှာ ထိုင်ပြီး ဝိုင်း သောက်နေကြတဲ့ လူတွေ အားလုံး ဦးညိုကြီး အမေးစကား လည်း ဆုံးရော ပုတ်သင်ညို က အဖေ ခေါ်ရလောက် အောင် ခေါင်းညိတ် လိုက်ကြတာ ထန်းရည်သောက် ထားလို့ ကျိုးနေတဲ့ ဇက်တွေ ခင်းထားတဲ့ ဖျာကြမ်း နဖူးတိုက်မတတ်ပဲ ။ ဟန်ဆောင် နေတာ မဟုတ်ကြပါဘူး ။ သာဝင်း အပေါ်ထားတဲ့ စိတ်ရင်း အမှန် ကနေ ထွက်လာတဲ့ ခေါင်းညိတ် အမူအယာမျိုးတွေ နဲ့ပါ ။ ဘယ်ရလိမ့်မလဲ ...  အဲဒီလို .. သူ့ ကို သံယောဇဉ်နွယ်တဲ့ စကားသံမျိုး ကြားပြီဆိုရင် သာဝင်း ကလည်း စေတနာ ရေစီးကမ်းပြိုပြီပေါ့ ။

“ မှာချင်တာ ရှိရင် ထပ်မှာကြလေ ။ ငါ့ ကို အားမနာ နဲ့ ...  အဝသောက် ၊ အဝစား ၊ ငါ့ ကို အရမ်းချစ် .. အရမ်း သံယောဇဉ် ရှိတဲ့ အုန်းတောရွာသားတွေ ကို စိတ်ကျေနပ် အောင် ၊ စိတ်ပျော်အောင် လုပ်ပေးရမှာပေါ့ ။ အေ့ .. သူငယ်ချင်းတို့ မှာကြ သောက်ကြ စားကြ .. အသောက်လွန် ပြီး သေသွားရင်လည်း ဘာမှ အားမငယ်နဲ့ သာဝင်း ရဲ့ မသာ စာရင်းထဲ စာရင်းသွင်းခွင့် ရတယ် ဆိုပြီး ဂုဏ်ယူလိုက်ကြပေါ့ ... ရှီး ”

ထန်းရည် အပြည့် ထည့် ထားတဲ့ ခွက်ကို မော့ သောက်ပြီး စိတ်ထဲ ရှိတာ ပြောချလိုက်တဲ့ သာဝင်း စကား ဆုံးတာနဲ့ အမြည်း မှာတဲ့ အသံတွေ လက်ပံပင် ဆက်ရက် ကျသလို ဆူညံ သွားတော့တာပေါ့ ။ သူ ပြောချင်ပြီ ဆို ဘာ ကိုမှ မစဉ်းစားဘဲ ပြောတတ်တဲ့ သာဝင်း အကြောင်း ကို သိလို့လည်း ဘယ်သူက မှ စိတ်မဆိုးကြပါဘူး ။ သေတဲ့ သူ စာရင်း သွင်းခွင့် အတွက် မသာစာရင်း စာအုပ် မှာ ကိုယ်တိုင် မသေခင် ကြိုပြီး လုပ်ရတယ် ဆိုတာ ကို သာဝင်း တစ်ယောက် အုန်းတောရွာ က ပျောက်သွားချိန် ကျမှ အားလုံး သိလိုက်ကြတာ ။ ဘာပဲဖြစ်ဖြစ် ... မင်း ကို တစ်ရွာလုံး က သံယောဇဉ် ရှိနေကြတာပေါ့ ဆိုတဲ့ ဦးညိုကြီး ရဲ့ ကရုဏာစကား ဟာ သွေးသားရင်းချာ ဆိုလို့ တစ်ယောက် မှ မရှိတဲ့ သာဝင်း ရဲ့ ရင် ကို ထိစေခဲ့တာပဲ ။ ဘယ်လောက်တောင် ထိ သလဲတော့ မသိဘူး ။ အုန်းတောရွာ ထန်းတော မှာ ထန်းရည် အသောက် လွန်ပြီး အန်လိုက် ဘာများ သာဝင်း ကို မနည်း နှာနှပ် ယူလိုက်ရရော ။ အဲဒီလို ပြောစရာ လုပ်ရပ်တွေ လည်း သာဝင်း က အုန်းတောရွာ မှာ ချန်ထားပေးခဲ့တယ်လေ ။

•••••   •••••   •••••

သာဝင်း ဘဝ က သနားဖို့ ကောင်းတယ် ။ သူ့ ကို မွေး တဲ့ မီးတွင်း ထဲ မှာပဲ သူ့ အမေ ကွယ်လွန် သွားခဲ့တယ် ။ သူ့ အဖေ က အုန်းတော နဲ့ နတ်ချောင်းရွာ နှစ်ရွာ ကို ခေါက်ပြန်ပြေးတဲ့ ကားနောက်လိုက် လေ ။ သာဝင်း  တစ်နှစ် သားလောက် မှာ သူ့ အဖေ လည်း ကားပေါ် က ပြုတ်ကျပြီး ဆုံးပြန်ရော ။ အုန်းတောရွာ မှာ သာဝင်း အဖေ ရော အမေ ပါ ဆွေမျိုးရင်းချာ တစ်ယောက် မှ မရှိတော့ ရွာဦး ကျောင်း ဆရာတော် က သနားပြီး မွေးစား လိုက်ရတာပေါ့ လေ ။ သာဝင်း  စာ သင်ရမယ့် အရွယ် ရောက်တော့ လည်း ဆရာတော် က ရွာကျောင်း မှာ စာ သင်ပေးခဲ့တယ် ။ သာဝင်း က စာဖတ် ဝါသနာ ပါတယ် ။ စာစုံ လည်း ဖတ် ဘယ် ။ အတွက်အချက် ဝါသနာ ပါပြီး တော်လည်း တော် တော့ ဆရာတော် က တပြုံးပြုံးနဲ့ပေါ့ ။ မူလတန်း ၊ အလယ်တန်း ၊ အတန်း အားလုံးကို ထူးထူးချွန်ချွန် အောင် တော့ အထက်တန်းကျောင်း ရှိတဲ့ နတ်ချောင်းရွာကြီး မှာ ဆရာတော် က ဆက် ထားပေးတယ် ။ ငယ်ငယ် ကတည်း က သင်္ချာဘာသာ ဝါသနာ ပါလို့လား မသိဘူး ။ အပေါင်း အနုတ် ကျွမ်းကျင်တယ် ။

အဲဒါကြောင့် အခု အပေါင်းအနုတ်နဲ့ ဆက်စပ် နေတဲ့ ဖဲရိုက်တာ ကို သဲသဲမဲမဲ လုပ်နေတာ နေမှာ ။ အတန်းကျောင်း ( ၁၀ ) တန်း အထိ တက်ခဲ့ဖူးပြီး ဗဟု သုတ လည်း ကြွယ်တော့ တစ်ရွာလုံး က သာဝင်း ကို သူ တို့ မသိတာ ရှိရင် မေးကြမြန်းကြ တာပေါ့ ။ မေး သာ မေးကြတာ သာဝင်း ပြောတဲ့ အတိုင်း လုပ်တဲ့ သူ က ခပ် ရှားရှားပါ ။

သာဝင်း ( ၉ ) တန်း အောင်ပြီး ( ၁ဝ ) တန်း တက်ခါ စမှာ ရွာဦးကျောင်း ဆရာတော် ပျံလွန်တော် မူတယ်လေ ။ သူ့ ရဲ့ ကျေးဇူးရှင် ဆရာတော် အတွက် ဝမ်းနည်းလို့ ဘုန်းကြီးကျောင်းရဲ့ ကျွန်းတိုင်လုံးကြီး ကို ခေါင်း နဲ့ တိုက်တိုက် ပြီး ငိုလိုက်တာ ဘယ်သူမှ ဝင် ဆွဲလို့ကို မရဘူး ။ ခေါင်း ပေါ် က ကျလာတဲ့ သွေးတွေ ပါး ပေါ်က မျက်ရည်တွေ နဲ့ ရောကုန်တဲ့ အထိပဲ ။ ငိုရင်းမတ်တတ် သတိလစ် သွားလို့ ရွာ ရဲ့ ဆေးဆရာကြီး အဘမောင် ကို အပြေးအလွှား ခေါ် ပြီး ကုလိုက်ရသေးတယ် ။ သာဝင်း ခမျာ ငယ်ငယ်ကလေး ကတည်းက မိဘ ဆိုတာကို မသိလိုက်ရလို့ အလိုလို နေရင်း သူ့ ဘဝ ကို အားငယ်ဝမ်းနည်းနေတာ ။ အခုလည်း သူ့ ဘဝ ရဲ့ တစ်ဦးတည်းသော အားထားမှီခိုရာ ဖြစ်ပြီး သူ အရမ်း သံယောဇဉ်ကြီးတဲ့ ရွာဦးကျောင်း ဆရာတော် မရှိ ပြန်တော့ သူ့ ဦးနှောက် နဲ့ နှလုံးသား က ခံနိုင်ရည် မရှိရှာ တော့ဘူး ။ စိတ်တအား ထိခိုက်ရင် ဖြစ်တတ်တဲ့ သည်းခြေပျက် တဲ့ ရောဂါ ရနေပြီ လို့ အဘမောင် က ပြော ပြတယ် ။ အဘမောင် စကားကို ကြားလိုက်ရတဲ့ ရွာသား တွေ သာဝင်း အတွက် စုတ် တသပ်သပ်ပေါ့ ။ ဘုန်းကြီးပျံ ရက် အတွင်း အိပ် လည်း မအိပ်ဘူး ။ အစား လည်း ဟုတ်တိ ပတ်တိ မစားဘူး ။ သူ့ ရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောပါပြီဆိုပြီး ဦးညိုကြီး ထန်းတော ထဲ မှာ ငိုနေတာ ရက်ဆက်ပဲ ။ တစ်ရွာလုံး က ဖျောင်းဖျပေမဲ့ သာဝင်း က မျက်လုံးကြီး ပြူးပြီး ပြန်ကြည့်ရုံ က လွဲပြီး ဘာမှကို ပြန် မပြောတော့ဘူး ။ ကျောင်း လည်း ပြန်တက် ခိုင်းလို့ မရတော့ဘူး ။ တစ်ယောက် တည်း ငူငူကြီး ထိုင်ရင်း စကားတွေ ပြောနေတဲ့ သာဝင်း ကို ရွာ ထဲ မှာ တွေ့ ရတော့တာပဲ ။ သူ့ ကို ချော့ပြီး မြို့တက် ဆေးကု တာ ခဏခဏပဲ ။ ဒါပေမဲ့ ထူးထူးခြားခြား ဘာမှ မပြောင်းလဲတော့ တစ်ရွာလုံး က သနားပေမဲ့ ဒီ အတိုင်းကြည့် နေရတော့တာပဲ ။ ဆက်ပြီး ကုဖို့ ပိုက်ဆံ မတတ်နိုင်တာ လည်း ပါတာပေါ့လေ ။ အခုချိန်ထိ အဘမောင် ပေးတဲ့ ဆေး ကို သောက်ပြီး သာဝင်း အနေအထား က ဟုတ်နေ တာပဲလို့ ပြောရတော့မှာပေါ့ ။

•••••   •••••   •••••

အဲဒီအချိန် က စပြီး သာဝင်း ဟာ သူ ဝါသနာ ပါတဲ့ ဖဲ နေ့တိုင်း ရိုက်နိုင်ဖို့အတွက် သာဝင်း ရဲ့ မသာစာရင်း စာအုပ် ကို နိစ္စဓူဝ ကြိုးစား ပြုစုတော့တာပဲ ။ သူ့ ကို နားလည်မှု ရှိတဲ့ အုန်းတောရွာ ကို လည်း သာဝင်း က သံယောဇဉ် အရမ်းရှိတော့ ရွာက လူတွေ သာဝင်း ဆိုရင် ဘယ်အချိန် ဖြစ်ဖြစ် ဖက်လဲတကင်း ရှိနေတတ်ကြတာပဲ ။ ခုလည်း ကြည့် ... ရွာလယ်ပိုင်း က ကုန်စုံဆိုင်ပိုင်ရှင် ဦးလေးအောင် ရဲ့ အလှူည ချက်ကြပြုတ်ကြ နဲ့ လူစုံတဲ့ အချိန် သာဝင်း ရောက်ချ လာတယ် ။ အိမ်ရှေ့ ကွပ်ပျစ်ဝိုင်း မှာ ထိုင်နေတဲ့ လူကြီးဝိုင်း ကို ရှောင်ပြီး ရွာကာလသား တွေ စုရုံးစုရုံး ရှိနေတဲ့ နောက်ဖေး ခြံထောင့် က မန် ကျည်းပင် အောက် ကို သုတ်သုတ် နဲ့ လျှောက်သွားတော့ တာပဲ ။ အဲဒီမှာ သူတစ်ဖက်သတ် ကြိုက်နေတဲ့ ရွာ အရှေ့ ပိုင်း က ကွမ်းတောင်ကိုင် အပျိုချော ခင်မေ ပါတဲ့ အုပ်စု ရှိနေတာ သာဝင်း  သိထားပြီးသားလေ ။

“ ဟေ့ကောင် သာဝင်း  ဒီဘက် ကို လာ ၊ မင်း အတွက် ထင်းတွေ ချန် ထားတယ် ။ မင်း ရဲ့ အားကိုးလောက်တဲ့ ဗလကြီး နဲ့ ရွာ ရဲ့ အပျိုချောတွေ ရှေ့မှာ အစွမ်း ပြလိုက်ပါ အုံး ”

ရွာကာလသားခေါင်း မြမောင် ရဲ့ လှမ်း အော်ပြောသံ ကြောင့် ကြက်သွန် လှီးနေတဲ့ ခင်မေ့ ကို တစ်ချက် ခိုးကြည့် ရင်း ထင်းတွေ ပုံထားတဲ့ ဘက် ပုဆိုးတိုတို ဝတ်ပြီး သာဝင်း တစ်ခါတည်း ကို တန်း သွားတော့တာပဲ ။ ထင်းခွဲ တဲ့ နေရာရဲ့ တည့်တည့်မှာ အလှူ လာ ကူတဲ့ ခင်မေ တို့ ရွာ အပျိုတွေ ရှိနေတာ ကလည်း ထင်းခွဲချင်စိတ် ကို ပိုပြီး တွန်းအား ပေး နေသလို ဖြစ်နေတာပေါ့ ။ သာဝင်း က သူ့ ဘက် ကသာ ဖြစ်နေတာ ခင်မေ့ အနေနဲ့ သူ့ ကို သနား တာ ထက် မပိုပါဘူး ။ ဟုတ်တယ်လေ ... ရုပ်ချောရုံ တင် မကဘူး ပိုက်ဆံ ချမ်းသာပြီး အုန်းတောရွာ  သစ်စက်ပိုင်ရှင် ဦးခင်မောင် ရဲ့ တစ်ဦးတည်းသော သမီး ခင်မေ့ အနေအထား က သာဝင်း အခြေအနေ နဲ့ တစ်ခြားစီပဲ ဥစ္စာ ။

“ ဟေ့ ...  ဖြောင်း ...  ဖြောင်း ... ဖြောင်း ...  နားထောင် ပေးကြပါဦး ။ တရုတ်အတွေးအခေါ် ပညာရှင်ကြီး ဆွန်ဇူးက ပြောဖူးတယ် ။ စီး လာတဲ့ ရေအလျဉ် က ကျောက်တုံးကျောက်ခဲများ ကို တွန်းရွှေ့ ဖယ်ရှား ပစ်နိုင်ခြင်း ဟာ အရှိန်အဟုန် စွမ်းအားကြောင့် ဖြစ်တယ် ...  တဲ့ ။ သာဝင်း ရဲ့ အားအင်စွမ်းအားတွေနဲ့ ကျောက်တုံးကျောက်ခဲ လောက် မာကျောခြင်း မရှိတဲ့ ဒီ ထင်းတုံးကြီးတွေ ကို မီး ဆိုက်လို့ အဆင်ပြေတဲ့ အပိုင်းအစ ထင်းတုံးလေးတွေ ဖြစ်အောင် လုပ်နိုင်ရမှာပေါ့ ။ မဟုတ်ဘူးလား ... နို့မို့  ... ပညာရှင်ကြီး ဆွန်ဇူး စကား နားမထောင်ရာ ကျသွားမှာပေါ့ ”

လက်ခုပ် တဖြောင်းဖြောင်း တီးပြီး အားလုံး ကြား အောင် သာဝင်း က အသံဝါဝါကြီး နဲ့ အော်လိုက်တယ် ။ ပြီးတာနဲ့ ပုဆိုး ကို ခပ်တိုတို ဝတ် ၊ ထင်း ခွဲတဲ့ ပုဆိန် ကောက် ကိုင်ပြီး ထင်းတွေ ကို ခွဲ နေလိုက်တာ အားလုံး တော်ပါတော့လို့ တားယူရတဲ့ အထိပဲ ။ သာဝင်း ဟာ အလှူ မှာ လည်း အလှူ မို့ လို့ သူ့ ကို အားလုံးက အာရုံ စိုက် အောင် ကို လုပ်ပြ တတ်တယ် ။

“ တော်ပါတော့ ... သာဝင်း ရာ နားပါတော့ ။ ဒီမှာ ဆတ်သားခြောက်သုပ် နဲ့ ပဲခြမ်းသုပ် .. အကြမ်းရည်လေး နဲ့ လာစားလိုက် ... မင်း ခွဲပြီးတဲ့ ထင်းက နောက်ထပ် အလှူ သုံးကြိမ် လောက် လုပ် ရင်တောင် သုံးလို့ ရနေပြီ .. အပျိုလေးတွေ ရှေ့ သိပ် အစွမ်းပြချင်နေတယ် ဟုတ်လား ”

သာဝင်း က သူ့ ထုံးစံအတိုင်း စပ်ဖြဲဖြဲ လုပ်ရင်း နဖူး ပေါ် ကျလာတဲ့ ချွေးတွေ ကို သုတ် လိုက်ပြီး မန်ကျည်းပင် အောက် ကွပ်ပျစ် နား လျှောက် သွားလိုက်တယ် ။ ခြေထောက် က သာ လျှောက် နေတာ သာဝင်း ရဲ့ မျက်လုံး နှစ်လုံးရဲ့ အကြည့် ကတော့ ခင်မေ့ ဆီ မှာပဲပေါ့ ။ ခင်မေ့ အဖေ ဦးခင်မောင် သူငယ်ချင်း ပျဉ်သစ်ရွာ က ငါးပိလုပ်ငန်းရှင် ရဲ့ သား မျိုးသန့် က ခင်မေ့ ရည်းစား လေ ။ လာမယ့် နတ်တော်လဆန်း ဆို လက်ထပ်ကြတော့မှာ ။ အဲဒီ အကြောင်းတွေ ဘာမှ မသိတဲ့ သာဝင်း အတွက် က တော့ ခင်မေ က အခုချိန် ထိ စိတ်ကူး ထဲ က နတ်သမီး ပဲ ပေါ့ ။

“ ဟေ့ကောင်တွေ .. ဆတ်သားခြောက်ပန်းကန် ကို သာဝင်း ဘက် မချနဲ့  ။ ဒီကောင်က သက်သတ်လွတ် သမား ။ ရော့ .. ဒီမှာ ပဲခြမ်းသုပ် ။ အဲဒါ ... သက်သတ်လွတ် သုပ်ထားတာ ။ စား .. သာဝင်း ”

ရေ တစ်ခွက် ကို လှမ်း ပေးရင်း ပဲခြမ်းသုပ်ပန်းကန် ကို တာတီး က သာဝင်း ရှေ့ တိုးပေးလိုက်တယ် ။ တာတီး က ရွာဦးကျောင်း က ဆရာတော် ဆီ မှာ သာဝင်း နဲ့ ငယ်ငယ်တည်း က စာသင်ဘက် ဖြစ်သလို အချစ်ဆုံး သူငယ်ချင်း လည်း ဟုတ်တော့ သာဝင်း အကြောင်း သူများ ထက် ပို သိတာ မဆန်းပါဘူး ။

“ ငါ ... တာတီး ပြောမှ မင်း .. သက်သတ်လွတ် စား တာ သိရတယ် ။ ဘာဖြစ်လို့ သက်သတ်လွတ် စားတာလဲ သာဝင်း ရ ”

တာတီး ပေးတဲ့ ရေခွက် ကို လှမ်း ယူလိုက်ပြီး သာဝင်း ခပ်သွက်သွက်ပဲ မော့ သောက်လိုက်တယ် ။ ကွပ်ပျစ် ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက် ပြီး မှ ရွာကာလသားခေါင်း မြမောင် ရဲ့ အမေး ကို ဖြေလိုက်တယ် ။

“ ပိုက်သာဂိုရပ် က စားလို့ကွ ”

“ ဟင် .. ပိုက်မာကို ခိုးတတ်တဲ့ သူက စားလို့ ...  ဟုတ်လား .. သာဝင်း ”

ရွာကာလသားခေါင်း မြမောင် ရဲ့ .. မျက်လုံးပြူး ပြီး တအံ့တသြ ပြန်မေးတဲ့ အမေး ကို သာဝင်း က ပြုံးပြီး ခေါင်းခါ ပြလိုက်တယ် ။ အလှူအ တွက် လုပ်ပေးစရာ သိပ် မရှိတော့ဘဲ လက်စသတ်တော့ မှာ မို့ သာဝင်း ဖြေမယ့် စကား ကို လုပ်လက်စ အလုပ်တွေ ရပ်ပြီး အားလုံး က အာရုံစိုက် နေကြတယ် ။ သာဝင်း က ပဲခြမ်းသုပ် တစ်ဇွန်း ကို ပါးစပ် ထဲ ထည့် လိုက်ပြီး ခပ်ဖြည်းဖြည်း ဝါး နေလိုက် တယ် ။ သိချင်စိတ် ကို မအောင့်နိုင်တဲ့ တင်ရွှေ က ဖင်လေး မသိမသာ ကြွပြီး အရှေ့ ကို တိုးလာတယ် ။ သူ က ရွာ မှာ ရေပိုက်ပြင်တဲ့ သူ ဆိုတော့ ပိုက် ဆိုတဲ့ စကား ဟာ သူ့ အတွက် စိတ်ဝင်စားစရာပဲပေါ့ ။

“ အဲဒါကြောင့် ပြောတာ ...  မင်းတို့ တွေ စာ ဖတ်ပါလို့ ။ ဘယ်ကလာ ပိုက်မာ ခိုးတတ်သူ မဟုတ်ပါဘူး မြမောင် ရာ ။ ပိုက်သာဂိုရပ် ပါ ။ သင်္ချာပါမောက္ခကြီး ကွ ၊ ငါ သူ့ ကို လေးစားလို့ ။ ပြီးတော့ ... ဘားနတ်ရှော ၊ လီယိုတော် စတွိုင်း တို့ လို ကမ္ဘာကျော် စာရေးဆရာကြီး တွေ ကလည်း သက်သတ်လွတ် စားတယ်လေ ။ အဲဒါကြောင့် ငါ လည်း သက်သတ်လွတ် စားတာ ”

“ သာဝင်း ရာ ဘားတွေ ...  နတ်တွေ ... ဆီးယိုတွေ နဲ့.. ငါ တို့ နားရှုပ်အောင် လျှောက်ပြောမနေပါနဲ့ ။ နား လည်အောင် ပြောစမ်းပါကွာ ။ ငါ့ မှာ ပိုက် ဆိုလို့ နားစိုက် နေတာ ။ မင်း ဘာများ ရှင်းပြမလဲ ... ငါ ရေပိုက် ပြင်ရင် ပိုက်ပျော့ က လူ မသိအောင် ပုဆိုးထဲ ထည့်ထည့် ... လွယ်အိတ် ထဲ ထည့်ထည့် ခိုးရတာ အဆင်ပြေတယ် ။ ပိုက်မာ က လူ မသိအောင် ယူဖို့ ခက်လို့ မင်းဆီ က ခိုးလို့ ရမယ့် နည်းလမ်းလေးများ သိရမလားလို့ ... အခုတော့ .. လခီး .. ”

တင်ရွှေ ရဲ့ မချင့်မရဲစ ကားကို ရယ်လိုက်ကြတာများ ရှေ့ကွပ်ပျစ်ဝိုင်း က ကူးလာတဲ့ အဘခို ဆို အကြမ်းရည်တောင် သီးရော ။ သာဝင်း က စပ်ဖြဲဖြဲ မျက်နှာ ကို မျက်နှာပိုးသ,တ်ရင်း အားလုံးကို လက်ဝါး ထောင်ပြီး အရယ်ရပ်ဖို့ တားလိုက်တယ် ။

“ အေးပါ တင်ရွှေ ရာ ပြောပါ့မယ် ။ သစ်သီး နဲ့ သစ်ရွက်တွေ မှာ သွေးအား ဖြစ်စေတဲ့ ဓာတ်တွေပါတယ် ။ မလိုအပ်တဲ့ သည်းခြေရည်တွေ ကို လည်း စွန့်ထုတ်ပေး တယ်ကွာ ။ ပြီးတော့ ... အရွယ် နုစေတယ် ။ ငါ့ ကို ကြည့် ပါလား ။ ဘယ်လောက် အရွယ် နုသလဲ ။ အဲဒါကြောင့် သက်သတ်လွတ် စားတာ ၊ ရှင်းပြီလား .. ဟား ...  ဟား .. ”

“ အေး ရှင်းပြီ ...  ရှင်းပြီ ရှင်းတာ မှ မင်း လက်ထဲက ပဲခြမ်းသုပ်ပန်းကန် ကလည်း သက်သတ်လွတ် ဖြစ်တယ် ဆိုတာ သိလိုက်ရတဲ့ အထိ ကို ရှင်းတာ ။ အဲဒီတော့ ဟေ့ကောင် သာဝင်း  မင်းလက်ထဲက ပဲခြမ်းသုပ်ပန်းကန် ပေးစမ်း ။ မင်း က အရွယ် နုပြီးသား ဆိုတော့ မစားနဲ့တော့ ငါ မင်း လို အရွယ်နုအောင် အကုန် စားလိုက်တော့မယ် ဟုတ်ပလား ”

တင်ရွှေ ရဲ့ အရွဲ့တိုက်ပြီး ပြောလိုက်တဲ့ စကားကြောင့် ပတ်တုတ်လို့ မရအောင် ရယ်လိုက်ကြတာများ ကွပ်ပျစ် အောက် အိပ် နေတဲ့ ခွေး တောင် လန့် ဟောင်ယူရတဲ့ အထိ ပဲ ။ ခင်မေ တို့ အပျိုအုပ်စု လည်း ရယ်လိုက်တာ တသော သောနဲ့ပေါ့ ။ သိတယ် မဟုတ်လား ။ သာဝင်း ရောက်တဲ့ နေရာ ပွဲစည်တယ်ဆိုတာလေ ။ အဲဒါကြောင့် ပြောတာ အုန်းတောရွာ အတွက် သာဝင်း ဟာ မှတ်မှတ်ထင်ထင် လူ တစ်ယောက်ပါလို့ ။

•••••   •••••   •••••

အုန်းတောရွာ ရဲ့ သာရေးနာရေး တိုင်းမှာ တက်တက်ကြွကြွ လုပ်ကိုင်ပေးတတ်တဲ့ သာဝင်း တစ်ယောက် ခင်မေ ရဲ့ မင်္ဂလာဆောင် မဏ္ဍပ် စ ဆောက်တဲ့နေ့ က စပြီး ပျောက်ချက်သား ကောင်းနေလေရဲ့ ။ လူ စုံလေ့ ရှိတဲ့ ည နေပိုင်းအချိန် ဦးညိုကြီး ထန်းတော ကို တောင် ရောက် မလာတော့ဘူး ။ တစ်ရွာလုံး က သာဝင်း ပျောက် နေတာ ကို ပထမတော့ သတိ မထားမိကြဘူး ။ ထုံးစံအတိုင်း တခြား ရွာ အသုဘ သွားပြီး ဖဲရိုက် နေတယ်ပဲ ထင်ထား ကြတာပေါ့ ။ ခင်မေ့ မင်္ဂလာဆောင် မဏ္ဍပ် ဆောက် လို့ မပြီးခင် မှာ အဘမောင် က အုန်းတောရွာ ထိပ် ဘိုးရစ် ရဲ့ ယာအစပ် မှာ ပိုး ထိလို့ ဆုံးပြန်ရော ။ ဖက်ခူးရွာ က လူနာ ကြည့်ပြီး အပြန်မှာ ဖြစ်တာလေ ။

အဘမောင် ပေး တဲ့ ဆေး ကို သောက်ပြီး သူ ကျန်းမာရေး ကောင်း နေတာမို့ အဘမောင် သာ မရှိရင် သူ သေရ တော့မှာပဲ ၊ သူ့ ဘဝ အတွက် မရှိမဖြစ် အဘမောင် လို့ ရွာ ထဲ မှာ ပြောပြောနေတတ်ပြီး သူ့ ရဲ့ အသက်သခင် ကျေးဇူးရှင် အဖြစ် သတ်မှတ်ထားတဲ့ ဆေးဆရာကြီး အဘမောင် ဆုံးလို့ ရောက် မလာတော့ မှ သာဝင်း ပျောက် နေတာ ကို စပြီး သတိထား မိကြတယ် ။

တခြား ရွာ ရဲ့ အသုဘ ကို တောင် သာဝင်း ရဲ့ မသာ စာရင်းစာအုပ် ခါးကြား ထိုးပြီး မရောက်ရောက် အောင် သွားတတ်တဲ့ သာဝင်း အကြောင်း ကို သိနေတော့ အဘမောင် အသုဘ ကို ရောက် မလာတာ တစ်ရွာလုံး က ထူးဆန်းနေတာပေါ့ ။ ဘုန်းကြီးကျောင်း မှာ ပဲ နေပြီး အိမ် ရယ် လို့ မရှိတဲ့ သာဝင်း ကို လိုက် ရှာဖို့ ဆိုတာကလည်း သိပ် မလွယ်လှဘူးလေ ။ တစ်ယောက် စကား တစ်ယောက် နား နဲ့ပဲ ဆက်သွယ် စုံစမ်းရတော့တာပေါ့ ။ သာဝင်း ရဲ့ အချစ် ဆုံး သူငယ်ချင်း တာတီး ကတော့ သာဝင်း သွားတတ်တဲ့ ရွာတွေ အားလုံးကို ကိုယ်တိုင် လိုက်ပြီး စုံစမ်းရှာပါတယ် ။

အဘမောင် ရက်လည်ပြီး နောက်နေ့ ကျမှ အုန်းတော ရွာ ရဲ့ သင်္ချိုင်း အဘမောင် မြေပုံ ဘေး မှာ သတိလစ် နေတဲ့ သာဝင်း ကို တွေ့ ရတော့တာပဲ ။ ရွာ ကို အမြန် သယ်ပြီး ဝိုင်း ပြုစုတာ တောင် နေ့ တစ်ပိုင်း လောက် မှ သာဝင်း  စကား ပြောနိုင်တယ် ။ သတိ ရရချင်း သူ့ ရဲ့ မသာစာရင်း စာအုပ် ကို ဖွင့် ဖတ်ပြီး မျက်ရည်တွေ တလိမ့်လိမ့် ပါးပေါ် ကို စီးကျလာတယ် ။ ပြီးတော့ ရှိုက်ကြီးတငင် ငိုတော့တာ ပဲ ။ ဘေးမှာ ထိုင် နေတဲ့ တာတီး လည်း သာဝင်း ကို ကြည့် ပြီး မျက်ရည်တွေ ဝဲလာတယ် ။ ဘေးမှာ ရှိနေတဲ့ တစ်ရွာလုံး ကလူတွေ လည်း သာဝင်း ရဲ့ အဖြစ် ကို စိတ်မကောင်း လို့ ခေါင်း တခါခါ နှပ် တရှုတ်ရှုတ် ဖြစ်ကုန်တော့တာပေါ့ ။

“ စွန့်ပစ်ခြင်းသည် ကုန်ခန်းသွားခြင်း မဟုတ် ၊ ပိုမို ပြည့်ဝခြင်း ကို ဖြစ်စေနိုင်တယ်လို့ ဂျာမန်ဒဿနပညာရှင် မာတင်ဟေး ( လ် ) ဒက်ဂါး က ပြောဖူးတယ် ။ မာတင် ဟေး ( လ် ) ဒက်ဂါး ပြောတာ မှန်တယ် ။ ငါ အားကိုး သံ ယောဇဉ် ရှိတဲ့ ရွာဦးကျောင်းဆရာတော် နဲ့ အဘမောင် ငါ့ ကို စွန့်ပစ်သွားပေမဲ့ သူတို့ ရဲ့ မေတ္တာစေတနာတွေ ငါ့ အပေါ် ကုန်ခန်းသွားမယ် မထင်ဘူး ၊ ပိုပြည့်၀တဲ့ ချစ်ခြင်းတွေ တောင် ငါ့ ဆီ ကို ရောက်လာနေတယ် လို့ ထင် တယ် ။ ပြီးတော့ ...  ငါ သိပ်ချစ်တဲ့ ခင်မေ ၊ သူ လည်း လက်ထပ်တော့မယ် ။ ဒါပေမဲ့ ငါ့ အပေါ် ခင်မေ မေတ္တာ ပျက်မှာ မဟုတ်ပါဘူးနော် ။ ဟုတ်တယ်လို့ ပြောလေ ။ ပြောလေကွာ တာတီး ...  ဟီး ...  ဟီး ...  ဟီး ” 

ကလေး တစ်ယောက်လို တဟီးဟီး ငိုနေတဲ့ သာဝင်း  ကို ကြည့်ပြီး တတ် သလောက် မှတ် သလောက် ဝိုင်း ချော့ နေကြပေမဲ့ အားလုံးရဲ့ မျက်ဝန်း ထဲ မှာ မျက်ရည်စတွေ နဲ့ လေ ။

တစ်ရက် ။ ဦးညိုကြီး ရဲ့ ထန်းရည်ဆိုင် ကို သာဝင်း  ရောက်လာတယ် ။ လာတဲ့ အချိန် က လည်း သောက်တဲ့ သူ တစ်ယောက် မှ မလာနိုင်သေးတဲ့ မနက် ( ၄ ) နာရီ လောက်လေ ။ ဦးညိုကြီး ကို အတင်း နှိုးပြီး ထန်းရည် သောက်ချင်တယ်လို့ ပြောတယ် ။ မရောက်တာ ကြာတဲ့ သာဝင်း ရောက် လာလို့ ဦးညိုကြီးလည်း ဝမ်းသာအားရ ဖြစ်ပြီး မနေ့က ကျန်တဲ့ ထန်းရည်အိုး နဲ့ မြည်းဖို့ ပဲကြီး လှော်တွေ အကု န်ချပေးတော့တာပဲ ။

ထန်းရည်အိုး ရောက် လာတာနဲ့ ခွက်နဲ့တောင် မထည့်ဘဲ အိုးလိုက် မပြီး သောက်လိုက်တဲ့ သာဝင်း ကို ကြည့်ပြီး ဦးညိုကြီး အံ့အားသင့် သွားတယ် ။ သုံးကြိမ် လောက် မော့ ပြီးတော့မှ ပဲကြီးလှော် တစ်ဆုပ် ပါးစပ်ထဲ  ထည့်ပြီး ဝါးလိုက်တယ် ။ သာဝင်း က ဘာမှမ ပြောသေး တာမို့ ဦးညိုကြီး ကလည်း ဘေး က နေ ထိုင်ပဲ နေတာ ပေါ့ ။ ဘာစကား မှ မပြောဘဲ သောက်လိုက် ဝါးလိုက်နဲ့ လက်ကျန် ထန်းရည်အိုး ( ၂ ) အိုး ကုန်တော့ မှ သူ့ လက် ထဲ မှာ ကိုင်ထားတဲ့ သာဝင်း ရဲ့ မသာစာရင်း စာအုပ် နောက်ဆုံးမျက်နှာ ကို လှန်လိုက်တယ် ။ ပြီးတော့မှ သူ ရေးထားတဲ့ စာကြောင်းတွေ ကို ဦးညိုကြီး ကို ပြလိုက် တယ် ။ သာဝင်း တော်တော်လေး လည်း မူးစ ပြုနေပြီလေ ။ ဒါပေမဲ့ အရင်လို မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြစ်နေ လို့ ဦးညိုကြီး တောင် ကြောင်တောင်တောင် ဖြစ်နေမိ တယ် ။ စကား ပြောတော့လည်း အေးအေးဆေးဆေး ပဲ ။ တစ်ခုခု ကို ဆုံးဖြတ် ထားတဲ့ပုံမျိုး ပေါက် နေပေမဲ့ မျက်ဝန်း ထဲ က မျက်ရည်တွေ ပါးပေါ် ကို တလိမ့်လိမ့် ကျ နေတယ် ။

“ ဦးညိုကြီး ဒီ စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာ မှာ ကွက်လပ် ဖြစ်နေတဲ့ ရက်တွေ ရှိနေတယ်ဗျ .. ကျွန်တော့် ကိုယ်စား ဖြည့်ပေးဖို့ ထားခဲ့ပါရစေ ။ ကျွန်တော့် ဆန္ဒ ပြည့်နိုင်ဖို့ ကူညီမယ် မဟုတ်လားဟင် .. ဖတ်ကြည့်ပြီး မရှင်းရင် ကျွန်တော့် ကို မေးလေ ... ရော့ ”

ဆွေးဆွေးမြည့်မြည့် ပြောလိုက်တဲ့ သာဝင်း ကို ခေါင်းညိတ် ပြပြီး စာအုပ် ကို လှမ်း ယူလိုက်တယ် ။ အခုလို အချိန်မျိုး မှာ ဖျောင်းဖျဖို့ လိုတယ်ဆိုတာ သိနေပေမဲ့ ဦးညိုကြီး ဘယ်လို စကား နဲ့ အားပေးဖျောင်းဖျရမှန်း စဉ်းစားလို့ မရတော့ဘူး ။ စိတ် ထဲ မှာ ဆို့နင့်နင့်ကြီး ဖြစ်နေ တာပဲ သိနေတယ် ။ စာအုပ်ထဲ မှာ ရေးထားတဲ့ စာ ကို ဖတ်ကြည့်ဖို့ တဲထောင့် က ဝါးလုံးတန်း ပေါ် ထွန်းထား တဲ့ မီးခွက်ရှေ့ကို ဦးညိုကြီး ခပ်ဖြည်းဖြည်း လျှောက်သွား လိုက်တယ် ။

သာဝင်း  ၊  .... ရက် ၊  ... လ ၊ ... နှစ် တွင် ကွယ်လွန်သည် ။

မီးရောင်မှိန်မှိန်လေး အောက် မှာ အားယူ ဖတ်လိုက်ပြီး သာဝင်း ဘက် ကို ကြည့်လိုက်တော့ ပိုးလိုးပက်လက် ကျန်ခဲ့တဲ့ ထန်းရည်အိုး ( ၂ ) အိုး ပဲ တွေ့ လိုက်ရတယ် ။ သာဝင်း  ဘယ်အချိန် က တိတ်တိတ်လေး ပြန် သွားမှန်းတောင် မသိလိုက်တော့ဘူး ။

•••••   •••••   •••••

ဦးညိုကြီး ကို သူ့ ရဲ့ မသာစာရင်း စာအုပ် ပေးခဲ့တဲ့ နေ့ က စပြီး သာဝင်း အုန်းတောရွာ က ပျောက်သွားတော့ တာပဲ ။ တစ်ရွာလုံး က သာဝင်း ကို ပျောက်ပျောက်ချင်း လိုက် ရှာဖို့ ကြိုးစားကြပါ သေးတယ် ။ ဒါပေမဲ့ ခင်မေ နဲ့ ပျဉ်သစ်ရွာ က မျိုးသန့် အုန်းတောရွာ မှာ မင်္ဂလာဆောင် တဲ့ နေ့ ဖြစ်လေတော့ သာဝင်း ပျောက်တာ ကို နောက် တစ်နေ့မှပဲ သေသေချာချာ စုံစမ်းဖြစ်တော့တာပေါ့ ။ တိုက်ဆိုင်မှု မဟုတ်ဘဲ ခင်မေ တို့ မင်္ဂလာဆောင် နေ့ မှာ မှ ရင် ထဲ က ဒဏ်ရာဒဏ်ချက်တွေ နဲ့ ရွာ က ထွက်သွားတဲ့ သာဝင်း သတင်း က စုံးစုံးမြုပ် နေပေမဲ့ အားလုံး က စိတ် မလျှော့ကြပါဘူး ။ ရောက်ရာ နေရာတိုင်း သာဝင်း သတင်း ကို စုံစမ်းနေကြဆဲပါ ။ ရင် တနင့်နင့်နဲ့ အမှတ်တရ ဖြစ်အောင် လုပ်သွားခဲ့တဲ့ သာဝင်း ဟာ အုန်းတောရွာ သတိတရ စာရင်း ထဲ မှာ ရှိနေဆဲပဲပေါ့ ။

အခု အချိန်ထိ ...  ဘယ်သူတွေ ဘာပဲ ပြောပြော သာဝင်း ရဲ့ မသာစာရင်း စာအုပ် နောက်ဆုံး ကွက်လပ် ကို ဖြည့်ဖို့ ဦးညိုကြီး တစ်ယောက် တွေ့တဲ့ သူတိုင်း ကို သာဝင်း အကြောင်း နေ့စဉ်လိုလို မေးနေသံ ကို အုန်းတော ရွာ တစ်ရွာလုံး သိနေ ၊ ကြားနေရတော့တာပဲ ။

⎕ ‌ညိုရင့်

📖 Treasure Land မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၁၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment