Friday, September 27, 2024

ကံစီမံရာ


 

❝ ကံစီမံရာ ❞
━━━━━━━━━━━━━━
မောင်သစ်ဦး ( မြစ်ခြေ )
━━━━━━━━━━━━━━
မကံစီ  ထောင် က လွတ်လာတယ် ဆိုတော့ တိုင်းပြည် က မအံ့သြပေမဲ့ ရပ်ကွက် က အံ့သြတယ် ။ စက်ဘီး အစီး နှစ်ရာ ခိုးတဲ့ မကံစီ ခြောက်လ နဲ့ ထောင် က လွတ် လာတာ ဟုတ်မှ ဟုတ်ရဲ့လားပေါ့ ။ ထောင်ဖောက်ပြေး လာတယ် ဆိုရအောင်လည်း မကံစီ မှာ ဒီလောက် အစွမ်းအစ မရှိတာတော့ သေချာသိနေကြတယ် ။ မကံစီ  လာဘ် များ ထိုးသလား ၊ ထောင်မှူး ကို ငွေပေးသလား ၊ ရဲစခန်း ကို အပံ့အပိုး ပြုလေသလား ။ ကြံကြီးစည်ရာ ၊ လင်ပန်း ထဲ ရေထည့် သောက် သလို လူရာ မဝင်တဲ့ အတွေးတွေ ပါကွာ လို့ ပြောကြလေဦးမှာ ။

မကံစီ က ဘယ် ငွေနဲ့ လာဘ်ထိုးမလဲ ။ မကံစီ မှာ ကျောထောက် နောက်ခံ ဆိုလို့ သူ့ မိဘ နဲ့ သူ့ ယောက်ျား ကိုဝေးလွင့် ပဲ ရှိတဲ့ ဥစ္စာ ။ သူ့ မိဘ က လည်း သူ့ ထက် စီးပွားရေး က ချူချူချာချာ ။ ကိုဝေးလွင့် က လည်း မကံစီ ထောင် ထဲ ဝင်သွားပြီး နောက် တစ်ရက် ကတည်း က အိမ် ပေါ် မိန်းမ တစ်ယောက် ခေါ်တင် ထားပြီး အဲဒီ မိန်းမ လုပ်စာနဲ့ ဘိန်းစား နေရရှာတာ ၊ ဘယ့်နှယ် လုပ်ပြီး လာဘ်ထိုး နိုင်ပါ့ ။ အဲဒီ ကူကယ်ရာမဲ့ မကံစီ ထောင် က လွတ်လာပြီ ၊ ရပ်ကွက် ထဲ ကို ဘုရင်မ တစ်ပါး လှမ်းကြွလာတဲ့ ဟန် နဲ့ ဝင် လာတာ ရပ်ကွက် ထဲ က လူတွေ ဖြင့် မျက်လုံးများ တောင် ပြူး လို့ ။

ဘယ် သိကြမှာလဲ ၊ မကံစီ ဒီအချိန် လွတ်လာမယ်လို့ ။ ကိုယ် လွတ်မှာ သိတဲ့ သူတွေ ကတော့ ကြိုဆိုပွဲတွေ နဲ့ ၊ ပန်းကုံးတွေ နဲ့ ၊ ကြွေးကြော်သံတွေ နဲ့ ၊ ဆိုင်းဘုတ်တွေ နဲ့ ၊ ဆွေ နဲ့ မျိုး နဲ့ အပေါင်း နဲ့ အသင်း နဲ့ ။ မကံစီ ကတော့ ကိုယ့် ဖိနပ် ကိုယ် စီးပြီး ကိုယ့် ခရီး ကိုယ် ဆက်လာခဲ့ရတာ ။ ထောင်ဘူးဝ က ထွက်တော့ ကိုယ့် အိမ် ဘယ်အရပ် မှာ ရှိမလဲ တစ်ချက် လောက် မျှော်ကြည့်ပြီး တောင်တောင် ဤဤ စဉ်းစား မနေဘဲ ကိုယ့် လမ်း ကိုယ် လျှောက်လာ ခဲ့တာ ။

မကံစီ အခြား ထောင် က လွတ်လို့ ကြိုကြတဲ့သူတွေ ကို ဖြတ်လာခဲ့ပြီး ငိုက်စိုက်စိုက်နဲ့ ပဲ လာခဲ့တာ ။ ဒါနဲ့ များ မကံစီ  ထောင် က လွတ်လာလို့ သူ့ ကိုယ် သူ ဝမ်း မသာဘူးလား မေးချင်စရာပေါ့ ။ မကံစီ က ဝမ်းမသာ ဘူး ။ သူ က ထောင် ထဲ ရောက်ပြီး နောက်တစ်ရက် က တည်းက လွတ်ချင်နေတဲ့ ဥစ္စာ ။ အခု ခြောက်လ လောက် နေမှ လွတ်တော့ ထူး ဝမ်းသာတာမျိုး မရှိပါဘူး ။ ကိုဝေးလွင့် ကို မြန်မြန်တွေ့ ချင်တာပဲ ရှိတာပါ ။

ရပ်ကွက် ထဲ ဝင်လာတော့ လူကြီးတွေ က တအံ့တသြ နဲ့ ဝိုင်းမေးကြတာပေါ့ ။

“ ဟဲ့ ... မကံစီ  ၊ ညည်း လွတ်လာတာ မြန်လှချည်လား ”  ပေါ့

“ ဘယ်က မြန်ရမှာတုံး ခြောက်လတောင် ကြာတဲ့ ဥစ္စာ ” ဆိုတော့ ဘာဆက် မေးလို့ မေးရကောင်းမှန်း မသိ ဘူး ။ အဲဒီမှာ ခပ်လည်လည် စာတတ် တစ်ယောက်က ..

“ ဟုတ်သားပဲ ၊ သစ်ခိုးမှု နဲ့ တစ်သက်တစ်ကျွန်း ကျ တဲ့ တရုတ်တွေ လွတ်ငြိမ်းချမ်းသာခွင့် မှာ ရှစ်ရက် နဲ့ လွတ်လာတာ ၊ မကံစီ ပါ ရောပါ သွားတာနေမှာပေါ့ ” တဲ့ ။

တကယ်တမ်း တော့ ရပ်ကွက် က အဲဒီ ကိစ္စ ဒီလောက် စိတ်မဝင်စားလှပါဘူး ။ မကံစီ ရဲ့ အိမ် ပေါ် မှာ ကိုဝေးလွင့် ခေါ်တင်ထားတဲ့ မိန်းမ နဲ့ မကံစီ  ဘာတွေ ဖြစ်ကြမလဲ ဆိုတာကိုသာ ပိုပြီး စိတ်ဝင်စားကြတာ ။ ပွဲကြီးပွဲကောင်း တော့ တွေ့ကြပြီပေါ့ ။ အိမ်ကြီး ပေါ် အိမ်ကလေး ဆင့် ချင်တဲ့ ကိုဝေးလွင့် ပဲ အိမ်ပေါ်က နှင်ချ ခံရလေမလား ၊ သူများ လင်ကို ကြောင်တောင်နှိုက် ချင်ပြီး အိမ်ကြီးရှင် ဝင် လုပ်နေတဲ့ ဟို အမျိုးသမီးပဲ မကံစီ လက်စာ မိလေ တော့မလား ။ တွေးကြည့်လေ စိတ်ဝင်စားစရာ ကောင်း လေပဲ ။ ရပ်ကွက် သတင်းထောက်များ က မကံစီ အိမ် ဘေးပတ်လည် မှာ ကြို ရောက်နေကြပြီ ။ ဪ ... မကံစီ ထောင် က လွတ်တာကို စိတ်ဝင်စားသူတွေ က ထောင်ရှေ့ မှာမဟုတ်ဘဲ မကံစီ အိမ်ရှေ့ မှာ ဖြစ်နေတာကိုး ။

ဒါပေမဲ့ အံ့သြစရာ ကောင်းတာက မကံစီ ထောင် က လွတ်လာတာ ကို အိမ် ထဲ မှာ ဘိန်းမှိန်း နေတဲ့ ကိုဝေးလွင့် က မသိသေးဘူး ။ ကိုဝေးလွင့် ရဲ့ အခု လက်ရှိ ပေါင်းနေ တဲ့ မိန်းမ က လည်း မသိသေးဘူး ။ ပြောရဦးမယ် ။ အဲဒီ ကိုဝေးလွင့် ရဲ့ မိန်းမ ဆိုတာ ဘယ်ကမှန်း ၊ ဘယ်သူမှန်း မသိကြဘူး ။ ကိုဝေးလွင့် ကိုယ်တိုင် တောင် သိရဲ့လား ဆိုတာ သိပ်တော့ မသေချာလှဘူးလေ ။

အဲဒီမှာ မကံစီ သူ့ အိမ်ပေါ် တက်သွားတော့ ကိုဝေးလွင့် ကို ကျန်းကျန်းမာမာကြီး တွေ့ တော့ စိတ်တော်တော် ချမ်းသာသွားတယ် ။ ဘိန်းနာလေး လို ခပ်မှိန်းမှိန်းလေး တွေ့ ရတာ ကို က အကောင်မပျက် အထည်မပျက် ၊ နဂို ရည် မပျက်မယွင်း ပြန်တွေ့ ရလေတယ်လို့ စိတ်ထဲ အောက်မေ့ သကိုး ။ ကိုဝေးလွင့် ကတော့ မကံစီ ကို မြင် တော့ အံ့တော့ အံ့သြသွားပေမဲ့ သိပ်တော့ ထူး မအံ့သြ တော့ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ “ ထောင် က လွတ်တာ မြန်သား ပဲ ” လို့ ပြောတယ် ။ မကံစီ က အင်း တစ်ချက်ပဲ ပြောပြီး ထမင်းလေး ဘာလေး ချက်ဖို့ မီးဖိုထဲဝင်တော့ စားစရာ က အဆင်သင့် ရှိနေတော့ အံ့အံ့သြသြ ဖြစ်မိတာ အမှန်ပဲ ။ ဒါ ကိုဝေးလွင့် လက်ရာ မဟုတ်တာတော့ သေချာတယ် ။ ဒါပေမဲ့ အဲဒါက အရေးမကြီးဘူး ၊ ဗိုက်ဆာ ရင် ရှိတာ စား လိုက်တာ အကောင်းဆုံးပဲ မဟုတ်လား ။ ဒါနဲ့ မကံစီ  ရှိတာ ခူးခပ် စားတယ် ။

ထမင်း စားပြီးလို့ အေးအေး နား မလို့ကြံတုန်း ဟို အမျိုးသမီးက  အိမ်ထဲ ဝင်လာတာပဲ ။ မကံစီ က သူ မသိတော့ ခပ်အေးအေးပဲ ကြည့်နေတာပဲ ။ အဲဒါကို ပရိသတ် က စိတ်ဝင်စားတာ ။ အပြင်ဘက် က နေ ဆိုတော့ တိုက်ရိုက်ထုတ်လွှင့်တာ မမြင်ရပေမဲ့ အသံဗလံ ကို နား စွင့်နေကြတာ ။ ဒါပေမဲ့ အဲဒီ အမျိုးသမီး က လည်း မကံစီ ကို မြင်ပေမဲ့ ခပ်တည်တည်ပဲ ။ ပြီးတော့ ခပ်အေးအေးပဲ မေးလိုက်သေးတယ် ။

“ မကံစီ ဆိုတာလား ၊ ထောင် က လွတ်တာ မြန်သားပဲ ” 

မကံစီ ကတော့ အဲဒီ “ ထောင်ကလွတ်တာ မြန်သား ပဲ ”  ဆိုတဲ့ စကားကို မကြိုက်တာက လွဲလို့ ဘာ ပြဿနာမှ မရှိပါဘူး ။ “ အေး ဟုတ်တယ် ” လို့ပဲ ဖြေလိုက်တယ် ။ အဲဒီ အမျိုးသမီးက သူ့ ဘာသာ အခန်း ထဲ ဝင် ၊ ထည့်စရာ လေးထည့် ၊ အိတ်ကလေး ဆွဲပြီး ပြန် ထွက်သွားတယ် ။ ဘယ်သူ့မှ တောင် နှုတ်ဆက် မသွားဘူး ။ ကိုဝေးလွင့် ကလည်း တစ်ခွန်းမှ စကားဟဟတောင် မပြောလေ ဘူး ။ မကံစီ က “ သူက ဘယ်သူတုံး ”  မေးတော့ “ ညည်း ထောင်ကျ နေကုန်း အိမ်ပေါ် ခဏ ခေါ်ထားတာ ” လို့ ပြန်ဖြေတယ် ။ မကံစီ က “ ဪ ” လို့ပဲ ဖြေပြီး သူ စဉ်းစားစရာ ရှိတာ စဉ်းစားနေတာပဲ ။

မကံစီ စဉ်းစားတာက ကိုဝေးလွင့် ဘိန်းဖိုး ရယ် ၊ သူတို့ နေ့စဉ် ထမင်းစားဖို့ရယ် ဘာလုပ်ရ ကောင်းမလဲ ဆိုတာပဲ ။ အရင် လို ပြန် ခိုးမလား ၊ ဖြစ်ပါ့မလား ။ ခိုး ရင် ထောင်ကျတယ် ဆိုတာ မကံစီ  ခုမှ သိတာ ။ ခိုးရင် ပိုင်ရှင် မသိအောင် ခိုးရတယ် ဆိုတာက လွဲပြီး ဘာမှ သိပ် သိတာ မဟုတ်ဘူး ။ ပစ္စည်းပိုင်ရှင် မသိရင် အားလုံး အဆင်ပြေ

သွားပြီလို့ပဲ ထင်ခဲ့မိတာ ။ တကယ့်ကို ဘုရားစူးရစေရဲ့ ။ ရပ်ကွက် ထဲက လူတွေ ထောင်ကျတယ် ဆိုတာက ယောက္ခမအိမ် သွားလည်တယ် ဆိုတာမျိုးလောက် ခပ် ပေါ့ပေါ့ တွေးခဲ့မိတာ ။ အခု ကိုယ်တွေ့ ကြုံမှ အဲဒီ ထောင် ဆိုတာထဲ မကံစီ နောက်တစ်ခါ ပြန် မသွားချင်တာတော့ အမှန်ပဲ ။

ဒါနဲ့ ကိုဝေးလွင့် ဘက် လှမ်းကြည့်ပြီး “ ကိုဝေးလွင့် ကျုပ် ထောင် ထဲ နေတုန်း ဟို မိန်းမ  ရှင့် ကို ဘာလုပ် ကျွေးတုံး ” လို့ မေးတယ် ။

“ ဈေးရောင်းတယ် ပြောတာပဲ ”

“ ဟောတော့ ... ကျုပ် က လည်း ဈေး မရောင်းတတ်ဘူး ။ အခု အဲဒီ မိန်းမ ဘယ်သွားတာတုံး ” 

“ မင်း ပြန်ရောက်တော့ သူ လည်း ဒီမှာ နေလို့ မဖြစ်တော့ သွားစရာ ရှိတာ သွားပြီပေါ့ ”

“ ရှင့်မလည်း ခေါ်ထားလိုက်တာ မဟုတ်ဘူး ” ဆိုတော့ ကိုဝေးလွင့် မှာ ဘာ ပြောလို့ ပြောရမှန်း မသိဘူး ။

မကံစီ ကလည်း တကယ် ပြောနေတာ ။ သူ ဘာလုပ် လို့ လုပ်ရမှန်း မသိဘူးဖြစ်နေတာ ။ အဲဒါနဲ့ ကြံရာမရ လို့ ရသမျှ အကြံ လိုချင်နေရှာတာ ။ တစ်သက်လုံး ခိုးလာတာ ခုမှ မခိုးဘဲ ရိုးရိုးလုပ်ကိုင်စားမယ် ဆိုတာ တကယ်ကို မျောက် သစ်ကိုင်းလွတ် ပဲ ။ ဒါ နဲ့ မကံစီ ငြိမ်ငြိမ် မနေနိုင် ရှာဘူး ။ မနက်ဖြန်အတွက် ဆန်အိုး ထဲ ဆန် ရှိချင် ရှိနေနိုင်ပေမဲ့ သန်ဘက်ခါ မသေချာဘူး ။ သန်ဘက်ခါ အတွက် ဆန် မနက်ဖြန် ရှာမှရမယ် ။ ဆန် ထက် ကိုဝေးလွင့် ဘိန်းဖိုး ကလည်း ရှိသေးတယ် ။ တစ်ခုခု ထိုင် စဉ်းစားတာ ထက် ရပ်ကွက် ထဲ လှည့် မေးလိုက်တာက ပို သေချာနိုင်တော့ ရပ်ကွက် ထဲ လှည့်မေးတယ် ။

ရိုးရိုးသားသား လုပ်ကိုင်စားသောက်လို့ ရနိုင်တဲ့ အလုပ် ဘာအလုပ်များ ရှိပါသလဲပေါ့  ။ ခက်ပြီ ။ ရိုးရိုးသားသား ဆိုတာ လုံးသလား ၊ ပြားသလား မသိရှာတဲ့ ရပ်ကွက်မှာ မကံစီ  တကယ့် ကို ရွာလည်တာပဲ ။ မကံစီ ကလည်း ဒါမှ ဒါဆိုတော့ကာ သူ့ ရဲ့ ရိုးရိုးသားသား သမာအာဇီဝ ထမင်းဖိုး ၊ ဘိန်းဖိုး အလုပ်ရှာပုံတော် ကို ဇွဲကောင်းကောင်း နဲ့ ခြေစကြာဖွင့် ရှာတယ် ။ မကံစီ က လုပ်လိုက်မှ အဆန်းချည်းပဲ ဆိုတာကိုး ။ ရပ်ကွက် ထဲ မှာ လင် ကို ဘုရား ၊ သား ကို သခင် တရိုတသေ ရှိတာလည်း

သူ ပထမဆုံး ပဲ ။ ဒီ ရပ်ကွက် မှာ နေပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်ပါတယ် ပြောတာလည်း သူ ပထမဆုံး ပဲ ။ ဒါပေမဲ့ “ ဆန္ဒဝတော ကိံနာမ ကမ္မံနာသိဇ္ဈတိ ” လေ ။ ဆန္ဒ ရှိရင် အကုန် ဖြစ်တယ်လို့ ဘုရားဟော အရှိ သားဟာ ။ မကံစီ အလုပ် ရတယ် ။ ပန်းရန် အလုပ်ထဲ ဝင်တယ် ။ အုတ်သယ်တယ် ။ အုတ်ကားနောက် လိုက် တယ် ။ သဲကားနောက် လိုက်တယ် ။
မကံစီ ဒီ အားတွေ ဘယ်က ရတာတုံး ။ ဘယ်က အတွေ့အကြုံတွေ ရှိလို့တုံး ။ ခက်ပါ့ ။ ဒီ အလုပ်တွေမျိုး ထောင်ထဲ နေတုန်းက မနားမနေ လုပ်ရပါ့ ။ အခု ကိုယ့် လုပ်အား နဲ့ လုပ်လို့ရတဲ့ ငွေ ၊ အပူအပင် ကင်းကင်း နဲ့ ထမင်း ယပ်ခတ် စား ရတာမျိုး မကံစိ ခုမှ ခံစား ၊ စံစားဖူးတာ ။ မွေး ကတည်းက ပြောပါတော့ ။ ဒုစရိုက် ကို အတို့ အမြုပ် လုပ်ပြီး စားလာခဲ့ရတာ ထောင် ကျမှ အရိုး ဆိုတာ လည်ချောင်း ထဲ ကန့်လန့်ဝင် စူးတတ်မှန်း သိတာလေ ။ အခု မကံစီ  ကောင်းတာပဲ လုပ်တယ် ။ ဆွမ်းတော် တင် တယ် ၊ ရေချမ်း ကပ်တယ် ။ ပန်းတွေ ဘာတွေလ ည်း ဝယ် တယ် ။ ရပ်ကွက် ကတော့ မကံစီ ကို ကြည့်ပြီး သူတို့များ မိုးကြိုးပစ်လေတော့မလား ရင်တထိတ်ထိတ် နဲ့  ။

ကောင်းတာ လုပ်တော့ ကောင်းတာ ဖြစ်တာပဲ ။ တကယ်ပြောတာ ။ ကိုဝေးလွင့် ဘိန်းပြတ် သတဲ့ ။ ရပ်ကွက်ကတော့ လောင်မီးများ တောင် ကျမလား မပြော တတ်ဘူး ။ ခမျာ မနည်းတော့ ကြိုးစား ဖြတ်ရရှာတာပါ ။ ဘယ့်နှယ် မယားလုပ်သူ က သူ့ ခွန် သူ့ အား နဲ့ ကျုံးရုန်း လုပ်နေချိန်မှာ သူ က အိမ် မှာ ဘိန်းမှိန်း နေလို့ မဖြစ်တော့ ဘူးလေ ။ ယောက်ျား ပဲ ဟာ ၊ ပြတ်ပြတ်သားသား လုပ်ရင် ရတာပဲ ။ ဘာလို့ မဖြစ်ရမှာတုံး ။ ဒီလိုနဲ့ ကိုဝေးလွင့်  ဘိန်းကလေး ကြိုးစား ဖြတ်လိုက်တာ ထူထူထောင်ထောင် ဖြစ်ပြီး များမကြာမီ မက်စီ ကိုယ်ဝန် ရှိတာပဲ ။

အစကတော့ ဘယ် သတိပြုမိကြမှာတုံး ။ မကံစီ က နေလို့ထိုင်လို့ မအီမသာဖြစ်တယ် ။ မူးတယ် မော်တယ် ။ ဗိုက် ကတော့ ကနဦး ဗိုက်မို့ မသိသာသေးပေမဲ့ သိသာစ ပြုလာတော့ မကံစီ ရော ၊ ကိုဝေးလွင့် ရော နားဝေတိမ်တောင် ဖြစ်လာကြတယ် ၊ ရပ်ကွက် က တော့ ထုံးစံအတိုင်း အကုန် သိနေတာပဲ ။

“ ဟဲ့ ... ကံစီ နင် ကိုယ်ဝန် ရှိနေပြီ ၊ အလေးအပင်တွေ မ , မနဲ့တော့ ” ဆိုတော့ မကံစီ ပိုလို့ နားဝေတိမ်တောင် ဖြစ်တယ် ။ သံသယ ရှိတယ် ။ ကိုယ့်နား ကိုယ် မယုံနိုင် အောင်ရှိတယ် ။ ကိုဝေးလွင့် ပြောပြတော့ သူက “ အေး ငါ လည်း သံသယရှိတယ် ။ သေချာအောင် ဆေးခန်းပြ ကြစို့ ”  ဆိုတော့ မကံစီ ခမျာ ထောင်ထဲ သွားရတဲ့ အတွေ့အကြုံ ထက် ပို ရင်မောရသကိုး ။ ဘဝတစ်လျှောက်လုံး မှာ ဆေးခန်း ပြရတယ် ဆိုတာ ဒါ ပထမဆုံး ဖြစ်မှာလေ ။ ဆရာဝန်က ဘာတွေ မေးမှာပါလိမ့် ။ ခက်ပါဘိ ။

ဒါနဲ့ လင်မယား နှစ်ယောက် ဆေးခန်း သွားပြကြ တော့ ဆေးခန်း က လာပြတဲ့လူနာ လေးငါးခြောက်ယောက် လောက်ရှိတာ ။ ဒီအရပ်မှာ ဒီဆေးခန်း က ဒီလောက် ရှိမှာပေါ့ ။ သေကောင်ပေါင်းလဲ မှ ဆေးခန်း ကို လာချင်ကြတဲ့သူတွေလေ ။ ဆရာဝန် က အမျိုးသမီး လေ ။ ဆရာဝန် လည်း သူ ၊ ဆေးပေးတာ လည်း သူ ၊ ပိုက်ဆံ ယူ တာလည်း သူ ၊ ဆေးခန်း အဖွင့်အပိတ် လုပ်တာလည်း သူ ပဲ လေ ။ ဆရာဝန်မ က လူနာ တစ်ယောက် ကြည့်ပြီး လို့ အပြင် ထွက်လာတော့ မကံစီ တို့လင်မယား ဆေးခန်းဝ မှာ ရပ်နေတာ ကို မြင်တယ် ။

“ မကံစီ ဆေးခန်းကို လာလည်တာလား ” လို့ နောက်တော့ မကံစီ က ခပ်ရှက်ရှက်နဲ့ “ ကျုပ် ကိုယ်ဝန် ရှိ မရှိ သိချင်လို့ ” ဆိုပြီး ဖြေတယ် ။ အစကတော့ ဆရာဝန်မ က ကြောင်သွားတယ် ။ ပြီးမှ မကံစီ ရဲ့ ထွက် တပြူ ဗိုက် ကို ကြည့် ပြီးရယ်တော့ ဆေးခန်း ရှိသမျှ လူနာရော နားစွန် နားဖျား ကြားတဲ့ လမ်းက လူတွေရော ရယ်လိုက်ကြတာ မှ အုန်းအုန်း ကို ထလို့ ။

“ အံမယ်လေး မကံစီ တော် ၊ ကိုယ်ဝန် ရှိမှန်း တစ်ရပ်ကွက်လုံး သိတယ် ။ တော်ပဲ မသိသေးတာ ။ လာ .. လာ .. ကိုယ်ဝန် ရှိ မရှိ စမ်း မပေးတော့ဘူး ၊ တော့် ကျန်းမာရေး အခြေအနေပဲ စမ်းပေးတော့မယ် ”

အဲဒီမှာ မကံစီ  ပျော်တာပဲ ။ မကံစီ ကိုယ်ဝန် ရှိတာ သေချာပြီ ။ ဆရာဝန်မထက် သေချာအောင် ပြောနိုင်တာ ဘယ်သူ ရှိမှာတုံး ။ ကိုဝေးလွင့် ကလည်း ပျော်လို့ ။ ပျော်လွန်းလို့ ကိုဝေးလွင့် က “ ကံစီ ငါ အလုပ်လုပ်မယ် ။ မင်း မလုပ်နဲ့တော့ ” လို့ ပြောတယ် ။

“ ရှင် က ဘာလုပ်မှာတုံး ”

“ ငါ လက်သမား လုပ်တတ်ပါတယ်ဟာ ” လို့ ခပ်ဆွေးဆွေး ပြောတယ် ။

“ ကျွန်မ လည်း လုပ်ရင် နှစ်ယောက်စာ ရတာပေါ့ ”

“ ဆရာဝန်မ က မှာလိုက်တယ် ။ မင်းကို  အုတ်တွေ သဲတွေ မသယ်ခိုင်းနဲ့တော့တဲ့ ပထမဆုံး ကိုယ်ဝန် ဂရု စိုက်ရမယ်တဲ့ ”

ပြောရရင်တော့ ဒီ အချိန်တွေက မကံစီ ထိုင်ရ မလို ၊ ထရ မလို ဖြစ်နေရတဲ့ အချိန်တွေပါပဲ ။ ဘဝ တစ်လျှောက် လုံးမှာ မေတ္တာ ထားပြီး ပစားအပေး ခံရတယ်ဆိုတာ ဒါ ပထမဆုံး မဟုတ်လား ။ မကံစီ အိမ်ကလေး မှာ အဖေ နဲ့ ၊ အမေ နဲ့ ၊ အစ်ကို အစ်မ မောင်တွေ ၊ ညီမတွေ ၊ တူတွေ ၊ တူမတွေနဲ့ ဝင်ထွက်သွားလာကြတာ ဒါ ပထမဆုံးပဲ ။ ကိုယ်ဝန် ၊ ပျော်စရာ ကောင်းလှတဲ့ ကိုယ်ဝန် ။ ကျေနပ်စရာ ၊ ကြည်နူးစရာ ၊ အားရဝမ်းသာစရာ ။ ဒါပေမဲ့ အားရ စရာ မကောင်းတာက ငွေပဲ ။ ကိုဝေးလွင့် လက်သမား လုပ်ပေမဲ့ နေဖို့စားဖို့ တော့ အဆင်ပြေပါရဲ့ ။

“ ကံစီ နင် ငွေလေးဘာလေး သေချာ စုထားနော် ၊ နင့် အပျိုဗိုက် က အသက်နည်းနည်း ကြီး မှ ရတာ ဆိုတာ့ ရပ်ကွက် ထဲ နဲ့ ရချင် မှ ရမှာ ၊ ဆေးရုံ တက် မွေးချင် မွေးရ မှာ ။ ဆေးရုံ တက် ရင် လွယ်တာ မဟုတ်ဘူး ။ လက်ထဲ နှစ်သိန်း ၊ သုံးသိန်း မှ မရှိရင် အဆင် မပြေဘူးရယ် ” 

အဲဒီလို သတိ လာလာ ပေးကြတာက တစ်ယောက် မကတော့ဘူး ။ မကံစီ  စိတ်ညစ်တယ် ။ ကိုဝေးလွင့် ကို လည်း ဖွင့် မပြောချင်ဘူး ။ အုတ်ကလေး ၊ သဲကလေး သွား သယ်ရအောင်လည်း နှစ်သိန်း ၊ သုံးသိန်း က လည်း ရမှာမဟုတ်ဘူး ။ စက်ဘီး ခိုးမယ် ။ စက်ဘီး ဆယ့်လေး ငါးစီး ၊ အစီးနှစ်ဆယ်လောက် ခိုးရင်တော့ ငွေနှစ်သိန်း ၊ သုံးသိန်း တော့ ရကောင်းပါရဲ့ ။ ခက်တာက ပေါ့ပေါ့ပါး ပါး ဖျတ်ဖျတ်လတ်လတ် နဲ့ တောင် ထောင်ထဲ ရောက် သွားခဲ့ရသေးတာ ၊ ဒီလို ဗိုက်ကြီး တကားကား မပေါ့ မပါး နဲ့ ဆို မြန်မြန် မိပြီး ထောင်ထဲ ကလေး သွား မွေးရတော့မှာ အသေအချာ ။

ငွေနှစ်သိန်း ၊ သုံးသိန်း ရိုးရိုးသားသား ရှာရင် ဆင်းရဲ သူ ၊ ဆင်းရဲသားတွေ အတွက် နင့်နင့်ပိုးပိုး နိုင်လှတဲ့ ငွေ ပမာဏ ။ ဒီလိုမှန်း သိ ငယ်ငယ်ရွယ်ရွယ် နဲ့ လင် ရအောင် ယူခဲ့ပါရဲ့ ။ ရပ်ကွက် ထဲ မှာ ဆေးရုံတက် မွေးရတဲ့ ကလေး ရယ်လို့ တစ်ခါမှ မကြားဖူးပေါင် ။ ဒါပေမဲ့ ပျံတဲ့ ငှက် မှန်အောင် ပစ်သလို ကံတရား က ထိချက် မှန်အောင် ပစ် နိုင်ရင်တော့ တစ်ခုခုတော့ ဖြစ်လာမှာ အမှန်ပဲ ။ ဘာတွေ ဖြစ်နိုင်ပါ့ ။

လိပ်ပြာများ လိုက်ဖမ်းတော့ ပြေးသတဲ့ ။ ထိုင် နေ ရင် ပခုံး ပေါ် လာနားတယ် ဆိုသလို မကံစီ  ခွင် တစ်ခု အလိုလို ဝင်လာတယ် ။ အဲဒါ မကံစီ  မမွေးခင် တစ်ပတ် နှစ်ပတ်လောက် အလိုပေါ့ မကံစီ တို့ အိမ် မြောက်ဘက် မှာ လမ်းထောင့် ကျတဲ့ နှစ်ထပ်အိမ်တစ် အိမ်ရှိတယ် ။ အဲဒီ အိမ် က အိမ်တော့ ကောင်းကောင်း ဆောက်ထားပေမဲ့ လူ တစ်ခါတစ်ရံလောက် ပဲ လာတယ် ။ လာ လည်း ခဏပဲ ။ ငွေ ရှိလို့ ဝယ်ထားတဲ့ သဘောပဲ ။ စရိုက်နည်းနည်း ကြမ်း တဲ့ ရပ်ကွက်မို့ မနေချင်သေးတဲ့ သဘောလည်း ဖြစ်မယ် ။ ကြာ လာလို့ သူစိမ်းတွေ ဝင်ပါ များလာရင် ရပ်ကွက်ငြိမ် သွားလောက်တယ် လို့ တွေးပြီး စောင့်နေကြတာလည်း ဖြစ်မှာပေါ့ ။

အခု အဲဒီ အိမ်ကို လာ ငှားနေကြတာ ။ မကံစီ နဲ့ အိမ်နီးနားချင်း ဆိုတော့ သိမှာပဲ အထင်နဲ့ လာကြတာ ။ ဆက်စပ်ပေးဖို့ သဘောပေါ့ ။ ခက်တာက မက်စီ လည်း အဲဒီ အိမ်ရှင်တွေ ဘယ်သူ ဆိုတာ ဘယ်တုန်းကမှ မသိခဲ့ ဘူး ။ အိမ်နီးနားချင်း မပြောနဲ့ မိသားစုတောင် သူ့ အိမ် ၊ ကိုယ့် အိမ် ဝင်ထွက်သွားလာမှု နည်းခဲ့တဲ့ မကံစီ ပဲလေ ။

ဒါပေမဲ့ အဲဒီအချိန်မှာ မကံစီ ပါးစပ် က “ ဟုတ်ကဲ့ ရှင့် ၊ ဘယ်လိုများ ငှားဖို့ စိတ်ကူးထားပါသလဲ ။ ကျွန်မ တို့က နှစ်အိမ့် တစ်အိမ် နေကြတာပါ ။ အမျိုးမကင်း ဘူးလေ ”  ဆိုတဲ့ စကား ဘယ်လိုတွေ ပြောထွက်နေမှန်း မသိဘူး ။ တစ်သက်လုံး ခါးလှတဲ့ နား တောင် အဝင်ခက် အောင် ပြောတတ်တဲ့ မကံစီ ပါးစပ် က ဒီလောက် ချိုတဲ့ စကားတွေ ပြောထွက် နေတာများ အိမ်ငှား နဲ့ လိုက်ပြီး မိတ်ဆက်ပေးတဲ့ ရပ်ကွက် ထဲ က လူတောင် ပါးစပ် အဟောင်းသား နဲ့ ။ မှန်တာ ပြောရရင် သူ တောင် တစ်ရပ်ကွက်တည်း နေပြီး မကံစီ နဲ့ ခု ငှားမယ့်အိမ်ရှင်တွေ နဲ့ အမျိုးဖြစ်မှန်း ဒီနေ့ မှ သိရတာ တော်တော် အ,တယ်လို့ တောင် ထင်မိသွားရှာတာ ။ မကံစီ ကလည်း ပြောလိုက် တာ ရွှန်းရွှန်း ကို ဝေလို့ ။ နောက်ဆုံးတော့ ပေလေးဆယ် ၊ ခြောက်ဆယ် နှစ်ထပ်အိမ် ရေမီးအစုံကို တစ်လ ငါး သောင်း နဲ့ တစ်နှစ်စာ ခြောက်သိန်း ။ စရန်ငွေ သုံးသိန်း
ချက်ချင်း ပေးသွား ။ စာချုပ် ကို ချုပ် မသွားဘူး ။ ပိုက်ဆံ အကျေ ပေးမယ့် လကုန် မှ စာချုပ် ချုပ်ပါ့မယ် ။ မကံစီ ကို ယုံပါတယ်တဲ့ ။ ဟုတ်ပါတယ် ။ တစ်ရပ်ကွက်လုံး ကလည်း မကံစီ ကို ယုံနေကြပြီလေ ။ မကံစီ က လည်း သူကိုယ်သူ ယုံနေချိန် ကျမှ သေခြင်းတရား နဲ့ မွေးဖွားခြင်း နှစ်ခုစလုံး အတွက် သူ့ မှာ တာဝန်လုံးလုံး ကျလာ နေခဲ့ပြီကိုး ။

ဒီလိုနဲ့ လ က လည်း ကုန်တော့မှာ ။ အိမ်ငှားတွေ ငွေအကျေ လာချေဖို့ရက်ကလည်း နီးလာပြီ ။ အိမ်ရှင် က လည်း အရိပ်အယောင်တောင် လာ မပြဘူး ။ အဲဒါက အသာ ထား လ မကုန်ခင် ကလေး မွေးချင်တယ် ။ အိမ်ငှားတွေ ငွေမချေခင် ကလေး မွေးချင်တယ် ။ ဖြစ်နိုင်ရင် ခပ်မြန်မြန်ပဲ ညှစ်ထုတ်လို့ ရရင် ညှစ်ထုတ်လိုက်ချင် တယ် ။ ခွဲထုတ်လိုက်ချင်တယ် ။ ငွေသုံးသိန်း လက်ထဲ ရောက်နေတုန်း ကလေး မွေးချင်တယ် ။ ကလေး အပြင် ရောက် ပြီးမှ ထောင် ထဲ ရောက်ရင် ရောက်ပါစေတော့ ။ ကလေး ကို ကိုဝေးလွင့် မွေးနိုင်တယ် ။ ဒါမှမဟုတ် ဟို မိန်းမ ပြန်လာချင်လည်း လာပါစေပေါ့ ။ အဲဒီ မိန်းမ ပုံစံ က သဘောကောင်း မှာပါ ။ ကလေး ကို ကောင်းကောင်း ထိန်းမှာပါ ။

မကံစီ လက် က ချွေးစေးတွေ ပြန်လို့ ။ ခေါင်း က ချွေးစေးတွေပြန် ၊ ဂနာမငြိမ် ၊ ကိုဝေးလွင့် က “ မကံစီ  မင်း ဘာဖြစ်တာလဲ ” မေးတော့ “ ဒီလိုပါပဲ ၊ ကလေး မွေးရမှာမို့ နေမှာပါပဲ ၊ ကလေး မွေးရမှာမို့နေမှာပါ ” လို့ ဖြေလိုက်တာ ။ ကိုဝေးလွင့် က မကံစီ နဲ့ အိမ်ငှားကိစ္စ သိတာ မဟုတ်ဘူး ။ မကံစီ လက် ထဲ ငွေသုံးသိန်း ရှိနေတာလည်း သိတာ မဟုတ်ဘူး ။ မကံစီ ချွေးပြန်တာပဲ သတိထား မိတာ ။ ဒီလိုနဲ့ သူ လည်း အေးအေးပါပဲ ။

နေ့စဉ်ရက်ဆက် မအေးနိုင်တာက မကံစီ ။ ရက် တွေက မြန်တယ် ။ လ က ကုန်ဖို့ တစ်ရက် ပဲ လိုတော့တာ ၊ မနက်ဖြန် လကုန် ။ “ ဒါဆို သေချာပြီ တစ်ရက် ၊ နှစ်ရက် အတွင်း အိမ်ငှားတွေ လာတော့မှာ ။ သူတို့ ပေးထားတဲ့ ငွေ ပြန်ပေးလိုက်ရင် ပြဿနာ က ဘာမှ မဖြစ်ဘူး ။ အိမ်ရှင် က မငှားချင်တော့ဘူး ပြောလိုက်ရုံပဲ ။ ဒါပေမဲ့ ကလေး ဘာနဲ့ မွေးရမတုံး ၊ ဒီလောက် ရင့်လှတဲ့ ဗိုက်က ဘာလို့ မမှည့်နိုင် ရတာတုံး ။ ပေါက်ကွဲ သွားပါစေ မွေးပေါ့ ။

မကံစီ သူ့ ဗိုက် သူ အလိုမကျ နေတုန်းမှာ ညသန်းခေါင်ကျော် လောက် ဗိုက်နာ လာတာပဲ ။ နာနာ နဲ့ ပဲ မကံစီ ဝမ်းတွေ သာလို့ ။ အဆင်သင့်ပါပေရဲ့ ။ ရပ်ကွက် အရပ်လက်သည် လာတယ် ။ ကြိုးစားကြည့်တယ် ။ အဆင် မပြေဘူး ။ ကံကောင်းတာ က ဆေးရုံ ကို သွားခိုင်းတယ် ။ ဆေးရုံ သွား ၊ မကံစီ  သတိ မလစ်ဘူး ။ ကားခ ကို သူ ပေးတယ် ။ ဆေးရုံ ထဲ မှာ လိုတဲ့ စရိတ်  သူပဲ ထုတ်ပေးတယ် ။ ဘာ လိုလိုပေး တာပဲ ။ ဆရာဝန် က လိုတယ် ပြော ပေးတာပဲ ။ သူနာပြု က လိုတယ်ပြော ပေးတာပဲ ။ ဆေးရုံဝန်ထမ်း ၊ သန့်ရှင်းရေး ၊ ဆေးဆိုင်က လိုတယ် ပြောသမျှ ပေးတာပဲ ။ နောက်ဆုံး ဒီတိုင်း မွေး မရလို့ ခွဲမွေးရတော့ ဗိုက်ပေါ် ကျန်သမျှ ငွေလေး တင် ခွဲလိုက်တာ ကလေး ရှောရှောရှူရှူ ထွက်လာ တော့တာပဲ ။ အဆင် ကို ပြေလို့ ။

ဘာမှ မဖြစ်တော့ဘူး ။ ကလေး ရော ၊ လူကြီး ရော အားလုံး အဆင်ပြေပြီ ။ အဖေ လည်း ပျော် ၊ အမေ လည်း ပျော် ၊ ကိုဝေးလွင့် လည်း ပျော် ၊ ဆွေတွေမျိုးတွေ လည်း ပျော် ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေ လည်း ပျော်လို့ ။ ဘာကြောင့်ဆို ကလေး က ယောက်ျားလေး ။ ပြီးတော့ မကံစီ လို ရုပ်မဆိုး ၊ ကိုဝေးလွင့် လို ရှူနာရှိုက်ကုန်း ပုံစံမျိုး မဟုတ်ဘဲ ဝဝတုတ်တုတ် ခံ့ခံ့သန့်သန့်တဲ့ ။

အဲဒီလို အားလုံး ပျော်နေချိန်မှာ မှ လကုန်ပြီး လဆန်း ရက်နေ့ နေ့လယ်လောက်မှာ အိမ်ငှား နဲ့ ရဲတွေ ဆေးရုံ ရောက်လာကြတာပါပဲ ။ ဆေးရုံ ထဲ ရှိကြတဲ့ ဝန်ထမ်းတွေ ၊ လူနာတွေ လည်း ပြူးပြူးပျာပျာ ဖြစ်လို့ ။ ခုလို မွေးကြ ၊ ဖွားကြ ဝမ်းသာကြနဲ့ မင်္ဂလာ ယူနေချိန်မှာ ရဲ ရောက်လာတယ် ဆိုတာ အမင်္ဂလာ ပဲကိုး ။ မကံစီ ကတော့ သိပြီး သားပဲကိုး ။ စောစောပဲ လက်မြှောက်ထားပြီးသားပါ ။ သွေးနုသားနု ဖြစ်လည်း မကံစီ  စိတ် မနုတော့ဘူး ။ ထောင် ထဲ ကို နောက်တစ်ခါ ပြန်ဝင်ဖို့ အဆင်သင့် ပြင်ထားပြီး မှ ဆေးရုံ ပေါ် တက်လာခဲ့တဲ့ ဥစ္စာ ။

သူ့တို့ မျက်နှာ ကို လှမ်းကြည့်လိုက်တယ် ။ မကံစီ လိမ်ထားသမျှ သူတို့ သိထားပြီးပြီ ဆိုတဲ့ သဘောပဲ ။ ပြီးတော့ အိမ်ပိုင်ရှင် တောင် ပါလာလိုက်သေး ။ ဒါပေမဲ့ ကလေး ရယ် ၊ မကံစီ ရယ် ကို ကြည့်ပြီး သူတို့ ဘာ ပြောရမှန်း မသိကြသေးဘူး ။ ရဲ က တော့ သူတို့ ထုံးစံ အရ မကံစီ ကို လက်ထိတ် ခတ်ဖို့ လုပ်တယ် ။ အိမ်ငှား အမျိုးသမီး က မလုပ်ဖို့တားတော့ အထက်အရာရှိ ရဲ က သူ့ တပ်သားရဲ ကို တားတယ် ။ မကံစီ က သူ့ သားလေး ကို ကြည့်တယ် ။ ကိုဝေးလွင့် က မကံစီ ကို ကြည့်တယ် ။ သူ ဘာမှ မသိပေမဲ့ နားတော့ နားလည် နေသလိုပဲ ။

“ ကျွန်မ ယူထားသမျှ အကုန် ပြန်ဆပ်မှာပါ ။ ကလေး က ခွဲ မွေးရမယ်လို့ ပြောကြလို့ ငွေ လိုနေလို့ပါ ။ အခုလည်း တကယ် ခွဲမွေးရတော့ အဲဒီ ငွေ လည်း တစ်ပြား မှ မကျန်တော့ပါဘူး ။ ဒါပေမဲ့ ကျွန်မ အလုပ် လုပ်ပြီး ပြန်ဆပ်မှာပါ ။ အခုလည်း ထောင် ထဲ ပြန်သွားမှ ဖြစ်မယ်ဆိုလည်း သွားမှာပါ ။ ကျွန်မ ကလေး လူ့ လောက ရောက်သွားဖို့ က အဓိက ဆိုတော့ ခု သူ လည်း အပြင် ရောက်လာပါပြီ ။ ကလေး အဖေ သူ့ ဘာသာ ကလေး ကို ကြည့်စောင့်ရှောက်သွားပါလိမ့်မယ် ။ ဖမ်း စရာ ရှိရင် ဖမ်းပါ ”

ဒီလိုနဲ့ မကံစီ က သူ့ကလေး ကို ဝအောင် ကြည့် နေတယ် ။ အိမ်ငှား အမျိုးသမီးက သက်ပြင်း ချလိုက် တယ် ။ ပြီးတော့ သူ လည်း ကလေး ကို ကြည့်တယ် ။ ပြီး တော့ သူ ပြုံးတယ် ။ မကံစီ က ဒီလို ဖြူဖြူတုတ်တုတ် ကလေးတစ်ယောက် ကို မွေးတယ် ဆိုတာ ဟုတ်မှ ဟုတ် ရဲ့လား ဆိုတဲ့ အပြုံးမျိုးထင်ပါရဲ့ ။ ပြီးတော့ သူ့ ပိုက်ဆံ အိတ် ကို ထုတ်လိုက်တယ် ။ သူ့ အိတ် ထဲ က တစ်သောင်းတန် ငါးရွက် ထွက်လာပြီး မကံစီ လက် ထဲ ကို ထည့်တယ် ။ အဲဒီမှာ အိမ်ရှင်အမျိုးသမီး က လည်း ဘာမပြော ညာမပြော သူ့ အိတ်ထဲ စမ်းကြည့်တယ် ။ တစ်သောင်းတန် သုံးရွက် ထွက်လာတယ် ။ အဲဒီမှာ အခြေအနေ ကို သဘောပေါက် မြန်တဲ့ ရဲအရာရှိ ကတောင် ငါးထောင်တန် နှစ်ရွက် ထွက် လာသေးတယ် ။ နောက်ဆုံး မကံစီ ကို လက်ထိတ်ခတ် ဖို့ လုပ်လေတဲ့ ရဲသားလေး က တောင် တစ်ထောင်တန် တစ်ရွက် နဲ့ ငါးရာတန် တစ်ရွက် တဲ့ ။ မကံစီ တော့ ဘာမှ မပြောနိုင်ဘဲ ပါးစပ် အဟောင်းသားမှာ ကိုဝေးလွင့် တော့ မျက်ရည်တွေ တောင် ကျလို့ ။ အခြား ဘာမှ မသိကြတဲ့ လူနာတွေ ၊ လူနာစောင့်တွေ တောင် စက်ဆုပ်အံ့သြ ရာ က နေ ပြုံးကြလို့ ။

▢ မောင်သစ်ဦး ( မြစ်ခြေ )

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဩဂုတ် ၊ ၂၀၁၇ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment