Monday, September 16, 2024

ကတ်သီးကတ်သတ် ပြစ်မှု


 

❝ ကတ်သီးကတ်သတ် ပြစ်မှု ❞
━━━━━━━━━━━━
          ဝင်းဖေ
━━━━━━━━━━━━
ဟုတ်တယ်လေ ၊ ကျုပ် မှာ ဘာ အပြစ် ရှိလို့လဲ ၊ ကဲ ။

ဩော် ခက်လိုက်တာ ၊ ခင်ဗျား ကလဲ ၊ ကျုပ် ပြောပြနေတာ ကို ကြား က ဖြတ် ဝင်လာပြီး ဘယ်လို လုပ် နားလည်မှာလဲ ။

ဒုက္ခပါပဲ ၊ အစက ပြန် ပြောရတော့မှာပဲ ။ ပြီးခဲ့တဲ့ လ က ကျုပ် ရန်ကုန် သွားတယ်လေ ၊ မှတ်မိတယ် မဟုတ်လား ၊ ထားပါ ။ မမှတ်မိလည်း အရေး မကြီးပါဘူး ။ မဟုတ်ဘူးလေ ၊ ထီပေါက်လို့ လည်း မဟုတ်ဘူး ၊ ပိုက်ဆံ စုမိ လို့လည်း မဟုတ်ဘူး ၊ ဘာမှကို မဟုတ်ဘူး ။ သိန်းမောင် က စရိတ်ငြိမ်း ငွေပို့ ပေးပြီး ဆင်းခဲ့စမ်းပါ ဆိုလို့ ။ မဟုတ်ပါဘူး ။ ကိစ္စကြီးငယ် ရှိလို့လည်း မဟုတ်ပါဘူး ။ ဘာမှ မဟုတ်ဘူး ။ ကျုပ် ရန်ကုန် မရောက်တာ လည်း ကြာ ပြီတဲ့ ၊ သူ နဲ့ မတွေ့ ရတာလည်း ကြာပြီတဲ့ ။ မေးချင် ပြောချင်တာလေး တွေ လည်း တော်တော်များများ ရှိတယ်တဲ့ ။ လာခဲ့စမ်းပါ တဲ့ ။ အတော် ရှုပ်တဲ့ ကောင်ဗျာ ။ ဒီကောင် ဂြိုဟ်မွှေတာ ၊ ဒီကောင့် ကြောင့် ဖြစ်ရတာလေ ။ တစ်ခု တော့ ရှိတယ် ၊ သူ က စရိတ်ငြိမ်း သုံးဖို့စွဲဖို့ ငွေ လည်း ပို့လိုက်တယ် ၊ ကျုပ် က လည်း ရန်ကုန် မရောက်တာ ကြာပြီ ဆိုတော့ ဆင်း သွားမိတယ်ဗျာ ။ ဖြစ်ချင်တော့ ပြောပါတယ် ။

တကယ်တမ်း ကျတော့ အစောကြီး ကတည်း က နိမိတ် တော့ ပြသား ဗျ ။ သိလား ။ ရထား ဆင်းမယ့် မနက် က ကပျာကယာ နဲ့ ဇစ်အိတ် ကို ဆွဲ ပိတ် လိုက်တော့ လက်ညပ် သွားပါလေရော ။ နာလို့ ကျုပ် က အော်ရမယ့် အချိန် မှာ အိမ်မြှောင် က စုတ်ထိုးတယ်ဗျ ။ ကျွတ် … ကျွတ် … ကျွတ် ကျွတ် … တဲ့ ။ ဖျတ်ခနဲ ဆို ကျုပ် တောင် လန့် သွားတယ် ၊ ငါ လည်း မအော် ရသေးပါဘူး ၊ ဘယ်လိုလုပ် အသံ ထွက် သွားတာလဲပေါ့ ။ နိမိတ် နိမိတ် နိမိတ် ပြတာလေ ။

ဘယ်ကလာ တိုက်ဆိုင်မှုရမှာလဲ ၊ ဒါမျိုးက နိမိတ် ဗျ ၊ နားလည် လား ။ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ ကျုပ် မိန်းမ ကတော့ ပြောရှာပါတယ် ၊ လာဘ် ကောင်းတယ်တဲ့ ။ ဘာ လာဘ်ကောင်းရမှာလဲ ၊ ကျုပ် လက် ညပ် တဲ့ ကိစ္စ ကို ကျုပ် မအော်ရခင် အိမ်မြှောင် က ဘာကိစ္စ ဝင် အော်ရတာလဲ ၊ ကဲ ။

မီးရထား ပေါ် ရောက်လို့ ကိုယ့် နေရာ ကိုယ် ထိုင်မိတယ် ဆိုတာ နဲ့ သိပြီ ၊ သိပ်မဟန်တော့ဘူး ဆိုတာ ။ ကြည့်လေ ကျုပ် ဘေး မှာ ကျတဲ့ ပုဂ္ဂိုလ် က ပုလင်း ထုတ်ပြီး ကွတ်ခနဲ မော့ပါလေရော ။ မောင်ရင် စဉ်းစားကြည့် လေ ၊ မနက် အစောကြီး ရှိသေးတဲ့ ကိစ္စ ကို အရက် နဲ့ မျက်နှာ သစ်တယ် ဆိုတာ ဒီလို လူမျိုး ပြောတာဗျ ။ ဘယ်ကလာ ဘီအီးဒီစီ ရမှာလဲ ၊ တော ဗျ ၊ ချက် ဗျ ။ ကျုပ် ကောင်းကောင်း သိပါတယ် ။ နံလိုက်တဲ့ ချက်အရက် ဗျာ စူးနေတာပဲ ။ တစ်ခုတော့ ရှိတယ် ၊ ဒီ လူ က အရက်သမား ဆိုပေမယ့် ဟိုလူ့ ရန်လုပ် ၊ ဒီလူ့ ရန်လုပ် ဆိုတာမျိုးတော့ မဟုတ်ဘူးဗျ ။ သူ က တွေ့ကရာ မြင်ကရာ ကို ကြည့်ပြီး အခြောက်တိုက် ရယ်တတ်တယ်ဗျ ။ ကျုပ် ထင်တယ် သူ ကိုးကွယ်တဲ့ ဘုန်းကြီး ကို ဝက်ကိုက် ခံရရင် တောင် ထိုင် ရယ်မယ့် ငနဲ မျိုးဗျ ။

ကျုပ် ရှေ့ ကလား ၊ အင်း … ပြတင်း နဲ့ ကပ်လျက်ခုံ မှာ က အသက် ငါးဆယ် လောက် ရှိမယ် ၊ မိန်းမကြီး တစ်ယောက်ဗျ ။ တော်တော် ရိုး ၊ တော်တော် အ ရှာပါတယ် ။ သူ့ ဘေး မှာ က သူ့ ယောက်ျားကြီး ၊ အသက် ခြောက်ဆယ် လောက် ရှိပြီ ထင်တာပဲ ။ မိန်းမကြီး ထက် ကိုးနှစ် ဆယ်နှစ် လောက် ကြီး လိမ့်မယ် ။ နှစ်ယောက်စလုံး အေးပါတယ် ။ ဒါတောင် ကျုပ် ဘေးက ငနဲ က ပြုံးစေ့ ပြုံးစေ့ နဲ့ အဲဒီ လင်မယား ကို ကြည့်ပြီး ဘာတွေ တွေးနေတယ် မပြော တတ်ပါဘူးဗျာ ။ ကျုပ် ကို လည်း မေးဆတ် ပြတယ်ဗျ ။ ကျုပ် က လည်း ဘာမှန်းလည်း မသိဘဲ လိုက် ပြုံးရသေးတယ် ၊ တော်တော် ကြောင်တဲ့ လူပါဗျာ ။ 

နေဦး .. ပျဉ်းမနား လွန်လာတဲ့ ထိ ဘာမှ မဖြစ်သေးဘူးဗျ ။ အဲ ပျဉ်းမနား က ထွက်လည်း လာရော ဂြိုဟ် က ဝင် တော့တာပါပဲ ။ မျက်နှာချင်းဆိုင် ခုံမှာ ထိုင် နေတဲ့ မိန်းမကြီး ရဲ့ ဘယ်ဘက် လက် ကို သွားကြည့် မိတယ် ၊ သတိထား မိတယ် ဆိုပါတော့ ။

ဟင့်အင်း ဘာမှ မထူးခြားပါဘူး ၊ ရိုးရိုး သာမန် မိန်းမကြီး တစ်ယောက် ရဲ့ လက်ပါပဲ ။ ဘာမှလည်း စိတ်ဝင်စားစရာ မဟုတ်ပါဘူး ။ ကျုပ် ကြည့် မိတာက သူ့ လက်သူကြွယ် မှာ ဝတ်ထားတဲ့ နီလာလက်စွပ်ကလေး ဗျ ။ ကိုရင် သိတဲ့ အတိုင်းပဲ ၊ ကျုပ် ကလည်း ကျောက်သွေးပညာကလေး တစ်ပိုင်း တစ်စ က တတ်ထားတော့ စိတ်ဝင်စားမိတာပေါ့ ။ ကျောက်ကလေးက လုံးချောလေးဗျ ၊ သိပ် တန်လှတာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ရှေးကျောက် ကလေးဗျ ။ ခုခေတ်ဈေး နဲ့ ဆို တန်လှ ရင် တစ်ထောင် ၊ တစ်ထောင့်ငါးရာ လောက်ပါပဲ ။ ဒါပေမဲ့ ခုခေတ် ကျောက်သွေးပညာ နဲ့ ခုခေတ် အကြိုက် နဲ့ ပြင်ပြီး အကွက်ဖော် သွေးလိုက်ရင် ထောင်ကြီးကျောက် တောင် ဖြစ်လာ နိုင်တယ်လေ ။ ထောင်ကြီးကျောက် ဆိုတာ ငါးထောင် အထက်ထိ တန်နိုင် တယ်ပေါ့ဗျာ ။ ပြင်သွေးလို့ ရ မရ ကျုပ် က လက်စွပ်ကလေး ကို အသေ အချာ ကြည့်ချင်လာတယ်ဗျ ။ ဟုတ်တယ်လေ … ခဏ ဖြုတ်ခိုင်းပြီး သေသေ ချာချာ ကြည့်ရမှာပေါ့ ။ ဒါပေမဲ့ ကျုပ် စဉ်းစားမိပါတယ် ။ အားနာစရာကြီး ၊ လက်စွပ်ကလေး က သူ့ လက်သူကြွယ် နဲ့ ဆို နည်းနည်း သေး နေတယ် ။ နည်းနည်း ကျပ်နေတယ် ။ ဖြုတ်ရင် တော်တော် ခက်မယ် ဆိုတာ ကျုပ် တွေးမိတယ်လေ ။ ပြီးတော့ ...

မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ဘယ်ကလာ ‘ ခွ ’ စာကြီး ရမှာလဲ ၊ အလွန် သဘောကောင်းတဲ့ မိန်းမကြီး ဗျ ။ ပျဉ်းမနား မရောက်ခင် ကတည်း က နည်း နည်းပါးပါး ပြောမိကြပါတယ် ။ အလွန် သိမ်သိမ်မွေ့ မွေ့ ရှိပြီး စိတ်ကောင်း ရှိရှာမယ့် ပုံပါဗျာ ၊ သေချာပါတယ် ။ သူ့ယောက်ျားကြီး ကလည်း လူအေးကြီးပါပဲ ။

လက်စွပ် ကို ဖြုတ် ကြည့်ချင်တဲ့ စိတ် ကို ကျုပ် အတန်တန် ထိန်းပါ တယ် ၊ တကယ်ပါ ။ တကယ် ကြိုးစားပါတယ် ။ လက်စွပ် ကို မြင်မိရင် ကြည့်မိရင် စိတ် မထိန်းနိုင်ဘဲ တောင်းမိ ပြောမိမှာ စိုးလို့ မျက်နှာ ကို လွှဲနေ ပါတယ် ။ ရထားပြင်ဘက် က ရှုမျှော်ခင်းတွေ ကိုပဲ ကမ္မဋ္ဌာန်း ရှု သလို ရှုပြီး ကြိုးစားပါတယ် ။ ဒါပေမဲ့ ဂြိုဟ်ဆိုး က ဝင်ချင်တော့ မရဘူးဗျို့  ၊ လယ်ကွင်း တွေကို ကြည့်နေပေမယ့် ကျုပ် မျက်စိ ထဲမှာ နီလာလက်စွပ် ကလေး ကို ပဲ မြင်နေတယ် ။ မမြင်အောင် ရှောင်ပါတယ် ဆိုပါမှ ကျုပ် မျက်စိ ထဲမှာ လိုက်ပြီး မြင်ယောင် နေလိုက်တာ ၊ အရည်လေး က ပြာလို့ လဲ့လို့ ၊ လှနေ လိုက်တာ ။ တကယ်တမ်း ကျတော့ စိတ် ဆိုတာ အလွန် ထိန်းရခက်တယ်ဗျ ။ မကြည့်ဘူး ၊ မကြည့်ဘူးကွာ ဆိုပြီး နေတဲ့ ကြား က မေ့မေ့ပြီး မျက်စိ က လက်စွပ်လေး ဆီကို ရောက်ရောက် သွားတယ်ဗျ ။ ကျုပ် က လည်း ကျုပ်စိတ် ကျုပ် မနိုင်တာ ကိုပဲ အလွန် ခံပြင်းတာ ။ မျက်နှာ လွှဲလိုက် ပြန်ကြည့်မိလိုက် နဲ့ ဘယ်နှစ်ခါ နဲ့ ဘယ်နှစ်ခါ ဖြစ်နေမိတယ် မပြောတတ်ပါဘူးဗျာ ။ ကြာတော့ မိန်းမကြီး က ရိပ်မိ သွားရောဗျား ။ တိုတို ပြောရရင် ...

“ ဟင်း .. ဟင်း ... မင်း အဒေါ့် လက်စွပ်ကလေး ကို မျက်စိကျ နေတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ … တော်တော် လှတဲ့ ကျောက်ကလေးဗျာ ”

“ အမယ်လေး … မဆန်းဘူး ၊ မဆန်းဘူး ။ အဒေါ် လက်စွပ်ကလေး ကို မျက်စိကျတဲ့ လူတွေ တွေ့ ခဲ့ပေါင်း များပြီကွယ့် ”

“ အဒေါ် ရောင်းဖို့လားဟင် ”

“ မဟုတ်ပါဘူးကွယ် ၊ ဒီ လက်စွပ်ကလေး က အဒေါ် အမွေ ရထားတာ ကွယ့် ။ အဒေါ်တို့ ဘိုးစဉ်ဘောင်ဆက် က အမွေ ဆိုပါတော့ ။ သိပ် တန်လှ တာတော့ မဟုတ်ပါဘူး ၊ တန်လှ သုံးလေးထောင် ပေါ့ ။ ဒါပေမဲ့ ဒီ လက်စွပ် ကလေး က သိပ် လာဘ်ကောင်း တာကွယ့် ။ အလွန် အန္တရာယ် ကင်းတာ ။ အဒေါ်တို့ ဒီ လက်စွပ်ကလေး ကြောင့် ဘေးဆိုး အန္တရာယ်ဆိုးတွေ လွတ်ခဲ့ ပေါင်းများပြီ ။

ကျုပ် က ဖျတ်ခနဲ တွက် လိုက်မိပါတယ် ။ ဧကန္တ ဒီ မိန်းမကြီး သူ့ လက်စွပ် ကို သေချာပေါက် ရောင်းချင်နေပြီ နဲ့ တူတယ်လို့ ။ ဂြိုဟ် ဝင်ချင် တော့ ပြောပါတယ် ။ ကျုပ် ပြောတယ် မဟုတ်လား ၊ ပြင်သွေး လိုက်ရင် ထောင်ကြီးကျောက် ဖြစ်လာနိုင်တယ် ဆိုတာလေ ။ ဒါပေမဲ့ သူ ပြောသလို တန်လှ သုံးလေးထောင်ကြီး ဆိုတာကြီး ကိုတော့ ကျုပ် မှာလည်း ပိုက်ဆံ မရှိပါဘူး ။ နောက်ပြီး စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတာလေး တစ်ခု ကလည်း ရှိသေးတယ် ၊ ရောင်းဖို့ မဟုတ်ပါဘူး ဘာညာ နဲ့ ပြောပြီးမှ သူ့ ပစ္စည်း ကို အမွှမ်းတင် နေပြန်တော့ သက်သက် ပတ်ပြီး အစွံထုတ် တာလည်း ဖြစ်နိုင် တယ် ။ ဟဲ ... ဟဲ ... ဘာရမလဲ ၊ ဒါမျိုးဆိုတာ ကွက်ကျော် စဉ်းစားနိုင်ရ မယ်ပေါ့လေ ၊ စဉ်းတော့ စဉ်းစားမိသားဗျ ။

ပြောလို့သာ ပြောရတာ ၊ ကျုပ် မျက်လုံးတွေ က လက်စွပ်ကလေး ပေါ် က မခွာနိုင်ဘူးဗျာ ။ ကျုပ် ပြောတယ် မဟုတ်လား ၊ အတော် မျက်စိ စွဲတဲ့ ပစ္စည်းလေးဗျ ၊ တကယ်ပါပဲ ။

“ ကဲ … ကြည့် … ကြည့် သေသေချာချာ ကြည့် ”

မိန်းမကြီး က လက်ကို ဆန့်ထုတ်ပြီး ပြနေတယ်ဗျ ။ ကျုပ် က လည်း အနီးကပ် သေသေချာချာ ကြည့်တယ် ။ ဒါကိုပဲ ဘာ ရယ်စရာ တွေ့ သလဲ မပြောတတ်ပါဘူး ၊ ဘေးက အရက်သမား ကလည်း ရယ်သဗျ ။ ကျုပ်က သူ့ ကို တစ်ချက်ပဲ လှည့်ကြည့်နိုင်ပါတယ် ၊ မျက်စိ က လက်စွပ်ကလေး ဆီ ပြန်ရောက် သွားတယ် ။ ဒါပေမဲ့ ကျုပ် ကိုရင့် ကို သေသေချာချာ ပြောမယ် နော် ၊ ဘုရားစူး မိုးကြိုးပစ် လက်စွပ် ကို ကျုပ် လက် နဲ့ ထိကြည့် ကိုင်ကြည့် တောင် မလုပ်မိပါဘူးဗျာ ၊ ဒါကိုတော့ ယုံပါ ။

“ အင်း … အဒေါ့် လက်စွပ် ကို ကြည့်တဲ့ သူတိုင်း ဒီလိုချည်းပဲ မောင်ရင်လေး ရဲ့ ၊ ကြည့်လို့ ကို မဝကြဘူး ၊ နေဦး အဒေါ် ဖြုတ်ပြမယ် ”

မိန်းမကြီး က လက် ကို ရုတ်လိုက်ပြီး လက်စွပ် ကို ဖြုတ်ဖို့ ကြိုးစား ပါတယ် ။

“ နေပါစေ အဒေါ် ၊ အားနာစရာကြီး ”

“ ကိစ္စမရှိပါဘူး မောင်ရင် ရယ် ၊ ဒါလေးများ ဘာမှ ဝန်မလေးပါဘူး ”

ပြောပြောချွတ်ချွတ် လက်စွပ် ကို ကြိုးစား ချွတ်နေတယ်ဗျ ။ လက်စွပ် ကလည်း တော်တော် သေးပြီး ကျပ် နေတော့ လွယ်လွယ် နဲ့ မကျွတ်ဘူး ။

“ နေပါစေ အဒေါ် ၊ ကျွန်တော် မကြည့်တော့ပါဘူး ”

ကျုပ် က ဘုရားစူးရစေရဲ့ ဇွတ် ငြင်းပါတယ် ။ မိုးကြိုးကြီး ပစ်ရ ပါစေရဲ့ ၊ အခါခါလည်း ငြင်းပါတယ် ။ မချွတ်ပါနဲ့လို့ ။ ဒါပေမဲ့ မရဘူးဗျ ။ အဒေါ်ကြီး ကလည်း အတော့် ကို စေတနာ ကောင်းနေတယ် ။ သူ့ ဘယ်ဘက် လက် လက်သူကြွယ် ကို ပါးစပ် ထဲ ငုံပြီး တံတွေးဆွတ်ပြီး ဇွတ် ဆွဲချွတ် တယ်ဗျ ။ အဲဒီမှာ ဒုက္ခ တွေ့ တော့တာပဲဗျ ။ ဖျတ်ဆို လက်စွပ် က ရုတ်တရက် ကျွတ်ထွက် သွားပြီး ရထားပြတင်း အပြင် ကို လွင့်ထွက် ကျသွား ပါလေရော ။

အားလုံး ဟာခနဲ ၊ ဟင်ခနဲ ဖြစ်သွားကြတာပေါ့ ။ ရထား ကလည်း အတော် အရှိန် ပြင်းတယ်ဗျ ။ ဘယ်သူ က လည်း မသိဘူး ကြိုးဆွဲ ကြိုးဆွဲ ၊ ရထားညရပ်ဖို့ ကြိုးဆွဲလေ ... လို့ အော်တယ် ။ ဒီတစ်ခါတော့ ကျုပ် ဘေး က ရှပ်ဘဲကြီး က လျင်တယ်ဗျို့ ၊ အရေးပေါ် ရထား ရပ်ဖို့ ကြိုး ကို ပြေးဆွဲတယ် ။ ဒါပေမဲ့ ကံဆိုးချင်တော့ ကြိုး က ဘယ်လို ချို့ယွင်းနေတယ် မပြောတတ်ပါဘူး ၊ ရထား က မရပ်ဘူးဗျ ။ အဲဒါတော့ ကျုပ် လည်း ရှင်း မပြတတ်ဘူး ။

ထားပါလေ ၊ ဒီလိုနဲ့ပဲ ခရီး က အတော် ဝေးလာတယ် ။ မိန်းမကြီး လည်း ဘာပြော ကောင်းမလဲ ။ သူ့ ပစ္စည်းလေး ဆုံးပါပြီ ဆိုပြီး ငိုပါလေ ရောဗျာ ။ ကျုပ် ကြောင့် ဒီလို ဖြစ်ရပါတယ် ဆိုပြီးလည်း ပြောသဗျ ။ ဒါပေမဲ့ အလျော်တော့ လည်း မတောင်းဘူးဗျ ၊ တောင်းလို့လည်း ဘယ်ရမလဲ ။ သူ့ လက်စွပ် ကို ကျုပ် က ချွတ်ခိုင်းတာမှ မဟုတ်ဘဲ ။ မချွတ်ပါနဲ့ လို့ အတန်တန် ပြောပါလျက်နဲ့ သူ့ ဟာ သူ ချွတ်တဲ့ဟာကို ။ ဒါကိုတော့ သူ့ ယောက်ျား လည်း သိတယ်လေ ။ နောက်ပြီး သူ့ လက်စွပ် ကို ကျုပ် က လက်ဖျား နဲ့ တောင် ထိကြည့်မိတာမှ မဟုတ်ဘဲ ၊ ဟုတ်ဖူးလားဗျာ ။

ဟာ ... ဒါကတော့ ဒါပေါ့ ။ စိတ်ဝင်စား လို့ ကြည့် မိတာတော့ မှန်တယ်လေဗျာ ။ ဒါပေမဲ့ ကိုရင့် ကို ကျုပ် ပြောပြတဲ့ အတိုင်းပဲလေ ၊ ကျုပ် က ကြည့်ရုံ ကြည့်မိတာပါဗျ ၊ ပြ လို့လည်း စ မပြောမိပါဘူး ၊ ချွတ်ခိုင်းဖို့ ဆိုတာ ဝေးလို့ ၊ သူ့ ဟာ သူ ချွတ်ပြပါမယ် ဆိုတာတောင် မချွတ်ပါနဲ့ တားပါတယ် ဗျာ ။ မိုးကြိုးပစ် ဘုရားစူး ၊ တကယ်ကို အကြိမ်ကြိမ် တားပါတယ် ။

ဟုတ်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် တတ်နိုင် သမျှတော့ လျော်ပေးဖို့ ကျုပ် စဉ်းစားပါသေးတယ် ။ ဒါပေမဲ့ ကျုပ် ကလည်း ဘိုင်ကောင်ဗျ ၊ သူများ ပို့ လိုက်တဲ့ စရိတ် နဲ့ လာခဲ့ရတာ မဟုတ်လား ။ ပြီးတော့ ကျုပ် အပြစ် မဟုတ် ပါဘူးဗျာ ။ ရှင်းတယ် မဟုတ်လား ။

ဒါပေမဲ့ ကျုပ် ပြဿနာ က မလွယ်တော့ မလွယ်ဘူးဗျ ။ စိတ် ထဲ မှာ တနုံ့နုံ့ နဲ့ တစ်လမ်းလုံး မျက်ရည် တစမ်းစမ်း နဲ့ ပါလာတဲ့ အဒေါ်ကြီးကိုပဲ မြင်ယောင် နေတယ်ဗျ ။ ဒီတုန်းက မျက်နှာပူ လို့ ဆိုပြီး မိန်းမကြီး နား မှာ ဆက် မထိုင်ဘဲ တခြား ထွက်သွားဖို့ ဆိုတာ ကလည်း မကောင်း ။ ဆက် ထိုင် နေပြန်တော့လည်း မိန်းမကြီး က ငို ၊ ခက်လိုက်တာ မှ ကိုရင် ရယ် ၊ အချိန်တွေ က လည်း ကုန်ခဲလိုက်တာ ။ ရန်ကုန် ကို ရောက်ဖို့ နောက်ထပ် ခြောက်နာရီ ၊ ခုနစ်နာရီ လောက် မောင်းရသေးတယ် ဆိုတော့ ၊ ကျုပ် ဘယ်လို ခံစား နေရမလဲ ဆိုတာ ၊ ကိုရင် စဉ်းစားသာ ကြည့်ပါတော့ ။

ဘာပဲဖြစ်ဖြစ် ကျုပ် မှာ အပြစ် မရှိပါဘူးဗျာ ၊ နော့ … ။

☐ ဝင်းဖေ

📖 ရန်ခုန်ပွင့် မဂ္ဂဇင်း
      ၁၉၈၉ ၊ မေ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment