Sunday, September 8, 2024

ယုန်ကလေးတွေ


 

❝ ယုန်ကလေးတွေ ❞
━━━━━━━━━━━━
      မောင်ခက်ပန်
━━━━━━━━━━━━
( ၁ )

မနက်ဖြန် ဖေဖေ့ မွေးနေ လို့ သားတို့ ကို မေမေ က ပြောပါတယ် ။

သားသား လည်း မှတ်မိပါတယ် ။ သားသား တို့ သီတင်းကျွတ် မီးပန်းရှို့ ပြီးတဲ့ နောက်နေ့ ဆိုရင် ဖေဖေ့  မွေးနေ့ ဆိုတာ သားသား အမြဲ မှတ်ထားပါတယ် ။ သားသား ငယ်ငယ်လေး တုန်း ကတော့ မမှတ်မိပါဘူး ။ သားသား ကျောင်း တက်ရတဲ့ နှစ် က စပြီး ဖေဖေ့ မွေးနေ့ ကို မှတ်မိအောင် မှတ်ထားပါတယ် ။

မနေ့ က တုန်းက သားသား တို့ မီးပန်း ရှို့ပါတယ် ။ ဒီနေ့ လည်း ရှို့ ရပါဦးမယ် ။ မနက်ဖြန် ဆို သားသား တို့ မီးပန်း မရှို့ ရတော့ပါဘူး ။ အဲဒီ မီးပန်း မရှို့ ရတဲ့ နေ့ ဟာ ဖေဖေ့ မွေးနေ့ ပေါ့ ။ သားသား မှတ်ထားတာ မှန်ပါတယ် ။

ဖေဖေ့ မွေးနေ့ ရောက်တိုင်း မေမေ အလှူ လုပ်ပါ တယ် ။ သားသား တို့ အိမ်ကို နေ့တိုင်း လာတဲ့ ဘုန်းဘုန်း တို့ကို မနက် အစောကြီး မေမေ  အလှူ လုပ်ပါတယ် ။ သားသား တို့ မနိုးသေးခင် လုပ်တာပါ ။ ဘုန်းဘုန်း တို့ လည်း ပြန် သွားရော လမ်းထဲ က သားသား သူငယ်ချင်း တွေ ရဲ့ ဖေဖေ ၊ မေမေ တွေ ရော ၊ သားသား မသိတဲ့ လူတွေ ကို ရော မေမေ ထမင်း ကျွေးရင် ကျွေး ပါတယ် ။ ကော်ဖီ တိုက် ရင် တိုက်ပါတယ် ။ မုန့်ဟင်းခါး ကျွေးရင် လည်း ကျွေးပါတယ် ။ တစ်ခု ခုတော့ မေမေ အမြဲ ပဲ ကျွေးလေ့ ရှိပါတယ် ။

ဒီနေ့ လည်း မနက်ကတည်း က မေမေ တစ်ယောက် အလုပ် များနေပါတယ် ။ သားသား တို့ အိပ်ရာ က မထခင် ကတည်း က မေမေ  ဈေး ကို သွားပါတယ် ။ သားသား တို့ အိပ်ရာ က ထ ပြီးလို့ အကြာကြီး နေမှ မေမေ ဈေး က ပြန် လာပါတယ် ။ ဆွဲခြင်းတောင်း အကြီးကြီး ကို မေမေ မနိုင့်တနိုင် နဲ့ ဆွဲလာပါတယ် ။ ဘာတွေ ဝယ်လာသလဲ တော့ သားသား လည်း မသိပါဘူး ။

တစ်နေ့လုံး လည်း မေမေ့ ခမျာ မနားရပါဘူး ။ ကြက်သားဟင်း တွေ လည်း ချက်ပါတယ် ။ အုန်းသီး တွေ လည်း ခြစ်ပါတယ် ။ “ ဘာလုပ်ဖို့လဲ မေမေ ” လို့ ညီညီလေး က သွား မေးတော့ “ အုန်းထမင်း နဲ့ ကြက်သားဟင်း ချက်ပြီး ဘုန်းဘုန်း တို့ ကို ကပ်မလို့ ”  လို့ ဖြေပါတယ် ။ “ လမ်း ထဲက လူတွေ ကော လာစားကြမှာလား ” လို့ သားသား က မေးတော့ “ ဒီနှစ် တော့ မကျွေးတော့ပါဘူး သား ရယ် ” တဲ့ ။ “ ဘာဖြစ်လို့ မကျွေးတာလဲ မေမေ ၊ မေမေ အမြဲတမ်း ကျွေးနေတာပဲ ” လို့ သားသား က ပြန်မေးတော့ မေမေ ဟာ သား ကို ဘာမှ ပြန် မပြောဘဲ အကြာကြီး စိုက် ကြည့်နေပါတယ် ။ တော်တော်ကြာ မှ “ သွား ကစား နေစမ်း သား ရယ် ၊ မေမေ အလုပ် များနေတယ် နော် ” လို့ ပြောပြီး သားသား တို့ ကို နှင်ထုတ် လိုက်ပါတယ် ။

မေမေ ဟာ သားသား တို့ကို ဖေဖေ့ လောက် မချစ်ဘူး လို့ သားသား ထင်ပါတယ် ။ သားသား တို့ က မသိလို့ သိချင်လို့ မေးရင် မေမေ က စိတ်တိုတယ် ။ အမြဲတမ်းပဲ နှင်နှင် ထုတ်တယ် ။ ဖေဖေ က မေမေ့ လို မဟုတ်ဘူး ။ သားသား တို့ မေးတာ အကုန်လုံး ပြောပြော ပြတယ် ။ သားသား တို့ သိချင်တာ အကုန်လုံး ဖြေဖြေ ပြတယ် ။ မေမေ့ လို စိတ် မတိုဘူး ။ မေမေ့ လို နှင်မထုတ်ဘူး ။ သားသား တို့ ကို ဖေဖေ က အများကြီး ချစ်တာ ။ ဖေဖေ က သားသား တို့ကို အမြဲတမ်း ချစ်တာ ။ မေမေ ကတော့ သားသား တို့ကို တစ်ခါတလေ ချစ်တယ် ။ တစ်ခါ တလေကျ မချစ်ဘူး ။ ဘယ်လိုမှန်း လည်း မသိဘူး ။

ဖေဖေ မရှိတာ သားသား တို့ သိပ် ဝမ်းနည်းတာ ။

ဖေဖေ ရှိတုန်းက သားသား တို့ သိပ် ပျော်ကြတာပဲ ။

အခုလို ဖေဖေ့ မွေးနေ့ လုပ်ရင် သားသား တို့ ပိုပြီး ပျော်ပါတယ် ။ မနက် အစောကြီးထပြီး အခု မေမေ လုပ် သလိုပဲ ဘုန်းဘုန်း တို့ ကို အလှူ လုပ်ပါတယ် ။ လမ်းထဲ က လူတွေဘကို လည်း မုန့်ကျွေးပါတယ် ။ နောက်ပြီး သုံးဘီး ကားဝါဝါကလေးတွေ စီးပြီး ဘုရားကြီး ကို သွားကြပါ တယ် ။ ကန်တော်ကြီး ရေကန် တို့ ၊ အင်းလျားရေကန် တို့ ကို သွားကြပါတယ် ။ တိရစ္ဆာန်ရုံ ထဲ က မိုမို တို့ ဆီ ကို လည်း သွားကြပါတယ် ။ မြို့ ထဲ မှာ သေနတ်နဲ့ ပစ်တဲ့ ဘိုင်စကုပ်ကို လည်း ကြည့်ကြပါတယ် ။ လူတွေ ပြွတ် သိပ်နေအောင် အားကြီး ရှုပ်တဲ့ ဈေး သားသား တော့ နာမည် မခေါ်တတ်ပါဘူး ။ အဲ့ဒီမှာ အိုက်စကရင် စား တယ် ။ ခေါက်ဆွဲ လည်း စားတယ် ။ သားတို့ ဆော့ဖို့ သေနတ်တွေ ၊ မော်တော်ကားတွေ ၊ မြင်းရုပ်တွေ လည်း အများ ကြီးဝယ် ပေးပါတယ် ။ ညဘက် မိုးကြီး မှောင်မှောင်ချုပ် မှ အိမ် ကို ပြန်လာကြပါတယ် ။

မေမေ ကတော့ ဒီလို ဟုတ်ဘူး ။ သားသား တို့ကို နည်းနည်းပဲ ချစ်တယ် ထင်တယ် ။ ဘုရားကြီး ပဲ အဲ့ဒီ တစ်ခုတည်း ဆီ ကိုပဲ သွားရတယ် ။ ရေကန်ကြီး ဆီ လည်း မသွားရဘူး ။ မိုမို တို့ ဆီ လည်း မသွားရဘူး ။ သေနတ်ပစ်တဲ့ ဘိုင်စကုပ် လည်း လိုက် မပြဘူး ။ အိုက်စကရင် တို့ ၊ ခေါက်ဆွဲကြော် တို့ မစားရတာ လည်း ကြာပါပြီ ။ အရုပ်ကလေး တွေ လည်း ဝယ် မပေးတော့ဘူး ။

မေမေ နဲ့ မသွားချင်ပါဘူး ။

ဖေဖေ နဲ့ ပဲ သွားချင်ပါတယ် ။

ဖေဖေ က လည်း ဘယ်သွားလဲ မသိပါဘူး ။ “ ဖေဖေဘယ်သွားလဲ ဟင် ” လို့ သားသား က မေး လည်း ပြော မပြဘူး ။ မှန်မှန် လည်း မပြောဘူး ။

ညီညီလေး က မေးတော့ ဟိုး ... တော က ဆွေမျိုး တွေဆီ သွားတယ် တဲ့ ။

မီးမီးလေး က မေးတော့ မုန့်ဝယ်ရအောင် သွားနေ တယ်တဲ့ ။

သားသား ကို ပြောတော့ အလုပ် သွား လုပ် နေတယ်တဲ့ ။

မေမေ က ဘာမှန်းလဲ မသိဘူး ။ ဖေဖေ ဘယ်သွား လဲ ဆိုတာ မှန်အောင် လည်း မပြောဘူး ။ အမျိုးမျိုး ပြော တယ် ။ သားသား တို့ က သိချင်လို့ မေးတဲ့ ဥစ္စာ ။ စိတ်ဆိုး စရာလား ။ သားသား တို့ မေးတာ မှန်မှန် ပြောလိုက် ပြီး ရော့ပေါ့ ။ အခုတော့ နှင်နှင် ပြီး ပဲ ထုတ်ထုတ် နေတာပဲ ။ ဟုတ်ပါတယ် ။ မေမေ ဟာ သားသား တို့ ကို မချစ်ပါဘူး ။ သားသား တို့ ကတော့ မေမေ့ ကို ချစ်ပါတယ် ။ ဖေဖေရှိရင် သိပ် ကောင်းမှာ ။

ဖေဖေ့ ကို သားသား တို့ မောင်နှမ အားလုံး က အောက်မေ့ နေပါတယ် ဖေဖေ ရယ် ။

( ၂ )

သားသား တို့ မနက် အစောကြီး အိပ်ရာ က ထကြတယ် ။

တော်တော်ကြာ ဘုန်းဘုန်း တို့ လာတော့မယ် လို့ လည်း မေမေ က ပြောပါတယ် ။ အိပ်ရာ က ထထချင်း သားသား တို့ ရေချိုး ကြရတယ် ။ ခါးခါး လိမ်း ကြရတယ် ။ ပေါင်ပေါင် ရိုက် ကြရတယ် ။ မွှေးမွှေးရည်တွေ လည်း သားသား တို့ အင်္ကျီ မှာ ဆွတ်ပေးပါတယ် ။ အင်္ကျီလှလှ လေးတွေ နဲ့ ဘောင်းဘောင်းလှလှလေး တွေ ကို လည်း သားသား တို့ ကို ဝတ်ပေးပါတယ် ။

သားသား တို့ အင်္ကျီ နဲ့ ဘောင်းဘောင်းလှလှလေး တွေ ဝတ်ပြီးတော့ ဘုန်းဘုန်းတို့ ရောက်လာကြ ပါတယ် ။ ဘုရားစင် အောက် မှာ ဘုန်းဘုန်း တို့ ထိုင်ကြပါတယ် ။ ဘုန်းဘုန်း တို့ ထိုင်ပြီးတော့ မေမေ က ဘုန်းဘုန်း တို့ ကို ရှိခိုးပါတယ် ။ သားသား တို့ မောင်နှမ ကို လည်း ဘုန်းဘုန်း တို့ ကို ရှိခိုး ခိုင်းပါတယ် ။ သားသား တို့ လည်း မေမေ့ ဘေး နား သွား ထိုင်ပြီး ဘုန်းဘုန်း တို့ ကို ရှိခိုးပါတယ် ။

သားသား တို့ အိမ် ကို နေ့တိုင်း လာ နေတဲ့ ဘုန်းဘုန်း က သားတို့ မောင်နှမတစ်တွေ ကို စကား ပြောပါတယ် ။ ညီညီလေး အသက် ဘယ်လောက် ရှိပြီလဲ တဲ့ ။ မီးမီးလေး အသက် ကော ဘယ်လောက် ရှိပြီလဲတဲ့ ။ သားသား အသက် ကို လည်း မေးပါတယ် ။ သားသား ကို ကျောင်း နေပြီလားတဲ့ ။ ကျောင်း မှာ ဘယ်နှတန်းလဲ တဲ့ ။ စာဖတ် တတ်ပြီလားတဲ့ ။ သားသား က “ သူငယ်တန်းကြီး ပါ ခင်ဗျာ ” လို့ ပြန် ပြောတော့ ဘုန်းဘုန်းတို့ က ရယ်ကြ တယ် ။ မေမေ က ဘုန်းဘုန်း ကို ‘ ခင်ဗျာ ’ လို့ မပြောရဘူး တဲ့ ။ ငရဲ ကြီးတတ်တယ်တဲ့ ။ “ သူငယ်တန်းကြီးပါ ဘုရာ့ ” လို့ ပြောရမယ်တဲ့ ။ သားသား က ဘာဖြစ်လို့လဲ မေမေ လို့ ပြန် မေးတော့ ဘုန်းဘုန်း က ပြောပါစေတဲ့ ။ ကလေး ပဲ တဲ့ ။ ရယ်နေတယ် ။

နောက်တော့ သားသား တို့ ရော ၊ မေမေ ပါ ဘုန်းဘုန်းတို့ ရှေ့မှာ ထိုင်ပြီး နေကြရတယ် ။ ဘုန်းဘုန်း ဆိုပြတာ လိုက်ပြီး ဆိုကြရတယ် ။ ပြီးမှ ဒါ ဘာလုပ် တာလဲ မေမေ လို့ သားသား က မေး ကြည့်တော့ သီလ ယူတာတဲ့ ။ သီလ ဆိုတာ ဘာလဲ မေမေ လို့ ထပ် မေးတော့ လျှာ မရှည် နဲ့ သားရယ် တဲ့ ။ သီလ ဆိုတာ ဘာလဲ ၊ သား သိချင်လိုက်တာ ။ အဲဒီ သီလ ဆိုတာ ကို သားသား တို့ အကြာကြီး လိုက် ဆိုပြီးတော့ ဘုန်းဘုန်းတို့ ထမင်း စား ကြတယ် ။ ထမင်း ကျွေးတာ ကိုလည်း ဆွမ်းကျွေး တာ တဲ့ ။ ဘုန်းဘုန်းတို့ ထမင်း စားတာ ကို လည်း ဘုဉ်းပေး တာ တဲ့ ။ ရှုပ်တယ်နော် ။

ဘုန်းဘုန်း တို့ ပြန် သွားတော့ မိုး လင်းပြီ ။

“ ဘုန်းဘုန်းတို့ ပြန်တော့မယ်လား ” လို့ မေးတာ ကို မေမေ က သားသား ကို ဆူတယ် ။ ဒီလို မမေးရဘူး တဲ့ ။ ရိုင်းစိုင်းတယ် တဲ့ ။ ငရဲတွေ ကြီးတော့မှာပဲ တဲ့ ။ ကလေးလို လည်း မနေဘူး တဲ့ ။ သားသား က ဘာဖြစ်လို့လဲ မေးတော့ ပြန်တော့မလား လို့ မပေးရဘူးတဲ့ ။ ကြွတော့မလား လို့ မေးရမယ်တဲ့ ။ ဘာ ကြွတာလဲ သား မသိပါဘူးဗျာ ။ မေမေ က သိပ်ပြီး ဆရာ လုပ်တာပဲ ။

ဘုန်းဘုန်း တို့ ပြန် သွားတော့ မေမေ က သားတို့ အဆာပြေအောင် ဆိုပြီး ဘုန်းဘုန်းတို့ ကျန်ရစ်ခဲ့တဲ့ ထမင်း တွေ ကျွေးပါတယ် ။ ကိတ်မုန့် တွေ လည်း ကျွေး ပါတယ် ။ ဘုရားကြီး ကျမှ ထပ်ပြီး စားဖို့ ဆိုပြီး ချိုင့်ကြီး ထဲ မှာ ထမင်း တွေ ၊ ဟင်းတွေ ထည့်ပါတယ် ။ ဓာတ်ဘူး ထဲ မှာ လည်း ကော်ဖီရည် ထည့်ပါတယ် ။ ဘုရားကြီး ကျ ရင် ထိုင်ဖို့ စောင်အဟောင်း တစ်ခု လည်း ယူပါတယ် ။

နောက် အိမ်တံခါး ကို သော့ခတ် ပြီး သားသား တို့ လမ်းထိပ် ကို ထွက်လာခဲ့ကြပါတယ် ။ သုံးဘီးကား နဲ့ သွားမယ်လို့ ပြောပါတယ် ။ သုံးဘီးကား ကလည်း အကြာကြီး စောင့်ရတယ် ။ တော်တော်ကြီး ကြာမှ သုံးဘီး ကား ရပါတယ် ။

ဘုရားကြီး နား ရောက်တော့ ရေကန်ကြီး ကို သားသား တို့ လှမ်း မြင်ကြပါတယ် ။ တိရစ္ဆာန်ရုံ ကို လည်း လှမ်းတွေ့ ရပါတယ် ။ တိရစ္ဆာန်ရုံ ကို တွေ့ မှ မေမေ့ ကို လိုက်ပို့ခိုင်းဖို့ သားသား  သတိရပါတယ် ။ သားသား တို့ တိရစ္ဆာန်ရုံ ကို မရောက်ဖူးတာ ကြာပါပြီ ။ ဖေဖေ မရှိ ကတည်း က ပါပဲ ။ သားသား နဲ့ ညီညီလေး က မှ ရောက်ဖူး သေးတယ် ။ မီးမီးလေး ဆို တစ်ခါမှ မရောက်ဖူးပါဘူး ။ ဒီနေ့တော့ တိရစ္ဆာန်ရုံ ကို လိုက်ပို့ဖို့ မေမေ့ ကို သားသား တို့ ပူဆာမှာပဲ ။

ဘုရားကြီး ပေါ် ရောက် တော့ နေ အတော် ပူနေပြီ ။

မေမေ ဟာ ဘုရား အကြာကြီး ရှိခိုး နေပါတယ် ။ အိမ်မှာလည်း ရှိခိုးခဲ့ပါသေးတယ် ။ ပန်းတွေ လည်း လှူ ပါတယ် ။ မီး လည်း ထွန်းပါတယ် ။ ရေ လည်း လောင်း ပါတယ် ။ ပိုက်ဆံ ထည့် တဲ့ မှန်ပုံးကလေး တွေ ထဲ လည်း မေမေ  ပိုက်ဆံ ထည့်ပါတယ် ။ ပိုက်ဆံပုံးလေး တွေ က သားသား တို့ အိမ် က ရွှေငါးလေး တွေ မွေးထားတဲ့ ရေကန်ပုံးကလေး လိုပဲ ။ အဲဒီလောက်ပဲ ကြီးတယ် ။

သားသား တို့ လည်း မေမေ လုပ်သလို လိုက် လုပ်ကြ ရပါတယ် ။

နေ အားကြီး ပူတော့ သားသား တို့ ထမင်း စားကြပါတယ် ။

ထမင်း စား ပြီးတော့ အနီး က သစ်ပင်ရိပ် မှာ ဆော့ ခွင့်ပေးပါတယ် ။ မေမေ ကတော့ ပုတီးစိပ် နေပါတယ် ။ ညီညီလေး နဲ့ မီးမီးလေး ကတော့ ဆော့ နေပါတယ် ။ လိုက်တမ်းပြေးတမ်း ကစား ကြပါတယ် ။ သားသား က တော့ မဆော့ချင်ပါဘူး ။ တိရစ္ဆာန်ရုံ ကို ပဲ သွားချင် နေပါတယ် ။

“ မေမေ  ”

သားသား ကြောက်ကြောက် နဲ့ ခေါ်ပါတယ် ။ မေမေ ဟာ ပုတီးစိပ် နေရာ က သားသား ကို လှမ်း ကြည့်ပါတယ် ။ ပုတီးစိပ် တာကို လည်း ခဏ ရပ်ထားပါတယ် ။

“ ဘာလဲ သားကြီး ရဲ့ ”

သားသား  ဘယ်က စပြီး ပြောရမှန်း မသိပါဘူး ။ သားသား ဘယ်လို ပြောရမလဲ လို့ စဉ်းစား နေပါတယ် ။ ဟိုကြည့် ဒီကြည့် လုပ်နေမိပါတယ် ။ ညီညီလေး နဲ့ မီးမီး လေး က လည်း မဆော့တော့ဘဲ သားသား ကို ပဲ ဝိုင်းကြည့် နေကြပါတယ် ။

“ သား ဘာပြော မလို့လဲ ၊ ပြောလေ ... သား ရဲ့ ” 

“ သားတို့ ကို တိရစ္ဆာန်ရုံ လိုက် ပို့ပါ မေမေ  သားသား က ဒီလို ပြောလိုက်တော့ မေမေ ဟာ သားသား မျက်နှာ ကို အကြာကြီး စိုက်ကြည့် နေပါတယ် ။ ညီညီလေး ကို လည်း ကြည့်ပါတယ် ။ မီးမီးလေး ကို လည်း ကြည့်ပါတယ် ။ သားသား ပြောတာ မှားသွားပြီ လို့ သားသား  ထင်ပါတယ် ။ မေမေ  သားသား ပြောလို့ စိတ် ဆိုးသွားပြီ လို့လည်း ထင်ပါတယ် ။ မေမေ  စိတ်ဆိုးရင် ဒီလိုပဲ အကြာကြီး စိုက်စိုက် ကြည့် နေတတ်ပါတယ် ။

“ တိရစ္ဆာန်ရုံ ကို ဘာဖြစ်လို့ သွားချင်ရတာလဲ သား ရဲ့”

“ သားသား တို့ မရောက်ဖူးတာ ကြာပြီ မေမေ ၊ ဖေဖေ ရှိတုန်းက လိုက်လိုက်ပို့တယ် ”

ဒီတစ်ခါတော့ သားသား ကို မေမေ မကြည့်ပါဘူး ။ ညီညီလေး နဲ့ မီးမီးလေး ကိုပဲ ကြည့်ပါတယ် ။

“ သားသား နဲ့ မီးမီး ကော ကိုကိုကြီး ပြောတဲ့ တိရစ္ဆာန် ရုံ သွားချင်ကြလား ”

“ သားသား လည်း သွားချင်ပါတယ် ”

“ မီးမီး လည်း သွားချင်တယ် မေကြီး ”

ညီညီလေး နဲ့ မီးမီးလေး ရဲ့ စကားသံ လည်း ဆုံးရော မေမေ ဟာ သက်ပြင်းကြီး တစ်ချက် ကို အကြာကြီး ဆွဲပြီး ချပါတယ် ။ ပြီးတော့ “ လာ .. သွားစို့ ” လို့ ပြောရင်း ပါလာတဲ့ ပစ္စည်းတွေ ကို သိမ်း လိုက်ပါတယ် ။

( ၃ )

သားသား တို့ မျောက်ရွာ ကို အရင်ဆုံး သွားကြပါတယ် ။ မျောက်ကလေး တွေ ကို ငှက်ပျောသီး ကျွေးတယ် ။ ပဲကြီးလှော် ကျွေးတယ် ။ မျောက်ကလေး တွေ က သိပ် ဆော့တာ ။ သူတို့ ဆော့တာ ကြည့်ပြီး သားသား တို့ ရယ်ကြတယ် ။ သားသား တို့ ဆော့ရင် မျောက် ကျနေတာ ပဲလို့ ပြောတာ သားသား ခုမှ အဓိပ္ပာယ် သိတယ် ။

ရေမြင်းကြီး ဆီ သွားတယ် ။

ရေမြင်းကြီး ကို မြင်တော့ မီးမီးလေး က ကြောက်လို့ တဲ့ ။ သူ့ မျက်နှာလေး ကို ဝှက် ထားတယ် ။ “ မီးမီး မကြည့် ရဲဘူး ” လို့လည်း ခဏခဏ ပြောတယ် ။ “ သွားမယ် ” လို့ လည်း ခဏခဏ ပြောတယ် ။ ညီညီလေး ကတော့ သူ ရေမြင်းကြီး တွေ ကို မကြောက်ဘူး ဆိုပြီး “ ဟေး …ရေမြင်းကြီး ” လို့ လှမ်းအော်တယ် ။ သားသား လည်း မကြောက်ပါဘူး ။ သူ က သားသား တို့ ကို ဘာမှ လုပ်နိုင်တာမှ မဟုတ်ပဲ ။

ရေမြင်းကြီး ကို ကြည့်ပြီးတော့ ငှက်ကလေး တွေ ၊ ဖျံကလေး တွေ ၊ ချေကလေး တွေ ၊ ဒရယ်ကလေး တွေ ၊ မြင်းကျား ၊ ကု,လားအုတ် ၊ မြွေ ၊ သမင် စတဲ့ နေရာ တွေကို လည်း သွား ကြည့်ကြတယ် ။ မျောက်ဝံ ၊ လူဝံ တို့ဆီ လည်း သွား ကြသေးတယ် ။ မိကျောင်းကြီး တွေဆီ ၊ ဆင်မလေး မိုမို ဆီ ကို လည်း သွားကြသေးတယ် ။ မရောက်ဖူးတာ ကြာ လို့လား မသိဘူး ။ ကြည့်ရတာ သားသား သိပ်ပျော် တာပဲ ။ ညီညီလေး ရော မီးမီးလေး ပါ ပျော်ကြပါတယ် ။

သားသား တို့ တဖြည်းဖြည်း လျှောက် ကြည့်ရင်း ကျားကြီး တွေ ၊ ခြင်္သေ့ကြီး တွေ ထားတဲ့ ဆီ ရောက် သွားကြပါတယ် ။ ကျားကြီး တွေ ၊ ခြင်္သေ့ကြီး တွေ ဟာ ပါးစပ် ကြီးတွေ ဟဟပြီး တဝုန်းဝုန်း နဲ့ ဟိန်းဟောက် နေပါ တယ် ။ ပါးစပ် ထဲ က အစွယ်ကြီးတွေ ၊ သွားကြီးတွေ က လည်း ချွန်ထက် နေတာပဲ ။ လက်သည်း တွေ ကလည်း အရှည်ကြီး တွေပဲ ။ ကြောက်စရာကြီးတွေ ။

ရေမြင်းကြီး တွေ ကြောက်ခဲ့တဲ့ မီးမီးလေး ဟာ ဒီ ကျားကြီး တွေ ၊ ခြင်္သေ့ကြီး တွေကို တော့ မကြောက်ဘူး ထင်တယ် ။ စိုက်ပြီး ကြည့်နေတယ် ။ ဒါပေမဲ့ မေမေ့ လက် ကို တော့ သူ မလွှတ်ဘူး ။ ဆုပ်ကိုင် ထားတယ် ။ ညီညီ လေး လည်း မကြောက်ပါဘူး ။ မီးမီးလေး လိုပဲ စိုက်ကြည့် နေတယ် ။ ညီညီလေး ဟာ ကျားကြီးတွေ ကို ကြည့်ပြီး ဘာ စိတ်ကူးရသလဲ မသိဘူး ။ မေမေ့ ကို မော့ကြည့်ပြီး မေး ပါတယ် ။

“ မေမေ ”

“ ဘာလဲ သားသား လေး ”

“ ဒီ ကျားကြီး တွေ ကို ဘာလို့ ခုလို ထား တာလဲဟင် ” 

“ ခုလို မထား ရင် ကျားကြီး တွေ ၊ ခြင်္သေ့ကြီး တွေ က သား တို့ ကို လိုက် ကိုက်မှာ စိုးလို့ပေါ့ သားရဲ့ ”

ညီညီလေး ဟာ ဘာမှ ဆက် မမေးတော့ပါဘူး ။

မေမေ ပြောတာကို သူ ကျေနပ် သွားပါတယ် ။ သားသား လည်း မေမေ က အခုလို စိတ်မဆိုးဘဲ ပြန် ပြောပြတဲ့ အတွက် ညီညီလေး လိုပဲ ဝမ်းသာပါတယ် ။

တော်တော် ကြာတော့ ကျားရုံ ၊ ခြင်္သေ့ရုံ က သားတို့ ပြန် လာကြပါတယ် ။ ကြည့်စရာလည်း သိပ် မကျန်တော့ ပါဘူး ။ ပြန်ဖို့ပဲ ရှိပါတော့တယ် ။

ဒီလိုနဲ့ သားသား တို့တွေ ဟိုကြည့် ဒီကြည့် နဲ့ လျှောက်လာမိကြပါတယ် ။ ညနေ လည်း စောင်း လာပါပြီ ။ တိရစ္ဆာန်ရုံ ထဲ မှာ လည်း လူတွေ သိပ်ပြီး မများ တော့ပါဘူး ။ တချို့ လည်း ပြန်သွားကြပါပြီ ။ တချို့ လည်း ပြန်ဖို့ လုပ်နေကြပါပြီ ။ တိရစ္ဆာန်ရုံ ထဲ ကို ဝင်သူ မရှိတော့ဘဲ ထွက်သူ သာ ရှိပါတော့တယ် ။

ဒီလို လျှောက်လာ နေရင်း  က ညီညီလေး ဟာ သူ့ ညာဘက် မှာ ရှိတဲ့ ယုန်အိမ်ကလေး တွေ ထဲ က ယုန်ကလေး တွေဆီ လှမ်း ကြည့်လိုက်ပါတယ် ။ ဆက်လည်း လမ်း မလျှောက်တော့ဘဲ ယုန်ကလေး တွေ ကို စိုက်ကြည့် နေပါတယ် ။

သားသား တို့ လည်း ဆက် မသွားတော့ဘဲ သူ့ လို ပဲ ယုန်ကလေး တွေ ကို လိုက်ပြီး ကြည့် နေမိပါတယ် ။

တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူ နေတဲ့ ယုန်ကလေးတွေ ဟာ ဟို ပြေးလိုက် ဒီ ပြေးလိုက် ၊ ကန်စွန်းရွက်တွေ စားလိုက် ၊ သားသား တို့ ကို ကြည့်လိုက် ၊ ဆော့လိုက် နဲ့ အငြိမ် မနေကြပါဘူး ။

ညီညီလေး ဟာ ချစ်စရာ ကောင်းတဲ့ ယုန်ကလေး တွေ ကို တအံ့တသြ ပြူးတူးပြဲတဲ လိုက်ကြည့် နေပါတယ် ။ အဲသလို ကြည့် နေရင်း က မေမေ့ ကို မော့ကြည့် လိုက်ပါတယ် ။

“ မေမေ  ”

“ ဘာများလဲ သားလေး ရဲ့ ”

“ ယုန်ကလေးတွေ ကိုကော ခုလို ဘာလို့ ထားတာလဲ ဟင် မေမေ ၊ ကျားကြီးတွေ လိုပဲ သားတို့ ကို လိုက် ကိုက် မှာ စိုးလို့လား မေမေ .. ဟုတ်လား ဟင် ”

ညီညီလေး စကား ဆုံးတော့ သားသား လည်း မေမေ များ ဘာပြန် ပြောမလဲ လို့ လှမ်းကြည့် လိုက်ပါတယ် ။ မေမေ ဟာ ညီညီလေး ရဲ့ မေးခွန်း ကို မဖြေဘဲ အရင်တုန်း က လိုလည်း နှင် မထုတ်ဘဲ သားသား တို့ မောင်နှမတွေ ကို အကြာကြီး စိုက်ကြည့် နေပြီး မျက်နှာ ကို တစ်ဖက် လှည့်လိုက်ပါတယ် ။

ဘာဖြစ်လို့လဲ တော့ သား လည်း မသိပါဘူး ။ မေမေ့ ပါးပြင် မှာ မျက်ရည်တွေ လိမ့်ဆင်း သွားတာ သားသား တွေ့လိုက်ရ ပါတယ် ။

[ ကွယ်လွန်သူ ကဗျာဆရာ မောင်ယဉ်မွန် သို့ တသ လျက် ]

⎕ မောင်ခက်ပန်

📖 ရှုမဝမ ဂ္ဂဇင်း
      ၁၉၇၅ ၊ ဇူလိုင်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment