Friday, September 13, 2024

ခိုင်းစားတာ ခံမလား စဉ်းစား



 

❝ ခိုင်းစားတာ ခံမလား စဉ်းစား ❞

အိမ်ရှေ့ ကားတစ်စီး ရောက်

“ ဘဘ ပစ္စည်းတွေ ”

“ အေး အေး ကဲ လက်သမားဆရာ နဲ့ လျှပ်စစ်ဆရာ တို့ ”

ကား ပေါ် မှ အဲကွန်း ပစ္စည်းများ နေရာချ ၊ မားကတ်တင်း မန်နေဂျာ နဲ့ ။

“ မောင်ရင့် ဘော့စ် ကို ပြောလိုက်ပါ ၊ ဘီလ် ဖွင့်ထား ၊ ပစ္စည်းတွေ က လိုသမျှ လာ ယူနေရဦးမှာ ပြီးမှ ပေါင်းပြီး ရှင်းမယ်လို့ ”

ကား ပြန် ထွက်သွား ။

ဟေး လျှပ်စစ်ဆရာ ပစ္စည်းတွေ သေချာ စစ်နော် ။

စစ်စရာ မလိုဘူး ဆရာ ။ အကုန်လုံး ဂရန်တီတွေ ။

“ အေးကောင်း ”

ယခု အခါ၌ ဈေး ဝယ်ရ အလွန် လွယ်ပါ၏ ။

တယ်လီဖုန်း ကလစ်ကလေး တစ်ချက် နှိပ်လိုက် ။

တယ်လီဖုန်း မြည်သံ မှ မဆုံးသေး ၊ ပစ္စည်း က အိမ်ရှေ့ ရောက်လာပြီ ။ အခန်း ထဲ ဝင်လာနေပြီ ။

ဒါက အောင်လံ လို တောမြို့ကလေး မှာ တောင် ဝန်ဆောင်မှု အလွန် ကောင်းပါ၏ ။

ရန်ကုန် လို ၊ မန္တလေးbလို မြို့ကြီးများ မှာတော့ သည့်ထက် ပို ကောင်းပေလိမ့် ။

ယနေ့ ဈေး အရောင်း စနစ်သည် အိမ်ပေါက်စေ့ လည်ရောင်း လည်ပို့ သော ခေါင်းရွက်ဗျပ်ထိုး အဆင့် ရောက်သွားလေပြီ ။

မြန်မာနိုင်ငံ မှာ တင်လား ။ မဟုတ်ပါ ။ တစ်ကမ္ဘာလုံး ဖြစ်သွားပါပြီ ။

အလွန် မြန်လေ၏ ။

အလွန် လွယ်လေ၏ ။

မောင်ချမ်းသာ ၏ အလွန် ချစ်သော မိတ်ဆွေ ၊ သင် ဟာ ကုမ္ပဏီ ထူထောင်ပြီး ပစ္စည်းတွေ ထုတ်လုပ် နေတယ်လား ၊ ဒါမှမဟုတ် သင့် ကုမ္ပဏီ က ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီလား ။

ပစ္စည်းတွေ ကို ရောင်းပါသလား ။

ဝန်ဆောင်မှု ကို ရောင်းပါသလား ။

ပြည်တွင်း မှာ တင်ပဲလား ။

ပြည်ပ မှာ လည်း ရောင်းနေပြီလား ။

အလွန် လွယ်ပါတယ် မိတ်ဆွေ

အင်တာနက် နဲ့ ချိတ်လိုက်ပါ ။

အဲ အင်တာနက် နဲ့ ချိတ်ပြီ ဆိုရင်တော့ သင် ပေါ့ပေါ့ဆဆ နေလို့ မရတော့ပါ ။

ဘာကြောင့်လဲ ဆို

သင် ဟာ ကမ္ဘာလုံး ချီ ဈေးကွက်ကြီး ထဲ ဝင် သွားလို့ပါပဲ ။ ကမ္ဘာလုံး ချီ ဈေးကွက်ကြီး ထဲ မှာ သင့် ကို ဈေးသည် တစ်ယောက် အဖြစ် သတ်မှတ် ကြပေတော့မည် ။

သင် အင်တာနက် က ကြော်ငြာ ထားတဲ့ အတိုင်း သင့် ပစ္စည်း အာမခံနိုင်ရမည် ။ ပို့ပါမည် ဆိုသည့် အတိုင်း ရောက်အောင် ပို့ရလိမ့်မည် ။

အာမခံထားသည့် အတိုင်း ဝန်ဆောင်မှု တကယ် ကောင်းရပေလိမ့်မည် ။

သိပ် လည်း ကြောက်လန့် မနေနဲ့ဦး ။

ကမ္ဘာလုံး ချီ ဈေးကွက်ကြီး ထဲမှာ သင် လည်း သူများ နည်းတူ ခေါင်းရွက်ဗျပ်ထိုး အဆင့်ပါပဲ ။

ကြည့်

သည်နေ့ ကမ္ဘာ

အွန်လိုင်း က အော်နေပြီ ။ အော်နေပြီ ။ ဆက်သွယ်ရမည့် လိပ်စာတွေ ပေးနေပြီ ။

သင် ဘာ လိုချင်ပါသလဲ ။

လိုချင်တာ အကုန်ရပါသည် ။

( အားလုံး သင် လိုချင်တာ မှန်သမျှ အကုန် ရနေပါပြီ ။ )

ခေါင်းရွက်ဗျပ်ထိုး အဆင့် သို့ ရောက်ရှိ သွားသော အရောင်းစနစ် ၌ ။

သင် ပါဝင်မလား ။

ဆိုင် မှာ ထိုင်ပြီး ဗိုက်ကလေး ပွတ် နေမလား ။ မုတ်ဆိတ်မွေးလေး ဆွဲသပ် နေမလား ။

အဖော် ကောင်း တာနဲ့ ကြွေစေ့ကလေးတွေ ပစ်ထည့် နေမလား ။

ဒါမှမဟုတ် ဆိုင် မှာ တပည့်တွေ နဲ့ ထားခဲ့ပြီး ဘီယာဆိုင် လစ်နေမလား ။

ဒါမှ မဟုတ် နေရာကောင်း တစ်ခု မှာ ဖဲရိုက် နေမလား ။

မရပါ ။

မရတော့ပါ ။

ယနေ့ ဆိုင် ကို ပစ်ထားခဲ့ပြီး ၊ လုပ်ငန်းခွင် ကို ပစ်ထားခဲ့ပြီး သဝေထိုး နေ၍ ရတော့မည့် ခေတ် မဟုတ်တော့ပါ ။

ပြောင်းသွားပြီ ။

အရမ်း ပြောင်းသွားပြီ ။

သူများနည်းတူ ချမ်းသာချင်တယ် ဆိုရင် သူများနည်းတူ သူဌေး ဖြစ်ချင်ပါတယ် ဆိုရင်

ဟေးလားဝါးလား မေ့ ထားလို့ မရတော့ပါ ။

ပေါ့ပေါ့ဆဆ နေလို့ မရတော့ပါ ။

ဘိန်းစား လို တစ်ချိန်လုံး အိပ်ငိုက်ပြီး မှေး လိုက် နေမယ် ဆိုရင်တော့ ဈေးရောင်း ပြိုင်ပွဲကြီး မှာ သင် ဘယ်လိုမှ အနား မကပ်နိုင်တော့ပါ ။

အရောင်း ကြပ်ကြပ် ပါး လာလျှင် သင့် ဆိုင်ကို သူများ က ဝယ်သွားပါလိမ့်မည် ။

နောက်ဆုံး သင့် ကို ပါ ဝယ်ယူ သွားပြီး ကောင်းကောင်းကြီး ခိုင်းစားကြ ပေတော့မည် ။

ခိုင်းစားတာ ခံမလား ။

စဉ်းစား ။

◾မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်

၂၀၀၆ အောက်တိုဘာ ၂၇

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment