Sunday, September 8, 2024

လှပသော ဇာတ်သိမ်းပိုင်း


 

❝ လှပသော ဇာတ်သိမ်းပိုင်း ❞
━━━━━━━━━━━━━━━
      သန်းမြင့်အောင်
━━━━━━━━━━━━━━━
“ နွေဦး ... နွေဦး ... နွေဦး ”

မပီမသ ဝိုးတဝါး အသံသဲ့သဲ့ က ဝေးရာ မှ တဖြည်းဖြည်း နီးကပ်ကာ နားထဲ သို့ စိမ့်ဝင်လာ သည် ။

မျက်လုံး ကို ဖွင့်ရန် အားယူ သော်လည်း မျက်ခွံများ က လေးလံ နေပြီး ခေါင်း ထဲ က ရီဝေ နေသည် ။

“ နွေဦး မျက်လုံး ဖွင့် စမ်းပါဦးကွ ”

မျက်လုံး ကို အားယူ၍ ဖွင့်ကာ မျက်မှောင်ကုတ်ပြီး ပတ်ဝန်းကျင် ကို ကြည့် လိုက်သည် ။ ဘေး ပတ်ပတ်လည် တစ်မျှော်တစ်ခေါ် မှာ ထန်းပင်တွေ ချည်း မြင်လိုက်ရ မှ ဖိုးအောင် ထန်းတော ထဲ မှာ အမူး လွန်ပြီး အိပ်ပျော် သွားသော အဖြစ် ကို သတိရ လိုက်သည် ။

“ မင်း ကို အရီး စိတ်ပူ နေလိမ့်မယ် နွေဦး ၊ ငါ နဲ့ ပဲ ဒီမှာ အိပ်လိုက်တော့ ၊ လူကြုံ နဲ့ မှာ လိုက် တော့မယ် ၊ ထမင်းလေး ဘာလေး စားပြီး တဲ ထဲ ပြောင်း အိပ်ရအောင် ”

“ မမှာ နဲ့ ... မမှာ နဲ့ ၊ ငါ ပြန်မယ်၊ မင်း နဲ့ အိပ်လို့ မဖြစ်ဘူး ”

“ မှောင်တော့မယ် ကွ ၊ မနက် မှ ပဲ စောစောထ ပြန်ပါလား ”

“ မဖြစ်ဘူးကွ၊ ဒီနေ့ ည ကာလသားခေါင်း ကိုလှကြီး က ငါတို့ အုပ်စု ကို ခဲဖိုး ရထားတဲ့ ငွေ နဲ့ ထန်းရည် နဲ့ ကြက်ကြော် ကျွေးဖို့ ခေါ်ထားတယ်ကွ ၊ မင်း ကော လိုက်ခဲ့ပါလား ”

“ မလိုက်အားပါဘူးကွာ ၊ အရီး ကို ငါ သုံးလေးရက် နေရင် ထန်းလျက်ကြွေး တွေ သွား တောင်းပြီး လာခဲ့မယ် လို့ ပြောလိုက်ပါ ၊ မင်း လည်း သုတ်သုတ် ပြန် ၊ မိုးရွာ လာဦးမယ် ”

“ အေးပါ ”

ဖုတ်ဖတ်ခါ ထကာ ထန်းတော ထဲ ကို ဒယီးဒယိုင် နှင့် ထွက်ခွာ သွားသော နွေဦး ကို မျက်စိ တစ်ဆုံး ကြည့်ကာ ဖိုးအောင် သက်ပြင်း တစ်ချက် ကို လေးပင်စွာ ချလိုက်မိသည် ။

ဥဩကလေးတွေ တွန်သံကျူးစ ၊ သာယာသော နေ့ တစ်နေ့ တွင် လူ ဖြစ်လာသော မွေးကင်းစ သားငယ် ကို  ချစ်စနိုး ဖြင့် ' နွေဦး ' ဟု အမည်လှလှလေး ပေးခဲ့ကြောင်း အရီး က တစ်ခါတစ်ရံ သတိတရ နှင့် ပြောပြတတ်သည် ။

“ သူ့ အဖေ ဆုံးတော့ သူ က လေးနှစ်သား ပဲ ရှိသေးတာ၊ ဖအေ က သူ့ ကို သိပ်ချစ် ပြီး သိပ် အားထား ရှာတာ၊ သူ့ သားကလေး ကို ပညာ တတ်အောင် သင်ပါ ၊ လောက အလယ် မှာ မျက်နှာ မငယ်ပါစေနဲ့ လို့ တဖွဖွ မှာ သွားရှာတာ၊ ဘယ့်နှယ် ဘယ့်နှယ်ကွယ် အရွယ် ငယ်ငယ် နဲ့ ထန်းရည်ချိုးကလေး လာ ဖြစ်နေရတယ် မသိပါဘူး ၊ အရီး လောက် သူ့ ကို ဂရုစိုက်တာလည်း အရီး ပဲ ရှိတယ်၊ ဒီ ပုံစံ ကို သာ သူ့ အဖေ မြင်ရင်တော့ အရီး ကို တာဝန် မကျေဘူးလို့ လက်ညှိုး ထိုးချေဦးမှာ ၊ တို့ မှာ အသက် နဲ့ အမျှ ထန်းတော နဲ့ အလုပ်လုပ် စားနေကြပေမဲ့ တို့ အမျိုး ထဲ မှာ ဒီလောက် ထန်းရည်အိုး ချိုးကပ် အောင် သောင်းကျန်းတဲ့ လူမျိုး လည်း မရှိပါဘူးတော်၊ သူ့ ကျမှ ဘာသေ လို့ ဝင်စားတယ် မသိပါဘူး ”

ထိုအကြောင်း ပြောလျှင် အရီး မျက်ရည် ကျသည် ။ အရီး က ပျော့နွဲ့နွဲ့ နှင့်မို့ နွေဦး ဆိုးချင် တိုင်း ဆိုးသည် ။ အရီး ၏ ထန်းလျက်လုပ်ငန်း အရောင်းအဝယ် မှန်သမျှ ဖိုးအောင် တို့ တူသား နောင်မယ်များ က မျက်နှာ လွှဲရသည် ။ နွေဦး ကိုတော့ တစ်ရွာ နှင့် တစ်ရွာ ပါးစပ် နှင့် မှာ ခိုင်းတာ မှ လွဲ၍ ငွေငါးဆယ် ၊ တစ်ရာ ပင် စိတ် မချရ ။ လမ်း မှာ ထန်းရည် မူးပြီး လိုရင်း မရောက်ဘဲ လဲနေသည် က အကြိမ်ကြိမ် ။

နွေဦး ဘဝ ထန်းတော ထဲမှာ ပျော်ဖို့ လူ ဖြစ်လာသည် လားတော့ မသိ ။ မနက် မိုးလင်းသည် နှင့် ထန်းရည် နှင့် မျက်နှာ သစ်ရမှ ဘယ် နေရာ မှာ မူးပြီး လဲ နေပြီ ဆို ပြေးမကြည့်နှင့် နွေဦး ။ ဘယ်သူ့ ထန်းတော မှာ ပိုက်ဆံ မပေးဘဲ ဝင်သောက် သွားပြီ ဆို နွေဦး ။ သူများ တွေ တစ်နေ့ တစ်နေ့ ဘယ်နှမြူ ၊ ဘယ်နှအိုး ကုန်အောင် သောက်နိုင်သည် ဟု ဆိုလျှင် နွေဦး တို့ က ရယ်သည် ။ သူ့ ကို စိတ်ရှိ လက်ရှိ လွှတ်ပေးလေလျှင် စည်ပိုင်း ကို ပင် ကိုင်း တပ်ပြီး သောက်မည့် နွေဦး။

ရွာ မှာ ပြိုင်ဘက် မရှိ အတေဆုံး ၊ အပေဆုံး ၊ အလေဆုံး ။

အရီး က တော့ သူ့ သားကလေး ဘဝ ရှေ့လျှောက် အခြေတကျ နှင့် လူ မဖြစ်တော့ပြီ ဟု စိတ်သောကတွေ အမြဲတစေ ဖိစီးလျက်။

•••••   •••••   ••••• 

တဲပေါ်  လှမ်း တက် လိုက်သည် နှင့် ပြုံးပြီး ကြည့် နေသည့် သူ့ ရုပ်သွင် က ရင် ကို အေးမြသွား စေသည် ။

သည် ရောင်စုံ အလှပုံကြီး ကို ရန်ကုန် သို့ ကုန်သွား ပို့စဉ် က ပြည်သူ့မုန့်တိုက် အောက် မှ ဝယ်လာပြီး ကပ်ထားခဲ့ခြင်း ဖြစ်သည် ။ ဒီ ပုံ ထဲက တစ်ယောက် က ဖိုးအောင် တိတ်တခိုး စိတ်ဝင်စား နေသည့် ဟိုဘက် ရွာ က မိန်းမလှလေး “ မုံ ” နှင့် ချွတ်စွပ် တူနေ၍ မုံ အမှတ် နှင့် ဝယ်လာခဲ့ခြင်း ဖြစ်သည် ။ သို့သော် သူ့ စိတ်ကူး ကို သူ တစ်ယောက်မှ လွဲ၍ မည်သူမျှ မသိနိုင်ပါချေ။ နောင်ကို လည်း မည်သူမျှ သိလာလိမ့်မည် မဟုတ်။

မုံ ဆိုသည့် မိန်းမလှကလေး သည် လူ့ပြည် တွင် လူ ဖြစ်လာရသော်လည်း ဘဝ က မပီပြင်ရှာ ၊ လူ ဖြစ်ရကျိုး မနပ် ဟု ဆိုရမည့် အခြေအနေ ။ ရှေ့လျှောက် ၍ လူ့ လောကတွင် ဘယ်သို့ ဘယ်ပုံ ရပ်တည်၍ ဘယ်ဘဝ ကို ဦးတည် လျှောက်ရဦးမည် မသိသော လမ်းစ ပျောက်နေသည့် ကံဆိုး ရှာသော ရောဂါသည်လေး တစ်ယောက် ဖြစ်သည် ။

သူမ ၏ အလှ ကို ဖိုးအောင် ကဲ့သို့ပင် စွဲမက်ကြသူများ ရှိကြသော် ငြားလည်း သူမ ၏ ဘဝ ထဲ ကို တော့ သူရဲကောင်း လုပ်ပြီး ဘယ်သူမှ ဇွတ်တိုး မဝင်ရဲကြ ။

ထို မိန်းကလေး ၏ ရောဂါ ကား လူကြား ထဲ ဘယ်လိုမှ တိုးဝင်၍ မျက်နှာပန်း မလှသော ဝက်ရူးပြန် ရောဂါ တည်း ။

လူကလေး နှင့် မလိုက်အောင် ဟိုနေရာ ဒိုင်းခနဲ လဲ ၊ သည် နေရာ ဒိုင်းခနဲ လဲ ၊ ကိုယ်တွေ လက်တွေ ကောက်ကွေး၊  အမြှုပ်တစီစီ နှင့် အတော် ကြောက်စရာ ကောင်းသော ဤရောဂါဆိုး သည် ဤ ရွာနီးချုပ်စပ် ဝန်းကျင်တွင် အလှဆုံး ဖြစ်သော မုံ ကို မှ အချိန်အတော်ကြာကြာ တွယ်ကပ်ထား သည် မှာ နှမြောစရာ ကောင်းလှသည် ။

ဒီတော့ လောက တွင် အလှဆုံး နှင့် အရုပ်ဆိုးဆုံ အစွန်းနှစ်ဖက် ဒွန်တွဲ ထားသော မုံ ကို ဘယ်သူ က မှ မချစ်ရဲ သလို ဘယ် ကာလသား က မှ လည်း အိမ်ထောင်ဖက် အဖြစ် မစဉ်းစားရဲကြ ။ ရင် ထဲ မှာ စွဲလမ်းသော အလှတရား ကို တိတ်တဆိတ် သိုဝှက်ကာ သက်ပြင်းချရုံမှ တစ်ပါး၊ ရှေ့သို့ ခြေ တစ်လှမ်း တိုးဖို့ ရန် အတွက် ကိုမူ စဉ်းစားရုံ နှင့်ပင် ကြက်သီးထစရာ ကောင်းလှသည် ။

•••••   •••••   ••••• 

“ လှရဲ့ လား မုံ ၊ ဘာ လိုသေးလဲ ကြည့်စမ်းပါဦး ”

ဒီနေ့ ညနေ ရွာ မှာ ရှင်လောင်းလှည့် ရှိသည် မို့ ကွမ်းတောင်ကိုင်များ အလှ ပြင်ချိန်ဖြစ်သည် ။ မုံ့ အစ်မ သုန် သည် စိတ်ရှည် လက်ရှည် အလှပြင် နေသော မိမိ ကို ငေး နေသည့် မုံ ဘက်သို့ လှည့်မေး လိုက်သည် ။

“ လှတယ် သုန်သုန်၊ ဒီတစ်ခါ ပြင်တာ ပိုတောင် လှနေသေးတယ် ”

“ နင့် လောက်တော့ မလှပါဘူး မုံ ရယ် နင့် မျက်နှာလေးရယ် ၊ နင့် အသားအရောင်လေးရယ် ဆိုရင် သိပ်ကို လှသွားမှာ ”

“ အို .... သုန်သုန်ကလည်း ခုလိုလည်း လှပါတယ် ဆိုနေမှ ၊ လှလို့ ပဲ သုန်သုန် ကို ရွာက ကွမ်းတောင်ကိုင် ထားတာပေါ့ ၊ ဘယ် အလှူ ဖြစ်ဖြစ် သုန်သုန် ကို ပန်း နဲ့ ဖိတ်တာပေါ့ ”

“ ဟုတ်ပါတယ်လေ ၊ သူများ ထက်တော့ သာမှာ ပေါ့ ၊ ဒါပေမဲ့ တို့ ညီအစ်မတွေ ထဲ မှာ အလှဆုံး က နင်ပါဟာ ၊ နို့မို့ဆိုရင် နင် က ရွာ မှာ ကွမ်းတောင်ကိုင် ဖြစ်မှာ ”

ပြောပြီးမှ သူ့ စကား မှား သွားကြောင်း သတိရပြီး သုန်သုန် စိတ်မကောင်း ဖြစ်သွားသည် ။

“တော်ပါ အစ်မ ရာ ”

မုံ ထပြီး အိမ်အောက် ဆင်းခဲ့သည် ။

“ နို့မို့ဆို နင် က ရွာ မှာ ကွမ်းတောင်ကိုင် ဖြစ်မှာ ”

အစ်မ ၏ စကား ကြောင့် ရင်ထဲ မှာ ရှက်တက်တက်ကြီး ဖြစ် သွားသည် ။ ဝမ်းသာ သလိုလို ၊ ကျေနပ် သလိုလို နှင့် ရင်ထဲမှာ တလိပ်လိပ် တက်ပြီး နောက်ဆုံးတော့ ယူကျုံးမရ စိတ် ၊ အားငယ် စိတ် တွေက ရင်ထဲမှာ ဖိတ်လျှံပြီး မျက်ဝန်း မှာ မျက်ရည်ကြည်တွေ ဝေ့တက် လာခဲ့သည် ။ ဘယ် အလှူ ၊ ဘယ် မင်္ဂလာဆောင် ၊ ဘယ် ရှင်ပြု က မှ မုံ့ ကို မဖိတ် ၊ မခေါ် ။ ရွယ်တူတန်းတူ တွေ ဝတ်ကာ စားကာ နှင့် ရှင်လောင်းလှည့် လာပြီလား ၊ မင်္ဂလာဆောင် သွားကြပြီလား ဆို ခြံစည်းရိုး ဘေးနား ကနေ ငေးကြည့် နေရတာက မုံ ။

ကြာတော့ ... ရင် ထဲ မှာ ရှက်အားငယ်ကာ မခံချင် ဖြစ်ရသည် ။ ဒေါပွရသည် ။ ခုလည်း တော်ကြာ လျှင် သူတို့ ရှင်လောင်းလှည့် လာကြဦးမည် ။

မကြည့်ချင်ဘူး ၊ မမြင်ချင်ဘူး ။

အမေ က ဘုန်းကြီးကျောင်း မှာ သွား ကူနှင့် နေပြီ ။ အဖေ က မြို့ကို ကုန် သွားပို့သည် မို့ ဘယ်သူမှ မမြင်ခင် မုံ ရွာ အပြင် ကို အလစ် ထွက်ခဲ့သည် ။ အစ်မ သုန်သုန် က လည်း မုံ့ ကို ဂရုစိုက်အား သည် မဟုတ် ။

လက်ပံလှ ကို သွားသည့် ရွာအပြင် ရှိ ကွင်းကြီး ထဲ က ကုက္ကိုပင်ကြီး ၏ မြစ်ဆုံမှ တစ်ယောက် တည်း ထိုင်ပြီး ကုက္ကိုနံ့သင်းသင်း နှင့် ပြင်ပလေ ကို တဝကြီး ရှူ လိုက်သည် ။

ရှင်လောင်းတွေ ကျောင်း ထဲ ပြန် ဝင်ချိန် လောက် မှ ပဲ ရွာ ထဲ ပြန်တော့မည် ဟု ဆုံးဖြတ်ပြီး ပင်စည် ကို မှီကာ အမောဖြေ နေခိုက် ရင်ထဲ မှ တစ်ဆို့ဆို့ကြီး ဖြစ်လာကာ မျက်လုံးတွေ ပြာ ပြီး အကြောအခြင်တွေ တဖျဉ်းဖျဉ်း ဖြစ်လာသည် ကို ပဲ နောက်ဆုံး သတိရ လိုက်တော့သည် ။

•••••   •••••   •••••

“ ဟိုက် ဘာကြီးပါလိမ့် ”

လက်ကျန် ထန်းရည် အမူးကလေးပင် ဖြုန်းခနဲ လွင့်ပြေး သွားသည် ။ မျက်လုံး အစုံ ကို ပွတ်သပ်ပြီး စူးစိုက် ကြည့်လိုက်မိတော့မှ -

“ ဟာ ... ဟိုဘက်ရွာ က မုံ ဆိုတဲ့ ကောင်မလေး ပါလား ၊ သတိလစ် နေတာ ထင်တယ် ၊ ဒုက္ခပါ ပဲ ”

မိုးသက်လေ တစ်ချက် အဝေ့ မှာ စိမ့်ခနဲ အေးပြီး မိုးသားများ က တလိမ့်လိမ့် တက်လာသည် ။

ကုက္ကိုမြစ်ဆုံ ကြား တွင် လည်ကလေး စောင်းကာ ခွေခွေလေး ငြိမ်သက် နေရှာသော မုံ ၏ အပြစ် ကင်းစင်သော မျက်နှာအလှ ကို တွေတွေကြီး စိုက်ကြည့် မိလျက် က နွေဦး ၏ ရင် မှာ တစ်စုံ တစ်ခုသော အရိပ်တစ်ရိပ် က ဖြတ်သန်း သွားလိုက်သည် ကို အမှတ်မထင် ခံစား လိုက်ရသည် ။

ကသီကရီ လန်တက် နေသော မာဆရိုက်ထဘီ နီညို အောက်မှ ခြေသလုံးသား ဝင်းဝင်း ကလေးက ဒူးဆစ် အောက်နား ဆီမှ စ၍ ခြေတံ ၏ အလှ ကို လှစ်ဟ နေသယောင်။

“ ဟော ... မိုးတွေ ရွာ လာပြီ ”

ဗြုန်းခနဲ ရွာချ လိုက်သော မိုးသည်းသည်း ကြောင့် နွေဦး မှာ မုံ့ ကို ချီမ ပြေးရ မလို၊ ပွေ့ယူ ခဲ့ရ မလို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည် ။ နောက်မှ စိတ်ရှုပ်ထွေးစွာ ခေါင်း ကို တဖြည်းဖြည်း ကုတ်ကာ စဉ်းစားပြီး -

“ ငါ ထမ်း ခေါ် သွားလို့ လည်း မဖြစ်သေးပါဘူး ၊ စေတနာ က ဝေဒနာ ဖြစ်နေဦးမယ် ၊ ရွာ ကို ပြေးပြီး ပြောတာပဲ ကောင်းပါတယ် ၊ တော်ကြာ အအေးပတ်ပြီး ကိစ္စချော သွားမှ ဒုက္ခ ”

မိုးသည်းသည်း အောက် မှာ ရွှဲရွှဲ စိုနေသော မုံ့ ကို တစ်ယောက် တည်း ထားခဲ့ရမှာ လည်း နောက်ဆံတင်း နေမိ ပြန်သည် ။ နောက်ဆုံး စိတ်ကို တုံးတုံးချကာ ခါး ထဲ မှ ပုဆိုး ကို ချွတ် ပြီး မုံ့ ကိုယ်ကလေး ပေါ်မှာ လွှမ်းခြုံ ပေးခဲ့ကာ ဘောင်းဘီတိုကလေး ဖြင့် ရွာ သို့ အပြေးအလွှား လာခဲ့တော့သည် ။

နွေဦး ထွက်သွားပြီး မိနစ်ပိုင်းမျှ အကြာ တွင် မိုးသံ လေသံ သည်းသည်းဒဏ် ကြောင့် မုံ သတိရပြီး လူးလဲ ထ လိုက်သည် တစ်ကိုယ်လုံး ရွှဲရွှဲစိုပြီး တဆတ်ဆတ် တုန်အောင် ချမ်းနေရာ မှ -

“ ဟင် ... ဘယ်သူ့ ပုဆိုး ပါလိမ့် ”

မုံ ရှက်လန့်တကြား နှင့် ကြက်သီးဖြန်းဖြန်း ထ သွားသည် ။

တစ်ယောက်တည်း ရွာ အပြင်ဘက် ကုက္ကိုပင်ကြီး အောက် သို့ ရောက်ခဲ့ရသည့် အဖြစ်အပျက် တစ်ပိုင်းတစ်စ ကို သတိရပြီး နောင်တ စိတ် နှင့် အတူ ရှက်ရွံ့ကြောက်လန့် အားငယ်စွာ ရွာ ဘက် သို့ အပြေး တစ်ပိုင်း ဖြင့် ပြန်လာခဲ့တော့သည် ။

•••••   •••••   •••••

ရွာ ထဲ ဝင်ရန် ဝါးတစ်ရိုက် အလိုခန့် ရောက်တော့ မြက်တော ထဲ တွင် ပုံလျက် လဲ နေသော လူ တစ်ယောက် ကို ခလုတ်တိုက် မိ မလို ဖြစ်သွားသောကြောင့် ရုတ်တရက် ခြေလှမ်း တန့်ပြီး ငုံ့ကြည့်မိ တော့ -

“ ဟင် .. အရီးကြော့ သား ထန်းရည်သမား နွေဦး ပါလား ၊ ဘာတွေ ဖြစ်ကုန်ပါလိမ့် ”

ဘောင်းဘီတိုကလေး နှင့် လဲ နေသော နွေဦး ကို တစ်လှည့် ၊ မိမိ ထံ တွင် ပါလာသော ပုဆိုး ကို တစ်လှည့် ကြည့်ရင်း က မုံ ဘုရား တ မိရသည် ။

နွေဦး ဘေး တွင် မုံ မရဲတရဲ ထိုင်ချ လိုက်သည် ။ ဒီလောက် မိုးတွေ လေတွေ သည်း နေတာ နွေဦး ထန်းရည် မူးပြီး အိပ်ပျော် နေတာ ဖြစ်နိုင်ပါ့မလား ။

စွန့်စွန့်စားစား နှင့် နွေဦး လက်မောင်း ကို ကိုင်လှုပ်ကြည့်မိတော့ နွေဦး မျက်ဝန်းများ အနည်း ငယ် ပွင့်လာသည် ။

“ မုံ ကျွန်တော် ... ကျွန်တော် ပိုးထိ ”

စကား ကို ဆုံးအောင် မပြောနိုင်ဘဲ သတိ ပြန် လစ်သွားသည် ။ မုံ ဘာ လုပ်ရမှန်း မသိဘဲ ဖြစ်နေ စဉ် နောက်ဘက် မှ လူသံသူသံတွေ ကြား လာရသည် ။

“ ဟော ... ဒီမှာ တွေ့ပြီဟေ့ ”

“ လာကြဟေ့ ... ဒီမှာ မုံ့ ကို တွေ့ပြီ ၊ ဟာ ထန်းရည်သမား နွေဦး ကော ပါလား ”

“ ဘယ်လို ဖြစ်ကြတာလဲ ၊ ကိုယ်ကျိုး တော့ နည်းပါပြီ ”

မုံ့ အမေ နှင့် အစ်မ တွေ က မုံ့ ကို ပြေးဖက်သည် ။ ရွာသားတွေ က တအံ့တဩ နှင့် မုံတို့ နှစ်ယောက် ကို ဝိုင်းကြည့် နေကြသည် တစ်ကိုယ်လုံး ဆတ်ဆတ်တုန် ကာ ပြာနှမ်း နေသည့် မုံ နှင့် မုံ့ လက်ထဲ က ပုဆိုး ကို တစ်လှည့် ကြည့်ကာ မုံ့ အမေ တုန်လှုပ်ချောက်ချား နေသည် ။

“ သမီး ... သမီး မုံ ၊ အမေ့ ကို မှန်မှန် ပြောစမ်း ၊ သမီး တို့ ဘယ်လို ဖြစ်ကြတာလဲ ၊ ငါ့ သမီး ကို နွေဦး ”

“ ဟင့်အင်း မသိဘူး ၊ အမေ သမီး ဘာမှ မသိဘူး ၊ အခု နွေဦး ကို ပိုးထိ ထားတယ် ၊ လုပ်ကြပါ ဦး ”

“ ဟေ့ .. ပိုးထိထားတာတဲ့ ဟေ့ ၊ မူး နေတာ မဟုတ်ဘူး ” 

“ ဒါဆို ဆေးရုံ မြန်မြန် ပို့မှ ”

“ ရွာ ထဲ သယ်လေကွာ ၊ ကျန်းမာရေးမှူး ကို အရင် ပြမှ ပေါ့ ”

“ လုပ်ကြပါဟ မြန်မြန် ”

လူတွေအားလုံး ဝရုန်းသုန်းကား ဖြစ် ကုန်ကြသည် ။

•••••   •••••   •••••

ကုသိုလ်ကံ အကြောင်း ထောက်မ ၍ နွေဦး အသက်အန္တရာယ် က လွတ်မြောက် သွားသည် ။

သို့သော် မိုးလေသည်းသော နေ့ တစ်နေ့ မှ နွေဦး နှင့် မုံ တို့ ၏ အဖြစ်အပျက် မှာ ဘာမှ မဟုတ် လောက်ပါဘဲ နှင့် ရွာ ထဲ တွင် သို့လော သို့လော နှင့် ဟိုးလေးတကျော် ဖြစ်သွားတော့သည် ။ မိန်းကလေးရှင် မုံ တို့ ဘက် မှ ပိုပြီး အရှက်ရစရာ ဖြစ်လာရသည် ။ ထန်းရည်မူးသမား နွေဦး ၏ စကား ကို လည်း ဘယ်သူ က မှ မယုံကြည် ။

နောက်ဆုံး ရွာလူကြီးများ နှင့် နှစ်ဖက်မိဘများ မှာ အကောင်းဆုံး အခြေအနေ အဖြစ် နွေဦး နှင့် မုံ တို့ အား ထိမ်းမြားလက်ထပ် ပေးရန် ဆုံးဖြတ် လိုက်ကြသည် ။

မင်္ဂလာပွဲ ကို နှစ်ဖက်စလုံး မှ အကုန်အကျ ခံကာ ရွာ မှာ မီးခိုးတိတ် ခြိမ့်ခြိမ့်သဲသဲ ကျင်းပသည် ။ တစ်ရွာလုံး က ပြောစမှတ် ပြု လောက်အောင် ကို သတို့သမီးလေး က မိုးကျနတ်မယ် တမျှ လှပနေသည် ။ အားလုံးက တထိတ်ထိတ် နှင့် အရိပ်ကြည့် နေကြ သော်လည်း အံ့ဩစရာ ကောင်းလောက် အောင် မုံ က မင်္ဂလာဆောင် သည့် နေ့ တစ်နေ့လုံး ကျန်းမာရေး အထူး ကောင်းမွန် နေသည် မို့ အားလုံး ပျော်ရွှင် ချမ်းမြေ့စွာဖြင့် စိတ်အေးချမ်းသာ ရှိကြရသည် ။

“ ဟာ တကယ်တမ်း ကျတော့ နွေဦး က လည်း လူချော  ပဲတော့ ၊ သင်းတို့ နှစ်ယောက် ကို ကျုပ် ဖြင့် ကြည့်မဝပေါင် ”

“ ဟုတ်ပါရဲ့ ဟယ် ၊ နေ နဲ့ လ ရွှေ နဲ့ မြ ဆိုတာ ဒါပဲနဲ့ တူပါရဲ့ ”

မဏ္ဍပ် ထဲ တွင် မင်္ဂလာ အခါတော်ပေး တေးသံ နှင့် အတူ သတို့သမီး ၊ သတို့သား တို့ ကို ချီမွမ်း ထောမနာ ပြုသည့် အသံ က ဖိတ်လျှံ နေသည် ။

ညီ ဖြစ်သူ ၏ မင်္ဂလာပွဲ ကို ရွာ ထဲ မှ ကာလသား တစ်သိုက် နှင့် အတူ ချွေးသံတရွှဲရွှဲ နှင့် ကွပ်ကဲ နေ ရသည့် ဖိုးအောင် တစ်ယောက် မှာ လည်း ဝမ်းသာ ဝမ်းနည်းကြီး နှင့် မမောနိုင် မပန်းနိုင် ပီတိတွေ လှိုင်နေသည် ။

တစ်သက်လုံး ထန်းရည်အိုး ထဲ ခေါင်း မဖော်ဘဲ အလှအပ တို့ နှင့် ကင်းကွာခဲ့ လွန်းသော ညီ ဖြစ်သူ နွေဦး တစ်ယောက် သတို့သမီးချောကလေး ကို မျက်စိ အောက် မှ အပျောက် မခံနိုင်အောင် တရစ်ဝဲဝဲ ဖြစ်နေရသည် ကို ကြည့်၍ လည်း စိတ် ကြည်နူးရသည် ။

ထိုထက် ပို၍ ဝမ်းသာရသည် ကား နှစ်ဖက် မိဘများ ကို ကန်တော့ကြစဉ် -

“ ကျွန်တော် ဒီ ကနေ့ က စပြီး ထန်းရည် ဖြတ် လိုက်ပါပြီ ၊ မုံ့ ကို မယား မှတ်မှတ် သား မှတ်မှတ် လုပ်ကျွေး ပြုစုပြီး မုံ့ ရောဂါ ကို လည်း မြို့တက်ပြီး အစွမ်းကုန် ပျောက်အောင် ကုသပါ့မယ်၊ မပျောက်ခဲ့ ရင် လည်း ကျွန်တော် တစ်သက်လုံး မငြိုမငြင် ပြုစု နိုင်ပါတယ် ၊ အမေ လည်း အသက် ကြီး ပြီမို့ ထန်းလျက်လုပ်ငန်း ကို ကျွန်တော် ပဲ ဦးစီးပြီး လုပ်ပါရစေတော့ ၊ အမေ စိတ်ချလက်ချ အနားယူပါ ၊ ကျွန်တော် ဘယ်တော့မှ အရင် ဘဝ ကို ပြန် မရောက်စေရပါဘူး လို့ ကတိ ပေးပါတယ် ”

နွေဦး ၏ ကတိ စကားကြောင့် နှစ်ဖက်မိဘ ဆွေမျိုးများ မျက်ရည် လည် အောင်ပင် ဝမ်းသာ ကြရသည် ။

မုံ့ ၏ အလှ သည် နွေဦး ၏ နှလုံးသား ကို ဆုပ်ကိုင် ဖမ်းစားပြီး နွေဦး ၏ ဘဝ ကို ပင် ပြောင်းလဲ ပစ်နိုင်စွမ်း ရှိလေပြီ ။

နွေဦး ၏ စကား အဆုံး တွင် မျက်လုံး တောက်တောက်ကလေးများ ကို ဝင့် ၍ ခင်ပွန်းသည် ကို အားကိုးတကြီး နှင့် ငေးမော နေသော မုံ့ မျက်ဝန်းများ ကို သတိထား မိရင်း မှ ဖိုးအောင် ရင် တွင် ရှက်စိတ်များ ဖြာဝေသွား မိကာ လူ မသိ သူ မသိ သက်ပြင်း ကို ခိုးပြီး ချ လိုက်မိသည် ။

“ ဪ ... အိမ် ပြန်ရောက် ရင် ပိုစတာ ရုပ်ပုံကြီး ကို ဖြုတ်သိမ်းလိုက်မှ ပါပဲ ” ဟု လည်း မလုံမလဲ တွေးလိုက်မိသည် ။

⎕ သန်းမြင့်အောင်

📖 စပယ်ဦး ဝတ္ထုတို မဂ္ဂဇင်း
      ၁၉၈၈ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment