Sunday, September 29, 2024

၅၃၅၄၆၈


 ❝ ၅၃၅၄၆၈ ❞ 


ဂဏန်း အမှတ်အသားများ နှင့် ပတ်သက်၍ ကျွန်တော့ မှာ အမှတ်သညာ အလွန် နည်းပါးလှပါသည် ။ ကိုယ့် မှတ်ပုံတင် နံပါတ် ကို ယခု ထိ အလွတ် ရွတ်ဆို မပြနိုင်သူများ ထဲ တွင် ကျွန်တော် လည်း တစ်ယောက် အပါအဝင် ဖြစ်သည် ။ ကိုယ်ရေး အချက်အလက် နှင့် ပတ်သက်၍ မွေးသက္ကရာဇ် ကို ပဲ အတင်းရိုက်သွင်း ကျက်မှတ် ထား သဖြင့် အလွတ်ရ နေပါသည် ။ ကျက်မှတ်ထား သည် ဆို သဖြင့် မူလတန်း ကျောင်းသား အရွယ် က မြန်မာပြည် အကျယ်အဝန်း ကို ပထဝီ ဆရာမ ရှေ့တွင် ရွတ်ဆို မပြနိုင်သော အခါ ခုံပေါ် တွင် ဒူးထောက်၍ အကြိမ် သုံးရာ တိတိ မျက်စိမှိတ် ၍ အော် ဆိုခဲ့ရသဖြင့် ကံကောင်း ထောက်မစွာပင် ယခုထိ အလွတ် ရရှိနေပါသ ည် ။ ‘ နှစ်သိန်း ခြောက် သောင်း တစ်ထောင် ခုနှစ်ရာ ရှစ်ဆယ့်ကိုး ’ တဲ့ ... ။ သည် အကျယ်အဝန်း သည် ဂဏန်း ကလည်း ယခု ထိ မှန်နေသေးလား ဆိုတာတော့ တိုက်ဆိုင် မကြည့်မိ။


ယခု ပြန်လည် စဉ်းစားတော့ ငယ်ငယ်တုန်း က ဂဏန်း တချို့ကို ယခုထိ မှတ်မိနေတာ ကို ဖြင့် အံ့သြမိသည် ။ မိမိ နေထိုင်ခဲ့သော ဝင်းပိုင်ရှင် ၏ ကာဖီရောင် ကားနံပါတ်ကလေး က ဃ - ၅၃၄၇ တဲ့ ။ သူတို့ ဖုန်းနံပါတ် က ဆဲဗင်း နိုင်း သရီး တဲ့ ။ တယ်လီဖုန်း နံပါတ် ကို လူကြီးတွေ က အင်္ဂလိပ် လို ပဲ အမြဲ ပြော သဖြင့် ထိုအတိုင်း မှတ်မိနေခြင်း ဖြစ်သည် ။ ထို့ပြင် မနက်တိုင်း ဘူတာကြီး ကုန်ရုံ သို့ အလုပ်ဝင် သွားသည့် သူငယ်ချင်း တစ်ယောက် ၏ ဂျီ. အယ်, စီ ကားကြီး နှင့် ကျောင်းသို့ လမ်းကြုံ အမြဲ လိုက်ရသောကြောင့် ‘ ၅၁၀၄ - မန္တလေး ’ ဟူသော ကားနံပါတ် ကို လည်း မှတ်မိနေပါ သည် ။ ( ထိုစဉ်က ကားနံပါတ်များ အောက်တွင် မြို့နံပါတ်များ ရေးလေ့ရှိသည် ။ မှတ်မှတ်ရရ ထုံးဘူးတန်း ဘက်သို့ ဝင် လာလေ့ ရှိသည့် ချက်ပလက် ဆယ်ဘီးကားမြင့်ကြီးများ တွင် ကားနံပါတ် အောက်က မြို့နံမည် တောင်ငူ ကို ‘ တောင်ငူ ’ ဟု ရေးထားသည် ကိုလည်း မှတ်မိနေပါ၏။ )


ပြန် စဉ်းစားတော့ ဂဏန်းနံပါတ်များ နှင့် ပတ်သက်၍ မှတ်မိနေတာ က ဒီလောက်ပဲ ဖြစ်မည်။ ဒါကလည်း ငယ်ငယ် က အတိုင်းအတာပဲ ဖြစ်ပါ၏ ။ ကျွန်တော့် သူငယ်ချင်း ကိုမြင့်အောင် ကတော့ ဆယ်တန်း ငါးနှစ်စာ ခုံနံပါတ်များ သာမက တက္ကသိုလ် မှာ သူ့ ရှေ့ ခုနှစ်ယောက် ၊ သူ့ နောက် ခုနှစ်ယောက် ၊ အနည်းဆုံး အတန်းဖော် ခုံနံပါတ်နီးချင်းများ ကို လည်း မှတ်မိနေပါ၏ ။ ကျွန်တော် ကတော့ ပြောင်းပြန် ၊ ဆယ်တန်း တုန်း က ခုံနံပါတ် ကိုလည်း မသိတော့ ။ ခုံနံပါတ် ရှေ့က မတ တွေ ၊ မဃ တွေ ၊ မဂ တွေ ဆိုတာလည်း မမှတ်မိတော့ ။ တက္ကသိုလ် တုန်း က ခုံနံပါတ် ဆို တာ လည်း ဝေ လာ ဝေး။


ကျောင်း အပြီး အလုပ် ဝင်တော့ ကိုယ့် စားပွဲပေါ် မှာ အမြဲ ရှိနေ၊ အသုံးပြုနေ သည့် တယ်လီဖုန်း နံပါတ် ကို လည်း ခုနစ်နှစ်ကျော် ရှစ်နှစ် နီးပါး သုံးစွဲခဲ့ ပေမဲ့ နံပါတ် ကို အလွတ်မရခဲ့ ။ ထိုစဉ်က အခုလို Visiting Card တွေက ခေတ်မစားသေး လို့ ရုံးပြင်ကန္နား သွားတိုင်း အိတ်ထဲ သို့ ကိုယ် အလုပ် လုပ်သည့် လုပ်ငန်း မှ ထုတ်လုပ်သော ပစ္စည်း ၏ ‘ ကပ်တံဆိပ် ’ လေး ငါး ၊ ဆယ် ရွက် အမြဲ ထည့် သွားရသည် ။ ထို တံဆိပ်တွေ ထဲမှာ တယ်လီဖုန်းနံပါတ် ပါသည် မဟုတ်ပါလား ။ ဒါ တောင် ကျွန်တော့ တာဝန် က ထို ဌာန ၏ စီမံကိန်း ဆိုင်ရာ မန်နေဂျာ ဖြစ်သည် ။ တော်သေးသည် ။ အစည်းအဝေးတွေ မှာ စီမံကိန်းတွေ၊ စီမံချက်တွေ အကောင်အထည် ဖော်နိုင်မှု ကိန်းဂဏန်းတွေ ကို  အလွတ် ရွတ် မပြရဘဲ စာရွက် ကြည့် ပြောရလို့ ။ သို့မဟုတ်ပါက အမှန်သည့် ဂဏန်းတွေ ကိုပင် ထပ်မံ၍ ငါးပါးမှောက် အောင် လွဲလိမ့်ဦးမည်။


ကိန်းဂဏန်းများ မမှတ်မိခြင်း ကိစ္စများ စွာတွင် မှတ်မှတ်ရရ အဖြစ်ဆုံး တစ်ခု မှာ ... ကနဦး ရည်းစား တစ်ယောက် က ... မွေးနေ့ မွေးရက်များ နှင့် ပတ်သက်၍ အလွန် ဂရုစိုက်သည် ။ မြန်မာလ ၊ မြန်မာ ရက် မွေးနေ့မို့ ၊ အင်္ဂလိပ်လ ၊ အင်္ဂလိပ်ရက် မွေးနေ့ မို့ ဆိုတာ အမှတ်တရ လေးတွေ ပြုလုပ် တတ်သည် ။ အနည်းဆုံး လက်ဆောင်လေး တော့ ပေး ၏ ။ ကျွန်တော် က သူ့ မွေးနေ့ မွေးရက် ကို ဘယ်တော့မှ မမှတ်မိ ။ မမှတ်မိလို့ စိတ်ဆိုး ၊ စိတ်ဆိုး လို့ ပြန် ချော့ ၊ ပြန်ချော့ ပြီး မွေးနေ့ မွေးရက် ပြန် မေး ၊ ဒီတစ်ခါ မမေ့စေရပါဘူး အာမခံ ၊ ထုံးစံအတိုင်း မေ့ ၊ ပြန် စိတ်ဆိုး၊ ပြန် ချော့ ၊ ပြန် မေး ။ သည် တစ်ခါ စာအုပ် ထဲ မှာ မှတ်ထား ဆိုပြီး ... ဒိုင်ယာရီ ထဲ သူ့လက်ရေးနဲ့ ‘ မမေ့နဲ့ နော် ’ ဟု ခေါင်းစည်းတပ်ကာ စာလုံးအကြီးကြီး ရေးပေး ...။ နောက်တော့ အဲဒီ ဒိုင်ယာရီ ကို ဘယ်မှာ ထားမိ မှန်း မသိဘဲ ... ထပ်မေ့ ။ သည် လိုနှင့် ရည်းစား အဖြစ် က ကွဲသာ သွားရော .. .သည် သံသရာ က မရပ် နိုင်ခဲ့။ ( ရည်စားချင်း ကွဲသွားတာက ထိုကိစ္စများ နှင့် မပတ်သက်ကြောင်း ပြောပါရစေ။ )


ဂဏန်းများ နှင့် ပတ်သက်၍ အမှတ်သညာ ညံ့ဖျင်းလှသော ကျွန်တော့ ကို မိတ်ဆွေ တစ်ဦး က သူ့ တယ်လီဖုန်း နံပါတ် ကို ပြောရာ၌ ‘ ငါးဆယ်တန် အရွက် ၁၅၀ ဗျာ ’ ဟု ပြောသွားသည် ကိုတော့ အခုထိ မှတ်မိပါ သည် ။ သူ့ ဖုန်း က ၅၀၁၅၀ ဖြစ်သည် ။ ထိုအခါ ဂဏန်းများ ကို ထိုသို့ မှတ်သား လျှင် လည်း ရပေသားပဲ ဟု သတိ ပြုမိ၏။ သတိ သာ ပြုမိပါသည် ၊ ထိုသို့ ဦးနှောက် သုံးကာ ခက်ခက်ခဲခဲ မမှတ်ဖြစ်တာ က များ ပါ၏ ။ မဖြစ်မနေ ဆက်သွယ် ပြောဆိုရမည့် ဖုန်းနံပါတ်များ ကို စာရွက် တစ်ရွက် ထဲ အမြဲ မှတ်ထားကာ ပလက်စတစ်ကတ်လေး လောင်းပြီး အိတ် ထဲ ဆောင်ထားရသည် ။


ယခင် လုပ်ကိုင်ခဲ့ဖူးသော ဌာနတွင် သုံးလသင်တန်း တက်ပြီးသော အခါ သင်တန်း ဆင်းပြီး တစ်ပတ် အကြာ၌ သင်တန်း မှ ဆရာမ တစ်ဦး က ဌာန သို့ ရောက်လာကာ သင်တန်း နှင့် ပတ်သက် သည့် အင်တာဗျူး တစ်ခု လုပ်သည် ။ မေးမြန်းသမျှ အချက်အလက်များ ကို စိတ်တိုင်းကျ အားပါးတရ ဖြေဆိုနိုင်ခဲ့ သဖြင့် ဆရာမ က အားရကျေနပ်နေသည် နောက်ဆုံးပိတ် လိုအပ်သော စာရွက်စာတမ်း ကို ဖြည့်ရာ၌ တက်ရောက် ခဲ့သည့် သင်တန်း နေရာ တွင် သင်တန်း အပတ်စဉ် အမှတ် ကို မမှတ်မိ တော့ပေ ။ ဆရာမ ကို မေးသောအခါ တစ်ပတ် အတွင်း ကိုယ့် သင်တန်း အမှတ်စဉ် ကို မှ မမှတ်မိရကောင်းလား ဆိုပြီး စိတ်ဆိုး ဒေါသ ဖြစ်သွားသည် ။


အခုလည်း ဘာ ထူးမှာ လဲ ... ။ ကျွန်တော် ကလေးတွေ ၏ မွေးသက္ကရာဇ် တွေ ကို ဘယ်လိုမှ မမှတ်မိ ။ ကလေးတွေ ဘယ် အရွယ် ရောက်ပြီလဲ ဟု မေးလျှင် မှန်းခြေပဲ ပြောနိုင်သည် ။ ဘယ်နှစ် ၊ ဘယ်လ မွေးသလဲ ဆို ရင် ဝေဝေဝါးဝါး ၊ ယောင်ယောင်မှားမှား ...။


  •••••   •••••   •••••


ဂဏန်းတွေ မမှတ်မိနိုင်သည့် ကိစ္စနှင့် ပတ်သက်၍ ပြောဖြစ်သည့် အခါတိုင်း အစ်မကြီး ကဲ့သို့ အမြဲ စောင့်ရှောက်သူ တစ်ဦး က ‘ မင်း က စိတ် တွေများ ၊ အာရုံတွေ များ နေလို့ ဖြစ်လိမ့်မယ်၊ တရားလေး ဘာလေး ထို င်ကြည့်ပါလား ’ ဟု အမြဲ ပြောသည် ။ မနက် မိုးလင်း ကတည်းက မိခင်ကြီး အပါအဝင် မိသားစု ငါးဦး၏ တာဝန် က ကိုယ့် ခေါင်းပေါ် ရွက် ထားရတာ မို့ လူရော စိတ်ရော မအား မလပ် ဖြစ်နေခြင်း အပေါ် ထို အစ်မကြီး က အတွင်းသိ ၊ အစင်းသိ မို့ ‘ တစ်ပတ် ၊ ဆယ်ရက် အားလို့ ရအောင် စီစဉ်ကြည့်ပါဦးလား ၊ ဒါမှ မဟုတ် ... အိမ် မှာ ပဲ အချိန်လေး သတ်မှတ်ပြီး၊ ထိုင်ကြည့်ပါ လား ’ ဟု တစ်ထစ်လျှော့ ကာ တိုက်တွန်းတတ်၏ ။


‘ မလွယ်ပါဘူး အစ်မ ရာ ... ’ ဟု မိမိ ၏ နောက်ဆုံး စကား အပြီး မှာ အစ်မကြီး လည်း လက်လျှော့သွားရတာ ချည်း ဖြစ်သည် ။ တကယ်တော့ အစ်မကြီး ၏ တိုက်တွန်းချက် တွင် ဂဏန်း များ ကို မမှတ်မိနိုင်ခြင်း ဟူသော မိမိ ဦးနှောက် ထက် အစစအရာရာ အဆင်မပြေနိုင် လွန်းသော မိမိ ဘဝ အတွက် ဘုရား ကု ကုပေးရန် နည်းလမ်း ရှာကြည့်ခြင်း လည်း မည်ပါ၏ ဘုရား မရှိ တရား မရှိ ကောင်မို့ သာ အဆင် မပြေတာ ဟူသော ကရုဏာ ဒေါသ လည်း မည်ပေသည် ။


မိမိ အဖို့ လည်း နိစ္စဓူ၀ မဟုတ်သော ရုန်းကန်ရခြင်း ဟူသည့် စိတ်ညစ်ညူးဖွယ် ကိစ္စကို ကြောက်လန့် လာသော အခါ ဆွဲမိဆွဲရာ လက်ကို ဆွဲယူ ဖို့ ဟန်ပြင် နေရပြီ။ ထိုနေ့ကလည်း ရန်ကုန်ရှိ မိတ်ဆွေတစ်ဦး ထံ အလုပ်ကလေး တစ်ခု နှင့် ပတ်သက်၍ လှမ်း အကူအညီ တောင်းဖို့ ရှိသည် ။ ထို အလုပ်လေး အဆင်ပြေပါက ကိုယ့် အတွက် တစ်သောင်း မျိုး၊ တစ်သောင်းငါးထောင် မျိုး သပိတ် ဝင် အိတ် ဝင် ဖြစ်နိုင်၏ ။ ထို့ကြောင့် အလုပ်များ သော မိတ်ဆွေ ကို အမိဖမ်းဖို့ သူ့ ဆီ ဖုန်းဆက်ရသည် ။ အိတ် ထဲ က စာရွ က်လေး ထုတ် .... ဖုန်းနံပါတ်လေး ပြော ...၊ လှမ်း ခေါ် ... ၊ မတွေ့ ...၊ ဖုန်းဖိုး ပေး ...။ နေ့လည် ပြန်ဆက် .... မကြာခင် ပြန်လာ မှာ ပြော ...၊ တွေ့ ၊ ဖုန်းဖိုး ပေး ...။


စိတ်မရှည်လို့ က မဖြစ် ။ နှစ်ရက် လောက် ဆက်တိုက် ခေါ်သော်လည်း မမိသေး ။ အိပ်ရာ မနိုးမီ ခေါ်သည် ကို ပင် ကံ ဆိုးချင်တော့ မွေးနေ့မို့ အစောကြီး ထဲ က ဘုရား တက်သွား သတဲ့ ... ။


အလုပ်ပဲလေ ...၊ ခေါ်ပေဦး ဖုန်း ၊ သည်လိုပဲ အားစိုက်ရသည် ။ စိတ် ထဲ က တော့ ငွေတွင်းနက် လှချည့် ဟု အောက်မေ့မိ၏ ။ စိတ်ကုန်လု ကုန် ချင် ...။ ဘာပဲပြောပြော ... အလုပ်အပ်သူ ဖက် မှ စရံငွေ က ယူထား ပြီးပြီ။ ကိုယ့် မိတ်ဆွေ နှင့် အဆက်အသွယ် မရလို့ အခြားသူ ထံ အပ်လျှင် ကိုယ့် အတွက် တစ်ပြား မှ ကျန်မှာ မဟုတ်လို့ ဤရွေ့ဤမျှ ကြိုးပမ်းနေရခြင်း ဖြစ်၏။ ငွေတွင်း နက်လှချည့် ဟု ထူးထူးကဲကဲ စိတ်ဓာတ်ကျမိသည် မှာ မှတ်မှတ်ရရ ၂ ကြိမ် ရှိပြီ၊ ၂ ကြိမ် အထိတော့ မှတ်မိနေ၏ ။


•••••   •••••   •••••


သည် အတောအတွင်းမှာ ပဲ အစ်မကြီး က ‘ မင်းလည်း ဒီတစ်ခါ တော့ မငြင်းနဲ့ တော့၊ လုပ်ဖြစ်အောင် လုပ်ရမယ် ၊ ဘာမှ ခဲယဉ်းတဲ့ အလု ပ် မဟုတ်ဘူး၊ ဒီ ဂါထာလေး ကို မနက် နေထွက် ရင် နေ ဘက် မျက်နှာ မူပြီး ၄၅ ခေါက် ရွတ် ... ၊ ညနေ နေဝင်ရင် နေဘက် မျက်နှာလှည့် ပြီး ၄၅ ခေါက် ရွတ် .. ဒါပဲ ရွတ်နေတဲ့ ကာလ အတွင်း မှာ ထူးထူးခြားခြား အိပ်မက်ပေးလိမ့်မယ်။ အဲဒီ အိပ်မက် က မင်း ဘဝ အတွ က် ထွက်ရပ်ပေါက် လမ်းကြောင်းပဲ ... ၊ ရွတ်ဖြစ်အောင် ရွတ် ... ၊ မင်း က တနင်္လာသား နော် ... ရော့ တနင်္လာသား အတွက် ရွတ်ရမယ့် ဂါထာ ... ’ ဟု ဆိုပြီး စာရွက်ကလေး တစ်ရွက် ပေးသည် ။


မခဲယဉ်း ...၊ ဒီလောက်တော့ အားစိုက်ရပေမည် ။ သည် ကြားထဲ ရန်ကုန် က မိတ်ဆွေ ဆီ ထပ် ဖုန်းဆက် ... ။ အရေးပေါ် နယ်ထွက် သွားရသတဲ့ ... ။ နေ့ချင်းပြန် လည်း ဖြစ်ချင် ဖြစ်မည် ။ ပြန် ဖုန်း ဆက်ပါလို့ မှာ သတဲ့ ။ အကယ်၍ ဒီနေ့ ညနေ ပြန် မရောက်လျှင် နောက်ရက် သေချာပေါက် ရောက် မတဲ့ ။ ဘာပဲပြောပြော သူငယ်ချင်း နဲ့ ဆက်စပ်လို့ ရသွားပြီ ။ အလုပ် စကားပဲ သူ နဲ့ တေ့တေ့ဆိုင်ဆိုင် ပြောဖို့ ကျန်တာပေါ့ ။


ဂါထာ ကိုတော့ နောက် နေ့မနက် မိုးမလင်းမီ ထကာ ကိုယ်လက် သန့်ရှင်း ပြီးတာနဲ့ အရှေ့ဘက် မျက်နှာမူပြီး စ ရွတ်ဖြစ်သည် ။ ၄၅ ခေါက် မမှားရအောင် ပုတီးစေ့လေး ၄၅ စေ့ ကို ခွက်ကလေး တစ်လုံးထဲ ထည့်ပြီး တစ်ခေါက် ပြီး လျှင် ပုတီးစေ့ တစ်စေ့ နှိက်ကာ ကိုယ့် အင်္ကျီအိတ် ထဲ ပြန် ထည့်သည် ။ ခွက်လေး ထဲ ပုတီးစေ့ အကုန် ... ၄၅ ခေါက် အပြည့် ။ ဤသို့ဖြင့် မနက် တစ်ခေါက် ညနေ တစ်ခေါက် ... ။


ခရီး ထွက် သွားတဲ့ သူငယ်ချင်း က နေ့ချင်းပြန် မရောက် ... ၊ အဲဒီ နေ့ ညနေ ၈ နာရီ လောက် ဆက် ... ပြန် မရောက်တော့ .. နောက်နေ့ မနက် ထပ်ဆက် ၊ မရောက်သေး ။ နေ့လယ် ဆက် ၊ မရောက်သေး ၊ ည သေချာ ပေါက် ရောက်မတဲ့ .. ၊ ထို့ကြောင့် ည ၈ နာရီ ကျော်ကျော် ဆက်တော့ မောင်မင်းကြီးသား နှင့် တွေ့သည် ။ ပြောမနာ ဆိုမနာ မို့ ကိုယ် က ဆဲ တော့ တဟားဟား ရယ်ရင်း တောင်းပန်၏ ။ အလုပ် ကို သူ လုပ်ပေးမတဲ့ ..။ တွက်ကြချက်ကြ ညှိနှိုင်းကြ တော့ .... နောက်ဆုံး ကိုယ် တွက်ထား သလိုပါပဲ၊ ကိုယ့်အတွက် နှစ်သောင်း လောက် ကျန်မည်။ ဒါ ဖုန်းဖိုးတွေ တော့ မနှုတ် ရသေး ... ။ ဘာပဲပြောပြော ... တစ်သောင်းခွဲ ပေါ့ ။


မင်း စရံ ယူထားတဲ့ ထဲ က တစ်သောင်းခွဲ ချန်ပြီး ကျန်တာ လွှဲလိုက် ပေါ့ ၊ အရေးမကြီးပါဘူး ၊ ငါ့ ဆီ က ဒီဇိုင်း ကို ပြီးတာနဲ့ ပို့လိုက်မယ် တဲ့ ။ ကဲ ... တကယ်တမ်း အလုပ်ကိစ္စ ပြောဖြစ်တော့ နာရီ တစ်မတ် ပင် မကြာ ..။ ဒါပေမဲ့ ခေါ်လိုက်ရတဲ့ ဖုန်း က ၁၀ ကြိမ် ထက် မနည်း ... ။ 


ဂါထာ ရွတ် တာ ၂ ရက် မြောက် ၄ ကြိမ် ရွတ် အပြီး မှာ သူငယ်ချင်း နှင့် အလုပ် ကိစ္စပြီး အဆင်ပြေပြီ ။ ထိုနေ့ ည ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားလိုက်တာ တစ်ရေးတည်း ... ။ မနက်လင်း မှ ဂါထာ ရွတ်ရ မှာ သတိရပြီး လူးလဲ ထလိုက်သည် ။ စိတ် က လည်း ကြည် လို့ ... ထို ထက် ထူး တာက ... မနေ့ည က မက်ခဲ့သော အိပ်မက် ကို တစ်လုံးမကျန် ပြန် မှတ်မိ နေခြင်းဖြစ်သည် ။ ‘ ရွတ် နေတဲ့ ကာလ အတွင်း ည မှာ ထူးထူးခြားခြား အိပ်မက် ပေးလိမ့်မယ်၊ အဲဒီ အိပ်မက်က မင်း ဘ၀အ တွက် ထွက်ပေါက် လမ်းကြောင်းပဲ ...’ ဆိုသော အစ်မကြီး စကား ကို ပြန် ကြားယောင် မိ တော့ ထ ခုန်ရမတတ် ၀မ်းသာ သွား၏ ။


ကြည့် .... ၊ မနေ့ည အိပ်မက် ထဲ မှာ ထီပေါက်တာ တဲ့ ....၊ ကန်တော်ကလေး ထီပေါက်စဉ်ကြီး ထဲ မှာ ကိုယ် ထိုးထားတဲ့ ထီလက်မှတ် နဲ့ ထီတိုက် တော့ သိန်း ( ၅၀ ) ဆု ပေါက်နေတာတဲ့ ။ သေချာ အောင် ထီလက်မှတ် ပြ န်စစ် ...၊ တခြား ပေါက်စဉ် တစ်စောင် ဝယ်ပြီး ပြန်စစ် ... တစ်လုံးမှ မလွဲ ထီလက်မှတ် ပြန်စစ် ...၊ သေချာသည် ။ ထပ် စစ်ပါဦးဟ ... စစ်လိုက် ရ သ မှ ၈ ကြိမ် ၈ ခါ ...။ သေချာ ပြီ ။ ထီပေါက်ပြီ ။ နံပါတ် အချို့ကို လည်း စွဲစွဲမြဲမြဲ မှတ်မိနေသည် ။


၅.၃.၅.၄.၆.၈ ... တဲ့ ။ ကြည့်စမ်း ... ဂဏန်းတွေ နဲ့ ပတ်သက်လို့ ဘယ်လိုမှ မမှတ်မိနိုင်တဲ့ ဦးနှောက် က .... အိမ်မက် ထဲ က ဂဏန်း ကို စွဲစွဲမြဲမြဲ မှတ်မိနေသည် ။ သေချာ မှတ်မိအောင် လည်း ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ က အိပ်မက် ထဲ မှာ ပင် ထီပေါက်စဉ် ရော ထီလက်မှတ် ရော အကြိမ်ကြိမ် ပြန် စစ်ခိုင်း နေခြင်းဖြစ်မည် ။ ထူးပြီ ။ ဒီတစ်ခါ ထူးပြီ ... ။ ကျွတ်ပြီ ... ၊ လွတ်ပြီ ။ လက်ခမောင်း ခတ်ပေ ရော့ ... ။


ထိုနေ့က မနက် စောစော နေထွက်ဂါထာ ကို အမြန် ရွတ်ပြီး အိမ် က မိန်းမ ကို အသိ မပေးဘဲ စက်ဘီးလေး ဆွဲကာ မြို့ထဲ အပြေးအလွှား ထွက်ခဲ့ ၏ ။ ဘူတာကြီး ကုန်ရုံ တောင်ဘက်လမ်း ရှိ ထီဆိုင်မှာ ဝင် ရှာတော့ ၅ အစ ၇ အပိတ် တွေ့ ၏ ။ အနီးစပ်ဆုံး ရှာ ..၊ ယူခဲ့ မင်္ဂလာစုံတွဲ ...။ ထို့နောက် ဗဟို မီးသတ်နား က ဆိုင် ၊ ထို့နောက် လမ်းလယ်ဘုရားနား က ဆိုင် ၊ ထို့နောက် ရတနာပုံ သတင်း စာတိုက်ရှေ့ က ဆိုင်၊ လွယ်အိတ် ထဲ မှာ မင်္ဂလာစုံတွဲ အမျိုးစုံ ... အုပ်လိုက်တွေ ၊ ကတ်လိုက်တွေ အများကြီး ..။ ဈေးချိုဘက် ဆက် သွားတော့ တိုက်တန်းကြီး ရှေ့၌ ထီလှည်း ၃ စီး ရပ်ထား ၏ ။ ထပ်၍ အနီးဆုံး ဂဏန်းထိုး ...။ ဟော - ဖြစ်ချင်တော့ နောက်ဆုံး လှည်း မှာ ထို ဂဏန်း အတိုင်း အတိအကျ ရခဲ့၏ ။ မင်္ဂလာစုံတွဲ မို့ တစ်အုပ် လုံး ထိုးခဲ့ရသည် ။


စာရင်းချုပ် လိုက်တော့ ထီဖိုး ချည်း နှစ်သောင်း ကျော် ။ ကိစ္စ မရှိ ..။ နံပါတ်တူ ကို ရသည့် အပြင် အက္ခရာ ရော .. ဂဏန်း ရော အသိုင်းအဝန်း အကုန် ရသဖြင့် ဘယ်လိုမှ ပြေး မလွတ်တော့ ...။ စောင့်သာ ကြည့်ကြပေ ရော့ ..။


သူငယ်ချင်း ဆီ ငွေလွှဲ ပို့ တော့ သူ့ ဆီ ပို့ဖို့ တစ်သောင်း ကျန် သွားသည် ။ ‘ ဟဲ ... ဟဲ .. မကြာခင် လဆန်းရင် မင်း တစ်သောင်း အပြင် မင်း အံ့သြ ၀မ်းသာစရာတွေ ကိုပါ ပို့လိုက်ဦးမှာ ..’ ဟု လေကြီး ပြလိုက် သေး၏။


ဤသို့ဖြင့် ...


•••••   •••••   •••••


ဤသို့ဖြင့် ...


လဆန်းရက် ထီ ဖွင့်တော့ ... မဆီရယ်လေတဲ့ မှ မဆိုင် ၊  လားလားမှ မတူ ... ၊ လွဲလိုက်သမှ ဘိတ်ဘိတ်တုံး ဖြစ်သည် ။ လိန်ပိန် နေအောင် ဖျစ် ညှစ် ထားရသည့် ကိုယ်စား ရမည့် ငွေလေး အပြင် တစ်သောင်း လည်း ကြွေးတင် သွားသည် ။ အမြတ် တစ်ခုတော့ ရ လိုက်ပါ၏ ။


အလုပ် ကိစ္စ အတွက် ဖုန်းဆက်မည် ကြံလေတိုင်း အိပ် ထဲ က ဖုန်းနံပါတ် မှတ်ထားသည့် စာရွက်လေး ကို အကြိမ်ကြိမ် အခါခါ အလီလီ ထုတ်ကြည့် နေရသည့် သူငယ်ချင်း ဒီဇိုင်းဆရာ စိုးဝင်းငြိမ်း ၏ ဖုန်းနံပါ တ် ကို တော့ စွဲ နေအောင် အလွတ် ရသွားခြင်းဖြစ်သည် ။


၅.၃.၅.၄.၆.၈ ... တဲ့ ။


◾ဆူးငှက်


📖 အောင်မြေ မဂ္ဂဇင်း 

      ၂၀၀၅ ခုနှစ် ၊ ဒီဇင်ဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment