❝ ဝဋ် ❞
━━━━━━━━━━━━
သန်းမြင့်အောင်
━━━━━━━━━━━━
“ ကဲ ... ဆရာကြီး သွားလိုက်ဦးမယ် ၊ ရောက်နေတာလည်း ကြာပြီ ”
ဒေါ်သုမန က ကိုယ်ရုံ ကို ပြင်ရင်း မတ်တတ် ထရပ်လိုက်တော့မှ ခြေရင်းဘတ် ကလေးပုခက် မှာ သွယ်ထားသော ကြိုးစ ကို ကိုင်ကာ လွှဲနေရာမှ အသာ လွှတ်၍ ဒေါ်ငြိမ်းမယ် ကပျာကယာ ဦးချ လိုက်သည် ။
“ တင်ပါ့ဘုရား ၊ တပည့်တော်လည်း ဒီ ဝါတွင်း မှာ ဥပုသ်ရက်ရှည် လာဝင်ပါဦးမယ် ၊ တတ်နိုင် ရင်တော့ ဆရာကြီးတို့ လို သီလရှင်ဘဝ နဲ့ တရားအားထုတ် သွားချင်တဲ့ ဆန္ဒ က ပိုပြီး ပြင်းထန်ပါတယ် ၊ ဖြစ်အောင်လည်း ကြိုးစားပါ့မယ် ၊ အခု လောလောဆယ်တော့ မြင်တဲ့ အတိုင်းပါပဲ ဘုရား ”
“ အချိန်တန်တော့လည်း ဖြစ်လာမှာ ပေါ့ ဒကာမကြီးရယ် ”
ဒေါ်ငြိမ်းမယ် က အနားမှာ အသင့်ချထားသော ထန်းလျက်ခဲထုပ်ကလေး ဒေါ်သုမန လက်သို့ တရိုတသေ ကို ကပ်လှူသည် ။
“ သာဓု .... သာဓု ... သာဓု ... ကိုယ်စိတ်နှလုံး အေးချမ်းပြီး လိုအင်ဆန္ဒ အားလုံး တစ်လုံးတည်း တစ်ဝတည်း ပြည့်ဝပါစေ ”
“ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ ဘုရား ”
အသားဝါဝါ ဦးပြည်းစိမ်းစိမ်း နှင့် ကိုယ်ရုံ ကို သေသပ်စွာ ရုံ၍ တည်တည်ငြိမ်ငြိမ် ပြန်ကြွသွားသော ဒေါ်သုမန ကို အတန်ကြာ ငေး၍ ဒေါ်ငြိမ်းမယ် အားကျစိတ်တွေ တဖိတ်ဖိတ် ဝေနေသည် ။
“ အေးချမ်းလိုက်တဲ့ ဘဝနော် ၊ ငါ့ ဘဝလည်း ဘယ်တော့များမှ ဒီလို အေးအေးချမ်းချမ်း နေရပါ့မလဲ ၊ အင်း ... မိခင်ဝေ ... ညည်းကြောင့် ညည်းလေးကြောင့် ... ”
အလုပ်ဆင်းနေသော သမီး မခင်ဝေ ကို စိတ် မှ ညည်းညူတမ်းတမိသည် ။ မခင်ဝေ က လင်ကံ မကောင်း ၊ လင်ကံ မကောင်းတာကတော့ သားအမိ နှစ်ယောက်စလုံး ပါပဲလေ ။ သူ့ အဖေ ဦးအောင်တင် တုန်းကလည်း မိခင်ဝေ ဆယ်နှစ်သမီးအရွယ်လောက်ကတည်း က ဆုံးသွားသဖြင့် မုဆိုးမ ဘဝဖြင့် စက်ကလေး တစ်လုံး ကို အရင်းပြု၍ သားအမိ နှစ်ယောက် ၏ ဘဝ ကို ရပ်တည်ခဲ့ရသည် ။ အသင့်အတင့် ကောင်းမွန်သော အိမ်ကလေးတစ်လုံး အဖက်တင် ကျန်ရစ်ခဲ့ သဖြင့် အိမ်လခကိစ္စနှင့် နေရေးထိုင်ရေး စိတ်အေးရသည် ။ အနီးအနား ပတ်ဝန်းကျင်က အိမ်လခ ကိစ္စနှင့် အိမ်ရှင်အိမ်ငှား ပြဿနာ တက်ကြတာတွေ ၊ အိမ်ဈေးတွေ ခေါင်ခိုက် နေသဖြင့် အိမ်ငှား ဘဝက မတက်နိုင်ကြသူတွေ ၊ အိမ်လခ တွေ မြင့်မား နေသဖြင့် တစ်လ တစ်လ မိမိတို့ စားရမည့်ထဲက အိမ်လခထဲ ဝင်သွား၍ စားဝတ်နေရေး မပြေလည်ကြရှာသူတွေကို မြင်နေရသဖြင့် ပေ ၄၀ x ပေ ၆ဝ မြေကွက်တွင် သွပ်မိုး ပျဉ်ထောင် ပျဉ်ခင်း နှင့် အုတ်ဖိနပ်ခံကာ အခိုင်အခံ့ ဆောက်ထားသော လုံးချင်းတစ်ထပ် အိမ်ကလေးတစ်လုံး ကို ပိုင်ဆိုင်ထားရသော အခြေအနေ က ဖြင့် ဘဝင် ကျစရာပါပေ ။ စနစ်ဇယားဖြင့် ချွေချွေတာတာ သုံးစွဲနိုင် ခဲ့သဖြင့်လည်း
သားအမိ နှစ်ယောက် အပူအပင် ကင်းကင်းဖြင့် ဘဝ ကို ရပ်တည်နိုင်ခဲ့ပါ၏ ။ မိခင်ဝေ က ဆယ်တန်း နှစ်ခါ ကျသဖြင့် ရက်ကန်းစက်ရုံ တစ်ရုံ တွင် အလုပ် ဝင်လုပ်သည် ။ သားအမိ နှစ်ယောက် တောက်လျှောက် အပူအပင် ကင်းကင်း နှင့် ဘဝ ကို ရပ်တည်လာခဲ့ပြီးမှ တစ်ချိန် တွင် ဒေါ်ငြိမ်းမယ် သောက ကို စတင် ကြုံတွေ့ရသည် ။ သမီး မခင်ဝေ သူတို့ စက်ရုံ အနီးမှ ကောင်ကလေး တစ်ယောက် နှင့် ရုံး မှာ လက်ထပ် လိုက်ကြ၏ ။
အိမ်ထောင်ဦး အစ ကတည်း က ထောင့်မကျိုး လှသည့် သမက် ဖြစ် သူကို သိပ်သဘော မတွေ့ခဲ့ ပေမဲ့ တစ်ဦးတည်းသော သမီးလေး ကို မပစ်ရက်သဖြင့် အိမ်ပေါ် ခေါ် တင်ခဲ့ရပါ၏ ။ အိမ်ထောင်သက် တစ်နှစ် ကနေ နှစ်နှစ် ရှိလာတော့ နဂိုက အရက်ကလေး တစ်စတစ်စ သောက် နေရာမှ ပို ကဲကာ ဖဲကလေး ပါ ဖက် လာပြီး လင်မယား တကျက်ကျက် ရန်ဖြစ် နေတော့၏ ။ ယောက္ခ မဆိုတော့လည်း နေရာတကာ ဝင် မပါချင် ၊ တော်ရုံတန်ရုံ သူတို့ လင်မယား စကားများ နေလျှင် တစ်ဖက်အိမ် သွားပြီး ရှောင် နေလိုက်၏ ။ သိပ်ဆူဆူညံညံ ဖြစ်လာလျှင်တော့ ထပြုပြီး ဆူလိုက်လျှင် နှစ်ယောက် စလုံး လေသံပျော့ပြီး လျှော့ သွားတတ်ပါ၏ ။ ဒါကိုပဲ ' တော်သေးတယ်ဟဲ့ ၊ ယောက္ခမ ကို ပြန်ပြု မအော်ဘူး ဒီလောက် မရိုင်းရှာဘူး ' ဟု ကြံဖန်ပြီး သမက် ကို ကျေးဇူး တင်ရသေး၏ ။ ကိုယ် က လည်း နေရာတကာ စပ်စပ် စပ်စပ် မှ မပါဘဲကိုး ။ ပြီးတော့ သမီး က လည်း မအေ ကို ရိုသေတော့ သမက် က လည်း ရှိန်ပေ တာပေါ့ ။ ဒါပေမဲ့ နောက်ဆုံး ကလေး နှစ်ယောက် ရတော့ အရက်ဝို င်းနှင့် ဖဲဝိုင်း က မထတော့သဖြင့် မိခင်ဝေ တစ်ယောက် လင်ဆိုးမယား တဖားဖား ဘဝ ရောက်ပြီး နောက်ဆုံး သည်းမခံ နိုင်တော့ သဖြင့် ကွဲကြ ကွာကြတော့သည် ။ နဂိုကတည်းက အေးအေး နေချင်သူ ဒေါ်ငြိမ်းမယ် ပြန်မပြော နားမထောင် သည့် သမက် ဖြစ်သူနှင့် သမီး အား ကွဲကြကွာကြ ဟု လည်း အားမပေး ၊ ပြန်ပေါင်းပါ ဟု လည်း ဝင်မစေ့ စပ် ၊ စိတ်အေးလက်အေး ဓမ္မာရုံ မှာ သွားပြီး ဥပုသ်စောင့် နေလိုက်သည် ။
အခုတော့လည်း နေရတာ ပိုတောင် အေးသွားသလိုပင် ၊ မိခင်ဝေ က စက် ရုံ မှာ အလုပ်ဆင်း ၊ ဒေါ်ငြိမ်းမယ် က အိမ်မှာ ပုဆိုးလေး အစ ၊ ထဘီလေး အစ လာအပ်သည့် ချုပ်ထည် တို့ ကို ထိုင် ချုပ်လိုက် ၊ မြေးလေးတွေ ကို ထိန်းလိုက် နှင့် ပူညံပူညံ အသံမကြားရတော့ ။
“ ဘွားဘွား ဘာမုန့် ချိရဲ ”
နောက်နား မှ ပခုံးကို လာ ဖက်လိုက်သော အထိအတွေ့ကြောင့် ဒေါ်ငြိမ်းမယ် အတွေးအာရုံ ကြော မှ လူးလွန့်နိုးထ လာသည် ။
“ မြေးကြီး နိုးပြီလား ၊ ဘွားဘွား သာကူ ကျိုထားတယ် ၊ ငြိမ်ငြိမ်လေး ထိုင်နေနော် ၊ ညီမလေး နိုးသွားမယ် ၊ ပုခက်ကြိုး ကို သွား မလှုပ်နဲ့ ဘွားဘွား သာကူ သွားထည့်ဦးမယ် ”
“ သာကူ သောက်ပြီး အောက်ဆင်း ဆော့မယ်နော် ဘွားဘွား ”
“ မဆော့ရဘူး ၊ မဆော့ရဘူး ၊ နေပူတယ် ၊ ညနေကျမှ ဘွားဘွားနဲ့ လမ်းထွက်လျှောက်မယ် ကြားလား ၊ နေပူ ရင် ဖျားတတ်တယ် မြေး ရဲ့ ၊ မုန့်စားပြီး ရင် လည်း အိမ်ပေါ် မှာ ပဲ စာအုပ် ထဲ က အရုပ်ကလေး တွေ ကြည့်နေ ၊ ဟုတ်လား ”
“ ဟုတ်ကဲ့ ဘွားဘွား ”
ကလေးပုခက် ကို တစ်ချက် လွှဲ၍ ဒေါ်ငြိမ်းမယ် မီးဖိုထဲ ဝင်ခဲ့သည် ။
••••• ••••• •••••
သာသနာ့ရိပ်သာမှာ တရားဝင်ခဲ့သည် မှာ ယနေ့ ဆိုလျှင် ( ၇ ) ရက် မြောက်ခဲ့ပေပြီ ။ ဘုရားရိပ် ၊ တရားရိပ်ကား အလွန်ပင် အေးမြလှချေသည် ။ တိတ်ဆိတ်သော ကျောင်းဝင်း ထဲ တွင် လေနုအေး နှင့် မြရွက်သစ်တို့ ၏ မွေ့လျော်ထိတွေ့သံ ကို ပင် ကြားရမတတ် ရှိချေသည် ။
“ ဒေါ်ငြိမ်းမယ် ပါလား ၊ မတွေ့ကြတာတောင် အတော် ကြာသွားပြီ ၊ နေထိုင် ကောင်းရဲ့ လား ”
အနီးကပ် နှုတ်ဆက်သံ ကို ကြား၍ လှည့် ကြည့်လိုက်တော့ တရား ဆွေးနွေးဖက် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးမြဦး ကို တွေ့လိုက် ရသည် ။
“ ဪ .. ဟုတ်ကဲ့ ဆရာကြီး ၊ မတွေ့တာ ကြာဆို အိမ် မှာ မြေးနှစ်ယောက် နဲ့ လုံးလည် လိုက်နေလို့ ပဲ ဆရာကြီး ရေ ၊ ခုတောင် အိမ် မှာ သမီး ကို လုပ်သက်ခွင့် ယူခိုင်း ထားရတယ် ၊ ဒါနဲ့ အစ်မကြီးကော မပါဘူးလား ”
“ ပါတယ်ဗျို့ ၊ ဇရပ် ပေါ်မှာ ကျန်ခဲ့တယ် ၊ မငြိမ်းမယ် ရေ အရွယ်တွေ လည်း ရ ကုန်ပြီဗျာ ၊ သေဖို့ က လည်း တစ်ရက် ထက် တစ်ရက် နီး လာပြီ ၊ ကြွေးဟောင်းတွေ ၊ ကြွေးသစ်တွေ ကလည်း တစ်သက်ပတ်လုံး ဆပ်လာခဲ့တာ ကုန်လုပါပြီ ၊ ခုတော့ဖြင့် မသေခင် ကိုယ့် အတွက် ကုသိုလ် အထုပ်ကလေး ပါ သွားအောင် ကြိုးစားအားထုတ် ရဦးမယ်ဗျို့ ၊ ကဲ .. သွားဦးမယ် ”
ဦးမြဦး ပြောသွားသော စကား က ရင်ထဲ မှာ စွဲကျန်ခဲ့သည် ။
“ ဟုတ်တယ် ၊ ငါ လည်း မသေခင် ကိုယ့် နောက် ပါမယ့် ကုသိုလ် အထုပ်ကလေး တော့ ထုပ်ယူ သွားရဦးမယ် ၊ နို့မို့ အဆုံးအစ မရှိတဲ့ ဒီ သံသရာကြီး ထဲမှာ ဘယ်လောက် ကြာကြာ လည်ပတ် နေရဦး မယ် မသိဘူး ”
ဟု တွေး၍ လေးကန်စွာ ထလာခဲ့သည် ။ တစ်ဆက်တည်း မှာ ပဲ ရင်ထဲမှာ ဆုံးဖြတ်ချက် တစ်ခု ကို ပိုင်ပိုင် ချလိုက်မိတော့သည် ။
•••• ••••• •••••
မခင်ဝေ မျက်ရည်အဝဲသား နှင့် မအေ ကို ငေးကြည့် နေသည် ။ သူ့ ရင် ထဲ မှာ အားငယ်မှုတွေ ပြွမ်းတီးပြီး ပူလောင်ခြောက်သွေ့ နေသည် ။ မတားကောင်းသည့် အရာ မို့သာ နေရသည် ။ တတ်နိုင် လျှင် အမေ့ ခြေအစုံ ကို ဖက်၍ ...
“ မသွားပါနဲ့ အမေ ရယ် ၊ အမေ မရှိရင် သမီး မနေတတ်ဘူး ၊ သမီး ကို ခွဲမသွားပါနဲ့ ”
ဟု ငိုယိုတားဆီး လိုက်ချင်သည် ။ သို့သော်လည်း စကားလုံးတွေက လည်ချောင်းဝ မှာ တစ်ဆို့ပြီး ရင်တွေ သာ ပူနေသည် ။ ဒေါ်ငြိမ်းမယ် က သူ မွေးလာသည့် သမီး မို့ သည် အသွင်သဏ္ဌာန် ကို အကဲခတ်မိသည် ။
“ အမေ့ ကို ဖျက်ဖို့ ကြိုးစားနေသလား မိခင်ဝေ ၊ သာသနာ့ဝန် ထမ်းတဲ့ အလုပ် ၊ နိဗ္ဗာန် ရောက် ကြောင်း တရား ကို အားထုတ်တဲ့ သူတော်ကောင်း အလုပ် ကို ကိုယ်ကိုယ်တိုင် မလုပ်နိုင်တောင် လုပ်နိုင်တဲ့ သူ ကို အားပေးတယ် ၊ ပါရမီ ဖြည့်ရတယ် ၊ သာသနာဖျက် အလုပ် ကိုတော့ မလုပ်ပါနဲ့ ငါ့ သမီး ၊ အမေ မရှိလို့ သမီး အားငယ်စရာ မလိုဘူး ၊ အမေ ညည်းအရွယ်တုန်း က ဆို မုဆိုးမ ဘဝနဲ့ ကလေးတစ်ယောက် နဲ့ ဒီလိုပဲ လုပ်ကိုင်စားသောက် လာခဲ့ရတာပဲ ဆိုတာ သမီး အသိ ၊ အခု သမီး ကို အမေ ထားခဲ့တာနဲ့ တောင် မတူဘူး ၊ အခုဆို သမီး အတွက် ဘာလိုသလဲ ၊ ရှိစုမဲ့စု ပစ္စည်းလေးတွေ ထုခွဲ ပြီးတော့ အိမ်ဆိုင်လေး တည်လိုက်တာကလည်း တစ်နေ့ တစ်နေ့ အတော် ရောင်းရသားပဲ ၊ ကူဖော်လောင်ဖက် နဲ့ တိုးတိုးဖော် ရအောင်လဲ တောက ညည်း အဒေါ် ရွှေမိ ကို အတူ လာနေဖို့ ကို စီစဉ် ပြီးပြီပဲ ၊ အမေ့ တာဝန် ကျေပါတယ်နော် ၊ ဒီအသက်အရွ ယ်အထိ ညည်း တစ်ယောက် အတွက် ဒီလောက် ရုန်းကန်လာရတဲ့ အမေ့ ကို အနားပေးပါတော့ ၊ အမေ ဝတ်ချင်နေတဲ့ သီလရှင် အဝတ် နဲ့ ကျွတ်ကျွတ် လွတ်လွတ် တရား အားထုတ်ပါရစေတော့ သမီးရယ် ၊ ကြည်ကြည်ဖြူဖြူ နဲ့ ပါရမီဖြည့်ပါ ”
ဤသို့ လေရှည်ကြီး နှင့် သမီး ကို တရား ချရသည် ။ သည်တော့လည်း မိခင်ဝေ ဘာမှ ပြန် မငြင်းသာ ၊ ပုဆစ်တုပ် ထိုင် နေရာမှ ဦးခေါင်းကို ငုံ့၍ -
“ ဟုတ်ကဲ့ပါ အမေ ၊ သမီး သဘောပေါက်ပါပြီ ၊ အမေ့ ကို ဖျက်ဖို့ လည်း မကြိုးစားတော့ပါဘူး ၊ လုပ်ချင်တဲ့ အလုပ်ကို စိတ်ဖြောင့်ဖြောင့် သာ လုပ်ပါ ၊ သမီး အတွက် စိတ်ချပါ အမေ ”
“ အေးကွယ် .... သာဓု သာဓု ၊ ငါ့သမီး ဘုန်းကြီးလို့ အသက်ရှည်ပါစေ ”
မခင်ဝေ အမေ့ ရှေ့မှာ ကြာကြာ မထိုင်နိုင် တော့သဖြင့် မီးဖိုဘက် ထ သွားသည် ။ မမြင်ကွယ် ရာ မှာ သွား ငိုတော့မည်မှန်း သိလိုက်၍ စိတ် တော့ မကောင်း ၊ သို့သော် ချက်ချင်း စိတ် ကို တင်း၍ -
“ အင်း .. နောက်တော့လည်း နေသားကျသွားမှာ ပါလေ ၊ ဒါတွေကို ငါ ဖြတ်မှ ... ဖြတ်မှ ”
ဟု စိတ်ကို တုံးတုံးချ၍ ပုတီးကို ကောက်ကိုင်လိုက်သည် ။
••••• ••••• •••••
ဒေါ်သုမန မှ တစ်ဆင့် သီလရှင် အဝတ် ကို ဝတ်၍ ဤကျောင်းဝင်းအတွင်း ၌ နေထိုင်ကာ တရား အားထုတ်ခွင့် ပြုပါရန် လျှောက်ထားတော့ ကျောင်းထိုင် ဆရာတော်ကြီး က ဒေါ်ငြိမ်းမယ် အား ခေါ်ယူ တွေ့ဆုံသည် ။
“ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးပြီလား ဒကာမကြီး ”
“ တပည့်တော် ဆုံးဖြတ်ပြီး မှ အိမ် က အပြီးအပိုင် ထွက်ခဲ့တာပါ ဘုရား ၊ ဒီအဝတ် ကို ဝတ်ချင် နေတာလည်း ကြာပါပြီ ၊ ဆရာကြီး ဒေါ်သုမန ကို သာ မေးကြည့်တော်မူပါ ဘုရား ”
“ ကိုယ့် စိတ် ကိုယ် ကော ကိုယ် နိုင်ရဲ့ လား ”
“ နိုင်ပါတယ် ဘုရား ”
“ စိတ် ဆိုတာမျိုး က ဘယ်သူမှ မမြင်နိုင်တဲ့ အရာမျိုး ၊ တစ်ထိုင်တည်း နဲ့ တင် ဘယ်လောက် ဝေးတဲ့ ခရီးကို ဖြစ်ဖြစ် အခေါက်ပေါင်းများ စွာ ဖြတ်သန်းသွားလာနိုင်တာမျိုး ကွဲ့ ၊ အဓိက က စိတ်ပဲ ၊ စိတ် ကို နိုင်မှ ဒီ အကျင့်ကို ကျင့်လို့ ရတာ ”
“ တင်ပါ့ဘုရား ”
“ သီလရှင် ဝတ်တာ က ဖြင့် လွယ်ပါတယ် ၊ အဲ ... ဝတ်ပြီးမှ အဆင်မပြေမှု တစ်ခုခု ဖြစ်ခဲ့ရင် မကောင်းဘူး ၊ ဒီတော့ အရင် မလိုပါနဲ့ ဦး ဒကာမကြီး ၊ ဆရာတော့် သဘော ပြောရရင် တစ်လလောက် ယောဂီ အဖြစ်နဲ့ ပဲ သီလရှင်တွေ နဲ့ အတူ တရားအားထုတ် နေချေပါဦး ၊ သီလရှင်တွေ ရှိအပ်တဲ့ ဝိနည်း သိက္ခာတွေ ၊ ကျင့်ကြံ အားထုတ်မှုတွေ ကိုလည်း လေ့လာထား ။ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန်မာန တွေ ကို ကင်းသထက် ကင်းအောင် ခဝါ ချပြီး ပညာသတိကလေး နဲ့ မေတ္တာတရား ကို ထာဝစဉ် ပွာများ ပါ ၊ ကိုယ့် အာရုံကလေး ကို ကိုယ် ထိန်းပြီး ကျောင်း က သီလရှင်တွေ ၊ ယောဂီတွေ လို တစ်နေ့ တရား လေးကြိမ် ကို မပျက်မကွက် နိစ္စဘတ် ဝတ်ကျင့်ရမယ်နော် ၊ တစ်လ ပြည့်လို့ ဒကာမကြီး တရား မှာ မွေ့လျော်တယ် ၊ ဒီ ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားပြီ ဆိုရင် ဒေါ်သုမန တို့ လို တစ်ခါတည်း ဆံပါ ပယ်ပြီး သီလရှင် အဝတ်ကို ချီးမြှင့်ဖို့ အမိန့် ချမယ် ၊ နေစရာ ဇရပ် လည်း သီးသန့် စီစဉ်ပေးမယ် ဟုတ်ပြီလား ”
“ တင်ပါ့ဘုရား ၊ ဆရာတော်ဘုရား အမိန့် ရှိသလို တပည့်တော် နာခံပါ့မယ် ဘုရား ”
••••• ••••• •••••
သူတော်ကောင်း သူမြတ်လောင်းတို့ ကိန်းအောင်းမွေ့လျော်ရာ အရပ်ကား အေးချမ်းသာယာကာ ကြည်နူးဖွယ်အတိ ရှိလှသည် ။ သီလရှင် မဝတ်ရသေးခင်ပင် အပူအပင် ကင်းကင်း နှင့် တရား အားထုတ်ရသည် မှာ လောလောလတ်လတ် နိဗ္ဗာန် ရောက်နေသည့် အလား စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိရသည် ။ ယနေ့နံနက် ဒေါ်သုမန အမှူးပြုသော သီလရှင် ၁၀ ပါး အသုဘ ရက်လည် အိမ်သို့ ဆွမ်းစားကြွပြီး ပြန်အလာ တွင် -
“ တရား ရစရာပဲ မငြိမ်းမယ် ရေ ၊ အမှည့်တဝင်းဝင်း ၊ အကင်း တပြိုက်ပြိုက်တဲ့ ၊ အခု သွားတဲ့ အိမ် က ကလေးချည်းပဲ မောင်နှမ နှစ်ယောက် ဆုံးကြတာ ၊ မနက် တစ်ယောက် ည တစ်ယောက် ဆုံးရှာ တယ် ၊ အပြင်းဖျားပြီး ဝက်သက်ငုပ်တာတဲ့ ၊ မိဘများ ကလည်း ဆင်းရဲရှာကြတယ် ၊ သားလေး နဲ့ သမီးလေး နှစ်ယောက်စလုံး ကို တစ်ပြိုင်တည်း ပစ်လိုက်ရတော့ မအေ နဲ့ ဖအေခမျာ မျက်ရည် မဆည်နိုင်ကြဘူး ၊ အင်း ... ပရိဒေဝမီးတွေ ၊ ပရိဒေဝမီးတွေ ”
ထိုသတင်း ကို ကြားတော့ အိမ် က မြေးနှစ်ယောက် ကို ကွက်ခနဲ ပြေး မြင်လိုက်သေးသည် ။
“ အင်း အိမ် က ကလေးနှစ်ယောက် ထဲ မှာ အကြီးကောင် က ဝက်သက် ပေါက်ပြီးသား ၊ အငယ်မလေး က မပေါက်ရသေးဘူး ၊ ဒီအချိန် ကလေးတွေ ဝက်သက်ပေါက်တဲ့ အချိန်ပဲ ၊ နေ က လည်း ပြင်းတယ် ၊ နေမှ ကောင်းကြရဲ့ လား ၊ အို ဒါတွေ ငါ တွေး ပူနေရင် ငါ ပဲ စိတ်ဒုက္ခ ရောက်မယ် ၊ သောကတွေ ကင်းမှ ... ကင်းမှ ”
••••• ••••• •••••
သည် လိုနှင့် ရိပ်သာ ရောက်ခံသည် မှာ နှစ်ဆယ့်ခြောက်ရက် ရှိခဲ့ပြီ ။ သီလရှင် ဘဝသို့ရောက် ရန် လေးရက် သာ လိုတော့သော တစ်နေ့၌ နံနက် ၈ နာရီခွဲ တရားဖြုတ်၍ ပြန်လာတော့ ဇရပ်ပေါ် တွင် အဆင်သင့် ထိုင်စောင့်နေသော မရွှေမိ ကို တွေ့လိုက်ရသည် ။
“ ဟဲ့ ... ရွှေမိပါလား ၊ ဘာလာလုပ်တာတုံး ”
“ မမ အတွက် သွေးဆေးပုလင်း နဲ့ ထန်းလျက် လာပို့တာပါ ၊ မနေ့ ကတည်းက လာပို့မလို့ ဟာ အိမ် မှာ အလုပ် က မအားတာနဲ့ ”
“ ရတယ် .. ရတယ် ၊ နောက်ကို လာမပို့နဲ့ ၊ ဒီမှာ လည်း ဝယ်လို့ ရယ် ၊ ဈေးနဲ့ နီးသားပဲဟာ ၊ ညည်းတို့ ကော နေရေးထိုင်ရေး အဆင်ပြေကြရဲ့ မို့လား ၊ ဆိုင်ကလေးကော ရောင်းကောင်းရဲ့ လား ”
“ ကောင်းတယ် မမ ရေ ၊ ခုဆို မိတ် က ရလာတော့ အရင်က ထက် ပိုရောင်းရတယ် ”
“ အေး ... ကောင်းတယ် ၊ ကောင်းတယ် ၊ ဈေးသည် ဆိုတာ စိတ်ရှည်ရတယ်နော် ၊ ဝယ်သူ ကို ချိုချိုသာသာ နဲ့ မှန်မှန်ကန်ကန် ရောင်းရတယ် ၊ ဒါမှ ဖောက်သည် မြဲမှာ ၊ မိခင်ဝေ ဈေးရောင်းဖူးတာ မဟုတ်ဘူး နော် ၊ အပြောအဆို မတတ်ရင် ညည်း က သင်ပြ ”
“ ဟုတ်ကဲ့ပါ မမ ၊ ခုလည်း သူက သိပ်ပြီး ဆိုင် မထိုင်နိုင်ပါဘူး ၊ ကလေးက တစ်ဖက် နဲ့ ချက်ဟယ် ပြုတ်ဟယ်နဲ့ ကျွန်မ ပဲ ဒိုင်ခံ ရောင်းရတာ ”
“ ဒါနဲ့ ကလေးတွေကော နေကောင်းကြတယ် မဟုတ်လား ”
ထိုအမေး ကို ဒေါ်ရွှေမိ က မဖြေသေးဘဲ တစ်ဖက်သို့ လှည့်ပြီး တွေးနေ သဖြင့် -
“ ဟဲ့ ... ရွှေမိ ၊ ကလေးတွေ နေကောင်းလားလို့ ငါ မေးနေတယ်လေ ”
“ ဟို ... အငယ်မကလေး က အတော် ဖျားနေတယ် ၊ အကြီးကောင် က လည်း အစားမှားလို့ ဝမ်း ပျက် ပျက်နေတယ် မမ ”
“ ဆေးခန်းလေး ဘာလေး မပြကြဘူးလားဟဲ့ ”
“ ပြပါတယ် ၊ အကြီးကောင် ကတော့ သက်သာ သွားပါပြီ ၊ အငယ်လေး က တော့ တစ်ရက် နှစ်ရက် နေလို့ မှ အဖျား မကျရင် ဆေးရုံ တင်ဖို့ ဆရာဝန် က ပြောပါတယ် ”
“ ဟေ ... ဒီလောက်တောင်ပဲလား ၊ အဲဒါ စောစောက ဘာလို့ ငါ့ ကို မပြောတာလဲ ”
“ မခင်ဝေ က မမ ကို ဘာမှ မပြောပြခဲ့နဲ့ လို့ မှာ လိုက်လို့ ပါ ၊ အခု မေးတော့ မလိမ်ချင်လို့ ကျွန်မ ဖွင့်ပြောမိတာပါ ၊ မမ တရားထိုင် ပျက်မှာ လဲ စိုးပါတယ် ”
“ ဟင် ... ခုမှ ဖြစ်နေလိုက်ကြတာ ၊ ကလေးတွေ ကို သူတို့ နဲ့ ပစ်ထားလိုက်တာနဲ့ စည်းမရှိ ကမ်းမရှိ ကျွေးချင် သလို ကျွေး ၊ နေချင် သလို နေ ၊ ပစ်စလက်ခတ် ထားကြလို့ ဖြစ်မှာ ပေါ့ ၊ ရေလေး ဘာလေး လည်း အချိန်နဲ့ အခါနဲ့ ချိုးမပေးကြဘူး ထင်ပါတယ် ၊ မိခင်ဝေ က ကော နေကောင်းရဲ့ လား ”
“ ကောင်းပါတယ် မမ ၊ ကလေး နှစ်ယောက်စလုံး နေမကောင်းတော့ ညဘက်အိပ်ရေးပျက် ပြီး ပင်ပန်းတာ တစ်ခုပါပဲ ၊ ကျွန်မ က လည်း အိမ်ရှေ့ဆို င်မှာ အချိန်ပြည့် ထိုင် ရောင်းရတော့ သူ့ ကို မကူ နိုင်ဘူး ၊ အခု ဒီကို လာတာတောင် အိမ်ဘေး က ကလေးမလေး တစ်ယောက် ကို ခဏ လာ ကူပေးဖို့ ခေါ်ထားခဲ့ရတယ် ”
“ ဟုတ်လား ၊ ကဲ ကဲ ဒါဖြင့်လည်း ပြန်တော့လေ ။ နောက်ပိုင်းက အလုပ် တစ်ဖက် နဲ့ ငါ့ အတွက်က အရေးမကြီးပါဘူး ”
ဒေါ်ရွှေမိ ပြန်သွားပြီး နောက် တစ်ကြိမ် တရားထိုင်တော့ လူ က သာ ငြိမ်နေပေမဲ့ စိတ်က ငြိမ် ချင်တော့ ၊ မနည်း ကြိုးစားပြီး ထိုင်ရသည် ။ တရားဖြုတ်တော့လည်း စိတ်က ခါတိုင်းလို ကြည်ကြည် လင်လင် ပေါ့ပေါ့ပါးပါးမရှိ ။
“ ဒုက္ခပါပဲ ၊ မြေးကလေး ဘယ်လောက်များ ခံစားနေရပါလိမ့် ၊ မိခင်ဝေ ကလဲ ကလေး အမေ ဖြစ်ပြီး ဘာမှ အသုံးကျတာ မဟုတ် ၊ သင်း မွေးသမျှ ငါ ကပဲ ဒိုင်ခံ ပြုစုလာရတာ ၊ ရွှေမိ ဆိုတာလည်း အပျိုကြီး ၊ ကလေး ဝေယျာဝစ္စ ဘာမှ လုပ်တတ် ကိုင်တတ်တာ မဟုတ်ဘူး ၊ ခုတလော ရာသီဥတု က လည်း ပြင်းလို့ ၊ ကလေးတွေက အဖျားအနာ ထူကြပါဘိသနဲ့ ၊ အပြုအစု မတတ်လို့ များ ဟိုတစ်နေ့က ကလေးတွေ လို ပိုးစိုးပက်စက် ဖြစ်သွားရင် ၊ ဘုရား ... ဘုရား .... မဖြစ်သေးပါဘူး ၊ ငါ ပြန်ဦးမှ ပါပဲ ၊ ကိုအောင်တင် ရေ ရှင့်ဘဝ ငြိမ်းချမ်းသွားတာ ကြာလှပြီကော ၊ ကျွန်မ မှာ ဖြင့် ခုချိန်ထိ ဒီဝ ဋ်ကြွေး တွေက လွတ်အောင် မရုန်းနိုင်သေးဘူး ရှင် ”
ဟု လွန်ခဲ့သော အနှစ် နှစ်ဆယ် လောက် ကတည်းက ခွဲခွာသွားသော ငယ်ချစ်ဟောင်း ကိုပါ တမ်းတမ်းတတ နှင့် ညည်းညူလိုက်မိပါလေသည် ။
••••• ••••• •••••
သူ့ ပစ္စည်း ပစ္စယကလေး တွေ ကို ကောက်ပြု သိမ်းဆည်း နေသော ဒေါ်ငြိမ်းမယ် ကို ဒေါ်သုမန က စိတ်မကောင်းစွာ ငေးကြည့်ရင်း -
“ ဘယ်တော့လောက် ပြန်လာမယ် စိတ်ကူးသလဲ မငြိမ်းမယ် ”
“ ကလေးတွေ နေထိုင် ကောင်းမှ ပဲ လာဖြစ်တော့မယ် ထင်ပါတယ် ဆရာကြီးရယ် ၊ အိမ် က မိခင်ဝေ ဆိုတာက ကလေးတွေကို မွေးရုံ သာ မွေးခဲ့ရတာပါ ၊ သူ့ မှာ လည်း အလုပ် က တစ်ဖက်က မအေ့ ဝမ်း က ကျွတ် ကတည်းက တပည့်တော် ပဲ ဒီအရွယ် အထိ နေရေး ၊ စားရေး ၊ ကျန်းမာရေး က အစ ကရိကထ ခံပြီး ပြုစုစောင့်ရှောက် လာခဲ့ရတာ ၊ အခုလို ကလေးတွေ နာမကျန်းဖြစ်လာတော့ သူတို့ လည်း ဘာမှ ထိထိရောက်ရောက် လုပ်တတ်ကိုင်တတ်မှာ မဟုတ်ဘူး ၊ ဒီတော့ တပည့်တော် ပြန် မှ ဖြစ်မှာ ပါ ဘုရား ”
“ အေးပေါ့လေ ၊ ဟုတ်တာပေါ့ ။ အကြောင်း က ဖြစ် လာပြီပဲ ၊ ပြန်ပေဦးပေါ့ မငြိမ်းမယ် ရေ ၊ ဆရာကြီးတို့ ကတော့ အမြဲ ကြိုနေပါတယ် ၊ အခြေအနေ အေးချမ်းရင် ပြန်လာခဲ့ဦးပေါ့ ”
“ တင်ပါ့ဘုရား ၊ တပည့်တော် ဆက်ဆက် ပြန်လာနိုင်အောင် ကြိုးစားပါ့မယ် ”
ဒေါ်ငြိမ်းမယ် က သွားခါနီး ဦးချ တော့ ဒေါ်သုမန က ထုံးစံအတိုင်း ဆုခြွေသည် ။
“ ကိုယ်စိတ်နှလုံး အေးချမ်းပြီး လိုအင်ဆန္ဒ အားလုံး တစ်လုံးတစ်ဝတည်း ပြည့်ပါစေ ”
“ ပေးတဲ့ ဆုနဲ့ ပြည့်ရပါလို၏ ဘုရား ”
သေတ္တာအသေးစားကလေး ကို တစ်ဖက် ၊ ကြိမ်ဆွဲခြင်း ကို တစ်ဖက် ဆွဲကာ ကျောင်းဝင်း ထဲ က ထွက်ခွာသွားသော ဒေါ်ငြိမ်းမယ် ၏ နောက်ကျော ကို ငေးကြည့်ရင်း ဒေါ်သုမန သက်ပြင်း တစ်ချက် သာ လေးလေးပင်ပင် ချလိုက်မိပါတော့သတည်း ။
⎕ သန်းမြင့်အောင်
📖 ယုဝတီ ဂျာနယ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment