Monday, September 16, 2024

အသက်ကလေးရယ်တဲ့ ရှည်စေလို


 

❝ အသက်ကလေးရယ်တဲ့ ရှည်စေလို ❞

[ မန္တလေးတောင် ဟာ မန္တလေးမြို့ အတွက် အင်မတန် တန်ဖိုးကြီးတဲ့ ဆုလာဘ် တစ်ပါးပါပဲ ။

ကျန်းမာရေး ပို ကောင်းဖို့အတွက် မန္တလေးတောင် ပေါ်မှာ လမ်းလျှောက် သူတွေ အများကြီး ရှိတယ် ။

မန္တလေးတောင် ပေါ် က ကြည့် လိုက်ရင် ရစ်ခွေစီးဆင်းနေတဲ့ ဧရာဝတီ ရဲ့ အလှ ကို မြင်နိုင်တယ် ။ မန္တလေးမြို့ ကို ဝန်းရံထားတဲ့ စစ်ကိုင်းမင်းဝံတောင် ၊ ကျွဲနဖားတောင် ၊ ရန်ကင်းတောင် ၊ ရေတံခွန်တောင် ၊ သခင်မတောင် တွေ ကို လှမ်းကြည့်နိုင်တယ် ။ ကျယ်ပြန့်တဲ့ အောင်ပင်လယ် ၊ မဟာနန္ဒာလယ်ကွင်းစိမ်းစိမ်း ကို ဖြတ်သန်း လာတဲ့ လတ်ဆတ်တဲ့ လေ ကို ရှူရှိုက်နိုင်တယ် ။

မန္တလေးတောင် တောင်ရိုးတစ်လျှောက် မှာ တောပန်းတောင်ပန်းတွေ က ရာသီ မရွေး ပွင့်နေတာ မို့ ပန်းရနံ့သင်းသင်း ကို ခံစားရင်း ပန်းဝတ်မှုံ ပန်းပွင့်ဖတ် တွေ ခင်းထားတဲ့ လမ်း မှာ ကျေးငှက်တေးသီသံ နဲ့ လမ်းလျှောက်ရတာ စိတ်အေးချမ်း ပါတယ် ။

မန္တလေးတောင် ပေါ် မှာ ကျွန်တော်တို့ ဇနီးမောင်နှံ လမ်းလျှောက် ပါတယ် ။ လမ်းလျှောက်ဖော် ထဲမှာ အင်ဂျင်နီယာ ၊ စီးပွားရေးလုပ်ငန်းရှင် ၊ ထုတ်လုပ်မှုစက်ရုံ ပိုင်ရှင် ၊ ကုန်သည် ၊ ဘဏ်ဝန်ထမ်း ၊ တက္ကသိုလ်ဆရာ အမျိုးစုံပါဝင်တယ် ။

တောင်ပေါ် မှာ လမ်းလျှောက် ရင်း နေ့စဉ်လိုလို တွေ့ရတဲ့ သူ တစ်ဦးကတော့ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးပါပါ ဖြစ်ပါတယ် ။ ဆရာပါပါ က မန္တလေးမြို့ စကုအလယ်တိုက်ကြီး မှာ သီတင်းသုံး တဲ့ ဦးပဉ္စင်း ဦးနန္ဒိယ အကြောင်း ကို ပြောပြတယ် ။

ဦးနန္ဒိယ ( ယခု သက်တော် ၄၃ နှစ် ) က နယ် က လာတဲ့လူနာတွေ ကို ဘုန်းကြီး ကျောင်း မှာ တည်းခို နေထိုင်ဖို့ နေရာ ပေးတယ် ။ လူနာ ရဲ့ရောဂါ နဲ့ ပြသဖို့ သင့်တော်ရာ ဆရာဝန် ကို ရွေးချယ်ညွှန်ပြပေးတယ် ။ လူနာတွေအတွက် အချိန်ကုန် ငွေကုန် လူပန်း ရောဂါကျွမ်း သက်သာတယ် ။

ဆရာပါပါ ပြောပြလို့ ဦးနန္ဒိယ ကို ကျွန်တော် သွား တွေ့ပါတယ် ။ ဦးပဉ္စင်း က လူနာတွေ ကို စောင့်ရှောက်ကူညီနေတာ နှစ်ပေါင်း ၂၅ နှစ်လောက် ရှိသွားပြီ ။ အကူအညီ ပေးခဲ့တဲ့ လူနာဦးရေ လည်း သောင်း နဲ့ ချီပြီး ရှိခဲ့ပြီ ။

သည်လုပ်ငန်း နဲ့ ပတ်သက်ပြီး ဦးပဉ္စင်း က ခုလို ပြောပြပါတယ် ။ ]

••••• ••••• •••••

ဦးဇင်း ဇာတိ က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေမောင်းရွာ ။ ဦးဇင်း ဖခင်က ဦးထွေးကြည် ၊ မိခင် က ဒေါ်ခင်ကြိုင် ။

ရွာကျောင်း မှာ လေးတန်းအောင် အထိ နေခဲ့တာပေါ့လေ ။ သိပ္ပံပညာ ကို စိတ်ဝင်စားပေမယ့် မိဘ က ဆင်းရဲတော့ လေးတန်း နဲ့ ကျောင်း ထွက်ပြီး ကိုရင်ဝတ် ငါးတန်း တက် ချင်ရင် ရွှေဘို အထိ သွားတက်ရမှာ ။

ရွာကျောင်း မှာ သင်္ကန်းဝတ်ပြီး ၁၉၈၃ ခုနှစ် မှာ ပညာဆက်သင်ဖို့ မန္တလေး စကုအလယ်တိုက်ကြီး ကို ဆရာတွေ က ပို့တယ် ။

မန္တလေး ရောက်ပြီး ငါးနှစ်လောက် နေတော့ ဦးဇင်းကိုယ်တိုင် ဗိုက်နာဗိုက် အောင့် ဖြစ်တယ် ။ ရောဂါဖြစ်တော့ ဝေဝေဝါးဝါး နဲ့ ဟိုဆရာဝန် ဆီ သွား ဒီ ဆရာဝန် ဆီ သွားတာ ။ ဘာဖြစ်တာလဲ သိချင်တော့ လောကုတ္တရာ စာတွေ ဖတ်ရင်း ဆေးစာတွေ ဖတ်တယ် ။ ဆေးစာတွေ ဖတ်ရင်း ဆေးပညာ ကို စိတ်ဝင်စားသွားတာ ။

ဦးဇင်းရဲ့ ပညာ အခြေခံဘက လေးတန်းအောင် ပဲ ။ ဒါပေမဲ့ စိတ်ဝင်စားတော့ Medical Term ( ဆေးပညာဆိုင်ရာ ဝေါဟာရ ) တွေ ပြောနိုင်လာတယ် ။ မသိရင် ဆရာဝန်တွေ ကို မေးတာပဲ ။ ဖတ်ကြည့်လို့ နားမလည်ရင် Medical Dictionary ( ဆေးပညာအဘိဓာန် ) လှန်ပေါ့ ။ ဦးဇင်း က အင်္ဂလိပ်စာ အားနည်းပါတယ် ။ ကြက်တူရွေး စာသင် အဆင့်ပါပဲ ။ ပုဂံညောင်ဦး က ကလေးတွေ အင်္ဂလိပ်စာ မတတ် ပေမဲ့ ဘုရားသမိုင်းရှင်းပြ သလိုပေါ့ ။

နယ် က လူနာတွေ ဆေး ကုဖို့ မန္တလေး လာတဲ့ အခါ ဘုန်းကြီးကျောင်း မှာ တည်းကြတယ် ။ သူတို့ က ဆေးခန်း ကို လိုက်ပို့ပေးပါလို့ အကူအညီ တောင်းတယ် ။ သူ့ ရောဂါ နဲ့ သင့်ရာ ဆရာဝန်တွေ ဆီ လိုက်ပို့ပေးတယ် ။ ဒီနေ့ ခေတ် ကလည်း Specialize ( ဆေးပညာရပ်တစ်ခု ခု ကို အထူးပြုလေ့လာထားတာ ) လုပ်တဲ့လိုင်း တွေ ပိုများလာတယ် ။ ရွေးရွေးပြီး ပို့ပေးရတယ် ။

ဦးဇင်း ဗိုက်နာ နေတဲ့ ကိစ္စ ဆယ်နှစ်ကျော် ကြာမှ ဆရာဦးမင်းဟန် နဲ့ တိုင်ပင် ပြီး ဆေးစစ် ကြည့်တယ် ။ ဆရာက ဆေးပညာ ပါမောက္ခပေါ့ ။ ဆေးစစ်ကြည့်တော့ အသည်းရောင်အသားဝါ ဘီကတော့ နဂ္ဂတစ် ပါပဲ ။ စီပိုးစစ်တော့ ပေါ့စတစ် ။

ဆရာကြီး ဦးသံစစ် တို့ ဦးခင်မောင်ဝင်း တို့ ရဲ့ အသည်းရောဂါစာအုပ် တွေ ဖတ်တယ် ။ စီပိုး ကို ကုလို့ ရနိုင်တယ်လို့ သိလာတယ် ။ ဆေး စစ်တော့ ပိုးကောင်ရေ တစ်သန်းကျော် လောက် တွေ့တယ် ။ ဆေးထိုးမယ် ဆိုပြီး ငွေ စုတာပေါ့ ။

ဘုန်းကြီး တစ်ပါး ငွေစုရတယ် ဆိုတာ နည်းနည်းခက်တယ် ။ သိန်း ၂ဝဝ လောက် ကုန်နိုင်တယ်တဲ့ ။ သိန်း ၄ - ၅၀ တောင် တော်တော်ခက်တာ ။ သိန်း ၄ - ၅ဝ လောက် စုမိလာတဲ့ အချိန် မှာ လူ က မစားချင် မသောက်ချင် တော်တော် ဖြစ်နေပြီ ။

ချမ်းငြိမ်းအောင် ဆေးခန်းပိုင်ရှင် ဒေါက်တာကျော်မင်းဦး က ဦးဇင်း နဲ့ အရမ်း ရင်းနှီးတယ် ။ သူ က ဇွတ်ဆွဲခေါ်သွားပြီး အမြန်အဆန် တိုက်တွန်းပြီး ကုခိုင်းတယ် ။ ဆေး စစ်လိုက်တော့ ကုသင့် နေပြီ ။ အသည်း အစပျိုးခြောက် တဲ့ အခြေအနေဘဖြစ်နေပြီ ။ ချေးစရာ ရှိတာ ချေးပြီး ကုရတော့တယ် ။

ဒေါက်တာ ကျော်မင်းဦး က အားဆေးတွေ လှူတယ် ။ သူ့ဆေးခန်း မှာ ဆေးစစ်ချက်တွေ ကုသိုလ် ယူတယ် ။ ဦးဇင်း ကုသချက် ယူတာ တော်တော် နောက်ကျ တယ် ။ အဲဒီ အချိန် မှာ ဆရာကြီး တော်တော်များများ နဲ့ သိနေပြီ ။ ဆရာကြီး ဦးတင်စိုး ၊ ဦးမင်းဟန် ၊ ဦးသံစစ် ၊ အသည်းဘက်ဘက ဒေါ်သန္တာဝင်း ၊ ဒေါ်နန်းကေသီဝင်း တို့ က FOC ( Free of Charge - ကုသမှု အခမဲ့ ) ။ ဆရာကြီး ဦးသံစစ် ဆိုရင် မှန်ပြောင်း ကြည့်တာတွေ အားလုံး FOC ။

ဦးဇင်း အခြေအနေ က နားနားနေနေ နေရမှာ ။ ဒါပေမယ့် လူနာတွေ ရောက် လာပြီး အကြံဉာဏ် တောင်းရင် ဦးဇင်း က ထ ထိုင်ပြောတယ် ။ ဆွေးနွေးတိုင်ပင် အကြံဉာဏ် ပေးတာ ကို မရပ်ဘူး ။

နယ် က ဆေးကု လာတဲ့ အခါ အချို့က ရောဂါ ကျွမ်းမှ ရောက်လာတာ ။ ဒါပေမဲ့ လူ ဟာ လူ ပဲ ၊ တိရစ္ဆာန် မဟုတ်ဘူး ။ လူ တစ်ယောက် ရဲ့ အသက် က တန်ဖိုး ရှိတယ် ။ အချို့လူနာတွေ က ရောဂါအမည် ကြားပြီး လက်မြှောက် ပြန်ချင်တာ ။

မကြာခင်က မှ ဆီး နဲ့ကျောက်ကပ် က ဆေးရုံ ဆင်းသွားတဲ့ လူနာ ရှိတယ် ။ သူ က မြွေကိုက် ခံရတာ ။ သူ့မိဘတွေ က မကုဘဲ ပြန်ချင်တယ် ။ လူနာ က အခြေအနေ
တော်တော် ဆိုးနေပြီ ။ အချိန်မီ မပြန်လို့ လမ်း မှာသေရင် အလောင်း ကို ရွာ က အဝင်ခံ မှာ မဟုတ်ဘူး ။ ဒါကို စိတ်ပူ နေကြတယ် ။

ဦးဇင်း က သေရင် မန္တလေးမှာ သင်္ဂြိုဟ် ဖို့ တာဝန် ယူတယ် ။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ကို အကူအညီတောင်းရင် ရတာပဲ ။ အဲဒီကောင်လေး ဟာ နောက် ငါးရက် လောက် နေတော့ သတိပြန် ရပြီး ပြန် ကောင်းသွားတယ် ။

နောက် တစ်ယောက် က တော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ကြီး ။ အိုဂျီ ဒေါ်မြင့်မြင့်အေး နဲ့ ပြပေးတော့ နောက်ကျ နေပြီ ။ ကင်ဆာဌာန က ဆရာမကြီး ဒေါ်မေဖြူလတ် နဲ့ လွှဲပေးတယ် ။ ဆရာမကြီး က လိုအပ်တဲ့ ကုသချက် ကို အပြည့်ပေးမယ် ၊ အရှင်ဘုရား လူနာ ဘက် က လည်း ကုသချက် ကို အပြည့်အဝ ခံယူပါလို့ ပြောတယ် ။

အချို့လူနာ က ကုသချက် တစ်ဝက်တစ်ပျက် နဲ့ ပြန် သွားတယ် ။ အဲဒီ ဒကာမကြီးက ကုသချက် ကို ခံယူတယ် ။ ၂၅ ကြိမ် ၂၆ ကြိမ်အပြင် က နေ ဓာတ်ကင် တယ် ။ ပြီးတော့ အတွင်း ဓာတ်ကင်တယ် ။ ဒါလည်း ခံယူတယ် ။ အဆင်ပြေသွား တယ် ။ ယခု အချိန်အထိလည်း ကျန်းမာတယ် ၊ စိုစိုပြည်ပြည်နဲ့ ။ စားနိုင်သောက်နိုင် တာ မြင်ရတော့ ဦးဇင်း ပီတိ ဖြစ်ရတယ် ။

အချို့က ကင်ဆာ ကို ဓာတ်ကင် ရင် သေတတ်တယ်တဲ့ ။ ဓာတ်ကင် လို့ သေတတ်တာ မဟုတ်ဘူး ။ သေတတ် လို့ ကို ဓာတ်ကင် ရတာ ရှင်းပြရတယ် ။

ဦးဇင်း ဆီ ရောက်လာတဲ့ နောက် လူနာ က ဆီးချိုလူနာ ။ သူ က ပိန်ချုံး ပြီး ဆီးချိုတွေ တက် နေတာ ။ သူများတွေ ပြောတဲ့ ဟိုအရွက် ကျိုသောက် ဒီအရွက် ကျိုသောက်ပါ ဆိုတာတွေ ဝေဝေဝါးဝါး နဲ့ လျှောက် လုပ်ပြီး လမ်းကြောင်း လွဲနေတဲ့ လူနာပေါ့ ။ လူ က ပိုပိုပြီး ပိန်ချုံး လာတယ် ။ ဆီးချိုအထူးကုသမားတော် ဒေါက်တာ ဒေါ်အေးမြင့်ခိုင် နဲ့ ပြပေးတယ် ။ သူ က တော်တော် လွန်နေပြီ ။ ဒါပေမဲ့ ကောင်းသွားတယ် ။ ခုထိ အသက်ရှင် ဆဲ ပဲ ။ ရွာ က မြင်တဲ့ အမြင် ကတော့ သေပြီပေါ့ ။

ရွာတွေ မှာ အမြင် က အရှင်ကြီး မကြိုက်လို့ ၊ အသေကြီး မကြိုက်လို့ ဆိုတာ လည်း ရှိသေးတယ် ။ မြွေကိုက်တဲ့ လူ ထဘီ နဲ့ ခုနစ်ကြိမ် စွပ်ရသတဲ့ ။ အိတ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ်ဟာ ကုရာနတ္ထိ ဆေးမရှိ ဆိုလို့ မကုတော့ဘူး ၊ ရွာ ပြန်တော့မယ်တဲ့ ။ သူတို့ အတွေးအခေါ် တွေ ကို ပြောင်းအောင် လုပ်ရတာ တော်တော် ပင်ပန်းတယ် ။

လူနာ တစ်ယောက် ရောက် လာရင် ဦးဇင်း က စပယ်ရှယ်လစ် နဲ့ အပ်ပေးတာ တင် မဟုတ်ဘူး ။ သူ့ မှာ ငွေဘယ်လောက် ပါသလဲ မေးတယ် ။ ငါ လိုချင်လို့ မင်း ဆီ က အလှူ ခံချင်လို့ မဟုတ်ဘူးနော် ၊ တောသူတောင်သား ဆိုတာ ဒဲ့ ( တဲ့ ) ပြောရတာ ။ သူ့ ကို စီစဉ်ပေးဖို့ ၊ management ( စီမံခန့်ခွဲမှု ) လုပ်ပေးဖို့ မေးတာ ။ တပည့်တော် က တစ်သိန်း ပဲ ပါတယ် ၊ တစ်သိန်းခွဲ ပဲ ပါတယ် ဆိုရင် သူ တတ်နိုင်တာ နဲ့ အဆင်ပြေ အောင် စီစဉ်ပေးရတာ ။

အချို့က ပုဂ္ဂလိက ဆေးခန်းကို အရမ်း အားသန်တယ် ။ ဦးဇင်း တို့ ကလည်း ပုဂ္ဂလိက ဆေးခန်း ကို ပို့ချင်ပါတယ် ။ ပို့ရတာ အရမ်းလွယ်တာကိုး ။ ဒါပေမဲ့ ငွေကုန် ကြေးကျ များတယ် ။ ပြည်သူ့ဆေးရုံ ကတော့ လူနာခုတင် ပေါ် ရောက်ဖို့ အဆင့်တွေ အများကြီး ဖြတ်ကျော်ရတယ် ။ ခုတော့ မန္တလေးဆေးရုံ မှာ ERC ( Emergency Reception Centre - အရေးပေါ်လူနာလက်ခံဌာန ) ပေါ်လာတော့ treatment ( ပြုစုကုသမှု ) အရမ်း မြန်ပါတယ် ။ သိပ်ကောင်းတယ် ။

လူနာ ထဲမှာ ကုသဖို့ မလွယ်အောင် ရောဂါကျွမ်း နေတဲ့ လူ လည်း ရှိတယ် ။ အဲဒီလို လူ ကို ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ အသက်ထွက်ကောင်းအောင် ဘယ်လို လုပ်ပေးမှာလဲ ။ သေခါနီး ကာလ ဒီ ဘဝ ကနေ နောက်တစ် ဘဝ ကို ကူးပြောင်းတဲ့ အချိန် မှာ စိတ်ကောင်းနှလုံးကောင်း မမွေးနိုင်ခဲ့ဘူးဆိုရင် ဘဝကူး မကောင်းဘူး ။ ဗုဒ္ဓဘာသာ ရဲ့ ယုံကြည်ချက် ။

လူနာ သေဆုံးခါနီး မှာ တည်ငြိမ်ဖို့ လိုအပ်တယ် ။ ကယ်ပါယူပါ လူးလှိမ့်ခံစား ပြီးမှ ဆုံးပါးသွားရမယ် ဆိုရင် မကောင်းနိုင်ဘူး ။ ဘဝကူး ကောင်းအောင် ၊ သူ သိပ်မခံစား ရအောင် ၊ သူ နေသာအောင် လုပ်ပေးရမှာပဲ ။

ဦးဇင်း ဆီ ကို နယ်ပေါင်းစုံ က လာကြတယ် ။ တည်းစရာ နေစရာ လိုရင် ဦးဇင်း က စီစဉ်ပေးတယ် ။ ဦးဇင်း ရဲ့ ဆရာရင်း ခင်မကန်တိုက် ၊ တရုတ်ကျောင်း မှာ လူနာတွေ တည်းဖို့ ရှိတယ် ။ ဆရာ က မင်း ကြိုက်သလောက်ထားတဲ့ ။

ဦးဇင်း ဆီ ရောက် လာတဲ့ လူနာတွေ ၉၅ ရာခိုင်နှုန်းတော့ အဆင်ပြေတယ် ။ အဆင် မပြေတာ ၅ ရာခိုင်နှုန်း တော့ ရှိမှာပဲ ။ ဦးဇင်း အပြစ်တင် ခံရတာလည်း မလွတ်ပါဘူး ။

တကယ်တော့ ဦးဇင်း က တောသူတောင်သား စမ်းတဝါးဝါး ဖြစ်နေတဲ့ သူ တွေကို ဘယ်သွား ဘာလုပ် ညွှန်ပြပေးရုံပါပဲ ။ ဦးဇင်း ဆီလာတာ က တောသူတောင်သား ဆင်းရဲသားတွေ များတာကိုး ။

ဦးဇင်း ကိုယ်တိုင် က တော့ အသည်း က နည်းနည်းခြောက် နေပြီ ။ အသည်း ကင်ဆာ ပြောင်း သွားရင်တော့ မြန်မြန်သေတတ်တာပေါ့ ။ မသေမချင်း လုပ်မယ် ။ ဆထက်ထမ်းပိုး လုပ်မယ် ။ ဦးဇင်း တစ်ယောက်တည်း လုပ်တာ ထက် အခြား သူတွေ ပါ တက်တက်ကြွကြွ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် စည်းရုံး နေပါတယ် ။

☐ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment